11/10/2023
"ဂျူးလူမျိုးများရဲ့ ကလေးပျိုးထောင်နည်း"
ဂျူးများကို အစ္စရေးလူမျိုးလို့လည်း ခေါ်ကြပါတယ်။ ဂျူးလူမျိုးများဟာ ကမ္ဘာ့ရှေးအကျဆုံး လူမျိုးထဲမှာ ပါ၀င်ပါတယ်။ သမိုင်းတလျှောက်မှာလည်း အမျိုးမျိုး ဖိနိပ်ခံရပြီး တိုင်းပြည်ပါ ပျောက်ဆုံးသွားတဲ့အထိ ဆုံးရူံးခဲ့ကြပါတယ်။ ဒါပေမယ့် ဂျူးလူမျိုးကို ကမ္ဘာမှာ ဥာဏ်ပညာ အကောင်းဆုံးလူမျိုးလို့ သတ်မှတ် ထားကြပါတယ်။ ၂၀၁၅ခုနှစ် ကမ္ဘာတခွင်မှာ ဂျူးလူမျိုး လူဦးရေ (၁၄.၂)သန်းရှိပါတယ်။
ကမ္ဘာ့လူဦးရေရဲ့ (၀.၂%)သာရှိတဲ့ ဂျူးလူမျိုးဟာ (၂၀)ရာစုအတွင်း နိူဘယ်ဆုရှင်များရဲ့ ငါးပုံတစ်ပုံ ၊ အမေရိကန်နိုင်ငံရဲ့ သြဇာအရှိဆုံးသူများ စာရင်းထဲမှာ ၅၀% ၊ အမေရိကန် နာမည်အကြီးဆုံးသော ပါမောက္ခတွေထဲမှာ ၃၀% ၊ အမေရိကန် စာပေ၊ တေးဂီတ၊ ပြဇာတ်လောကမှာ ၆၀%၊ ကမ္ဘာ့အချမ်းသာဆုံး လုပ်ငန်းရှင်များ စာရင်းထဲမှာ ၅၀%၊ Forbes စာရင်းအရ ကမ္ဘာ့အချမ်းသာဆုံးသော ပုဂ္ဂိုလ်(၄၀)ထဲမှာ (၁၈)ဦးဟာ ဂျူးလူမျိုးများ ဖြစ်ကြသလို၊ သမိုင်းမှာ အလွန်ကျော်ကြားကြတဲ့ အိုင်စတိုင်း၊ ကားလ်မတ်စ်၊ တာအို၀င်တို့ဟာ ဂျူးလူမျိုးများ ဖြစ်ကြပါတယ်။
သုတေသနအရ ဒီလိုအောင်မြင်ရတဲ့ အကြောင်းရင်း အားလုံးထဲမှာ ဂျူးလူမျိုးတို့ရဲ့ မိသားစုနီတိနဲ့ ကလေးပြုစု ပျိုးထောင်တဲ့ နည်းလမ်းများဟာ အဓိကကျတယ်လို့ ဆိုပါတယ်။ သူတို့က ဘာတွေကို တန်ဖိုးထားလို့ ကလေးများကို ဘယ်လိုများ သင်ကြား ပျိုးထောင် ပေးကြပါသလဲ။
(၁) ကောင်းမွန်တဲ့ ကလေးပညာရေးဟာ တိုးတက်မှု အားလုံး၊ ကောင်းကျိုးအားလုံးရဲ့ အခြေခံဖြစ်တယ်လို့ ဂျူးတို့က ယုံကြည်ထားပါတယ်။ ကလေးတွေရဲ့ လွတ်လပ်တဲ့ တွေးခေါ်မှုနဲ့ ကိုယ့်ကိုကို ရပ်တည်နိုင်မှု၊ မိမိကိုယ်ကို အားကိုးတတ်မှုကို အလေးထား ပျိုးထောင်ပါတယ်။ ကလေးကို အချစ်လွန်ကဲတာမျိုး၊ ပိုးမွေးသလို မွေးတာမျိုးကို လုံး၀ ဆန့်ကျင်ကြပါတယ်။ သူတို့ စကားပုံတစ်ခုက ဒီလိုဆိုပါတယ်။ “(၅)နှစ်ကလေးဟာ သင့်ရဲ့ အရှင်သခင်၊ (၁၀)နှစ်ကလေးဟာ သင့်ရဲ့ကျွန်၊ (၁၅)နှစ်ကလေးဟာ အဖေနဲ့တန်းတူ ဖြစ်သွားပြီ”တဲ့။ ဆိုလိုတာက (၅)နှစ်ကလေးဆိုရင် အတတ်နိုင်ဆုံး ချစ်မယ်။ ပျိုးထောင်မယ်။ (၁၀)နှစ်ကလေးဆို သူနိုင်တဲ့၀န်ကို ထမ်းခိုင်းမယ်။ မိဘများက သူနိုင်သမျှ အချိန်ရရင်ရသလို ခိုင်းရမယ်။ (၁၅)နှစ်အရွယ်ဆိုရင် ကိုယ်ပိုင် ဆုံးဖြတ်တတ်စေရမယ်။
(၂) ဂျူးကလေးများ သိတတ်ခါစအရွယ်မှာပဲ ပျားရည်တစ်စက် တို့ထားတဲ့ ကျမ်းစာအုပ်ကို ကလေးအား နမ်းရှုံ့စေပါတယ်။ ဆိုလိုရင်းကတော့ စာအုပ်ဟာ အလွန်ချိုမြိန်ကြောင်း၊ နှစ်သက်စရာ အလွန်ကောင်းကြောင်း သိစေတဲ့ သဘောပါ။ ဂျူးမိသားစုတိုင်းလိုလို စာအုပ်စင်ထားရှိပြီး စာအုပ်စင်များကို ခေါင်းအုံးဘက်မှာ ထားရပါတယ်။ စာအုပ်ဆိုတာ ချစ်ရုံနဲ့တင် မပြီးဘဲ လေးစားရတဲ့ သဘော ပါရှိပါတယ်။ သူတို့ကိုယ် သူတို့လည်း စာအုပ်ချစ်တဲ့ လူမျိုးလို့ တင်စားကြတယ်။ သုတေသန စာတမ်းအရ အသက်(၁၄)နှစ်အထက် ဂျူးကလေးများဟာ တစ်လအနည်းဆုံး စာအုပ်တစ်အုပ် ဖတ်ပြီးတယ်လို့ ဆိုပါတယ်။
(၃) ဂျူးမိသားစုထဲမှာ ကလေးများ နည်းနည်း အသိရှိလာပြီဆိုရင် မိခင်ဖြစ်သူက ဒီလို မေးမြန်းလေ့ ရှိတယ်။ “တကယ်လို့ သားရဲ့အိမ် မီးလောင်သွားတယ်၊ ပစ္စည်းတွေလည်း ဘာမှမကျန်အောင် အလုခံရတယ်။ သား ဘာကိုယူပြီး ထွက်ပြေးမလဲ”တဲ့ ၊ ကလေးက ရွှေတို့ ၊ ငွေတို့ ဖြေဆိုရင် မိခင်က ပြန်စဉ်းစားဦး ၊ အဲဒီပစ္စည်းဟာ အရောင်မရှိဘူး၊ အနံ့အရသာလည်း မရှိဘူးလို့ ပြန်ပြောလေ့ရှိပါတယ်။ ကလေးက “ဥာဏ်ပညာ”လို့ ဖြေဆိုနိုင်တဲ့အထိ ဥာဏ်ပညာကို အလေးထားတတ်အောင် မိခင်က တစ်ဖြည်းဖြည်း လမ်းကြောင်းပေးပါတယ်။ ကျနော်တို့ဆီက ပညာရွှေအိုး လူမခိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒါပေမယ့် ကျနော်တို့က ကလေးတွေ သူဘာသာသူ သိစေတာမျိုးမဟုတ်ပဲ မိဘနဲ့ဆရာများက တိုက်ရိုက် ပြောပြတာ များနေပါတယ်။
(၄) ၀န်တင်ထားတဲ့ “လား” မဖြစ်ပါစေနဲ့တဲ့ စာတအားဖတ်တော့ ဒီစကားပုံ ပေါ်ပေါက်လာတယ်လို့ ယူဆရပါတယ်။ ကလေးများကို ငယ်ငယ်ကတည်းက စာဖတ်အောင် သွန်သင်ပေးခဲ့ပြီး စဉ်းစားတတ်အောင် ပျိုးထောင်ပေးကြပါတယ်။ သူတို့အယူအဆအရ ဖတ်မှတ်လေ့လာခြင်းဟာ အတုခိုးခြင်း တစ်မျိုးသာ ဖြစ်ပြီး စဉ်းစား တွေးခေါ်တတ်ခြင်း၊ ကိုယ်ပိုင်အမြင် ရှိခြင်းနဲ့ အသစ်ဖန်တီးတတ်ခြင်းသည်သာ အဓိကကျတယ်လို့ ယူဆပါတယ်။ ဗဟုသုတကြွယ်ပြီး ဘာမှ မလုပ်တတ်တဲ့သူကို စာအုပ်ကို ၀န်တင်ထားတဲ့ “လား”လို့ စကားပုံနဲ့ ခိုင်းနှိုင်းထားပါတယ်။
(၅) တွေးခေါ်ခြင်းဆိုတာ သံသယနဲ့ အဖြေတို့ ပူးပေါင်းပြီးဖြစ်ပေါ်လာတာပါ။ ဒါလည်း သူတို့ရဲ့ နာမည်ကြီး စကားပုံပါ။ မိဘစကား၊ ဆရာ့စကား အပါအ၀င် ဘယ်သူပြောတာပဲဖြစ်ဖြစ် သံသယ အရင်၀င်ခိုင်းပါတယ်။ သံသယ၀င်မှပဲ အဖြေမှန် ထွက်တဲ့သဘောပါ။ ကျနော်တို့ဆီက ပြောတဲ့အတိုင်း နာခံမှ လိမ္မာမယ်ဆိုတဲ့ အယူအဆနဲ့ ကွဲလွဲပါတယ်။
မိဘများ အထောက်အကူဖြစ်ဖို့ တင်ပြပေးလိုက်ပါတယ်။ နှစ်သက်နိုင်ကြပါစေ။
မူရင်းအား လေးစားစွာဖြင့်