27/01/2024
‘ထာဝရ ဝမ်းမြောက်ခြင်း’ သမ္မာကျမ်းစာ လေ့လာခြင်းအစီအစဉ်
မန္တလေး ဂွတ်ဒ်နယူးစ်မစ်ရှင် အသင်းတော်သည် ၂၀၂၄ ခုနှစ် (၁)လပိုင်း ၂၂ရက်နေ့မှ ၂၃ရက်နေ့အထိ ကိုရီးယားနိုင်ငံမှ ရောက်ရှိလာသည့် အသင်းလူကြီး ဟန်ဂျောင်ဆူ ဦးဆောင်သော ‘ထာဝရဝမ်းမြောက်ခြင်း” ခေါင်းစဥ်ဖြင့် ကျမ်းစာသင်တန်း ပြုလုပ်ခဲ့ရာ ညီအစ်ကိုမောင်နှမ ၁၂၀ကျော် ပါဝင်ခဲ့သည်။
အစီအစဥ်တွင် မန္တလေးအသင်းတော် Azalea Star အကအဖွဲ့၏ ချစ်စရာ အကအလှများ၊ မန္တလေး Jindallae Choir အဖွဲ့ဝင် Sister များ၏ သာယာသော ဓမ္မတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများက ပါဝင်သူ ညီအစ်ကိုမောင်နှမ လူသစ်များ အားလုံးကို ဝမ်းမြောက်ပျော်ရွှင်စေခဲ့သည်။ တစ်ဆက်တည်းတွင် ကိုရီးယား အသင်းလူကြီး ဟန်ဂျောင်ဆူမှ ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး ၈ ‘မှားယွင်းခြင်း အမှုပြုစဥ်တွင်ပင် ဖမ်းမိသော မိန်းမ’ အကြောင်းကို အခြေခံကာ ပညတ်တရားကြောင့် ကျောက်ခဲနှင့် ပစ်ပေါက်သတ်ခံရရန်သာ ရှိသည့် မှားယွင်းခြင်းပြုသော မိန်းမသည် ယေရှုခရစ်တော်၏ အသစ်သော ပဋိညာဥ်တရားအားဖြင့် အသက်ချမ်းသာခွင့်ရခဲ့သကဲ့သို့ ဤလောက လူသားများအားလုံးလည်း မိမိ အကျင့်နှင့်မဆိုင် ယေရှုခရစ်တော်၏ အသစ်သော ပဋိညာဥ်တရားအားဖြင့် အသက်ချမ်းသာရနိုင်အောင် ယေရှုခရစ်တော်က ပြည့်စုံစေခဲ့ပြီဖြစ်ကြောင်း အားရပါးရ ဧဝံဂေလိ ဟောပြောခွန်အားပေးခဲ့သည်။
ထို့နောက် ၂၄ရက်နေ့တွင် လားဟူအသင်းတော်၊ ၂၅ရက်နေ့တွင် ပြင်ဦးလွင် အသင်းတော် စသဖြင့် မန္တလေး ပတ်ဝန်းကျင် အသင်းတော်များသို့လည်း သွားရောက်ကာ ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး ၅း ၃ ‘စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏” ဆိုသည့် နှုတ်ကပတ်တော်ကို အခြေခံကာ ကောင်းကင်နိုင်ငံသည် စိတ်နှလုံးနှိမ့်ချသော သူတို့အတွက်ဖြစ်၍ စိတ်နှိမ့်ချကာ လူသားအားလုံး ကောင်းကင်နိုင်ငံဝင်စားနိုင်ရန် ပြည့်စုံစေခဲ့ပြီဖြစ်သော ယေရှုခရစ်တော်အား ယုံကြည်လက်ခံကြရန် အားရပါးရ ဧဝံဂေလိ ဟောပြောခဲ့သည်။
၂၀၂၄ ပဋိညာဥ်တရား အတိုင်း မန္တလေး အသင်းတော် အသုံးပြုခြင်းအားဖြင့် မန္တလေးမြို့တင်မက အနီးအနား မြို့တွေမှာလည်း ဧဝံဂေလိတရား ပျံ့နှံ့စေ၍ အသီး သီးစေမည်ဆိုသည့် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းများ ပြည့်လျှံကာ ကျေးဇူးတော် ပြည့်ဝသည့် ကျမ်းစာသင်တန်းဖြစ်ခဲ့သည်။