![■ AA ထိုးစစ်ကြောင့် တောင်ကုတ် ကိုင်းရှည်တံတားရှိ အထိုင် စစ်ကောင်စီတပ်စခန်းများ တပ်ပြန်ဆုတ်(တံတား နှစ်စင်းလုံးတွင် စစ်ကော...](https://img3.medioq.com/123/547/1009042531235473.jpg)
11/11/2024
■ AA ထိုးစစ်ကြောင့် တောင်ကုတ် ကိုင်းရှည်တံတားရှိ အထိုင် စစ်ကောင်စီတပ်စခန်းများ တပ်ပြန်ဆုတ်
(တံတား နှစ်စင်းလုံးတွင် စစ်ကောင်စီတပ်က မိုင်ထောင်ထားခဲ့)
AID| နိုဝင်ဘာ ၁၁
ရခိုင်ပြည်၊ တောင်ကုတ်မြို့ ကိုင်းရှည်တံတားအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် တပ်နောက်ပြန်ဆုတ်သွားပြီး တံတားတွေမှာ မိုင်းထောင်ထားခဲ့ကြကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
AA ရဲ့ ထိုးစစ်အရှိန်ကြောင့် စစ်ကောင်စီတပ်သားတွေ မနေ့ကစပြီး တပ်ဆုတ်ခွာခဲ့တာဖြစ်ပြီး မြို့ထဲ တပ်ရင်းတွေနဲ့ ပူးပေါင်းသွားကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အာလိန်ငါးဆင့်ကျောင်းတိုက်နဲ့ ကိုင်းရှည်တံတားမှာ အထိုင်ချပြီး တပ်စွဲထားတဲ့ စစ်ကောင်းစီတပ်ဖွဲ့တွေဟာ မနေ့ညကစပြီး မြို့ထဲဖက်ကို တပ်ဆုတ်သွားပြီး တစ်ချို့ကတော့ မြို့ထဲက စကခ ၅ နဲ့ ပေါင်းသွားကြတယ်လို့ သိရပါတယ်။ အခု AA ဟာ မြို့ထဲအထိ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ပြောသွားတာပါ။
အာလိန်ငါးဆင့်ကျောင်းတိုက်နဲ့ ကိုင်းရှည်တံတားမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်သား ရာနဲ့ချီ အထိုင်ချ နေထိုင်ကြတာဖြစ်ပြီး AA ကို ခုခံတိုက်ခိုက်နေတာ ဖြစ်ကြောင်း သိရပါတယ်။
တပ်ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်တွေဟာ တောင်ကုတ်မြို့ မြို့နယ်စည်ပင်သာယာရုံးနဲ့ နီးစပ်ရာအဆောင်အဦးအမြင့်နေရာတွေ စာသင်ကျောင်းတွေမှာ စနိုက်ပါတွေနဲ့ နေရာယူထားကြောင်း သူက ဆက်ပြောပါတယ်။
တောင်ကုတ်မြို့၊ ကိုင်းရှည်တံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ ဖုံညို စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ မိုင်းတွေထောင်ထားခဲ့ပြီး အချိန်မရွေးဖောက်ခွဲဖို့ ပြင်ဆင်ထားကြောင်း စစ်ရေးသတင်း ရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က မိုင်းထောင်ထားတဲ့ တောင်ကုတ်မြို့ ဖုံညိုတံတားဟာ သံတွဲဖက်ကို သွားတဲ့ မြို့အထွက်တံတားတစ်ခုဖြစ်ပြီး ကိုင်းရှည်တံတားဟာ မအီ၊ အမ်း၊ စစ်တွေဖက်ကို ထွက်တဲ့ မြို့ရဲ့ အထွက်တံတားတွေဖြစ်ကြပါတယ်။
အဲဒီပါတံတားနှစ်စင်းလုံးကို မိုင်းခွဲပျက်စီးသွားခဲ့ရင် တောင်ကုတ်မြို့ထဲ ပိတ်မိနေတဲ့အရပ်သား ၇ သောင်းနီးပါးဟာ မြို့အတွင်း ထွက်ပေါက်မရှိဘဲ ဖြစ်သွားနိုင်ကြောင်း တောင်ကုတ်ဒေသခံတွေက ပြောဆိုထားကြပါတယ်။
အာလိန်ငါးဆင့်ကျောင်းတိုက်နဲ့ ကိုင်းရှည်တံတားတွေမှာ အထိုင်ချနေထိုင်ခဲ့တဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် အနီးအနားရှိကျေးရွာတွေ ဖြစ်ကြတဲ့ ဒုံးကျေးရွာ၊ တောင်ရွာကို ကိုင်းရှည်ကျေးရွာတွေကို လက်နက်ကြီး ကျရောက်ခဲ့ကြောင်း သိရပါတယ်။
စစ်တပ်က အဲ့ဒီအာလိန်ငါးဆင့်ကနေ ခုခံပြီးတော့ တိုက်နေကာ အာလိန်ငါးဆင့်ကျောင်းတိုက် လုံးဝပျက်စီးသွားပါပြီ၊ ဟိုဖက် ဒီဖက် ပစ်ခတ်တာတွေများတော့ အကုန်ပျက်စီးသွားပြီးလို့ ပြောလို့ရပါတယ်။ ပြီးတော့ ဒုံကျေးရွာက အားလုံးနီးပါး မီးလောင်သွားတယ်။ အဲ့ဒီ ဒုံကျေးရွာမှာ ခရစ်ယာန်ဘုရားကျောင်းလည်း အကုန်မီးလောင်သွားပြီး အရပ်သားတစ်ယောက် သတ်ဖြတ်ခံရကြောင်း သိရတယ်လို့ အသက် ၃၅နှစ်အရွယ်ရှိတဲ့ တောင်ကုတ်ဒေသခံတစ်ဦးကပြောပြသွားတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်က တောင်ကုတ်မြို့ နတ်မော်ကျေးရွာဖက်ကို ဆင်းတဲ့လမ်း အုပ်ကွင်းနဲ့ အာလိန်ငါးဆင့်ကျောင်း၊ ကြိုးကြာကွင်းတွေကို တပ်စွဲထားပြီး အဲဒီပါတပ်တွေကို AA ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။