26/11/2024
တစ်ခါတုန်းက အကြွေးတွေ ဗရပွနဲ့ ဘဝမှာ ရှေ့ဆက်ဖို့ လမ်းစပျောက်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်
တစ်ယောက်ရှိပါတယ်။
အကြွေးရှင်တွေကလည်း သူ့နောက်ကို တစ်ကောက်ကောက်လိုက်နေကြတယ်။ ကုန်သည်တွေကလည်း ပစ္စည်းဖိုးတွေချေဖို့ နားပူနားဆာလုပ်နေကြပြီ။ ဒီတော့ အကြံအိုက်နေတဲ့ သူဌေးကြီးဟာ ပန်းခြံလေးတစ်ခုထဲက ခုံလေးပေါ်မှာ ထိုင်ပြီး ခေါင်းတစ်ကုတ်ကုတ်နဲ့ စဉ်းစားနေတော့တယ်။ သူ့စီးပွားရေးလုပ်ငန်းတွေ ပြန်ပြီး နာလန်ထူလာအောင် ဘယ်လိုများ လုပ်ရပါ့မလဲ ဆိုပြီးပေါ့။
ရုတ်တစ်ရက်ဆိုသလိုပဲ အဖိုးအိုကြီး တစ်ယောက်ဟာ သူ့နောက်ကနေ ရောက်လာပြီး “မင်းတစ်ခုခု ပြဿနာတက်နေတယ် ဆိုတာ ငါသိတယ်ကွ” ဆိုပြီး ပြောပါတယ်။
သူဌေးကြီးက အကြောင်းစုံ ရှင်းပြပြီးတဲ့အခါ အဖိုးအိုက “ငါမင်းကို ကူညီနိုင်တယ် ဆိုတာ ငါ့ကိုယ်ငါ ယုံကြည်တယ် ဟေ”့ ဆိုပြီး ချက်လက်မှတ်တစ်စောင် ရေးလိုက်ပါတယ်။ ပြီးတော့ ချက်လက်မှတ်ကို သူဌေးကြီးဆီ ကမ်းပေးရင်း “ဒီငွေတွေကို ယူသွားလိုက်၊ ဒီနေ့ကနေ စတွက်လို့ တစ်နှစ်တိတိပြည့်တဲ့ နေ့မှာ တို့ ဒီနေရာမှာပဲ ပြန်ဆုံကြမယ်၊ အဲ့အချိန်ကျရင်တော့ မင်းငါ့ကို ဒီငွေတွေ ပြန်ပေးနိုင်မှာပါ” ဆိုပြီး ပြောလိုက်ပါသေးတယ်။
အဲ့ဒီနောက်မှာတော့ အဖိုးအိုဟာ သူဌေးကြီးတောင် ဘာမှ ပြန်မပြောလိုက်နိုင်သေးခင်ပဲ ထွက်သွားပါတော့တယ်။
သူဌေးကြီးဟာ သူ့လက်ထဲက ဒေါ်လာ ၅ သိန်းတန် ချက်လက်မှတ်ကို မမှိတ်မသုန်နဲ့ ကြည့်နေမိတော့တာပေါ့။ လက်မှတ်နေရာမှာက ကမ္ဘာ့အချမ်းသာဆုံး သူကြွယ်စာရင်းဝင် ဂျွန် ဒီ ရော့ကဖဲလ်လာ(John D. Rockefeller) တဲ့လေ။
ဘာပဲဖြစ်ဖြစ် သူဌေးကြီးကတော့
“ငါ့ရဲ့ ငွေရေးကြေးရေး သောကတွေကနေ လွတ်မြောက်ပြီ ဟေ့” ဆိုပြီး သူ့အတွေးနဲ့သူ ဝမ်းသာနေတော့တာပေါ့။ ဒါပေမယ့် သူ ဆုံးဖြတ်လိုက်တာက ဒီချက်လက်မှတ်ကို မသုံးသေးဘဲ သိမ်းထားဖို့ပါပဲ။
သူ့မှာ ငွေရှိတယ် ဆိုတဲ့ အသိနဲ့တင် သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည် ကယ်တင်နိုင်မယ့် အားအင်တွေ ပြန်ရလာမှာပဲလေ ဆိုပြီး တွေးတောနေမိပါတယ်။
ဒီတော့ စိတ်သစ်လူသစ်နဲ့ သူဌေးကြီးဟာ အကြွေးရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ ပေးစရာငွေတွေကို ခေတ္တဆိုင်းငံ့ထားပေးဖို့ ညှိနှိုင်းပြီး အလုပ်တွေကို ကြိုးစားလုပ်တော့တာပေါ့။ လအနည်းငယ်ကြာတဲ့အခါ သူ့မှာ အကြွေးဆိုလို့ စိုးစဉ်းမျှ မရှိတော့ဘဲ ပြန်လည်ပြီး လည်ပတ်နေတဲ့ လုပ်ငန်းတွေကနေ ဝင်ငွေတွေ ရနေပါတော့တယ်။
တစ်နှစ်တိတိပြည့်ပြီးချိန်မှာ သူဌေးကြီးဟာ မသုံးရသေးတဲ့ ချက်လက်မှတ်ကြီးကို ကိုင်ပြီး ပန်းခြံထဲကို ပြန်လာခဲ့တာပေါ့။ အရင်က အချိန်လောက်မှာပဲ အဖိုးအို ရောက်လာပါတော့တယ်။ ဒါပေမယ့် သူဌေးကြီးက ချက်လက်မှတ်ကို ကမ်းပေးရင်း သူဘယ်လိုတွေ အောင်မြင်ခဲ့လဲ ဆိုတာတွေ ပြန်ပြောပြနေတုန်းမှာ သူနာပြုတစ်ယောက်က ပြေးလာပြီး အဖိုးအိုကို ဆွဲခေါ်ပါတော့တယ်။
အဲတော့ သူဌေးကြီးက သူနာပြုကို လှမ်းမေးရာ သူနာပြုက သူက အမြဲတမ်း ဒီလိုပဲရှင့်၊ ရိပ်သာထဲကနေ ပျောက်ပျောက်သွားပြီး လူတိုင်းကို သူက ဂျွန် ဒီ ရော့ကဖဲလ်လာ(John D. Rockefeller) ဆိုပြီး လိုက်လိုက်ပြောနေကျလေ” ဆိုပြီး ပြောရင်း အဖိုးအို လက်မောင်းကို တွဲပြီး ခေါ်သွားပါတော့တယ်။
သူဌေးကြီးလည်း အလွန်အမင်း အံ့အားသင့်ပြီး နေရာမှာတင် ကြက်သေသေ သွားတော့တာပေါ့။ ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံး သူ ရောင်းလိုက် ဝယ်လိုက်နဲ့ လည်ပတ်နေခဲ့တာက သူ့မှာ သိမ်းထားတဲ့ ဒေါ်လာ ၅ သိန်းရှိတာပဲ ဆိုတဲ့ ယုံကြည်ချက်နဲ့လေ။ အခုတော့ အသက်ကြီးပြီး စိတ်လွတ်နေတဲ့ အဖိုးကြီး လျှောက်ရေးပေးခဲ့တဲ့ ချက်လက်မှတ်အတုကြီး တဲ့လား။
ချက်ချင်းဆိုသလို သူသဘောပေါက်သွားတာက ချက်လက်မှတ်က အစစ်ပဲဖြစ်ဖြစ်၊ အတုပဲဖြစ်ဖြစ် သူဘဝပြန်ပြီး ပြောင်းလဲခဲ့ရတာ
ငွေကြောင့်မဟုတ်ဘူး ဆိုတာပါပဲ။ သူ့ရဲ့ အသစ်တစ်ဖန် မွေးဖွားလာတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကပဲ သူ့ရဲ့ ပြန်လည်ကြိုးစားတဲ့ ခရီးတစ်လျှောက်မှာ အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်မယ့် စွမ်းအားတွေ ပေးခဲ့တယ် ဆိုတာ သူ သိရှိလိုက်ရပါတော့တယ်။
ဘယ်လိုအခြေအနေမျိုးမှာပဲရှိရှိ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့က အရေးကြီးဆုံး ခွန်အားတခုပါပဲ။
Credit Org;
#မည်သို့ပင်ဆိုစေကာမူ
အလွန်တန်ဖိုးရှိတဲ့စာတစ်ပုဒ်ပါဗျာ
ဖတ်ရှုပြီးဥာဏ်အလင်းပွင့်ကြပါစေ