31/07/2024
မန်ယူက ကွင်းသစ် မဆောက်သင့်ဘူး၊ အဆင့်မြင့်ဆေးရုံ ထောင်သင့်ပြီ
----------------
မန်ယူနဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ထိခိုက်ဒဏ်ရာရသွားခဲ့တဲ့ မန်ယူနောက်ခံလူသစ် ယိုရိုရဲ့အခြေအနေကတော့ မြင်ရတဲ့အတိုင်းပါပဲ။
မန်ယူဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်း ဒဏ်ရာပြဿနာတွေကြောင့် အခက်ကြုံခဲ့ရသလို လက်ရှိဘောလုံးရာသီမှာလည်း မစခင်က ကျိုးနှင့်သည်တွေ ဖြစ်လို့နေပါပြီ။
၁၈ နှစ်သားလေး ယိုရိုဟာ မန်ယူဆီကို ရောက်လာပြီး တစ်လမပြည့်သေးခင်မှာတင် အခုလိုမျိုး ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်လိုက်ရတာပါ။
လမ်းလျှောက်ဖို့ အားပြုနေရတဲ့ တုတ်ကောက်၊ ခြေထောက်အကာအကွယ်အတွက် စီးနင်းထားရတဲ့ ဖိနပ် စတာတွေကို ကြည့်လိုက်တာနဲ့တင် ယိုရို က အခြေအနေ မဟန်လှတာကို မြင်ကြရပါတယ်။
မန်ယူက လူတစ်သိန်းဆံ့တဲ့ ဘောလုံးကွင်းသစ်အစား အကောင်းစား အဆင့်မြင့်ဆေးရုံထောင်လိုက်တာ ပိုကောင်းလောက်ပါတယ်။
ဒီပုံစံနဲ့တော့ ဟွိုက်ဂျ်လန်းရဲ့ဒဏ်ရာအခြေအနေလည်း ဘယ်လို အဖြေထွက်လာလေမလဲဆိုတာ အထူးစိုးရိမ်ပူပန်ပါကြောင်း ကြေညာချက်ထုတ်ရတော့မလို ဖြစ်နေပါပြီ။
ယိုရို ဟာ အသင်းရဲ့လေ့ကျင့်ရေးကို ပူးပေါင်းပါဝင်ပြီး ခြေစမ်းပွဲလေး ၂ ပွဲကို ပထမပိုင်းလောက်တင် ပါဝင်ကစားပေးတာမှာ ဒဏ်ရာရသွားလေတော့ မန်ယူကို ဒဏ်ရာပြဿနာ အဆက်မပြတ်အောင်၊ မန်ယူဆီရောက်လာတဲ့ ကစားသမား ဒဏ်ရာမြန်မြန်ရသွားအောင် ပြိုင်ဘက်တွေကများ ကျိန်စာတိုက်ထားလေပြီလားလို့ တွေးချင်စရာတောင် ကောင်းနေပါပြီ။