![အားလုံးပဲမင်္ဂလာပါဗျာအခုတစ်ခေါက်ကတော့ အလှမွေးငါးလေးတွေကိုမွေးမြူရာမှာ လိုက်နာသင့်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကို တင်ပြပေး...](https://img5.medioq.com/442/938/977153004429387.jpg)
14/10/2024
အားလုံးပဲမင်္ဂလာပါဗျာ
အခုတစ်ခေါက်ကတော့ အလှမွေးငါးလေးတွေကိုမွေးမြူရာမှာ လိုက်နာသင့်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကို တင်ပြပေးလိုက်ပါတယ်ဗျ။
အလှမွေးငါးလေးတွေကို မွေးမြူဖို့ရွေးချယ်ရာမှာဆိုရင် ၂မျိုး၂စားရှိပါတယ်။
1.ရေချိုအလှမွေးငါး
2.ရေငံအလှမွေးငါး ပဲဖြစ်ပါတယ်။
အခု ပြောပြပေးမဲ့ အကြောင်းအရာကတော့ ရေချိုအလှမွေးငါးတွေအတွက် ဆောင်ရန်ရှောင်ရန် လေးတွေပဲဖြစ်ပါတယ်။
ရေချိုအလှမွေးငါး မွေးမြူရာမှာ မွေးမြူသူ Level skill ၃ ဆင့်ခွဲထားပါတယ်။
1.Beginner skill
2.Intermediate skill
3.Professional skill တို့ပဲဖြစ်ပါတယ်။
ကျွန်တော် အခုpostထဲမှာပါတဲ့အကြောင်းအရာတွေက အခုမှစမွေးမဲ့ beginner သမား များအတွက်အဓိက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
1.ငါးရွေးချယ်နည်း။
ကျွန်တော်တို့တွေ ငါးလေးတွေစမွေးမယ်ဗျာ ဘယ်လိုငါးလေးတွေကနေစမွေးသင့်လဲ ဆိုတဲ့အချက်က စပြောပေးပါမယ်။
ပထမဆုံးအနေနဲ့စမွေးမဲ့ငါးတွေဟာ မွေးမြူသူအပေါ်မှာ ပထမဆုံးလက်ထဲစရောက်တဲ့အချိန်ကထဲက စိတ်ပျက်သွားစေနိုင်မဲ့ငါးတွေကိုမရွေးချယ်စေချင်ဘူး။
ဥပမာ lucky fish / gar fish / flower horn စတဲ့ငါးတွေဟာ အရွယ်အစားကြီးမားသလို အစာကျွေးမှု ဂရုစိုက်ပေးနိုင်မှုတွေက အထူးလိုအပ်ပါတယ် ဒီလိုငါးတွေကို အတွေ့အကြုံမရှိဘဲမွေးမယ်ဆိုရင်တော့ ( မတော်တဆ ငါးသေသွားတာ ရောဂါဝင်တာ ငါးမလှလာတာ ဖြစ်သွားခဲ့ရင် )
ဒီငါးမွေးတဲ့ဝါသနာကိုစွန့်ပစ်မိမှာအမှန်ပါပဲ ဒါကြောင့် ကိုယ်နဲ့ကိုက်ညီမဲ့ငါးတွေကို ပဲစရွေးချင်ပါတယ်။
ကျွန်တော်အကြံပြုချင်တဲ့ငါးတွေကတော့ zebra / guppy / molly စတဲ့ အရွယ်အစားသေးပြီး အကြမ်းခံ ထိန်းသိမ်းရလွယ်ကူတဲ့ငါးလေးတွေနဲ့ပဲ အစပြုစေချင်ပါတယ်။
ဒီငါးလေးတွေဟာ ကန်နေရာယူမှုကလဲ သိပ်မရှိတဲ့အတွက် အိမ်သူအိမ်သားတွေရဲ့ ငြီးငြူမှုလဲ လျော့နည်း နိုင်ပါတယ်။
( ဒီလိုကန်အသေးလေးကနေ ဝါသနာရင့်လာတော့ အိမ်ထဲမှာ ငါးကန်အပြည့်ဖြစ်သွားတဲ့သူတွေလဲကြုံဖူးပါတယ် )
နောက် လူအများစုကတော့ ငါးမွေးရင် တစ်ကောင်ထဲအဖော်မဲ့အထီးကျန်ဆန်မှာကိုစိုးရိမ်ကြပါတယ် ဒါကြောင့် အုပ်စုလိုက်ကူးခပ်နေရတာကိုပဲမြင်တွေ့စေချင်ကြပါတယ်
ဒီလို အုပ်စုဖွဲ့ကူးခပ်တာကိုကြည့်ချင်တဲ့ သူတွေကလဲ မိမိကန်ထဲထည့်မဲ့ငါးတွေရဲ့ သဘောသဘာဝကိုလဲသိသင့်ပါတယ်။
အချို့သောငါးတွေက အုပ်စုလိုက်အတူနေနိုင်ပေမဲ့ အချို့ငါးတွေကတော့ အခြားငါးများကိုတိုက်ခိုက်အနိုင်ကျင့်ကြပါတယ်
ဥပမာ cichlids ငါးမျိုးတွေဟာ အခြားငါးများကို အနိုင်ကျင့်ဗိုလ်ကျတတ်ကြပါတယ် ဒါကြောင့် ဒီငါးတွေကို သီးသန့်မွေးမြူသင့်ပါတယ်
2.ငါးရွေးချယ်ဝယ်ယူနည်း။
ကျွန်တော်တို့မွေးမြူငါးနာမည်တွေငါးအမျိုးအစားတွေ သိပြီးရင် ငါးတွေဝယ်ယူတော့မယ်ဆ်ု ဘယ်လိုငါးအခြေအနေရှိတဲ့ငါးတွေကို ဝယ်ယူရမလဲဆိုတာကို ပြောပြပေးပါဦးမယ်။
အလှမွေးငါးဆိုင်တစ်ဆိုင်ကိုရောက်သွားတဲ့အခါ ဆိုင်မှာရှိတဲ့ငါးတွေအားလုံးရဲ့အခြေအနေနဲ့ ဆိုင်ရှင်ရဲ့ငါးကန်တွေပေါ်ဂရုစိုက်မှုကိုအရင်အကဲခပ်သင့်ပါတယ်။
ဥပမာ ဆိုင်ခန်းထဲမှာရှိတဲ့ငါးအများစုဟာ မှိုင်နေတာ ငါးကန်ထဲကူးခပ်သွားလာမှုမရှိတာ အချို့သောငါးတွေကသေနေပြီး အချို့သောငါးတွေက လေအိပ်ပေါက် ရေထဲမျောနေတာ စတဲ့အခြေအနေအများစုနဲ့ တိုက်ဆိုင်နေရင် ဒီဆိုင်ကငါးတွေကို ဝယ်ဖို့စဉ်းစားသင့်ပါတယ်။
နောက် ငါးကန်ရေတွေဟာ ဘယ်အချိန်သွားသွား အမြဲနောက်ကျိနေမယ်ဆိုရင်တော့ ဆိုင်ရှင်က ငါးတွေကိုဂရုစိုက်မှုမရှိကြောင်းပေါ်လွင်နေပါပြီ ဒီလိုအနေအထားတွေဖြစ်နေပြီဆိုရင်တော့ အခြား ပိုစိတ်ချရတဲ့ ငါးဆိုင်ကနေဝယ်ယူတာ ပိုအဆင်ပြေနိုင်ပါတယ်။
တကယ်လို့မိမိနေရာကအခြားဆိုင်မရှိဘူးဆိုလဲ ထိုငါးတွေထဲမှ
ရေအမြဲကူးခပ်နေတဲ့ငါး
အမြှီးအတောင်မကုပ်တဲ့ငါး
ရေယက်သွေးကြောမပေါ်တဲ့ငါး
whitespot/ရေသန်းမပါတဲ့ငါး
စတဲ့အချက်တွေ ကင်းလွတ်တဲ့ငါးကိုပဲရွေးချယ်မွေးမြူစေချင်ပါတယ်
( ဒီအချက်တွေကတော့ ဘယ်ငါးဆိုင်မဆိုရွေးချယ်သင့်ပါတယ် )
3.ငါးမှန်ကန်ပြင်ဆင်တပ်ဆင်ခြင်း
ကျွန်တော်တို့တွေ မွေးမဲ့ငါးလဲရွေးချယ်ပြီးပြီ ဝယ်လဲဝယ်ပြီးပြီဆိုတော့ ငါးတွေအတွက်အိမ်လိုအပ်လာပါပြီ
ငါးမှန်ကန်ကိုဘယ်လိုပြင်ဆင်မလဲဆိုတော့ အရင်ဆုံးငါးကန်ထားဖို့နေရာလိုအပ်လာပါပြီ ငါးကန်နေရာက လူသွားလူလာများပြီး ဆူညံသံတွေများတဲ့နေရာမှာ ထားဖို့ကအဆင်မပြေနိုင်ပါဘူး
လူဝင်လူထွက်နည်းပြီးနေရောင်တိုက်ရိုက်မကျတဲ့ အခန်းတစ်နေရာမှာစီစဉ်ပေးရပါမယ် နောက် ငါးကန်တင်တဲ့စင်ကလဲ လိုအပ်လာပါပြီ ငါးကန်တင်စင်ဟာ ငါးကန်ရဲ့ရေဝိတ်ကို ကြာရှည်ခံနိုင်တဲ့စင်မျိုးကိုရွေးချယ်သင့်ပါတယ်
ငါးကန်ရဲ့အရွယ်အစားကလဲ မိမိမွေးမဲ့ငါးအရွယ်အစား/အရေအတွက်နဲ့လိုက်ဖတ်ညီရပါမယ် ငါးကန်အရွယ်အစားရွေးချယ်ရာမှာ မိမိမွေးထားတဲ့ငါးရဲ့ အကြီးဆုံးဖြစ်လာမဲ့ဆိုဒ်ကိုပါထည့်တွက်ပြီးပြင်ဆင်သင့်ပါတယ်။
အကြမ်းအားဖြင့်တော့ ငါးအရွယ်အစား ၁လက်မအတွက် ရေ4.5L ရှိရပါမယ်။ ငါးကန်ထဲမှာငါးထည့်တဲ့အခါကျရင် ငါးဆန့်ရင်ပြီးရောဆိုတဲ့စိတ်နဲ့ ပြည့်ကျပ်နေအောင်မမွေးမြူသင့်ပါဘူး ငါးတစ်ကောင်အတွက် ရှိသင့်တဲ့ ရေပမာဏကို အနီးစပ်ဆုံး ဖြစ်အောင်ထားပေးရပါမယ် ဒါမှလဲ ကျန်းမာပျော်ရွှင်တဲ့ငါးတွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်
4.ငါးကန်ကို လိုအပ်ပစ္စည်းတပ်ဆင်ခြင်း
အလှမွေးငါးတွေအတွက် အဓိကလိုအပ်ချက်ကတော့ ရေအပူချိန် ရေph နဲ့ ရေသန့်စင်မှုတွေပဲဖြစ်ပါတယ်
Heater
ငါးကန်တိုင်းမှာ လိုအပ်တဲ့အပူချိန်ရရှိစေရန်အတွက် heater တပ်ဆင်ပေးဖို့လိုအပ်ပါတယ် ငါးအများစုကတော့ 72°F to 84°F အတွင်းမှာ ရှိတဲ့အပူချိန်တွေလိုအပ်ပါတယ်
Water Ph
ရေph ကိုလဲ ပုံမှန်စစ်ဆေးပေးသင့်ပါတယ် ရေph မမှန်ကန်မှုကြောင့်လဲ ငါးရောဂါနဲ့ ရေညှိပြဿနာတွေတိုးပွားစေပါတယ် ph level ထိန်းသိမ်းပုံကိုလဲ post တင်ပေးထားပါတယ်ဗျ
Filter System
နောက်အရေးအကြီးဆုံး အချက်တစ်ခုကတော့ filter စနစ် တပ်ဆင်ခြင်းပါပဲ filter ကိုရွေးချယ်ရာမှာ biological filter system နဲ့ mechanical system ဆိုပြီး ၂မျိုးရှိပါသေးတယ် ဒီအကြောင်းကိုလဲ post တင်ပေးထားပါတယ်ဗျ။
အဓိကကတော့ ငါးကန်ထဲမှာ အညစ်အကြေးနဲ့ ဓာတုပစ္စည်းကင်းစင်မှု / အကျိုးပြု bacteria ပေါက်ဖွားစေမှုတို့ပဲဖြစ်ပါတယ်။
5.ငါးကန်အလှဆင်ပစ္စည်းတပ်ဆင်ခြင်း
ငါးကန်ထဲမှာအလှဆင်ပစ္စည်းထည့်ခြင်းကလဲ အချို့သော လူတွေကနှစ်သက်သလို အချို့ကြတော့လဲ မနှစ်သက်ကြပါဘူး
အလှဆင်ပစ္စည်းထည့်မယ်ဆိုရင် အထူးသတိထားရမှာက ငါးတွေကို ထိခိုက်ဒဏ်ရာ ရစေနိုင်တဲ့ အချိန်အတက်တွေ မပါစေဖို့ရွေးချယ်ပေးရပါမယ် နောက်အလှဆင်ပစ္စည်းများကို ကန်ထဲမထည့်ခင် ရေနှင့်စင်ကြယ်စွာဆေးကြောပြီးမှထည့်သင့်ပါတယ်
နောက် ကန်ထဲမှာ ပုန်းခိုစရာ အိမ်လေးတွေ သစ်ဆွေးတုန်း တွေထည့်ပေးလို့ရပါတယ်။
ငါးကန်ကို အချို့က မီးများတပ်ဆင်၍အလှဆင်ကြပါသေးတယ်။
မီးများတပ်တဲ့အခါမှာလား အရမ်းစူးရှစွာမပေးသင့်ပါဘူး
ငါးများလန့်တတ်ပြီး ကန်ထဲမှာ ရေညှိများပေါက်ဖွားစေနိုင်ပါတယ်။
မီးအလင်းအားပေးမှုကိုလဲ တစ်နေကုန်မပေးသင့်ပါဘူး။
6.အလှမွေးငါးအသစ်ထည့်တော့မယ်ဆိုရင် ???
ကဲ အပေါ်ကပြောခဲ့တဲ့ အချက်တွေအကုန်ပြည့်စုံသွားပြီဆိုရင်တော့ ငါးဝယ်ပြီး ကန်ထဲထည့်ရုံပဲကျန်တော့တာပေါ့ ဒီနေရာမှာလဲ ငါးကိုကန်ထဲကို တန်းမထည့်သင့်ပါဘူး ငါးထည့်ထားတဲ့အိတ်ကို ကန်ရေထဲ ၁၅မိနစ် မိနစ်၂၀ခန့် အရင်စိမ်ထားသင့်ပါတယ် ပြီးမှ အိတ်ထဲကို ကန်ရေ အနည်းငယ်ရော၍ အပူချိန်မျှအောင်လုပ်ပြီးမှ ငါးကိုကန်ထဲလွှတ်သင့်ပါတယ်
ပိုပြီးစနစ်ကျစေချင်တယ်ဆိုရင်တော့ ဆေးကုကန်သပ်သပ်ထားသင့်ပါတယ် ဒါမှငါးအသစ်တွေကို မိမိအရင်ငါးများနှင့်မရောခင် ကျန်းမာရေးကောင်းမကောင်းကို ၁ပါတ်မျှ စောင့်ကြည့်ပြီးမှ ရောတာပိုကောင်းပါတယ်။
ဒါ့အပြင် မိမိငါးများထဲမှနေမကောင်းဖြစ်သောငါးတွေကို ဆေးကုကန်သပ်သပ်ခွဲ၍ ကုသခြင်းအားဖြင့် အခြားငါးများအားမကူးစက်စေရန်ကာကွယ်ပြီးဖြစ်ပါတယ်။
7.မဖြစ်မနေလုပ်ဆောင်ပေးရမည့်အချက်များ
1.ရေပုံမှန်လှဲပေးခြင်း ( 25% or 50% )
2.ငါးများကိုအစာလိုအပ်သည်ထက်ပိုမကျွေးမိစေရန် ( နည်းနည်းနှင့်ခဏခဏကျွေးရန် )
3.Filter material များအား 2 or 3ပါတ်တစ်ခါ ဆေးပေးရန်
( ငါးကန်ရေဟောင်းနှင့်သာဆေးရန် )
ကဲ ဒီအချက်တွေအားလုံးကို သင်သာလိုက်နာပြီဆိုရင် အလှမွေးငါးလှလှလေးတွေကို ကျန်းမာသန်စွမ်းစွာ အမြဲမြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။