06/06/2021
ချစ်ခြင်းတရားမရှိပဲ နေလို့ရပါတယ်၊ ဒါပေမယ့် ချစ်ခြင်းတရားကိုပိုင်ဆိုင်တဲ့သူက ပိုကောင်းတဲ့ဘဝကိုပိုင်ဆိုင်ရတာပေါ့
ဖြစ်စဉ် (၁)
မကွေးမှာကျောင်းတက်စဉ် ထန်းရည်သောက်ဖို့သွားဖူးတယ်။ ထန်းတဲလေးတစ်ခုထဲမှာ ယောက်ျားဖြစ်သူက ထန်းလက်နဲ့ လည်ဆွဲလိုလို လက်ကောက်လိုလိုလေးလုပ်နေတယ်။ ကိုယ်တွေဝင်သွားတော့ မိန်းမကပြောတယ်
သောက်မယ့်သူလာတယ်လေ ထဦး တော်ဘာတွေလုပ်နေတာတုန်းတဲ့
ယောက်ျားက ဖုတ်ဖတ်ခါရင်းထလာရင်း ရော့ဆိုပြီး လက်ထဲကသူ Handmade လေးပေးတယ်
ကလေးမဟုတ်သူငယ်မဟုတ်နဲ့တော် ဆိုတဲ့ မယားက ခပ်ပြုံးပြုံးယူရင်း အဝတ်သေတ္တာလေးပေါ် လှမ်းပြီးတင်လိုက်တယ် ပစ်တင်တာမဟုတ်ဘူးလိုလိုချင်ချင် ကျေကျေနပ်နပ်နဲ့ ပုံပျက်မှာစိုးလို့ အသာတင်တာ
ဒီဖြစ်ရပ်မှာ ကျွန်တော်ချစ်ခြင်းတရားကိုတွေ့တယ်။ အားနေချိန်လေး အလကားရတဲ့ထန်းရွက်ထန်းလက်ကလေးနဲ့ လက်ဆောင်ကိုယ်တိုင် လုပ်ပေးနေတာ .. မိန်းမကလည်း တယုတယလေး သေတ္တာပေါ်တင်တယ် ချစ်ခြင်းရဲ့ တန်ဖိုးဆိုတာ ငွေနဲ့မဆိုင်ဘူးပေါ့
ဖြစ်စဉ် (၂)
ကန်တော်လေးမှာနေတုန်းက လမ်းထိပ်မှာ ဆိုက်ကားဂိတ်ရှိတယ်။ ညနေခင်း ညဈေးရှိတယ်။ ဆိုက်ကားဆရာ မယားတစ်ယောက်က ဈေးသိမ်းချိန် ဆိုက်ကားဆရာကလည်း ကုန်စိမ်းဝိုင်းသိမ်းတာပေါ့။ ကိုယ်ကတော့ ကြီးတော်မှာလိုက်တာဝယ်ရင်း ကြားရတယ်
နေကောင်းရဲ့လား နှုတ်ခမ်းကဖြူလို့တဲ့ မိန်းမကပြောရော
ကွမ်းမစားထားလို့ပါကွာတဲ့ .. ယောက်ျားကပြန်ဖြေတယ်
အမြဲကွမ်းစားတဲ့သူကမစားဘူး ဆိုတည်းကနေမကောင်းလို့ပေါ့ ပေါင်းလာတာကြာပြီငါ့ကိုမညာနဲ့ ဆေးဆိုင်မှာရပ် စပ်ဆေးဝယ်လိုက်မယ် ဘာဖြစ်နေလဲပြောတဲ့
နေလောင်ထားလို့မဲညိုနေတဲ့ မျက်နှာခပ်ကြမ်းကြမ်းပေါ်က အပြောင်းအလဲတစ်ခုကိုတောင် သတိထားမိတဲ့ ချစ်ခြင်းကို ကျွန်တော်မြင်ရတယ် သိပ်နွေးထွေးတာပဲ
ဖြစ်စဉ် (၃)
ပန်းဆိုးတန်းတံတားပေါ်မှာ ၂၀၁၃ ဝန်ကျင်လောက်က အဖိုးနဲ့ အဖွားနှစ်ဦးတောင်းလေ့ရှိတာကိုမြင်ဖူးကြသူတွေရှိမယ်။ ကျွန်တော်က ကန်တော်လေးကို အဲကနေဖြတ်ပြန်တော့အမြဲကြုံနေကျ။
တစ်နေ့ကျွန်တော့မှာ ခေါက်ဆွဲကြော်လေးတစ်ဗူးပါလာတာနဲ့ ပေးလိုက်တော့ ကျန်းမာချမ်းသာဖို့ဆုတောင်းရင်း အဖိုးဘက်ကိုလှည့်ပေးတယ်။ ပူသေးတယ် ပူတုန်းလေးစားလိုက်တဲ့။
လက်ထဲကိုရောက်လာတဲ့အစားအသောက်လေး ပူနွေးနေတာကို သတိထားမိရုံနဲ့ ပူတုန်းလေးစားစေချင်လို့ သတိရလိုက်တဲ့ ချစ်ခြင်းမေတ္တာ၊ ကျွန်တော်မျက်ရည်လည်တဲ့ထိ ကြည်နူးရတယ်
ဖြစ်စဉ် (၄)
ဖျာလိပ်ကြီးရွက်ပြီး ပဲခူးမှာလှည့်ရောင်းနေတဲ့ အဒေါ်ကြီးတစ်ယောက်ပေါ့
အကြီးရောင်းကောင်းလားဆိုတော့ မောလို့နားရင်း လက်လေးတစ်ချောင်းထောင်ပြတယ် တစ်ချပ်တဲ့
အနောက်ရပ်ကွက်တွေဘက်ရောင်းပါ့လား အဲဘက်ကဝယ်မယ်သူများမှာဆိုတော့
သူရှိတုန်းကတော့ နှစ်ယောက်လည်ရောင်းတာ သူကဆုံးသွားလို့ အဲဘက်တွေမသွားချင်တော့ပါဘူးတဲ့
ဝမ်းရေးကို လစ်လျူရှုရလောက်တဲ့ ချစ်ခြင်း၊ တစ်ယောက်လက်ကို တစ်ယောက်ဆွဲပြီး နယ်လှည့်ရောင်းခဲ့တုန်းက မှတ်ဥာဏ်တွေနဲ့ နာကျင်မှုကို ထမင်းတစ်လုပ်နဲ့ မလဲပြန်ဘူး သူတော်တော်ခံစားရပုံပဲ .. ကျန်ခဲ့သူက ပိုလွမ်းရတာမလား
ဒါကြောင့် ချစ်ခြင်း မြတ်နိုးခြင်း ဂရုစိုက်ခြင်း တန်ဖိုးထားခြင်းတွေဟာ
ငွေကြေးနဲ့တိုင်းတာလို့မရသလို ထင်ပေါ်ကျော်ကြားတဲ့ဇာတ်လမ်းကျောရိုး ရှိဖို့မလိုပါဘူး
Surprise Gift တွေလည်းမဟုတ်သလို တန်ဖိုးကြီးတဲ့အရာတွေလည်း မဟုတ်ပြန်ဘူး
အပိုတွေလုပ်မနေနဲ့ ပြတ်မှာပဲဆိုတဲ့ အဖြစ်အပျက်တွေထဲ အပေါ်ကလူတွေမပါခဲ့ဘူး
တကယ်ချစ်ဖို့ပဲလိုတာပါ .... တကယ်ချစ်ရင် သူ့ဘက်က နဖူးပေါ်လက်ကလေးတင်ပြီး စမ်းလိုက်တာကအစ ကမ္ဘာတစ်ခြမ်းကိုပိုင်လိုက်ရသလိုခံစားရတယ်
သူနဖူးကို ခပ်ဖွဖွလေးနမ်းလိုက်တာနဲ့တင် ကိုယ်ဟာ အရှင်သခင်တစ်ပါးလိုဖြစ်သွားတာ
ချစ်ခြင်းသာပါပါစေ ... ကိုယ့်အပေါ် စိုးရိမ်တကြီးကြည့်လိုက်တဲ့အကြည့်လေးကအစ .. ဘယ်သူမှ အမှန်တကယ် မရထိုက် မရနိုင်တဲ့ ကမ္ဘာ့ အကောင်းဆုံးလက်ဆောင်ပါ
Credit post owner