12/11/2024
ဦးဇင်းတို့ဗုဒ္ဓဘာသာတွေ ပြုပြင်သင့်တဲ့ အကျင့်တစ်ခုမှာ မနက်စောစော ၄ နာရီ ၅ နာရီ အခြားသူတွေအိပ်မောကျနေချိန် တရားခွေကို လေးငါးဆယ်အိမ် တစ်ခါတလေ တစ်ရပ်ကွက်လုံးကြားအောင်ဖွင့်တဲ့အကျင့်ပဲ။
ကြားရသူတိုင်းနှစ်သက်သဘောကျကြရင်တော့
မဆိုလို ဒီနေရာမှာစောဒကတက်စရာရှိကောင်းရှိပါလိမ့်မယ် ဗုဒ္ဓဘာသာဖြစ်ပြီးတရားသံကိုမကြားနိုင်မခံနိုင်လားလို့ အဖြေကတော့ရှင်းပါတယ် ဗုဒ္ဓဟာ လူနတ်ဗြဟ္မာ သတ္တဝါတွေကိုခြွေချွတ်တဲ့ခါ ကျွတ်သင့်ကျွတ်ထိုက်တဲ့အချိန်ကို စောင့်ဆိုင်းပြီး
အချိန်ကျမှ ချွတ်တာပါ အဲ့တာမှ တရားအသိရင်ထဲရောက်တာပါ။
အိပ်ရေးပျက် စိတ်မကြည်လင် ဒေါသထွက်နေချိန် တရားကရင်ထဲရောက်ဖို့ ခက်ပါတယ်။
တစ်ခါတလေ ပဌာန်းပွဲတွေ ရှင်ပြုပွဲတွေ အစရှိသည့် တစ်သက်မှာမှတစ်ခါ တစ်နှစ်မှာမှတစ်ခါ အမြဲတမ်းမဟုတ်တာတွေကိုမဆိုလို သို့သော် ကိုယ့်အိမ်နား ကိုယ့်ကျောင်းနားမှာ လူမမာတွေ မကျန်းမမာဖြစ်နေသူတွေ ဆူညံသံကို မခံနိုင်သူတွေရှိရင် တိုးတိုးတိတ်တိတ်သာလုပ်သင့်တယ်။
ဒီလိုလုပ်သောအားဖြင့်ကိုယ့်ကြောင့်တဖက်သားလည်း စိတ်အနှောက်အယှက်မဖြစ်တော့သလို ဗုဒ္ဓလမ်းစဥ်နဲ့လည်း ညီသွားတယ်။
ဗုဒ္ဓက ဆူညံခြင်းပိုမကြိုက်ဘူး တိတ်ဆ်ိတ်ခြင်းကိုပဲသဘောကျတယ် ဒါကို ဗုဒ္ဓဘာသာဝင်တိုင်းသိတယ် သို့သော် မလိုက်နာ။
ကိုယ်နာမဲ့တရားကို ကိုယ့်ကိုယ်ကို ကြားရင်ပြီးပြီမလား ကိုယ်ကကုသိုလ်ယူနေပြီး တစ်ဖက်သားကို အကုသိုလ်တွေပေးနေတာက မဖြစ်သင့်ဘူး။
တရားကို အကျယ်ကြီးဖွင့်ပြီး ကိုယ်တရားနာနေတဲ့အကြောင်း (တစ်ခါတလေ ဘာမှမနာဘူး တရားဖွင့်ပြီးလုပ်ချင်တာလုပ် စကားပြောချင်တာလျောက်ပြောနေကြတာတွေလည်းရှိတယ်) လူတွေသိဖို့မှမလိုတာ။
မိမိကိုယ်ကို သိရင်ပြီးပြီမလား ကိုယ့်မှာတရားရှိမရှိက တရားဘယ်လောက်နာဖူးလဲ မတာဖူးလဲ ရိပ်သာဘယ်လောက်ဝင်ဖူးလဲမဝင်ဖူးလဲနဲ့ နောက်ဆုံး ကုန်ကုန်ပြောရရင် ဘုရားနဲ့တွေ့ဆုံဖူးလဲမတွေ့ဆုံဖူးလဲနဲ့မဆိုင်ဘူး။
လူသားတွေအပေါ်သတ္တဝါတွေအပေါ်မှာ ဘယ်လိုဆက်ဆံသလဲ ဘယ်လိုပြုမှုသလဲ မေတ္တာတရားတွေ ကိုယ်ချင်းစာတရားတွေနဲ့ ကိုယ့်ကြောင့်သူတပါး ကိုယ်ရောစိတ်ပါ ဆင်းရဲဒုက္ခမရောက်ရစေအောင် ပြုမှု ဆက်ဆံတာနဲ့ပဲဆိုင််တယ်။
တိုင်းရေးပြည်ရေးမကောင်းရတဲ့အထဲ လူတွေဟာ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရတာတွေကြာပြီ အမြဲတမ်း အထိပ်တလန့်လန့်နဲ့ တစ်ချို့လည်း စိတ်ဖိစီးမှုတွေများလို့ညနက်တဲ့ထိ အိပ်မပျော် တစ်ချို့လည်း ညနက်တဲ့ထိ အလုပ်လုပ်ရလို့အကြောင်းအမျိုးမျိုးကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေကြချိန်မှာ ကိုယ်ကပါ ဒုက္ခလိုက်ပေးနေရင် ဘယ်သင့်တော်မလဲ။
မေတ္တာသုတ်မှာ မေတ္တာပို့တဲ့အခါပါတယ်မလား
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပါဒ်ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေလို့။
အိပ်မောကျနေချိန် ခဏတဖြုတ်မှေးနေချိန် အနားယူနေချိန် နားထဲကို သံရဲပူလောင်းသလို ဝင်လာလို့ ဘယ်ကသာ ကိုယ်စိတ်နှစ်ဖြာအေးချမ်းတော့မလဲ။
အားလုံး ဆင်ခြင်နိုင်ကြပါစေ။
မေတ္တာဖြင့်
အရှင်စန္ဒာသူရိယ(Mr.zero-traveller)