၁၉၉၃ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် ဆရာတော်ဘဒ္ဒန္တကုသလသည် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားရေး ဦးစီးဌာနတွင် မှတ်ပုံတင်၍ မြင်သာမြို့ဦး ဘုန်းတော်ကြီးကျောင်းအဖြစ် တည်ထောင်ကာ နယ်စပ်ဒေသ နှင့် ပြည်နယ်၊ တိုင်း မြို့နယ်အသီးသီးတို့မှ မိဘမဲ့ဆင်းရဲနွမ်းပါးသော ကလေးသူငယ်(၂၅)ယောက်တို့၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးတို့ကို တာဝန်ယူကာ ပြုစုစောင့်ရှောက်ခဲ့ပါသည်။ ဆရာတော်ဘဝနတ်ထံပျံလွန်တော်မူပြီးနောက် လက်ရှိဆရာတော် ဘဒ္ဒန္တပညာစာရမှ ဆက်လက်တာဝန်ယူ စောင့်ရှောက်ခဲ့ပြီး ၁၉၉၅-၁၉၉၆ ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို အလယ်တန်းအဆင့်သို့ တိုးမြှင့်သင်ကြားနိုင်ခဲ့ပါသည်။ ၂၀၀၅ ခုနှစ်၊ ဇူလိုင်လ(၇)ရက်နေ့တွင် ဆရာတော်ဘဒ္ဒန္တပညာစာရသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနတွင် မှတ်ပုံတင်လျက် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအဖြစ်သို့ ပူးတွဲတိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်၊ အောက်တိုဘာ(၂၄)ရက်နေ့တွင် ပထမအဆင့်/ ၂၀၀၈ ခုနှစ်၊ မတ်လ(၅)ရက်နေ့တွင် ဒုတိယအဆင့်/ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ(၂၈)ရက်နေ့တွင် တတိယအဆင့်သို့လည်းကောင်း အဆင့်တိုးမြှင့်ပေးခဲ့ပါသည်။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ ပညာရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းလျက် အထက်တန်းအဆင့်ကို တွဲဖက်သင်ကြားလျက်ရှိပါသည်။
ယခုအခါ ဂေဟာတွင် လက်ခံပညာသင်ကြားပေးလျက်ရှိသော ကလေးအရေအတွက်မှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အဆောင်နေကျောင်းသား ယောက်ျားလေး)(၅၅၀)ဦး၊ ပြင်ပတက်ကျောင်းသား/သူ (၁၂၈၄)ဦး၊ စုစုပေါင်း (၁၈၃၄)ဦးရှိပါသည်။
ရည်ရွယ်ချက်
(က) မိဘမဲ့၊ ဆင်းရဲချို့တဲ့သော ကလေးများကို နွေးထွေးလုံခြုံစွာ ကျွေးမွေးစောင့်ရှောက်ပေးရန်။
(ခ) ကလေးသူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်။
(ဂ) ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာများကို သိရှိနားလည်တတ်စေပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းတတ်စေရန်။
(ဃ)ပညာတတ်လူငယ်များအဖြစ် မိမိအကျိုး၊ အများအကျိုးကို ထမ်းဆောင်နိုင်သော အရည်အချင်း ပြည့်ဝသည့် လူငယ်၊လူရွယ်များအဖြစ် ပေါ်ပေါက်လာစေရန်။
(င) အသက်အရွယ်အလိုက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာစောင့်ထိန်းတတ်စေရန်။
(စ)ဘဝတသက်တာသိမှတ်ဖွယ်ရာများကို သင်ကြားလေ့ကျင့်စေခြင်းအားဖြင့် ကလေးများ မိမိကိုမိမိ ရပ်တည်နိုင်စေရန်။
လက်ခံသည့်ကလေးအမျိုးအစား
လူမျိုးဘာသာမရွေး အသက်(၅)နှစ်အထက် ယောက်ျားကလေးများကို အောက်ပါအတိုင်း လက်ခံပါသည်-
(က) မိဘနှစ်ပါးမရှိသော ကလေးများ၊
(ခ) မိဘတစ်ဉီးဉီးမရှိသော ကလေးများ၊
(ဂ) ခိုကိုးရာမဲ့၊ ဆင်းရဲချို့တဲ့သော ကလေးများ၊
(ဃ) အကြောင်းအမျိုးမျိုးကြောင့် မိဘ(သို့မဟုတ်) အုပ်ထိန်းသူများနှင့်အတူနေခွင့်မရသော ကလေးများ။
(င) မြန်မာနိုင်ငံနယ်စပ်ဒေသများမှ တိုင်းရင်းသားကလေးများ။
လက်ခံထားသည့်ကလေးအရေအတွက်
ယခုအခါ ဂေဟာတွင် လက်ခံပညာသင်ကြားပေးလျက်ရှိသော ကလေးအရေအတွက်မှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အဆောင်နေကျောင်းသား ယောက်ျားလေး)(၅၅၀)ဦး၊ ပြင်ပတက်ကျောင်းသား/သူ (၁၂၈၄)ဦး၊ စုစုပေါင်း (၁၈၃၄)ဦးရှိပါသည်။
ယခုအခါ ဂေဟာတွင် လက်ခံပညာသင်ကြားပေးလျက်ရှိသော ကလေးအရေအတွက်မှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အဆောင်နေကျောင်းသား ယောက်ျားလေး)(၅၅၀)ဦး၊ ပြင်ပတက်ကျောင်းသား/သူ (၁၂၈၄)ဦး၊ စုစုပေါင်း (၁၈၃၄)ဦးရှိပါသည်။
ပညာသင်ကြားမှု
မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကလေးငယ်များကို ဂေဟာရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပညာသင်ကြားပေးပြီး၊ အထက်တန်းအဆင့်ကလေးများကို အ.ထ.က(၄)တောင်ဉက္ကလာကို ပင်မကျောင်းအဖြစ်ထားရှိ၍ ဂေဟာတွင်းရှိ ဘ-က တွဲဖက်အထက်ကျောင်းတွင်(အလုံးစုံအခမဲ့)ဖြင့်လည်းကောင်း၊ တက္ကသိုလ်အဆင့်ကလေးသူငယ်များကို သက်ဆိုင်ရာ တက္ကသိုလ်ကောလိပ်များသို့ ပညာသင်စရိတ်ထောက်ပံ့ပေး၍ တက်ရောက်ပညာဆက်လက် သင်ကြားစေပါသည်။
ကျွေးမွေးစောင့်ရှောက်မှု
ကလေးများ၏ စားသောက်ရေးအတွက် သံဃာတော်များနှင့် သာမဏေများသည် မြို့နယ်အတွင်း အလှည့်ကျ ဆွမ်းခံကြွလျက်လည်းကောင်း၊ ဂေဟာရန်ပုံငွေနှင့် စေတနာရှင်များ၏ လှူဒါန်းမှုဖြင့်လည်းကောင်း၊ ကျွေးမွေးပြုစုစောင့်ရှောက်လျက်ရှိပါသည်။
ကျန်းမာရေး
ကလေးများကျန်းမာရေးအတွက် စေတနာ့ဝန်ထမ်း ဆရာဝန်(၂)ဦိးနှင့် တိုင်းရင်းသမားတော်(၁)ဦးတို့က အလှည့်ကျစောင့်ရှောက်ပေးလျက်ရှိပြီး ပြင်ပစေတနာရှင် သူနာပြုများမှလည်း ကလေးများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေးတို့ကို ပြုစုစောင့်ရှောက်ပေးလျက်ရှိသည့်အပြင် အရေးပေါ် လိုအပ်လာပါကလည်း ဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသမှုခံယူစေပါသည်။
စာပေဗဟုသုတ
ကလေးများအသိဉာဏ်ဖွံ့ဖြိုးစေရန်နှင့် စာပေဗဟုသုတရရှိစေရန်အတွက် စာကြည့်တိုက်တစ်ခုကို ဖွင့်လှစ်ထားရှိပါသည်။ ထို့ပြင် ကျန်းမာရေးနှင့် အထွေထွေအသိပညာများ တိုးပွားစေရန်အတွက် ပြင်ပမှ ပညာရှင်များကို ဖိတ်ခေါ်၍ အသိပညာပေးဟောပြောပွဲများကိုလည်း အခါအားလျော်စွာ ပြုလုပ်ပေးပါသည်။ စေတနာရှင်များ၏ပံ့ပိုးမှုဖြင့် လေ့လာရေးခရီးများကိုလည်း ထွက်စေပါသည်။
အားကစား
ကလေးများ ကိုယ်လက်ကြံ့ခိုင်စေရန်နှင့် ခန္ဓာကိုယ် ကျန်းမာဖွံ့ဖြိုးစေရန် စေတနာဝန်ထမ်းအားကစားပညာရှင်နည်းပြဆရာ (၁)ဦးမှ ကာယလေ့ကျင့်ခန်းများကို လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။ ထို့ပြင် ကျောင်းပိတ်ရက်နှင့် အားလပ်ချိန်များတွင်လည်း ကလေးများ လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားနိုင်ရန် အားကစားမျိုးစုံတို့ကို ကစားစေပါသည်။
နွေရာသီကျောင်းပိတ်ရက်
နွေရာသီကျောင်းပိတ်ရက်များတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ၊ အခြေခံသမထဝိပဿနာသင်တန်းများနှင့် အခြေခံအင်္ဂလိပ်စကားပြောသင်တန်းများ၊ ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ပို့ချပေးပါသည်။
ပျော်ပွဲရွှင်ပွဲများကျင်းပပေးခြင်း
ကလေးများကျန်းမာပျော်ရွှင်စေရန်အတွက် ကျောင်းပိတ်ရက်များတွင် ဗွီဒီယိုပြသပေးပြီး အခါအားလျော်စွာ ရာသီအလိုက် ပျော်ပွဲရွှင်ပွဲများကိုလည်း ကျင်းပပေးပါသည်။
စေတနာရှင်များ၏ ပံ့ပိုးကူညီမှု
စေတနာရှင်များ၏ လှူဒါန်းငွေများနှင့် အဝတ်အထည်များ စာရေးကိရိယာများ စသည်တို့ကို ကလေးများအတွက် လိုအပ်သည့်နေရာများအတွက် အသုံးပြုပါသည်။ ဂေဟာရှိ ကလေး(၅၅၀)ဦးတို့၏ တာဝန်ကြီးမားလှသော စားဝတ်နေရေး၊ကျန်းမာရေး၊ ပညာရေးကိစ္စများအခက်အခဲမရှိစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အလှူရှင်များအနေဖြင့် ကလေးများအတွက် အစားအသောက်၊ အဝတ်အထည်၊ ဆေးဝါးများနှင့် ပညာရေးစရိတ်များကိုလည်း လှူဒါန်းနိုင်ကြပါသည်။
ပညာရေးမြှင့်တင်မှုအစီအစဉ်
၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစတင်၍ အထက်တန်းကျောင်းသားများ တိုးတက်များပြားလာသည်နှင့်အမျှ အဆိုပါကလေးများ၏ ပညာရေးကဏ္ဍတွင် ပိုမိုထူးချွန်စွာ အောင်မြင်နိုင်ရေးအတွက် အထက်တန်းအဆင့်ကလေးများကိုပါ ပညာသင်ကြားစေသည့်အပြင် ကျောင်းချိန်ပြင်ပတွင်လည်း ကျွမ်းကျင်သော ဆရာများဖြင့် ဂေဟာအတွင်း၌ အနီးကပ်ကြီးကြပ်သင်ကြားပို့ချပေးလျက်ရှိပါသည်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ ဒုတိယတန်းမှ တက္ကသိုလ်ဝင်တန်းအထိ အခြေခံကွန်ပျူတာသင်တန်းများကို စာသင်ချိန်အတွင်း သင်ကြားပို့ချပေးလျက်ရှိပါသည်။
လှူဒါန်းနိုင်သောအလှူများ
ဂေဟာရှိကလေး(၅၅၀)ဦးတို့အတွက် နေ့စဉ် နံနက်စာ၊ နေ့လည်စာနှင့် ညစာများ။
-ပညာရေးအတွက်
အထက်တန်း/အလယ်တန်း/မူလတန်းကျောင်းသားတစ်ဦးချင်းအတွက် လစဉ်ပညာသင်စရိတ်များ။
(က)အဝတ်အထည်/ အိပ်ယာအသုံးအဆောင်များ။
(ခ) စာရေးကိရိယာများ/ပညာသင်ကြားရေး အထောက်အကူပြုပစ္စည်းများ။
(ဂ) လစဉ်ပညာဝန်ထမ်းလစာများ။
-ကျန်းမာရေးအတွက်
ဆေးဝါးများ၊ ကျန်းမာရေးစရိတ်များ၊ ကျန်းမာရေးအသိပညာပေးအထောက်အကူအပြုပစ္စည်းများ။
ဆက်သွယ်ရန်လိပ်စာ
မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ သစ္စာလမ်းနှင့် ဖိုးခေါင်လမ်းထောင့်၊ ၁၄/၂ ရပ်ကွက်၊ တောင်ဉက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
တယ်လီဖုန်း - 09 5045114, 09 420152789, 09 426322575
အီးမေး(လ်)လိပ်စာ - [email protected]
Website လိပ်စာ - http://www.mtmocdc.org