10/08/2023
🌺 အိမ်က ကျောင်းဆရာကတော့ အမြင်ကျယ်သော အတွေးအခေါ်ခေတ်မီသော ကျောင်းဆရာပါ..
🌺 မိမိတို့ သားသမီးလေးတွေအတွက် Home guide ပါ လက်ခံသင်ကြားပေးနေပါတယ်နော် ☺️
#သင်ရိုးပြောင်းပြီးတိုင်း ကလေးအတွေးအခေါ် ဖော်ထုတ်ခွင့်ကို
အသိအမှတ်ပြုပေးရင်
ပိုတိုးတက်နိုင်မယ်လို့အကြံပေးချင်ပါတယ်
စနစ်သစ် ကိုးတန်း တက်နေတဲ့ ကိုယ့်ညီမလေး တစ်ရက်နေ့ အိမ်မှာ ပွဲထရှာတယ်။ မြန်မာစာမှာ သူ ဖြေတဲ့ အဖြေကို ဆရာမက အမှတ်မပေးလိုက်လို့ပါ တဲ့။
မေးတာက “ ရှင်မဟာရဋ္ဌသာရ ဆုံးမစာကို မည်သည့်ရာစုတွင် ရေးခဲ့သနည်း ” ။ ကိုယ့်ညီမ စတန့်ထွင်မိသွားတာက “ ၁၅ ရာစု (အင်းဝခေတ်) ” ။ တကယ်လည်း အင်းဝခေတ်မှာ ရေးခဲ့တာပါ။
အဲ့နဲ့ နင်က ဘာလို့ ရှင်မဟာရဋ္ဌသာရက အင်းဝခေတ်မှာ ဒီအပုဒ်ကို ရေးမှန်းသိတာလဲမေးတော့ ကိုကို အရင်ကဖတ်ခဲ့တဲ့ ကိုးတန်းစာအုပ်မှာ ဖတ်မိတာ တဲ့။ ဟုတ်တာပဲ... သု စိ ပု ဘာ... ဆိုတဲ့ အပုဒ်မှာပါတာ။
ဆိုတော့ “ အင်းဝခေတ် ” တစ်ခုပဲ ပိုဖြေတာလေးကို ဘာလို့ အမှတ်မပေးလဲဆိုရင် လက်ရှိ စနစ်သစ်ပြဌာန်း စာအုပ်ထဲမှာ ရာစုနှစ်သာ ပါဝင်ပြီး ခေတ်ကို မဖော်ပြထားလို့ ဖြစ်နေတယ်။
နည်းနည်း ရယ်မိတယ်။ ဒါလေးပဲ ပိုဖြေမိတာကို ဘာဖြစ်လို့များ အမှတ်မပေးသလဲပေါ့။ ပြီးရင် အပိုဖြေထားတာက မှားရင်လည်း တစ်မျိုး၊ အင်းဝခေတ်က ရှင်မဟာရဋ္ဌသာရ ဆယ်လီဖြစ်ခဲ့တဲ့ ခေတ်ပဲလေ။
အဲ့နဲ့ စဉ်းစားမိတယ်။ အမှတ်ပေးလိုက်ရင် ဒီကလေးပျော်သွားမှာစိုးလို့လား။ အဲ့ဆရာမ အလုပ်ပြုတ်သွားမှာ စိုးလို့လား။ ဒီကလေးကို တစ်မှတ်ပေးလိုက်လို့ သူ့ဘဝပြောင်းသွားမှာ မဟုတ်ဘူးလို့ ထင်စေချင်တာလား.. စသဖြင့်ပဲ။
ကိုယ်တိုင်လည်း Volunteer ဆရာတစ်ယောက်အနေနဲ့ စာပြနေတော့ ဒီ့ထက်ပိုပြီး တွေးကြည့်တဲ့အခါ...
◼
သင်ရိုးသစ် ပြောင်းသွားပေမဲ့ ကျောင်းတွေမှာ စာသင်ပြပုံ၊ ကလေးတွေ စာသင်ယူပုံ၊ လက်ရှိ ပညာရေးစနစ်က သွားနေတဲ့ Mission (စနစ်ကို အကောင်အထည်ဖော်မယ့် စွမ်းဆောင်ရည်) က ထူးခြားလား,သလားဆိုရင် ထူးခြားမလာဘူး။
သင်ရိုးညွှန်းတမ်းတစ်ခုလုံးကို ဘယ်လိုပဲပြောင်းပစ်လိုက်ပါစေ။ မြန်မာကျောင်းတွေမှာ မပျောက်သေးတဲ့ Culture က သင်ရိုးညွှန်းကို အဓိက အားထားနေတဲ့စနစ်ပဲ။ သဘောက ပြင်ပဗဟုသုတ ထည့်သင်ပေးဖို့ကို ဝန်လေးနေသေးတယ်။
ရှေ့မှာ Academic Curriculum ကို ချ၊ ပြီးရင် အကုန်လုံးကို နှုတ်တိုက်ပေးနေတဲ့အကျင့်က ဘယ်တော့ ပျောက်မှာလည်း မပြောတတ်ဘူး။ အဲ့တော့ ဘာဆက်ဖြစ်နိုင်ချေ ရှိလဲဆိုရင် စနစ်သစ်မျိုးဆက်ဟာ ဘယ်လိုမှ Citizenships ဆီရောက်ဖို့ မြန်ဆန်မှာ မဟုတ်တော့ဘူး။
အရင်တုန်းကလို သင်ပုန်းကြီးစနစ် (သို့) ဆရာက သင်ပေးရင် တပည့်က ဆရာပြောသမျှ လိုက်မှတ်ပြီး ကလေးတွေဆီမှာရှိတဲ့ အတွေးအခေါ်ကို မနှိုက်ထုတ်ပေးနိုင်တဲ့ စနစ်ကြီးက သင်ရိုးသစ် ပြောင်းသွားလဲ အဟောင်းနွံထဲမှာ နစ်မြဲနစ်နေတဲ့ အသစ်လိုပဲ။
မြန်မာပြည်ရဲ့ Traditional Teaching Logic (ရိုးရာစနစ်) ကြီးက တော်တော်လေး ကြောက်စရာကောင်းတဲ့ စနစ်ဆိုလည်း မမှားဘူး။ ပြဌာန်း(ပုံနှိပ်) စာအုပ်ဆိုတဲ့ ဘောင်တစ်ခုကနေ မထွက်ဘူး။ မထွက်သေးဘူး။ မထွက်နိုင်ဘူး။
ဒါက ဘယ်သူတွေ ပိုသိလဲဆိုရင် တက္ကသိုလ်ဝင်တန်းပြီးလို့ အဖြေလွှာတွေ အမှတ်စစ်ပေးတဲ့ဆရာတွေပဲ။ သူတို့ဆီက ဘာတွေ ကြားရလဲဆိုရင် စာအုပ်ကြီးအတိုင်းပဲ ထွက်ချက်ထားတာ၊ ရေးထားတာ၊ ဖြေထားတာတွေကို စစ်ဆေးနေရတာ တဲ့။
ဒါကလည်း ဖြေဆိုသူ ကလေးတွေမှာ အပြစ်ရှိသွားသလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ စနစ်ထဲမှာကိုက ဒီနည်းနဲ့ သွားရမယ်ဆိုပြီး Fix လုပ်ထားတာ။ တရားသေ သတ်မှတ်ထားတာ။ ဘာတွေကို Fix (တရားသေ) လုပ်ထားလဲဆိုရင် အဖြေလွှာက ပြဌာန်းစာအုပ်တိုင်း မဟုတ်နေရင် အဲ့အဖြေလွှာကို Remove လုပ်ပစ်တာပဲ။
ကလေးတွေကို Brain storming လုပ်ဖို့ကို အားမပေးဘူး။ Creative thinking ဖြစ်ဖို့ မထောက်ပံ့ဘူး။ ဒီကလေးတစ်ယောက်ရဲ့ အဖြေက စာအုပ်ထဲကအတိုင်းမဟုတ်ဘူးလား၊ ရတယ် သွား ဒီကလေး အရည်အချင်း မပြည့်ဝဘူးလို့ ထင်အောင် တမင်လုပ်ပေးတဲ့ တရားသေစနစ် ဖြစ်နေတယ်။
ဆိုပါစို့။
ကုန်းနေ..ရေနေ သတ္တဝါကို ဖား၊ လိပ်လို့ ကျောင်းမှာ သင်ထားတယ်။ ဒါကို ကလေးက မိကျောင်း၊ ရေမြွေလို့ ဖြေမိရင် အမှတ်မပေးချင်ဘူး။ ဒီကလေး ဉာဏ်မကောင်းဘူးလို့ ထင်တယ်။ ကျောင်းနဲ့ သွေဖည်နေရင် ဒီကောင် ညံ့တယ်။
ဒီ Side Effect က ကလေးတွေမှာတောင် ငါကများ ဉာဏ် မကောင်းတာလားလို့ သူတို့ကိုယ်သူတို့ အထင်ရောက်သွားစေနိုင်တဲ့အထိ ပဲ။ ကြာလာရင် ကလေးတွေအတွက် Side effect က တော်ရုံဆိုးကျိုး မဟုတ်တော့ဘူး၊ Dark effect (ဒီ့ထက်ဆိုးတဲ့ဆိုးကျိုး)ကိုပါ ပေးလာရော။
◼
ကျွန်တော်ထင်တယ်။
မြန်မာစာ Test ကို ကလေးတစ်ယောက်က ဘယ်လောက်တော်တော်၊ အမြဲတမ်း အမှတ်ပြည့်ပေးလို့မရဘူးလို့ စံနှုန်းထားတဲ့ စနစ်တွေ ရှိသေးရင် ...
Physics, Chemistry, Biology တို့ကို စာချည်းသက်သက်သာသွားပြီး ဘာလက်တွေ့မှာ မပါဘူးဆိုရင် ...
ကလေးတွေရဲ့ စဉ်းစားတွေးခေါ်မှု၊ အကြောင်းအရာအပေါ် စတန့်ထွင်မှု၊ ဆရာတစ်ယောက်နဲ့ အပြိုင် Debate လုပ်နိုင်မှု၊ ကလေးအားလုံးရဲ့ ပျော်ရွှင်မှုကို ထည့်တွက် မစဉ်းစားပေးဘူးဆိုရင် ...
သေချာတယ်။ စာမေးပွဲ မဖြေခင်ကတည်းက ကလေးတွေဟာ သူ့တို့ကိုယ်သူတို့ အလိုလို ရှုံးနေပြီသား အရှုံးသမားလို့ ဆိုလိုတဲ့ သဘောမျိုး ရောက်သွားလိမ့်မယ်။ ဘယ်လိုလေးလဲဆိုရင် ကျောင်းသားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေ ဘာဆိုဘာမှ မရှိတော့ဘူး။
အပေါ်မှာ ပြောခဲ့တဲ့ Citizenships ဆိုတာ ဒါပါပဲ။ စနစ်က ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ နေရာမှာ ကလေးတွေက ရေဘူးပေါက်နေလို့ ရေခွက်.. ရေဇလုံ.. ရေပိုက်သွယ်ပေးမယ် ဆိုရင်တောင် မရဘူး သွား ရေဘူးနဲ့ပဲ ခပ်ခဲ့ ဆိုတာမျိုးချည်း။
ကြာလာတော့ စနစ်ထဲက ကလေးတွေမှာ...
1. Creative Thinking မရှိတာ
2..Team Work နဲ့ အလုပ်မလုပ်တတ်တာ
3. သင်ရိုးဘောင်ကနေ အပြင်ဘက်ကို မတွေးနိုင်တာ
4. Research မလုပ်တတ်တာ
5. Presentation Skill ခဏထား၊ လူအုပ်ကြီးကို ရှိန်တာ
6. နောက်ဆုံး Application လို့ မေးရင် Text ထဲက စာကို Answer paper ပေါ် အလွတ်ကျက် ပြန်ကူးတာ... ချည်း တွေ့လာရတယ်။
ဒီနေရာမှာ စာရေးဆရာ ကျားပေါက် (ဟန်ထူးလွင်) ပြောတဲ့ စကားကို သိပ်သဘောကျတယ်။ ကလေးတွေကို သင်သင့်တာ သင်ပေးပြီး ဘဝထဲကို လွှတ်ပေးလိုက် တဲ့။
ဟုတ်လိုက်တာ၊ ကျောင်းပြီးရင်တောင် တော်ချင်မှာ တော်မှာလေ။ တကယ်က ကလေးတစ်ယောက်ကို တော်အောင်လုပ်ပေးမှာက သူ့ဘဝထဲက သူပဲ။ သူ ကြုံရတဲ့ စရိုက်တွေပဲ။
အကြောင်းကတော့ ရှင်းတယ်။ စာသင်ကျောင်းဆိုတာ ကလေးတစ်ယောက်ရဲ့ ဘဝတစ်ခုလုံး Change ဖြစ်စေနိုင်မယ့် အရာတွေကို ဘယ်သောအခါမှ မသင်ပေးနိုင်သေးတဲ့ သီးသန့်ဘောင်ဖြစ်နေလို့ပဲ။
Ref, Myo Ko
ဘုန်းမောင်ဦး
သြဂုတ် ၉၊ ၂၀၂၃။