Inside of Sports

Inside of Sports Inside of Sports, Sportainment, Coverage and Discussion about the beautiful games in non-typical ways
(7)

27/11/2023
ရိုးရာလက်ဝှေ့နှင့် ဝိတ်တန်းအတွေးမှားမြန်မာ့ရိုးရာလက်ဝှေ့အကြောင်း စဉ်းစားတိုင်းမှာ တွေ့မရှောင်လို ကစားသမားမျိုးကို ပိုပြီ...
04/11/2023

ရိုးရာလက်ဝှေ့နှင့် ဝိတ်တန်းအတွေးမှား

မြန်မာ့ရိုးရာလက်ဝှေ့အကြောင်း စဉ်းစားတိုင်းမှာ တွေ့မရှောင်လို ကစားသမားမျိုးကို ပိုပြီးအထင်ကြီးစရာတွေပဲ တွေးမိတယ်။ နိုင်ငံတကာ လက်ဝှေ့၊ ကစ်ဘောက်ဆင်၊ MMA တို့လို တိုက်ခိုက်ရေး အားကစားနည်းတွေနဲ့ ယှဉ်တွဲစဉ်းစားလိုက်တိုင်းမှာ ကျွန်တော်တို့ လက်ဝှေ့နဲ့ ကွဲပြားမှုတွေက တော်တော်ကြီးတယ်။

ပက်ကီယောင်း၊ မေဝယ်သာ တို့က ဘယ်လောက် ဝိတ်တန်းငယ်ငယ် ပညာကောင်းရင်၊ ဝင်ငွေကောင်းတယ်။ ကာနီလိုဆိုလည်း ဒီလိုပဲ။ MMA မှာလည်း ဟာဘိ၊ မက်ဂရီဂေါ်တို့လို ကစားသမားတွေက ဟဲဗီးဝိတ်၊ လိုက်ဟဲဗီးဝိတ်သွားစရာမလိုဘူး၊ ကိုယ့်တန်းမှာ ကိုယ် အကောင်းဆုံးဆိုတာကို သက်သေပြနေရင်း ထိုးကြေးအများကြီး ရနိုင်တယ်။

ရိုးရာလက်ဝှေ့မှာ မိုးသီး ထိုးတာဘယ်လို ကောင်းကောင်း၊ ကျွန်တော်တို့ သိသလောက် ၃ သိန်း၊ ၅ သိန်းတန်းကို မကျော်ခဲ့ဘူး။ ဒီမှာ လည်ပတ်နေတဲ့ ပုံစံကိုက ဝိတ်တန်းကြီးတဲ့သူကပဲ အလွတ်တန်းချန်ပီယံဆိုတာကို မှန်းလို့ရပြီး၊ အဲ့ဒီလူတွေကပဲ မြန်မာပြည်ချန်ပီယံဖြစ်တာမျိုး၊ ထိုးကြေးမြင့်မြင့် ရတာမျိုးဖြစ်နေတယ်။

ရိုးရာလက်ဝှေ့ဆိုရင် ကီလို၊ ဝိတ်တန်းနဲ့ တွဲပြီး လူတွေက မသိကြဘူး။ ဒုတိယတန်းလက်ဝှေ့ကျော်၊ ပထမတန်းလက်ဝှေ့ကျော်၊ အလွတ်တန်း ချန်ပီယံ(မြန်မာပြည် ချန်ပီယံ)ဆိုတဲ့ ပုံစံနဲ့ သွားခဲ့တာ။ ဒီတော့ ပင်ကို ဝိတ်တန်းစီး၊ အရပ်မြင့်သူတွေက ပညာပိုင်းကို အားပြုလေ့ကျင့်နိုင်ပေမယ့် အရပ် ၅ ပေခွဲ၊ ၅ ပေ ၇ လောက် ရှိတဲ့သူတွေက ထိုးကြေးမြင့်မြင့်နဲ့ အကြီးတန်း တက်ထိုးချင်ရင် ဝိတ်တင်ရတယ်။ ဝိတ်မတင်တော့လည်း သတ္တိအောင်တို့လို ဖြစ်သွားရော။ ထိုးလုံးထိုးပေါက်တော့ လှပါရဲ့။ အကြီးတန်းက ပါဝါကို မယှဉ်နိုင်ဘူး။

မျှော်စင်ကျွန်းပွဲထင်တယ်။ တူးတူး စတက်လာခါစ၊ အသေအနွှာခံရတယ်။ တကယ်က ထိုးစရာအကြောင်းကို မရှိတာ။ ကမ္ဘာမှာ ဘယ်တော့မှ ဖြစ်လာနိုင်စရာ မရှိတဲ့ပွဲ။ တူးတူးက ပထမတန်းကို တက်ချင်တော့ စာစစ်မှူး(ရိုးရာလက်ဝှေ့ အသုံး) လို့ခေါ်တဲ့ သတ္တိအောင်ကို ကျော်ရတယ်။ တူးတူးက ခြေစလက်စ မရှိရင်လည်း ထားတော့။ တကယ့်ကို ခြေစလက်စ ကောင်းကောင်းနဲ့ တက်လာတဲ့ လူငယ်ဆိုတော့ အဖိုးကြီး သေတာပဲ။

သပြေညို၊ ဒေါင်းသည်းခြေတို့လည်း ဒီလိုပါပဲ။ သူတို့အတွက် အမြင့်ဆုံးလမ်းက ပထမတန်းအဆင့်လောက်ပဲ။ မြန်မာပြည်ချန်ပီယံဆိုတာကြီးကို ပုံမကျ၊ ပန်းမကျ ထိုးနေတဲ့ ဖိုးကေကသာ မျှော်လင့်လို့ ရကောင်းရမယ်။ ထိုးလုံးထိုးပေါက် ပညာ ဘယ်လောက်စုံစုံ ဝိတ်တန်းအနိမ့်၊ ပင်ကို အရပ်ပုတဲ့သူတွေနဲ့ ဘာမှ မဆိုင်ဘူး။

နောက်တစ်ချက်က ကမ္ဘာမှာတော့ ဟဲဗီးဝိတ် ချန်ပီယံဖြစ်စေ၊ မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်စေ၊ လိုက်ဝိတ်၊ ဖယ်သာဝိတ် ဖြစ်စေ ချန်ပီယံချင်းက ဂုဏ်သိက္ခာအတူတူပဲ။ သို့မဟုတ် သိပ်မကွာကြဘူး။ ရှုံးပွဲမရှိ မှတ်တမ်းမျိုးနဲ့လူတွေ၊ ပရိသတ်ကြိုက်တဲ့ ချန်ပီယံတွေက အခြား ဘယ်ဝိတ်တန်းကမဆို ချန်ပီယံတွေထက် ထိုးကြေးပိုရတယ်။ ဂုဏ်သိက္ခာပိုကြီးတယ်။

ဥပမာ တိုင်ဆန်ဖျူရီ၊ အန်သိုနီဂျိုရှူအာ၊ ကလစ်ရှ်ကို ညီအကိုတွေထက် ကာနီလို ဖြစ်စေ၊ သူ့ရှေ့က ပက်ကီယောင်း၊ မေဝယ်သာတို့က ဘယ်နေရာမှာမှ ဂုဏ်သိက္ခာငယ်မနေဘူး။ ဒီမှာက ခွဲထားတယ်။ "အလွတ်တန်း ချန်ပီယံမှ တကယ်ကောင်းတာ။ အောက်တန်းက ချန်ပီယံဖြစ်စေ အဖြည့်ခံတွေ" ဆိုတဲ့ အမြင်တွေ ရှိကြတယ်။ စိုးလင်းဦးဆို တော်တော်ကောင်းပါတယ်။ ဒါပေမဲ့ မိုက်ရိုင်းကောင်းတုန်းက သူ့ထက် ပိုပြီးဆွဲဆောင်မှုရှိတာပေါ့။ ဒါပေမဲ့ သူတို့ကြားမှာ ဘယ်တော့မှ အဆင့်မတူဘူးဆိုတာမျိုး။

ပညာလည်း ကောင်း၊ ဝိတ်တန်းလည်း မြင့်တဲ့ ထွန်းထွန်းမင်း၊ တူးတူး၊ ဟိုတုန်းကဆို သာစည်မောင်မောင်ကြီး၊ ရွှေဓူဝံ၊ သထုံရွှေဝါထွန်းတို့လို ကစားသမားတွေရှိသလို၊ လက်ဝှေ့ပညာ မည်မည်ရရမဟုတ်ဘဲ လူကောင်ကြီးတာ တစ်ခုတည်းနဲ့၊ ဒီအားသာချက် တစ်ခုတည်းနဲ့ ချန်ပီယံ ဖြစ်ခဲ့တဲ့ သူတွေလည်း ရှိတာပဲ။ ဒီတော့ မွေးရာပါ အရပ်ပုတဲ့သူတွေဟာ လက်ဝှေ့ကို ဝါသနာကြီးတယ်၊ ဒီအားကစားနည်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုတော့မယ်ဆိုရင်တောင် ကိုယ့်မွေးရာပါ ဝိတ်တန်းနဲ့က ထမင်းစားဖို့ မလွယ်ဘူး။

နာမည်တပ်မရေးတော့ပါဘူး။ မြန်မာပြည်မှာ နာမည်တော်တော်ရနေတဲ့ အဆင့်လောက်မှာ ရှိတဲ့ ရိုးရာလက်ဝှေ့သမား တစ်ဦးက တစ်ပတ်ကို ၅၊ ၆ ရက်လောက် ကလပ်မှာ လေ့ကျင့်နေရပြီး ယူထားခါစ ဇနီးသည်ဆီ တစ်ရက်ပြန်ရတယ်။ ပြန်ဖို့အတွက် လမ်းစရိတ်မရှိလို့ ကျွန်တော်က ဘက်စ်ကားက ၂ ထောင်၊ ၃ ထောင်ကို လက်ဖက်ရည်သောက်ဖို့ နာမည်တပ်ပြီး ပေးရတယ်။ အဲဒီရက်လေး ရအောင်ပြန်ပြီး ကလပ်မှာ ဖြစ်သလို ချက်စားတဲ့ ဟင်းနဲ့ လေ့ကျင့်ရတယ်။ သူ့ကလပ်က ဝိတ်တန်းအမြင့်၊ ထိုးကြေးပိုရတဲ့ လူငယ်တွေကို ပက်ကိုင်ပေး၊ လေ့ကျင့်ပေးရင်း သူတို့ ပေးတဲ့ မုန့်ဖိုး ယူရတယ်။ တစ်နှစ်လုံးနေလို့ ပွဲက ရလည်း ၁ ပွဲ၊ ၂ ပွဲ၊ ရတဲ့ပွဲရဲ့ ထိုးကြေးက ၂ သိန်း၊ ၃ သိန်းနဲ့ ဘာကြောင့် ဒီအလုပ်လုပ်သလဲ မေးတော့ တခြားလည်း မလုပ်တတ်တော့ဘူးတဲ့။ ဘဝတွေက တော်တော်ခါးတာပဲ။ ရိုးရာလက်ဝှေ့မှာ လူကောင်သေးရတာ မစားသာဘူး။

ပြောချင်တာက ပညာကို အားပြုလို့မရဘူး။ ဝိတ်တင်ရတယ်။ တိုက်ခိုက်ရေးသမား တစ်ယောက်ရဲ့ အကောင်းဆုံး BMI မှာ ထားပြီး၊ ကိုယ့် အရပ်အမောင်းနဲ့ သင့်တော်တဲ့ ဝိတ်တန်းမှာ ပညာပိုပြည့်အောင် ကြိုးစားရမယ့်အစား ကီလိုတက်ဖို့လောက်ပဲ ခေါင်းထဲထည့်ရတယ်။ ဒီတော့ ဒေါက်တိုတို၊ ဂင်တိုတိုနဲ့ လက်ဝှေ့သမားတွေ များလာတယ်။ ၅၇ ကီလိုလောက်ရှိတဲ့သူက ၆၃၊ ၆၅၊ ၆၇ လောက်ရှိမှ အခြေအနေ ကောင်းမှာဆိုတော့ ကိုယ့်အရပ်နဲ့ မလိုက်တဲ့၊ မကိုက်ညီတဲ့ ကြွက်သားထုထည်၊ အဆီထုထည်မျိုးတွေနဲ့ ခပ်ဖိုင့်ဖိုင့်၊ ဂင်တိုတိုတွေကလည်း တော်တော်များတယ်။ ပင်ကိုအရပ်က လိုက်ဖက်ညီတဲ့ BMI မျှနေရမယ့်အစား ဒုတိယတန်းလက်ဝှေ့သမားလောက်ကို ယှဉ်ထိုးပြီး ထိုးကြေးလေး ပိုယူဖို့အတွက် ၆၃ လောက်အထိ ရောက်အောင်တင်ပြီး လိုက်ထိုးရတော့ ပညာမကောင်းတဲ့ လက်ဝှေ့သမားလိုလိုဖြစ်လာတယ်။

လူတွေက ပုတယ်၊ သွက်တယ်၊ ဒါပေမဲ့ အမြင့်ကန်တွေ အားနည်းတယ်။ ခြေထောက်က ပွဲမဖြတ်နိုင်လောက်ဘူး။ လက်သီးကိုပဲ အားကိုးရတယ်။ လက်သီးတွေပဲ ဖိထိုးတယ်။ မမောတမ်း ကစားနိုင်မှ အားသာချက်လည်း ပိုရတော့ သက်လုံကိုပဲ လေ့ကျင့်ရတယ်။ ဒီတော့ လက်ဝှေ့သမားဘ၀ ဖြတ်သန်းမှုကို ကြည့်ရင် လက်သီးထိုးမယ်၊ ဗလတောင့်အောင်လုပ်မယ်၊ သက်လုံကောင်းအောင်လုပ်မယ်။ ဒါက အဓိက ဆိုတာမျိုးဖြစ်လာတယ်။ လေးလေး၊ လုံးလုံးကြီးတွေ ဖြစ်လာတယ်။ ၆၃၊ ၆၅ လောက်က လူတွေကလည်း ၇၀ ကီလိုတန်းလောက်က လူတွေဆီကို သွားဖို့ ဒီဒုက္ခရောက်တာပဲ။

ဥပမာ စိုးလင်းဦး၊ တွေ့မရှောင်တို့ပေါ့။ စိုးလင်းဦးက အရပ်လေး နည်းနည်း ရှိသေးလို့ ထားဦး၊ တွေ့မရှောင်ကြတော့ အရပ်ကလည်း ခပ်ပြက်ပြက်ဆိုတော့ အလွတ်တန်းချန်ပီယံဖြစ်လာဖို့က ခက်ရော။ စောငါးမန်း၊ ဖိုးကေ၊ လုံးချောတို့လို ဝိတ်တန်းတွေကို ယှဉ်ထိုးဖို့က တော်တော်ခက်တာပဲ။ ဒီအနေအထားမှာ တွေ့မရှောင်က လူကောင်ကို အားမပြုဘဲ သူ့ ရှိသင့်တဲ့ ကီလိုလောက်ကို နည်းနည်းပါးပါး တင်ပြီး ပညာကိုအားပြု၊ စိတ်ဓာတ်ကို အားပြုပြီး ရပ်တည်ဖို့ ကြိုးစားခဲ့တယ်လို့ပဲ ပြောရမယ်။

နောက်ဆုံးတော့ ပရိသတ်လိုက်လာတယ်။ ထိုးကြေး အမြင့်ဆုံးဖြစ်လာတယ်။ ဒါပေမဲ့ ဒီလို လူတစ်ယောက် ဖြစ်လာဖို့ကလည်း ဘယ်လောက်ရှားသလဲ။ တွေ့မရှောင်ဆိုရင် မြန်မာပြည်မှာ လူကြိုက်အများဆုံးသာ ဖြစ်ကောင်းဖြစ်ခဲ့မယ် မြန်မာပြည်ချန်ပီယံလို့ သတ်မှတ်ကြတဲ့ အလွတ်တန်း လက်ဝှေ့ကျော် ဘယ်တော့မှ မဖြစ်ခဲ့ဘူး။ တွေ့မရှောင်လောက် အခြေအနေမဆိုးပေမယ့် စိုးလင်းဦးဆိုလည်း ဒီလို ပြဿနာ ရှိတာပဲ။ သူ့ လက်ဝှေ့ပညာက မကောင်းဘူးလို့ ပြောမရပါဘူး။ ခက်တာက အမြင့်ကန်ဖို့အတွက် ခြေထောက် ဒဏ်ရာပြဿနာနဲ့၊ ပင်ကို လက်သီးအားပြုကစားသမားဖြစ်နေတယ်။ ဝိတ်လည်း တင်မနေတော့ဘူး။

သူအားသန်တဲ့ သက်လုံနဲ့ မာဂုဏ်ကိုပဲ ရွေးချယ်ပြီး ရှိတဲ့ ဝိတ်နဲ့ ကီလို ၇၅၊ ၈၀ တန်းတွေနဲ့ပွဲပေါင်းများစွာ ထိုးပြီး ဂုဏ်သိက္ခာတစ်ခုကို တည်ဆောက်သွားနိုင်တယ်။ ဒါပေမဲ့ ထိုးလုံးထိုးပေါက် မစုံတော့ဘူးပေါ့။ ထိုးလုံးထိုးပေါက် စုံတဲ့ ဝင်းထွန်းတို့ကျတော့လည်း လက်ရည်ဘယ်လောက်သာသာ၊ အနားတောင်းတွေရော၊ အမှတ်ပေးစနစ်မရှိတာရောနဲ့ လုံးချောကို ၃ မိနစ်၊ ၅ ချီအတွင်း ဘယ်လိုမှ ဖြိုမချနိုင်ခဲ့ဘူး။

ပရိသတ် အမြင်ကလည်း အရေးကြီးတယ်။ ဒီဘက်ခေတ်မှာတော့ အမှတ်ပေးစနစ်တွေကလည်း ရှိလာတယ်။ ပထမတန်း၊ ဒုတိယတန်းဆိုတဲ့ ပညတ်တွေထက် သူ့ ကီလိုတန်းနဲ့သူဆိုတာက တော်တော်လေး အားကောင်းလာတော့ နောက်ပိုင်း ကိုယ့်ဝိတ်တန်းကိုယ် ဗိုလ်ဖြစ်နေခြင်းအပေါ် ပရိသတ်က အသိအမှတ်ပြုလာတယ်။ ဒါပေမဲ့ အမြင်ဟောင်းတွေက ရှိနေတုန်းပဲ။ ပွဲကြီးဆိုရင် အကောင်ကြီးကြီး လက်ဝှေ့သမားတွေရဲ့ ပွဲ ပုံစံ ဖြစ်နေတုန်းပဲ။ တိုးတက်လာတယ်လို့ ပြောရပေမယ့် ပြောင်းရ ပြင်ရမှာတွေ အများကြီး ရှိနေသေးသလို၊ ပရိသတ်ရဲ့ အမြင်ကလည်း အရေးကြီးတယ်။

ပွဲတိုင်းလိုလိုက အမှတ်ပေးစနစ်နဲ့ သွားနေပြီး၊ ရလာတဲ့ ရှုံးပွဲမရှိ မှတ်တမ်းမျိုးကမှ ပိုပြီး တန်ဖိုးရှိတာ ဖြစ်လို့ အမှတ်ပေးစနစ်နဲ့ ဆုံးဖြတ်တာကို ထိန်းထားသင့်တယ်။ မဟုတ်ရင် နိုင်ပွဲ ၄ ပွဲ၊ သရေပွဲ ၄၀၊ ရှုံးပွဲ ၄ ပွဲ ဆိုတဲ့ မှတ်တမ်းတွေနဲ့ တော်တော်နဲ့ မနိုင်၊ တော်တော်နဲ့လည်း မရှုံး ဒီလိုပွဲတွေများနေဦးမှာပဲ။ မရှုံးဖို့က နိုင်ပွဲထက် အရေးကြီးလို့ လက်ဝှေ့ပညာထက်၊ မာရည်ကျောရည် ရှိဖို့က ပိုအရေးကြီးနေဦးမှာပဲ။ ကိုယ့်ဝိတ်တန်းနဲ့ကိုယ် ပညာပိုကောင်းအောင်လုပ်ဖို့ထက် ဗလတောင့်တောင့် ဂင်တိုတိုနဲ့ ကစားသမားတွေပဲ ထပ်တွေ့နေရဦးမှာပဲ။ ပညာမပြိုင်၊ ဆိုင်ထိုး ပြိုင်ထိုးတွေကိုပဲ လက်ဝှေ့လို့ သဘောထားပြီး ကြည့်နေရဦးမှာပဲ။

Sharing is caringလေးစားရတဲ့ ဆောင်းပါးရှင်တစ်ဦးရဲ့ ပေ့ချ်ပါ။ အားကစားပရိသတ်တွေကို စာကောင်းတွေ ဖတ်စေချင်တဲ့ စိတ်တော့ ကျွန်တ...
15/08/2023

Sharing is caring

လေးစားရတဲ့ ဆောင်းပါးရှင်တစ်ဦးရဲ့ ပေ့ချ်ပါ။ အားကစားပရိသတ်တွေကို စာကောင်းတွေ ဖတ်စေချင်တဲ့ စိတ်တော့ ကျွန်တော်တို့ဆီမှာ အမြဲတမ်း ရှိနေလို့ နှစ်သက်တဲ့ ဆောင်းပါးရှင်ကို Share လုပ်ပေးခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ ဂရုလုပ်တော့ Pundit အဖြစ် ခေါ်ပေးဖို့ မဲအများဆုံး ပေးခံရတာ ကိုနန္ဒဝန်ငြိမ်းချမ်းပြီးရင် ကိုစည်သူပါ။ ဒါပေမဲ့ အခက်အခဲအမျိုးမျိုးကြောင့် ဘယ်သူမှ မခေါ်ယူပေးနိုင်ခဲ့ပါဘူး။ ဂျာနယ်မှာက လွဲလို့ နာမည်မဖော်ပြတတ်တဲ့ ကိုစည်သူကို နောက်ဆုံးတော့ သူ့နာမည်နဲ့ တွေ့ရပါပြီ။

ကြိုက်တတ်သူများအတွက် ဖတ်စရာပေ့ချ်တစ်ခုပါပဲ။

ပွဲကောင်းများကို ခံစားခြင်း
ချယ်လ်ဆီး ၁-၁ လီဗာပူးလ်

စူပါဆန်းဒေးရဲ့ ချယ်လ်ဆီး-လီဗာပူးလ်ပွဲက ကြည့်လို့ကောင်းတဲ့ပွဲဖြစ်ခဲ့ပြီး နှစ်သင်းစလုံးဟာ အားနည်းချက်တချို့ ရှိနေသည့်တိုင် အကောင်းက ပိုများတဲ့ သွင်ပြင်လက္ခဏာကို ပြခဲ့ကြတယ်။ ချယ်လ်ဆီးက အားရစရာ အသင်းလိုက်စွမ်းဆောင်ရည်နဲ့ အလားအလာကောင်းတွေကို ဖော်ထုတ်ခဲ့တယ်။ လီဗာပူးလ်က သူတို့ရဲ့ ရှုံးပွဲမရှိစံချိန်ကို (၁၂)ပွဲအထိ ဆက်တိုးမြှင့်ခဲ့တယ်။ ရင်သပ်ရှုမောဖွယ် အခိုက်အတန့်တွေကို နှစ်သင်းစလုံး ပိုင်ဆိုင်ခဲ့ကြတယ်။ ခြေစွမ်းကောင်းတချို့အပြင် တင်းမာမှုတွေ၊ VAR အခိုက်အတန့်တွေ၊ Intensity တွေကို Big Match ပီသစွာ ပေးစွမ်းခဲ့တယ်။ တူညီတာတစ်ခုကို ပြောရရင် နှစ်သင်းစလုံး ဘာဖြစ်လို့ Holding midfielder စစ်စစ်ကို ဘာဖြစ်လို့ ရှာနေရသလဲဆိုတာ ပြလိုက်တဲ့ပွဲပါပဲ။

ဒီပွဲရဲ့ အရှိန်အဟုန်က ပထမပိုင်းမှာ အမြင့်ဆုံးဖြစ်ခဲ့တယ်။ ပထမပိုင်းရဲ့ ရှေ့တစ်ဝက်ကို လီဗာပူးလ်ကို သိမ်းပိုက်ခဲ့ပြီး ဒုတိယတစ်ဝက်ကိုတော့ ချယ်လ်ဆီးက အပိုင်စားယူခဲ့တယ်။ လီဗာပူးလ်ရဲ့ All-out attack ဆန်ဆန် ကစားဟန်က အစောပိုင်းမှာ ချယ်လ်ဆီးကို အတော်ဒုက္ခပေးခဲ့ပါတယ်။ ခံစစ်လိုင်းကို အမြင့်ကြီးထားပြီး အသင်းရဲ့ Width ကို အကောင်းဆုံးအကျယ်ဖြန့်ထားပုံက သူတို့ရဲ့ တိုက်စစ်စွမ်းအားကို ပြတယ်။ ချယ်လ်ဆီးက မြန်ဆန်ချိတ်ဆက်မိတဲ့ Transitions တွေနဲ့ လီဗာပူးလ်ရဲ အပေါက်တွေကို ဆွဲဖြဲခဲ့တယ်။ ပြန်လည်တည်ဆောက်ဆဲအသင်း၊ အပြောင်းအလဲကြီးမားတဲ့အသင်းအတွက် အားရစရာစွမ်းဆောင်ရည်လို့ ပြောနိုင်တယ်။ ဒါပေမဲ့ နှစ်သင်းစလုံးဟာ Chaotic ဖြစ်နေခြင်းကိုတော့ မကာကွယ်နိုင်ခဲ့ဘူး။ အဲဒါကို မကာနိုင်လို့လည်း နှစ်သင်းစလုံး ကစားရတာ အတိုင်းအတာတစ်ခုအထိ လွယ်ခဲ့တာဖြစ်တယ်။

လီဗာပူးလ်ရဲ့ Unorthodox midfielder three က ဟုတ်မလိုလိုနဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ တည်ငြိမ်မှု ကင်းမဲ့သွားတယ်။ မက္ကာလစ္စတာကို Holding Mid အဖြစ် အထိုင်ချထားချိန်မှာ No.8 တွေအဖြစ် ကစားသူတွေက ဆော်ဘော့ဇ်စလိုင်းနဲ့ ကိုဒီဂတ်ခ်ပို။ မက္ကာလစ္စတာက Holding Mid မဟုတ်သလို၊ ကျန်နှစ်ဦးစလုံးကလည်း No.8 မဟုတ်။ ဒါကြောင့် တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းတွေ ရှိနေပေမဲ့ ကွင်းလယ်အစုအဖွဲ့လိုက်ရော၊ ခံစစ်ပိုင်းမှာရော အားနည်းချက်တွေ ရှိခဲ့တာဖြစ်တယ်။ အာနိုးလ်က ကွင်းလယ်မှာ ရံဖန်ရံခါ ပူးပေါင်းကစားပေးပေမဲ့ မနှစ်ကလောက် Frequency မရှိခဲ့ဘူး။ ဒါက ပိုချက်တီနိုရဲ့ Wing Back အစွယ်တွေကို ပိုင်နိုင်စွာ တန်ပြန်အသုံးချမှုကြောင့်လို့ ဆိုနိုင်တယ်။ ချီဝဲလ်ရဲ့ Advanced ဖြစ်နေတဲ့ Natural position က အာနိုးလ်ကို စိတ်ကြိုက်လှုပ်ရှားခွင့် မပေးထားဘူး။ Control များများ ရနေချိန် အာနိုးလ် အသက်ရှူချောင်ပေမဲ့ ပွဲချိန်အများစုမှာ Auxiliary midfielder လုပ်ခွင့် ကန့်သတ်ခံလိုက်ရတယ်။ ဒါကြောင့် လီဗာပူးလ်ကွင်းလယ်ဟာ ကူကယ်ရာ နောက်ထပ်အားတစ်ခု ပျောက်ဆုံးသွားရတယ်။

အခြားတစ်ဖက်မှာ ချယ်လ်ဆီးက ကွင်းလယ်အားနည်းနေပေမဲ့ သူတို့ရဲ့ အားနည်းမှုက လူအရင်းအမြစ်သာ ဖြစ်တယ်။ လီဗာပူးလ်လို ပုံပန်းမကျနမှု မဟုတ်ဘူး။ ဂယ်လက်ဂါက ထိပ်တန်းအဆင့် မဟုတ်ပေမဲ့ Box-to-box ဟန်ကို ပြည့်ပြည့်ဝဝ ကစားပေးနိုင်ပြီး ချူကွေမေကာကလည်း ကွင်းလယ်ရဲ့လိုအပ်ချက်တွေကို ဖြည့်ကစားသွားတယ်။ အထူးချီးကျူးသင့်တာကတော့ အန်ဇိုဖာနန်ဒက်ဇ်ပဲ။ ဘောလုံးအဖြန့်၊ ကစားကွက်အတည်၊ တိုက်စစ်အပို့ ၊ ခံစစ်အကူ စတဲ့ကဏ္ဍအားလုံးမှာ ထိပ်တန်းခြေစွမ်းနဲ့ ကစားသွားတယ်။ ချီဝဲလ်ရဲ့ ဂိုးသာ လူမကျွံခဲ့ရင် ဂိုးဖန်တီးမှု ၁ ကြိမ် ရရှိဦးမှာဖြစ်ပြီး ဂိုးဖန်တီးပေးဖို့ ခွင်ကောင်းကောင်းမှာ မကစားရသော်ငြားလည်း ဂိုးဖန်တီးနိုင်စွမ်းတွေရော၊ Secondary assist အစွမ်းတွေပါ ပြသနိုင်ခဲ့တယ်။

တကယ်တော့ ဒီနှစ်သင်းက ကွင်းလယ်နဲ့ တိုက်စစ်ကို လူမျှပြီး ကစားလိုက်ရင် တော်‌တော်ကောင်းသွားမယ်။ ချယ်လ်ဆီးက တိုက်စစ်အားနည်းနေပြီး လီဗာပူးလ်က Holding mid အသည်းအသန် လိုအပ်နေတယ်။ လီဗာပူးလ်တိုက်စစ်က မိုဆာလာ၊ ဂျိုတာ၊ လူးဝစ်ဒီယက်ဇ်တို့ဟာ တစ်ဦးချင်းရော၊ တွဲလုံးအရပါ အားကောင်းလှတာကို မြင်ရပြီး ချယ်လ်ဆီးမှာ နစ်ကိုးလက်စ်ဂျက်ဆန်က တတ်နိုင်တာထက် ပိုရုန်းနေရတာကို မြင်ရတယ်။ စတာလင်က ဆုံးဖြတ်ချက်အမှားတွေ တရစပ်လုပ်နေတုန်းဖြစ်ပြီး ဒီကစားသမားက EPL Veteran လို့ ဘယ်လိုပြောရမှန်းကို မသိဘူး။ စတာလင်သာ Decision တွေ မှန်ခဲ့ရင် ဘယ်လောက်ထိရောက်သလဲဆိုတာ ချယ်လ်ဆီး ဂိုးရခဲ့တဲ့ အခိုက်အတန့်တွေမှာ တွေ့နိုင်တယ်။ စတာလင်က စိတ်မမှန်၊ ခြေမမှန်၊ ကွင်းလယ်တိုက်စစ်ကလည်း မပါတော့ ဂျက်ဆန်ဟာ ရီးစ်ဂျိမ်းစ်နဲ့ ချီဝဲလ်တို့ရဲ့ တိုင်မင်ကိုပဲ မျှော်နေရသလို ဖြစ်ခဲ့တယ်။

လီဗာပူးလ်ဆိုရင် ဒီပွဲကို တိုက်စစ်ဟန်ချက်တစ်ခုနဲ့ အသက်သွင်းသွားတယ်လို့ ပြောနိုင်တယ်။ သူတို့ရဲ့ တိုက်စစ်နဲ့ ကွင်းလယ်ဟာ အသားကျပုံစံခွက်တစ်ခုအောက်မှာ ကစားရတာ မဟုတ်ပေမဲ့ နေရာယူပုံအားဖြင့် ချောမွေ့စွာ ချိတ်ဆက်နိုင်ကြတယ်။ အခြေအနေအရ လိုအပ်လို့ Improvisation - လက်တန်းတီထွင်ကစားရင်လည်း ကောင်းတယ်။ Middle 3rd zone ရဲ့ အခြေကနေ ထိပ်ဖျားအထိ Build-up လုပ်နိုင်ပြီဆိုရင် လီဗာပူးလ်တိုက်စစ်က သူ့အလုပ်သူ ဆက်လက်ဖန်တီးသွားနိုင်တာ တွေ့ရတယ်။ ချယ်လ်ဆီးမှာ ဒီအရာ ပျောက်ဆုံးနေတယ်။ အန်ကွန်ကူလို ကစားသမားပါလာရင် ထူးခြားလာနိုင်ပေမဲ့ ရာသီကြိုမှာ ဒဏ်ရာရသွားတာက အသင်းဟန်ချက်ကို တော်တော်ထိသွားစေတယ်။

ဒီပွဲက ဂိုးတွေကတော့ စိတ်ဝင်စားဖို့ ကောင်းတယ်။ လူးဝစ်ဒီယက်ဇ် သွင်းသွားတဲ့ ဂိုးက အယ်လစ်ဆန်ဆီက စတည်ခဲ့တာဖြစ်ပြီး ဆော်ဘော့ဇ်စလိုင်း၊ မက္ကလစ္စတာတို့ရဲ့ Quick combo၊ မက္ကလစ္စတာရဲ့ အံ့မခန်းပေးပို့မှု၊ ဆာလာရဲ့ ဖြတ်ချိုးပေးမှု၊ ဒီယက်ဇ်ရဲ့ အဆုံးသတ်မှုတွေကို စုံစုံလင်လင် ခံစားခဲ့ရတယ်။ လူကျွံခဲ့တဲ့ ဒုတိယဂိုးမှာ အာနိုးလ်ရဲ့ ကြောက်စရာကောင်းမှုကို ဆက်လက်မြင်တွေ့ရပြီး မိုဆာလာ ကပ်သီလေးလူကျွံနေခဲ့လို့ ကံဆိုးခဲ့ရတယ်။ ချယ်လ်ဆီးအတွက် ဒီဆာဆီက Debut goal သွင်းယူနိုင်ခဲ့ရာမှာ ချီဝဲလ်ရဲ့ ခေါင်းတိုက်ပေးပို့မှုက အခရာကျခဲ့တယ်။ ချီဝဲလ်ရဲ့ တိုက်စစ်အမြင်က အံ့မခန်းပဲ။ ကိုယ်တိုင်လည်း ဂိုးသွင်းခဲ့သေးပေမဲ့ လူကျွံနေခဲ့လို့ နစ်နာခဲ့ရတယ်။ ပယ်ဖျက်လိုက်တဲ့ ဂိုး ၂ ဂိုးစလုံးမှာ VAR ရဲ့ ဆုံးဖြတ်ချက် မှန်ပါတယ်။ ပွဲသုံးသပ်သူလုပ်ခဲ့တဲ့ ဆောင်းနက်စ်က မဆိုစလောက် Margin လေးကြောင့် လှပတဲ့ဂိုး ပျက်ရတယ်၊ ကိုလ်ဝေးလ်ရဲ့ အားနည်းချက် မှေးမှိန်ရတယ်ဆိုပြီး VAR ကို အပြစ်တင်သွားတယ်။ ပထမအဆိုကို မထောက်ခံပါဘူး။ မဆိုစလောက်ဖြစ်ပေမဲ့ စည်းမျဉ်းအရ ငြိနေတဲ့အခါမှာ Rule is rule ပါပဲ။

ကိုလ်ဝေးလ်နဲ့ ပတ်သက်ပြီး ဝေဖန်တာကိုတော့ သဘောတူတယ်။ ချယ်လ်ဆီးရဲ့ အနာဂတ်အဖြစ် ယူဆခံထားရတဲ့ ဒီလူငယ်ကစားသမားဟာ ပထမပေးရတဲ့ဂိုးအတွက် တာဝန်မကင်းခဲ့သလို၊ တစ်ပွဲလုံးမှာ မကြာခဏ စိတ်မချရမှုတွေကို ပြသခဲ့တယ်။ ဒါက သူ မကျင်လည်တဲ့ LCB-LB hybrid ပုံစံ ကစားရခြင်း၊ လီဗာပူးလ်ရဲ့ အားအကောင်းဆုံး ညာတောင်ပံကို ထိန်းရခြင်းတွေကြောင့် ပါပါတယ်။ ဝါရင့်ကြီး သီယာဂိုဆေးလ်ဗားကိုယ်တိုင်လည်း အမှားတွေ ရှိသေးတယ်။ လူသစ် ဒီဆာဆီကတော့ ဂိုးသွင်းနိုင်ခဲ့တဲ့အပြင် အားကိုးလောက်တဲ့ ခြေစွမ်းကို ပြသခဲ့တယ်။ ခွန်အားနဲ့အမြန်နှုန်းရှိပြီး ရင့်ကျက်မှု၊ လိုက်လျောညီထွေရှိမှုတွေကို သူ့ဆီမှာ မြင်ရတယ်။

ဒါကြောင့် ချယ်လ်ဆီးကို ခြုံကြည့်ရင် Progress နဲ့ အလားအလာကောင်းတွေကို မြင်ရတယ်။ အန်ဇို၊ ရီးစ်ဂျိမ်းတို့ရဲ့ Influential performance တွေက အသင်းအပေါ် တော်တော်အကျိုးရှိစေတယ်။ ရီးစ်ဂျိမ်းစ်နဲ့ ချီဝဲလ်ရဲ့ တောင်ပံတစ်စုံက အရေးပါတဲ့ တိုက်စစ်လိုင်းတွေ ဖြစ်ပြီး ကွင်းလယ်က အန်ဇိုဆီကိုလည်း ကစားသမားကောင်းတွေဖြစ်တဲ့ ကိုင်စီဒို၊ လာဗီယာတို့ ရောက်ရှိလာတော့မှာဖြစ်လို့ ချယ်လ်ဆီးကို အပေါင်းလက္ခဏာနဲ့ပဲ ရှုမြင်ရမှာဖြစ်တယ်။ နစ်ကိုးလက်စ် ဂျက်ဆန်ကလည်း ရဲရင့်မှုအပြည့်၊ လတ်ဆတ်မှုအပြည့်နဲ့ အားသွန်ခွန်စိုက် ကစားတဲ့သူဖြစ်လို့ အားရဖို့ ကောင်းတယ်။ တိုက်စစ်မှာ တွဲဖက်ပျောက်နေတဲ့ ပြဿနာလေးတော့ ရှိပြီး အဲဒါကို ပိုချက်တီနို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းတယ်။

တစ်ဖက်မှာ လီဗာပူးလ်က ထင်ရှားတဲ့ Progress ကို မပြနိုင်ဘူးလို့ ဆိုနိုင်ပေမဲ့ Holding midfielder ကောင်းတစ်ယောက် ရောက်လာပြီဆိုတာနဲ့ ဝုန်းခနဲ တိုးတက်သွားနိုင်တဲ့ အစွမ်းသတ္တိကို ပိုင်ဆိုင်ထားပြန်တယ်။ မက္ကာလစ္စတာ၊ ဆော်‌ဘော့ဇ်စလိုင်းတို့ဟာ Debut ပွဲမှာ ခက်ခဲတဲ့အခြေအနေ၊ ပုံမှန်မဟုတ်တဲ့ တာဝန်တွေနဲ့ ကစားခဲ့ရပေမဲ့ ခြေစွမ်းခြေစကို ပြနိုင်ခဲ့တယ်။ အံဝင်ခွင်ကျဖြစ်တဲ့ Holding mid / Defensive mid သာ ရောက်လာခဲ့မယ်ဆိုရင် ဒီနှစ်ဦးစလုံး သူတို့အားသာရာ Position တွေမှာ အကောင်းဆုံး ကစားနိုင်မယ်လို့ ယုံကြည်ရတယ်။

ဒါပေမဲ့ သူတို့လိုအပ်နေတဲ့ ထိပ်တန်းအဆင့် Defensive midfielder တစ်ဦးကိုတော့ ပိုင်ပိုင်နိုင်နိုင် ဝယ်ယူနိုင်ဖို့ အရေးကြီးတယ်။ ဒီနေ့ဘောလုံးကမ္ဘာရဲ့ အရေးအပါဆုံးနေရာ ဖြစ်လာတဲ့ Pivot , defensive midfield မှာ လီဗာပူးလ်ဟာ သူတို့ကစားသမားအားလုံးကို ရောင်းထုတ်ပစ်လိုက်တာကြောင့် အားဖြည့်ဖို့ အသည်းအသန် လိုအပ်နေပြီဖြစ်တယ်။ ကိုင်စီဒိုရော၊ လာဗီယာပါ သူတို့ ကြိုးစားခဲ့ပေမဲ့ အခုတော့ ချယ်လ်ဆီး လုတာ ခံလိုက်ရပြီမို့ လီဗာပူးလ်အတွက် တော်တော်အထိနာပါတယ်။ Proven ဖြစ်တဲ့ Pivot စစ်စစ်က စျေးကွက်ထဲမှာ အတော်နည်းနေပြီဖြစ်ပြီး အတော်များများက ကိုယ်စီကိုယ်စီ အသင်းပြောင်းနှင့်ပြီးကြလို့ပါ။ ပေါ့လို့ မရမှန်း သူတို့ကိုယ်တိုင် နားလည်ထားလို့ ကိုင်စီဒိုကို ပေါင်သန်း(၁၁၀)အထိ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ကံဆိုးစွာနဲ့ မရခဲ့လို့ ကိုင်စီဒိုမရ လာဗီယာဆုံး ဖြစ်သွားခဲ့တယ်။ လက်ကျန်အချိန်အတွင်းမှာ ဒီဟာကွက်ကို ဘယ်လိုနည်းနဲ့ ဖြည့်မလဲဆိုတာက စိတ်ဝင်စားဖို့ တော်တော်ကောင်းလာပြီဖြစ်ပြီး ဒီရာသီရဲ့ Turning point တစ်ခုအဖြစ် ယူဆနေမိပါတယ်။

နေတတ်သူတို့ အောင်ပွဲခင်ဗျားက ဘယ်အားကစားနည်းကိုပဲ ကစားသည်ဖြစ်စေ၊ ဘယ်အားကစားနည်းကိုပဲ အားပေးသည်ဖြစ်စေ၊ အားကစားနည်းတိုင်းမှ...
10/08/2023

နေတတ်သူတို့ အောင်ပွဲ

ခင်ဗျားက ဘယ်အားကစားနည်းကိုပဲ ကစားသည်ဖြစ်စေ၊ ဘယ်အားကစားနည်းကိုပဲ အားပေးသည်ဖြစ်စေ၊ အားကစားနည်းတိုင်းမှာ အနိုင်ရသူနဲ့ ရှုံးနိမ့်သူတွေကို ကြုံတွေ့နေရမှာပဲ။ ဒါပေမဲ့ အားကစားရဲ့ ချစ်စရာကောင်းတဲ့အချက်က ခင်ဗျားအနေနဲ့ တစ်ချိန်လုံး ရှုံးနေတယ်ဆိုရင်တောင် လူတွေက ကိုယ့်ကို၊ ကိုယ့်အသင်းကို နိုင်စေချင်တဲ့စိတ်ရှိနေကြတုန်းပဲ။

ဒါက လူသားတွေရဲ့ မွေးရာပါဗီဇဖြစ်တဲ့ underdog အသင်းကို နိုင်စေချင်တဲ့စိတ်ကြောင့်လည်း ပါတယ်။ ကိုယ်အားပေးတဲ့အသင်းနဲ့ ကစားတာမျိုးကလွဲရင် နိမ့်ကျနေတဲ့အသင်းတွေကို အားပေးချင်ကြတယ်။ အားနည်းတယ်လို့ ယူဆခံရတဲ့လူတွေအပေါ် လူသားတွေက စာနာမှုကို ပြသလေ့ ရှိကြတယ်။ (ပုံမှာ အာဆင်နယ်သုံးထားပေမဲ့ ဒါက အာဆင်နယ်အကြောင်း မဟုတ်ပါဘူး။ အာဆင်နယ်ပွဲ ကြည့်နေတဲ့အချိန် ပေါ်လာတဲ့ ဆောင်းပါးအတွေးသာ ဖြစ်ပါတယ်။)

University of South Florida မှာ ပြုလုပ်ခဲ့တဲ့ စပ်းသပ်မှု တစ်ခုမှာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနဲ့ ပတ်သက်ပြီး ကျောင်းသားတွေကို ရှင်းပြတယ်။ ပြဿနာတွေရဲ့ အရင်းခံတွေကို ဒေသဆိုင်ရာ မြေပုံတွေနဲ့ သေသေချာချာ ရှင်းပြတယ်။ ပြီးတော့ နှစ်နိုင်ငံ ကိုယ်စားပြုတဲ့အသင်းတွေ ဆိုပြီး အားကစားပွဲတစ်ခုကို ကစားခဲ့တယ်။ ကြိုတွေးထားတဲ့အတိုင်းပဲ မွတ်ဆလင်နိုင်ငံအများစု နေထိုင်တဲ့ နိုင်ငံကြီးတွေက အစ္စရေးကို ဝိုင်းရံ ပြသထားတဲ့ မြေပုံတွေကို လေ့လာထားရတဲ့ ကျောင်းသားတွေရဲ့စိတ်က အစ္စရေးဘက်ကို အလိုလို ရောက်သွားတယ်။ အစ္စရေးကို အားပေးခဲ့ကြတယ်။

နောက်တစ်ကြိမ်မှာတော့ နောက်ထပ် ကျောင်းသား တစ်အုပ်စုနဲ့ စမ်းသပ်ခဲ့တယ်။ ဒီတခါတော့ အစ္စရေးက ပါလက်စတိုင်းရဲ့ ပိုင်နက်ကို ကျူးကျော်ထားတယ်ဆိုတဲ့ အပိုင်းကိုကျောင်းသားတွေ ခေါင်းထဲ ကြိုထည့်ပေးလိုက်တယ်။ ထင်တဲ့အတိုင်းပဲ ဒီကျောင်းသားတွေက ပါလက်စတိုင်းကို အားပေးခဲ့ကြတယ်။

အောက်အသင်း အခြေအနေဆိုတာ တော်တော်လေး ဆွဲဆောင်မှု ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ရလဒ်ကောင်းကို ယူဆောင်နိုင်တဲ့ ဖြစ်နိုင်ခြေက အားနည်းတဲ့အခါမှာ ကြားပရိသတ်တွေဟာ အောက်အသင်းတွေရဲ့ အောင်နိုင်မှုကို မျှော်လင့်လေ့ရှိတတ်ကြတယ်။ အပေါ်အသင်းက နိုင်တဲ့ နိုင်ပွဲမှာ လှပမှုကို ခံစားရနိုင်ပြီး၊ အောက်အသင်းက နိုင်တဲ့နိုင်ပွဲမှာတော့ လှပမှုအပြင် ပြင်းထန်တဲ့အားစိုက်ထုတ်မှုကိုပါ ခံစားရနိုင်တဲ့အတွက်လည်းဖြစ်တယ်။

ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့သာ မဆိုင်ရင် အားနည်းသူဘက်ကိုပဲ လူတွေက ရပ်တည်ပေးချင်ကြပါ တယ်။ မန်ချက်စတာစီးတီးအသင်းနဲ့ အာဆင်နယ်ပွဲတုန်းကဆိုလည်း ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်တွေကြောင့်မပါဘဲ ပွဲကြည့်သူတွေထဲက တော်တော်များများက အာဆင်နယ်ကို နိုင်စေချင်ခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ ဖိနှိပ်နိုင်သူရဲ့ နိုင်ပွဲထက်၊ တွန်းလှန်နေသူတွေရဲ့ နိုင်ပွဲကို လူတွေက ခံစားချင်ကြလို့ပါပဲ။

ဒီလိုပါပဲ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း တစ်စုံတစ်ယောက်ရဲ့ အာရုံစိုက်မှုနဲ့ စာနာမှုကို ရယူဖို့ ကြိုးစားတဲ့အခါမှာ မဖြစ်နိုင်တဲ့အလုပ်ကို လုပ်ပြဖို့ ကြိုးစားနေတာမျိုး၊ ကျော်လွှားပြဖို့ လုပ်နေတာမျိုး နည်းလမ်းတွေကို သုံးတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် သနားစရာကောင်းလာအောင် ပုံဖော်တတ်ကြတယ်။ ဒီအခြေအနေမှာ ပရိသတ်မေတ္တာကို ရယူကြတာပါပဲ။

Us-versus-them ပုံရိပ်ကို ရအောင်ထူထောင်ပြီး အများကိုကိုယ့်ဖက်ပါအောင် လုပ်နိုင်တဲ့အခါမှာ ယုံကြည်မှု အပြည့်နဲ့ တိုက်ရည်ခိုက်ရည်တွေကို ရရှိပြန်တယ်။ ဒီနေ့ ခေတ်မှာ Facebook ပေါ် အပြိုင် Live လွှင့်ပြီး ရှင်းကြတဲ့အခါမှာ လူအုပ်စုကြီး ကိုယ့်ဘက်ပါအောင် တက်ရှင်းပြပြီး၊ ကိုယ်က Underdog ပါ ဆိုတဲ့ ပုံစံ တည်ဆောက်ကြတာလည်း ဒီသဘောပါ။

လူအမျိုးမျိုး စိတ်အထွေထွေတော့ တွေ့ရတာပါပဲ။ ကျွန်တော်တို့ကိုယ်တိုင်လည်း ကိုယ်တိုင်က အနိုင်ကျင့်ခဲ့ဖူးတာကို မေ့ပြီး၊ တခြားသူ တစ်ယောက်က အခြားသူတစ်ယောက်ကို အနိုင်ကျင့်တာကို မြင်တဲ့အခါ မခံစားနိုင်အောင် ဖြစ်ရတာမျိုး ဖြစ်ခဲ့ဖူးတယ်။ ကိုယ်တိုင်က သူများကိစ္စဝင်ပါတာကို မေ့ပြီး၊ တခြားလူတွေ သူများ ကိစ္စ ဝင်ပါရင်စောင်းမြောင်းဆဲဖူးတယ်။ ကျွန်တော်တို့ ကိုယ်တိုင်က တခြားလူတစ်ယောက် ပင်ပင်ပန်းပန်း အားထုတ်ရေးသားထားတဲ့ ပို့စ်တစ်ခုအောက်မှာ လိုရင်းက ဒါလေးကို အရှည်ကြီး ရေးနေတယ်လို့ ဝင်ရေးမိပြီး၊ ကိုယ်တိုင်က စာအရှည်ကြီးတွေနဲ့ မျက်ရည်ထိုင်ချူနေဖူးတယ်။ တကယ်တမ်း စဉ်းစားကြည့်တော့ ကျွန်တော်တို့ကလည်း ကိုယ်နိုင်ရာ အပိုင်းလေးကနေ ရသလောက်တော့ တော်လှန်နေတာပဲ။ ဘာကို တော်လှန်တာလဲဆိုရင် ဘာမှ လုပ်စရာမရှိရင် ရှိတာကို ထိုင်တော်လှန်တာပါပဲ။ ကျွန်တော့်ဇာတ်လမ်းကို တခြားလူတစ်ယောက်က စာနာပေးတာကို မျှော်လင့်မိတယ်ပဲ ဆိုရမှာပေါ့။

ခင်ဗျားတို့ Halo Effect ဆိုတာကိုများ ကြားဖူးကြသလားဗျ။ ဗီဒီယိုဂိမ်းအသစ် မဟုတ်ပါဘူးဗျ။ ဒီ အသုံးအနှုန်းက ကျွန်တော်တို့ဟာ နာမည်ကျော် ကြယ်ပွင့်တွေနဲ့၊ ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရသလဲဆိုတာကို ဖော်ပြတဲ့အရာပါ။ အားကစားနည်းမှာ ဖြစ်စေ၊ နယ်ပယ်တစ်ခုခုမှာဖြစ်စေ ကျွမ်းကျင်သူ၊ အောင်မြင်သူ တစ်ဦးဦးအကြောင်းကို ကျွန်တော်တို့ တွေးမိတဲ့အခါ၊ သူတို့က ဘာတွေ ဆွဲဆောင်မှု ရှိသလဲလို့ ကျွန်တော်တို့ တွေးမိတဲ့အရာတွေရဲ့ အောက်ကို ကျွန်တော်တို့ ရောက်သွားလေ့ရှိတယ်။ အဲ့ဒီလူတွေရဲ့ ကိုယ်ရည်ကိုယ်သွေး ဆိုင်ရာ အချက်အလက်တွေကို ကျော်ပြီး၊ သူတို့ရဲ့ အခြားသော ပြုမူနေထိုင်ပုံတွေရဲ့အောက်ကိုပါ ရောက်ရှိသွားတယ်။ လူတစ်ယောက်ရဲ့ ဆွဲအားအောက်ကို ကျွန်တော်တို့ ရောက်တဲ့အခါတိုင်းမှာ ဒီလူဟာ ခေါင်းဆောင်ကောင်းပဲလို့ ကျွန်တော်တို့ စတင် ယူဆမိတော့တာပဲ။

University of Toronto က စိတ်ပညာရှင် နစ်ခ်ရူးလ်ကတော့ လူတွေက သူတို့ လေးစားတဲ့၊ အားကျတဲ့လူတွေရဲ့ အသေးငယ်ဆုံးသော အစိတ်အပိုင်းတွေကိုတောင် ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ စရိုက်လက္ခဏာအဖြစ် ပုံသွင်းပြီး ရှုမြင်တတ်ကြတယ်လို့ ဆိုတယ်။ ဥပမာ အားဖြင့် ဘောလုံးနည်းပြတွေကို ရွေးချယ်ပြီး ကောက်ယူကြည့်လိုက်တဲ့ စစ်တမ်းအရ နည်းပြတွေဟာ အသင်းကို တက်တက်ကြွကြွ လှုံ့ဆော်မှု ပေးနိုင်တဲ့လူမျိုးထက် တိတ်တိတ်ဆိတ်ဆိတ်နဲ့ လိုအပ်သလောက်ပဲ စကားပြောတဲ့လူတွေကို ခေါင်းဆောင်စိတ် ပြည့်ဝသူတွေအဖြစ် အလိုလို ယုံကြည်စိတ်ဝင်နေတယ်ဆိုတာမျိုးပါ။

တကယ်တော့ စကားနည်းခြင်းတို့၊ လိုအပ်သလောက်ပဲ စကားပြောခြင်းတို့က အမှားနည်းပေမယ့် ခေါင်းဆောင် ဝိသေသနဲ့ ဘာမှမဆိုင်ဘူး။ ခေါင်းဆောင်စိတ်ရှိသူဟာ စကားများရင်များမယ်၊ နည်းရင်နည်းမယ်။ ကြိုတင်တွက်ထားလို့ ရတဲ့ ကိစ္စလည်း မဟုတ်ဘူး။ ဒါပေမဲ့ နည်းပြတစ်ဦးရဲ့ Confirmation bias ကတော့ စကားနည်းပြီး တည်ငြိမ်ရင် အဲ့ဒါ ခေါင်းဆောင် အရည်သွေးဖြစ်ပြီး အဲ့ဒီလိုလူတွေရဲ့ ငယ်ဘဝမှာဆိုရင် နည်းပြတွေက ကွင်းလယ်လူအဖြစ် အလိုလို ပုံသွင်းချင်စိတ် ရှိတယ်ဆိုတာကိုပါ တွေ့ရတယ်။

အကောင်းဆုံး အရောင်းသမားတွေဟာ အကောင်းဆုံးမန်နေဂျာတွေ ဖြစ်မလာကြဘူးဆိုတဲ့ ဆိုရိုးရှိတယ်။ အလားတူပဲ အားကစားမှာလည်း အကောင်းဆုံး ကစားသမားတွေဟာ အကောင်းဆုံး နည်းပြတွေဖြစ်လာဖို့ ခက်ခဲပြန်တယ်။ မိုက်ကယ်ဂျော်ဒန်ဟာ ဘက်စကတ်ဘောသမိုင်းရဲ့ အကြီးမြတ်ဆုံးကစားသမားတွေထဲက တစ်ဦးဆိုရင် ဘယ်သူမှ ငြင်းဆန်မယ့်သူမရှိဘူး။ ဒါပေမဲ့ မိုက်ကယ်ဂျော်ဒန်ရဲ့ ကစားသမားဘဝအရည်အချင်းတွေက သူ့ကို ဂရိတ် မန်နေဂျာ တစ်ဦးဖြစ်လာဖို့အတွက်တော့ အာမခံချက်မပေးနိုင်ဘူး။ ဒါကို စိတ်ပညာမှာတော့ Curse of the expert လို့ ခေါ်ပါတယ်။ ဘောလုံးမှာလည်း အမြဲတမ်း စင်ပေါ်မှာ နေရပြီး အသင်းရဲ့ ဦးဆောင်သူလိုလို ခံစားနေတတ်တဲ့ တိုက်စစ်မှူးတွေဟာ အသင်းကို တကယ်ဦးဆောင် ကစားနိုင်တဲ့ အရည်အသွေး ရှိလေ၊ နည်းပြဘဝနဲ့ အလှမ်းဝေးလာလေဆိုတာမျိုးလည်း ဖြစ်တတ်တယ်။

ဒါကြောင့်လည်း ကမ္ဘာကျော် နည်းပြတွေထဲမှာ နာမည်ကျော် တိုက်စစ်မှူးဟောင်းတွေ အရမ်းရှားပါးပြီး၊ ဟန်ချက်ညီအောင် အမြဲ ထိန်းညှိပေးရတဲ့ သဘောသဘာဝနဲ့ နှစ်ရှည်လများ ဖြတ်သန်းလာခဲ့တဲ့ ကွင်းလယ်လူတွေက ကမ္ဘာကျော်နည်းပြတွေဖြစ်လာကြတာ များတယ်။ အမြဲမှန် အဆိုမဟုတ်ပေမယ့် တော်တော်လေး Sense ရှိတာကို တွေ့ရပါတယ်။

နိဂုံးချုပ်ရရင် မင်းလူလည်တစ်ဦးလို ပြုမူနေသရွေ့ မင်းက ငတုံးပါပဲ ဆိုတဲ့ စကားကို ပြန်ကောက်ချင်ပါတယ်။ တကယ်လည်တဲ့ လူတွေက တကူးတကကို ရိုးချင်ယောင်ဆောင်ပြီး ခြေနှစ်လမ်းလောက် အသာစီးယူထားချိန်မှာ လည်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတဲ့ ငတုံးတွေ၊ လောကမှာ တော်တော်များပါတယ်။ အမှောင်ထဲက လူကို ဘယ်တော့မှ စိန်မခေါ်မိပါစေနဲ့၊ မမြင်ရအောင်နေခြင်းလောက် အားကြီးတဲ့ လက်နက် မရှိပါဘူး။ အားနည်းသူလို့ အထင်ခံရခြင်းက ပရိသတ်တွေရဲ့ မေတ္တာကို စုဆောင်းနိုင်ပါတယ်။ ဘယ်အရာကိုမှ အမြင်သက်သက်နဲ့ မဆုံးဖြတ်ပါနဲ့။ ပြီးတော့ အသံကျယ်တဲ့ ဖားတွေ အရင်​ေ-သပါတယ်။

ဉာဏ်ရည် Vs ထွက်ပြေးခြင်းထွန်းထွန်းမင်းက တကယ့်လူပြိန်းကြိုက်စကားတွေကို ပြောတာကို ကျွန်တော်ဖတ်လိုက်ရတယ်။ ကိုယ်တော်တော်ကြို...
06/08/2023

ဉာဏ်ရည် Vs ထွက်ပြေးခြင်း

ထွန်းထွန်းမင်းက တကယ့်လူပြိန်းကြိုက်စကားတွေကို ပြောတာကို ကျွန်တော်ဖတ်လိုက်ရတယ်။ ကိုယ်တော်တော်ကြိုက်ခဲ့တဲ့ ကစားသမားရဲ့ Sportsmanship က အလွန်အကျူး အားနည်းနေတာပဲ။

"ကစားသမားကောင်း ၂ ယောက်တွေ့လို့ရှိရင် တစ်ယောက်နဲ့တစ်ယောက် ကြောက်ရွံ့မနေဘဲ နှစ်ယောက်စလုံး သူတင်ကိုယ်တင် ထိုးဖို့တော့ ကျွန်တော်တော့ ပြောချင်တယ်ပေါ့။ ... တချို့လူတွေက ဒါဟာ ကောင်တာကောင်းတာလို့ ပြောတယ်ပေါ့။ ကောင်တာနဲ့ပတ်ပြေးတာနဲ့ မတူဘူး .. မတူတဲ့အတွက် ဒီပွဲမှာ ပတ်မပြေးဘဲ သူတင်ကိုယ်တင် ထိုးဖို့အတွက် မျှော်လင့်တယ် .. "လို့ ထွန်းထွန်းမင်းက ပြောခဲ့တယ်။

"ကောင်တာနဲ့ ပတ်ပြေးတာက မတူပါဘူး"ဆိုတဲ့ စကားမှာ သွေးသစ်ဝင်းလှိုင်က ပတ်ပြေးနေတာဆိုတဲ့ အရိုးစွဲအမြင်ကို မြင်ရတယ်။ ဒီလို စကားလုံးမျိုးဆိုတာ အွန်လိုင်းပေါ် လေတိုက်တဲ့လူတွေ ဖောဖောသီသီ ပြောနေတဲ့ စကားတွေ။ ကျွန်တော် အနီးကပ်နေခဲ့ဖူးတဲ့ ဘယ်လက်ဝှေ့သမားဆီကမှ ဒီလိုစကားမျိုး လူသိရှင်ကြား ပြောတာ မတွေ့ဖူးဘူး။ သူ ကောင်တာကောင်းတာတော့မှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒီကောင်တာကို ကျွန်တော်ရအောင် ဖြိုပြမယ်ဆိုတဲ့ စကားမျိုးကို ပြောရမယ့်အစား၊ သွေးသစ်ဝင်းလှိုင်ကို သူ့ စိတ်ကြိုက် Game plan နဲ့ ထိုးခိုင်းရမယ့်အစား၊ သူထိုးစေချင်တဲ့ ပုံစံကို ထိုးပေးပါလားလို့ တောင်းဆိုနေသလိုပဲ။

ရှင်းရှင်းလေးပါ။ လက်ဝှေ့ပညာဆိုတာ ခေါင်းသုံးကစားတတ်ရတယ်။ ခေါင်းတိုက်၊ ခေါင်းရိုက်ကို ဆိုလိုတာမဟုတ်ဘူး။ ပူးလုံးတိုးဝှေ့နေတဲ့ ကလေးပွဲတွေကနေ Master plan, game plan တွေ ဖော်ဆောင်ပြီး ကစားတဲ့ လူကြီးပွဲ၊ ပညာရှင်ဆန်ဆန် ပွဲတွေကို ကျွန်တော်တို့ တောင်းဆိုနေတာ ကြာပြီ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ထွန်းထွန်းမင်း ကောင်းတာမှန်တယ်။ လူကောင်ကြီးလာမှ အရောင်ထွက်လာတာပါ။

ထွန်းထွန်းမင်းနဲ့ စိုးလင်းဦး ပထမဆုံးထိုးတဲ့ပွဲတုန်းက ၅ ချီအတွင်း စိုးလင်းဦးကို ကြောက်လို့ ကြိုးဝိုင်းထဲ အိပ်ချ၊ လှဲချ၊ ဝပ်ချတဲ့အကြိမ် ၅၀ မကျော်ရင် ကျွန်တော့်စကားကျွန်တော် တာဝန်ယူတယ်။ ပြန်ရှာကြည့်လိုက်ပါ။ အဲဒီ အချိန်တုန်းက အလုံးအထည် အတူတူပဲ။ ထွန်းထွန်းမင်းလည်း မေ့နေမှာစိုးလို့။ ကြောက်တယ်ဆိုတာ အဲဒါကို ပြောတာ၊ Footwork နဲ့ Intelligence ပေါင်းစပ်ကစားတာကို ကြောက်တယ်မခေါ်ဘူး။

တော်ရုံဆိုကစားသမားတစ်ယောက်ကို ဒီလို မဝေဖန်ချင်ပါဘူး။ ကိုယ်အရမ်းကြိုက်ခဲ့ဖူးတဲ့ ကစားသမားဆိုရင် ပိုတောင် မပြောချင်ဘူး။ ဒါပေမဲ့ အခုဟာက ထွန်းထွန်းမင်းက အသံဆူလွန်းတယ်၊ လောင်မြိုက်နေတယ်။ နိုင်စရာလည်း မတော်ချီပဲ ရှိတယ်။ အဲ့ဒီလိုနိုင်ခဲ့ရင်တောင်မှ ကျွန်တော့်အတွက်တော့ (Page ရဲ့ အာဘော်မဟုတ်၊ ကျွန်တော့် အာဘော်ပါ) သွေးသစ်က ထွန်းထွန်းမင်းထက် တိုက်ခိုက်ရေးပညာပိုကောင်းတယ်။ ပညာရှင်ဆန်တယ်။

Photo credit to Sky Net

အပြောင်းအရွှေ့များနှင့် အသက်ဟန်ချက်ဒီနှစ်အပြောင်းအရွှေ့ကာလက အတော်လေးမြိုင်မြိုင်ဆိုင်ဆိုင်ရှိတယ်။ နေ့စဉ်နဲ့အမျှ သတင်းကြီ...
28/07/2023

အပြောင်းအရွှေ့များနှင့် အသက်ဟန်ချက်

ဒီနှစ်အပြောင်းအရွှေ့ကာလက အတော်လေးမြိုင်မြိုင်ဆိုင်ဆိုင်ရှိတယ်။ နေ့စဉ်နဲ့အမျှ သတင်းကြီးတွေ ပေါ်နေပြီး စိတ်လှုပ်ရှားစရာ အပြောင်းအရွှေ့တွေချည်း တွေ့မြင်နေရတယ်။ အာဆင်နယ်၊ လီဗာပူးလ်တို့က အားကောင်းတဲ့ ခေါ်ယူမှုတွေ ပြုလုပ်ထားပြီး ချယ်လ်ဆီးက အားကောင်းတဲ့ အစုလိုက်အပြုံလိုက်ဝိတ်လျှော့မှုကို ပြုလုပ်ထားနိုင်တယ်။ တကယ်တော့ အပြောင်းအရွှေ့တစ်ခု ကျရှုံးတယ်၊ အောင်မြင်တယ်ဆိုတာနဲ့ အဲဒီအပေါ် လှောင်ကြ၊ ပြောင်ကြ၊ ချီးမွမ်းကြ၊ ကဲ့ရဲ့ကြ လုပ်ရတာ လွယ်ကူပါတယ်။ ဒီတစ်ခုနဲ့ အပြောင်းအရွှေ့ကာလရဲ့ အရသာ၊ အနှစ်သာရကို အပြည့်အဝ ရောက်ရှိမှာတော့ မဟုတ်ဘူး။ အပြောင်းအရွှေ့ကာလဆိုတာ ခံစားချက်အရ စိတ်လှုပ်ရှားစရာ၊ စိတ်ပျက်စရာ အစရှိတဲ့ ရသပိုင်းကို ပေးစွမ်းသလို အတွေးအမြင်တွေကိုလည်း ပေးစွမ်းနေလို့ပဲ။

အခု ကျွန်တော်ကြည့်ချင်တဲ့ အမြင်က Squad age profile လို့ ခေါ်တဲ့ အသက်အရွယ်ဟန်ချက်နဲ့ ကြည့်တဲ့ အမြင်ပါ။ အလုံးစုံမှန်ကန်တဲ့ ချဉ်းကပ်မှုတစ်ခု မဟုတ်ပေမဲ့ အမြဲလိုလို အသုံးဝင်ပြီး ခေတ်အဆက်ဆက် အရေးပါခဲ့တဲ့ Fundamental တစ်ခုလည်း ဖြစ်ပါတယ်။ အောင်မြင်ခဲ့တဲ့အသင်းတွေကို ကြည့်လိုက်ရင် Age profile အကောင်းဆုံးအခြေအနေမှာ ရှိခဲ့တာကို မြင်ရမှာဖြစ်ပြီး အဲဒီအောင်မြင်သူတွေထဲမှာမှ Sustainable ဖြစ်၊ ရေရှည်တည်ငြိမ်ကောင်းမွန်ခဲ့သူတွေကတော့ Age profile ကောင်းမွန်မှုကို အဝင်အထွက်မှန်မှန် အမြဲစီမံခန့်ခွဲနိုင်ခဲ့သူတွေချည်းပါပဲ။

၁၉၈၀ ကာလတွေမှာ အလွန်အောင်မြင်ခဲ့တဲ့ လီဗာပူးလ်ဟာ ၁၉၉၀ ကျော်ခေတ်ကို အကူးမှာ ဝုန်းခနဲ ကျဆင်းသွားစေခဲ့တဲ့ အဓိကအချက်တွေထဲမှာ ဒီအသက်ဟန်ချက်ကလည်း ကြီးမားစွာ ပါဝင်နေခဲ့ပါတယ်။ ဂရော့ဘဲလား၊ စတိဗ်နီကိုးလ်၊ ယန်မောလ်ဘီ၊ စတိဗ်မက်မောင်း၊ ရွန်နီဝှီလန်၊ ဂျွန်ဘန်းစ် အစရှိတဲ့ ကျောရိုးကစားသမားတွေ တစ်ပြိုင်တည်းလိုလို အသက်ကြီးကုန်ပြီး အကျပိုင်းကို ဝင်ရောက်သွားလို့ပါ။ အသင်းခေါင်းဆောင်ဟောင်း ဆောင်းနက်စ်က နည်းပြအဖြစ် ရောက်ရှိလာချိန်မှာ ကျန်ရွှေခေတ်ကစားသမားတွေက ကျရိပ်ထဲ တိုးဝင်နေခဲ့ကြပြီး ၁၉၉၀ ခေတ်လွန် Backpass rule ပေါ်လာချိန်မှာ ရွှေရောင်လီဗာပူးလ်တို့ အရောင်တွေ လွင့်စင်သွားခဲ့ပါတော့တယ်။ ဟူလီယာ ရွှေရောင်ကာလနဲ့ ဆက်စပ်အချိန်တွေ၊ ဘင်နီတက်ဇ်ရွှေရောင်ကာလတွေနဲ့ ဆက်စပ်အချိန်တွေမှာလည်း Age profile , peak performance profile ကို စဉ်ဆက်မပြတ် သယ်ဆောင်မထားနိုင်ခဲ့တာတွေကို တွေ့ရပါတယ်။

ဒါက ဘယ်လိုအရေးပါနေသလဲသိဖို့ အောင်မြင်တဲ့အသင်းတွေကို လေ့လာကြည့်တဲ့အခါ အဲဒီအသင်းတွေဟာ အကောင်းဆုံးအသက်ဟန်ချက်၊ ခြေစွမ်းအကောင်းဆုံးရနေတဲ့ကစားသမားဟန်ချက်ကို ပိုင်ဆိုင်ထားတာ သွားမြင်ပါတယ်။ ပျမ်းမျှအားဖြင့် ခြေစွမ်းအကောင်းဆုံးအသက်ကို ၂၅ နှစ် - ၂၇ နှစ် ကြားမှာ ချနိုင်လို့ ကိုယ့်အသင်းရဲ့ ပျမ်းမျှအသက်ဟန်ချက်က အဲဒီအထဲမှာ ရှိနေရပါမယ်။ ကစားသမားတစ်ဦးချင်းစီက ဒီအသက် Range ထဲမှာ ရှိနေရမယ်ဆိုလိုခြင်း မဟုတ်ပါဘူး။ အသက် ၃၀ အရွယ်လည်း ပါမယ်၊ အသက် ၂၂ နှစ်အရွယ်လည်း ပါရပါမယ်။ ဒါမှ အသက် ၃၀ အရွယ်က သူ့ခြေစွမ်းသက်တမ်း ကုန်ဆုံးတဲ့အခါ ကျန်အသက် ၂၂ နှစ်ဟာ အကောင်းဆုံးခြေစွမ်းအရွယ်ထဲ ရောက်လာပါမယ်။ အသက် ၂၂ နှစ်အရွယ်က Best age ထဲ ဝင်လာရင် မူလက Best age ထဲမှာ ရှိနေခဲ့တဲ့ ၂၇ နှစ်ကစားသမားက ၃၀ တန်းကို ရောက်လာပြီး ဟန်ချက်ညီတဲ့ Circle တစ်ခုကို ရရှိပါလိမ့်မယ်။

လက်စတာတို့ ပရီးမီးယားလိဂ်ဖလား ရရှိတုန်းက အဓိကကစားသမားတွေထဲမှာ အငယ်ဆုံးက ၂၄ နှစ်ဖြစ်ပြီး အကြီးဆုံးက ၃၁ နှစ်ပါ။ ဒီအခြေအနေမှာ Peak performance နဲ့ သူ့ကို ထုတ်ပေးနိုင်တဲ့ အသက်ရဲ့ စွမ်းပကားကို တွေ့ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်စတာက သာမန်ကစားသမားအများစုနဲ့ ဖွဲ့စည်းထားလို့ပါ။ သာမန်ကစားသမားတွေပေမဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်က အမြင့်ဆုံးကို ရောက်နေတဲ့အခါ၊ အဲဒီလို အမြင့်ဆုံးရောက်နေချိန်ကစားသမားတွေကို စုစည်းနိုင်ခဲ့တဲ့အခါ ဒီအသင်းက ချန်ပီယံအဆင့်အသင်းတစ်သင်း ဖြစ်သွားတော့တာပါပဲ။ ကစားသမားကောင်းတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းကြီးတွေအတွက်တော့ ဒီထက် ပိုအရေးကြီးတယ်။

မန်ယူနိုက်တက် ဖလား(၃)လုံးရတုန်းက အဓိကကစားသမားတွေရဲ့ အသက်က ၂၂ နှစ်နဲ့ ၂၇ နှစ်မှာ အများစု ရှိနေခဲ့ပြီး အာဆင်နယ်အသင်းရဲ့ ရှုံးပွဲမရှိရွှေဖလားကြီးတုန်းကလည်း အဲဒီအတိုင်းပါပဲ။ ချယ်လ်ဆီးအသင်းရဲ့ ၂၀၀၄-၀၅ အံ့ဖွယ်ချန်ပီယံကာလတုန်းကလည်း ပုံမှန်ပွဲထွက်ကစားသမား ၁၃ ယောက်ထဲက ၁၂ ယောက်ဟာ အဲဒီ Bracket ထဲမှာ ရှိခဲ့ပါတယ်။ အခုနောက်ဆုံးပြယုဂ်ဆိုရင်တော့ မန်ချက်စတာစီးတီးပေါ့။ စီးတီးက တော်တော်လေး Remarkable ဖြစ်တဲ့ အပြောင်းအလဲတွေကို လုပ်နိုင်ခဲ့တယ်လို့ ပြောနိုင်တယ်။ ပယ်လီဂရီနီကနေ ဂွါဒီယိုလာအပြောင်းမှာ စတိုင်လ်အပြောင်းအလဲအတွက်အပြင် Age profile အပြောင်းအလဲကိုပါ အကောင်းဆုံး လုပ်သွားနိုင်ခဲ့လို့ ဖြစ်တယ်။

တကယ်တော့ ဂွါဒီယိုလာ စရောက်တော့ သူလည်း ရုန်းကန်ရတာပဲ။ စတိုင်လ်အပြောင်းအလဲမှာ ငွေတွေ အများကြီး သုံးခဲ့ရ၊ လူတွေ အများကြီး ဝယ်ခဲ့ရတယ်။ နောက်ဆုံးမှာတော့ သူတို့ အကြီးအကျယ် အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ ဒီအပိုင်းက အဲဒီလောက်ချီးကျူးဖို့ မကောင်းဘူး။ သူတို့က အလွန်အမင်း ချမ်းသာပြီး ဆိုရီယာနို၊ ဘီဂီရီစတိန်းတို့လို အတော်ဆုံးဒါရိုက်တာတွေ၊ ဂွါဒီယိုလာလို လွှမ်းမိုးမှုအကြီးဆုံးနည်းပြတွေကို ပိုင်ဆိုင်ထားတော့ လိုချင်တဲ့လူ၊ လိုအပ်တဲ့လူ ခေါ်တဲ့အပိုင်းက ထူးထွေဆန်းပြားမနေဘူး။ ဒါပေမဲ့ သူတို့ရဲ့ ကစားသမား ရှင်းထုတ်ပုံ၊ အသက်ဟန်ချက်တည်ဆောက်ပုံတွေကတော့ လက်ဖျားခါရလောက်အောင် ကောင်းတယ်။ ဒါက ပိုက်ဆံတစ်ခုထဲနဲ့ မဆိုင်ဘဲ အိုက်ဒီယော်လော်ဂျီမှန်ကန်ခြင်းကို ပြနေလို့ပဲ။

ဂွါဒီယိုလာ စရောက်တော့ ပွဲထွက်ခွင့်ရသူ အဓိကကစားသမား ၂၂ ယောက်ထဲက ၁၁ ယောက်ဟာ အသက် ၃၀ ကျော်နေတယ်။ နောက်ထပ် ၅ ယောက်က ၂၈ နှစ်အထက်ဖြစ်ပြီး နောက်ထပ် ၁ ယောက်က‌တော့ ဆယ်ကျော်သက် ဖြစ်တယ်။ ဆိုတော့ ၅ ယောက်ကပဲ Best age bracket ထဲမှာ ရှိနေပြီး အဲဒီအထဲမှာ ဘိုနီ၊ မန်ဂါလာ၊ ဖာဘီယန်ဒဲ့လ်ဖ်တို့ ပါတယ်။ ဆိုတော့ Age profile က ဘယ်လောက်အထိ ပျက်ပြားနေခဲ့သလဲ မြင်နိုင်ပါတယ်။ ဒါပေမဲ့ စီးတီးတာဝန်ရှိသူတွေက ဒီအနေအထားကို အမြန်ဆုံးနဲ့ အညင်သာဆုံး ပြုပြင်ပြောင်းလဲနိုင်ခဲ့ပြီး ၂၀၁၅-၁၆ မှာ ပယ်လီဂရီနီရဲ့ အဆင့် ၄ နေရာကို ယူနိုက်တက်နဲ့ နောက်ဆုံးပွဲအထိ လုခဲ့ရတဲ့ အနေအထားကနေ ၂ နှစ်အကြာ ၂၀၁၇-၁၈ ရာသီမှာ ပရီးမီးယားလိဂ်စံချိန်တင် အမှတ် ၁၀၀ အောင်ပွဲ ရတဲ့ အနေအထားဖြစ်သွားတယ်။ ၂၀၁၈-၁၉ မှာလည်း ၉၈ မှတ် ထပ်ယူပြီး ချန်ပီယံ ဖြစ်တယ်။ အဲဒီကာလရဲ့ ပျမ်းမျှအသက်ကို ကြည့်လိုက်ရင် Best age bracket ထဲမှာ ဝင်နေပြီး အဲဒါကို ကျော်နေတဲ့ ကစားသမားတွေ ဆိုတာကလည်း ကွန်ပနီ၊ ဖာနန်ဒင်ညို၊ အဂွဲရိုး၊ ဆေးလ်ဗားတို့လို ခေါင်းဆောင်တွေ ဖြစ်ပါတယ်။

အဲဒီမှာ တစ်ဖန် နောက်ထပ် Turning point တစ်ခု ထပ်တွေ့ပြန်ပါပြီ။ အသင်းရဲ့ အကောင်းဆုံးတွေ၊ ခေါင်းဆောင်တွေ ဖြစ်တဲ့ ကစားသမားတွေဟာ အကျပိုင်းဆီ ချဉ်းနင်းလာပြန်ပါတယ်။ ဒါပေမဲ့ ၂၀၁၇-၁၈ မှာ ဝယ်ခဲ့တဲ့ Age bracket ထဲက အီဒါဆန်၊ ဘာနာဒို၊ လာပေါ့တ်တို့က အကောင်းဆုံးအသက်အရွယ်ဆီ ရွေ့လျားလာနေခဲ့ပြီဖြစ်ပြီး ဒီဘရိုင်းနား၊ ဂွန်ဒိုဝမ်၊ ဝေါ်လ်ကာ၊ ဂျွန်စတုန်းစ်တို့က ဝါရင့်တွေအဖြစ် အထိုင်ကျနေကြပါပြီ။ တစ်ချိန်တည်းမှာ တစ်ရာသီချင်း ဖြည့်တင်းခဲ့တဲ့ မာရက်ဇ်၊ ကန်ဆယ်လို၊ ရိုဒရီတို့က Peak bracket ထဲမှာ ရှိနေသူတွေပါ။ ဒီလိုနဲ့ အဂွဲရိုး၊ ကွန်ပနီ၊ ဆေးလ်ဗားတို့ခေတ်လွန်ကို အကောင်းဆုံး ခရီးဆက်နိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ရူဘင်ဒီယက်စ်၊ အကီ၊ ဂရီးလစ်ရှ်၊ အကန်ဂျီ၊ ဟော်လန်း အစရှိသဖြင့် ဟန်ချက်ညီတဲ့ အားဖြည့်တင်းမှုတွေနဲ့ စီးတီးတို့ အောင်မြင်မှုအမျှင်မပြတ်တဲ့ အခြေအနေတစ်ရပ်ကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။

စျေးကွက်ထဲမှာက ကောင်းတဲ့ကစားသမားတွေက အရွယ်အမျိုးမျိုးနဲ့ ရှိနေမှာပဲ ဖြစ်ပြီး ဘယ်ကစားသမားကို ဘယ်လိုခေါ်ယူမလဲဆိုတဲ့အပိုင်းက အခုပြောနေတဲ့ Age profile ထဲမှာ ပါသွားပါတယ်။ ဒီနေရာမှာ ခြွင်းချက်က ဒီဘရိုင်းနားလို၊ ဆေးလ်ဗားလို ကစားသမားဟာ Age bracket အပြင် ရောက်သွားလည်း ကောင်းနေမှာဖြစ်ပြီး ဟော်လန်းလို ကစားသမားက Average peak age ကို မရောက်သေးလည်း ကောင်းနေမှာပါ။ ဒီအရာတွေကို Variation လုပ်ဖို့အတွက် ဆေးလ်ဗားနေရာအတွက် ဘာနာဒိုက တစ်ဖြတ်၊ ဖိုဒန်က တစ်ဖြတ် Age group ၂ ခုအနေနဲ့ အဆင်သင့်ဆက်ခံဖို့ ရှိနေတာ၊ အဂွဲရိုးရှိချိန်မှာ ဂျေးဇူးစ်လို လူငယ်က အဆင်သင့် တစ်ဖြတ်၊ စတာလင်လို နေရာစုံကစားနိုင်တဲ့ အရွယ်ကောင်းက အဆင်သင့် တစ်ဖြတ် ရှိနေခဲ့တာတွေကို ကြည့်နိုင်ပါတယ်။ အဲဒီလို ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ဒါမှ Smooth ဖြစ်တဲ့ အပြောင်းအလဲကာလတွေနဲ့အတူ စဉ်ဆက်မပြတ် အသင်းကောင်းတစ်သင်း ဖြစ်နေမှာ ဖြစ်တယ်။

ဒီ့အပြင် စဉ်းစားကြည့်မယ်ဆိုရင်တော့ အသက်ဟန်ချက်ကို တည်ပြီး Cheat code ရှာတဲ့အသင်းတွေကိုလည်း မြင်ရပါလိမ့်မယ်။ တစ်ချိန်တုန်းက ဘော်လ်တန်အသင်းဟာ Best age ကို ကျော်ရင် ကျော်ပလေ့စေ၊ အသက်ကြီးပေမဲ့ အလုံးစုံ မပျက်စီးသေးဆိုတဲ့ မူကို ကိုင်စွဲပြီး အမှတ်ရစရာတွေ ချန်ပေးခဲ့ဖူးတယ်။ သူတို့ ခေါ်ခဲ့တာက အသက်ကြီး ထိပ်သီးကစားသမားဟောင်းတွေဖြစ်ပြီး သူတို့ဆီက ကျန်ရှိနေသေးတဲ့ အလင်းတချို့နဲ့ ဘော်လ်တန်ရဲ့နေ့ရက်တွေ လှပဖူးပါတယ်။ အခြားတစ်ဖက်မှာ လူငယ်ကစားသမားတွေကို များများရှာဖွေပြီး ခြေတက်၊ စျေးတက်၊ အသင်းလည်း တက်အောင် လုပ်တာမျိုးတွေ မြင်နိုင်ပါတယ်။ ဆောက်သမ်တန်၊ လိဒ်စ်တို့က အဲဒီလိုအသင်းတွေ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကတော့ အဲဒါမျိုး အလုပ်လွန်သွားလို့ အရှိန်လွန်တန်းဆင်းသွားပါတယ်။

ဒီလို Trick တွေက ရေရှည်အောင်မြင်မှု မပေးလို့ ပင်မဗျူဟာတော့ မဖြစ်သင့်ပေမဲ့ အခြေအနေအပေါ် မူတည်ပြီး သုံးသင့်တဲ့ ဗျူဟာတွေအဖြစ် ရှိနေပါတယ်။ မန်ယူနိုက်တက်ရဲ့ ကက်စီမီရိုကို ခေါ်ယူခြင်းလိုမျိုးပါ။ သက်ကြီးကစားသမားပေမဲ့ Essentially needed ဖြစ်နေတဲ့သူလို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို ခေါ်ယူခြင်းမျိုးမှာပဲ ရော်နယ်လ်ဒိုကို ခေါ်ယူပြီး သုံးရခက်၊ စွန့်ရခက်၊ နောက်ကစားသမားတွေ ခေါ်ရခက် ဆိုတဲ့ အနေအထားမျိုးကိုလည်း မြင်နိုင်ပါတယ်။ တကယ်လို့ ရော်နယ်လ်ဒိုကိုသာ ကြားဖြတ်ဝင်မလုဘဲ စီးတီး ပြောင်းခွင့်ပေးလိုက်ရင် ဟော်လန်းရဲ့ စီးတီးရောက်နိုင်ခြေက ကျပြီး ယူနိုက်တက်ရဲ့ ဟော်လန်းကို ခေါ်နိုင်ခြေက မြင့်တက်လာမယ်ဆိုတာ မှန်းဆကြည့်လို့ရပါတယ်။ ဒီလိုအချက်တွေကြောင့် အထက်တစ်နေရာမှာ ပြောခဲ့တဲ့ Variation ဆိုတာကိုလည်း လိုအပ်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျွန်တော့်သက်တမ်းတစ်လျှောက်မှာ လူငယ်ခေါ်ရင် အင်မတန်ကြိုက်တဲ့ လူပုဂ္ဂိုလ်များစွာ တွေ့ဖူးပါတယ်။ လက်တွေ့ဘဝက ဂိမ်းထဲကလို အယ်လ်ဂိုရစ်သမ်အတိုင်း ပါဝါတက်နေမှာ၊ တစ်ရာသီပြီးတစ်ရာသီ ကောင်းလာမှာ မဟုတ်တဲ့အတွက် ဒီအယူအဆက သဘောတရားမမှန်ပါဘူး။ အပြောင်းအရွှေ့မှာ အရေးအကြီးဆုံးက ဟန်ချက်ပါပဲ။ ဟန်ချက်မလိုတဲ့ အချိန်က တစ်ခုပဲ ရှိပြီး အဲဒါက ရဗော်လူးရှင်းအချိန်ပါ။ မန်ချက်စတာစီးတီး နောက်ခံလူအများအပြားကို စျေးကြီးနဲ့ ခေါ်ချိန်တွေ၊ အခု ချယ်လ်ဆီးရဲ့ အချိန်ကာလမျိုးတွေပေါ့။ ကျန်တဲ့အချိန်တွေမှာတော့ ဟန်ချက်ညီဖို့ အရေးအကြီးဆုံးပါပဲ။ အဲဒီဟန်ချက်ထဲမှာ ခြေစွမ်း(ဝါ)လိုအပ်မှုဟန်ချက်၊ ဘဏ္ဍာရေးဟန်ချက်တွေနဲ့အတူ အခုပြောနေတဲ့ အသက်ဟန်ချက်ကလည်း အရေးကြီးစွာ ပါဝင်နေတာ ဖြစ်ပါတယ်။

ဒီအချိန်မှာ ကြည့်ရင်တော့ မန်စီးတီးက Pause လုပ်ပြီး အခြေအနေ ကြည့်နိုင်တဲ့ အနေအထား၊ အာဆင်နယ်က အကောင်းဆုံး Range ထဲကို ဝင်လာတဲ့ အနေအထား၊ မန်ယူနိုက်တက်က အရှုပ်ထုပ်တွေကို ရှင်းရင်း တဖြည်းဖြည်း စနစ်တကျ ရှိလာတဲ့ အနေအထား၊ ချယ်လ်ဆီးက ဝုန်းဒိုင်းကြဲ ရဗော်လူးရှင်း လုပ်နေရတဲ့ အနေအထားတွေကို မြင်နိုင်တယ်။ လီဗာပူးလ်ကတော့ ဖြည်းဖြည်းချင်း ပြောင်းနေတဲ့ ပုံစံကနေ ဟန်ဒါဆန်၊ ဖာဘင်ညိုတို့ စျေးကောင်းရတော့ ဝုန်းဒိုင်းကြဲ ထပြောင်းနေတာကိုလည်း မြင်ရပါတယ်။ အခုအခြေအနေမှာတော့ အားလုံးက Sense ရှိတဲ့ ခြေလှမ်းတွေကို လှမ်းနေကြပြီး အားလုံးက သူ့ခြေလှမ်းနဲ့သူ မှန်နေတဲ့အတွက် “မင်း ဘယ်လောက် ကောင်းအောင် လုပ်ပြနိုင်မလဲ”ဆိုတဲ့ ကဏ္ဍက လာမယ့်ရာသီမှာ အရေးအပါဆုံးဖြစ်လာမယ်လို့ ယူဆပါတယ်။

Address

Insein
11011

Telephone

+959887788142

Website

Alerts

Be the first to know and let us send you an email when Inside of Sports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Inside of Sports:

Share

Category