RFA Burmese

RFA Burmese http://www.rfa.org/burmese/
Ph: (+1) 202-530-4900
Email: [email protected]

Radio Free Asia (RFA) is a private, nonprofit corporation that broadcasts news and information to listeners in Asian countries where full, accurate, and timely news reports are unavailable.

ထိုင်း-မြန်မာနယ်စပ် ရှားတောက စစ်ကောင်စီစခန်းကို KA သိမ်း~~~■ ကယားပြည်နယ် (ကရင်နီပြည်) ရှားတောမြို့နယ် ထိုင်း - မြန်မာနယ်...
02/14/2025

ထိုင်း-မြန်မာနယ်စပ် ရှားတောက စစ်ကောင်စီစခန်းကို KA သိမ်း
~~~
■ ကယားပြည်နယ် (ကရင်နီပြည်) ရှားတောမြို့နယ် ထိုင်း - မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီ တောင်ကတုံးစခန်းကို ကရင်နီပြည်တပ်မတော် (KA) က ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က RFA ကိုပြောပါတယ်။

၁၂ ရက်နေ့မှာ စခန်းကို ဝင်ရောက်ရှင်းလင်းနိုင်ခဲ့တယ်လို့ KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

"တောင်ကတုံးဆိုတဲ့နေရာက ကျွန်တော်တို့ ဒီအစွန်ဆုံးပဲ၊ ရှားပင်နဲ့ ကရင်နီနဲ့ဆက်တဲ့ ဘေးလေးမှာရှိပါတယ်၊ ၁၁ ရက် ၁၂ ရက်နေ့တွေက ကျွန်တော်တို့ ဒရုန်းနဲ့ပစ်တာပေါ့လေ၊ ပြီးတော့ စနိုက်ပါနဲ့ပစ်တာပေါ့၊ ထိခိုက်ကျဆုံးမှုတော့ရှိမယ်ထင်တယ်၊ ကျွန်တော်တို့ ၁၃ ရက်နေ့ဝင်ကပ်တော့ တစ်ယောက်မှ မရှိတော့ဘူး၊ ၁၃ ရက်နေ့ မနက်စောကြီး ထွက်သွားတယ်ထင်ပါတယ်"

ဗိုလ်မှူးကြီးဘုန်းနိုင် ပြောပြချက်အရ ပွိုင့် ၅၄၁၆ - စစ်ဆင်ရေးခြေကုပ်စခန်းလို့လည်းခေါ်တဲ့ တောင်ကတုံးစခန်းမှာ စစ်ကောင်စီတပ်အင်အားလေးဆယ်ဝန်းကျင်ရှိပြီး စစ်ကောင်စီတပ်ရဲ့ မိုင်းဖြတ်မြို့အခြေစိုက် အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၈) လက်အောက်ခံတပ်တွေ အထိုင်ချတာဖြစ်ပါတယ်။ အဲဒီစခန်းက တပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲတွေကြောင့် မြန်မာ- လာအိုနယ်စပ် မိုင်းယောင်းဘက်ကို ထွက်ပြေးသွားတယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

ဒီစခန်းကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ လောက်က လက်လွှတ်လိုက်ရပြီးနောက် ကရင်နီပြည်တပ်မတော် (KA) ကပြန်လည်သိမ်းယူနိုင်တာလည်း ဖြစ်ပါတယ်။

အဲဒီစခန်းဟာ ထိုင်း - ကယားနယ်စပ်မှာ နောက်ဆုံးကျန်တဲ့ စစ်ကောင်စီတပ်စခန်းလို့ ဒေသအခြေစိုက် ကန္တာရဝတီတိုင်း (မ်) မှာ ဖော်ပြထားပါတယ်။

စခန်းသိမ်းခံရတယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း ထိုင်း - မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ မယ်လယုတပ်စခန်းကို KA က ဝင်ရောက်တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
_______
ကယားပြည်နယ် ရှားတောမြို့နယ်ရှိ စစ်ကောင်စီ တောင်ကတုံးစခန်းအား ကရင်နီပြည်တပ်မတော် (KA) က သိမ်းပိုက်ပြီးနောက် ၂၀၂၅ ခုနှစ် ဖေဖော်ရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Kantarawaddy Times)

#ကယား #တောင်ကတုံးစခန်း #လွတ်လပ်တဲ့အာရှအသံ

02/14/2025

မြန်မာစစ်ခေါင်းဆောင် အပါအဝင် ၂၅ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်
~~~
■ ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်က အရာရှိ ကြီး၊ ငယ် ၂၃ ဦးနဲ့ အဲဒီအချိန်က အစိုးရအဖွဲ့ကိုယ်စား တာဝန်ရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအသင်း ယူကေ (BROUK) RFA ကို ဒီနေ့ ပြောပါတယ်။

ဒီအမှုမှာ အဓိကပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်ကို ဦးတည်စွဲဆိုခဲ့တာဖြစ်တယ်လို့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က RFA ကို ပြောပါတယ်။

"အခုဖမ်းဝရမ်းက စစ်တပ်က ၂၃ ယောက် အပါအဝင် နောက်ဆုံးမှာတော့ သူတို့က ဒေါ်စုနဲ့ ဦးထင်ကျော်ကို ထည့်ထားတာတွေ့ရတယ်။ ၂၅ ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ BROUK ဖမ်းဝရမ်းအတွက် လျှောက်ထားတဲ့အထဲမှာ စစ်တပ်ကို ဦးတည်ထားပြီးတော့ ဖမ်းဝရမ်းကို တောင်းဆိုခဲ့တာဖြစ်ပါတယ်"

ဒီအမိန့်ကို အာဂျင်တီးနားမြို့တော် ဗျူနိုအေးရိစ် (Buenos Aires) တရားရုံးက ချမှတ်ခဲ့တာပါ။ တရားရုံးအနေနဲ့ ဒီဖမ်းဝရမ်းအကြောင်းကြားစာကို ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပ၊ OIC နိုင်ငံတွေကို ဆက်လက်ပေးပို့သွားမှာဖြစ်ပြီး ဖမ်းဆီးရေးကိစ္စကို နိုင်ငံတကာရဲတပ်ဖွဲ့က အကောင်အထည်ဖော်သွားလိမ့်မယ်လို့လည်း ဆိုပါတယ်။ အခုလို ဖမ်းဝရမ်းထုတ်တာဟာ ရိုဟင်ဂျာတွေအတွက်သာမက မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံးအတွက် တရားမျှတမှုတစ်ခု ရရှိခဲ့တာလို့လည်း ဦးထွန်းခင်က ပြောပါတယ်။

အခုလို ဖမ်းဝရမ်းထုတ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ လက်ရှိ နိုင်ငံခေါင်းဆောင်တစ်ယောက်ကို စော်ကားလိုက်တဲ့သဘောမျိုး ဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။

"တကယ် လက်တွေ့ အကောင်အထည်ပေါ်လာမလား၊ မလာဘူးလားဆိုတာကတော့ မေးခွန်းထုတ်စရာတွေ အများကြီးရှိတယ်။ သူတို့ ဘယ်လောက်ထိ လုပ်နိုင်မလဲပေါ့လေနော်။ တစ်ခုပါပဲ ကိုယ့်နိုင်ငံခေါင်းဆောင်တစ်ယောက်နေနဲ့ စော်ကားခံရမှုမျိုး ဖြစ်သွားတာပေါ့လေ။ ဒါကို နိုင်ငံအနေနဲ့ ဘယ်လို ဆုံးဖြတ်မလဲပေါ့။ ဆိုလိုတာကတော့ ဂရုမစိုက်ဘဲ ဒီအတိုင်းနေလို့ရတယ်ဆိုရင်လည်း ရမဲ့အနေအထားပေါ့။ ဒါပေမဲ့ သူ့အနေနဲ့ ဘယ်လိုမျိုး ထုတ်ပြန်ချက်လာမလဲ ဒါတော့ တစ်ချက် စောင့်ကြည့်ရမှာပေါ့နော်"

ဒီအမှုကို ၂၀၁၉ ခုနှစ်မှာ BROUK အဖွဲ့က တရားလိုလုပ်ပြီး ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အာဂျင်တီးနားတရားရုံးမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အခုလိုတိုင်ကြားရာမှာ ပြစ်မှုကျူးလွန်သူတွေအဖြစ် စုစုပေါင်း ၂၃ ဦး ပါဝင်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့လို တာဝန်ရှိတဲ့သူ ထိပ်တန်း စစ်ခေါင်းဆောင်တွေအပြင် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာရွာတစ်ရွာကို တိုက်ခိုက်ခဲ့ရာမှာ အဓမ္မပြုကျင့်တာ၊ သတ်ဖြတ်တာတွေကို တိုက်ရိုက်ကျူးလွန်ခဲ့ကြတဲ့ အဆင့်နိမ့်အရာရှိတွေလည်း ပါဝင်ပါတယ်။

အလားတူ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့မှာလည်း ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာမှာ အဓိကတာဝန်ရှိတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ခုနစ်ဦးကို နိုင်ငံတကာက ဖမ်းဝရမ်းထုတ်ပေးဖို့ BROUK က အာဂျင်တီးနားတရားရုံးကို လျှောက်ထားခဲ့တာပါ။

ဒီအမှုကို အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့တော်က ဖက်ဒရယ်တရားရုံးမှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က ကြားနာခဲ့ပြီး ရိုဟင်ဂျာ မျက်မြင်သက်သေ ခုနစ်ဦးက ထွက်ဆိုခဲ့ပါတယ်။

အဲဒီနောက် ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအပေါ် အရေးယူဖို့ အာဂျင်တီးနား အစိုးရရှေ့နေက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က တရားရုံးထံ တင်သွင်းလာတဲ့ လျှောက်လွှာထဲမှာတော့ အဲဒီအချိန်က အစိုးရအဖြစ် တာဝန်ယူခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ရဲ့ အမည်တွေလည်း ပါဝင်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် ပါဝင်နေတာက အဓိပ္ပာယ်မရှိဘူးလို့ RFA ကို ပြောပါတယ်။

"အဓိပ္ပာယ်မရှိပါဘူး။ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထည့်ထားတယ်ဆိုတဲ့ကိစ္စက ဘာမှ အဓိပ္ပာယ်မရှိတဲ့ကိစ္စဗျ။ ဒါ ခုတ်ရာတခြား ထစ်ရာတခြားပေါ့နော်။ နဂိုကတည်းက သူတို့မှာ သူတို့ရဲ့ အစွဲအလန်းတွေနဲ့ ဖြစ်နေတဲ့ဥစ္စာဗျ။ မြန်မာနိုင်ငံရဲ့ အခြေအနေအမှန်၊ မြန်မာနိုင်ငံမှာရှိနေတဲ့ အခြေအနေ အရပ်ရပ်ကို သူတို့ မခြုံငုံမိပါဘူးဗျနော်။ အဲလိုပဲ ပြောချင်ပါတယ်"

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခုမှာ နေထိုင်တဲ့ ရိုဟင်ဂျာ လူငယ်များအစည်းအရုံးရဲ့ ညွှန်ကြားရေးမှူး ဦးခင်မောင်ကတော့ အာဂျင်တီးနား တရားရုံးက အခုလို ဖမ်းဝရမ်းထုတ်ပြန်လိုက်တာကို ဝမ်းသာကြိုဆိုတယ်လို့ ပြောပါတယ်။

"ပထမအနေနဲ့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့လူမျိုးတွေကို မတရား သတ်ဖြတ်တာ၊ လူမျိုးတုံးသတ်ဖြတ်မှုလုပ်တာ အဲဒီလူတွေကို ဘယ်တော့မှ လွတ်နိုင်မှာမဟုတ်ဘူး။ တစ်စတစ်စ ပေါ်လာမှာ။ အခု အာဂျင်တီးနားကိစ္စ ပေါ်လာတယ်။ နောက်ထပ်မှ ICC ကိစ္စပေါ်လာမယ်။ နောက်ထပ် ICJ ကိစ္စ ပေါ်လာမယ်။ တစ်စတစ်စ ပေါ်လာမှာ။ ကျွန်တော်တို့ ရိုဟင်ဂျာတွေ၊ တခြားတိုင်းရင်းသားတွေ ရက်ရက်စက်စက် သတ်တဲ့သူတွေအတွက် နေရာမရှိလေ။ ကမ္ဘာပေါ်မှာ နေရာကျဉ်းတဲ့ပုံစံ ဖြစ်သွားပြီ"

ဆွီဒင်နိုင်ငံအခြေစိုက် ဥပဒေပညာရှင် ဦးအောင်ထူးကလည်း အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်တာက ဖမ်းဆီးနိုင်တဲ့အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

"အာဂျင်တီးနားတရားရုံးဟာ နိုင်ငံတစ်နိုင်ငံရဲ့ တရားရုံးအသေးလေးမို့လို့ အထင်သေးလို့မရပါဘူး။ ဘယ်အပေါ်မှာမူတည်လဲဆိုတော့ အထူးသဖြင့် အာဆီယံနိုင်ငံတွေထဲမှာ ဘယ်နိုင်ငံက Universal Jurisdiction လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ စီရင်ခွင့်အာဏာကို ကျင့်သုံးလဲ။ ဥရောပနိုင်ငံတွေမှာတော့ တော်တော်များကျင့်သုံးတယ်။ အာဆီယံမှာတော့ ရှားရှားပါးပါးပဲ။ အဲဒီတော့ အင်ဒိုနီးရှားက ကျင့်သုံးမလား၊ မလေးရှားက ကျင့်သုံးမလား။ ကျင့်သုံးတဲ့နိုင်ငံတွေကို ခရီးထွက်သွားပြီဆိုရင်တော့ မင်းအောင်လှိုင်နဲ့ သက်ဆိုင်ရာ အပေါင်းအပါတွေကို ဖမ်းလို့ရနိုင်တဲ့အခြေအနေ ဖြစ်ပေါ်လာနိုင်တယ်လို့ပဲ ယေဘုယျ ရှင်းပြပါရစေ"

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ရဲ့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့ အစီရင်ခံစာအရ ဘယ်နိုင်ငံတရားရုံးကမဆို တရားစွဲဆိုပြီး စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ (Universal Jurisdiction) ကို စုစုပေါင်း ၁၄၇ နိုင်ငံက ခွင့်ပြုလက်ခံထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ် ကာရင် အာဆက် အာမက်ခန် (Karim AA Khan) ကလည်း ICC တရားရုံးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့က လျှောက်ထားခဲ့ပါတယ်။
---------------

#စစ်ခေါင်းဆောင် #အာဂျင်တီးနား #ဖမ်းဝရမ်းထုတ် #လွတ်လပ်တဲ့အာရှအသံ

02/14/2025

RFA နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂၀၂၅ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်း)
~~~
- ငါးသိုင်းချောင်း အမြောက်တပ်အနီး AA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊
- ကျိန္တလီမြို့ အကြိမ်ကြိမ်ဗုံးကြဲခံရပြီး သုံးဦး သေ၊ ၁၁ ဦး ဒဏ်ရာရ၊
- ကလေးမြို့နယ်မှာ တိုက်ပွဲပြင်းထန်၊
- မြန်မာစစ်ခေါင်းဆောင်အပါအဝင် ၂၅ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်၊
- ပုဂံညောင်ဦးအနီး လေကြောင်းကတိုက်ခိုက်လို့ ဒေသခံတွေထွက်ပြေးရ၊
- တရားမဝင်ဝင်ရောက်မှုနဲ့ နှစ်ပတ်အတွင်း မြန်မာ ၅၀၀ ကျော် ထိုင်းမှာဖမ်းဆီးခံရ၊
…စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။

02/14/2025

မြန်မာစစ်ခေါင်းဆောင်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၂၅ ဦး ဖမ်း၀ရမ်းအထုတ်ခံရ

#စစ်ခေါင်းဆောင် #ဒေါ်အောင်ဆန်းစုကြည် #ဖမ်း၀ရမ်း #လွတ်လပ်တဲ့အာရှအသံ

02/14/2025

ပုဂံဒေသအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထွက်ပြေးနေ
~~~
■ မန္တလေးတိုင်း ပုဂံ၊ ညောင်ဦးဒေသထဲက ကျောက်ပြင်ကန် ကျေးရွာအနီးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်ခဲ့တာကြောင့် အဲဒီရွာခံတစ်ထောင်လောက် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကျောက်ပြင်ကန်၊ ယာတောကြီးနဲ့ ဂျိုးကန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပြီး နောက် အခုလို လေကြောင်းနဲ့ တိုက်ခိုက်တာလို့ ဆိုပါတယ်။

အဲဒီနေရာဟာ ညောင်ဦးမြို့နဲ့ ခုနစ်မိုင်ခန့်ကွာဝေးပြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ရှေးဟောင်းယဉ်ကျေးမှုဇုန် ဧရိယာနဲ့ သုံးမိုင်လောက်ပဲ ကွာဝေးတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ပစ်ခတ်သွားတာလို့ အဲဒီရွာတွေအနီးမှာ နေထိုင်သူ ညောင်ဦး ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

"မနက်ကြီး။ မနေ့ကတုန်းကလည်း လေယာဉ်နဲ့ပစ်တာ အနောက်ဘက်ပေါ့။ တို့နဲ့ သုံးလေးရွာတော့ ခြားတာပေါ့ကွာ။ လေယာဉ်က ပစ်တာတွေရော၊ လာတာတွေရော အကုန်မြင်ရတယ်။ ရွာတွေပေါ်တော့ မကျဘူးပေါ့။ သူတို့ ဟိုတစ်နေ့ကလည်း တိုက်ပွဲတစ်ခါဖြစ်ပြီးပြီ။ အဲနားပဲ ဖြစ်တဲ့နေရာကိုချတာ"

ကျောက်ပြင်ကန်ရွာက ထိခိုက်ပျက်စီးတဲ့ အခြေအနေနဲ့ ထွက်ပြေးနေရသူတွေရဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အဲဒီရွာအနီး ပတ်ဝန်းကျင်ကို လောလောဆယ် စစ်ကြောင်းထိုးနေပြီး ရွာတွေထဲမှာပါ တပ်စွဲတာကြောင့် ထွက်မပြေးရတဲ့ ရွာတွေက ဒေသခံတွေ အပြင်မထွက်ရဲကြဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

"ကျောက်ပြင်ကန်ရွာက ပြေးကုန်ပြီလို့ ပြောတယ်။ ညီမတို့ရွာကတော့ ကိုယ့်အိမ်ထဲမှာ ကိုယ်နေရတယ်။ သေနတ်သံတော့ ကြားရတယ်။ ဘယ်သူမှကို အပြင်မထွက်ရဲကြဘူး။ အခုထွက်ပြေးရင် ပိုဆိုးမယ်လို့ ပြောတယ်။ ယောက်ျားလေးတွေ ပိုမထွက်ရဲကြဘူး"

ဒီနေ့မှာလည်း အနောက်အုံရွာနဲ့ ချောင်းရှည်ရွာအနီးမှာ ငါးမျှားနေတဲ့ လူငယ်တစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာဟာ ရှေးဟောင်းယဉ်ကျေးမှူဇုန်ထဲ မဟုတ်ပေမဲ့ အဲဒီဧရိယာနဲ့ နီးတယ်လို့ ညောင်ဦးမြို့ခံတစ်ယောက်က RFA ကို ပြောပါတယ်။

"ရှေးဟောင်းဇုန်ဆိုတာက ဘုရားတွေ ရှေးဟောင်းနေရာတွေပဲ၊ ရှိတဲ့နေရာတွေကိုပဲ သတ်မှတ်တာ။ ဘုရားအဟောင်းကြီးတွေ ရှိတဲ့နေရာပဲ သတ်မှတ်တာ။ အဲဒီ ကျောက်ပြင်ကန်တို့ဆိုတာက ရှေးဟောင်းဇုန်နဲ့ မသက်ဆိုင်ဘူး။ ဝေးတယ်လေ ရှေးဟောင်းဇုန်ထဲ မပါဘူး။ ဒါပေမဲ့ နီးတယ်လို့တော့ ပြောရမှာပေါ့"

တိုက်ပွဲဖြစ်တဲ့နေရာနဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာဟာ ရှေးဟောင်းယဉ်ကျေးမှု ဧရိယာထဲ ပါသလားဆိုတာသိရဖို့ ရှေးဟောင်းယဉ်ကျေးမှုနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံ ဌာနခွဲ) ရဲ့ ညွှန်ကြားရေးမှူး ဦညီမွန်ကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ အစည်းအဝေးကြောင့် အကြောင်းပြန်ဖြေဆိုခြင်း မရှိပါဘူး။

လေကြောင်းတိုက်ခိုက်မှုအတွက် တုံ့ပြန်မှုရဖို့ မန္တလေးတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ပုဂံ၊ ညောင်ဦးဒေသမှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးဖော်ဆောင်မယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုဂံပြည်ဘီလူးတပ်) က ဇန်နဝါရီလ ၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ရှေးဟောင်းဘုရားတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ မထိခိုက်အောင် လုပ်ဆောင်မယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောထားပါတယ်။

ပုဂံဒေသဟာ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ၊ ပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ - ယူနက်စကို (UNESCO) ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ခဲ့ပါတယ်။

(မှတ်ချက် - ဤသတင်းတွင် နောက်ထပ် ပုဂံဒေသခံ နှစ်ဦး၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)
_________

#ပုဂံ #လေကြောင်းတိုက်ခိုက်မှု #လွတ်လပ်တဲ့အာရှအသံ

ရွှေကုက္ကိုက တရုတ်ကုမ္ပဏီတွေကို BGF ဝင်ရောက်စီးနင်း~~~■ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်က အွန်လိုင...
02/14/2025

ရွှေကုက္ကိုက တရုတ်ကုမ္ပဏီတွေကို BGF ဝင်ရောက်စီးနင်း
~~~
■ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်က အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေတယ်လို့ ယူဆရတဲ့ တရုတ်ကုမ္ပဏီပိုင် အဆောက်အအုံတွေကို ကရင်နယ်ခြားစောင့်တပ် (BGF) က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ဝင်ရောက်စီနင်းပြီး နိုင်ငံခြားသားတွေကို ရှာဖွေစစ်ဆေးနေပါတယ်။

သဲပုံဂိတ်၊ ဝမ်ဖာဂိတ်၊ ရပ်ကွက် (၁)၊ ရပ်ကွက် (၂)၊ ရထိုက်ကုမ္ပဏီဝင်းနဲ့ အပိုလိုကုမ္ပဏီဝင်း တို့ကို ဝင်ရောက်စီးနင်းရှာဖွေတာတွေ လုပ်ဆောင်နေတာပါ။

ဒီလိုစီးနင်းနေချိန် ထိုင်းနိုင်ငံထဲကို ထွက်ပြေးရှောင်တိမ်းတာတွေ မလုပ်နိုင်ဖို့ နယ်စပ်မှာ BGF က လုံခြုံရေး တင်းကျပ်ထားတယ်လို့လည်း ဆိုပါတယ်။

အဲဒီနေရာတွေမှာ တရုတ်နိုင်ငံသားတွေ အပါအဝင် အစုလိုက်အပြုံလိုက် တွေ့ရှိရတဲ့ နိုင်ငံခြားသားတွေကို စကားပြန်ကတစ်ဆင့် အချက်အလက်ကောက်ယူနေတယ်လို့ BGF နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

BGF ထိပ်ပိုင်းခေါင်းဆောင် သုံးဦး လူကုန်ကူးမှုနဲ့ ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲထားတဲ့ ထိုင်းအစိုးရရဲ့ ဖိအားနဲ့ ကျားဖြန့်လုပ်ငန်းတွေကို အမြစ်ပြတ် နှိမ်နင်းဖို့ ဆန္ဒရှိနေတဲ့ တရုတ်အစိုးရရဲ့ ဖိအားကိုပါ ကြုံနေရချိန် BGF က အခုလိုအရေးယူမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်လာပါတယ်။
---------------

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်က ကုမ္ပဏီအဆောက်အုံများအား BGF က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့စဉ်။ (Citizen Photo)

#ရွှေကုက္ကို #တရုတ် #ကျားဖြန့် #လွတ်လပ်တဲ့အာရှအသံ

02/14/2025

ပုဂံ ရှေးဟောင်းယဥ်ကျေးမှုဇုန်အနီး လေကြောင်းတိုက်ခိုက်ခံရ

#အိန္ဒိယ #ကူးသန်းသွားလာခွင့် #လွတ်လပ်တဲ့အာရှအသံ

ရန်ကုန်က တန်ဖိုးနည်းတိုက်ခန်းများ ဝယ်ယူဖို့မလွယ်ကြောင်း မြို့ခံတွေပြော~~~■ ရန်ကုန်မြို့မှာ စစ်ကောင်စီက ရောင်းချပေးနေတဲ့ ...
02/14/2025

ရန်ကုန်က တန်ဖိုးနည်းတိုက်ခန်းများ ဝယ်ယူဖို့မလွယ်ကြောင်း မြို့ခံတွေပြော
~~~
■ ရန်ကုန်မြို့မှာ စစ်ကောင်စီက ရောင်းချပေးနေတဲ့ တန်ဖိုးနည်းတိုက်ခန်းတွေကို မရှိဆင်းရဲသူတွေ ဝယ်ယူဖို့ မလွယ်ကူဘူးလို့ ရန်ကုန်မြို့ခံတွေက RFA ကို ဖေဖော်ဝါရီ ၁၄ ရက် ဒီနေ့ပြောပါတယ်။

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျီစုသုသာန်အနီး ရိုးမရိပ်သာအိမ်ရာက တိုက်ခန်းတွေကို စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းအစိုးရက ဝယ်ယူခွင့်လျှောက်လွှာတွေ ရောင်းချနေတာလို့ ဆိုပါတယ်။

တိုက်ခန်းတွေရဲ့ တန်ဖိုးက ကျပ် ၁၂၅ သိန်းက ကျပ်သိန်း ၃၂၀ ကြားရှိပြီး သုံးလအတွင်း အရစ်ကျ ပေးချေဖို့ လျှောက်လွှာမှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့ခံတစ်ဦးကတော့ မရှိဆင်းရဲတဲ့သူတွေအတွက် သိန်းရာဂဏန်းရှိတဲ့ တိုက်ခန်းတွေကို သုံးလ အရစ်ကျနဲ့ ဝယ်ယူနိုင်တဲ့ အခြေအနေမရှိဘူးလို့ RFA ကို ပြောပါတယ်။

"ဝင်ငွေနည်းတဲ့သူတွေအတွက်ဆိုပေမဲ့ သိန်းသုံးရာဆိုတာလည်း တကယ်ကို နေစရာမရှိတဲ့ လူတွေအတွက်တော့ ရှာရမလွယ်တဲ့ ငွေပမာဏပါပဲ။ နေစရာမရှိလောက်အောင် ခက်ခဲနေတဲ့သူကလည်း သိန်းရာဂဏန်းလောက်ကို သုံးလနဲ့ ပေးနိုင်တဲ့ အနေအထားမရှိပါဘူး"

လျှောက်လွှာတွေကိုတော့ တစ်စောင် သုံးထောင်နှုန်းနဲ့ ရောင်းချနေပြီး ဘယ်သူမဆို လာရောက် ဝယ်ယူနိုင် တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အစိုးရဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အိမ်ခန်းလျှောက်လွှာတွေကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ မှတ်ပုံတင်နဲ့တကွ လူကိုယ်တိုင် ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။
_________

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေ ဦးစီးဌာနတွင် အိမ်ရာလျှောက်လွှာဝယ်ယူရန် စောင့်ဆိုင်းနေကြသူများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

#တန်ဖိုးနည်းတိုက်ခန်း #ရန်ကုန် #လွတ်လပ်တဲ့အာရှအသံ

အိန္ဒိယ-မြန်မာနယ်စပ်မှာ လူခုနစ်ထောင်ကို စိစစ်ပြီး ပြန်လည်ဖြတ်သန်းခွင့်ပြု  ~~~■ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်မှာ ပြန်...
02/14/2025

အိန္ဒိယ-မြန်မာနယ်စပ်မှာ လူခုနစ်ထောင်ကို စိစစ်ပြီး ပြန်လည်ဖြတ်သန်းခွင့်ပြု
~~~
■ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်မှာ ပြန်လည်ပြင်ဆင်ထားတဲ့ လွတ်လပ်စွာ ကူးသန်းသွားလာခွင့် (Free Movement Regime-FMR) စနစ်အရ မြန်မာနိုင်ငံသား ခုနစ်ထောင်ကို ဖြတ်သန်းသွားလာခွင့်ပြုခဲ့တယ်လို့ The Indian Express သတင်းမှာ ဖေဖော်ဝါရီလ ၁၄ ရက် ဒီနေ့ ဖော်ပြပါတယ်။

ဖြတ်သန်းသွားလာသူတွေရဲ့ ကိုယ်ရေးအချက်အလက် အပါအဝင် ဇီ၀ဆိုင်ရာ အသေးစိတ်အချက်အလက်တွေ ကောက်ယူပြီးနောက် အခုလို ဖြတ်သန်းခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။

အရင်က FMR စနစ်ကို ဖျက်သိမ်းမယ်လို့ ကြေညာခဲ့ပေမဲ့ နာဂလန်း၊ မီဇိုရမ်နဲ့ မဏိပူရ်ပြည်နယ်တွေက နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့နဲ့ ဒေသခံတွေက ကန့်ကွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် FMR စနစ်ကို ဖျက်သိမ်းမဲ့အစား ပိုပြီးတင်းကျပ်ဖို့တွက် ဗဟိုအစိုးရက ဆုံးဖြတ်ခဲ့တာပါ။

ပြင်ဆင်ထားတဲ့ FMR စနစ်သစ် စည်းကမ်းတွေအရ နယ်စပ်ရဲ့ ဆယ်ကီလိုမီတာ (၇ မိုင်ဝန်းကျင်) မှာ နေထိုင်သူတွေဟာ သက်ဆိုင်ရဲစခန်း ဒါမဟုတ် ဒေသအုပ်ချုပ်ရေး အာဏာပိုင်တွေက ထုတ်ပေးထားတဲ့ နေထိုင်ကြောင်း အထောက်အထားကို ပြသရမှာဖြစ်ပါတယ်။

အဲဒီအထောက်အထား ရရှိလာတဲ့အခါ နောက်တစ်ဆင့်အနေနဲ့ ဓာတ်ပုံ၊ လက်ဗွေ အပါအဝင် ဇီ၀အချက်အလက်တွေကို ကောက်ယူပြီးမှသာ နယ်စပ်ဖြတ်သန်းခွင့် ထုတ်ပေးမှာဖြစ်တယ်လို့ အိန္ဒိယ အာသံရိုင်ဖယ်တပ်ရဲ့ အကြီတန်းအရာရှိ တစ်ဦးက ပြောပါတယ်။ ဒီလိုဆောင်ရွက်ပြီးရင်တော့ ဖြတ်သန်းခွင့် တစ်ကြိမ်ကို ခုနစ်ရက်သက်တမ်း ရရှိမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူဝင်ရောက်တာတွေကို လက်ရှိ နယ်စပ်ဂိတ် ၂၂ ဂိတ်ကနေ ၄၃ ဂိတ်အထိ တိုးမြှင့်ခွင့်ပြုသွားမယ်လို့ အာသံရိုင်ဖယ်တပ်ရဲ့ အကြီတန်းအရာရှိက ပြောပါတယ်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ဟာ ကီလိုမီတာ (၁၆၄၀) ကျော် မိုင် (၁၀၂၀) နီးပါး ထိစပ်နေပြီး အိန္ဒိယဘက်က နယ်စပ်နေရာတချို့ကို ခြံစည်းရိုး ခတ်တဲ့လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။
_________

ZORO အဖွဲ့နှင့် ဒေသခံ‌များ ရိဒ်- ဇိုခေါ်ထာရ် နယ်စပ်ဂိတ်အနီးတွင် FMR မဖျက်သိမ်းရေး၊ နယ်စပ်ခြံစည်းရိုးမကာရေးအတွက် ဆန္ဒပြနေသည်ကို ၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)

#အိန္ဒိယ #ကူးသန်းသွားလာခွင့် #လွတ်လပ်တဲ့အာရှအသံ

မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်မှုနဲ့ ဂျပန်တစ်ဦးကို ထိုင်းရဲ ဖမ်းဆီး~~~■ မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်မှုမှာ ပါဝင်ပတ...
02/14/2025

မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်မှုနဲ့ ဂျပန်တစ်ဦးကို ထိုင်းရဲ ဖမ်းဆီး
~~~
■ မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်မှုမှာ ပါဝင်ပတ်သက်တဲ့ သံသယနဲ့ ၂၉ နှစ်အရွယ် ဂျပန် အမျိုးသားတစ်ဦးကို ကြာသပတေးနေ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောကြားတဲ့အကြောင်း Jiji သတင်းက ဖေဖော်ဝါရီ ၁၄ ရက်မှာ ဖော်ပြပါတယ်။

ရန်ကုန်ကနေ ဘန်ကောက်မြို့လေဆိပ်ကို ရောက်ရှိလာပြီးနောက် ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

ဂျပန်နိုင်ငံက ထုတ်ထားတဲ့ ဝရမ်းနဲ့ ဖမ်းဆီးတာဖြစ်ပြီး ထပ်မံစုံစမ်းစစ်ဆေးဖို့ သူ့ကို ဂျပန်ကို ပြန်ပို့မယ်လို့ မျှော်လင့်ရကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ထိုင်း-မြန်မာနယ်စပ်နားက ကရင်ပြည်နယ်မှာရှိပြီး တရုတ် ရာဇဝတ်ဂိုဏ်းတစ်ဂိုဏ်း လည်ပတ်တဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းမှာ ဒီဂျပန်အမျိုးသား ပါဝင်ပတ်သက်တယ်လို့ သံသယရှိရကြောင်းလည်း ပြောပါတယ်။

ထိုင်းကို ဇန်နဝါရီလက ရောက်လာတဲ့ ဂျပန်အထက်တန်းကျောင်းသားတစ်ဦး မြန်မာနိုင်ငံ ခေါ်သွားမှုမှာ သူ ပါဝင်ပတ်သက်တယ်လို့ ဆိုပါတယ်။ ဂျပန်ကျောင်းသားကိုတော့ အကာအကွယ်ပေးထားနိုင်ပြီလို့ ပြောပါတယ်။
_________

အွန်လိုင်းငွေလိမ်ဂိုဏ်းများရှိရာ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်တွင်ရှိသည့် အဆောက်အအုံများကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

#အွန်လိုင်းလိမ်လည်မှု #ဖမ်းဆီး #ဂျပန် #ထိုင်း #လွတ်လပ်တဲ့အာရှအသံ

02/14/2025

ထိုင်းကို တရားမဝင် ဝင်ရောက်မှုနဲ့ နှစ်ပတ်အတွင်း မြန်မာ ၅၀၀ ကျော် ဖမ်းဆီးခံရ
~~~
■ မြန်မာနိုင်ငံမှာ ထပ်မံထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ နဲ့ အမျိုးသမီး စစ်မှုထမ်း စာရင်းကောက်ယူလာတဲ့ အခြေအနေတွေကြောင့် နီးစပ်ရာနိုင်ငံတွေကို ထွက်ခွာလာခဲ့တဲ့ မြန်မာနိုင်ငံသားဦးရေ မြင့်တက်လာခဲ့သလို ဖမ်းဆီးခံခဲ့ရတာတွေလည်း အများအပြားရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာဆိုရင် စစ်မှုထမ်းနည်းဥပဒေ ပြဋ္ဌာန်းလိုက်တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့ နောက်ပိုင်းကစပြီး အခု ဖေဖော်ဝါရီ ၁၁ ရက်နေ့အတွင်း သီတင်းနှစ်ပတ်ကျော်အတွင်း တရားမဝင် ဝင်ရောက်လာလို့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၅၆၈ ဦး ရှိခဲ့ပြီးဖြစ်ပါတယ်။

ဒါဟာ အခုနှစ်စကနေ နည်းဥပဒေပြဋ္ဌာန်းတဲ့နေ့အထိ သီတင်းသုံးပတ်အတွင်း ထိုင်းနိုင်ငံမှာ ဖမ်းဆီးရတဲ့ မြန်မာနိုင်ငံသား ၁၁၈ ဦးအရေအတွက်ထက် ၅ ဆ မြင့်တက်လာခဲ့တယ်လို့ ပြောရမှာပါ။

ဒီစာရင်းတွေဟာ ထိုင်းသတင်းဌာနတွေရဲ့ တရားဝင် ဖော်ပြချက်ကို RFA က ပြုစုထားတာဖြစ်ပြီး လက်တွေ့မှာ ဒီထက်လည်း ပိုများနိုင်တယ်လို့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။

အမျိုးသမီးတွေကိုပါ စစ်မှုထမ်းခိုင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက်ပိုင်း ပြင်ဆင်ချိန်တောင် မရဘဲ ရုတ်တရက် နီးစပ်ရာ ထိုင်းနိုင်ငံကို ထွက်လာခဲ့တယ်လို့ အသက် ၂၆ နှစ်အရွယ် မခိုင်ဇာ (အမည်လွှဲ) က ပြောပါတယ်။

“သူတို့အုပ်ချုပ်မှုမှာလည်း မနေချင်ဘူး။ သူတို့ဘယ်အချိန် မိန်းကလေး စစ်မှုထမ်းခေါ်မလဲဆိုပြီး စိုးရိမ်တဲ့ အတွက်ကြောင့် ဒီဘက်ကို မဖြစ်မနေ လာတော့မယ်။ နိုင်ငံရေးကောင်းမှ ငါ့နိုင်ငံ ငါပြန်တော့မယ်ဆိုပြီးပေါ့။ ဘာလို့ရုတ်တရက် ထွက်လာလဲဆိုရင် နောက်ပိုင်းတွေ ပိုပြီးတော့ ထွက်လို့မလွယ်တော့မှာစိုးလို့ ချက်ချင်းထွက်လာတာ”

ဇန်နဝါရီလ ဒုတိယပတ်လောက်ကစပြီး ရန်ကုန်တိုင်း သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ ဒေါပုံ၊ သာကေတ၊ လှိုင်သာယာနဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း) စတဲ့ မြို့နယ်တွေမှာ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အကြား အမျိုးသမီးတွေ စာရင်းကို အာဏာပိုင်တွေ ကောက်ယူနေတာတွေကြောင့် လူငယ်အမျိုးသမီးတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေပြီး ပြည်ပနိုင်ငံကို တရားဝင်ရော၊ တရားမဝင်ပါ ထွက်ဖို့နည်းလမ်းရှာလာကြပါတယ်။

ဒါပေမဲ့ မိသားစုအခြေအနေကြောင့် ပြည်ပကိုလည်း ရှောင်တိမ်းလို့ မရတဲ့သူတွေက ရှိနေပြန်ပါတယ်။

သာကေတမြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် မသော် (အမည်လွှဲ) က သူ့ရဲ့အခက်အခဲကို အခုလိုပဲ ပြောပြပါတယ်။

“မောင်နှမ နှစ်ယောက်ရှိတဲ့အခါမှာ မောင်လေးက ယောကျာ်းလေးဖြစ်တော့ ပိုဆိုးတယ်လေ။ ယောကျာ်းလေးကျ တစ်ခါတည်းဆွဲစိလိုက်ပြီဆိုရင် စစ်မြေပြင်ကို ပို့လိုက်တာဆိုတော့ ညီမတို့ခံစားနိုင်မှာ မဟုတ်ဘူးဆိုတော့လေ။ ကိုယ့်မောင် အရင်ဆုံးထွက်ဖို့ကိုပဲ လုံးပမ်းနေရတာပေါ့။ ဘယ်အချိန် ငါ့နာမည်ပါပြီးတော့၊ ဘယ်အချိန် သူတို့ဆီကို ရောက်သွားမလဲပေါ့နော်။ ပူပန်ရပေါ့။ ကိုယ်တင် မဟုတ်ဘူး။ မိန်းကလေး သူငယ်ချင်းတွေ အကုန်လုံး ပူနေကြတာပေါ့”

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အမျိုးသမီးစစ်မှုထမ်း ဆင့်ခေါ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြောထားပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းပြီး စစ်မှုထမ်းဖို့ စပြီးစုဆောင်းလာထဲက နိုင်ငံပြင်ပကိုထွက်ပြီး အလုပ်လုပ်နိုင်ဖို့ပဲ ကြိုးစားခဲ့တယ်လို့ ထိုင်းနိုင်ငံက စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၂၀ အရွယ် လူငယ်တစ်ယောက်က ပြောပါတယ်။

“တစ်စုံတစ်ယောက် အာဏာတည်မြဲရေးအတွက် ကျန်တဲ့ပြည်သူတွေကို အသုံးချတာက ကိုယ်ချင်းစာတရား ခေါင်းပါးတဲ့ လုပ်ရပ်ပါ။ ကျွန်တော်အနေနဲ့ဆိုရင်လည်း ကိုယ့်ခံယူချက် မပါဘဲနဲ့ စစ်မှုထမ်းရတာမျိုး လုံးဝမလုပ်ပါဘူး”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေကို ပြည်ပနိုင်ငံတွေဆီ ထွက်ခွာခွင့် ပိတ်ပင်တဲ့ ပုဒ်မတွေကို စစ်ကောင်စီက ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

ဒီလို ပိတ်ပင်လိုက်ပေမဲ့ တရားမဝင်လမ်းကြောင်းကနေ၊ ကုန်ကားတွေရဲ့ အောက်ကနေ လိုက်ပါလာတာ၊ ကုန်ပစ္စည်းတွေနဲ့ အပေါ်က ဖုံးအုပ်ထားတာ၊ ပွဲစားက တောအစပ်တွေမှာ စွန့်ပစ်ခဲ့တာ စတဲ့ပုံစံတွေနဲ့ ထိုင်းနိုင်ငံထဲမှာ ဖမ်းမိနေပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက မြန်မာနိုင်ငံရဲ့ ဆိုးရွားလာတဲ့ အကျပ်အတည်းတွေက ပြည်သူတွေကို အခုလို စွန့်စားဖို့ ဖြစ်လာခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“ဇန်နဝါရီလကုန်မှာ ကန်ချနဘူရီကို ဝင်တာကြောက်စရာကြီး။ နောက်ဆုံးအခုပြေးကြတယ်ဆိုတဲ့ နေရာမှာ မိသားစုလိုက် ပြေးကြတာကို တွေ့ရတယ်။ ဥပမာအားဖြင့်ဆိုရင် မလေးရှားအထိ ခရီးရှည် လေးဆင့်လောက် သွားရတဲ့ခရီး။ ခရီးရှည်ကြီးကို ကိုယ့်ရဲ့ ရင်သွေး လူမမယ်ကလေးတွေကိုပါခေါ်ပြီး သွားကြတယ်ဆိုတာ အလောင်းအစား ကြီးလွန်းတယ်”

၂၀၂၄ ခုနှစ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်လို့ ဖမ်းဆီးခံရတဲ့ မြန်မာ ခုနစ်ထောင်ကျော် ရှိတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြချက်ကို စုစည်းပြီး အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။

တရားမဝင် နယ်စပ်ဖြတ်ကျော်မှု အများဆုံးကတော့ ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ကန်ချနဘူရီခရိုင်၊ မြဝတီနဲ့ထိစပ်နေတဲ့ တာ့ခ်ခရိုင်၊ တနင်္သာရီနဲ့ ထိစပ်နေတဲ့ ချွန်ပွန်ခရိုင်၊ ရနောင်းခရိုင်အပြင် ချင်းရိုင်ခရိုင်နဲ့ ဆုန်ခလာခရိုင်တို့ ဖြစ်တယ်လို့ လုပ်သမားအရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ သက်ဆိုင်ရာ ပြစ်မှုပြစ်ဒဏ်အလိုက် ထောင်ချခံရမှာပါ။ အဲဒီနောက်မှာတော့ ထိုင်းအာဏာပိုင်တွေက နေရပ်ကို ပြန်ပို့လိုက်တဲ့အခါ မြန်မာနိုင်ငံဘက်က ကော့သောင်းအရောက် စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခံရတာတွေရှိနေပါတယ်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဥ် (၁) ဖွင့်တဲ့ ၂၀၂၄ ခုနှစ် ဧပြီလကုန်ပိုင်းမှာပဲ ရနောင်း - ကော့သောင်းလမ်းကြောင်းကနေ ပြန်ပို့ခဲ့ရတဲ့သူတွေ စတင်ဖမ်းဆီးခံရတာလို့ မြို့ခံတွေက ပြောပါတယ်။

အခုလို စစ်မှုထမ်းဖို့ ဖမ်းဆီးခံရတဲ့ လူငယ်တွေထဲမှာ မြန်မာနိုင်ငံကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ဖမ်းဆီးခံရသူတွေအပြင် ထိုင်းနိုင်ငံထဲရောက်မှ အထောက်အထား စာရွက်စာတမ်း စစ်ဆေးခံရပြီး အဖမ်းခံရတဲ့သူတွေလည်း ပါဝင်နေပါတယ်။

အဲဒီကနေလွတ်အောင် ငွေသိန်းနဲ့ချီပေးရတာတွေ ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ငွေပေးရင်တောင် ပြန်မလွတ်တော့ဘူးလို့ ရနောင်းမြို့အခြေစိုက် မိတ္တသဟာယ နာရေးကူညီမှု အသင်း (SAFWA) ဥက္ကဋ္ဌ ကိုသားကျော်က RFA ကို ပြောပါတယ်။

“ကော့သောင်းမှာ ပိုက်ဆံ (ဘတ်) သုံးသောင်းပေးရင် လွှတ်ပေးမယ်လို့ ပြောပြီး ပိုက်ဆံ သုံးသောင်းပေးပြီး မလွတ်တဲ့မိသားစုတွေလည်းပါတယ် အခုနောက်ပိုင်း။ စစ်မှုထမ်းပါသွားတဲ့သူက ပိုများတယ်”

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ရဲ့ အောက်တိုဘာ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်မှုထမ်းအပတ်စဥ် (၅) အထိ နိုင်ငံတစ်ဝန်းမှာ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် ရှိပါတယ်။

လူအင်အားလိုအပ်ချက်ကို ဖြေရှင်းဖို့ အဓမ္မ စစ်သားစုဆောင်းတဲ့နည်းလမ်းကို စစ်ကောင်စီက လုပ်ဆောင်နေပြီး လူသစ်စုဆောင်းခံရတဲ့ လူငယ်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ ပြည်သူ့ရင်ခွင် အဖွဲ့တွေဆီမှာ ကြိုတင်ချိတ်ဆက်ထားဖို့နဲ့ အခြေအနေပေးတာနဲ့ နီးစပ်ရာ ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းတွေဆီမှာ ဘက်ပြောင်းခိုလှုံကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
_________

#ထိုင်း #စစ်မှုထမ်း #လွတ်လပ်တဲ့အာရှအသံ

ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်ဂိုဏ်းတွေကို BGF ဝင်ရောက်ဖမ်းဆီးနေ~~~ ■ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့နယ် ရွှေက...
02/14/2025

ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်ဂိုဏ်းတွေကို BGF ဝင်ရောက်ဖမ်းဆီးနေ
~~~
■ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့နယ် ရွှေကုက္ကိုမြို့သစ်မှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေတဲ့ နေရာတွေကို ဖေဖော်ဝါရီလ ၁၄ ရက် ဒီနေ့မှာ တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်း ဖမ်းဆီးနေတယ်လို့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ပြောပါတယ်။

BGF ထိပ်ပိုင်းခေါင်းဆောင်တွေက အဖွဲ့ လေးဖွဲ့ပါတဲ့ ကျားဖြန့်၊ လူမှောင်ခို ပပျောက်နှိမ်နင်းရေး အထူးအဖွဲ့ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဖွဲ့စည်းပြီးနောက် အခုလို စီးနင်းဖမ်းဆီးမှုတွေ ရှိလာတာပါ။

ကျားဖြန့်လုပ်ငန်းတွေနှိမ်နင်းရေး စစ်ဆင်ရေးတစ်ရပ်အနေနဲ့ ဆောင်ရွက်နေတာလို့ BGF ရဲ့ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က RFA ကို ပြောပါတယ်။

“ဒီမနက်ကနေ စလုပ်နေပြီ။ ကျားဖြန့်လုပ်ငန်း အကုန်လုံးကို တစ်ပြိုင်နက် ဝင်လုပ်တာ။ လုပ်ငန်း ဘယ်လောက်အရေအတွက် ရှိတယ်ဆိုတာကို မစ်ရှင်လုပ်နေတဲ့အချိန် ပြောရခက်တယ်။ ဖမ်ဆီးရမိတဲ့ အခြေအနေ အသေးစိတ်တော့ကိုတော့ လောလောဆယ် မသိရသေးဘူး"

BGF ထိပ်ပိုင်းခေါင်းဆောင် သုံးဦး လူကုန်ကူးမှုနဲ့ ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲထားတဲ့ ထိုင်းအစိုးရရဲ့ ဖိအားနဲ့ ကျားဖြန့် လုပ်ငန်းတွေကို အမြစ်ပြတ် နှိမ်နင်းဖို့ ဆန္ဒရှိနေတဲ့ တရုတ်အစိုးရရဲ့ ဖိအားကိုပါ ကြုံနေရချိန် အခုလို ဖမ်းဆီးမှုတွေ လုပ်ဆောင်လာတာပါ။

ကရင်နယ်ခြားစောင့်တပ် (BGF) စိုးမိုးနယ်မြေတွေမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသား ရှစ်ထောင်ခန့်ကို ပြန်ပို့ဖို့ စီစဥ်နေလို့လည်း BGF က RFA ကို ပြောထားပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ခိုင်းစေခံခဲ့ရတဲ့ နိုင်ငံခြားသား ၆၁ ဦးကို BGF က ထိုင်းစစ်တပ်ထံ လွှဲပြောင်းပေးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ထိန်းချုပ်ထားတဲ့ မြဝတီမြို့ ကျောက်ခတ်ကျေးရွာက ငွေလိမ်လုပ်ငန်းပေါင်း လေးဆယ်ကျော်မှာ အလုပ်ခိုင်းစေခံနေရသူ နိုင်ငံခြားသား ၂၆၁ ဦးကို DKBA က ထိုင်းအာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့ပါတယ်။
_________

ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်ရှိ ငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းတစ်ခုကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် BGF အဖွဲ့က ဝင်ရောက်ဖမ်းဆီးနေသည်ကို တွေ့ရစဉ်။ (Citizen Photo)

#ကျားဖြန့်ဂိုဏ်း #ဖမ်းဆီး #ထိုင်း #မြန်မာနယ်စပ် #လွတ်လပ်တဲ့အာရှအသံ

ကလေးမြို့နယ်မှာ တိုက်ပွဲပြင်းထန်~~~■ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်း ကမ္ဘားနီတံတား စစ်ကောင်စီတ...
02/14/2025

ကလေးမြို့နယ်မှာ တိုက်ပွဲပြင်းထန်
~~~
■ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်း ကမ္ဘားနီတံတား စစ်ကောင်စီတပ်စခန်းအနီးမှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညပိုင်းမှာ ကမ္ဘားနီ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက စတင်ထိုးစစ်ဆင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းအထိ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာလို့ စစ်ရေးအခြေအနေကို သိရှိတဲ့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“၁၂ ရက်နေ့ကနေစပြီး တိုက်ပွဲက ပြင်းထန်နေတာ။ အဲဒီကနေ ဒီနေ့အထိ နေ့ရော ညရော လေယာဥ်နဲ့ ဗုံးကြဲခံနေရတာ။ အခုလည်း လေယာဥ်က ကြဲနေတုန်းပဲ။ နတ်ချောင်းတိုက်နယ်ဆေးရုံနဲ့ တစ်ခြားနေရာတစ်ခု ကြဲခံထားရတယ်လို့ သိထားရတယ်။ စခန်းသိမ်းလိုက်တာတော့ ဟုတ်တယ်။ တိုက်ပွဲက ဖြစ်နေတုန်းပဲ”

ကမ္ဘားနီတံတားအနီးက စစ်ကောင်စီတပ်စခန်းဟာ စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့တို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်မှာရှိပြီး အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကာကွယ်ရေးတပ်တွေက ကမ္ဘားနီ တပ်စခန်းကို နာရီပိုင်းသာ ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညပိုင်းက ရေးသားထားကြပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တဲ့ နေရာအပြင် ကလေး - ဂန့်ဂေါ ကားလမ်းဘေးက ရွာတွေကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ရွာဆယ်ရွာခန့်က ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ကမ္ဘားနီ စစ်ကောင်စီစခန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယာယီထိန်းချုပ်နိုင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ အဲဒီစခန်းကို စစ်ကောင်စီတပ်က အင်အားသုံးထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်ခဲ့တာလို့ ဆိုပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း ကလေးမြို့နယ်တောင်ပိုင်း ကုက္ကိုရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၁ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
---------------

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ကုက္ကိုရွာအတွင်းက စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့က ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။ (Citizen Photo)

#ကလေး #စစ်ကိုင်း #တိုက်ပွဲ #လွတ်လပ်တဲ့အာရှအသံ

ငါးသိုင်းချောင်း အမြောက်တပ်အနီး AA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ် ~~~■ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ ထိစပ်နေတဲ့ ဧရာ၀တီတို...
02/14/2025

ငါးသိုင်းချောင်း အမြောက်တပ်အနီး AA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
~~~
■ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ ထိစပ်နေတဲ့ ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ မြောက်စမ်းရွာက အမှတ် (၃၄၄) အမြောက်တပ်နဲ့ ငါးမိုင်ခန့်အကွာမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ တိုက်ပွဲဖြစ်နေပြီး လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

AA နဲ့ ပူးပေါင်းတပ်တွေက အမြောက်တပ်အနီးအထိ ချဉ်းကပ်လာနေတာလို့ စစ်ရေးအခြေအနေကိုသိရှိတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“၃၄၄ ကို အမြောက်တပ် ဦးတည်လာနေတယ်လို့ ထင်တယ်။ အခု စာဥစမ်းရွာအထိ ရောက်နေပြီ၊ ပစ်တာကတော့ ဆက်တိုက်ပဲ။ သူတို့ လာတာက ဂွလမ်းအတိုင်း မဟုတ်ဘူး။ ဂွလမ်းပေါ်က ရေနံ့သာမှာတော့ စစ်တပ်ရှိသေးတယ်”

ဂွ-ငသိုင်းချောင်းလမ်းပေါ်က စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ အဖွဲ့စုံ စစ်ဆေးရေးဂိတ်ရှိတဲ့ ဗေဒါစခန်းကို ဇန်ဝါရီလ ၇ ရက်နေ့မှာ AA က သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်က ရေနံ့သာ စစ်ဆေးရေးဂိတ်အထိ တပ်ဆုတ်သွားပြီး အဲဒီစစ်ဆေးရေးဂိတ်နေရာမှာ ခံစစ်အခိုင်အမာ ပြင်ထားတာပါ။

ဒီ့အပြင် အမှတ် (၃၄၄) အမြောက်တပ်မှာ အတွဲလိုက်ပစ်ဒုံးတွေပါ ထပ်မံအားဖြည့်လာတာလို့ တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေတဲ့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ AA ပြောခွင့်ရသူ ဦးခိုင်သုခတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ရခိုင်ပြည်နယ်က မြို့နယ်အားလုံးနီးပါးကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းအစပ်က တပ်စခန်းတွေအထိ ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းအထိ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်ခွဲက စစ်ကောင်စီရဲ့ အရေးပါတဲ့ ဗေဒါဂိတ်၊ ဒေါင့်ချောင်းနဲ့ ဗောဓိစစ်ဆေးရေးဂိတ်စခန်းတွေအပြင် ပုသိမ်မြို့နယ်က မကျီးဇင်ရွာ ရဲကင်းစခန်းနဲ့ စစ်ကောင်စီတပ် ကင်းစခန်းတွေကို AA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်ထားပါတယ်။
---------------

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်အချို့အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: Telegram/ AA Info Desk)

#ငါးသိုင်းချောင်း #အမြောက်တပ် #တိုက်ပွဲ #လွတ်လပ်တဲ့အာရှအသံ

Address

2025 M Street NW
Washington D.C., DC
20036

Telephone

+12025304900

Website

http://www.rfa.org/burmese, https://t.me/rfaburmeseofficial

Alerts

Be the first to know and let us send you an email when RFA Burmese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to RFA Burmese:

Videos

Share