06/02/2022
မျက်မမြင်ကျောင်းမှ ကွန်ပျူတာ
◾မိတ်ဆွေ တစ်ယောက်က ကြည့်မြင်တိုင် မျက်မမြင်ကျောင်း သွားစရရှိလို့လိုက်ခဲ့ပါဆိုလို့ လိုက်သွားတယ်၊ ကျောင်းရောက်တော့ ကျောင်းအုပ်ဆရာမကြီးနဲ့ မိတ်ဆက်ပေးလို့ သိခွင့်ရပြီး ကျောင်းသားတွေ ကွန်ပျူတာ သင်ပေးတဲ့ အကြောင်းရောက်သွားတယ်။
◾မျက်မမြင်တွေကို ကွန်ပျူတာ ရတာကို ကျနော် မယုံချင်သလိုဖြစ်နေတာကို ဆရာမကြီးက ရိပ်မိဟန်တူတယ်၊ ကျနော်က ဂျာနယ်ထဲမှာ ထည့်ရေးချင်တယ်၊ လက်တွေ့ ကြည့်ချင်လို့ပါဆိုတော့ ဒုကျောင်းအုပ်ကို ခေါ်လိုက်တယ်၊ ဒုကျောင်းအုပ်က မျက်မမြင် တုတ်တစ်ချောင်း နဲ့စမ်းတန်း၊ စမ်းတန်းရောက်လာတယ်။
◾ဆရာမကြီးက ကျောင်းသားတစ်ယောက်ခေါ်ပြီး ကွန်ပျူတာ ရိုက်တာတွေ၊ နိပ်တာတွေလိုက်ပြပေးလိုက်ပါဆိုတော့၊ ကျနော် မျက်မမြင် ဆရာနောက်ကလိုက်ရတယ်၊ ကျောင်းအပေါ်ထပ်ကို လက်တန်းလေးကိုင်ပြီး ဆရာက တက်သွားတယ်၊ သုံးထပ်ရောက်တော့ အခန်းတစ်ခုထဲ ကွေ့၀င်လိုက်တယ်၊ သူတပည့်တစ်ယောက်ကို သွားခေါ်တယ်၊ သော့တွဲလေးကိုင် တုတ်လေး တစ်ချောင်းနဲ့ပဲ သူ့တပည့်လေး ထွက်လာတယ်။
◾ဘာမျှ မမြင်ရပဲ စမ်းတန်း၊ စမ်းတန်း သွားနေရသူတွေက ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင် နိပ်နိုင်တာဟာဟုတ်ပါ့မလားလို့ သံသယ၀င်နေတယ်၊ ရှေ့မှာ ကွန်ပျူ တာခန်းလို့ ရေးထားတယ်၊ တံခါးသော့ခတ်ထားတယ်၊ တပည့်ဖြစ်သူက စမ်းတန်း၊ စမ်းတန်း စမ်းရင်းက သော့ ခလောက်ကို ကိုင်မိတော့ ပါလာနဲ့သော့တန်းနဲ့ သော့ ပေါက်ကို ထိုးဖွင့်လိုက်တာ တန်းနေတာပဲ။
◾ကွန်ပျူတာ အခန်းထဲရောက်တော့ ကွန်ပျူတာ တစ်လုံးပဲတွေ့ရတယ်၊ ကျောင်းသားက နံရံတွေကို စမ်းနေရင်းက မီးခလုတ်ကို စမ်းမိတယ်၊ ကွန်ပျူတာ System ပုံးကို သွားတဲ့ မီးခလုတ်ဖြစ်မယ်၊ ဖန်ချောင်းမီးပါ ဖွင့်လိုက်တယ်၊ ပြီးတော့ ကွန်ပျူတာဆီရောက်လာတယ်၊ ပါဝါမီးခလုတ်က အောက်နားမှာ ညာဘက် ခြေမနဲ့ လိုက်စမ်းနေတယ်၊ မာတဲ့နေရာတွေ့တော့ နောက်တနေရာ စမ်းရင်က ပါဝါခလုတ်ကို ညာဖက်ခြေမနဲ့ စမ်းမိတယ်၊ ပါဝါမီး ပွင့်လာတယ်၊ ခဏနေတော့ Window တက်လာတဲ့ အသံ "တီ " ဆိုကြားရတာနဲ့ Keyboard ရှေ့က ထိုင်ခုံမှာထိုင်၊ ကီးဘုတ်ပေါ် လက်နှစ်ဖက်တင်ထားတယ်၊ လက်ဆယ်ချောင်း တင်ထားတာက စနစ်ကျတယ်၊ ကျနော်တို့ မျက်မြင်တဲ့သူတွေ ကွန်ပျူတာ စသင်ရသလို လက်ချောင်း ဆယ်ချောင်းကို တင်ထားတယ်။
◾ခဏနေတော့ Window က အကုန်အပြည့်တက်ပြီးတာနဲ့ မိန်းမလို အင်္ဂလိပ်အသံတွေထွက်လာတယ်၊ စာရိုက်ရမဲ့ Icon ကို Mouse နဲ့ Monitor ပေါ်လိုက်ရွှေ့တယ်၊ Pointer လေးက Icon တခုပေါ်ရောက်ရင် အသံထွက်တယ်၊ ဘာ Icon ဆိုပြီးပြောတယ်၊ စမ်းရင်း ရွှေ့ရင်းက စာရိုက်ရမဲ့ Software Icon ကိုတွေ့သွားတယ်။
◾ Mouse နဲ့ Left Click နှစ်ချက်နိပ်လိုက်တယ်၊ ကျနော် အံ့အော်နေတယ်၊ စာရိုက်ရမဲ့ ၀င်းဒိုးတက်လာတော့
စရိုက်ပါတော့တယ်၊ "မင်္ဂလာပါ ဆရာ"တဲ့၊ "ကျနော်တို့ ကျောင်း အကြောင်း စာရေးပေးဖို့ ရောက်လာတာ ကျေးဇူးတင်ပါတယ်" တဲ့။ စာရိုက်တဲ့ Speed ကလည်း တအားမြန်တယ်၊ Keyboard က လက်ကွက် A ကို ထိတာနဲ့ Speaker က "အေ " လို့ အသံထွက်ပေးတယ်။
◾သူ့ဆရာက မင်း အကြောင်း အင်္ဂလိပ်လို အက်ဆေး ရေးပြလိုက်အုံးဆိုတော့ မြန်မာကနေ အင်္ဂလိပ်လိုကို Keyboard ကနေပြောင်းလိုက်တယ်၊ " My name is ..." " My Father is ..." ကျနော် ဟာခနဲ ဖြစ်နေရတော့တယ်၊ Typing Scale က ကျနော်ထက်တောင်မြန်နေတယ်၊ ရေးတာတွေက အများကြီးပဲ အင်္ဂလိပ်လို စာလုံးပေါင်းရော ဝါကျဆက်တာတွေလည်း အကုန်မှန်နေတယ်၊ ၊ကွန်ပျူ တာ Skill ကလည်းမြန်၊ အချိန်တွေ အများကြီးယူ လေ့ ကျင့်ထားပုံရတယ်။ ကျနော်လည်း မျက်မြင်ကိုယ် တွေ့ တွေ့လိုက်ရတော့ ယုံသွားတယ်။
◾ကွန်ပျူတာ ပိတ်တာတွေ၊ မီးပိတ်တာတွေ ကျောင်း သားလေးပဲ လုပ်တယ်၊ သော့ပြန်ခတ်တော့ပဲသူပဲ၊ ကျနော်က Keyboard ခလုတ်တွေထိရင် အသံထွက်တဲ့ Software ကို ဘာသုံးလဲလို့ ဆရာကို မေးတော့ " Jaw" Software တဲ့၊ ကျနော် မကြားဖူးဘူးဆိုတော့ ဂျပန်ကနေ လှူထားတာ၊ မျက်မမြင်တွေ အတွက် သီးသန့်ထုတ်ထားတဲ့ Software ပါတဲ့။ အော် ဒါကြောင့် မျက်လုံး မမြင်ပေမဲ့လည်း အကြားအာရုံခံပြီး ကွန်ပျူတာကို ကျွမ်းကျွမ်း ကျင်ကျင် ရိုက်တတ်နိုင်တာကိုး။
မျိုးပိုင်
၂၀၂၂ ဇျွန် ၂