10/02/2024
စစ်ကောင်စီ ဖုံးကွယ်ရန်ကြိုးစားနေသည့် မြောက်ခင်ရန်းရွာ မီးရှို့သတ်ဖြတ်မှု သက်သေအထောက်အထားများ
-BACS
(သတိပေးချက်။ စိတ်မချမ်းမြေ့စရာ ဓာတ်ပုံနှင့် အကြောင်းအရာများ ပါဝင်သည်။)
မြန်မာစစ်တပ် လက်နက်ကိုင်များဝတ်လေ့ရှိသည့် စစ်ပြောက်ကျားဝတ်စုံ ဝတ်ထားသူတချို့နှင့် အရပ်ဝတ် တစုသည် သွေးအလိမ်းလိမ်းဖြင့်ရှိနေသည့် လူငယ်နှစ်ဦးကို သံကြိုးဖြင့်တုတ်ကာ လမ်းတွင် တရွတ်တိုက်ဆွဲခေါ်သွားပြီး သစ်ပင်ထက်မှ တွဲလောင်းချကာ မီးတင်ရှို့ခဲ့သည်။ မီးတင်ရှို့ခံရသည့် လူငယ်နှစ်ဦးမှာ နာကျင်မှုကြောင့် ညည်းညူ ရုန်းကန်နေပြီး မကြာမီတွင် တကိုယ်လုံးလောင်ကျွမ်းကာ သေဆုံးသွားကြသည်။ ဤအဖြစ်အပျက်သည် လွန်ခဲ့သည့် သုံးလခန့် က မကွေးတိုင်းမြောက်ပိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ မြောက်ခင်ရန်းရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ခေါ် ပြည်သူ့စစ်များ အခြေချရာ မြောက်ခင်ရန်းရွာကို ယောဒေသရှိ တော်လှန်ရေး အဖွဲ့များ ပူးပေါင်း တိုက်ခိုက်ရာတွင် YDF အဖွဲ့မှ တော်လှန်ရေး ရဲဘော် ၂ ဖမ်းဆီးခံခဲ့ရပြီး ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
အခင်းဖြစ်ပွားသည့် ၂၀၂၃ နိုဝင်ဘာ ၇ ရက်နေ့ကထဲကပင် ဖမ်းဆီးခံရသည့် ရဲဘော်နှစ်ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း စစ်ကောင်စီက ထိုအဖြစ်အပျက်ကို ဖုံးကွယ်ရန် ကြိုးစားခဲ့သည်။ စစ်ကောင်စီ၏ ဝါဒဖြန့် လော်ဘီချန်နယ်များတွင် PDF ၂ ဦးကို အရှင် ဖမ်းမိကြောင်း အစောပိုင်းသတင်းများတွင် ဖော်ပြခဲ့ပြီး ဖမ်းမိသူများ ဓာတ်ပုံများပါ တင်ခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါပုံများကို ပြန်လည်ဖြုတ်ချခဲ့သည့်အပြင် သတင်းများတွင်ပါ အရှင်ဖမ်းမိကြောင်း မပါတော့ဘဲ အလောင်းများသာ ရရှိကြောင်း ပြန်ပြောင်းတင်ခဲ့ကြသည်။ ထို့သို့ဖုံးကွယ်ထားသည့်ကြားကပင် ၃ လခန့်အကြာ ၂၀၂၄ ဖေဖော်ဝါရီ ၆ ရက်တွင် မီးရှို့သတ်ဖြတ်ခဲ့သည့် ရုပ်သံမှတ်တမ်းဖိုင် ထွက်ပေါ်လာခဲ့သည်။ ရုပ်သံဖိုင်တွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်) များ သတ်ဖြတ်မှု ကျူးလွန်သည်မှာ သိသာသော်လည်း စစ်ကောင်စီ ဝါဒဖြန့် သတင်းစာများ၊ စစ်ကောင်စီ ဝါဒဖြန့် လော်ဘီချန်နယ်များတွင် အခင်းဖြစ်ပွားချိန်၌ အရှင်ဖမ်းဆီးရမိခြင်းမရှိကြောင်း၊ PDF အချင်းချင်း သတ်ဖြတ်သည်ကို ပြည်သူ့စစ် (ပျူစောထီး) များက သတ်ဖြတ်ခြင်းဟု လုပ်ကြံဝါဒဖြန့်ခြင်းဖြစ်ကြောင်း ဝါဒဖြန့်ထားသည်။ ထို့အပြင် BBC သတင်းဌာနကလည်း စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့တို့ အပြန်အလှန်စွတ်စွဲနေကြသည် ဟု ပုံဖော်ရေးသားထားသည်။
စစ်ကောင်စီသည် ၎င်း၏ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းနှင့်ပတ်သက်ပြီး အရေးယူရန်ပင်ဝေးစွ ၎င်းတို့ ပြုလုပ်ခြင်းမဟုတ်ကြောင်း မျက်နှာပြောင်တိုက်စွာ ငြင်းဆိုနေသည်။ စစ်ကောင်စီအနေဖြင့် မည်သို့ပင် ငြင်းဆိုနေစေကာမူ ၎င်းတို့ ပြုလုပ်ခဲ့ကြောင်း အထောက်အထားမှတ်တမ်းများသည် အွန်လိုင်း ပလက်ဖောင်းများတွင် ကျန်ရှိနေသည်ကို BACS က လေ့လာတွေ့ရှိခဲ့သည်။
လူမှုကွန်ရက် သက်သေအထောက်အထား (၁)
အခင်းဖြစ်ပွားသည့် ၂၀၂၃ နိုဝင်ဘာ ၇ ရက်နေ့ကတည်း ကပင် စစ်ကောင်စီ ၏ ဝါဒဖြန့် လော်ဘီ ချန်နယ်များတွင် PDF ၂ ဦးကို အရှင် ဖမ်းမိကြောင်း ရေးသားဖော်ပြခဲ့ကြသည်။ စစ်ကောင်စီ ဝါဒဖြန့် People Media တွင် အရှင်ဖမ်းမိသည့် လူငယ် ၂ ဦး ဓာတ်ပုံပါ ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်ဖျက်သွားခဲ့သည်။
လူမှုကွန်ရက် သက်သေအထောက်အထား (၂)
စစ်ကောင်စီ ဝါဒဖြန့် People Media တွင် အရှင်ဖမ်းမိသည့်အကြောင်းအရာနှင့် ပတ်သက်ပြီး ဖျက်ခဲ့သော်လည်း ယင်းအကြောင်းအရာကို ပြန်လည်ကူးယူဖော်ပြသူများကို facebook လူမှုကွန်ရက်တွင် အများအပြားတွေ့ရသည်။ အဆိုပါ သတင်းအကြောင်းအရာ ဓာတ်ပုံများကို တိုက်ဆိုင်စစ်ဆေးကြည့်သည့်အခါ သတင်းတွင်ပါရှိသည့် အရှမ်ဖမ်းမိသည့် လူငယ် ၂ ဦးမှာ မီးရှို့သတ်ဖြတ်ခံရသည့် လူငယ် ၂ ဦးဖြစ်သည်ကိုတွေ့ရသည်။
လူမှုကွန်ရက် သက်သေအထောက်အထား (၃)
စစ်ကောင်စီ လော်ဘီချန်နယ်များ ဖြစ်သည့် “Ko Thet” နှင့် “မဟူရာ မြွေဟောက်” တယ်လီဂရမ်တို့တွင်လည်း မြောက်ခင်ရန်းရွာ တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် PDF များနှင့် အတူ ဖမ်းဆီးရမိသူ နှစ်ဦး၏ ဓာတ်ပုံကို ဖော်ပြထားခဲ့သည်၊။ အဆိုပါ သတင်းအကြောင်းအရာ ဓာတ်ပုံများကို တိုက်ဆိုင်စစ်ဆေးကြည့်သည့်အခါ သတင်းတွင်ပါရှိသည့် ဖမ်းဆီးခံထားရသည့် လူငယ် ၂ ဦးသည် မီးရှို့သတ်ဖြတ်ခံရသည့် လူငယ် ၂ ဦးဖြစ်သည်ကို တွေ့ရသည်။
လူမှုကွန်ရက် သက်သေအထောက်အထား (၄)
ဘူးလက်လှဆွေ၏ facebook လူမှုကွန်ရက်စာမျက် တွင် ၂၀၂၃ နိုဝင်ဘာ ၇ ရက်နေ့က မြောက်ခင်ရန်းတိုက်ပွဲအကြောင်း ရေးသားထားရာ ယင်းအကြောင်းအရာ အောက်တွင် ၎င်းအား ထောက်ခံသူက အရှင်ဖမ်းမိသည့် လူငယ်၂ ဦးပါသည့် ဓာတ်ပုံကို ၂၀၂၃ နိုဝင်ဘာ ၈ တွင် မှတ်ချက်ပေးထားခြင်းဖြစ်သည်။ ဘူးလက်လှဆွေသည် မြောက်ခင်ရန်းရွာသားလည်းဖြစ် မြောက်ခင်ရန်းရွာအတွက် ပျူစောထီး(ပြည်သူ့စစ်) ဖွဲ့စည်းခြင်း နှင့် လက်နက်တက်ဆင်ခြင်း ဆောင်ရွက်ပေးနေသူဖြစ်သည်။
လူမှုကွန်ရက် သက်သေအထောက်အထား (၅)
စစ်ကောင်စီထောက်ခံသူ ပျူစောထီး (ပြည်သူ့စစ်) ခေါင်းဆောင်ဟုယူဆရသူ တဦးက မြောက်ခင်ရန်းရွာတွင် ပျူစောထီး (ပြည်သူ့စစ်) များ စစ်ရေးလေ့ကျင့်နေသည့် ရုပ်သံဖိုင်တခု တင်ထားခဲ့သည်ကို တွေ့ရသည်။ အဆိုပါဖိုင်တွင် တွေ့ရှိရသည့် နေရာသည် YDF ရဲဘော် ၂ ဦး သတ်ဖြတ်ခံရသည့် နေရာနှင့် ထပ်တူကျသည်ကို တွေ့ရသည်။ မြောက်ခင်ရန်း ရွာသည် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်) အားကောင်းသည့်ရွာ ဖြစ်သည်။
လူမှုကွန်ရက် သက်သေအထောက်အထား (၆)
ဖမ်းဆီးခံထားရသည့် YDF ရဲဘော် ၂ ဦး အနီးတွင် ဘောင်းဘီတို နှင့် စစ်ဖိနပ် ဝတ်ထားသူ တဦးသည် RPG တလက်ကို လွယ်ထားသည်ကိုတွေ့ရပြီး အဆိုပါ RPG တွင်ပါသည့် အနီဝိုင်း၌ အဖြူရောင်ဖြင့် နံပါတ်စာသားများ ရေးထားသည်ကို တွေ့ရသည်။ ယင်းအမှတ်အသားသည် စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့များတွင် တပ်ရင်းဌာန နံပါတ်များကို ရေးသားသည့်ပုံစံဖြစ်ပြီး တပ်ရင်းဌာန အတိအကျကို မသိရသော်လည်း ယင်းဖြစ်ရပ်တွင် စစ်ကောင်စီ တပ်သားများ ပါဝင်ပတ်သတ်နေသည်မှာ ထင်ရှားပေသည်။
တွေ့ရှိရသည့် အထက်ပါ သက်သေ အထောက်အထားများအရ မြောက်ခင်ရန်းကျေးရွာတွင်ဖြစ်ပွားခဲ့သည့် လူမဆန့်သည့် သတ်ဖြတ်မှုကို စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက ကျူးလွန်ခဲ့သည်မှာ ထင်ရှားသည်။ စစ်ကောင်စီ ထောက်ခံသူ ဝါဒဖြန့် လော်ဘီများကိုယ်တိုင် ချန်ထားခဲ့သည့် ငြင်းမရသည့် သက်သေအထောက်အထားများ ဖြစ်သည်။ မြောက်ခင်ရန်း ကျေးရွာရှိ ပျူစောထီး(ပြည်သူ့စစ်) များကို ကြံခိုင်ရေးအမတ်ဟောင်း ဘူးလတ်လှဆွေက ဖွဲ့စည်းပေးကာ လက်နက်တပ်ဆင်ပေးထားပြီး ဒေသကွပ်ကဲရေးစစ်ဌာနချုပ် ဒကစ (ကလေး) က အခြေခံစစ်သင်တန်းများ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီအနဖြင့် စစ်ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး မည်မျှပင် ငြင်းဆိုနေစေကာမူ သက်သေအထောက်အထားများအရ အဆင့်ဆင့် တာဝန်ခံရမည်ဖြစ်သည်။
(၂၀၂၁ ဖေဖော်ဝါရီလတွင် စတင်ဆုံစည်းစုဖွဲ့ခဲ၍ နောက်ခံမတူညီသည့် နယ်ပယ်အစုံမှ လူငယ်တော်လှန်ရေးသပိတ်သမားများပူးပေါင်းတည်ထောင်ထားသော အချက်အလက်စုဆောင်းသည့် မြေအောက်လှုပ်ရှားသည့်အဖွဲ့အဖြစ်မှ ၂၀၂၂ စက်တင်ဘာတွင် ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး BACS- Burma Affairs and Conflict Study အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်သည်။ BACS သည် စစ်အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ကျဆုံးရေးနှင့် တော်
လှန်ရေးကာလအလွန်တွင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေးဟူသည့် အဓိကရည်မှန်းချက်များကို ဦးတည်၍ အကြမ်းဖက်စစ်အုပ်စု၏ လှုပ်ရှားမှု မှန်သမျှကို စောင့်ကြည့်လေ့လာကာ မှတ်တမ်းတင်နေသည့် အဖွဲ့ဖြစ်သည်။ BACS ၏ နောက်ဆုံးထွက် အစီရင်ခံစာနှင့် အဖွဲ့အကြောင်းကို https://www.facebook.com/bacs.mm ၌ လေ့လာဖတ်ရှုနိုင်ပါသည်။)