EAO Myanmar News

EAO  Myanmar  News Truth teller

ဆင်းရဲသားပြည်သူများ ဆီမှငွေများသိန်းထောင်ချီ လိမ်ယူသွား သောတိုင်ကြားချက်ရရှိလက်နက်ကိုင်များရှာဖွေနေ ပုံပါလူအားတွေရှိပါက ...
08/06/2024

ဆင်းရဲသားပြည်သူများ ဆီမှငွေများသိန်းထောင်ချီ လိမ်ယူသွား သော
တိုင်ကြားချက်ရရှိ
လက်နက်ကိုင်များရှာဖွေနေ

ပုံပါလူအားတွေရှိပါက လည်း

Cb သတင်းပေးနိုင်ကြောင်း
ဆုငွေ သိန်း ၅၀

15/03/2024
လိုင်ဇာအနီး နောက်ဆုံးကျန်နေသည့် ဘွမ်ရယ်ဘွမ်စစ်ကောင်စီတပ်စခန်းကို KIAသိမ်းပိုက်ဟန်နွေ/People’s Springကချင်လွတ်လပ်ရေးတပ်မတ...
15/03/2024

လိုင်ဇာအနီး နောက်ဆုံးကျန်နေသည့် ဘွမ်ရယ်ဘွမ်စစ်ကောင်စီတပ်စခန်းကို KIAသိမ်းပိုက်

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီးတွင် နောက်ဆုံးကျန်နေသည့် စစ်ကောင်စီတပ်စခန်းကို ယနေ့ နေ့လယ် ၂နာရီခန့်တွင် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIAသည် လိုင်ဇာအနီး၊ မြစ်ကြီးနား - ဗန်းမော်လမ်း ဝိုင်းမော်နှင့် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို မတ်လ ၇ရက်မှ စတင်၍ တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ရာ တပ်စခန်း ၂၀ ထက်မနည်း သိမ်းပိုက်ထားပြီး လိုင်ဇာအနီး ကျန်နေသည့် တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ယနေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

"အခု တိုက်ပွဲဖြစ်နေတဲ့ လိုင်ဇာဝန်းကျင်က နောက်ဆုံးကျန်ရှိတဲ့ အဓိက ကျတဲ့ ဘွမ်ရယ်ဘွမ်တောင်တော့ ဒီနေ့ ၂နာရီ ထိုးခါနီးမှာ သိမ်းလိုက်ပြီ။ တပ်မမှူးထိုင်တဲ့ စခန်းကုန်းကို သိမ်းလိုက်ပြီ"ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ဘွမ်ရယ်ဘွမ် စစ်ကောင်စီစခန်း သိမ်းပိုက်မှုနှင့် စစ်ရေး အခြေအနေများကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

KIAအနေဖြင့် ယမန်နေ့ကလည်း မိုးမောက်မြို့နယ် ဒါဆိုင်းကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၃၇)တပ်ကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သေဆုံးထိခိုက်များခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်။

ဘွမ်ရယ်ဘွမ်တပ်စခန်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှု ၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှု အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဘွမ်ရယ်ဘွမ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

ထို့ပြင် လိုင်ဇာမှ လိုင်စင်ဒေသသို့ သွားသည့် လမ်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း KIAက မတ်လ ၁၃ရက်တွင် သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIAအနေဖြင့် မတ်လ ၇ရက်မှ စတင်ပြီး မြေပြင် စစ်ရေးလိုအပ်ချက်အရ ဆောင်ရွက်ခဲ့သည့် စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးသည် တစ်ပတ်ကျော်အကြာတွင် လိုင်ဇာအနီး စခန်းအားလုံးကိုသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

(လိုင်ဇာမြို့အနီးရှိ ခါရာ​တောင် ၊ခါရာ​တောင်ကိုလည်း KIA ကသိမ်းပိုက်ပြီးဖြစ်သည် / လိုင်ဇာအနီးရှိ စစ်​ကောင်စီတပ်စွဲထား​​သော ​တောင်ကုန်းတစ်ခုကို KIA သိမ်းပိုက်ပြီး KIA အလံလွှင်ထူ​အောင်ပွဲခံစဥ်/ မိုး​မောက်မြို့နယ်ရှိ ဒါဆိုင်း စစ်တပ်စခန် ​ခေါ် ခလရ ၂၃၇ စခန်းကို KIA သိမ်းပိုက်ပြီး​နောက်လက်နက်ခဲယမ်းများသိမ်းဆည်းရရှိမှု/ လိုင်ဇာမြို့တွင် လုံခြုံရေးယူနေသော KIAရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ ၊ New York Times)

13/03/2024
22/02/2024

စစ်ကောင်စီ က တစ်အိမ်ထောင်တစ်​ယောက် စစ်မူ့ထမ်းမိသားစု ဝင်များအား ကားသွင်းခွင့်
ကားပါမစ်များချပေးမည်

အုပ်ချုပ်ရေးစွမ်းရည်၊စစ်ရေးစွမ်းရည်ရယ်လို့ အရည်အချင်းကနတ္တိစပြီးအာဏာလုကတည်းက.နေရာလိုချင်တာရယ် အရာရာကိုပိုင်ဆိုင်ချင်တာရယ...
15/02/2024

အုပ်ချုပ်ရေးစွမ်းရည်၊စစ်ရေးစွမ်းရည်ရယ်လို့ အရည်အချင်းကနတ္တိ

စပြီးအာဏာလုကတည်းက.
နေရာလိုချင်တာရယ် အရာရာကိုပိုင်ဆိုင်ချင်တာရယ်.
ဒါတွေဘဲရှိခဲ့လေတော့.

ဒီလိုလူမျိုးရဲ့အရည်အချင်းနဲ့. တိုင်းပြည်ကြီးဟာ.
အဖတ်ဆယ်မရနိုင်တော့လောက်အောင်
တရွေ့ရွေ့နဲ့နစ်မွန်းလာနေပါပြီ.

ကိုယ်အသုံးမကျလို့ဖြစ်ခဲ့တာတွေကိုဝန်မခံတဲ့အပြင်
အမှားတခုဖြစ်တိုင်း ဖုံးကွယ်ဘို့ကြိုးစားရင်း
နောက်တခုဆက်မှားပါတော့တယ်

ဒီလိုနဲ့ မှားပြီးရင်းမှားကာ အမှားသံသရာကနေ
ရုန်းမထွက်နိုင်တော့တာမို့
သူတို့ပြောခဲ့ကြတဲ့စကားအတိုင်း
သူတို့ကျရှုံးဘို့ဟာလည်း.လက်နှစ်လုံးအလိုပါဘဲ.

သာဓကအနေနဲ့
လောက်ကိုင်ကိုမပေးရသေးခင်.
သေချာဆုံးဖြတ်ပိုင်းခြားနိုင်ခြင်းမရှိခဲ့ဘဲ

တကယ်ဘဲ အသည်းအသန်တိုက်တော့မယ့်ပုံစံနဲ့
လူသူလက်နက်.အင်အားတွေဖြည့်
အုပ်ချုပ်သူခေါင်းဆောင်ကိုပါ
အပြောင်းအလည်းတွေလုပ်ကာ.ဟန်ရေးတွေပြပြီးမှ

တအုံတမကြီးလက်နက်ချခိုင်းလိုက်ချိန်မှာ

မမှီမကန်းနဲ့လက်နက်အသစ်တွေပါဖြည့်ခဲ့သေးတာပါ

ဒါတွေကိုကြည့်ရင်
ဘယ်လိုတွေစဥ်းစားပြီးဘာတွေလုပ်နေတယ်ဆိုတာကို
အကြမ်းဖျဥ်းအားဖြင့်မှန်းဆလို့ရနိုင်ပါတယ်

အခြေအနေတွေအရ
လက်နက်ချခိုင်းလိုက်ပါတယ်လို့.သတင်းထုတ်ပြန်ရေးနဲ့
ထုတ်ပြန်ခဲ့ပြီးမှ

လက်နက်ချပြီးပြန်လာသူတွေကို
မချိမဆံ့အပြစ်ဒဏ်တွေပေးလိုက်ချိန်မှာတော့
သူဟာဘယ်လိုငကြောင်မျိုးလည်းဆိုတာ
သိသာထင်ရှားလာခဲ့ပါတယ်

လက်ရှိရခိုင်ပြည်နယ်စစ်ပွဲတွေမှာလည်း
ကြည်း၊ရေ၊လေ.သုံးမျိုးစလုံးသုံးပြီးအပြတ်ဖြတ်ဘို့
ရွက်ကုန်လွှင့်ခဲ့ပေမယ့်

စိတ်ဓာတ်တွေကမကောင်း.တိုက်ရည်ခိုက်ရည်ကမရှိ
တချိန်လုံး အာရကေဖန်နေဘို့သာတတ်တဲ့
သူ့စိတ်ဓာတ်နဲ့တထပ်တည်းကျတဲ့နောက်ပါတွေကြောင့်

အရှုံးဆိုတာကသူတို့အတွက်.
ဆိုနေကြတေးတပုဒ်ဖြစ်နေခဲ့ပါပြီ

အရှုံးကြီးရှုံးတယ်
ရှုံးတော့ပြေးကြတယ်
ကုန်းလမ်းကမပြေးနိုင်တော့.လေယာဥ်နဲ့လည်းမခေါ်နိုင်၊
ရေလမ်းကပြေးကြလေတော့.ပြေးမလွတ်ချိန်မှာ.

တဖက်က.လက်နက်ချဘို့.အကြိမ်ကြိမ်ပြောပေမယ့်..

သူတို့အတွက်က
လက်နက်ချပြီးပြန်ရင်လည်း.ကိုယ့်ဘက်ကသေဒဏ်
ပြန်ခုခံရင်လည်း.သေဘို့ကသေချာနေချိန်မှာ
ပြန်ပစ်ရင်းသေမယ်လို့.မှားယွင်းစွာဆုံးဖြတ်လိုက်ကြပုံပါ

တကယ်ဆိုရင်လက်နက်ချပြီးတာနဲ့
ပြန်မပို့ဘို့နဲ့.ပြန်လို့မဖြစ်တော့ကြောင်းပြောပြီးနေမယ်လို့
ဆုံးဖြတ်ခဲ့ကြမယ်ဆိုရင်.
အခြေအနေက.ပုံစံတမျိုးဖြစ်လာနိုင်ပါတယ်

အခုတော့.လွန်နေခဲ့ပါပြီ
လွန်သွားခဲ့တဲ့အခြေအနေမှာ.လူဦးရေစာရင်းဟာ
များပြားလွန်းတာကြောင့်.

သူ့ဘက်ကသာနေချိန်ဆိုရင် လေလည်တာကအစ
သတင်းထုတ်ပြန်တတ်ကြတဲ့သူတွေဟာ
အခုအချိန်မှာတော့
သတင်းကိုအမှောင်ချပြီး.ဝဇီပိတ်နေနေလိုက်တော့တာပါ

သတင်းကိုအမှောင်ချလိုက်ချိန်မှာ
တိကျတဲ့အမှန်စာရင်းမရနိုင်တော့တာမို့.
ထင်မြင်ချက်နဲ့ထွက်လာတဲ့စာရင်းတွေကလည်း
သုံးမျိုးလောက်ဖြစ်လာပါတော့တယ်

စာရင်းတခုမှာက
ရေတပ်၊တပ်ဖွဲ့ဝင်နဲ့ခရီးသွားက....၈၁.ယောက်
ရဲခွေးတွေက..............................၁၈.ယောက်
စစ်ခွေးတွေက..........................၄၈၂.ယောက်
ရဲမေနဲ့မှီခိုတွေက.......................၃၃၁.ယောက်
စုစုပေါင်း.၉၁၂.ယောက်လို့.
သတင်းတခုက.တွက်ချက်ပြထားပြီး
အခြားသတင်းတခုမှာက.၆၃၇.ယောက်လို့ဆိုပြန်တယ်

သိတ်မကြာခင်မှာဘဲ
စိနသတင်းမှာက.နောက်တမျိုးဖြစ်နေတာပါ

ဘယ်လိုပင်လွဲမှားနေကြပေမယ့်
ထိခိုက်သေဆုံးမှု့ဟာများပြားတာကြောင့်
တာဝန်ယူခေါင်းဆောင်လုပ်တဲ့သူက.
တာဝန်အရှိဆုံးအဖြစ်တာဝန်မယူချင်တာကြောင့်
သတင်းကိုမထုတ်ပြန်ဘဲအမှောင်ချထားလိုက်ပြီး..

၁၀.၂.၂၀၂၄.နေ့မှာတော့.ဖြစ်စဥ်ကြီးကိုဖုံးလွှမ်းအောင်
အရေးကြီးသတင်းအဖြစ်နဲ့.စစ်မှု့ထမ်းဥပဒေကို
အသက်သွင်းကြောင်းကြေငြာပြီး
သတင်းကို.သတင်းနဲ့ပြန်ဖုံးပါတော့တယ်

၈.၂.၂၀၂၄.မှာဖြစ်ခဲ့တဲ့ဖြစ်စဥ်ကို.မသိဟန်ဆောင်ပြီး
၁၂.၂.၂၀၂၄.နေ့မှာတော့
ပြည်ထောင်စုနေ့ဆိုပြီး
ပြုံးဖြီးဖြီးနဲ့.ညစာစားပွဲတက်နေခဲ့ပါတယ်

စစ်မှု့ထမ်းဥပဒေဟာ
ဘေးထွက်ပြဿနာနဲ့.တန်ပြန်မှု့တွေရှိလာနိုင်တာကို
မတွေးမိဘဲနေမှာမဟုတ်ဘူးလို့.ထင်နိုင်ပေမယ့်

အာဏာလုကောင်ဟာ.အူကြောင်ကြောင်ကောင်မို့
တပွဲထိုးပြဿနာရှင်းနည်းကိုလုပ်လိုက်တာမျိုးလည်း
ဖြစ်နိုင်ပါတယ်လို့ယူဆချင်ရင်ယူဆလို့ရနိုင်ပါတယ်

လတ်တလောအခြေအနေမှာတော့
ဧပြီလ.သင်္ကြန်ရုံးပိတ်ရက်အပြီးမှာ
စတင်အကောင်အထည်ဖော်မယ်လို့ကြေငြာခဲ့ပြန်ပါတယ်

ရခိုင်စစ်ရေးသတင်းတခုမှာတော့
စစ်တွေမှာ.ရာပြည့်အပါအဝင်အဖွဲ့ဝင်ငါးဦးဟာ
AA.နဲ့သွားရောက်ဆွေးနွေးခဲ့ပြီး.
AA.ဘက်က.ရခိုင်ပြည်နယ်တခုလုံးကို.
ဝ.တပ်ဖွဲ့ပုံစံအတိုင်းပေးအပ်ရမယ်လို့
တောင်းဆိုခဲ့တာကြောင့်.မပြေလည်ခဲ့ဘူးလို့ဆိုပါတယ်

ဘာလုပ်ရမယ်လို့ကြံရာမရဖြစ်လာချိန်မှာတော့.

သစ်ပင်တွေ၊ဓာတ်တိုင်တွေ၊ကားတွေ၊အိမ်သာတွေနဲ့
ရခိုင်တွေရဲ့စားသောက်ဆိုင်တွေမှာ
ရခိုင်ဆန့်ကျင်ရေးစာတွေလိုက်ကပ်နေပြီး
လူမျိုးရေးဖြစ်လာမလားလို့.ကြိုးစားနေပါတယ်

ဒီလိုအခြေအနေတွေကိုမြင်လာရချိန်မှာ.စဥ်းစားမိတာက
အရူးဟာ.အရူးတယောက်လိုလုပ်နေတာသဘာဝပေမဲ့

အရူးနောက်ကိုကောက်ကောက်ပါအောင်လိုက်နေတဲ့
မြန်မာပြည်ရဲ့စစ်တပ်ကြီးအကြောင်းကို
အံ့သြလို့မဆုံးနိုင်အောင်ရှိနေမိတာပါဘဲ

#စောအယ်မူး

စစ်မှုထမ်း ခေါ်ဖို့ အနှစ်ချုပ်-အကျုံးဝင် အမျိုးသား ၆.၃ သန်း အမျိုးသမီး ၇.၇ သန်းရှိတနှစ် လူ ၅ သောင်း ထက်မပိုတနှစ်အတွက် ရပ...
15/02/2024

စစ်မှုထမ်း ခေါ်ဖို့ အနှစ်ချုပ်
-
အကျုံးဝင် အမျိုးသား ၆.၃ သန်း အမျိုးသမီး ၇.၇ သန်းရှိ
တနှစ် လူ ၅ သောင်း ထက်မပို
တနှစ်အတွက် ရပ်ကွက်တခု တယောက်နှုန်းရှိ
လေ့ကျင့်ချိန် ၃ လ
ကျောင်းသား - ယာယီ ရွှေ့ဆိုင်းခွင့်ရှိ
နိုင်ငံခြား အလုပ်လုပ် - ယာယီ ရွှေ့ဆိုင်းခွင့်ရှိ
မိအို ဖအို လုပ်ကျွေးနေသူ - ယာယီရွှေ့ဆိုင်းခွင့်ရှိ
စစ်သား လစာ အတိုင်း ခံစားခွင့်ရ
အချိန် - ၂ နှစ်
ကျွမ်းကျင် - ၃ နှစ်
အရေးပေါ် - ၅ နှစ်
လာမယ့် သင်္ကြန်ပြီးမှ စမယ်
-
(ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားချက်မှ ကောက်နုတ်ဖေါ်ပြသည်)

---------------------------
THN freelance journalist
-
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
http://bitly.ws/s3nd

ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
https://www.facebook.com/becomesupporter/100066613536888/
--------------------------
Twitter - https://twitter.com/winburmese

တယ်လီဂရမ်လည်း ရှိပြီ
https://t.me/THNfreelance
တစ်တော့ လာပြီ
https://www.tiktok.com/?lang=en

ပြည်ပထွက်ခွာခွင့်များအား ပြည်သူ့စစ်မှုထမ်းဥပဒေအရ တားဆီးပိတ်ပင်ထားသည့် မည်သည့်ညွှန်ကြားချက်မျှ သီးခြားထုတ်ပြန်ထားခြင်းမရှ...
15/02/2024

ပြည်ပထွက်ခွာခွင့်များအား ပြည်သူ့စစ်မှုထမ်းဥပဒေအရ တားဆီးပိတ်ပင်ထားသည့် မည်သည့်ညွှန်ကြားချက်မျှ သီးခြားထုတ်ပြန်ထားခြင်းမရှိကြောင်း အသိပေး

၁၅. ၂. ၂၀၂၄
Written by Nyein Kyaw

အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် နယ်စပ်ဂိတ်များ အားလုံးကို ယခင်အတိုင်း ဥပဒေနှင့်အညီ ဝင်/ထွက်ခွင့် ပြုထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်ပထွက်ခွာခွင့်များအား မည်သည့်ညွှန်ကြားချက်မျှ သီးခြားထုတ်ပြန်ထားခြင်းမရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေး ထုတ်ပြန်ထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ပြီးနောက် မီဒီယာအချို့နှင့် လူမှုကွန်ရက်စာမျက်နှာအချို့တို့တွင် ပြည်သူများ၏ ပြည်ပထွက်ခွာခွင့်များနှင့် သတ်သက်၍ တားဆီးပိတ်ပင်နေသည်ဆိုသည့် ကောလာဟလ သတင်းအမှားများ ထွက်ပေါ်နေခြင်းကြောင့် ဝန်ကြီးဌာနမှ အထက်ပါအတိုင်း ပြန်လည်ဖြေရှင်း....

သတင်းအပြည့်အစုံဖတ်ရှုရန်

https://www.mtnewstoday.com/?p=53223

#စစ်မှုထမ်း #လဝက #လေဆိပ် #ပြည်ပ
#ပွင့်လင်းမြန်မာ

"ဒီနေ့ဘာဖြစ်ခဲ့လဲ"ဒီနေ့(ဒီဇင်ဘာ ၂၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spri...
31/12/2023

"ဒီနေ့ဘာဖြစ်ခဲ့လဲ"

ဒီနေ့(ဒီဇင်ဘာ ၂၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

▪︎AA က သုံးရက်အတွင်း ပလက်ဝရှိခဝဲဗျူဟာကုန်း၊ပွိင့် ၃၇၇ နဲ့ မြောက်ဦးခရိုင်ရဲစခန်းတို့ကိုသိမ်းယူ

ရက္ခိုင့်တပ်တော် AA က သုံးရက်အတွင်း မြောက်ဦးမြို့ရှိခရိုင်ရဲစခန်း၊ ပလက်ဝမြို့နယ်ရှိ ခဝဲဗျူဟာကုန်း နဲ့ ပွိင့် (၃၇၇) တို့အား တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ​တော့စစ်ကောင်စီတပ်မှအလောင်း အမြောက်အများနဲအတူ လက်နက်ခဲယမ်း​တွေ ၊စစ်အသုံးအဆောင်ပစ္စည်း​တွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။မြောက်ဦးခရိုင်ရဲစခန်းကို ဒီဇင်ဘာလ (၂၆) ရက်နေ့ ည (၉) နာရီခန့်မှာ၊ ပလက်ဝမြို့ ခဝဲဗျူဟာကုန်းကို ဒီဇင်ဘာလ ၂၇ ရက်နေ့၊ နံနက် ၆နာရီခန့်မှာ နဲ့ ပလက်ဝဒေသရှိ စစ်ကောင်စီအခြေကုပ်စစ်စခန်းတစ်ခုဖြစ်သော ပွိင့် (၃၇၇) ကိုဒီဇင်ဘာလ (၂၈) ရက်နေ့၊ နံနက် ၉ နာရီ ၂၀မိနစ်မှာအသီးသီး သိမ်းပိုက်ခဲ့တာပါ။ စစ်တပ် စခန်းကုန်းများမှ ရန်သူ့အလောင်း အမြောက်
အများ၊ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သလို ၊ ပုပ်ပွပြီး အနံ့အသက်မကောင်းစွာနဲ့နေရာအနှံ့ ပြန့်ကြဲသေဆုံးနေတဲ့ ရန်သူ့အလောင်းများစွာတို့ကိုလည်း ကောင်းစွာမြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်လို့​ဖော်ပြပါတယ်။လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိတာကိုလည်း သတင်းဓါတ်ပုံ​တွေမှာ​တွေ့ရပါတယ်။

▪︎မြို့ ၅ မြို့ သိမ်းပိုက်ပြီး​နောက် TNLA စစ်ဦးစီးချုပ်​ရှေ့တန်းသို့ ကွင်းဆင်းကြည့်ရှု

တအာင်းတပ်မတော်(TNLA)က မြို့ ၅ မြို့ သိမ်းပိုက်ပြီး​နောက် TNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန်ဟာ စစ်မြေပြင်သို့ ကွင်းဆင်းစစ်ဆေးပြီး ရှေ့တန်းတပ်မှူးများနှင့်တွေ့ဆုံခဲ့ရာ သိမ်းပိုက်ရရှိတဲ့ နယ်မြေများ စခန်းများ ပြန်လည်လက်လွတ်ဆုံးရှုံးမှုမရှိစေရေး တပ်လုံခြုံရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ထားဖို့၊ စစ်ရေးအမြင်၊ စစ်ရေးသတိ အမြဲမပြတ် ထားရှိဖို့ လမ်းညွှန်ခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။ စစ်ဦးစီးချုပ် တားဟိုပလန်ဟာ မနေ့ မနက်ကသိမ်းပိုက်ရရှိတဲ့ နမ္မတ ခမရ(၃၂၄)တပ်စခန်းအပါအဝင် စစ်ကောင်စီထံမှ သိမ်းထားတဲ့ စခန်းများ၊ မြို့များသို့ သွားရောက်ပြီး ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလ တအာင်းပြည်နယ်အတွင်း တပ်စခန်းကြီး၊ ငယ် စခန်းပေါင်း (၇၃) ခုနဲ့ မြို့(၅)မြို့ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီိလို့ TNLA က အသိိပေးပါတယ်။

▪︎စစ်ကောင်စီတပ် ချန်ရစ်ခဲ့တဲ့ ဒဏ်ရာရ ဆေးတပ်သားကို MNDAA ကယ်ဆယ်

စစ်ကောင်စီ​ရဲ့ တပ်မ(၉၉)ဟာ စစ်မြေပြင်မှာ ဒဏ်ရာရလူနာကို စွန့်ပစ်ခဲ့တယ်လို့ ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်ခဲ့ပြီး အဲဒီ စစ်သားကို ကယ်ဆယ်ကုသပေးနေတယ်လို့ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၁၄ ရက်က စစ်ကောင်စီတပ်မ(၉၉) လက်အောက်ခံတပ်ဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့တို့ မုံးကိုးခရိုင် နန်ခုန့်ဒေသမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် အထိနာပြီး စစ်မြေပြင်မှ စွန့်ခွာစဉ် ပေါင်မှာ ဒဏ်ရာရတဲ့ အသက် (၄၂)နှစ်အရွယ် တပ်သား ခင်မောင်အိုက် ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဒဏ်ရာရစစ်သားဟာ တစ်ပတ်ကြာ အစာငတ်ခဲ့ပြီး ဒီဇင်ဘာ၂၁ ရက်မှာ MNDAAက တွေ့ရှိကာ ဆေးကုသပေးခဲ့ပါတယ်။ တပ်သား ခင်မောင်အိုက်ဟာ ဒဏ်ရာရနေချိန် ချန်မထားခဲ့ဖို့ ပြောပေမယ့် စစ်ကောင်စီတပ်သားများက ချန်ထားခဲ့ပြီး MNDAAက ကုသကယ်ဆယ်ပေးတဲ့အပေါ် ကျေးဇူးတင်ကြောင်း ပြောတယ်လို့ MNDAA က ဖော်ပြပါတယ်။

▪︎KNU နယ်မြေမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့သံဃာတစ်ပါးအပါအဝင် အရပ်သား ၈ ဦးသေ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃)နယ်မြေ ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း အရပ်သား ၈ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ မူး(မုန်း)မြို့နယ်နဲ့ လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များက တိုက်ပွဲနှင့်မသက်ဆိုင်တဲ့ ပြည်သူလူထုများကို ပစ်မှတ်ထားပြီး လက်နက်ကြီးများ၊ လေကြောင်းတို့ဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

▪︎ဖယ်ခုံရှိ ရွှေပြည်အေးနဲ့ လွယ်ပတာစခန်းကုန်းများကို မဟာမိတ်များ သိမ်းပိုက်

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းရှိ ရွှေပြည်အေးနဲ့ လွယ်ပတာ စခန်းကုန်းများကို သိမ်းပိုက်ရရှိကြောင်း မိုးဗြဲ-ဖယ်ခုံစစ်ဆင်ရေး မဟာမိတ်အင်အားစုများက ဒီနေ့ ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၂၃၊ ၂၄ နဲ့ ၂၅ ရက်တို့မှာ ရွှေပြည်အေးနဲ့ လွယ်ပတာ စခန်းကုန်းများကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဖော်ပြပါတယ်။ စခန်းသိမ်းတိုက်ပွဲများအတွင်း လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့သလို စစ်ကောင်စီတပ်သားတွေကိုပါ ဖမ်းမိထားတယ်လို့ ကရင်နီတပ်ပေါင်းစုတာဝန်ရှိသူက ပြောပါတယ်။ ပူးပေါင်းမဟာမိတ်အင်အားစုများကလည်း ဖယ်ခုံမြို့ အဝင်၊အထွက် နေရာအသီးသီးကို ထိန်းချုပ်ထားပြီလို့ အသိပေးပါတယ်။

▪︎နမ္မတူ-သီပေါနယ်စပ်ရှိ မိုးတေမြစ်ကူးတံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး

တအာင်းတပ်မတော်(TNLA)က သိမ်းပိုက်ထားတဲ့ နမ္မတူ၊ မန်တုံနဲ့ နမ့်ဆန် မြို့သုံးမြို့ အဓိက အသုံးပြုနေတဲ့ နမ္မတူ-သီပေါနယ်စပ်ရှိ မိုးတေမြစ်ကူးတံတားကို စစ်ကောင်စီဘက်က မနေ့ညပိုင်းမှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ TNLA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောပါတယ်။ စစ်ကောင်စီရဲ့ သီပေါအခြေစိုက်တပ်က မနေ့ ညနေပိုင်းမှာ မိုးတေချာင်းတံတားကို မိုင်းခွဲဖျက်ဆီးခဲ့တာပါ။ ဒါ့အပြင် နမ္မတူမြို့ကို TNLA က သိမ်းပိုက်ပြီးနောက် မြို့ကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ၅ ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က အသိပေးပါတယ်။ နောက်ပြီိး စစ်ကောင်စီတပ်ဟာ မူဆယ်မြို့မှာ MI 17 ထောက်ပို့ ရဟတ်ယာဉ်ဖြင့် သုံးကြိမ် စစ်ကူလူအင်အားနဲ့ လက်နက်ခဲယမ်းများ ထပ်မံပို့ချခဲ့တယ်လို့ TNLA က ဆိုပါတယ်။

▪︎မြောက်ဦးတိုက်ပွဲ စစ်ကောင်စီလက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးသေ၊ ၁၇ဦး ဒဏ်ရာရ

ရက္ခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်လုပ်ခဲ့လို့ အရပ်သားသုံးဦးသေဆုံးကာ ကလေးငယ်များအပါအဝင် အရပ်သား ၁၇ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ မနေ့က မြောက်ဦး-မင်းပြား ကားလမ်းဘေးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ရဲတပ်ဖွဲ့ဝင်များ တပ်စွဲ အခြေချထားတဲ့ မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီိးသာမက တိုက်လေယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ AAနဲ့ စစ်ကောင်စီတပ်တို့ဟာ ပုဏ္ဏားကျွန်းမြို့နယ် ရန်ကုန်-စစ်တွေကား လမ်းမရှိရာ ဓါတ်အားခွဲစက်ရုံအရှေ့မှာ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။

▪︎ထီးချိုင့်နဲ့ သပိတ်ကျင်းကြား စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှ စစ်ကောင်စီ​တပ် ပွိုင့်ကုန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်နဲ့ သပိတ်ကျင်းမြို့နယ်ကြား အင်အားအများအပြားဖြင့် ကင်းပုန်းဝပ်နေတယ်လို့ ဒေသခံများက ပြောပါတယ်။ ဒီရက်ပိုင်း ပြည်သူတွေ အသွားအလာရပ်ထားသင့်တယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ သပိတ်ကျင်းမြို့နယ် ငါးတန့်အိုင်ကျေးရွာအနီးရှိ စစ်ကောင်စီပွိုင့်ကုန်းကို ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်းမှာ ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်များက သိမ်းယူခဲ့တာပါ။

▪︎မြန်မာပြည်သူ တစ်ရပ်လုံးရဲ့ဆန္ဒနှင့် သွေဖည်တဲ့အလုပ် လုံး၀လုပ်မည်မဟုတ်ဟုညီနောင်သုံးဖွဲ့ ထပ်လောင်းကတိပြု

မြန်မာပြည်သူလူထု တစ်ရပ်လုံးရဲ့ ဆန္ဒနှင့် သွေဖည်တဲ့အလုပ်ကို မည်သည့်အခါမှ လုပ်ဆောင်လိမ့်မှာမဟုတ်ဘဲ မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသောဆန္ဒကို ပြည့်ဝစေဖို့ အကောင်းဆုံးကြိုးပမ်းဆောင်ရွက်သွားမယ်လို့ တအာင်း(TNLA)၊ ကိုးကန့်(MNDAA)နဲ့ ရက္ခိုင်(AA) ညီနောင်မဟာမိတ်သုံးဖွဲ့က ထပ်လောင်း အသိပေးထုတ်ပြန်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး နှစ်လတာပြည့်သည့်တိုင် စစ်ဆင်ရေးအရှိန်ဟာ ကျဆင်းသွားခြင်းမရှိဘဲ သတ်မှတ်ထားတဲ့ စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီးတစ်ခု ချေမှုန်းတိုက်ခိုက်နေတယ်လို့ ညီနောင်သုံးဖွဲ့က ပြောပါတယ်။

▪︎ရေနံချောင်းမြို့နယ် စစ်ကောင်စီတပ်စွဲရာ ကျေးရွာကို PDFများ တိုက်ခိုက်

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ရှိ ကုက္ကိုခွကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိတယ်လို့ Chauk Guerrilla Force (CGF)အဖွဲ့ခေါင်းဆောင် ဗိုလ်ပေတက ပြောပါတယ်။ ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းက ရေနံချောင်းမြို့နယ်ရှိ ကုက္ကိုခွကျေးရွာဘုန်းကြီးကျောင်းမှာ အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားတဲ့ ရေနံချောင်းမြို့အခြေစိုက် ခလရ(၇၇) တပ်ရင်းမှ စစ်ကောင်စီတပ်ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးနိုင်တယ်လို့ ဗိုလ်ပေတက ဆိိုပါတယ်။ တိုက်ပွဲမှာ နှစ်နာရီခန့် ကြာမြင့်ခဲ့ပြီး Chauk Guerrilla Force (CGF)မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

▪︎ပခုက္ကူ-မြိုင်နယ်စပ်မှာ ရဲသုံးဦးကို ဖမ်းဆီးရမိ

မကွေးတိုင်း၊ ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ကောင်စီထောက်ပို့ယာဥ်တန်းမှ ရဲသုံးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောပါတယ်။ ဒီဇင်ဘာ ၂၄ ရက် ညပိုင်းက ပခုက္ကူမြို့နယ်၊ ကမ္မအရှေ့ဘက် မြိုင်မြို့နယ် အစပ်မှာ ရဲသုံးဦးကို ဖမ်းဆီးရမိခဲ့ကာ ၎င်းတို့ သုံးဦးမှာ စစ်ကောင်စီစစ်သားများက သေနတ်ပေးမထားဘဲ ကင်းစောင့်ခိုင်းစဉ် မျက်စိလည်ကာ မြိုင်(ပကဖ)နဲ့ PDF Kamma ( ကမ္မတပ်ပေါင်းစု) ရဲဘော်များက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ ရဲသုံးဦးမှာ သရက်ရဲစခန်းမှ ရဲဒုတပ်ကြပ် ဝေလွင်ထွန်းနဲ့ ရဲတပ်သား ဟိန်းထက်အောင်၊ မင်းလှရဲစခန်းမှ ရဲတပ်သား အောင်လင်းထွန်းတို့ဖြစ်ပါတယ်။

▪︎တောင်ကြာအင်းစခန်းသိမ်းတိုက်ပွဲ လက်နက် ၂၅ လက်ရ၊ ရဲ ၁၀ ဦးဖမ်းမိဟု KNLAဗဟိုဌာနချုပ် ထုတ်ပြန်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ KNDOဦးစီးတော်လှန်ရေးပူးပေါင်းတပ်က လာ့တကော(တောင်ကြာအင်း)ရဲစခန်းနဲ့ တပ်စခန်းကို တိုက်ခိုက် ရှင်းလင်းသိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ ၂၅ လက်ရရှိပြီး ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရရှိခဲ့တယ်လို့ KNLA ဗဟိုဌာနချုပ်က ထုတ်ပြန်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆) ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တောင်ကြာအင်းရဲစခန်းနဲ့ တပ်စခန်းကို မနေ့က တိုက်ခိုက်ခဲ့တာလို့ အသိိပေးပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲမှာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကိုလည်း ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ဇာမဏီသွေး တော်လှန်ရေးသပိတ်၊ ရွာပေါင်းစုံသပိတ်၊ သွေးမအေးတဲ့ ရွှေနွယ်သွေးသပိတ်တို့က ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက တော်လှန်ပြည်သူများနဲ့အတူ "တရုတ်-မြန်မာ အနာဂတ်အတွက် အဖိနှိပ်ခံ ပြည်သူများနဲ့ အတူရပ်"၊ "China: Stand Together with the Oppressed People of Myanmar for Our Future" ခေါင်းစဥ်နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဆန္ဒပြခဲ့ပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်မှာ အခြေခံပညာအထွေထွေသပိတ်ကော်မတီက "အကြပ်အတည်းအားလုံးရဲ့ တရားခံအာဏာရှင်စနစ်ဆိုးနဲ့ အာဏာရူးစစ်အုပ်စုကို အမြစ်ပြတ်တော်လှန်" ခေါင်းစဥ်နဲ့ လက်ရှိတော်လှန်ရေးအခြေအနေ၊ ပြည်သူလူထု ပူးပေါင်းပါဝင်ရမယ့် အခြေအနေတွေ တင်ပြဆွေးနွေးခဲ့ပါတယ်။

ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာလည်း စကြဝတေးမင်းကြီးသပိတ်ကော်မတီဝင်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် "အဆုံးသတ်အတွက် အဆုံးအဖြတ်ပေးသွားတဲ့ ၂၀၂၃ " စာတန်း (ဗီနိုင်း)ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ကောလင်းမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား နေသူ ၅ ဦးကို ကာကွယ်ရေး တပ်ဖွဲ့များ ဖမ်းဆီး ထိန်းသိမ်းရန်ကုန်၊ ဒီဇင်ဘာ ၁...
18/12/2023

ကောလင်းမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား နေသူ ၅ ဦးကို ကာကွယ်ရေး တပ်ဖွဲ့များ ဖမ်းဆီး ထိန်းသိမ်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား နေသူ ၅ ဦးကို ကာကွယ်ရေး တပ်ဖွဲ့များ ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) က ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကောလင်းမြို့နယ် ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ) နှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) တို့ပူးပေါင်းကာ ကောလင်းမြို့ပေါ်ရှိ မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ ၊ကွင်းဆက် တရားခံများကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဖမ်းဆီး ထိန်းသိမ်းခဲ့သော မူးယစ် ဆေးဝါး ဆက်စပ်ပစ္စည်းများနှင့်ကွင်းဆက်တရားခံများမှာ ကောလင်းမြို့ မြောက်အင်းရပ်ကွက်နေ ဝတုတ် ကုန်မာဆိုင် မိသားစုမှ ဦးရဲရင့်အောင်၊ ဒေါ် မြစန်းဌေး ဖြစ်ပြီး ၎င်း တို့ထံမှ ဘိန်းဖြူ ဆပ်ပြာခွက် - ၁၅၅ ခွက် ၊ ရာမ (အပြား၁၅၀ခန့်ပါ) - ၁၆၇ ထုပ် ၊ ဘိန်းမဲ ၅၀ ကျပ်သားခန့် - ၁ ထုပ်၊ ဘိန်းမဲ ၂၅ ကျပ်သားခန့် - ၁ ထုပ် ၊ လက်စွပ်ကြီးသေး - ၃ ကွင်း၊ ဆွဲကြိုး - ၃ ကုံး ၊ လက်ကောက်သေး - ၁ ကွင်း ၊ ဆံထိုး - ၁ ခု ၊ ပီချူးရုပ် - ၁ ခု(ရွှေဟုယူဆရ)၊ ငွေစက္ကူ - ၂၈၈၂၅၀၀၀ ကျပ်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဆည်တိုကျေးရွာမှ မောင်ငဗျော် ဆိုသူထံမှ ဘိန်းဖြူ ဆပ်ပြာခွက် - ၁၁ ခွက် ၊ ကောလင်းမြို့ ၊ သုဝဏ္ဏရပ်ကွက်တွင် နေထိုင်သူ ဦးဝင်းမြင့် ထံမှ ဘိန်းဖြူ ဆပ်ပြာခွက် - ၈ ခွက် ၊ Grand အရက် ချိုးပုလင်း (ဘိန်းဖြူထည့်ထားသော) - ၁ ပုလင်း ၊ အုန်းဆီဘူး(အရွယ်အစား) - ၁ ဘူး ၊ ငွေစက္ကူ - ၂၀၀၀၀၀၀ ကျပ် ၊ နားဆွဲ(ရွှေဟုယူဆရ) - ၃ ခု ၊ TECNO ဖုန်း - ၁ လုံး ၊ ပန်းရောင်အိတ်- ၁ လုံး၊ ကောလင်းမြို့ မြို့ကုန်း/မြို့မ ရပ်ကွက်နေ ဦးစည်သူလွင်(ခ) အီတူး ထံမှ ဘိန်းဖြူ (ဒိန်ချဥ်ဘူးသေးအရွယ်) - ၁ဘူး၊ ငွေစက္ကူ - ၁၅၀၃၅၀ ကျပ် တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

■ တပ်မတော်သားများ "အသက်မသေလိုပါက" ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြရန် ညီနောင်အဖွဲ့ ထပ်မံသတိပေး "ငါမသေငါ့စခန်းမကျစေရ" ဆောင်ပု...
18/12/2023

■ တပ်မတော်သားများ "အသက်မသေလိုပါက" ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြရန် ညီနောင်အဖွဲ့ ထပ်မံသတိပေး

"ငါမသေငါ့စခန်းမကျစေရ" ဆောင်ပုဒ်သည် သမိုင်းတွင်ကျန်ရစ်ခဲ့ပြီဟုဆို

Western News| ဒီဇင်ဘာ ၁၈

အာဏာသိမ်းစစ်ကောင်စီ မြန်မာစစ်တပ် (တပ်မတော်သားများ) တပ်ဖွဲ့ဝင်များအနေဖြင့် အသက်မသေလိုပါက အချိန်မီ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးဝင်ရောက် ခိုလှုံကြရန် မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထပ်မံသတိပေးထုတ်ပြန်လိုက်သည်။

ရှမ်းမြောက်နှင့် ရခိုင်ပြည်အတွင်း စစ်ရေးအခြေအနေများကို ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က သတင်းထုတ်ပြန်ရာတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ယင်းကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီသည် လက်ရှိတွင် စခန်းတစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရ၍ ထိုးစစ်များမပြုလုပ်နိုင်ဘဲ ကျန်ရှိနေသေးသော တပ်စခန်းများ ဆက်လက်မကျဆုံးစေရေးအတွက်ကိုသာ အဓိကထားပြီး ခုခံကာကွယ်နေရခြင်းဖြစ်သည်။

မြန်မာတပ့်မတော်၏ "ငါမသေငါ့စခန်းမကျစေရ" ဆောင်ပုဒ်သည် သမိုင်းတွင်ကျန်ရစ်ခဲ့ပြီဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က " တပ်မတော်သားတွေအနေနဲ့ ငါ့အသက်ကို ညီနောင်မဟာမိတ်(၃) ဖွဲ့က ဘယ်အချိန်လာယူမလဲ ဆိုတဲ့ စိုးရိမ်ပူပန်မှုများနှင့်အတူ ခုခံစစ်ကို မည်သည့် စစ်ကူမျှမပါဘဲ ရင်ဆိုင်နေရသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ထိုကြောင့် မြန်မာ့တပ်မတော်သားများ အနေဖြင့် အသက်မသေလိုပါက ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ဝင်ရောက်ခိုလှုကြရန် ထပ်မံ တိုက်တွန်းလိုက်ပါသည် " ဟု ဆိုသည်။

အသက်ကိုဉာဏ်စောင့် ဆိုသည့်စကားအတိုင်း မြန်မာ့တပ်မတော်သားများကို စေတနာဖြင့် အသိပေးခြင်းဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် MNDAA, TNLA နှင့် AA တို့က ကြေညာထားသည်။

၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်း ၅၀ ကျော်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီသည် တိုက်ပွဲအများစု၌ စစ်ကူမပေးနိုင်တော့သည်ကို ထင်သာမြင်သာ တွေ့မြင်နိုင်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုသည်။

မြေပြင်စစ်ကြောင်းများ မထောက်ပံ့ပေးနိုင်တော့သည့်အပြင် လက်နက်ကြီးပစ်ကူပေးခြင်းနှင့် လေကြောင်း ပစ်ကူပေးခြင်းမှအပ လက်နက်အင်အားထောက်ပံ့ မပေးနိုင်ခြင်း၊ စားနပ်ရိက္ခာထောက်ပံ့မပေးနိုင်ခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးကုသမပေးနိုင်တော့ကြောင်း သုံးသပ်သူတစ်ဦးက ဆိုသည်။

"စစ်ကောင်စီဟာ လက်နက်ကြီး ပစ်ကူတာနဲ့ ဝေဟင်ကနေ လေယာဉ်နဲ့ အနည်းငယ် ပစ်ကူတာလောက်ပဲ လုပ်နိုင်တော့တယ်။ လေယာဉ်ကလည်း အချိန်အကြာပြီး ပစ်ကူပေးနိုင်တာ မဟုတ်ဘူး။ လက်နက်အင်အားနဲ့ လေယာဉ်ဆီက စစ်ကောင်စီမှာ အလုံအလောက်ရှိတာ မဟုတ်ဘူး။ စခန်းတစ်ခုကို ရက်အနည်းငယ်လောက်ပဲ ကာကွယ်ပေးနိုင်တယ်။ စခန်းတစ်ခုလုံးကို ပြန်လည် ရရှိရေး၊ ထိန်းချုပ်ရေးကိုကျတော့ မလုပ်နိုင်တောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြေပြင်တပ်သားတွေက မရှိတော့ဘူးလေ။ တပ်သားတွေကိုလည်း မထောက်ပံ့ပေးနိုင်တော့ဘူး။ ထောက်ပံ့ဖို့လာရင်လည်း တော်လှန်ရေးတပ်ဖွဲ့က ချေမုန်းလိုက်တော့ စစ်ကောင်စီအတွက်က မလွယ်ကူတော့ဘူး။ ဒါ့ကြောင့် တပ်မတော်သားတွေအနေနဲ့ ညီနောင်မဟာမိတ်အဖွဲ့က ပြောတာကို လက်ခံသင့်တယ် " ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင် နှစ်ပေါင်းများစွာ အခိုင်အမာတည်ဆောက်ထားသော စစ်ကောင်စီ၏ တပ်စခန်း တရွန်အိုင်နှင့် နှုံးဘူးဗျူဟာကုန်းတို့ကို ရက္ခိုင့်တပ်တော် AA က ရက်ပေါင်း ၂၀ ကျော်အတွင်း အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီသည် ရက် ၂၀ ကျော်သာ ခုခံကာကွယ်နိုင်ခဲ့သော်လည်း အဆုံးတွင် လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။

ယင်းအပြင် ရခိုင်ပြည်အတွင်းရှိ အင်အားနည်းစစ်စခန်း၊ ရဲစခန်း၊ နယ်ခြားစောင့်စခန်းတို့မှာလည်း AA ၏ ထိုးစစ်ဆင်နှင့် သတိပေးချက်ကို ကြောက်ရွံ့စိုးရိမ်ကြ၍ တပ်မ၊ တပ်ရင်း၊ မြို့မရဲစခန်းသို့ ပူးပေါင်းရန် ပြောင်းရွှေ့နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက မင်းပြားမြို့နယ်အဆုံးရှိ ပန်းမြောင်းရွာထဲက တပ်ရင်းနှင့် တောင်ဖြူတောင်က တပ်ရင်းတို့မှာ ၎င်းတို့မူလစခန်းကို စွန့်ခွာကာ မြောက်ဦးမြို့အဝင်ရှိ ၅၄၀ တပ်ရင်းသို့ ပူးပေါင်းသွားကြသည်။

အလားတူ ရှမ်းမြောက်ဒေသတွင်လည်း ကိုးကန့်ဒေသနှင့် တအောင်းဒေသတို့တွင် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နွှဲနေ၍ စစ်ကောင်စီမှာ အထိနာလျှက်ရှိနေပြီး စစ်ကူမပေးနိုင်တော့သည့်အတွက် ကျန်ရှိတပ်စခန်းများမှာ အကွဲကွဲအပြားပြား သွားလာလှုပ်ရှားနေကြကြောင်း ညီနောင်မဟာမိတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရခိုင်နှင့် ပလက်ဝဒေသတွင် ရက္ခိုင့်တပ်တော် AA က ကိုယ်တိုင်တိုက်ယူထားသော စခန်းများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်လွှတ်ခဲ့သော စခန်း စုစုပေါင်း ၁၄၂ ခုကို သိမ်းပိုက်ထားနိုင်ပြီဟု ဒီဇင်ဘာလ ၁၄ ရက်နေ့က AA က ထုတ်ပြန်ထားသည်။

ရှမ်းမြောက်တွင်လည်း ကိုးကန့်ဒေသတွင် MNDAA က မြို့အများအပြားကို သိမ်းပိုက်ထားပြီး ကိုးကန့်လူမျိုး၏တို့၏ အိမ်မက်ဖြစ်သော လောက်ကိုင်မြို့ကို ရရှိရေးအတွက် မြို့ကိုဝိုင်းထားကာ လောက်ကိုင်မြို့ထဲက စစ်ကောင်စီတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ မြို့ကိုစွန့်ခွာသွားကြရန် MNDAA က သတိပေးထားသည်။

တအောင်းဒေသ၌လည်း TNLA က စစ်ကောင်စီတပ်ဖွဲ့များကို ယနေ့အချိန်အထိ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့အများအပြားကို သိမ်းပိုက်ထားသည့်အပြင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းများကိုလည်း သိမ်းပိုက်ထားကြောင်းနှင့် စစ်ကောင်စီမှ အင်အားအလွန်လျော့နည်းကာ အထိနာလျှက်ရှိနေသည်။

Western News-WN

ပုံစာ-ညီနောင်မဟာမိတ်အဖွဲ့မှ သိမ်းဆည်း ရရှိခဲ့သည့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ

မုံရွာမြို့ပေါ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပြီး စစ်အုပ်စု နှစ်ယောက် သေ၊ ဘုန်းစိုး/MFP ၊ ဒီဇ...
14/12/2023

မုံရွာမြို့ပေါ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပြီး စစ်အုပ်စု နှစ်ယောက် သေ၊

ဘုန်းစိုး/MFP ၊ ဒီဇင်ဘာ - ၁၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ပြည်တော်သာရပ်ကွက် (အက်တောရွာ)မှာ မနေ့ညက စစ်အုပ်စုနဲ့ တော်လှန်ရေး တပ်တွေ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု နှစ်ယောက် သေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီဇင်ဘာ(၁၃)ရက် မနေ့ည (၁၀)နာရီခန့်က မုံရွာမြို့ ပြည်တော်သာရပ်ကွက်မှာ နေထိုင်တဲ့ စစ်အုပ်စု သတင်းပေး တစ်ယောက်ကို ဒေသကာကွယ်ရေး ရဲဘော်တွေက ၀ငျရောကျ ဖမ်းဆီးချိန် စစ်အုပ်စု ပတ်ကင်းနဲ့ ထိပ်တိုက်တွေ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

"စစ်တပ်က နှစ်ယောက် သေတယ်လို့ ကြားတယ်။ ကလေးတွေ (ကာကွယ်ရေးအဖွဲ့)က ဒလန် လာဖမ်းတာနဲ့ သူတို့ (စစ်ကား)နဲ့ တွေ့ပြီး ပစ်ကြတာ"လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်အုပ်စုဟာ မုံရွာမြို့ပေါ် ရပ်ကွက်တွေထဲ အိမ်စီးကားတွေနဲ့ ကင်းပတ်လေ့ ရှိပြီး ဒေသခံ ပြည်သူတွေကို မထင်ရင် မထင်သလို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာ၊ သတ်ဖြတ်တာတွေ ကျူးလွန်နေတာလို့ မြို့ခံတွေက ဆိုပါတယ်။

စစ်အာဏာသိမ်းစက မုံရွာမြို့ ကျောက္ကာလမ်းပေါ်မှာ တွေ့ရတဲ့ စစ်အုပ်စု/Photo CJ








“ချင်းလဲန်းကောင်စီကနေတစ်ဆင့် အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအထိ ကျနော်တို့ လိုချင်တဲ့ ပက်ကား အစိုးရ ဖြစ်လာတဲ့အထိ တ...
14/12/2023

“ချင်းလဲန်းကောင်စီကနေတစ်ဆင့် အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအထိ ကျနော်တို့ လိုချင်တဲ့ ပက်ကား အစိုးရ ဖြစ်လာတဲ့အထိ တည်ဆောက်သွားဖို့ ဖြစ်ပါတယ်”

“မတက်ရောက်နိုင်သေးတဲ့ ၃ ဖွဲ့နဲ့လည်း ညီလာခံပြီးရင် တွေ့ဆုံဖို့ ရှိတယ်။ သူတို့ ပါဝင်လာနိုင်ရေးကို တံခါးဖွင့်ထားပါတယ်”

၁၃ ဒီဇင်ဘာ ၂၀၂၃

ပထဆုံးအကြိမ် ချင်းပြည်ကောင်စီညီလာခံကို ဒီဇင်ဘာလ ၄ ရက်မှ ၇ ရက်အထိ ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ်၊ Victoria Base တွင် အောင်မြင်စွာကျင်းပခဲ့ပြီး ချင်းလူမျိုးများ ကိုယ်တိုင်ရေးဆွဲ ပြဌာန်းသည့် ချင်းပြည်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုခဲ့ကြသည်။ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းပြည် တည်ဆောက်ရန်၊ နိုင်ငံရေးနှင့် အမျိုးသားတန်း တူရေး၊ အာမခံချက် ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်ရန် နှင့် ဒီမိုကရေစီစနစ်တည်ဆောက်ရန် စသည့် ရည်မှန်းချက် ၃ ခုနှင့်လည်း ချင်းပြည်ကောင်စီကို ဖွဲ့စည်းခဲ့ကြပါသည်။

ချင်းပြည်ကောင်စီက လွှတ်တော်၊ အစိုးရနှင့် တရားလွှတော်ချုပ်တို့ကို ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမည်ဖြစ်သည်။

ချင်းပြည်ကောင်စီညီလာခံမှာ အစုအဖွဲ့ (၃) ခု ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ်များ၊ ချင်းလွှတ်တော်ကိုယ်စားလှယ်အစု အဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်နှင့်ဒေသအစုအဖွဲ့မှကိုယ်စားလှယ်များမှ ၁၄ ဖွဲ့ တက်ရောက်ခဲ့ကြပြီး ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)နှင့် ကန်ပက်လက်မြို့နယ်ကောင်စီ/ CDF-ကန်ပက်လက်တို့က တက်ရောက်ခြင်းမရှိခဲ့ပေ။

ဤသို့ ချင်းပြည်နယ်၏ လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် တော်လှန်ရေးအရှိန်အဟုန်မြှင့်နေသည့်ကာလ ချင်းပြည်ညီလာခံမှ တဆင့် ချင်းပြည်ကောင်စီနှင့် ချင်းပြည် အုပ်ချုပ်ရေး ယန္တရားများကို ဖွဲ့စည်းနိုင်မှုက ချင်းတော်လှန်ရေးကို ဘယ်လိုအရွေ့တွေ ဖြစ်ပေါ်လာနိုင်မလဲ ချင်းပြည်ကောင်စီ တွဲဖက်အတွင်းရေးမှူး ၁ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားသည်။

မေး - ပထမအကြိမ် ချင်းပြည်ညီလာခံကို ဘယ်လို ကျင်းပခဲ့ပါသလဲ။ အဲဒီညီလာခံကနေ ဘယ်လို ဆုံဖြတ်ချက်တွေ ချမှတ်အတည်ပြုနိုင်ခဲ့ပါသလဲခင်ဗျ။

ဆလိုင်းထက်နီ - ချင်းလဲန်းကောင်စီ ညီလာခံကို CNF အစုအဖွဲ့ရယ်၊ ၂၀၂၀ မှာ ရွေးကောက်ပွဲမှာ အနိုင်ရပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ မြို့နယ်နဲ့ ဒေသ အုပ်ချုပ်ရေး အစုအဖွဲ့တွေရယ် ဆိုပြီးတေ့ာ အစုအဖွဲ့ (၃)ခုနဲ့ ချင်းပြည်ကောင်စီညီလာခံကို ပထမအကြိမ် အောင်မြင်စွာ ကျင်းပပြီး ချင်းလဲန်းကောင်စီကို ဖွဲ့စည်းနိုင်ခဲ့တယ်။ အဲလိုဖွဲ့စည်းတဲ့ နေရာမှာ ပထမဆုံး ကျနော်တို့ ချင်းလူမျိုးတွေ ကိုယ်တိုင် ရေးဆွဲထားတဲ့ ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျနော်တို့ အတည် ပြု ပြဌာန်းနိုင်ခဲ့တယ်။ ပြီးတော့ ကောင်စီ ဦးဆောင်အဖွဲ့ကိုလည်း ကျနော်တို့ ရွေးချယ်တင်မြောက်နိုင်ခဲ့တယ်။ အဲဒီကမှ တစ်ဆင့် ရက်ပေါင်း ၆၀ အတွင်းမှာ ချင်းပြည်လွှတ်တော်ရယ်၊ အုပ်ချုပ်ရေးရယ်၊ တရားစီရင်ရေးရယ် အာဏာသုံးရပ်ကို ဖွဲ့စည်းမှာဖြစ်တယ်။ အဲလို လုပ်တဲ့ နေရာမှာ ဒီအစိုးရကို ချင်းပြည်အစိုးရ၊ ပြီးတော့ ဒေသန္တရာ အစိုးရ ဆိုပြီး ထားရှိပြီးတော့မှ ချင်းပြည်တော်လှန်ရေး ကာလ အစိုးရကို ဆက်လက်ပြီးတော့ တည်ဆောက်ဖို့ ဆုံးဖြတ်ချက် ချမှတ်ထားခဲ့ပါတယ်။

မေး - ချင်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ဘယ်လို ထူးခြားချက်တွေ ပါဝင်ပါသလဲ။

ဆလိုင်းထက်နီ - ထူးခြားချက်ဆိုလို့ ကျနော်တို့က ချင်းလူမျိုးတွေ ချင်းတွေကိုယ်တိုင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ မှာတော့ ကျနော်တို့ လိုချင်နေတဲ့ ပြီးတော့ လက်ရှိ ဖြစ်တည််နေတဲ့ အမျိုးသားအဆင့် အစိုးရ၊ ပြီးတော့ ဒေသန္တရအဆင့် အစိုးရဆို ပြီးတော့ ဒီမိုကရေစီကျင့်စဉ် လုပ်ထုံး လုပ်နည်းနဲ့ အညီ ကျနော်တို့က ပြည်သူလူထုကိုယ်တိုင် အုပ်ချုပ်တဲ့ ဖော်ဆောင်တဲ့ အစိုးရမျိုး ကို အခု ဖော်ဆောင်သွားဖို့ ဆိုတာက ဒီဖွဲ့စည်းပုံရဲ့ ထူးခြားချက်ပေါ့နော်။

မေး - အဲဒီဖွဲ့စည်းပုံကနေ ချင်းပြည်နယ်ကို ဘယ်လိုပုံစံမျိုးတည်ထောင်ဖို့ ရည်မှန်းထားပါသလဲ။ ချင်းပြည်သူတွေက ချင်းပြည်ကို ဘယ်လိုပုံစံနဲ့ လည်ပတ်မယ့် အုပ်ချုပ်ရေးယန္တရားတွေကို မြင်တွေ့ရမှာပါလဲ။

ဆလိုင်းထက်နီ - အဓိကက ဖွဲ့စည်းပုံဆိုတာက ကျနော်တို့ ဖက်ဒရယ် ဒီမိုကရေစီကို အခြေခံတဲ့ အုပ်ချုပ်မှုမျိုးကို ဖော်ဆောင်သွား မှာဖြစ်တယ်။ တခြား ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံတွေ၊ အုပ်ချုပ်မှု ပုံစံတွေကို ကျနော်တို့ ချင်းလူမျိုး တွေနဲ့ ကိုက်ညီတဲ့ အနေအထားအောက်ကနေ ကျနော်တို့က ဆက်လက်ပြီး သွားဖို့ ရှိပါတယ်။ ကျနော်တို့ ဒီအစိုးရဖွဲ့တဲ့ နေရာမှာ ချင်းပြည်ဝန်ကြီးချုပ်ရှိမယ်၊ အဲဒီနေရာမှာ ဝန်ကြီးဌာနတွေ ထားမယ်။ လွှတ်တော်မှာ ဥပဒေပြုရေးကိုတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတော့ နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျနော်တို့က သီးသန့် စုဖွဲ့၊ ဖွဲ့စည်းသွားမှာ ဖြစ် တယ်။ တရားစီရင်ရေးကိုတော့ သူဟာ သူ သီးသန့် လွတ်လပ်တဲ့ တရားစီရင်ရေးကို ကျနော်တို့က ဖော်ဆောင်မှာဖြစ်တယ်။

မေး - ချင်းပြည်ကောင်စီကို ချင်းပြည်ကောင်စီညီလာခံကနေ အတည်ပြုဖွဲ့စည်းနိုင်ခဲ့ပြီးလို့ သိရပါတယ်။ ချင်းပြည်ကောင်စီကို ဘယ်လိုမျိုး ဖွဲ့စည်းထားပါသလဲ။

ဆလိုင်းထက်နီ - ချင်းပြည်ကောင်စီကို အကြီးအကဲ (၆) ဦး ။ ဥက္ကဌရယ်၊ ဒုတိယ ဥက္ကဌ ၁ နဲ့ ၂ ရယ်၊ အစုအဖွဲ့ (၃)ခုစီကနေ တစ်ဦး စီ စေလွှတ်ပြီးတော့ အဲဒါကို အတည်ပြုတယ်။ ထိုနည်းလည်းကောင်းပဲ အတွင်းရေးမှူးကိုလည်း အစုအဖွဲ့ တစ်ခုစီကနေ အတွင်း ရေးမှူး တစ်ဦးရယ်၊ တွဲဖက် အတွင်းရေးမှူး ၁ ရယ်၊ ၂ ရယ်ဆိုပြီးတော့ ကျနော်တို့ ညှိနှိုင်းပြီးတော့မှ လုပ်တယ်။ ချင်းပြည် ကောင်စီ ကို ဦးဆောင်ကော်မတီက ၂၃ ဦးနဲ့ ဖွဲ့စည်းတယ်။ ၂၃ ဦး ဆိုတဲ့ နေရာမှာလည်း အစုအဖွဲ့ (၃)ခု ကနေ စေလွှတ်လာတဲ့ ပုဂ္ဂိုလ်တွေ ကို (၂၃) ဦးထားပြီးတော့ ဦးဆောင်အဖွဲ့မှာလည်း ဥက္ကဌ (၃) ဦး၊ အတွင်းရေးမှူး (၃) ဦးဆိုပြီးတော့ ဖွဲ့တယ်။ ကောင်စီဝင် ကိုလည်း CNF ရယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ မြို့နယ်နဲ့ ဒေသ အုပ်ချုပ်ရေးတွေထဲက အစုအဖွဲ့ ၃ ခုထဲက ကျနော်တို့ ပြန်တင် မြှောက်ပြီးတော့ အဲဒါကို အတည်ပြုတယ်။ ကောင်စီဝင်ကတော့ ၁၃၀ ကနေ ၁၄၀ ကြားရှိတယ်။ အဲဒီကောင်စီကနေမှ ဒီအာဏာ (၃)ရပ်ကို ကျနော်တို့ ဖွဲ့စည်းတယ်။ လွှတ်တော်ရယ်၊ အစိုးရယ်၊ ပြီးတော့ တရားစီရင်ရေးရယ် ဆိုတဲ့ အာဏာသုံးရပ်ကို ကျနော်တို့ ဖော်ဆောင်မှာဖြစ်ပါတယ်။ အဲဒီ လွှတ်တော်ရယ်၊ အစိုးရယ်၊ တရားစီရင်ရေးရယ်တို့က ချင်းပြည်ကောင်စီကို တာဝန်ခံကြတယ်။ အဲဒီပုံစံနဲ့ အဲဒီကောင်စီကို ဖွဲ့စည်းတာဖြစ်တယ်။

မေး - စောစော ဆရာဖြေတဲ့ အထဲမှာ ချင်းလဲန်းကောင်စီကို အကြီးအကဲ (၆) ဦးနဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ အဲဒီအကြီးအကဲ (၆) ဦးက ဘယ်သူတွေပါလဲခင်ဗျ။

ဆလိုင်းထက်နီ - အကြီးအကဲ (၆) ဦးမှာ ဥက္ကဌ နေရာကို Pu Zing Cung ။ Pu Zing Cung က လက်ရှိ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ဥက္ကဌဖြစ်တယ်။ ဒုတိယဥက္ကဌ (၁) ကတော့ ဆလိုင်းမင်းညို၊ သူကတော့ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဖြစ်တယ်။ ဒုတိယဥက္ကဌ (၂)က မြို့နယ်တွေက စေလွှတ်တဲ့ ဆလိုင်း Pu Bawi Kung ဖြစ်တယ်။ အတွင်းရေးမှူးက မြို့နယ်တွေက စေလွှတ် လာတဲ့ ဆလိုင်းပေါလ်ဖြစ်တယ်။ တွဲဖက်အတွင်းရေးမှူး (၁) ကတော့ ကျနော် ဆလိုင်းထက်နီဖြစ်ပါတယ်။ CNF အစုအဖွဲ့က ဖြစ်တယ်။ တွဲဖက် (၂)ကတော့ Pu Tial Ling ဖြစ်တယ်။ သူကတော့ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ကနေ စေလွှတ်ထား တာဖြစ်ပါတယ်။

မေး - ချင်းပြည် ကောင်စီကနေ ချင်းပြည် လွှတ်တော်၊ အစိုးရအဖွဲ့နဲ့ တရားလွှတ်တော်ချုပ်တို့ကို ရပ်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။ အဲဒါတွေကို ဘယ်လို ဖွဲ့စည်းသွားမလဲ ဆိုတာ ရှင်းပြပေးပါဦးခင်ဗျာ။

ဆလိုင်းထက်နီ - ဖွဲ့စည်းပုံအရ ချင်းပြည်ကောင်စီကနေ ရက်ပေါင်း ၆၀ အတွင်း လွှတ်တော်ရယ်၊ အုပ်ချုပ်ရေးရယ်၊ တရားစီရင် ရေးရယ်ကို ဖွဲ့စည်းသွားမှာဖြစ်တယ်။ အဲလိုဖွဲ့စည်းနိုင်ဖို့ကောင်စီကနေ တာဝန်ပေးထားတဲ့ လူတွေ၊ ရွေးချယ်တင်မြောက်ရေး ကော်မတီကို ၃၁ ဦးနဲ့ ကျနော်တို့ ဖွဲ့စည်းတယ်။ ၃၁ ဦးနဲ့ ဖွဲ့စည်းတဲ့ နေရာမှာ အစုအဖွဲ့ ၃ ခုက ပုဂ္ဂိုလ်တွေက စေလွှတ်ပြီးတော့ သူတို့ကနေ အဲဒါကို ပြန်ရွေးချယ်မယ်။ ရွေးချယ်ပြီးတော့ အဲဒါကို ကောင်စီကနေ အတည်ပြုချက်ကို အတည်ပြုမှာ ဖြစ်တယ်။ အဲလိုပုံစံနဲ့ ကျနော်တို့က ဆက်လက်ပြီး ရက်ပေါင်း ၆၀ အတွင်း အဲလို အကောင်အထည်ဖော်မှာဖြစ်တယ်။ လွှတ်တော်ဆိုရင် ဥပဒေပြုရေးရာ အားလုံးကို ကိုင်တွယ်မယ်။ အုပ်ချုပ်ရေးကိုတော့ အုပ်ချုပ်ရေးအစိုးရက ကိုင်တွယ်မယ်။ တရားစီရင်ရေးကြတော့ လည်း သူ့ဟာသူ လွတ်လွတ်လပ်လပ် သီးသီးသန့်သန့် အရပ်ဖက် တရားစီရင်ရေးကို ကျနော်တို့က ဖော်ဆောင်မှာဖြစ်တယ်။

မေး - ဒီလိုတော်လှန်ရေးအရှိန်အဟုန် မြင့်နေတဲ့ ကာလမှာ ဒီလို ပထမအကြိမ် ချင်းပြည် ကောင်စီညီလာခံကို ကျင်းပနိုင်ပြီးတော့ ချင်းပြည်ကောင်စီ၊ ချင်းပြည်အုပ်ချုပ်ရေး ယန္တရားတွေကို ဖွဲ့စည်းနိုင်မှုဟာ လက်ရှိ သွားနေတဲ့ ချင်းလက်နက်ကိုင် တော်လှန်ရေးကို ဘယ်လို အလှည့်အပြောင်းတွေ၊ အရွေ့တွေ ဖြစ်ပေါ်စေမလဲခင်ဗျာ။

ဆလိုင်းထက်နီ - နွေဦးတော်လှန်ရေးက ၃ နှစ်ထဲ အဝင်ဖြစ်နေပြီ ကျနော်တို့ အနေအထားက ပထမကတော့ စစ်ဆင်ရေးကို အဓိက ထားတယ်။ ကျနော်တို့ ဦးတည်ချက်ကတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖြုတ်ချရေး၊ ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောင်ရေးဆိုတဲ့ အဲဒါတွေကို ဟန်ချက်ညီညီ တည်ဆောက်နိုင်ဖို့က စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီညီ တည်ဆောက်ပြီးတော့ အပြန်အလှန်အကျိုးပြုပြီးတော့ ကျနော်တို့ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီနိုင်အောင် စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီဖို့ ဖြစ်တယ်။ နိုင်ငံရေးဆိုတဲ့ နေရာမှာ လက်ရှိမှာတော့ ဒီအုပ်ချုပ်ရေးတွေ အားကောင်းလာရင် ပြည်သူ့ အားက ကောင်းလာမယ်။ ကျနော်တို့က ပြည်သူ့တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ထားတဲ့ ပြည်သူတွေရဲ့ ပံ့ပိုးမှုကို ပိုရရှိအောင်၊ ပြီးတော့ ပြည်တွင်းမှာ ပြည်သူတွေရဲ့ အခက်အခဲကို ကျနော်တို့ ကိုယ်တိုင်ဖော်ဆောင်မယ့် အုပ်ချုပ်ရေးကနေ လုပ်ဆောင်နိုင်ဖို့ ဖြစ်တယ်။ အဓိက ပြောချင်တာက နိုင်ငံရေးနဲ့ စစ်ရေး အားကောင်းဖို့ ၊ ချင်းပြည်ကို စုစုစည်းစည်းနဲ့ သွားနိုင်ဖို့ အဓိက ရည်ရွယ်ခြင်းဖြစ်တယ်။ အဲဒီမှာ ချင်းလဲန်းကောင်စီကနေ တစ်ဆင့် အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအထိ ကျနော်တို့ လိုချင်တဲ့ ပက်ကား အစိုးရ ဖြစ်လာတဲ့အထိ တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။

မေး - လက်ရှိ ချင်းအင်အားစု ထိန်းချုပ်ထားတဲ့ မြို့တွေကိုလည်း အခု ပေါ်ပေါက်လာမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ၊ ချင်းပြည်အုပ်ချုပ်ရေး ယန္တရားတွေနဲ့ လည်ပတ်တော့မှာလား။ အဲဒီအပေါ်မှာ ဘယ်လိုအစီအစဉ်တွေ ရှိပါသလဲ။

ဆလိုင်းထက်နီ - ကျနော်တို့မှာ အခု အနေအထားကတော့ ချင်းပြည်ရဲ့ ၁၀၀ မှာ ၇၅ ရာခိုင်နှုန်းကတော့ ပြည်သူ့လက်ထဲကို ရောက်နေပြီးလို့ ပြောလို့ ရတယ်။ စစ်ကောင်စီရဲ့ လုပ်ငန်း ယန္တရားလည်ပတ်မှုက မြို့ပေါ်မှာလောက်ပဲ ရှိတယ်။ အဲဒါကို ကျနော်တို့က လက်တွေ့ကျကျနဲ့ ဖော်ဆောင်နေတဲ့ နေရာမှာ နဂိုကတည်းကိုက ဒေသတွင်းမှာ မြို့နယ်နဲ့ ဒေသ အုပ်ချုပ်ရေး ၊ ပြီးတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနေပြီသားဖြစ်တယ်။ အဲဒါကို စုစုစည်းစည်းနဲ့ ပိုကျစ်လစ်ခိုင်မာအောင် လုပ်သွားဖို့ပါပဲ။ အဲလိုဖော်ဆောင်ပြီးသား မြို့နယ်၊ ဒေသအုပ်ချုပ်ရေးကို တစုတစည်းထဲနဲ့ အမျိုးသားအဆင့် ချင်းလဲန်းအဆင့် အုပ်ချုပ်ရေးမျိုးကို တည်ဆောက်နေတာဖြစ်တယ်။ စစ်ရေးမှာကြတော့မှာ အစိုးရအဖွဲ့မှာ ကာကွယ်ရေးဝန်ကြီးဆိုတာ ရှိမယ်။ အဲဒီကာကွယ်ရေး ဝန်ကြီးဌာန အောက်မှာ ချင်းအမျိုးသားတပ်မတော်ရယ်၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ အားလုံး စုစည်းပြီးတော့ စစ်ရေးကို ဖော်ဆောင်သွားမှာဖြစ်တယ်။ ချင်းပြည်အစိုးရ အောက်မှာ သွားတဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ လုံခြုံရေးစသဖြင့် ပြီးတော့ တခြားဝန်ကြီးဌာနတွေကိုလည်း လိုရင် လိုအပ်သလို တိုးချဲ့ပြီးတော့ ဖွဲ့စည်းသွားဖို့ ၊ လက်ရှိ ရည်မှန်းထားတာကတော့ ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် ဌာန ၁၅ ခုနဲ့ အဲဒီအုပ်ချုပ်ရေး ယန္တရာကို လည်ပတ်ဖို့ ပြင်ဆင်ပြီး တွန်းနေတာဖြစ်တယ်။

မေး - အခုကျင်းပပြီးစီးသွားတဲ့ ပထမအကြိမ်ချင်းပြည်ညီလာခံကို ဘယ်နှစ်ဖွဲ့ တက်ရောက်ခဲ့ပါသလဲ။

ဆလိုင်းထက်နီ - ချင်းပြည်ကောင်စီညီလာခံကို အစုအဖွဲ့ ၃ ခုနဲ့ ကျနော်တို့ ကျင်းပတာ ဖြစ်တယ်။ CNF ရယ်၊ ပြီးတော့ ၂၀၂၀ မှာ ရွေးကောက်ခံရပြီး နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ အစုအဖွဲရယ်၊ ဒေသတွင်းမှာ ရှိပြီးသား ဖြစ်နေတဲ့ မြို့နယ်ဒေသ အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ ၁၇ ဖွဲ့နဲ့ အဲဒီညီလာခံကို ကျင်းပတာဖြစ်တယ်။ ဒါပေမယ့် မြို့နယ်တွေက အဲဒီ ၁၇ ဖွဲ့ထဲမှာ ၁၄ ဖွဲ့ကတော့ အဲဒီညီလာခံကို တက်ရောက်တယ်။ ၃ ဖွဲ့ကတော့ မတက်ရောက်လာနိုင်ဘူး။ အဲဒီ ၃ ဖွဲ့ဘက်က လွှတ်တော်ကိုယ်စား လှယ်တွေ လည်း မတက်ရောက်နိုင်ခဲ့ဘူး။ အဲဒါကြောင့် ညီလာခံကိုတော့ ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းတက်ရောက်နိုင်ခဲ့တာဖြစ်တယ်။

မေး - အခု ကျင်းပခဲ့တဲ့ ချင်းပြည်ကောင်စီညီလာခံကို မတက်ရောက်ခဲ့တဲ့ အဖွဲ့တွေလည်း ရှိတယ်ဆိုတော့ အဲဒီအဖွဲ့တွေနဲ့ ပတ်သက်လို့ကရော ဘယ်လို မူဝါဒ ရှိပါသလဲ။

ဆလိုင်းထက်နီ - မတက်နိုင်တဲ့ အဖွဲ့အစည်းတွေက ၃ ဖွဲ့ဖြစ်တယ်။ အဲဒီ ၃ဖွဲ့က အဲဒီနေရာက လွှတ်တော်ကိုယ်စားလှယ်တွေလည်း မပါဝင်ခဲ့ဘူး။ သူတို့ ပါဝင်လာနိုင်အောင် ကျနော်တို့က တံခါးဖွင့်ထားပါတယ်။ သူတို့ပါဝင်လာနိုင်အောင် ညှိနှိုင်းရေးကော်မတီကနေ အစကတည်းက ညှိနှိုင်းကြပါတယ်။ အဲဒီမှာ သူတို့နဲ့ အပြောအရ ညီလာခံပြီးရင် တွေ့ဆုံဖို့ဆိုတဲ့ ဟာတွေလည်းရှိတယ်။ အဲဒါ ကြောင့် သူတို့ ပါဝင်လာနိုင်ရေးကို ကျနော်တို့က တံခါးဖွင့်ထားပါတယ်။

မေး - ချင်းလဲန်ကောင်စီဖွဲ့စည်းပုံဥပဒေမှာမှာ ICNCC နဲ့ သူ့ရဲ့ လုပ်ငန်းတာဝန်များကို လွှဲပြောင်းရယူတယ်လို့ ပြဌာန်းထားပါတယ်။ ICNCC ဘက်ကလည်း မည်သည့်အဖွဲ့အစည်းကိုမျှ လွှဲပြောင်းပေးမည် မဟုတ်ကြောင်း ထုတ်ပြန်လားပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုသဘောထား ရှိပါသလဲ။

ဆလိုင်းထက်နီ - ICNCC ကျတော့လည်း အခု အဲဒီမှာပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေက အခု မတက် ရောက်လာနိုင်သေးတဲ့ ၃ ဖွဲ့က လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ဆိုတော့ သူတို့ လွှဲပြောင်းသည်၊ မလွှဲပြောင်းသည် ဆိုတာထက် ကျနော်တို့ ဘာတွေ ကို လုပ်ရမယ်၊ ဘယ်လို ဖြစ်သင့်တယ်။ မြေပြင်မှာ ဘယ်လိုအနေအထားရှိတယ်ဆိုတာကို သိဖို့ လိုပါတယ်။ တကယ့်ကြတော့ ICNCC ဆိုတာ အစကတည်းက အစုအဖွဲ့ ငါးခုနဲ့ ICNCC ကို တည်ထားတယ်။ ဒါပေမဲ့ အဲဒါကို လက်တွေ့မကြတဲ့ အပိုင်းတွေ အများကြီး ရှိတော့ CNF ကအဲဒီအစုအဖွဲ့ကနေ ကျနော်တို့ နှုတ်ထွက်လိုက်တာဖြစ်တယ်။ ICNCC က အစုအဖွဲ့ ငါးခုနဲ့ ဖွဲ့ထားတာဖြစ်တဲ့အတွက် အစုအဖွဲ့ တစ်ခုခု နှုတ်ထွက်သွားပြီးဆိုရင် ICNCC က လက်တွေ့ကြသလားဆိုတဲ့ ဟာတွေက ပြန်သုံးသပ်ဖို့တော့ လိုမယ်။ ပြီးတော့ ICNCC က ကျင်းသုံးမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ ခေါ်ခေါ်၊ Chapter ပဲ ခေါ်ခေါ် ခိုင်မာတဲ့ ဖွဲ့စည်းပုံကို သူတို့က ဒီနေ့အထိ ရေးဆွဲအတည်ပြုနိုင်တာ မရှိသေးဘူး။ အဲလိုဖြစ်တယ်။ ပြောချင်တာက ICNCC က ကျနော်တို့ အနေနဲ့က မှေးမှိန်သွားနေပြီလို့ တွက်တယ်။ ဒါပေမဲ့ သူတို့က သူတို့ရဲ့ ထုတ်ပြန်ချက်တွေကနေ ဘယ်သူ့ကိုမှ လွှဲပြောင်းမပေးနိုင်ပါဘူးဆိုတဲ့ ဟာတွေ ရှိတယ်။ လွှဲပြောင်းသည်၊ မပြောင်းသည်က ကျနော်တို့က တော်လှန်ရေးကာလမှာ လက်တွေ့ကျတဲ့ လုပ်ငန်းဖော်ဆောင်မှုက အဲဒါက အဓိက လိုအပ်ပါတယ်။ ကျနော် အဲဒီလိုပဲ ပြောချင်ပါတယ်။

မေး - ချင်းပြည်အစိုးရယန္တရားနဲ့ NUG တို့ NUCC တို့နဲ့ကရော ဘယ်လိုမျိုးချိတ်ဆက် ဆောင်ရွက်သွားမှာပါလဲခင်ဗျ။

ဆလိုင်းထက်နီ - အခု ချင်းပြည်ကောင်စီ ဖွဲ့စည်းရေးမှာ နဂိုကတည်းက ICNCC မန်ဘာတွေထဲက ကျနော်တို့ အပါအဝင် လွှတ် တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်လည်း ချင်းလန်းကောင်စီမှာ အများစု ပါဝင်လာခဲ့ပြီး ဖြစ်ပါတယ်။ အဲဒါကို ICNCC နဲ့၊ NUCC ၊ NUG တို့က သိပြီးသာဖြစ်ပါတယ်။ ပြောချင်တာက တကယ့်မြေပြင်မှာ ဘာအလုပ်လုပ်သလဲ၊ ဘယ်လို လုပ်သလဲဆိုတာ ချင်းပြည်ကောင်စီ အနေအထားက ဘာလဲဆိုတာ NUCC ၊ NUG က သုံးသပ်ပြီးသားဖြစ်ပါတယ်။ အဲဒါကြောင့် ချိတ်ဆက်မှုတွေ ကတော့ သူဟာနဲ့သူသွားနေပြီးသာဖြစ်ပါတယ်။ မချိတ်ဆက်လို့ မရတဲ့ အနေအထားမှာလည်း ချိတ်ဆက်ပြီးသားလည်း ဖြစ်နေ ပါတယ်။

မေး - ဖြည့်စွက်ပြောကြားချင်တာများ ရှိပါသေးလား။
ဆလိုင်းထက်နီ - မရှိတော့ပါဘူး.

မေး - အခုလို အချိန်ပေးဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ဆလိုင်းထက်နီ - ဟုတ်ကဲ့ကျေးဇူးပါ။

ที่อยู่

เขาคันทรง, ศรีราชา
Boeng
20110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ EAO Myanmar Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์