ခေတ်စိုးခိုင်- Khit Soe Khaing

ခေတ်စိုးခိုင်- Khit Soe Khaing News, Knowledge, Books, Traslation

ရုရှားအတွက် စစ်ကူ 3000 ပို့ပေးလိုက်တဲ့ မြောက်ကိုရီးယား______မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ယူကရိန်းစစ်ပွဲအတွက်...
26/10/2024

ရုရှားအတွက် စစ်ကူ 3000 ပို့ပေးလိုက်တဲ့ မြောက်ကိုရီးယား
______

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ယူကရိန်းစစ်ပွဲအတွက် ရုရှားထံကို စစ်သည် 3000 လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ ဒီစစ်သားတွေဟာ မြောက်ကိုရီးယားရဲ့ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဝန်ဆန်ကနေတစ်ဆင့် ရုရှားရဲ့ ဗလာဒီဗော့စ်တော့ခ်မြို့ကို သွားရောက်ခဲ့ကြတာပါ။

ဒါပေမဲ့ ဘယ်နိုင်ငံကမှ ကိုယ့်စစ်သားကို တခြားနိုင်ငံအတွက် လွယ်လွယ်ပေးရိုးထုံးစံ မရှိပါဘူး။ ဒီတော့ ရုရှားအနေနဲ့လည်း မြောက်ကိုရီးယားကို ကြီးမားတဲ့ အကူအညီတစ်ခုခု ပြန်ပေးရမှာသေချာပါတယ်။

လေ့လာသုံးသပ်သူတွေကတော့ မြောက်ကိုရီးယားအနေနဲ့ သူတို့ရဲ့တာဝေးပစ်ဒုံးကျည်တွေနဲ့ အဏုမြူဗုံးတွေ အဆင့်မြှင့်တင်ဖို့၊ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတည်ဆောက်ဖို့တို့လို ကိစ္စတွေမှာ အကူအညီပေးဖို့ ရုရှားကိုတောင်းဆိုနိုင်ခြေရှိတယ်လို့ ပြောကြပါတယ်။

မြောက်ကိုရီးယားရဲ့ အိုဟောင်းနေပြီဖြစ်တဲ့ တင့်ကားတွေ၊ လေယာဉ်တွေကို ရုရှားက ခေတ်မီအောင်လုပ်ပေးနိုင်ခြေရှိပါတယ်။ အစားအသောက်နဲ့ လောင်စာတို့ကိုလည်း အရင်ကလိုပဲ ဆက်လက်ထောက်ပံ့ပါလိမ့်မယ်။

အဆိုးဆုံးကတော့ ရုရှားရဲ့ တရားဝင်ကျောထောက်နောက်ခံကြောင့် ကင်ဂျုံအန်းတစ်ယောက် အရင်ကထက် ရမ်းကားလာနိုင်ခြေရှိခြင်းပါပဲ။ ပူတင်လို သူငယ်ချင်းမျိုး ရှိနေပြီဖြစ်တဲ့အတွက် အမေရိကန်နဲ့ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကို အရင်ကလောက် ဂရုစိုက်မှာ မဟုတ်တော့ပါဘူး။

ပူတင်အနေနနဲ့လည်း ယူကရိန်းစစ်ပွဲကို နှစ်နှစ်လောက်တိုက်နေရတာဖြစ်တဲ့အတွက် နောက်ဆုံးမှာ မြောက်ကိုရီးယားဆီကနေ အကူအညီတောင်းလိုက်ရပုံပါပဲ။

အနာဂတ်မှာ မြောက်ကိုရီးယားဟာ ဒေသတွင်းက တောင်ကိုရီးယားနဲ့ ဂျပန်တို့အတွက်ရော၊ ကမ္ဘာကြီးအတွက်ပါ အရင်ကထက်ပိုကြီးတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာမယ်လို့ ယူဆရပါတယ်။

Source: NY Times

နိုင်ငံရဲ့အကောင်းဆုံးဆန်ကို အပူဒဏ်ကနေကယ်တင်ဖို့ကြိုးစားနေတဲ့ဂျပန်______________ဂျပန်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ လူကြိုက်...
24/10/2024

နိုင်ငံရဲ့အကောင်းဆုံးဆန်ကို အပူဒဏ်ကနေကယ်တင်ဖို့ကြိုးစားနေတဲ့ဂျပန်
______________

ဂျပန်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ လူကြိုက်အများဆုံး ဆန်အမျိုးအစားဖြစ်တဲ့ “ကိုရှီဟီကာရီ” (Koshihikari) ဆန်ကို အပူဒဏ်ခံနိုင်အောင် ကြိုးစားတီထွင်နေကြပါတယ်။

ကိုရှီဟီကာရီဆန်ဟာ ဂျပန်မှာ နှစ်ပေါင်း 40 ကျော်လောက် ရောင်းအားအကောင်းဆုံးအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ဆန်ပါ။ ဒါပေမဲ့ ကိုရှီဟီကာရီ စပါးပင်တွေကတော့ တခြားစပါးတွေနဲ့ယှဉ်ရင််် အပူဒဏ်သိပ်မခံနိုင်ပါဘူး။ ဒါကြောင့် ပညာရှင်တွေက ကိုရှီဟီကာရီ စပါးမျိုးကို အပူဒဏ်ခံနိုင်တဲ့ အပင်တွေရဲ့မျိုးဗီဇ ထည့်သွင်းပေါင်းစပ်နိုင်ဖို့ ကြိုးစားနေကြတာပါ။

ပြီးခဲ့တဲ့နှစ်နွေရာသီမှာ စံချိန်တင်အပူချိန်မြင့်တက်ခဲ့တာကြောင့် ဂျပန်နိုင်ငံတစ်ဝှမ်းက ကိုရှီဟီကာရီ စပါးပင်တွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ကိုရှီဟီကာရီဆန်ကို အများဆုံးစိုက်ပျိုးရာဒေသဖြစ်တဲ့ နီဂါတာမြို့က လယ်သမားတွေကတော့ အထိအနာဆုံးပါပဲ။

ဂျပန်နိုင်ငံဟာ ပြည်ပကနေ ဆန်တင်သွင်းမှုကိုလည်း ကန့်သတ်ပိတ်ပင်ထားတာကြောင့် ဒီနှစ်မှာ ဆန်ပြတ်လပ်မှုဖြစ်ပေါ်ခဲ့ပြီး စူပါမားကတ်တွေမှာပါ ဆန်ဝယ်မရတော့တဲ့အတွက် အစိုးရက နိုင်ငံတော်အရန်ဆန်တွေကို ထုတ်ရောင်းပေးရတဲ့အထိ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိမှာ အပူဒဏ်ခံနိုင်တဲ့ တခြားစပါးမျိုးတွေရှိပေမဲ့လည်း ကိုရှီဟီကာရီဆန်လောက် အရသာမကောင်းသလို စျေးလဲသိပ်မကောင်းပါဘူး။ နောက်ပြီး ကိုရှီဟီကာရီဆန်ဟာ ဂျပန်လယ်သမားတွေရဲ့ ဂုဏ်ယူစရာထုတ်ကုန်တစ်ခုလို ဖြစ်နေတာကြောင့် ဒီဆန်ကို သံယောဇဉ်ဖြတ်ဖို့ မလွယ်ပါဘူး။

လက်ရှိအချိန်မှာတော့ အပူဒဏ်ခံနိုင်တဲ့ ကိုရှီဟီကာရီစပါးမျိုးတွေကို ဓာတ်ခွဲခန်းတွေမှာ စတင်စမ်းသပ်ထုတ်လုပ်နေပြီဖြစ်ပြီး အကောင်းဆုံးစပါးမျိုးကို ရွေးချယ်ပြီးတဲ့အခါ နီဂါတာမြို့က လယ်သမားတွေထံ ဖြန့်ဝေပေးသွားမယ်လို့ သိရပါတယ်။ ဒီစပါးတွေ အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

ကမ္ဘာ့အပူချိန်မြင့်တက်လာမှုဟာ ဂျပန်ကိုသာမက ဗီယက်နမ်နဲ့ ထိုင်းတို့လို အာရှရဲ့ စိုက်ပျိုးရေးနိုင်ငံတွေကိုလည်း ရိုက်ခတ်မှုရှိခဲ့ပါတယ်။ ပိုမိုပူပြင်းလာဦးမဲ့ အနာဂတ်ကမ္ဘာကြီးမှာ အပူဒဏ်ခံနိုင်တဲ့ စပါးမျိုးတွေကို လိုအပ်လာမှာတော့ အသေအချာပဲဖြစ်ပါတယ်။

Source: NY Times
____

11/10/2024

Tesla က မောင်းသူမဲ့ Robotaxi ကို တရားဝင်ကြေငြာသွားပါပြီ။

ထူးခြားချက်က သာမန်ကားတွေလို စတီယာရင်နဲ့ ထိန်းချုပ်ခြေနင်းပြားတွေ လုံးဝမပါဝင်ခြင်းပါပဲ။ နောက်ပြီး ဒီကားတွေက အားသွင်းတာနဲ့ သန့်ရှင်းရေးလုပ်တာတွေကိုလည်း အလိုအလျောက် လုပ်နိုင်ဦးမှာပါ။

ဒီတော့ ပိုင်ရှင်တွေအနေနဲ့ ထိန်းသိမ်းမှုလုပ်စရာ သိပ်မလိုဘဲ နေ့စဉ်နာရီကြာကြာ ခိုင်းစားလို့ရမယ်။ ယာဉ်မတော်တဆမှုတွေလည်း နည်းသွားမယ်။ ကုန်ကျစရိတ်လည်း အရမ်းသက်သာသွားမယ်လို့ အီလွန်မက်စ်က ဆိုပါတယ်။

ပြသွားတဲ့ကားတွေအတိုင်းဆိုရင်တော့ Passenger တစ်ယောက်ပဲစီးလို့ရဦးမှာဖြစ်ပြီး စျေးကလဲ ဒေါ်လာ ၃၀၀၀၀ အောက်ပဲရှိမှာပါ။ 2027 မတိုင်ခင်မှာစရောင်းမယ်လို့မှန်းထားပါတယ်။

Robotaxi အပြင် လူ ၂၀ အထိစီးလို့ရတဲ့ Robovan ဆိုတာရယ်၊ အိမ်မှာခိုင်းချင်တာခိုင်းလို့ရမဲ့ OptimusRobot ဆိုတဲ့ စက်ရုပ်တွေရယ်ကိုလည်း မိတ်ဆက်သွားပါသေးတယ်။

Ai ကိုအခြေခံထားတဲ့ ဒီအရာတွေက အနာဂတ်မှာ တကယ်အဆင်ပြေပါ့မလားဆိုတာ မသေချာသေးပေမဲ့ အီလွန်မက်စ်ရဲ့ စွန့်ဦးတီထွင်စိတ်ဓာတ်ကိုတော့ လေးစားရမှာအမှန်ပါပဲ။

Ai တွေရဲ့ အန္တရာယ်နဲ့ပတ်သက်ပြီး စာ​ရေးဆရာ Yuval Noah Harari ရဲ့ အတွေးအခေါ်တွေကိုလည်း ဖော်ပြပေးသွားပါဦးမယ်။

09/09/2024

F**k-You Money
----------------
ခေါင်းစဉ်က နည်းနည်းရိုင်းသလိုထင်ရပေမဲ့ လူတိုင်းလူတိုင်းမှာ အခုပြောမဲ့ f**k-you money ဆိုတာ ရှိထားသင့်ပါတယ်။

လိုရင်းပြောရရင်တော့ F**k-you money ဆိုတာက ကိုယ့်အလုပ်ရှင်ကို မကျေနပ်လို့၊ ဒါမှမဟုတ် လက်ရှိအလုပ်ကို ဘယ်လိုမှ ဆက်မလုပ်နိုင်တော့လို့ "ဒီအလုပ်ကို f*ck you ပဲကွာ" ဆိုပြီး အလုပ်ထွက်တဲ့အခါမျိုးမှာ ငွေကြေးအခက်အခဲမဖြစ်အောင် ထောက်ကန်ပေးနိုင်တဲ့ အရေးပေါ်စုဆောင်းငွေကို ဆိုလိုတာပါ။

ဥပမာအားဖြင့် လစဉ်အသုံးစရိတ်ရဲ့ ခြောက်လ (သို့မဟုတ်) တစ်နှစ်စာလောက် စုထားတာမျိုးဟာ ကိုယ့်အတွက် F**k-you money ပါပဲ။ အဲဒီ F**k-you money သာရှိမယ်ဆိုရင် ရုတ်တရက် အလုပ်ထွက်ပြီးလို့ နောက်အလုပ်မရခင်စပ်ကြားမှာ ခြောက်လတစ်နှစ်လောက် တောင့်ခံထားလို့ရတယ်။ ဒုက္ခရောက်လို့ပါဆိုပြီး သူများဆီကနေ ပိုက်ဆံလိုက်ချေးစရာလဲ မလိုဘူး။

တစ်နည်းအားဖြင့် f**k-you money ဆိုတာ ကိုယ့်ကိုလွတ်လပ်ခွင့်ပေးတဲ့ ငွေကြေးလို့လဲ ပြောနိုင်ပါတယ်။ ကိုယ့်မှာ ခြောက်လစာ ထိုင်စားဖို့ငွေရှိရင် ခြောက်လ လွတ်လွတ်လပ်လပ် နေခွင့်ရှိမယ်။ တစ်နှစ်စာ ထိုင်စားဖို့ငွေရှိရင် တစ်နှစ်လွတ်လပ်မယ်။ F**k-you money တစ်ပြားမှ မရှိဘူးဆိုရင်တော့ လစဉ်အသုံးစရိတ်အတွက်ဆိုပြီး ကိုယ်မနှစ်မြို့တဲ့အလုပ်ကို ကြိတ်မှိတ်လုပ်ပေတော့ပဲ။

ဒါကြောင့် ကိုယ့်မှာ F**k-you money လုံလုံလောက်လောက် မရှိသေးဘူးဆိုရင် အသုံးစရိတ်တွေကိုလျှော့ပြီး ငွေပိုငွေလျှံထွက်လာအောင်လုပ်ပါ။ လစာထုတ်တာနဲ့ ဝယ်ချင်သုံးချင်စားချင်တဲ့ စိတ်တွေကို တတ်နိုင်သလောက်ထိန်းပါ။ ဝင်ငွေများပြီး ထွက်ငွေနည်းသွားတဲ့အခါ ပိုတဲ့ပိုက်ဆံကို f**k-you money အဖြစ်နဲ့ စုဆောင်းပါ။ ဘဏ်အကောင့်ထဲမှာ အနည်းဆုံး ကိုယ့်အတွက် ခြောက်လစာအသုံးစရိတ်ကို အမြဲဖ​ယ်ထားပါ။ ဥပမာ ကိုယ်က တစ်လ ငါးသိန်းကုန်တယ်ဆိုရင် အနည်းဆုံး သိန်းသုံးဆယ်လောက်ဖယ်ထားနိုင်အောင် ကြိုးစားပါ။ တစ်လဆယ်သိန်းကုန်တယ်ဆိုရင် အနည်းဆုံး သိန်းခြောက်ဆယ်၊ တစ်လသိန်းနှစ်ဆယ်ကုန်တယ်ဆိုရင် အနည်းဆုံး သိန်းတစ်ရာ့နှစ်ဆယ်လောက် ဖယ်ထားပါ။

ဒါဆိုရင် ဘယ်လိုမှ မခံစားနိုင်တော့လို့ အလုပ်ထွက်တဲ့အခါ၊ ကိုယ့်သူဌေးကို ပြန်အော်ပြန်ဆဲမိလို့ အလုပ်ပြုတ်တဲ့အခါ၊ အလုပ်ကနေ ခေတ္တခဏ break လုပ်ချင်တဲ့အခါမျိုးတွေမှာ ဒုက္ခရောက်မှာ မဟုတ်တော့ပါဘူး။

-----

ခေတ်စိုးခိုင်

Ref: The Art of the Good Life by Roff Dobelli

07/09/2024

ငွေ (သို့မဟုတ်) ဘဝ
-------------------
ကျွန်တော်တို့ ရှာဖွေသုံးစွဲနေတဲ့ ငွေကြေးဆိုတာ currency တစ်ခုသက်သက်မျှသာ မဟုတ်ပါဘူး။

တကယ်တော့ ငွေကြေးဟာ လူသားတွေရဲ့ ဘဝစွမ်းအင် (life energy) တွေလို့ ပြောရမှာပါ။ ဘာလို့လဲဆိုတော့ ငွေရှာဖို့အတွက် လူတိုင်းဟာ သူတို့ဘဝရဲ့အချိန်နဲ့ ကြိုးစားအားထုတ်မှုတွေ ပေးဆပ်ကြရလို့ပါ။ ဒီတော့ ရှင်းရှင်းပြောရရင် ကိုယ်ရှာထားတဲ့ငွေထဲမှာ ကိုယ့်ရဲ့ဘဝ၊ ကိုယ့်ရဲ့အသက်၊ ကိုယ့်ရဲ့ရှင်သန်ခွင့်တွေ ပါဝင်နေတယ်လို့ ပြောရမှာပေါ့။

ဥပမာအားဖြင့် လူတစ်ယောက်ဟာ $1,000 ရဖို့အတွက် နာရီလေးဆယ် အလုပ်လုပ်လိုက်ရတယ်ဆိုရင် အဲဒီ $1,000 ထဲမှာ သူ့ရှင်သန်မှု ဘဝစွမ်းအင်ထဲက နာရီလေးဆယ်ပါသွားပြီ။ ငွေရှာဖို့ သုံးလိုက်ရတဲ့ နာရီတိုင်းဟာ သူ့ဘဝရဲ့အစိတ်အပိုင်းတွေချည်းပဲ။

ဒါကြောင့် ပစ္စည်းတစ်ခုခုဝယ်တိုင်းမှာ ဒီပစ္စည်းကို ကိုယ့်ဘဝရဲ့ life energy နဲ့ ဝယ်လိုက်ရတယ်လို့ ရှုမြင်သင့်တယ်။ ဒီလိုသာရှုမြင်နိုင်မယ်ဆိုရင် ကိုယ့်ရဲ့ငွေကြေးသုံးစွဲမှုတွေဟာ ကိုယ့်ရဲ့စံတန်ဖိုးတွေ၊ ရည်မှန်းချက်တွေနဲ့ ကိုက်ညီရဲ့လား၊ (ငွေသုံးဖို့ တကယ်တန်ရဲ့လား) ဆိုတာကို အရင်ကထက်ပိုပြီး သတိထားနိုင်လာပါလိမ့်မယ်။

တကယ်လို့ လူတစ်ယောက်ဟာ အတန်အသင့် ဝင်ငွေကောင်းပေမဲ့ ရသမျှပိုက်ဆံကို တဒင်္ဂသာယာမှုပေးတဲ့ ဇိမ်ခံပစ္စည်းတွေချည်းပဲ ဝယ်သုံးနေမယ်ဆိုပါစို့။ ဒါကို Life energy ရှုထောင့်ကနေကြည့်လိုက်တဲ့အခါ သူသုံးလိုက်တဲ့ပိုက်ဆံတွေဟာ အရမ်းနှမြောဖို့ ကောင်းနေလိမ့်မယ်။ ဒီငွေတွေကို ရေရှည်ခံပြီး အဓိပ္ပါယ်ရှိတဲ့ ပျော်ရွှင်စရာတွေရဖို့ မသုံးသရွေ့ ဒီလူဟာ သူ့ဘဝရဲ့စွမ်းအင်တွေကို ဖြုန်းတီးနေတယ်လို့ ပြောရမှာပဲမဟုတ်လား။

Khit Soe Khaing

Ref: Your Money or Your Life by Joe Dominguez and Vicki Robin

11/07/2024

Instant Happiness | ချက်ချင်းလက်ငင်း ပျော်ရွှင်မှုရယူခြင်း
--------------------------------------------------

မိတ်ဆွေတို့အနေနဲ့ "ထီဆုကြီးပေါက်ရင် ငါတော့ပျော်ရမှာပဲ" လို့ တွေးမိဖူးပါလိမ့်မယ်။ ဒါပေမဲ့ ထီဆုကြီးပေါက်တဲ့လူတွေရဲ့ ပျော်ရွှင်မှုဟာ လအနည်းငယ်လောက်ပဲခံပြီး သိပ်မကြာခင်မှာပဲ သူတို့ရဲ့ပျော်ရွှင်မှုပမာဏဟာ ထီမပေါက်ခင်ကထက်တောင် လျော့ကျသွားတယ်လို့ သိရတယ်။ အိမ်အကြီးကြီးတွေ၊ ကားအကောင်းစားတွေ ဝယ်စီးနိုင်တဲ့လူတွေဟာလည်း ခြောက်လလောက်ကြာတဲ့အခါမှာ ဒီအရာတွေနဲ့ပတ်သက်ပြီး ပျော်ရွှင်မှုမရတော့ဘူးလို့ ဆိုပါတယ်။

အရာရာ လျင်လျင်မြန်မြန်နဲ့ လည်ပတ်လှုပ်ရှားနေကြတဲ့ ဒီနေ့ခေတ်မှာ ပျော်ရွှင်မှုကိုရှာဖွေဖို့ဆိုတာ လူသားတိုင်းအတွက် ခက်ခဲတဲ့အရာတစ်ခု ဖြစ်လာနေပြီ။ အလုပ်ခွင်ထဲက များပြားလှတဲ့ တောင်းဆိုမှုတွေ၊ နည်းပညာနဲ့ လူ့အသိုင်းအဝိုင်းရဲ့ ဖိအားတွေအောက်မှာ ကျွန်တော်တို့ဘဝတွေဟာ စိတ်ဖိစီးမှုတွေ၊ အလိုမကျမှုတွေနဲ့ပဲ တစ်နေ့တစ်နေ့ သံသရာလည်နေရတယ်။ ဒါကြောင့် ဘဝမှာ နေပျော်ဖို့ဆိုရင် ပျော်ရွှင်မှုရဲ့ အရင်းအမြစ်ကို နားလည်နိုင်စွမ်းရှိဖို့ အရမ်းအရေးကြီးပါတယ်။

ဒါဆိုရင် ပျော်ရွှင်မှုရဲ့ တကယ့်အဓိပ္ပါယ်ကဘာလဲ?
ရေရှည်ခံတဲ့ပျော်ရွှင်မှုကို အခုချက်ချင်း ဘယ်လိုရယူနိုင်မလဲ?

ဒီမေးခွန်းတွေကို ရှေးဟောင်း အတွေးအခေါ်ပညာရှိတစ်ယောက်ဆီမှာ မေးကြည့်မယ်ဆိုရင်တော့ သူက ပျော်ရွှင်မှုဆိုတာ ပြင်ပအရာတွေကနေ လာတာမဟုတ်ဘဲ ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာပဲရှိတယ်လို့ ပြန်ဖြေပါလိမ့်မယ်။

ဟုတ်ပါတယ်။ မျိုးရိုးဗီဇနဲ့ ဘဝလောကဓံတွေလိုမျိုး ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေက ပျော်ရွှင်မှုအပေါ် နည်းနည်းပါးပါး သက်ရောက်မှုရှိတယ်လို့ သိပ္ပံပညာကဆိုပေမဲ့ ကျွန်တော်တို့ဘဝရဲ့ ပျော်ရွှင်မှုအများစုကတော့ ကျွန်တော်တို့ရဲ့လက်ထဲမှာပဲရှိနေတာပါ။ ပြီးပြည့်စုံတဲ့ ဘဝတစ်ခုရှိမှ ပျော်ရွှင်ရတာမဟုတ်သလို၊ အောင်မြင်မှုတွေ ဆက်တိုက်ရနေမှ ပျော်ရွှင်နိုင်တာလဲ မဟုတ်ပါဘူး။

အခုပြောမဲ့ အချက်သုံးချက်ကိုသာ လိုက်နာကျင့်သုံးမယ်ဆိုရင် မိတ်ဆွေဟာ ပိုက်ဆံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ၊ ဘယ်လိုအခြေအနေမျိုးမှာမဆို ပျော်ရွှင်မှုကို ချက်ချင်းလက်ငင်း ရရှိခံစားနိုင်ပါလိမ့်မယ်။

(၁) ကျေးဇူးတင်တတ်ခြင်း (Gratitude)

လူတစ်ယောက်ကို ချက်ချင်းပျော်ရွှင်စေနိုင်တဲ့ ပထမဆုံးအချက်ကတော့ ကျေးဇူးတင်တတ်တဲ့စိတ်ပါပဲ။ ဘဝမှာ ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့ ကောင်းမွန်တဲ့အရာလေးတွေကို အသေးအဖွဲလေးကစပြီး ကျေးဇူးတင်တတ်မယ်ဆိုရင် စိတ်ညစ်နေတာတွေပျောက်ပြီး ပျော်ရွှင်မှုကို ချက်ချင်းခံစားရပါလိမ့်မယ်။

မနက်ခင်းမှာ ကိုယ်သောက်ခွင့်ရလိုက်တဲ့ ကော်ဖီပူပူလေးတစ်ခွက်ကစလို့ ကိုယ့်ကို အကူအညီပေးနေကြတဲ့ ချစ်သူခင်သူတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ ကိုယ်ချစ်ရတဲ့ ဘဝလက်တွဲဖော်တွေကို ကျေးဇူးတင်တတ်အောင် လေ့ကျင့်ထားမယ်ဆိုရင် ဘဝကို ပြောင်းလဲစေနိုင်တဲ့
အကောင်းမြင်အတွေးတွေ ပိုဖြစ်လာစေနိုင်ပါတယ်။

ကမ္ဘာပေါ်မှာ စာမတတ်တဲ့လူတွေ၊ အင်တာနက်မသုံးရတဲ့လူတွေ၊ ယင်လုံအိမ်သာမရှိတဲ့လူတွေ၊ ရေကောင်းရေသန့် မသောက်သုံးရတဲ့လူတွေ၊ သန်းပေါင်းများစွာရှိပါတယ်။ မိတ်ဆွေက ဒီ video ကို အင်တာနက်ပေါ်ကနေ ကြည့်နေနိုင်တယ်ဆိုကတည်းက အဲဒီလူတွေထက်တော့ အဆပေါင်းများစွာ ကံကောင်းနေပါသေးတယ်။ ဘယ်လောက်ကံဆိုးတဲ့လူဖြစ်ဖြစ်၊ ဘယ်လောက်ပဲဒုက္ခတွေရောက်ရောက် ကျေးဇူးတင်စရာတစ်ခုခုတော့ ရှိကိုရှိပါတယ်။ တကယ်တော့ ဘဝမှာ အသက်တစ်ရက် ဆက်ရှင်ခွင့်ရနေတာကိုက ကျေးဇူးတင်စရာကောင်းတဲ့ အချက်တစ်ချက်ပါ။

ကျေးဇူးတင်တတ်ခြင်းဟာ သာမန်စိတ်ခံစားချက် တစ်ခုမျှသာမဟုတ်ဘဲ စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေကို တန်ပြန်တိုက်ခိုက်ပေးနိုင်တဲ့ စွမ်းရည်တစ်ခုဖြစ်ပါတယ်။ သုတေသနတွေအရ အမြဲလိုလို ကျေးဇူးတင်တတ်သူတွေဟာ စိတ်ဖိစီးစေတဲ့ ကော်တီဆိုးလ် level လျော့နည်းလာခြင်း၊ စိတ်ဓာတ်ကြံ့ခိုင်လာခြင်း၊ ဘဝရဲ့ ချမ်းသာသုခကို ပိုမိုခံစားမိလာခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိတယ်လို့ သိရပါတယ်။

ရုပ်ဝတ္ထုပစ္စည်းပြည့်စုံမှုကို ပျော်ရွှင်မှုလို့ အဓိပ္ပါယ်ဖွင့်နေကြတဲ့ ဒီနေ့ခေတ်မှာ ကျေးဇူးတင်တတ်ခြင်းဟာ အရမ်းအစွမ်းထက်တဲ့ အဆိပ်ဖြေဆေးတစ်ခွက်လိုပါပဲ။ ကိုယ့်မှာမရှိတဲ့အရာတွေကိုတွေးပြီး စိတ်ပျက်နေမဲ့အစား ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေကို ခံစားမိလာအောင် ကျေးဇူးတင်တတ်တဲ့စိတ်က ကူညီပေးပါတယ်။ ဘဝရဲ့ ကောင်းမွန်တဲ့အရာတွေကို အသိအမှတ်ပြု ကျေးဇူးတင်တတ်လာတဲ့အခါမှာ ပျော်ရွှင်မှုလမ်းကြောင်းပေါ်ကို သူ့အလိုလို ရောက်ရှိသွားပါလိမ့်မယ်။

(၂) ပစ္စုပ္ပန်မှာနေထိုင်ခြင်း (Living in Present Moment)

Mindfulness လို့ခေါ်တဲ့ သတိပဋ္ဌာန်ကျင့်စဉ်တွေဟာ လက်ရှိပစ္စုပ္ပန်မှာ သတိနဲ့နေထိုင်ပြီး စိတ်ကိုငြိမ်းချမ်းမှုရအောင်ပြုလုပ်တဲ့ ကျင့်စဉ်တွေပါ။ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတည်းက ပေါ်ထွက်ခဲ့တဲ့ ဒီကျင့်စဉ်တွေဟာ ဒီနေ့ခေတ်ထိလည်း အစွမ်းထက်နေဆဲပါပဲ။

လူ့ဦးနှောက်ဟာ သတိမရှိတဲ့ ပုံမှန်အချိန်တွေဆိုရင် အတိတ်အနာဂတ်မှာပဲ နေရတာကြိုက်တယ်။ ဒါပေမဲ့ အတိတ်ဆိုတာပြီးသွားပြီ၊ အနာဂတ်ဆိုတာက မရောက်သေးဘူး။ ပြီးသွားတဲ့အတိတ်ကိုချည်းတွေးနေရင် နောင်တတွေ၊ အားမလိုအားမရမှုတွေ ခံစားရလိမ့်မယ်။ မရောက်သေးတဲ့ အနာဂတ်ကိုချည်းတွေးနေရင်လည်း ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေ၊ မရေရာမသေချာမှုတွေ ခံစားရလိမ့်မယ်။

ကိုယ့်စိတ်ထဲက အတွေးတွေ၊ ခံစားချက်တွေကို သတိကပ်ပြီး ပစ္စုပ္ပန်မှာနေထိုင်တဲ့ အလေ့အကျင့် ပြုလုပ်ထားမယ်ဆိုရင် အတိတ်အနာဂတ်ဆိုတဲ့ ထောင်ချောက်တွေထဲမှာ ပိတ်မိမနေတော့ဘဲ ဘဝရဲ့စိန်ခေါ်မှုတွေကို ခေါင်းအေးအေးနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်လာပါလိမ့်မယ်။

ပစ္စုပ္ပန်မှာ သတိ်နဲ့နေထိုင်ခြင်းဟာ နေ့စဉ်ဘဝထဲက ဆူညံသံတွေကို ခဏတိတ်ဆိတ်သွားစေပြီး စိတ်တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းကျေနပ်မှုတွေကို ခံစားရစေသလို ကိုယ့်ရဲ့အတွင်းစိတ်နဲ့ရော၊ ကိုယ့်ပတ်ဝန်းကျင်က ကမ္ဘာကြီးနဲ့ပါ နက်ရှိုင်းတဲ့ချိတ်ဆက်မှုတွေကို ရရှိစေနိုင်ပါတယ်။

ဒစ်ဂျစ်တယ်ခေတ်မှာ အလုပ်တွေအများကြီးကို တစ်ပြိုင်တည်း multitasking လုပ်ရင်းနဲ့ဖြစ်ပေါ်လာတဲ့ စိ်တ်ဖိစီးမှုပေါင်းများစွာကိုလည်း သတိနဲ့နေထိုင်ခြင်းက ဟန်ချက်ညီအောင် ပြန်ထိန်းညှိပေးပါလိမ့်မယ်။ ပစ္စုပ္ပန်မှာ သတိကပ်လိုက်ခြင်းက ကို်ယ့်ရဲ့အတွေးတွေ၊ အပြုအမူတွေ၊ အသက်ရှုနှုန်းတွေအားလုံးကို slow down ဖြစ်သွားစေပြီး၊ စိတ်တည်ငြိမ်မှုနဲ့ ကြည်လင်မှုတွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ပစ္စုပ္ပန်မှာ သတိနဲ့နေတဲ့အကျင့်ကိုသာ နေ့စဉ်ဘဝမှာ ထည့်သွင်းပေါင်းစပ်ထားနိုင်မယ်ဆိုရင် အတွင်းစိတ်ထဲကဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှုနဲ့ သုခချမ်းသာတွေကို ချက်ချင်းလက်ငင်း ခံစားနိုင်လာမှာဖြစ်ပါတယ်။

(၃) နွေးထွေးကြင်နာမှုနှင့် ချိတ်ဆက်မှု (Acts of Kindness and Connection)

အင်တာနက်နဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာပဲ အချိန်ကုန်နေကြတဲ့ ဒီနေ့ခေတ်မှာ လူတွေဟာ တစ်နေ့တခြား ပိုပိုပြီး အထီးကျန်လာကြပါပြီ။ ဒါပေမဲ့ လူဆိုတာက အသိုင်းအဝိုင်းနဲ့ ထိတွေ့ချိတ်ဆက်ပြီးနေထိုင်ချင်တဲ့ ဆိုရှယ်သတ္တဝါတွေပါ။ တစ်ယောက်တည်းနေရတာကြိုက်တယ်လို့ ဘယ်လောက်ပဲပြောပြော၊ အတွင်းစိတ်ထဲမှာတော့ တခြားလူတွေနဲ့ချိတ်ဆက်ချင်တဲ့ဆန္ဒက ပြင်းပြင်းထန်ထန် ရှိနေတတ်ပါတယ်။

ဒါကြောင့် ဘဝမှာ ပျော်ရွှင်ချင်တယ်ဆိုရင် နွေးထွေးကြင်နာတဲ့ အပြုအမူလေးတွေနဲ့ တခြားလူတွေကို ချိတ်ဆက်နိုင်ဖို့လိုပါတယ်။ ဥပမာအားဖြင့် ပရဟိတအလုပ်တွေမှာ ပါဝင်လုပ်ကိုင်တာ၊ ရပ်ရွာထဲက သာရေးနာရေးတွေမှာ ဝိုင်းကူတာ၊ ဒုက္ခရောက်နေသူကိုကူညီတာ၊ တစ်ဖက်လူရဲ့ ရင်ဖွင့်သံကို စာနာနားလည်တဲ့စိတ်နဲ့ နားထောင်ပေးတာ စတဲ့အပြုအမူလေးတွေဟာ တစ်ဖက်သားအတွက်ရော၊ ကိုယ့်အတွက်ပါ အများကြီး အကျိုးကျေးဇူးရှိပါတယ်။

လူတစ်ဖက်သားကို ကရုဏာစိတ်နဲ့ ကူညီတဲ့အခါမှာ ဦးနှောက်ထဲကနေ စိတ်ခံစားချက်ကိုကောင်းစေတဲ့ အောက်ဆီတိုစင် (Oxytocin) ဟော်မုန်းတွေ ထွက်လာလေ့ရှိပါတယ်။ ဒါကြောင့်လဲ အင်တာနက်ပေါ်မှာ လူသားအချင်းချင်း ကူညီတဲ့ပုံတွေ၊ တိရစ္ဆာန်လေးတွေကို ကယ်တင်တဲ့ပုံတွေတွေ့ရင်တောင် ကိုယ့်စိတ်ထဲမှာ နွေးထွေးသွားပြီး ကောင်းမွန်တဲ့ခံစားချက်တွေ ဖြစ်ပေါ်လာလေ့ရှိတာပါ။
ကြင်နာမှုနဲ့ ကရုဏာတရားကိုဖြန့်ဝေပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နိုင်လာမယ်ဆိုရင် ဘဝအပေါ် အကောင်းမြင်စိတ် ပိုရှိလာမှာဖြစ်သလို ပျော်ရွှင်မှုကိုလည်း ချက်ချင်းလက်ငင်း ခံစားလာရမှာဖြစ်ပါတယ်။

—-

အထက်မှာပြောခဲ့တဲ့ ကျေးဇူးတင်တတ်ခြင်း၊ ပစ္စုပ္ပန်မှာ သတိနဲ့နေခြင်း၊ ကရုဏာတရားကိုအခြေခံပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ချိတ်ဆက်မှုတွေပြုလုပ်နိုင်ခြင်းဆိုတဲ့ အချက်သုံးချက်ကိုသာ နေ့စဉ်ဘဝမှာ ကျင့်သုံးသွားမယ်ဆိုရင် ခေတ်ပေါ်လူနေမှုဘဝရဲ့ ဖိအားတွေကိုရင်ဆိုင်နိုင်လာပြီး၊ အတွင်းစိတ်ထဲကလာတဲ့ နက်ရှိုင်းတဲ့ပျော်ရွှင်မှုကို ချက်ချင်းလက်ငင်း ခံစားရပါလိမ့်မယ်။ ဒီပျော်ရွှင်မှုမျိုးက ငွေနဲ့ဝယ်လို့မရသလို၊ တခြားလူကလည်း လာပြီးလုယူလို့ မရတဲ့ ရေရှည်ပျော်ရွှင်မှုမျိုးဖြစ်ပါတယ်။

မိတ်ဆွေတို့အားလုံးလည်း လောကဓံတွေ ဘယ်လောက်ပဲကြမ်းကြမ်း၊ ဘယ်လိုအခက်အခဲတွေပဲရှိရှိ အတွင်းစိတ်ထဲက စစ်မှန်တဲ့ပျော်ရွှင်မှုကို ခံစားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။

***

#ဘာသာပြန်စာပေ

21/06/2024

Counterproductivity
-------------------
နည်းပညာပစ္စည်းတွေဟာ လူသားတွေရဲ့ productivity ကို ပိုကောင်းစေတယ်၊ (အချိန်ကုန်ငွေကုန်သက်သာပြီး အလုပ်ပိုတွင်စေတယ်) လို့ အားလုံးက ထင်ကြလိမ့်မယ်။

ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင် တချို့အရာတွေမှာ အဲဒီအချက်က မှန်မနေဘူးဗျ။

ဥပမာအားဖြင့် ဒီနေ့ခတ်မှာ ကျွန်တော်တို့ တစ်နာရီကို မိုင် 100 နှုန်းလောက်နဲ့ ကားမောင်းပြီး ခရီးသွားနိုင်နေပြီ။ ဒါပေမဲ့ ကိုယ်တစ်နှစ်အတွင်းသွားနိုင်တဲ့ အကွာအဝေးကို ကားဝယ်ဖို့သုံးရတဲ့အချိန်၊ ကားပျက်လို့ပြင်ရတဲ့အချိန်၊ ကားရေဆေးရတဲ့အချိန်၊ ကားပိတ်လို့ထိုင်နေရတဲ့အချိန်တွေနဲ့ ပြန်အချိုးကျကြည့်လိုက်ရင် တစ်နာရီကို 3.7 မိုင်နှုန်းလောက်ပဲရလိမ့်မယ်။ ဒါဟာ လူတစ်ယောက် လမ်းလျှောက်သွားနိုင်တဲ့ အမြန်နှုန်းနဲ့ အတူတူပဲလို့ဆိုတယ်။

နောက်ဥပမာတစ်ခုအနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒီနေ့ခေတ်မှာ အီးမေးလ်တွေကို ပိုက်ဆံတစ်ပြားမှ ပေးစရာမလိုဘဲ အချိန်မရွေးပို့လို့ရနေပြီ။ ဟိုတုန်းကလို စာတစ်စောင်ကို ပို့ခဘယ်လောက်ဆိုပြီး စာတိုက်ကနေ ပို့နေစရာမလိုတော့သလို စာရောက်ဖို့ အချိန်စောင့်နေစရာလည်း မလိုတော့ဘူး။ ဒါပေမဲ့ ပြဿနာက ကိုယ့်အီးမေးလ် inbox ထဲရောက်လာတဲ့ spam အီးမေးလ်ပေါင်းများစွာကို လိုက်ဖတ်နေရတာ၊ မလိုတဲ့ email တွေကို ရှင်းထုတ်နေရတာတွေကြောင့် အချိန်ပိုကုန်လာခြင်းပဲ။ နောက်ပြီး ဒီအီးမေးလ်တွေက ကိုယ့်ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းတွေရဲ့ resource တွေကိုလည်း သုံးရတာဆိုတော့ ဒီပစ္စည်းတွေရဲ့သက်တမ်းလျော့ကျသွားခြင်းဟာ အီးမေးလ်အတွက်ကုန်တဲ့ ကုန်ကျစရိတ်လို့ ပြောရလိမ့်မယ်။ ဒါတွေကိုသာ ထည့်တွက်လိုက်မယ်ဆိုရင် အီးမေးလ်ပို့တာဟာ ရိုးရိုးစာပို့တာထက် အချိန်ကုန် မသက်သာသလို၊ ငွေကုန်လည်း မသက်သာဘူး။ ဒါကြောင့် ဒီလိုအရာတွေကို counterproductivity လို့ ခေါ်တာပါ။

အချုပ်ဆိုရရင်တော့ နည်းပညာကို တကယ် productive ဖြစ်ဖို့ပဲ သုံးရမှာဖြစ်ပြီး၊ counterproductive မဖြစ်အောင် သတိပြုပါ။ ပေါ်သမျှနည်းပညာတွေ အကုန်လိုက်သုံးနေတာမျိုးမလုပ်ဘဲ counterproductivity ဖြစ်စေတဲ့အရာတွေကို ရှောင်ပါ။

ဥပမာအားဖြင့် ကွန်ပျူတာကို မလိုအပ်ဘဲ အင်တာနက်နဲ့မချိတ်တာ၊ ဖုန်းထဲမှာ မလိုအပ်တဲ့ app တွေမထည့်တာ၊ TV တွေ ဂိမ်းတွေနဲ့ချည်းပဲ အချိန်မဖြုန်းတာ၊ နေ့တိုင်းအားသွင်းနေရတဲ့ smart watch တွေမပတ်ဘဲ ရိုးရိုးနာရီပဲပတ်တာ၊ wifi တွေနဲ့ချိတ်ပြီး software update တွေ လုပ်နေရတဲ့ smart light တွေမသုံးဘဲ ရိုးရိုးမီးခလုတ်နဲ့ပဲ လိုရင်းတိုရှင်းဖွင့်ပိတ်တာ စသဖြင့်ပေါ့။ နည်းပညာကြောင့် Counterprouctivity မဖြစ်အောင် သတိထားနိုင်လာမယ်ဆိုရင် ပိုကောင်းတဲ့ Good Life တစ်ခုကို တည်ဆောက်နိုင်လာမှာပါ။

မေတ္တာဖြင့်
ခေတ်စိုးခိုင်

(Rolf Dobelli ၏ The Art of the Good Life စာအုပ်မှ ဆီလျော်အောင် ဘာသာပြန်ပါသည်)

#ဘာသာပြန်စာပေ #ခေတ်စိုးခိုင်

အချစ်ရှိမှ ဘဝရှိမယ်----------------------------1938 ခုနှစ်ကနေစတင်ပြီး နာမည်ကျော် ဟားဗတ်တက္ကသိုလ်ဟာ လူသားတွေရဲ့ ဘဝတစ်လျှေ...
27/05/2024

အချစ်ရှိမှ ဘဝရှိမယ်
----------------------------

1938 ခုနှစ်ကနေစတင်ပြီး နာမည်ကျော် ဟားဗတ်တက္ကသိုလ်ဟာ လူသားတွေရဲ့ ဘဝတစ်လျှောက်လုံးကို စောင့်ကြည့်မှတ်တမ်းတင် လေ့လာခဲ့ဖူးတယ်။

ဒီလေ့လာမှုကို နှစ်ပေါင်း 85 နှစ်လောက်အထိ ဆက်တိုက်လုပ်ခဲ့တာဖြစ်ပြီး၊ ဒီလိုလေ့လာရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဘဝမှာ လူသားတွေကို ဘယ်အရာက ပျော်ရွှင်မှုအပေးနိုင်ဆုံးလဲဆိုတာ ရှာဖွေဖို့ ဖြစ်ပါတယ်။

နောက်ဆုံးမှာ ဒီလေ့လာမှုကနေ တွေ့လိုက်ရတာကတော့ ကောင်းမွန်ပျော်ရွှင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက် အရေးကြီးဆုံးလိုအပ်ချက်ဟာ ငွေကြေးတွေ၊ နာမည်ကျော်ကြားမှုတွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေ မဟုတ်ဘဲ၊ ချစ်ကျွမ်းဝင်တဲ့ဆက်ဆံရေး "Intimate Relationship" တွေဖြစ်တယ်ဆိုတာပါပဲ။

တစ်နည်းအားဖြင့် ဘဝမှာ ကိုယ်ချစ်တဲ့သူနဲ့ relationship ကောင်းမွန်နေရင် ဘယ်လိုအခြေအနေမျိုးမှာမဆို ပျော်ရွှင်နေလိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ချစ်သူနဲ့ အဆင်ပြေသူတွေ၊ အိမ်ထောင်ရေး အဆင်ပြေသူတွေဟာ ဘဝကို ပျော်ရွှင်ကျေနပ်မှုရှိကြသလို ကျန်းမာရေးလည်း ပိုကောင်းတယ်လို့ သိရပါတယ်။

ဒါကြောင့် ကိုယ့်နားမှာ သေအတူရှင်မကွာရှိမဲ့ လက်တွဲဖော်ကောင်းတစ်ယောက်ကို ရှာဖွေပါ။ လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်တဲ့သူကို ကြင်ကြင်နာနာဆက်ဆံပြီး relationship ကို ခိုင်မာအောင်တည်ဆောက်ပါ။ ကိုယ်ခံစားနေရတာတွေကို ရင်ဖွင့်ပြီး နှလုံးသားချင်း နီးစပ်အောင်ကြိုးစားပါ။ တစ်ယောက်နဲ့တစ်ယောက် အားနည်းချက်တွေ၊ မပြည့်စုံမှုတွေကို သည်းခံနားလည်ပါ။ သဘောထားကွဲလွဲမှုတွေဖြစ်လာချိန်မှာ အမုန်းမပွားဘဲ ချစ်ခြင်းမေတ္တာကို အခြေခံပြီး တိုင်ပင်ဖြေရှင်းပါ။

နောက်ပြီး ကိုယ့်ချစ်သူက ကိုယ့်လိုအပ်ချက်တွေအားလုံးကို ဖြည့်ဆည်းပေးလိမ့်မယ်လို့လည်း မျှော်လင့်ချက်တွေ အများကြီး မထားပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကူညီဖေးမပြီး နားလည်မှုအပြည့်နဲ့ လက်တွဲသွားမယ်ဆိုရင် ကောင်းမွန်တဲ့ Good Life တစ်ခုကို ရရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ်။



#ပျော်ရွှင်မှု

#ဘာသာပြန်စာပေ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ခေတ်စိုးခိုင်- Khit Soe Khaingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ခေတ်စိုးခိုင်- Khit Soe Khaing:

วิดีโอทั้งหมด

แชร์