
18/12/2024
အရာတော်မြို့နယ်ရှိ အမျိုးသမီးသတင်းထောက် မငြိမ်းချမ်းစုကြည် (ခ) ငြိမ်းချမ်းမေ ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားခံရသည့် အပေါ်
Myanmar Women in Media (MWiM) ၏ ထုတ်ပြန်ချက်။
ရက်စွဲ - ၁၆ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၄ ခုနှစ်။
မြေလတ်အသံ သတင်းဌာန၌ သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်နေသည့် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှ အမျိုးသမီး သတင်းထောက် မငြိမ်းချမ်းစုကြည် (ခ) ငြိမ်းချမ်းမေနှင့် ၎င်း၏ Partner ဖြစ်သူ Transgender အမျိုးသမီးတဦးအား ဒီဇင်ဘာ ၁၄ ရက် ည ၉ နာရီအချိန်၌ ကိုဝင်းကျော်ဆိုသည့် အမျိုးသားက ကိုယ်ထိလက်ရောက် တိုက်ခိုက်စော်ကားမှု ပြုလုပ်ခဲ့သည်ကို မငြိမ်းချမ်းစုကြည်၏ Facebook Account နှင့် မြေလတ်အသံ၏ သတင်းထုတ်ပြန်ချက်များက တဆင့် သိရသည်။
ဒီဇင်ဘာ ၁၄ရက် ညပိုင်းတွင် ကိုဝင်းကျော်ဆိုသူ တည်းခိုသည့်နေရာတွင် ဖွင့်လှစ်ထားသော အင်တာနက်ဆိုင်၌ မငြိမ်းချမ်းစုကြည် အလုပ်လုပ်နေချိန် ကိုဝင်းကျော်က သတင်းထောက် အမျိုးသမီးကို ပုဂ္ဂိုလ်ရေးဆိုင်ရာ အပြင် သတင်းထောက် အလုပ်နှင့် သူအလုပ်လုပ်နေသည့် သတင်းဌာနကိုပါ နှုတ်အားဖြင့် စော်ကားပြောဆိုမှုများလုပ်ခဲ့သည်ဟု သိရပြီး မငြိမ်းချမ်းစုကြည်၏ Partner ဖြစ်သူ သော်သော်(Transgender အမျိုးသမီးတဦး) ကိုလည်း ကိုယ်ထိလက်ရောက် ထိုးနှက်မှုများ ပြုလုပ်ခဲ့သည်ကို သိရသည်။
အမျိုးသမီးသတင်းထောက်တစ်ဦးအား ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း လိင်ပိုင်းဆိုင်ရာ တိုင်းထွာဆဲဆိုခြင်းအပြင် ကိုယ်ထိလက်ရောက် အကြမ်းဖက်ရိုက်နှက်ခြင်းအပေါ် Myanmar Women in Media (MWiM) က ကျားမ အခြေပြု အကြမးဖက်မှု အဖြစ် ရှုမြင်ပြီး ယင်းလုပ်ရပ်အပေါ် အပြင်းအထန် ကန့်ကွက်ရှုံ့ချပါသည်။
ထိုလုပ်ရန်အပေါ် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (Independent Press Council Myanmar-IPCM) အပြင် ဒေသဆိုင်ရာ တာဝန်ရှိသူများဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့်လည်း ထိရောက်သည့် အရေးယူမှုကို ဆောင်ရွက်နိုင်ပါရန်လည်း Myanmar Women in Media (MWiM) က အလေးအနက်ထား တိုက်တွန်းအပ်ပါသည်။