15/02/2022
( တစ် )
ကြည့်တော့သာ လက်တစ်ဝါးစာရှိတဲ့မြို့
မြစ်ကူးတံတားက သုံးစင်းနဲ့
ပြောတော့သာ ကျေးလက်ဆန်တယ်တဲ့
ဘီယာဆိုင်တွေဆိုတာ များမှများ
ဘဏ်တိုက်တွေဆိုတာ ဒင်္ဂါးသံ တချွင်ချွင်နဲ့
အေတီအမ်ကဒ်သံ တဖျတ်ဖျတ်နဲ့
ဆိုင်ကယ်ကတော့ ပေါသလားမမေးနဲ့ကိုယ့်လူ
အိမ်ထဲထိုင်နေတဲ့ ခင်ဗျားဘေးတောင်
ဗျီးကနဲ ဖြတ်မောင်းသွားလိမ့်မယ်။
သန်လျင်မြေတစ်စလောင်း ငွေတစ်သောင်းတဲ့
အတိတ်လိုလို တဘောင်လိုလိုစကား
တယ်ဟုတ်ပါလားကိုယ့်လူ သွားမလုပ်နဲ့
အဲဒါရွှေတစ်ကျပ်သား တစ်ရာ တစ်ရာ့ငါးဆယ်ခေတ်က စကား
မြေကွက်တွေကို ခုထိုင်ထားတဲ့ကောင်ဟာ
အခုချိန်မှာ သူကြွယ်။
"သခင်စိုးဟာ ဒီနေရာလေးမှာ တယောထိုး
တတ်တာပေါ့၊
သူ အမြဲမှီထိုင်တဲ့ အုတ်တိုင်လေးဟာ
ချိုင့်တောင်နေတယ်"
ဇာတ်ရုံလမ်းထဲက ငါတို့ရဲ့အဘွားလေး
ငါတို့ကို ပြောပြတော့
မျက်လုံးလေးတွေ ကလယ်ကလယ်
သမိုင်းဟာ နူးညံ့ခဲ့သားပဲ။
" ဟေ့ ...တညင်သားတွေ...
လွတ်လပ်ရေးထက် အရေးကြီးတာ ဘာရှိလဲ၊
အရေးမပါတဲ့ စကားတွေကို အခုရပ်စမ်း"
သဲပုံစေတီဘေးက ကွင်းမှာ
ဗိုလ်ချုပ်အောင်ဆန်း ဒေါတွေကန်နေတော့
ငါတို့သန်လျင်သားတွေဟာ
မီးကို ရေနဲ့လောင်းချလိုက်သလို
ရှဲကနဲ ထိပ်စည်းငြိမ်
သန်လျင်ဟာ အဲဒီလိုပါဆို။
ဒီကြားထဲ
ဒီဘရစ်တိုဆိုတဲ့ ပင်လယ်ဓားပြကြီးကလည်း
ဓမ္မစေတီ ခေါင်းလောင်းကြီးကို
သန်လျင်ကို ဆွဲချလာခဲ့သေးတာပေါ့
မအောင်မြင်ပေလို့ပေါ့ကွာ။
( နှစ် )
သန်လျင်မှာ ဘာထွက်သလဲ မေးခဲ့ရင်
ခန္ဓာငါးပါး ရုပ်နာမ်နှစ်ဖြာ
သံသရာသွားမလား အဟုတ်မှန်စွာ
မိုးညှင်းဆရာတော်ဘုရား ထွက်ခဲ့တယ်
သာသနာကို နေလိုလလို လင်းစေတဲ့
သပြေကန်ဆရာတော်ဘုရား ထွက်ခဲ့တယ်
ပြီး...
ညမွှေးပန်း ထွက်ခဲ့တယ်
စံရွှေမြင့် ထွက်ခဲ့တယ်
သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် ထွက်ခဲ့
တယ်
တက်တိုး ထွက်ခဲ့တယ်
မြင့်မြင့်ခင် ထွက်ခဲ့တယ်
ကာတွန်းသန်းကြွယ် ထွက်ခဲ့တယ်
စက်ဆုပ်ရွံရှာစရာ လောက်ကောင်တချို့နဲ့
ကိုယ့်အမြီး ကိုယ်ပြန်မျိုတဲ့
မြွေတချို့လည်း ထွက်ခဲ့တယ်
မြေကြီးကိုစားပြီး ဖောင်းကားဝဖီးနေတဲ့
မြေကြွက်တွေလည်း ထွက်ခဲ့တယ်
လူမသိ သူမသိ
အညတြသူရဲကောင်းတချို့လည်း
ထွက်ခဲ့တာပေါ့ကွာ
အနုပညာနဲ့ ပတ်သက်လာရင်တော့
သန်လျင်ဟာ
ဘယ်တော့မှ အညွန့်မကျိုးတဲ့ မီးတောက်
လောင်ချင်တိုင်း လောင်လာခဲ့တဲ့ မီးပန်း။
( သုံး )
ကျိုက်ခေါက်မှာ ဘယ်သူရှိသလဲ မေးလာရင်
နတ်ရှင်နောင် ရှိနေတယ် ငါပြောမယ်
ပဒေသရာဇာ ရှိနေတယ် ငါပြောမယ်
" ကျိုက်ခေါက် " လို့ ဆိုလိုက်တာနဲ့
ချစ်ခြင်းမေတ္တာမှာ တစ်ခန်းရပ်
အလွမ်းဇာတ်
ရှင်မွေ့နွန်းနဲ့ မင်းနန္ဒာတို့ရဲ့
မဆုံစည်းခဲ့လေသော အချစ်
ပြီး...
စေတီခြေတော်ရင်းက
မင်းနန္ဒာ အလွမ်းကန်
ပြီး...
တိုက်ကြီးကုန်းထိပ် တောင်စောင်းလေးပေါ်မှာ
မွေ့နွန်းရဲ့အလွမ်းတွေနဲ့ တည်ထားခဲ့တဲ့
မျှော်တော်ယောင် လွမ်းစေတီ။
မှောင်နေပေမယ့် ငါမြင်နေရတယ် မူမူ
လွမ်းစေတီလေးကို ကြည့်ငေးနေရုံနဲ့တင်
စိန်ပန်းပွင့်တွေ ပြန့်ကြဲနေတဲ့
ငါချစ်တဲ့ ငါ့ရဲ့ မြို့ကလေးဟာ
မိုးစက် ဖွဲဖွဲမှုန်မှုန်အောက်မှာ
အရမ်းကို လွမ်းစရာကောင်းသွားခဲ့ပြီ။
( လေး )
မဏိဒီပကျွန်း၊သန်လျင်၊တညင်၊စံကား၊ကျောက်ဖျာ၊သီဟဒီပ၊ဆီရီယမ်(Syriam)
သမိုင်းကြောင်းရှည်လျားခဲ့တဲ့ မြို့ကလေးဟာ
အမည်နာမတွေလည်း များမှများ
ဘယ်လိုပဲခေါ်ခေါ်
ငါတို့ဟာ သန်လျင်သားတွေပါကွာ
ဘယ်လို ခေတ်မျိုးလာလာ
ခေတ်ကြီးကို ခေါင်းနဲ့ ဝင်တိုက်ရဲတဲ့
ဘာမထီ သန်လျင်သားတွေပေါ့
ပြောမယ်ဆိုရင်ပေါ့ကွာ
ရာဇဝင်မှာ
ငါတို့သန်လျင်ဟာ ကျွန်သက်အရှည်လျားဆုံး
သမိုင်းမှာ
ပထမဦးဆုံး ကိုလိုနီဖြစ်ခဲ့တာဟာ
ငါတို့ရဲ့ သန်လျင်။
အဲဒီ သန်လျင်ဟာ
၁၅ရာစု နှစ်လောက်ကတည်းက
အာရှနဲ့ ပင်လယ်နီကို
ဆက်သွယ်ပေးထားတဲ့ ဆိပ်ကမ်းမြို့။
၁၈ရာစု နှစ်လောက်ကတည်းက
သင်္ဘောတွေ တည်ဆောက်ပြီး
ဥရောပကို ချရောင်းခဲ့တဲ့မြို့။
ဗျူဟာအရဆိုရင်
ခြင်္သေ့ပုံပန်းသဏ္ဌာန်ရှိတဲ့
ငါတို့ရဲ့ သန်လျင်ဟာ
ပင်လယ်ကို ခါးလှန်ချိုးလို့ရတဲ့မြို့။
အဲဒီလောက်ခမ်းနားခဲ့တဲ့ ဆိပ်ကမ်းမြို့ဟာ
ခေတ်တွေ စနစ်တွေ အမျိုးမျိုးအောက်မှာ
အမေ့လျော့ခံ ဘဝနဲ့
အပစ်ပယ်ခံ ဘဝနဲ့
အမှောင်ထဲမှာ ငြိမ်သက်လာခဲ့တာပေါ့။
ဒီလိုနဲ့ပဲ...
ရာဇဝင်ထဲမှာ တောက်ပခဲ့တဲ့
ငါတို့ရဲ့ သန်လျင်ဟာ
သွေးဆုံးနေတဲ့ မြစ်တစ်စင်းလို
တဖြည်းဖြည်း ပိန်လှီခြောက်ကပ်လာပြီး
ဖြူဖပ်ဖြူရော်ဖြစ်
အသက်ဇီဝဓာတ်ကို ခပ်မျှင်းမျှင်းရှူ
ဘယ်သူကမှလည်း သူ့ကို လာမထူနိုင်ဘူး။
အေးလေ...
အရူးအနှမ်းတွေဆိုတာ
ဗော်လ်တဲယားမှ မဟုတ်တာကွာ။
ဘာပဲပြောပြောပါကွာ
ငါတို့ရဲ့ ဘိုးဘွားတွေဟာ
ကျူးကျော်သူ မှန်သမျှကို
ခေတ်အဆက်ဆက် တိုက်ခဲ့ကြပါတယ်
သမိုင်းမှာ သူရဲဘော မကြောင်ခဲ့ပါဘူး။
သန်လျင်မြေကို တူးဆွကြည့်ရင်
သစ္စာတရားများနဲ့ မာကျောဝင်းပနေတဲ့
ငါတို့ဘိုးဘွားတွေရဲ့ အရိုးတွေဟာ
"ဟိတ်" ဆိုတဲ့ အသံကြီးနဲ့ အော်ပြီး
တစ်ချောင်းပြီးတစ်ချောင်း ခုန်ထွက်လာလိမ့်မယ်။
"ငါတို့ဟာ သန်လျင်သားကွ "
မာကျောပြတ်တောက်တဲ့ အသံကြီးနဲ့
မြည်ဟိန်းပြလိမ့်မယ်။
မဟုတ်မတရား လုပ်ထားတဲ့ လူ့အန္ဓတွေရေ
အရိုးတွေ သံပြိုင်မတွန်ခင်မှာ
အဲဒီအရိုးတွေ ခင်ဗျားတို့ခေါင်းကို ရိုက်မခွဲခင်မှာ
ပြေးဖို့သာ ကြံထားကြပေတော့။
( ငါး )
အဲဒီလို...
လောဘ၊ဒေါသ၊မောဟ နည်းပါးခဲ့တဲ့
ငါတို့ရဲ့ မြို့ကလေးဟာ
ရိုးသားဖြူစင်ရုံတင် ဘယ်ကလိမ့်မလဲ
ညဦးပိုင်းရောက်တာနဲ့
လမ်းဘေး ဂစ်တာဝိုင်းလေးတွေဆီက
သဲ့သဲ့ဖွဖွ ဂစ်တာသံဟာ
ညဥ့်နက်တဲ့အထိ လွင့်လွင့်မျောမျော။
ဝါ စိမ်း နီ ပြာ ကြယ်ပွင့်လေးတွေဟာ
ငါတို့ရဲ့မြို့လေးပေါ်မှာ
ကလို့ ... ခုန်လို့
နီညိုရောင် မဟော်ဂနီရွက်လေးတွေဟာ
တစ်ရွက်ပြီး တစ်ရွက်
ဝဲလို့...ကြွေလို့
ညမွှေးပန်းရနံ့ဟာ
အိပ်မောကျနေတဲ့ မြို့လေးထဲမှာ
ပြေးလို့ ... လွှားလို့
မြို့ကလေးထဲက ဘာသာကြီးလေးရပ်ဟာ
တစ်ခုအပေါ်တစ်ခု လေးနက်ချစ်ခင်လို့
တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ယိုင်းပင်းလို့
တစ်ဦးနဲ့တစ်ဦး နွေးထွေးစောင့်ရှောက်လို့
ဘယ့်လောက်ချစ်စရာကောင်းတဲ့
မြို့ကလေးလဲလို့။
( ခြောက် )
နတ်ရှင်နောင်ဟာ
အဖွဲ့အနှောင်တစ်ခုထဲမှာ
မလူးသာမလွန့်သာ
ပိတ်မိနာကျင်ခဲ့ဖူးတယ်။
ကြေကွဲဖွယ် အော်သံတစ်ခုဟာ
သွေးစက်တွေအောက်မှာ
တဆတ်ဆတ် တုန်ရီနေဆဲပေါ့။
သွားစမ်းပါကွာ
သမိုင်းဆိုတာမျိုးဟာ
စစ်နိုင်တဲ့ ဘုရင်တစ်ပါးက
စစ်ရှုံးသူ ဧကရာဇ်တစ်ယောက်အပေါ်
ရေးချင်သလို ရေးခြစ်ထားတဲ့
အရေးအသား တစ်မျိုးပါကွာ
ဘယ်တုန်းကမှ
အမှန်တရားနဲ့ မနီးစပ်ခဲ့ပါဘူး။
ငါကတော့
"ဇီမာလမ်းဆုံ" ကို ကြိုက်ခဲ့သလို
" ပေါ်နွေလလျှင် " ကိုလည်း ခိုက်ခဲ့တာပဲ
"ဘောင်းဘီဝတ်မိုးတိမ် " ကို ငြိခဲ့သလို
"ဆွတ်ပျံ့ဖွယ်အောင် " ကိုလည်း အစွဲအလမ်းကြီးခဲ့တာပဲ။
သူ့ရဲ့ အရေးအသားတချို့ဟာ
ငါတို့လူငယ်ဘဝရဲ့ အရေပြားပေါ်က
တက်တူးတချို့ပေါ့။
အငြင်းပွားဖွယ် အဖြစ်အပျက်တွေနဲ့
နတ်ရှင်နောင်ဟာ
ကျိုက်ခေါက်စေတီ ခြေတော်ရင်းမှာ
နာကျင်ပြီးဆုံးသွားခဲ့ပြီ။
ငါသိတာပေါ့
သူဟာ...
သံသရာ အဆက်ဆက်
မဟာဓမ္မရာဇာကို
ဘယ်တော့မှ အခဲမကြေဘူးဆိုတာ။
ဘာပဲပြောပြော
ငါတို့ဟာ
တောင်ငူဘုရင်ဆီကို
မကြာခဏ သွားခဲ့ကြပါတယ်
ငါတို့သွားတတ်တဲ့ အချိန်ဟာ
ညနေခင်းတွေပေါ့ကွာ
တစ်ခါတစ်ခါဆို
မှောင်ရီသမ်းနေခဲ့ပြီ။
အဲဒီလို အချိန်မျိုးဆိုရင်
ကျိုက်ခေါက်စေတီ ဝန်းကျင်ဟာ
တိတ်ဆိတ်အေးလွင်လို့
ဆည်းလည်းသံလွင်လွင်နဲ့ ညနေခင်းဟာ
ဆွတ်ရီလွမ်းမောစရာ။
အဲဒီ နှစ်တွေတုန်းက
ငါတို့ဟာ
မြို့ကလေးရဲ့ လမ်းမတွေပေါ်မှာ
ရင်ဘောင်တန်း လမ်းလျှောက်
မြင်မြင်ကရာကို
တဝုန်းဝုန်းနဲ့
ဖြတ်တိုက်သွားခဲ့တဲ့
မုန်တိုင်းတွေပေါ့။
အရပ်ရှစ်မျက်နှာကို
လွင့်ချင်တိုင်း လွင့်မျောခဲ့တဲ့
မိုးတိမ်တွေပေါ့။
အခုအချိန်မှာတော့
တချို့မုန်တိုင်းတွေဟာ
အားပျော့ပျက်ပြယ်သွားခဲ့ပြီ။
တချို့မုန်တိုင်းတွေကတော့
ကမ္ဘာမြေရဲ့ တစ်ဖက်အခြမ်းမှာ
တချို့မုန်တိုင်းတွေက
ကုန်းတွင်းပိုင်းကို
ဖြတ်သန်းဝင်ရောက်ဖို့ အားယူနေတုန်း။
ဘာပဲပြောပြောပါကွာ
ငါအချက်ပြလိုက်တဲ့
သန်လျင်မြို့ရဲ့ အလံတော်ကို
ငါ့သူငယ်ချင်း သန်လျင်သားတွေ
အဝေးရောက်နေတဲ့ ဆယ်လ်မွန်ငါးတွေ
ရောက်ရာအရပ်က
မြင်နိုင် ကြားနိုင်ကြပါစေကွာ။
ငါကတော့
၂၁ ရာစုထဲ ဝင်လာကာမှ
တောင်ပံ တဖျတ်ဖျတ်ခတ်ပြီး
ပြာပုံထဲက ရုန်းထလာတဲ့
Syriam ဖီးနစ်ငှက်ကလေးကို
ရာဇဝင်ထဲက ငါ့ရဲ့ မြို့ကလေးကို
အမြင့်တစ်နေရာ ဖောက်ထွက်မပျံသန်းခင်
" ချစ်သော သန်လျင်မြို့ကလေးရေ" လို့
ချစ်သူများရဲ့ကိုယ်စား
ချစ်ခင်စွာ နှုတ်ခွန်းဆက်သလိုက်ပါရဲ့ ....။
နိုင် ဝင်း သီ
၁၇ ၊ ၁၂ ၊ ၂၀၁၈