ရခိုင်သတင်းစုံ

ရခိုင်သတင်းစုံ ရခိုင်သတင်းစုံ
ရခိုင်သတင်း၊မြန်မာသတင်း၊နိုင်ငံတကာသတင်း ရခိုင်သတင်းစုံ

စစ်တွေတွင် အပြစ်မဲ့ အရပ်သားပြည်သူ ၄၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ALP ပူးပေါင်းအဖွဲ့က အစုလိုက် အပြုံလိုက် သတ်ဖြတ...
31/05/2024

စစ်တွေတွင် အပြစ်မဲ့ အရပ်သားပြည်သူ ၄၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ALP ပူးပေါင်းအဖွဲ့က အစုလိုက် အပြုံလိုက် သတ်ဖြတ် အလောင်းဖျောက်မှုကျူးလွန်

ဇွန် ၁၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာမှ အပြစ်မဲ့ အရပ်သားပြည်သူ ၄၀ ကျော်တို့ကို အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ALP ပူးပေါင်းအဖွဲ့က အစုံလိုက်အပြုံလိုက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းဖျောက်မှုကျူးလွန်သည်ဟု ခိုင်လုံသတင်းရင်းမြစ်များအရ သိရသည်။

အကြမ်းဖက် စစ်ကောင်စီနှင့် ALP ပူးပေါင်းအဖွဲ့၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရသူများမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ဦးကျော်ဆန်းဦး
(၂) ဦးကျော်သိန်း
(၃) ဦးကုလားအောင် (အသက် ၄၅ နှစ်)
(၄) ဦးဖိုးသန်းစိန်
(၅) ဦးချဘုကောင်
(၆) ဦးဘောက်သာ (သား)
(၇) ဦးကိုကိုမောင် (အသက် ၃၀ နှစ်)
(၈) ဦးခင်မောင်အေး (အသက် ၃၆ နှစ် )
(၉) ဦးမောင်သန်း (အသက် ၂၉ နှစ် )
(၁၀) ဦးကျော်နိုင် (အသက် ၄၂ နှစ်)
(၁၁) ဦးမောင်ချီး (အသက် ၂၂ နှစ်)
(၁၂) ဦးရဲကျော် (အသက် ၂၁ နှစ်)
(၁၄) ဦးအောင်နိုင်ဌေး (အသက် ၃၁ နှစ်)
(၁၅) ဦးဇော်မင်းထွန်း (အသက် ၄၀ နှစ်)
(၁၆) ဦးမောင်လှဦး (အသက် ၄၀ နှစ်)
(၁၇) ဦးသားချေ (အသက် ၃၀ နှစ်)
(၁၈) ဦးမြင့်ချေ (အသက် ၃၆ နှစ်)
(၁၉) ဦးမောင်ဆန်း (အသက် ၂၆ နှစ်)
(၂၀) ဦးမောင်လှယေ (အသက် ၃၂ နှစ်)
(၂၁) ဦးမောင်ထွီး (အသက် ၂၂ နှစ်)
(၂၂) ဦးမောင်လုံးချေ (အသက် ၄၀ နှစ်)
(၂၃) ဦးဦးကျော်နိုင် (အသက် ၄၀ နှစ်)
(၂၄) ဦးမောင်သိန်းထွန်း (အသက် ၅၀ နှစ်)
(၂၅) ဦးမောင်စံသား (အသက် ၆၀ နှစ်)
(၂၆) ဦးကျန်သာထွန်း (အသက် ၇၀ နှစ်)
(၂၇) မောင်ဘုမောင် (အသက် ၁၈ နှစ်)
(၂၈) ဦးသန်းဌေးမောင် (အသက် ၄၁ နှစ်)
(၂၉) ဦးဖားချေ (အသက် ၅၀ နှစ်)
(၃၀) ဦးကိုကိုအောင် (အသက် ၃၆ နှစ် )
(၃၁) ဦးအောင်သူချေ (အသက် ၂၉ နှစ် )
(၃၂) မောင်ဖြိုးဖြိုးနိုင် (ဘ)ဦးမောင်သိန်းထွန်း (အသက် ၁၅ နှစ် )
(၃၃) ဦးဇော်ထွန်းနိုင် (အသက် ၃၅ နှစ် )
နှင့် တစ်ခြား အမည်စုံစမ်းဆဲ ၁၀ ဦးထက်မနည်းတို့ ဖြစ်ကြသည်။
အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ALP အဖွဲ့တို့သည် ယနေ့ မေလ ၃၁ ရက်နေ့ နေ့ခင်း ၁၁ နာရီကျော်ခန့်တွင် ပစ်ခတ် သတ်ဖြတ်ထားသည့် ရုပ်အလောင်း ၄၀ ကျော်တို့အား မီးရှို့ အလောင်းဖျောက်လိုက်ကြောင်း ခိုင်လုံသတင်းရင်းမြစ်များက AB News ကိုပြောသည်။

ထို့အပြင် မေလ ၃၀ ရက်နေ့ ညနေက ဖမ်းဆီးထားသည့် အမျိုးသမီးများထဲမှ အမျိုးသမီး ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီ၏ စစ်တေဘာကားဖြင့် ခေါ်ယူသွားကာ အဓမ္မပြုကျင့်ခဲ့ကြပြီး ၂ ဦး သတ်ဖြတ်လိုက်ကြကြောင်း သိရသည်။

ဖြစ်စဥ်မှာ မေလ ၂၉ ရက်နေ့ နေ့ခင်း ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ကား ၅ စီးနှင့် ALP တပ်ဖွဲ့ဝင်ကား ၂ စီးတို့ဖြင့် စုစုပေါင်း အင်အား ၁၀၀ ခန့်သည် ဗျိုင်းဖြူရွာထဲသို့ ဝင်လာပြီး ညနေ ၃ နာရီဝန်းကျင်တွင် ဗျိုင်းဖြူရွာထဲရှိ အသက် ၁၅ နှစ်အထက် အမျိုးသား ၂၀၀ ကျော်တို့ကို ဖမ်းဆီးချုပ်နှောင်ပြီး ဗျိုင်းဖြူရွာ၏ အရှေ့ဖက်ရှိ ရေကန်ကြီးအနီးတွင် သေနတ်ဒင်တို့ဖြင့် ရက်ရက်စက်စက် ထုထောင်းရိုက်နှက်ပြီး လက်များကို နောက်ပြန်ကြိုးတုတ်လျက် ဆောင့်ကြောင့် ထိုင်ခိုင်းထားခဲ့ကြောင်း သိရသည်။

ထို့နောက် ဖမ်းဆီးခံထားရသည့် အမျိုးသားများ၏ ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် မိဘများ ဦးရေ ၂၀၀ ကျော်တို့အားလည်း ရွာအပြင် သင်္ချိုင်းတွင် အစာရေစာ လုံးဝမကျွေးဘဲ နေလှမ်းထားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် အမျိုးသား ၂၀၀ ကျော်ထဲမှာ ၄၀ ကျော်တို့အား မေလ ၃၀ ရက်နေ့ ညသန်ခေါင် ၁၂ နာရီခန့်မှ မေလ ၃၁ ရက်နေ့ နံနက်အရုဏ် ၄ နာရီခန့်ထိ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြပြီး ကျန်သူများအား စစ်တွေမြို့တွင်းရှိ ခလရ (၂၀ )တပ်ရင်းသို့ စစ်ကားများဖြင့် တင်ယူသွားကြောင်း သိရသည်။

ယနေ့ မေလ ၃၁ ရက်နေ့ နေ့ခင်း ၁၁ နာရီကျော်ခန့်တွင် ဗျိုင်းဖြူရွာမှ ကလေးများနှင့် အမျိုးသမီးများကို စစ်ကောင်စီ၏ တပ်သုံး တေဘာကား ၁၀ စီးခန့်ဖြင့် စစ်တွေမြို့ ဘုရားကြီးကွင်းသို့ သယ်ယူကာ နေရာ ရွှေ့ထားခဲ့ကြောင်း သိရသည်။

မာန်အောင်ကျွန်းကို နောက်ဆုံးခံတပ်အဖြစ် စစ်ကောင်စီ ပြင်ဆင်နေ Western News| မေ ၂၁ ရခိုင်ပြည် မြောက်ပိုင်းဒေသကို အာရက္ခတပ်တ...
21/05/2024

မာန်အောင်ကျွန်းကို နောက်ဆုံးခံတပ်အဖြစ် စစ်ကောင်စီ ပြင်ဆင်နေ

Western News| မေ ၂၁

ရခိုင်ပြည် မြောက်ပိုင်းဒေသကို အာရက္ခတပ်တော် AA က သိမ်းပိုက်နေချိန် တောင်ပိုင်းဒေသက မာန်အောင်ကျွန်းကို နောက်ဆုံးခံတပ်အဖြစ် စစ်ကောင်စီ ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပေ ၅၂၀၀ ကျော် (တစ်မိုင်ကျော်) ရှည်လျားသည့် မာန်အောင်လေယာဉ်ပြေးလမ်းကို ပေ ၇၀၀၀ ခန့်အထိတိုးချဲ့ကာ လေယာဉ်ပြေးလမ်း ဘယ်ဘက်၊ ညာဘက် ပေ ၃၀၀ ပတ်လည်ကို ၈ ပေခန့်မြင့်သည့် အုတ်တံတိုင်းများကာရံကာ အနောက်ပိုင်းစစ်ဌာနချုပ်၏ အကြီးဆုံးခံတပ်အဖြစ် စစ်ကောင်စီက ပြင်ဆင်နေကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

" အခု တကျော့ပြန်တိုက်ပွဲ မစခင်က လေယာဉ်ကွင်းတိုးချဲ့ဖို့ အစီအစဉ်တော့ ရှိခဲ့တယ်။ ဒါပေမယ့် တပ်စခန်းတစ်ခုပြီးတစ်ခု တစ်မြို့ပြီးတစ်မြို့ သိမ်းခံရချိန်မှာတော့ စစ်ရေးအတွက် အသုံးပြုဖို့ ခံတပ်ကြီးကြီးမားမား လုပ်လာတာဖြစ်တယ်။ မာန်အောင်ကျွန်းကို စစ်ကောင်စီက နောက်ဆုံး ခံတပ်ကြီးအဖြစ် တည်ဆောက်လာတာဖြစ်ပါတယ်။ " ဟု ပြောသည်။

မာန်အောင်ကျွန်းသည် အရှည် ၂၁ မိုင် ကျယ်ဝန်းပြီး လေကြောင်းနှင့် ရေကြောင်းဖြင့်သာ သွား၍ရကြောင်းနှင့် ကုန်းလမ်းဖြင့်သွား၍ မရသော ကျွန်းဖြစ်သည်။

မာန်အောင်လေယာဉ်ကွင်းကို စစ်ရေးအတွက် ပြင်ဆင်နေသလို မာန်အောင်မြို့ထဲက ဘောလုံးကွင်းကိုလည်း စစ်ရေးအတွက်အသုံးပြုနိုင်ရန် လေယာဉ်ကွင်းကဲ့သို့ ၈ ပေခန့်မြင့်သည့် အုတ်တံတိုင်းကာရံနေကြောင်း သိရသည်။

နောက်ထပ် မျက်မြင်ဒေသခံတစ်ဦးက " လေယာဉ်ကွင်းရော၊ ဘောလုံးကွင်းရော ပြီးခဲ့တဲ့ ၃ လကနေ စတင်လုပ်ခဲ့ပြီးတော့ အခုအချိန်မှာ ၄၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီဖြစ်ပါတယ်။ လေယာဉ်ပြေးလမ်းကို သတ်မှတ်ထားတာထက် တိုးချဲ့တာဟာ စစ်ဘက်သုံးလေယာဉ်တွေနဲ့ ထောက်ပို့လေယာဉ်တွေ အသုံးပြုနိုင်ဖို့လို့ ယူဆရတယ်။ လေတပ်စခန်းလို ပုံစံမျိုး လုပ်လာနိုင်တယ်။ ဘောလုံးကွင်းမှာ အုတ်တံတိုင်းကာနေတာကလည်း စစ်သင်တန်းပေးမယ့် သဘောရှိနေတယ်။ တခြားမြို့တွေ အားလုံး အသိမ်းခံရရင်လည်း မာန်အောင်ကျွန်းကနေ ပြန်တိုက်ခိုက်လို့ရအောင် ပြင်ဆင်တာလဲ ဖြစ်နိုင်တယ်။ " ဟု ပြောသည်။

လေယာဉ်ကွင်း အုတ်တံတိုင်းနှင့် ဘောလုံးကွင်း အုတ်တံတိုင်းအကာအရံအပေါ်တွင် ဘားဝါယာကြိုးများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။

မာန်အောင်ကျွန်းနှင့် အနီးဆုံးကျွန်းဖြစ်သည့် ရမ်းဗြဲကျွန်းက ရမ်းဗြဲမြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီဖြစ်သည်။

သို့သော်လည်း ရမ်းဗြဲကျွန်းက ရေတပ်ဌာနချုပ်ရှိသည့် ကျောက်ဖြူမြို့ ကျန်ရှိနေသေးပြီး ကျောက်ဖြူနှင့် မာန်အောင်ကျွန်းသည် ရေကြောင်းဖြင့် ၈၇ မိုင်သာ ဝေးကွာသည်။

ကျောက်ဖြူမြို့ကို AA က အရှိန်မြှင့်ထိုးစစ်ဆင်တိုက်ခိုက်လာပါက မာန်အောင်ကျွန်းကနေ စစ်ကူညီပေးနိုင်ရန် မာန်အောင်ကျွန်းကို နောက်ဆုံးခံတပ်အဖြစ် စစ်ကောင်စီက တည်ဆောက်နေခြင်းဖြစ်သည်ဟု ရခိုင်စစ်ရေးသုံးသပ်သူတစ်ဦးကလည်း ပြောသည်။

" မာန်အောင်ကျွန်းမှာ အရင်က ရဲတပ်ဖွဲ့လောက်ပဲရှိတယ်။ အခု တကျော့ပြန် တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ရာနှင့်ချီပါတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို ထားလာတယ်။ လက်ရှိမှာ တပ်ရင်း ၃ ခုထက်မနည်းရှိနေတယ်။ ဒေသခံတွေကိုလည်း စစ်မှုထမ်းဖို့ အတင်းအဓမ္မခေါ်ယူနေတယ်။ AA က ကျောက်ဖြူမြို့ကို အရှိန်ပြင်းပြင်း တိုက်ခိုက်လာရင်တော့ မာန်အောင်ကျွန်းကနေ စစ်ကူပေးနိုင်တယ်။ အရမ်းကြီးဝေးတဲ့ အနေအထားမဟုတ်တော့ ကြည်း၊ ရေ၊ လေ သုံးခုစလုံး လွယ်လွယ်ကူကူပေးနိုင်တယ်။ ကျောက်ဖြူမြို့ တိုက်ခိုက်ခံရရင် စစ်သင်္ဘောတွေနဲ့ ရေငုတ်သင်္ဘောကို မာန်အောင်ကျွန်းကို ရွှေ့ပြောင်းထားနိုင်တယ်။ ပြောရရင် မာန်အောင်ကျွန်းက စစ်ကောင်စီအတွက် နောက်ဆုံးခံတပ်ဖြစ်လာနိုင်တယ်။ " ဟု ပြောသည်။

မာန်အောင်ကျွန်းကို အာရက္ခတပ်တော် AA က ချက်ခြင်း ဝင်ရောက်လာနိုင်သည့် အနေအထားမဟုတ်သည့်အတွက် မာန်အောင်ဒေသခံများမှာ စစ်ကောင်စီ၏ ဖိနှိပ်မှုနှင့် လူငယ်အများအပြား စစ်မှုထမ်းရန် အဓမ္မခေါ်ယူခံရနိုင်ကြောင်း အဆိုပါ စစ်ရေးသုံးသပ်သူက ပြောသည်။

အာရက္ခတပ်တော် AA က ရခိုင်ပြည် မြောက်ပိုင်းဒေသက မောင်တော၊ စစ်တွေ၊ အမ်းက လွဲပြီး ကျန်မြို့များအားလုံးကို သိမ်းပိုက်ထားပြီး တောင်ပိုင်းဒေသသို့ စစ်မျက်နှာဖွင့်ကာ သံတွဲမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြသည်။

သံတွဲမြို့ကနေစပြီး ရခိုင်တောင်ပိုင်းဒေသက မြို့များအားလုံးကို သိမ်းပိုက်နိုင်ရန် AA က ပြင်ဆင်နေခြင်းဖြစ်သည်။

Western News-WN

ရက္ခိုင့်တပ်တော်၏ တိုက်ခိုက်ရေးစွမ်းရည်မြင့်မားမှုအပေါ် ဘင်္ဂလားဒေ့ရှ်စစ်တပ်ကပင် အံ့အားသင့်ခဲ့ရ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၈/...
28/02/2024

ရက္ခိုင့်တပ်တော်၏ တိုက်ခိုက်ရေးစွမ်းရည်မြင့်မားမှုအပေါ် ဘင်္ဂလားဒေ့ရှ်စစ်တပ်ကပင် အံ့အားသင့်ခဲ့ရ

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၈/ ၂၀၂၄

ရက္ခိုင့်တပ်တော် (AA)၏ စစ်စွမ်းရည်နှင့် တိုက်ခိုက်ရေး စွမ်းရည် မြင့်မားမှု အပေါ် ဘင်္ဂလားဒေ့ရှ် စစ်တပ်ကပင် အံ့အားသင့်ခဲ့ရသည်ဟု ဘင်္ဂလားဒေ့ရှ် စစ်တပ်နှင့် ဆက်သွယ်ဆောင်ရွက်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒေသအတွင်းက ရခိုင်အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။

“ ကျွန်တော်နဲ့ ဆက်သွယ်နေတဲ့ ဘင်္ဂလာစစ်တပ်က Brigadier General အဆင့် တစ်ယောက် ရှိပါတယ်။ ရခိုင်စစ်ပွဲတွေကို သတင်းယူနေတဲ့သူ။ နယ်စပ်မှာ မြန်မာစစ်တပ်က ဒီလောက် အခိုင်အမာတည်ဆောက်တဲ့စခန်းတွေကို အေအေက ဒီလောက်အချိန်တိုအတွင်းမှာ ဘယ်လိုလုပ် သိမ်းပိုက်နိုင်သလဲဆိုပြီး သူတို့က အံ့အားသင့်နေကြတယ်” ဟု ပြောကြားသည်။

ရက္ခိုင့်တပ်တော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကပ်ရပ်တည်ရှိသည့် နှုံးဗူးဗျူဟာ၊ တရွန်အိုင်ဗျူဟာ၊ ခန်ခတောင်စခန်း၊ ခမောင်း၀ စခန်း၊ ဒုံးညို စခန်း၊ ဝါးနက်ရုံဗျူဟာ၊ တောင်ပြို လက်ဝဲနှင့် လက်ယာ ဗျူဟာမြောက်စခန်း၊ ဗောဓိကုန်းစခန်း များအပါဝင် ပလက်၀ဒေသနှင့် ရခိုင်ပြည်အတွင်းရှိ စခန်းပေါင်း ၂၀၀ နီးပါးကို ၃ လကျော်အတွင်း ထိုးစစ်ဆင်ကာ အပြီးသတ် သိမ်းပိုက်ခဲ့သည်။

“ အဲဒီဗိုလ်မှူးချုပ်ပြောတာက ဘင်္ဂလာ-မြန်မာ နယ်စပ်တစ်လျှောက်မှာ မြန်မာစစ်တပ် စခန်းပေါင်း ၄၈ ခုကို အေအေက သိမ်းပိုက်လိုက်တယ်လို့ ပြောတယ်။ သူပြောတဲ့ စခန်းအရေအတွက်နော်။ တချို့ စစ်စခန်းတွေဆိုရင် အင်အား လူပေါင်း နှစ်ရာ၊ သုံးရာအထိ ရှိတယ်။ လက်နက်ကြီးတွေ၊ ခေတ်မီ အမြောက်ကြီးတွေလည်း ခိုင်ခိုင်မာမာ တပ်ဆင်ထားတယ်။ တိုက်ပွဲဖြစ်ရင် စစ်တပ်က လေယာဉ်တွေနဲ့ ပါ တိုက်ခိုက်ခဲ့သေးတယ်။ ဒီကြားထဲက စစ်တပ်စခန်းတွေ တစ်ခုပြီး တစ်ခု အေအေက သိမ်းသွားတဲ့ အပေါ်မှာ အဲဒီ ဗိုလ်မှူးချုပ်က တော်တော်ကို အံ့အားသင့်နေတယ်။ ဘာကြောင့် ဒီလောက်ထိ တိုက်ရည် ခိုက်ရည်တော်နေရတာလဲဆိုပြီး မေးလာတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရက္ခိုင့်တပ်တော်သည် ဖေဖော်ဝါရီ လဆန်းပိုင်းက မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြို လက်ဝဲနှင့် လက်ယာ ဗျူဟာမြောက်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်စဉ် စစ်ကောင်စီက လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်ပါ စစ်ကူတိုက်ခိုက်ပေးခဲ့သော်လည်း ၎င်းစခန်းများသည် ရက္ခိုင့်တပ်တော်လက်ထဲကို တစ်ပတ်အတွင်း ကျရောက်သွားခဲ့သည်။

၎င်းတိုက်ပွဲအတွင်း နယ်ခြားစောင့်တပ်အမည်ခံ မြန်မာစစ်သား ၃၀၀ ကျော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ဖရိုဖရဲ တပ်ပျက်ကာ ထွက်ပြေးခဲ့ကြရသည်။

ထိုသို့ ထွက်ပြေးခဲ့ရသည့် မြန်မာစစ်တပ်အပေါ် တွင်လည်း ဘင်္ဂလာဒေ့ရှ် စစ်တပ်သာမက ဘင်္ဂလာ လူထုကလည်း များစွာ အထင်သေးသွားခဲ့ကြသည်ဟု ၎င်းက ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ် ရခိုင်ဒေသခံတစ်ဦးက “ ဒီနေ့အချိန်မှာတော့ ဒီဘက်က လူတွေ တော်တော်အမြင် ပြောင်းလဲကုန်တယ်။ Arakan Army၊ Arakan Army ဆိုပြီး တော်တော်နာမည်ကြီးသွားတယ်။ တိုက်ပွဲတိုင်းနိုင်နေတော့ ရက္ခိုင့်တပ်တော်ကို တော်တော်ချီးကျူးနေကြတယ်။ ဘင်္ဂလာလူထုကလည်း အေအေကို အရမ်း အထင်ကြီးနေတာကို တွေ့နေရတယ်” ဟုပြောဆိုသည်။

လက်ရှိအချိန်တွင် ရခိုင်တိုက်ပွဲသတင်းများနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ရှိ ဒေသအတွင်း သတင်းစာများတွင်သာမက အင်္ဂလိပ်လို ရေးသားသည့် Dhaka Tribune၊ The Daily Star နှင့် The Financial Express တို့တွင်လည်း သတင်းများရေးသားဖော်ပြနေကြသည်။

ရက္ခိုင့်တပ်တော်( AA)သည် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့သည့် ၃ လကျော်တိုက်ပွဲအတွင်း ခရိုင် ၂ ခု (မြောက်ဦးနှင့် ပလက်၀ ခရိုင်)၊ မြို့ပေါင်း ၉ မြို့ ( ပလက်၀၊ ဆမီး၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ မအီနှင့် တောင်ပြိုမြို့တို့ကို အပြီးသတ် သိမ်းပိုက်ခဲ့သည်။

၎င်းပြင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲမြို့တို့ရှိ တပ်ရင်း၊ တပ်ဖွဲ့စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီ၏ စခန်းများကို တစ်ခုပြီး တစ်ခုသိမ်းပိုက်နိုင်ကြောင်း ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ထားသည်။

အင်အားအများဖြင့် တပ်စွဲထားသည့် မင်းပြားမြို့နယ်ရှိ တိုင်းဗဟို(၉) လေ့ကျင့်ရေး သင်တန်းကျောင်း ကိုလည်း ဖေဖော်ဝါရီ ၂၆ ရက် ညနေက အပြီးသတ် သိမ်းပိုက်ခဲ့ပြီး မြို့တော် စစ်တွေကိုလည်း ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မည့် အခြေအနေတွင် ရှိနေသည်ဟု သိရှိရသည်။

မင်းပြားမြို့ရှိ မင်းဖူး အရပ်ဘက် ဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ဆေးကုသနေသည့် ပြည်သူများနှင့...
27/02/2024

မင်းပြားမြို့ရှိ မင်းဖူး အရပ်ဘက် ဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ဆေးကုသနေသည့် ပြည်သူများနှင့် ဆေးရုံဝန်ထမ်းများ ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရခိုင်ပြည်၊ မင်းပြားမြို့ရှိ မင်းဖူး အရပ်ဘက် ဆေးရုံကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဆေးကုသနေသည့် ပြည်သူများနှင့် ဆေးရုံဝန်ထမ်းများ ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင် မင်းပြားမြိုနယ်ရှိ မင်းဖူးဆေးရုံကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ် ၁ စီးဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အရပ်သား ပြည်သူများနှင့် ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရမှုများလည်းရှိကြောင်း၊ ယင်းဆေးရုံသည် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများနှင့် သုံ့ပန်းမိသားစုဝင်များကိုလည်း ဆေးကုသပေးနေသော အရပ်ဘက် ဆေးရုံဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ရခိုင်ဒေသ စစ်မျက်နှာတွင် ၎င်းတို့၏ တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်ဘက်၊ ရဲဘက်စခန်းများစွာနှင့် တစ်မြို့ပြီး တစ်မြို့ကို လက်လွှတ်ဆုံးရှုံး နေရသည့်အတွက် ရှုံးမဲမဲကာ မြိ့း၊ ရပ်ရွာများရှိ အရပ်သား ပြည်သူလူထုများနှင့် ဆေးရုံ၊ စာသင်ကျောင်း၊ တိုက်တာအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲ ကျူးလွန်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားသည်။

မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများ စစ်ရှုံးနေပြီး မိုက်တွင်း မနက်ကြရန် ရက္ခိုင့်တပ်‌တော် AA စစ်ဦးစီးချုပ် သတိပေးအရှ...
26/02/2024

မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများ စစ်ရှုံးနေပြီး မိုက်တွင်း မနက်ကြရန် ရက္ခိုင့်တပ်‌တော် AA စစ်ဦးစီးချုပ် သတိပေး

အရှုံးသမားကောင်း ပီသအောင် ကြိုးစားခြင်းက အကောင်းဆုံးရွေးချယ်မှုဟု ဆို

ဖေဖော်ဝါရီ ၂၆

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများ စစ်ရှုံးပြီး စစ်မနိုင်တော့သည့် အချိန်တွင် အပြစ်မဲ့ ပြည်သူနှင့် လူငယ်များကို ဖမ်းဆီးသတ်ဖြတ် ညစ်လုံးဖြင့် မိုက်တွင်း မနက်ရန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သတိပေးလိုက်သည်။

ရက္ခိုင့်တပ်တော် AA၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းက ၎င်း၏ တွစ်တာလူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ထိုသို့ သတိပေး ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ခင်ဗျားတို့ရဲ့ စစ်ပညာနဲ့ကြိုးစားမှု့ကိုလေးစားပါတယ်။ ဒါပေမဲ့ လူကြီးမင်းတို့က သေချာပေါက် ရှုံးနေပြီဖြစ်လို့ အရှုံးသမားကောင်း ပီသအောင် ကြိုးစားခြင်းကသာ သင်တို့ရဲ့တစ်ခုတည်းသော အကောင်းဆုံးရွေးချယ် စရာဖြစ်ပါလိမ့်မယ်"ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရေးသားထားသည်။

ထို့အပြင် တပ်အချင်းချင်းတိုက်မနိုင်မှုကြောင့် မည်သည့် လက်နက်မှမရှိသော အပြစ်မဲ့ပြည်သူ လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ် ညစ်လုံးစုံနှင့် ဆက်ပြီးလက်နက်အားကိုး မိုက်တွင်း မနက်ရန် ဆက်လက် သတိပေးထားသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က "တပ်အချင်းချင်းတိုက်မနိုင်လို့ ဘာလက်နက်မှမရှိတဲ့ အပြစ်မဲ့ပြည်သူ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီး သတ်ဖြတ် ညစ်လုံးစုံနဲ့ ဆက်ပြီးလက်နက်အားကိုး မိုက်တွင်းနက်နေအုံးမယ်ဆိုရင် မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရင်တောင် ခင်ဗျားတို့ရဲ့ ရှင်ကျန်ခဲ့မယ့် သားသမီး မြေးမြစ်တွေအတွက် သိက္ခာနည်းနည်းချန်ထား ခဲ့သင့်ပါတယ်"ဟု ဆက်လက် ရေးသားထားသည်။

ရခိုင်ပြည်နှင့် ပြည်မများကို စစ်ကောင်စီတပ်က ရေလမ်း၊ ကုန်လမ်းများ အားလုံးကို ပိတ်ဆို့ထားပြီး အင်တာနက် ဖုန်းလိုင်းများကိုလည်း ပိတ်ပင်ထားကာ ရခိုင်ပြည်အတွင်းက လူငယ်တစ်ချို့နှင့် ပြည်မဘက်မှ ရခိုင်လူငယ်တစ်ချို့ကို ဆက်တိုက်ဖမ်းဆီးမှုများ လုပ်ဆောင်လာနေသည်။

ထို့အပြင် ရခိုင်ပြည်အတွင်းက တစ်မြို့နှင့် တစ်မြို့ကို သွားလာခွင့် စစ်ကောင်စီက ပိတ်ပင်ထားပြီး ကျေးလတ်ဒေသများမှ ဈေးရောင်းချရန်လာသည့် ပြည်သူများကို ဖမ်းဆီးကာ တစ်ချို့ကို ပြန်လွှတ်ပေးသော်လည်း တစ်ချို့ကို လက်ရှိအချိန်အထိ ပုဒ်မများတပ်ကာ တရားစွဲထားသည်။

ပလက်ဝဒေသတစ်ခုလုံးအပါအဝင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ တောင်ပြိုမြို့များကို ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့်မြို့များကိုလည်း ဆက်လက် တိုက်ခိုက် သိမ်းပိုက်သွားမည် ဖြစ်ကြောင်း AA က ဆိုသည်။

အကြမ်းဖက်စစ်တပ်က သူရဲဘောကြောင်စွာ ပြည်သူများကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်းများ ရပ်တန့်ခြင်း မရှိပါက ပြင်းထန်ပြတ်သားစွ...
20/02/2024

အကြမ်းဖက်စစ်တပ်က သူရဲဘောကြောင်စွာ ပြည်သူများကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်းများ ရပ်တန့်ခြင်း မရှိပါက ပြင်းထန်ပြတ်သားစွာ တုံ့ပြန်သွားမည်ဟု ရက္ခိုင့်တပ်တော် AA သတိပေး

■ အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ် ထားသော နယ်မြေများတွင် ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများ ရခိုင်တပ်တော် ထိန်းချုပ် နယ်မြေများ၌ ပြောင်းရွှေ့ နေထိုင်ရန် AA ဖိတ်ခေါ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

အကြမ်းဖက် စစ်ကောင်စီ ထိန်းချုပ်ရာ လုံခြုံမှုမရှိသော နေရာများတွင် ပြောင်းရွှေ့နေထိုင်မည့်အစား ရခိုင့်တပ် တော် ထိန်းချုပ်ရာ နေရာများ၊ မြို့ရွာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် ရခိုင့်တပ်တော် - AA က သဘောထား ကြောညာချက် တစ်စောင်ထုတ်ပြန်ပြီး ဖိတ်ခေါ်ထားသည်။

ရခိုင်ဒေသနှင့် မြန်မာနိုင်ငံ၏ စစ်ရေးအခြေအနေများအရ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက် ခိုက်ပြီး ပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားသော နယ်မြေများသည် အာရက္ခပြည်သူလူထု တစ်ရပ်လုံး အပါအဝင် အဖိနှိပ်ခံ ပြည်သူလူထုအားလုံးတို့အတွက် အလုံခြုံဆုံးသော နေရာများဖြစ်သဖြင့် စစ်ကောင်စီ ထိန်းချုပ်ထားသော ရန်ကုန် အပါအဝင် အခြားသောမြို့များသို့ တိမ်း ရှောင်နေကြမည့် အစား ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ထိန်းချုပ်ရာနေရာများ၊ မြို့ရွာများသို့ ပြောင်း ရွှေ့နေထိုင်ကြရန် မိဘပြည်သူများကို အသိပေး တိုက်တွန်းထားသည်။

အကြမ်းဖက် စစ်ကောင်စီ အနေဖြင့် စစ်သားပီသစွာ စစ်မြေပြင်တွင် တိုက်ခိုက်ရမည့် အစား အရပ်သား ပြည်သူလူထုများကို သူရဲဘောကြောင်စွာ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း၊ အချုပ်သားများ၊ အကျဉ်းသားများကို လူသတ် အလောင်းဖျောက်ခြင်းအစရှိသော စစ်ရာဇဝတ်မှုများကို ဆက် လက်ကျူးလွန်နေပြီး ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ကျူးလွန်နေမည်ဆိုပါက လုပ်သင့်လုပ်ထိုက်သည့် ပြင်းထန်ပြတ်သားသော တုံ့ပြန်မှုများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသား အဖွဲ့ ချုပ်/ ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီသည် မြန်မာနိုင်ငံအနှံ့ရှိ ဒေသအသီးသီးမှ တိုက်ပွဲများတွင် အ ရှုံးများဖြင့် ရင်ဆိုင်နေရသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း၊ ရက္ခိုင့်တပ်တော် အနေဖြင့် ရက္ခိုင် ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန် တိုက်ခိုက် သိမ်းပိုက် ရယူနိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး အာရက္ခပြည်သူလူထုများနှင့် အဖိနှိပ်ခံမြန်မာပြည် သူ လူထုတစ်ရပ်လုံးအတွက် အကောင်းဆုံး ကြိုးစားတိုက်ပွဲဝင်လျက်ရှိကြောင်း ရခိုင့်တပ်တော် - AA က အသိပေးထားသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း၌ မြောက်မြား စွာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကျဆုံး၊ ဒဏ်ရာရ၊ ထွက်ပြေးမှုများ စသည့်ဖြစ်ရပ်များမှာ နေ့စဉ်နေ့တိုင်း ဖြစ်ပေါ်လျက်ရှိပြီး ပြုန်း တီးအင်အားများကို ကာမိစေရန် အကြမ်းဖက်စစ်ကောင်စီက“ပြည်သူ့စစ်မှုထမ်းဥပဒေ” ကို အသက် သွင်း၍ စစ်အင်အား ပြန်လည်ဖြည့်တင်းရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေကြောင်း သိရသည်။

ထို့အပြင် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အစရှိသဖြင့် အဘက်ဘက်တွင် ရှုံးနိမ့်နေသော အကြမ်း ဖက်စစ်ကောင်စီသည် အများပြည်သူအသုံးပြုနေသော လမ်းတံတားများကို မိုင်းခွဲဖျက်ဆီးခြင်း၊ ပြည်သူလူထုနေထိုင်ရာ မြို့ရွာများအတွင်းသို့ လက်နက်ကြီး၊ ရေကြောင်း၊ လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်၍ မြို့ရွာများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီး တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

တစ်ရက်ပြီးတစ်ရက် ကျယ်ပြန့်လာသော ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများကြောင့် မြို့ရွာများမှ ပြည်သူလူထုများသည် စစ်ကောင်စီ၏ အရပ်သားပြည်သူလူထုများအပေါ် ပစ်မှတ်ထား တိုက်ခိုက် မှုမှ ရှောင်ရှားနိုင်ရန်အတွက် ရန်ကုန်အပါအဝင် အခြားသောမြို့ကြီးများသို့ တစ်စတစ်စ တိမ်း ရှောင်နေကြသည်ကို တွေ့ရှိလာနေရပြီး စစ်ကောင်စီထိန်းချုပ်ရာဒေသများသည် ယခင်ကတည်း ကပင် လုံခြုံရေး၊ စားဝတ်နေရေး၊ တရားဥပဒေ စိုးမိုးရေးအခြေအနေများ ယုတ်လျော့နေလျက်ရှိရာ ယခုအချိန်တွင် ပိုမိုဆိုးရွားလျက်ရှိကြောင်း သိရသည်။

ဤကဲ့သို့ အဘက်ဘက်မှ ပြိုကျပျက်စီးလာသည်နှင့်အမျှ အဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံး၏ အသက်၊ အိုးအိမ် စည်းစိမ်တို့မှာလည်း နေ့စဉ်နှင့်အမျှ ပိုမိုခြိမ်းခြောက်ခံရလျက်ရှိသည့်အပြင် အ ကြမ်းဖက် စစ်ကောင်စီက ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် လူမျိုးရေးအမုန်းတရားများကို မီးထိုး ကာ ရက္ခိုင်လူမျိုးများအား ဖိနှိပ်ဆန့်ကျင်စေရန် သွေးထိုးလှုံ့ဆော်မှုများကို ကောက်ကျစ်ယုတ်မာစွာ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီထိန်းချုပ်ထားသော ဒေသများရှိ ရက္ခိုင်လူမျိုးများကို အဓိကဦးတည်ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ စစ်သားစုဆောင်းခြင်း၊ ညှဉ်း ပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို နေ့စဉ်ရက်ဆက် ဆိုးရွားစွာ ကျူးလွန်လျက်ရှိသည့်အပြင် လူမှုကွန်ရက်သုံးစွဲသူ အပြစ်မဲ့ ရက္ခိုင်လူမျိုးများကိုလည်း သက်သေ အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ ပုဒ်မအမျိုးမျိုးတပ်၍ ဥပဒေမဲ့ဖမ်းဆီးကာ အချုပ်ခန်းများအတွင်း၌ သတ်ဖြတ် အလောင်း ဖျောက် မှုများကို ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိ ကြောင်း သိရသည်။

ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်တို့အတွင်း ဖမ်းမိခဲ့သည့် ထောင်နှင့်ချီသော စစ်သားများ အနက် ပြည်သူလူထုကို သတ်ဖြတ်ရာတွင် ကိုယ်တိုင်ကျူးလွန်သူများပါဝင်ပြီး ၎င်းတို့ကို စစ်ခုံရုံးတင်ကာ ထိရောက်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ရခိုင့်တပ်တော် AA က ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

ရခိုင့်တပ်တော် - AA မှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများထဲတွင် အာရက္ခပြည်သူများအား စစ်ရာဇ ဝတ်မှု ကျူးလွန်ရန် အမိန့်ပေးခဲ့သော အထက်အရာရှိကြီးများ၊ အမိန့်ကို အကောင်အထည်ဖော်ပြီး လူသတ် မှုကို ကိုယ်တိုင်ကိုယ်ကျကျူးလွန်ခဲ့ကြသော တပ်ဖွဲ့ဝင်များပါဝင်ပြီး အဆိုပါ ပုဂ္ဂိုလ်များကို စစ်ခုံရုံးတင်၍ မိမိတို့ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း သိရ သည်။

အကြမ်းဖက်စစ်ကောင်စီ၏ မတရားသဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသော မိသားစုဝင်များ၏ နစ်နာမှု၊ တရားမျှတမှုတို့ကို ရရှိနိုင်ရေးတို့အတွက် စစ်ရာဇဝတ် ကျူးလွန်သူများကို ဥပဒေနှင့်အညီ တရား နည်းလမ်းကျကျ စစ်ဆေး အပြစ်ပေး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။

ရက္ခိုင်ပြည်နယ်နှင့် ပလက်ဝဒေသ စစ်ပွဲများအတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထောင် ချီကာ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို စစ်သုံ့ပန်း ဥပဒေ၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်း၊ ဥပဒေများနှင့်အညီ အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက် ထားကြောင်း၊ အသက်အန္တရာယ်စိုးရိမ်ရသောသူများနှင့် ဒဏ်ရာရ သူများကိုပင်လျှင် အသက်ကယ် တင် ပေးထားပြီး ၎င်းတို့၏ မိသားစုဝင်များကိုလည်း လူသားချင်း စာနာထောက်ထားစွာဖြင့် အခက် အခဲ များ ကြားမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေထိုင်စားသောက်မှုများ အတွက် အကောင်းဆုံးပြု လုပ်ပေး ထားကြောင်း သိရသည်။

သို့သော်လည်း အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီး ခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်း များကို ဆက်လက် ပြုလုပ်လျက် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်ဖြစ်ပွားနေ နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၂ / ၂၀၂၄ တရုတ်စီမံကိန...
12/02/2024

ကျောက်ဖြူတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်ဖြစ်ပွားနေ

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၂ / ၂၀၂၄

တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့မှ ၇ မိုင် အကွာတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက်ပိုင်းက စတင်ပြီး တိုက်ပွဲပြင်းထန်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ဖေဖော်ဝါရီလ ၁၂ ရက်၊ နံနက် ၈ နာရီခန့်ကစတင်ပြီး ကျောက်ဖြူရဲတပ်ရင်း (၃၂) ရှိရာ ဒိုးတန်းတောင်ခြေရင်းတွင် တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

" ဒိုးတန်းတောင်ခြေရင်း ကုလဘာအုပ်စုဘက်မှာ ဖြစ်နေတာ။ မနက် ရှစ်နာရီလောက်ကပဲ သေနတ် ပစ်သံတွေ၊ လက်နက်ကြီး ပစ်သံတွေကြားနေရတယ်။ အခုထိဆိုလက်နက်ကြီးပစ်တာ ၈ ချက်ရှိပြီ" ဟု ကျောက်ဖြူမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

မနက် ၁၀ နာရီဝန်းကျင်ထိ လက်နက်ကြီး ပစ်ခတ်သံ ၈ ကြိမ်ထိရှိပြီး လက်နက်ငယ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေကြောင်း လည်းသူမကပြောသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားရာ ကုလဘာအုပ်စု၊နပျိုးချောင်းရွာနှင့် အနီးအနားကျေးရွာများသို့ စစ်ကောင်စီတပ်က မကြာမကြာစစ်ကြောင်းထိုးလေ့ရှိပြီး ဒေသခံကျေးရွာသားများကို ရက္ခိုင့်တပ်တော်နှင့်ပတ်သက်၍ ဖမ်းဆီး စစ်ဆေးမေးမြန်းမှုများရှိကြောင်း သိရသည်။

တိုက်ပွဲဖြစ်ရာ နပျိုးချောင်းကျေးရွာအနီးဝန်းကျင်၌ မလကျွန်း၊ ပြင်ရှည်နှင့် လိပ်ခမော်ကျေးရွာများရှိပြီး တိုက်ပွဲပြင်းထန်ဖြစ်ပွားနေ၍ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်မှုရှိနေကြောင်းလည်းသိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း မလကျွန်း၊ ပြင်ရှည်ရွာသစ်နှင့် ကျောက်ဖြူ တောင်ကြားရှိ ရေမျက်တွင် ရက္ခိုင့်တပ်တော် (AA)နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲ အပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရေတပ်နှင့်ရဲတပ်ရင်းတို့မှလက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားအနည်းဆုံး ၆ ဦးခန့်ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲဖြစ်ရာနေရာသို့ ဂုံးချွိန်အုပ်စုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လူအင်အား ခြောက်ဆယ်လောက် စစ်ကူလိုက်သွားပြီး ၅၄၃ တပ်ရင်းနှင့် ဒိုးတန်းတောင်ရဲတန်းရင်းများက လက်နက်ကြီးပစ်ကူပေးနေသည်ဟု သိရသည်။ (NN-23)

ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားသည့် ကျောက်တော်မြို့နှင့် ကစ္ဆပနဒီတံတားကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးခွဲဖေဖော်ဝါ...
12/02/2024

ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားသည့် ကျောက်တော်မြို့နှင့် ကစ္ဆပနဒီတံတားကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးခွဲ

ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် ရန်ကုန်- စစ်တွေ ကားလမ်းမရှိ ကစ္ဆပနဒီတံတားကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ဂျက်တိုက်လေယာဉ် တစ်စီးနှင့် လာရောက်ဗုံးကြဲခဲ့ကြောင်း ကျောက်တော် ဒေသခံများက Western News ကိုပြောသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်ခန့် အချိန်တွင် စစ်ကောင်စီက ကျောက်တော်မြို့ကို ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကြဲသလို ကစ္ဆပနဒီတံတားကိုလည်း ဗုံးကြဲခဲ့ကြောင်း ကျောက်တော်ဒေသခံတစ်ဦးက ပြောဆိုသည်။

"ကျောက်တော်က ပိုက်သည်ရပ်ကွက် (မွတ်ဆလင်) ရပ်ကွက်ကို လေယာဉ်နဲ့ ဗုံးကြဲခဲတယ်။ မီးတော်တော် လောင်နေတယ်။ ပြီးတော့ ရန်ကုန်- စစ်တွေ ကားလမ်းမရှိတဲ့ ကျောက်တော် ကစ္ဆပနဒီတံတားကို ဗုံးကြဲခဲ့တယ်။ လူသွားတဲ့ လမ်း တော်တော်ကို ပျက်စီးသွားတယ်"ဟုပြောသည်။

ရက္ခိုင့်တပ်တော် AA က ကျောက်တော်မြို့ကို သိမ်းပိုက်ပြီးနောက် ကစ္ဆပနဒီတံတားတွင် AA အလံ ထောင်ထားသည့် နေရာဘက်ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ကျောက်တော်ဒေသခံများက ပြောသည်။

သတင်းအပြည့်အစုံး ဆက်လက်တင်ပေးပါမည်။

Western News-WN

ကျောက်ဖြူကနေ ရန်ကုန်ကို လေယာဉ်နဲ့ထွက်ခွာခွင့် စစ်ကောင်စီပိတ်ပင်တားမြစ်ဖေဖော်ဝါရီ ၁၂ရခိုင်ပြည်၊ ကျောက်ဖြူမြို့ကနေ ရန်ကုန်...
12/02/2024

ကျောက်ဖြူကနေ ရန်ကုန်ကို လေယာဉ်နဲ့ထွက်ခွာခွင့် စစ်ကောင်စီပိတ်ပင်တားမြစ်

ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်၊ ကျောက်ဖြူမြို့ကနေ ရန်ကုန်မြို့ကို ထွက်ခွာမယ့် လေကြောင်းခရီးစဉ်တွေကို လိုက်ပါစီးနင်းခွင့် စစ်ကောင်စီက ပိတ်ပင်တားမြစ်လိုက်ပြီး လိုက်ပါလိုသူတွေ ခွင့်ပြုချက်ယူရမယ်လို့ ညွှန်ကြားလာပါတယ်။

ကျောက်ဖြူမြို့ကနေ ရန်ကုန်မြို့ကို လေယာဉ်ခရီးစဉ်နဲ့ လိုက်ပါမယ့် ခရီးသည်တွေအနေနဲ့ ကျောက်ဖြူခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံးကို လေယာဉ်စီးနင်းခွင့်လက်မှတ် တင်ပြတောင်းခံရတော့မယ်လို့ ဆိုပါတယ်။

ခွင့်မပြုတဲ့ ခရီးသည်တွေကို လေယာဉ်လိုက်ပါစီးနင်းခွင့် မပေးဖို့ စစ်ကောင်စီဘက်က ညွှန်ကြားလာတယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပက်သက်ပြီး ပြည်တွင်းလေကြောင်းလိုင်းတွေဘက်ကို သီးခြားဆက်သွယ်စုံစမ်းရာမှာ စစ်ကောင်စီညွှန်ကြားချက် မှန်ကန်ကြောင်း အတည်ပြုလာပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၁၅ရက်ကစလို့ ဒီညွှန်ကြားချက်အတည်ဖြစ်မှာ ဖြစ်ပြီး ကျောက်ဖြူမြို့က ခရီးသည်တွေကို သွားလာခွင့်ပိတ်ပင်တော့မှာလို့ ဆိုပါတယ်။

ခရီးသွားဖို့ ကြိုတင် လက်မှတ်ဝယ်ယူထားတဲ့ ခရီးသည်တွေအနေနဲ့လည်း မနေ့က(ဖေဖော်ဝါရီလ ၁၁ရက်) စလို့ ကျောက်ဖြူခရီုင် အထွေထွေအုပ်ချုပ်ရေးရုံကို လေယာဉ်စီးနင်းခွင့် သွားရောက်တင်ပြတောင်းခံရမှာဖြစ်ပြီး ခွင့်ပြုမှသာ လေယာဉ်စီးနင်းခွင့်ရတော့မယ်လို့ ဆိုပါတယ်။

ကျောက်ဖြူမြို့ကနေ ရန်ကုန်မြို့ကို ထွက်ခွာမယ့် လေယာဉ်စီးခရီးသည်တွေအကုန်လုံးကို သွားခွင့်မပေးတော့ဘဲ တားမြစ်လိုက်တာဖြစ်ပြီး အစိုးရဝန်ထမ်းတွေ၊ ကျောင်းတက်နေတဲ့ ကျောင်းသားတွေနဲ့ ကျန်းမာရေးမကောင်းသူတွေကိုသာ ထွက်ခွာခွင့်ပေးတော့မှာ ဖြစ်တယ်လို့ ထွက်ပေါ်လာတဲ့ စစ်ကောင်စီညွှန်ကြားချက်အရ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AAတို့အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားလာချိန် စစ်တွေမြို့ကနေ ထွက်ခွာသူတွေ အဆမတန်များပြားလာပြီးတဲ့နောက် အခုလို ကျောက်ဖြူမြို့က ထွက်ခွာခွင့်ကို စစ်ကောင်စီက စတင်ပိတ်ပင်လာတာဖြစ်ပါတယ်။

စစ်တွေမြို့အဝင် အမြင့်ကျွန်းအနီးရှိ မင်းချောင်းတံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီးနိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၂/၂၀၂၄ စစ်တွေ- ...
12/02/2024

စစ်တွေမြို့အဝင် အမြင့်ကျွန်းအနီးရှိ မင်းချောင်းတံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၂/၂၀၂၄

စစ်တွေ- ရန်ကုန်ကားလမ်းပေါ်ရှိ အမြင့်ကျွန်းကျေးရွာ အနီးရှိ စစ်တွေမြို့ဝင် မင်းချောင်းတံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်ပြီဟု ဒေသခံတစ်ဦးက ပြောသည်။

“ကျနော်တို့ သိရတာက စနေနေ့ မနက်မှာ မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။ အခုက အမြင့်ကျွန်းရွာမှာရော၊ တံတားအနီးမှာ ဘယ်သူမရှိတော့ဘူး။ ရွာသားတစ်ယောက် ချောင်းရိုက်ခဲ့တဲ့ ဓာတ်ပုံကြည့်ရင် အပျက်အစီးကို သိနိုင်ပါတယ်” ဟု ပြောကြားသည်။

စစ်တွေမြို့သည် ရေပတ်လည် ဝိုင်းရံလျက်ရှိသည့် ကျွန်းပေါ်တည်ရှိသည့် မြို့ဖြစ်သဖြင့် ၎င်းတံတားကို ဖြတ်ကျော်၍ ရက္ခိုင့်တပ်တော် ဝင်ရောက်တိုက်ခိုက်လာမည်ကို စိုးရိမ်၍ တံတားကို မိုင်းခွဲဖျက်ဆီးခြင်း ဖြစ်နိုင်သည်ဟု ၎င်းက ပြောကြားသည်။

သို့အတွက် လက်ရှိတွင် စစ်တွေမြို့သို့ ကားလမ်းမှတစ်ဆင့် ဝင်ရောက်၍ မရတော့ဟု သိရသည်။

နိရဉ္စရာသတင်းဌာနအနေဖြင့် ဖုန်းလိုင်းအခက်အခဲကြောင့် အသေးစိတ်ကို မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။

ဓာတ်ပုံ- ဒေသခံတစ်ဦး ပေးပို့

မြေပုံမြို့ပေါ်မှ စစ်တပ်နှင့်ရဲ မြို့ကို စွန့်ခွာထွက်ပြေးနိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၂/ ၂၀၂၄ရခိုင်ပြည်၊ မြေပုံမြို့ပေါ်မှ စစ်တ...
12/02/2024

မြေပုံမြို့ပေါ်မှ စစ်တပ်နှင့်ရဲ မြို့ကို စွန့်ခွာထွက်ပြေး

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၂/ ၂၀၂၄

ရခိုင်ပြည်၊ မြေပုံမြို့ပေါ်မှ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် အစောကြီးညအချိန်က စခန်းကို စွန့်ခွာသွားကြပြီဟု ခိုင်လုံသည့် သတင်းရင်းမြစ်အရ သိရသည်။

“ ဒီနေ့ နံနက် အစောကြီး ညဉ့် ၁ နာရီလောက်မှာ စခန်းစွန့်ပြီး ထွက်ပြေးသွားကြတာပါ။ အင်အားတော့ အတိအကျမသိဘူး။ ၁၀၀ အထက်ရှိနိုင်ပါတယ်” ဟု ပြောကြားသည်။

၎င်းစစ်သားနှင့်ရဲသားများကို ရေတပ်စစ်ရေယာဉ်ဖြင့် တင်ယူခေါ်ဆောင်သွားခြင်းဖြစ်ပြီး ကျောက်ဖြူမြို့သို့ ခေါ်ယူသွားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကျောက်ဖြူ ဒေသခံတစ်ဦးက “ အခုမိုးလင်း ၆ နာရီလောက်မှာထပ်ပြီးတော့ AB03 ဆိုပြီး အကောင်ကြီးကြီး ကုန်တင်သင်္ဘောကြီး တစ်စီး ထပ်ဝင်လာတယ်။ အဓိကသိရတာကတော့ ညဥ့်ခါက မြေပုံမြို့နယ်က တပ်တွေဆုတ်တယ်လို့သိရတယ်။ ဆုတ်တဲ့အတွက် အဲဒီစစ်တပ်တွေကိုတင်ပြီးတော့ ကျောက်ဖြူကို လာပို့တာပေါ့လေ။ ကျောက်ဖြူတပ်ရင်းစခန်းတွေကို လာပို့တယ်။ သင်္ဘောတွေက လာပို့တယ်။ ထွက်သွားတယ်။ပြန်ယူလာပြီးပို့တယ်။ ကျောက်ဖြူ ကနေလို့မှ သံတွဲဘက်ကို နောက်ထပ်စစ်ရေယာဥ်နဲ့ ပို့မယ့်ပုံစံပဲ”ဟု ပြောကြားသည်။

ယနေ့ နံနက် ကျောက်ဖြူမြို့က နေဗီအမှတ် ( ၅၇၀) တစ်စီးထပ်ထွက်ခွာသွားသော်လည်း ၎င်းနေဗီနှင့် အဆိုပါ စစ်သားနှင့် ရဲသားများ ပါသွား/မပါသွားဆိုသည်ကို မသိရဟု ပြောဆိုသည်။

ကျောက်ဖြူတွင် ယခုရက်ပိုင်း နေဗီများ အထွက်အဝင်များနေကြောင်း သိရသည်။

တစ်ခြာ ကျောက်ဖြူ ဒေသခံတစ်ဦးကို ဆက်သွယ်ရာ ကျောက်ဖြူကို ယူလာပြီး ကျောက်ဖြူမှ သံတွဲဘက်သို့ နေဗီဖြင့် ဆက်လက်ယူဆောင်သွားကြောင်း သိရသည်ဟု ပြောဆိုသည်။

မြေပုံမြို့အနီးဝန်းကျင်တွင် စစ်ရေးတင်းမာလာပြီးနောက် ထိုသို့ စခန်းစွန့်ခွာသွားကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စခန်းစွန့်ခွာသွားကြသဖြင့် မြေပုံမြို့လည်း ရက္ခိုင့်တပ်တော် (AA) လက်ထဲကို ကျရောက်သွားပြီဟု သိရသည်။

ကိုးတန်ကောက် စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းကို AA သိမ်းပိုက်~~~ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာက စစ်က...
09/02/2024

ကိုးတန်ကောက် စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းကို AA သိမ်းပိုက်
~~~

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာက စစ်ကောင်စီတပ် နယ်ခြားစောင့်ရဲစခန်းကို ဖေဖော်ဝါရီလ ၉ ရက် ဒီနေ့ နေ့လယ်ပိုင်းလောက်မှာ ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ AA နဲ့နီးစပ်တဲ့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေက အကြီးဆုံး နယ်ခြားစောင့် ရဲစခန်းတစ်ခုဖြစ်တဲ့ အဲဒီကိုးတန်ကောက် နယ်ခြားစောင့် တပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီလ ၈ ရက် မနေ့မနက်ပိုင်းကစလို့ အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး ဒီနေ့မှာသိမ်းပိုက်ခဲ့တာလို့ ရက္ခိုင့်တပ်တော် (AA) နဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“သိမ်းပိုက်လိုက်တာ အတည်ပြုလို့ရတယ်။ AA ဘက်အသိတွေက လှမ်းပြောတာပါ။ သိမ်းလိုက်တာ သိပ်မကြာသေးဘူး။ ပြီးခဲ့တဲ့ တစ်နာရီခွဲလောက်က။ လက်နက်သံတွေ တိတ်သွားတာ အဲဒါကြောင့်မို့။ တိုက်လေယာဉ်တွေနဲ့ လာပြီးတိုက်ပေမယ့် အခုတော့ မရှိတော့ဘူး၊ ပြန်သွားပြီထင်တယ်”

စစ်ကောင်စီဘက်ကလည်း စခန်းမကျရေးအတွက် လေကြောင်းရော ရေကြောင်းကပါ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သလို စစ်တွေနဲ့ ရသေ့တောင် အခြေစိုက်တပ်တွေကလည်း အမြောက်တွေနဲ့ပစ်ကူပေးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကိုးတန်ကောက် နယ်ခြားစောင့် တပ်စခန်းဟာ အငူမော်-မောင်တော နယ်စပ်ကုန်သွယ်ရေး ကားလမ်းမပေါ်မှာ တည်ရှိတာပါ။ အဲဒီစခန်းအနီးမှာရှိတဲ့ ဒုံးပိုက်နဲ့ ချိန်ခါလီ နယ်ခြားစောင့် စခန်းနှစ်ခုကိုတော့ တိုက်ပွဲစတင်တဲ့ နိုဝင်ဘာလ ၁၃ ရက်နဲ့ ၁၅ ရက်နေ့မှာ AA ကသိမ်းပိုက်ထားပါတယ်။

အဲဒီကိုးတန်ကောက်စခန်းမှာ အငူမော်စခန်းက စစ်ကောင်စီ နယ်ခြားစောင့်တပ်သားတွေပါ စုပေါင်းထားပြီး အင်အားအနည်းဆုံး တစ်ရာလောက်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု အခြေအနေအသေးစိတ်ကို မသိရသေးသလို စစ်ကောင်စီဘက်ရော ရက္ခိုင့်တပ်တော် (AA) ဘက်ကပါ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် မေးမြန်းနိုင်ခြင်းမရှိသေးသလို ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကိုလည်း RFA က မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

ကိုးတန်ကောက် နယ်ခြားစောင့်တပ်စခန်းမှာ မနေ့ကတိုက်ပွဲစဖြစ်ပြီးနောက် စခန်းအနီးမှာရှိတဲ့ သဝင်ချောင်း၊ ခွဆုံ စတဲ့ရွာအနီးက နယ်ခြားစောင့် ကင်းစခန်းတွေလည်း အင်းဒင်အခြေစိုက် အမှတ် (၆) နယ်ခြားစောင့်တပ်ရင်းကို ပြောင်းရွှေ့သွားတာတွေ့ရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) အနေနဲ့ လက်ရှိမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျောက်တော်မြို့အခြေစိုက် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၉) လက်အောက်ခံတပ်ရင်း ဆယ်ရင်းလုံးကို သိမ်းပိုက်ထားပါတယ်။
______
ရသေ့တောင်မြို့နယ် ကိုးတန်ကောက် နယ်ခြားစောင့်ရဲစခန်းအား ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)

ရခိုင်ရှေ့ဟောင်း မင်းနေမြို့တော်ဟောင်း မြောက်ဦးကို ရက္ခိုင့်တပ်တော်အပြီးသတ်သိမ်းပိုက်(ရေတပ်နေဗီ ၃ စင်းကို တိုက်ခိုက်နစ်မ...
08/02/2024

ရခိုင်ရှေ့ဟောင်း မင်းနေမြို့တော်ဟောင်း မြောက်ဦးကို ရက္ခိုင့်တပ်တော်အပြီးသတ်သိမ်းပိုက်

(ရေတပ်နေဗီ ၃ စင်းကို တိုက်ခိုက်နစ်မြုပ်ပြီး ရေပြင်တိုက်ပွဲတွင်ပထမဆုံးအောင်ပွဲဆင် )

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၉/၂၀၂၄

ရခိုင်ရှေးဟောင်းမင်းနေမြို့တော်ဟောင်း မြောက်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီ ၈ ရက် နေ့တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကာ ရေပြင်တိုက်ပွဲတွင်လည်း စစ်ကောင်စီ ရေတပ်နေဗီ ၃ စင်းကို တိုက်ခိုက်နစ်မြုပ်ပစ်နိုင်ခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ဖေဖော်ဝါရီ ၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွက် ရက္ခိုင်ပြည်၊ မြောက်ဦးရှိ စစ်ကောင်စီ၏ လက်ကျန် တစ်ခုတည်းဖြစ်သော ပြည်သူလူထုနှင့် ရှေးဟောင်း သမိုင်းဝင်အမွေအနှစ်များအား နှစ်ရှည်လများ ဒုက္ခပေးလာခဲ့သော “ရဲတပ်ရင်း (၃၁)” အား ရက္ခိုင့်တပ်‌တော်မှ အပြီးသတ် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့သည်”ဟု ဖော်ပြထားသည်။

မြောက်ဦးမြို့တွင် ခမရ (၅၄၀)၊ (၃၇၇) နှင့် ၃၇၈ တပ်ရင်းများနှင့် အမှတ် (၃၁) ရဲတပ်ရင်းတစ်ခုတို့ တည်ရှိရာ ၎င်းစစ်ကောင်စီတပ်ရင်းများအားလုံးကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သဖြင့် မြောက်ဦးမြို့သည် ရက္ခိုင့်တပ်တော် လက်ထဲ အပြီးသတ် ကျရောက်သွားခဲ့ပြီဖြစ်သည်။

၎င်းပြင် ရက္ခိုင့်တပ်တော်မှ အာရက္ခစစ်သည်တော်များသည် မြစ်အတွင်း တိုက်ခိုက်ရေးစစ်သင်္ဘော (၃) စင်းကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည့်အပြင် အခြားစစ်သင်္ဘောတစ်စီးကိုလည်း ထိခိုက် ပျက်စီးအောင် တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။။

ရက္ခိုင်ဒေသတွင်မူ ရက္ခိုင့်တပ်တော်၏ထိုးစစ်များကြောင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိကြောင်း၊ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ရက္ခိုင့်တပ်တော်မှ ချေမှုန်းနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ (၇/၈) ရက်များတွင် စစ်ကောင်စီ၏ ရေတပ်ကို ရက္ခိုင့်တပ်တော်မှ တန်ပြန်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ မြစ်အတွင်းမှ တိုက်ခိုက်ရေးစစ်သင်္ဘော (၃) စင်းကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း အလားတူပင် အခြားစစ်သင်္ဘောတစ်စီးကိုလည်း ထိခိုက်ပျက်စီးအောင် တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်၏ မှတ်တမ်းများအရ ၂၀၂၄ ခုနှစ်အတွင်းတွင် စစ်ကောင်စီ၏စစ်သင်္ဘော (၇) စီးခန့်ကို သွားလာ၍မရနိုင်အောင်နှင့် မြစ်အတွင်းရေချ၍မရနိုင်အောင် ပြုလုပ်နိုင်ခဲ့သည်ဟု သိရသည်။

ယခုတစ်ကြိမ်တွင် စစ်ကောင်စီ၏ကမ်းထိုးယာဉ်နှင့် Navy စုစုပေါင်း (၃) စီးတို့ကို ရက္ခိုင့်တပ်တော်မှ ရက္ခိုင်ပင်လယ်ပြင်ထက်တွင် အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ လက်နက်ချအညံ့ခံရန် ပြောထားသော်လည်း နားထောင်ခြင်းမရှိသည့် စစ်သင်္ဘောများပေါ်မှ ထွက်ပြေးနေသော ရန်သူများကိုလည်း မြစ်ကြောင်းအတွင်း တစ်ယောက်မကျန် လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသည်ဟု ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့သည် ရက္ခိုင့်တပ်တော်၏သမိုင်းတွင် ရန်သူအား ပင်လယ်ပြင်ထက်တွင် အောင်ပွဲကိုရေးထိုးနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

ရန်သူ့ရေတပ်မှ စစ်သင်္ဘောများကို အာရက္ခပင်လယ်ပြင်ထဲသို့ နစ်မြုပ်အောင် ကြံဆောင်နိုင်ခဲ့သော နေ့လည်းဖြစ်သည်။ ဤပင်လယ်ပြင်တိုက်ပွဲအတွင်း ပေးအပ်လာသောတာဝန်ကို ကျေပွန်စွာနှင့် တိကျစွာ ထမ်းရွက်ပေးခဲ့ကြသော အာရက္ခစစ်သည်တော်များကို လေးနက်စွာဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်ဟုလည်း ဖော်ပြထားသည်။

ဆက်လက်ပြီး ရခိုင်တိုက်ပွဲများသတင်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင်ယခုလို ဖော်ပြထားသည်။

ရမ်းဗြဲမြို့တွင် စစ်ကောင်စီသည် နေဗီစစ်သင်္ဘောဖြင့် ယနေ့တစ်ရက်တည်း၌ (၂၅) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သိမ်တောင်ကုန်းဘုရားပေါ်ရှိ စစ်ကောင်စီတပ်စခန်းမှလည်း နံနက် (၇) နာရီ (၂၀) မိနစ်အချိန်မှစ၍ နေ့လယ် (၂) နာရီ (၃၂) မိနစ်အချိန်ထိ ရမ်းဗြဲမြို့၊ အမှတ် (၅) လောင်းချောင်းဘက်သို့ လက်နက်ကြီးများဖြင့် ကြိမ်ဖန်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယမန်နေ့၊ ညအချိန်တွင်လည်း ရန်သူသည် ဂျက်ဖိုက်တာများဖြင့် ရမ်းဗြဲပတ်ဝန်းကျင်အား လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း၊ အငူမော်-မောင်တောကားလမ်းမဘေးရှိ စစ်ကောင်စီ၏ “ကိုးတန်ကောက်နယ်ခြားစောင့်စခန်း” အား ရက္ခိုင့်တပ်တော်မှ ယနေ့၊ နံနက် (၇) နာရီအချိန်ခန့်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ၎င်းစခန်းသည် ရက္ခိုင်ဒေသတွင်း ရက္ခိုင့်တပ်‌တော် စစ်ဆင်ရေး စတင်ဖော်ဆောင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) / (၁၄) ရက်နေ့များတွင် စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးခဲ့ရသော ဒုံးပိုက်နှင့် ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းများအနီး၌တည်ရှိသည့် စခန်းတစ်ခုဖြစ်သည်။

တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးများဖြင့်လည်းကောင်း၊ လေကြောင်းပစ်ကူများဖြင့်လည်းကောင်း အသည်းအထန် ခုခံကာကွယ်လျက်ရှိသည်။

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျွန်းအနီးရှိ လေးတောင်ဗွေကျွန်းအား ယနေ့၊ ညနေ (၃) နာရီကျော်ခန့်က စစ်ကောင်စီသည် ဂျက်ဖိုက်တာတစ်စီးဖြင့် လာ‌ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အပြင် စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဖေဖော်ဝါရီ ၈ ရက် ညနေ (၄) နာရီဝန်းကျင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၂၀) ကျော်ခန့်သည် ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ စေပုတ်ကေကျေးရွာအတွင်းသို့ လက်နက်အင်အား အပြည့်အစုံဖြင့် ဝင်ရောက်လာပြီး အဆိုပါကျေးရွာမှ သက်ကြီးပိုင်းဒေသခံအမျိုးသားနှစ်ဦးအပါအဝင် ဒေသခံ (၄) ဦးတို့အား မတရားအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဖော်ပြထားသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ်တွေ၊ ပါဒလိတ်အခြေစိုက် စစ်ကောင်စီ၏ “ခမရ (၃၄၄) တပ်ရင်း” မှ ယမန်နေ့၊ နံနက် (၁၀) နာရီ (၄၀) မိနစ်အချိန်က ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာနှင့်အနီးတစ်ဝိုက်သို့ လက်နက်ကြီးများဖြင့် တမင်တကာရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

၎င်းလက်နက်ကြီးကျည်များထဲမှ (၂) လုံးသည် ကွမ်းတောင်ကျေးရွာ၏ လမ်းမထက်သို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ သုံးဘီးမောင်းနေသည့် အပြစ်မဲ့ဒေသခံအမျိုးသား (၁) ဦး၏ ဘယ်ဘက်မျက်စိအား ကျည်စထိမှန်ခဲ့ရသည်။ တစ်ဆက်တည်းမှာပင် နေ့လယ် (၁) နာရီဝန်းကျင်ကလည်း အဆိုပါအကြမ်းဖက်တပ်ရင်းသည် ပုဏ္ဏားကျွန်းမြို့နယ်၊ နွားရုံတန်း (အိုင်ဒင်) ကျေးရွာသို့လည်း လက်နက်ကြီးများဖြင့် (၄) ကြိမ်ထက်မက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီ၏ အရပ်သားပြည်သူလူထု အထူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များအား ဦးတည်ပစ်မှတ်ထားသည့် အကြမ်းဖက်ဖိနှိပ်တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံအနှံ့ရှိ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေကြသည့် နေရာအများအပြားတွင် အဖြစ်များလာလျက်ရှိသည်။ ဤသို့သော စစ်ကောင်စီ၏ တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသည့် အရပ်သား ပြည်သူလူထုအား တမင်တကာရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်သတ်ဖြတ်နေမှုများသည် ဂျနီဗာကွန်ဗင်းရှင်းကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေသကဲ့သို့ ဖြစ်သည်။ ထို့အပြင် လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် စစ်ရာဇဝတ်မှု ဗြောင်ကျကျကျူးလွန်နေခြင်းပင်ဖြစ်သည်ဟု ထုတ်ပြန်ချက်၏ နိဂုံးတွင် ဖော်ပြထားသည်။

----

Address

5 Dunsfold Drive
Singapore
359368

Alerts

Be the first to know and let us send you an email when ရခိုင်သတင်းစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရခိုင်သတင်းစုံ:

Videos

Share