28/11/2024
သီပေါမင်းရဲ့ ဘုရင့်ပွဲတော်အုပ်အတွက်
ဘုရင့်အမှုတော်ထမ်းတွေ မော်လမြိုင်မြို့ကို လာပြီး ဒူးရင်းသီး၊ မင်းဂွတ်သီး လာရောက်ဝယ်ယူတဲ့
အကြောင်းလေးပါရှင့်။ ☺️
သီပေါမင်း နှင့် မော်လမြိုင်ဒူးရင်းသီး
✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️
ဒူးရင်းသီးသည် မွန်၊ ကရင်၊ တနင်္သာရီ စသည့်
မြန်မာနိုင်ငံအောက်ပိုင်းဒေသတွင် ထွက်ရှိသော
နာမည်ကျော် သစ်သီးဝလံတစ်မျိုး ဖြစ်၏။
ချွန်မြသောဆူးများဖြင့် ပြည့်နေသောအခွံအောက်မှ
ရွှေရောင်တောက်ပပြီး မွှေးပျံ့သောရနံ့ ၊
ကောင်းမွန်သောအရသာနှင့် ပြည့်စုံသော ဒူးရင်းသီးသည်
လူကြိုက်များသော သစ်သီးလည်း ဖြစ်၏။
ထိုနာမည်ကျော်လူကြိုက်များသော ဒူးရင်းသီးကို
ရှေးယခင်က မြန်မာရှင်ဘုရင်များသည်လည်း
ကြိုက်နှစ်သက်ကြသည်။ ဘုရင့်ပွဲတော်အုပ်တွင်
ပါဝင်ရသော ပွဲတော်ရသစ်သီး ဖြစ်ပေသည်။
မြန်မာတို့၏ နောက်ဆုံးဘုရင်ဖြစ်သော သီပေါမင်းသည် ဒူးရင်းသီးကို ကြိုက်နှစ်သက်လှသဖြင့် အထက်မြန်မာပြည် ရတနာပုံနေပြည်တော်မှ မော်လမြိုင်မြို့သို့တိုင်အောင် အဝယ်တော်စေလွှတ်၍ ဒူးရင်းသီးကို
ဝယ်ယူသုံးဆောင်ရခဲ့ရသည်။
သီပေါမင်းကဲ့သို့ ဒူးရင်းသီးကြိုက်နှစ်သက်သော
မြန်မာဘုရင်များလည်း ရှိကြပါသည်။
ဗဒုံမင်း(ခေါ်) ဘိုးတော်ဘုရားသည် ဒူးရင်းသီးကို ကြိုက်နှစ်သက်သော ဘုရင်တစ်ပါးဖြစ်၏။
ဒူးရင်းသီးကို နှစ်သက်သော ဘိုးတော်ဘုရားအတွက်
ဟံသာဝတီမြို့ဝန်သည် ဟံသာဝတီဥယျာဉ်တော်မှ
ထွက်သော ဒူးရင်းသီးကို နှစ်စဉ်ဆက်သရ၏။
ရှင်ဘုရင်ကို ဆက်သရသည်ဖြစ်သောကြောင့်
အနံ့ အရသာတို့နှင့်ဘပြည့်စုံသော ကောင်းပေ့ ညွန့်ပေ့ ဒူးရင်းသီးများကိုသာ ဆက်သလေ့ရှိသည်။
တခုသောနှစ် ဒူးရင်းသီးပေါ်ချိန်ရောက်သောအခါ
ဟံသာဝတီမြို့ဝန်အရာရှိတို့ ဆက်သသော ဒူးရင်းသီးများသည် အနုများဖြစ်နေသဖြင့် ဘိုးတော်ဘုရားသည်
ဟံသာဝတီမြို့ဝန်ကို အမျက်တော်ရှလေသည်။
ထို့နောက် ဒူးရင်းသီးကျသင့်ငွေကို ပြန်လျော်ပေးရန်
အမိန့်ချခဲ့ဖူးလေသည်။
ရတနာပုံမြို့တည်နန်းတည် မင်းတုန်းမင်းသည်လည်း ဒူးရင်းသီးကို နှစ်သက်သော မင်းတစ်ပါးဖြစ်၏။
မင်းတုန်းမင်းနန်းတက်တော်မူစအချိန်က
အောက်မြန်မာပြည်သည် အင်္ဂလိပ်တို့ သိမ်းပိုက်ထားပြီး
ဖြစ်သောအချိန် ဖြစ်လေသည်။
မြန်မာပြည်အောက်ပိုင်း ပဲခူးနယ်ကို ဗြိတိသျှတို့
သိမ်းပိုက်ထားသည်ကို မင်းတုန်းမင်းသည်
အသိအမှတ်မပြုခဲ့ပေ။ အောက်မြန်မာပြည်
ပဲခူးနယ်ရှိ အင်္ဂလိပ်တို့၏ မဟာဝန်ရှင်တော်မင်း
အာသာဖယ်ယာသည် ပဲခူးနယ်ကို အင်္ဂလိပ်တို့
အုပ်ချုပ်ထားသည်ကို မင်းတုန်းမင်းက အသိအမှတ်ပြုရေးနှင့် အထက်မြန်မာပြည်နှင့် ကူးသန်းရောင်းဝယ်ရေးလမ်းကြောင်း ဖွင့်လှစ်နိုင်ရေးအတွက် မင်းတုန်းမင်းနှင့် ဆက်ဆံရေး
ပြေပြစ်ကောင်းမွန်မှုကို လိုလားသူ ဖြစ်သည်။
သို့နှင့် အာသာဖယ်ရာသည် သူ၏လိုလားချက်များအတွက် မင်းတုန်းမင်းထံ ချည်းကပ်ရန် အောက်မြန်မာပြည်၏
နာမည်ကျော်သစ်သီးဖြစ်သော ဒူးရင်းသီးကို
မင်းတုန်းမင်းထံ လက်ဆောင်ပေးပို့ ဆက်သခဲ့သည်။
၁၂၁၆ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် (ခရစ်နှစ် ၁၈၅၄ ခုနှစ်) တွင် ဝန်ရှင်တော် အာသာဖယ်ရာသည် ပွဲတော်ရ ဒူးရင်းသီး ၂၅၀ ကျော်ကို လှေနှင့်တင်ဆောင်ကာ မင်းတုန်းမင်းထံ
ပေးပို့ ဆက်သလာခဲ့သည်။ မင်းတုန်းမင်းကလည်း
ဒူးရင်းသီးသယ်ဆောင်ဆက်သလာသော လှေသားများကို
ပိုးသားပုဆိုး ခေါင်းပေါင်းများ ပြန်လည်ဆုချီးမြှင့်ခဲ့သည်။
ဒူးရင်းသီးသည် မြန်မာပြည်အောက်ပိုင်း
အင်္ဂလိပ်တို့ သိမ်းပိုက်ထားသောနယ်မြေများတွင်သာ ပေါက်ရောက်သဖြင့် ဒူးရင်းသီးနှစ်သက်သော
မင်းတုန်းမင်းသည် ဒူးရင်းသီးစိုက်ပျိုးရန်ရတနာမဉ္စူဘုရားအနီး နှင့် သုံးဆယ်မြို့တို့တွင် ဥယျာဉ်တော်နှစ်ခုကို တည်ထောင်စေခဲ့သည်။ ဥယျာဉ်တော်ကို
ပြုစုစောင့်ရှောက်ရန် ဥယျာဉ်တော်သား ၃၀ ဦးကို
လစာရိက္ခာ ၁၇၂ကျပ် ငါးမူး ပေးသနား၍ တာဝန်ပေးခဲ့သည်။
သို့သော် ထိုဥယျာဉ်များမှ ဒူးရင်းသီးထွက်ရှိကြောင်း
မသ်ိခဲ့ရပေ။ သီပေါမင်းလက်ထက် မော်လမြိုင်သို့
ဒူးရင်းသီးလာရောက်ဝယ်ယူသည်ကို ထောက်ရှု၍
ဥယျာဉ်တော်မှ ဒူးရင်းသီး ထွက်ခဲ့ဟန် မတူပေ။
သီပေါမင်းလက်ထက် ၁၈၈၅ ခုနှစ်တွင်
မန္တလေးရတနာပုံနေပြည်တော်မှ အမှုထမ်းများ
မော်လမြိုင်မြို့သို့ရောက်လာကာ ဒူးရင်း၊ မင်းဂွတ် စသော မော်လမြိုင်ဒေသထွက် သစ်သီးများ လာရောက်ဝယ်ယူခဲ့ကြသည်။
ထိုအချိန်ကာလက မော်လမြိုင်ဒေသတွင် ဒူးရင်း၊ ကြက်မောက်၊ မင်းဂွတ် စသော သစ်သီးဥယျာဉ်ခြံ
များစွာရှိခဲ့သည်။ တောင်ဝိုင်း သွေးသောက်ရွာ၊ စမ်းကြီး၊
ဂွေးကုန်း၊ အင်းဝိုင်း၊ သရက်ကုန်း၊ စျေးကြို၊ ကွမ်းရေကန်၊ မဟာမြိုင်၊ မြေနီကုန်း စသော မော်လမြိုင်မြို့ပေါ် ရပ်ကွက်ကျေးရွာအုပ်စုများရှိ ဥယျာဉ်ခြံကြီးများတွင် ဒူးရင်း၊ ကြက်မောက်၊ မင်းဂွတ်၊ နာနတ်၊ ကျွဲကော စသော
ဒေသထွက် သစ်သီးဝလံမျိုးစုံ စိုက်ပျိုးကြသည်။
သီပေါမင်း၏ ဒူးရင်းသီးအဝယ်တော် မင်းမှုထမ်းများသည် မော်လမြိုင်ရှိဥယျာဉ်ခြံသို့ ဒူးရင်းသီးလာရောက်ဝယ်ယူရင်း ဥယျာဉ်ခြံထွက်သီးနှံဖြစ်သော မင်းဂွတ်သီး နှင့် ဒညင်းသီးများကိုပါ ဝယ်ယူသွားခဲ့သည်။
အဝယ်တော်များဝယ်ယူသွားခဲ့သော သစ်သီးဝလံစာရင်းမှာ
ဒူးရင်းသီး ........... ၂၄၀၀ လုံး
မင်းဂွတ်သီး ........ ၄၀၀၀ လုံး
ဒညင်းသီး ........... ၂၁ တင်းတို့ဖြစ်သည်။
ကျသင့်ငွေမှာ
ဒူးရင်းသီး ၁၀ လုံးလျှင် ၈ ကျပ်နှုန်းဖြင့်
အလုံး ၂၄၀၀ အတွက် .................. ၁၉၂၀ ကျပ်
မင်းဂွတ်သီး ၁၀၀ လျှင် ၆ ကျပ်နှုန်းဖြင့်
အလုံး ၄၀၀၀ အတွက် ................... ၂၄၀ ကျပ်
ဒညင်းသီး တစ်တင်းလျှင် ၇ ကျပ်နှုန်းဖြင့်
၂၁ တင်း အတွက် ......................... ၁၄၇ ကျပ်
စုစုပေါင်းကျသင့်ငွေ ..................... ၂၃၀၇ ကျပ် ဖြစ်သည်။
သယ်ယူပို့ဆောင်စရိတ်မှာ
ဥယျာဉ်ခြံမှ လှေဆိပ်သို့ကူလီခ ..၄၅ ကျပ်
မော်လမြိုင်မှရန်ကုန်သင်္ဘောခ .. ၂၅၀ ကျပ်
သင်္ဘောဆိပ်မှဘူတာရုံကူလီခ ..၁၉၀ ကျပ်
ရန်ကုန်-ပြည် မီးရထားတန်ဆာခ .. ၃၀၀ ကျပ်
ပြည်ဘူတာရုံမှသင်္ဘောဆိပ်ကူလီခ ..၅၀ ကျပ်
ပြည်မှမန္တလေးသင်္ဘောခ ..၅၀၀၀ ကျပ်
စုစုပေါင်းသယ်ယူပို့ဆောင်စရိတ် ၅၈၃၈ ကျပ်
ဒူးရင်း၊ မင်းဂွတ်၊ ဒညင်း စသည့် သစ်သီးဝလံများ၏ ကုန်ကျစရိတ်ထက် သယ်ယူပို့ဆောင်စရိတ်က ပို၍များပြားသည်ကိုလည်း တွေ့နိုင်ပေသည်။
ရန်ကုန် - ပြည် မီးရထားခ မှာ ကုန်တွဲငှါး၍
သယ်ဆောင်လာသော ကုန်တွဲငှါးရမ်းခဘဖြစ်နိုင်ပေသည်။
ပြည်မှ မန္တလေးသို့ သယ်ဆောင်ရာတွင် စောပုအမည်ရှိသင်္ဘောကို စင်းလုံးငှါး၍ သယ်ဆောင်လာဟန်တူသောကြောင့် သင်္ဘောခမှာ များပြားနေသည်ကိုတွေ့ရသည်။
မော်လမြိုင် ပြည် စသော နယ်မြို့များ၏ ကူလီခ နှင့်
ရန်ကုန်မြို့၏ကူလီခ မှာ အဆမတန် ခြားနားနေသည်ကို
တွေ့ရသည်။ ထိုသို့ကွာခြားရခြင်းမှာ မော်လမြိုင်၊ ပြည်
စသောမြို့များတွင် ဒေသခံကူလီများကို အသုံးပြုရသဖြင့် လုပ်ခကြေးငွေ နည်းပါးပြီး ရန်ကုန်မြို့မှာ အိန္ဒိယမှ
ကူလီများဝင်ရောက်လုပ်ကိုင်နေသဖြင့်
ကူလီခ များပြားရခြင်း ဖြစ်နိုင်သလို။
ထိုစဉ်က ပြည်သို့သွားသော မီးရထားဘူတာရုံမှာ
ကြည့်မြင်တိုင်တွင်ရှိသဖြင့် ရန်ကုန်ဆိပ်ကမ်းမှ
ကြည့်မြင်တိုင်ဘူတာရုံအထိ ခရီးတာဝေးကွာလွန်းသဖြင့် ကူလီခများပြားရခြင်းလည်း ဖြစ်နိုင်ပါသည်။
ကာနယ်စလေဒင်၏ စာစုများထဲမှ
"ဒူးရင်းတော်ဖိုး ငွေစာရင်းဘုရား" ဟူသည့်
ပုရပိုဒ်တစ်လွှာကို ဆရာမကြီးဒေါ်ကြန်မှ မှတ်တမ်းတင်၍
"ဒူးရင်းတော်ဖိုးငွေစာရင်းဘုရား" ဟူသည့် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့သည်။
ယခုစာစုပါအချက်အလက်များသည် ဆရာမကြီးဒေါ်ကြန်၏ ဆောင်းပါးပါအချက်အလက်များကို ရယူထားပါသည်။
Creditn to နွေးနွေးလှိုင်