08/01/2024
လိုအပ်နေသော ဌာနတခု
@ #$%&@ #$%&@ #$%&
အရပ်သားအစိုးရသစ်အတွက် ထောက်လှမ်းရေးဖတ်စာ
ရန်ကုန်၊ ၂၀၁၆ ဇန်နဝါရီ ၂၄
နိဒါန်း
------
အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးနယ်ပယ်၏ ပင်မခက်ဖြာဟုဆိုနိုင်သော အရပ်ဘက်နိုင်ငံရေးအင်အားစုက လက်နက်ကိုင်တပ်ပေါင်းစုကို ထိန်းကျောင်းနိုင်မှုတွင် အခက်ခဲဆုံးနှင့် လက်အ၀င်ဆုံးအချက်ကို လက်ညှိုးပြရလျှင် အရပ်သားနိုင်ငံရေးသမားတို့က ထောက်လှမ်းရေးအေဂျင်စီများကို ထိန်းကျောင်းစီမံရေးပင်ဖြစ်သည်။ စစ်အာဏာရှင် အုပ်စိုးမှုအောက်တွင်လည်းကောင်း၊ တစ်ပါတီအာဏာရှင်စနစ်အောက်တွင် အသားကျကျ လည်ပတ်ဖြတ်သန်းလာခဲ့ သည့် ထောက်လှမ်းရေးအေဂျင်စီများသည် နိုင်ငံရေးလေထု အခင်းအကျင်းသစ်နှင့် ရင်ဆိုင်သည့်အခါ ပြောင်းလဲမှုရေစီးကြောင်း နှင့် လိုက်ပါနိုင်ရန်သည် အလွန်တရာအကဲဆတ်လှသည် အကြောင်းရင်းပင်ဖြစ်သည်။ နိုင်ငံရေးသမားများဘက်ကလည်း ၄င်းတို့ကို စောင့်ကြည့်ထောက်လှမ်းခဲ့သော၊ ဖမ်းဆီးစစ်ကြောခဲ့သော ထောက်လှမ်းရေးအေဂျင်စီများကို အုပ်စိုးသူ သို့မဟုတ် အာဏာရနိုင်ငံရေးအင်အားစု၏လက်ကိုင်ဒုတ်အဖြစ် ရှုမြင်သဘောထားခဲ့ကြသည်။ ပြောင်းလဲမှုရေစီးကြောင်း တွင် လိုက်ပါပြောင်းလဲနိုင်ရန် ခဲယဉ်းမှု၊ အစဉ်အဆက် အာဏာရအုပ်စု၏လက်ကိုင်ဒုတ်အဖြစ် ရှုမြင်ခံရမှုတို့သည် ထောက် လှမ်းရေးအေဂျင်စီများကို အရပ်ဘက် နိုင်ငံရေးသမားတို့အတွက် ထိန်းကျောင်းရန် ခက်ခဲစေသည့် အရင်းခံများပင်ဖြစ်သည်။
ဒီမိုကရေစီနိုင်ငံဖြစ်စေ၊ ဒီမိုကရေစီနိုင်ငံသို့ အသွင်ကူးပြောင်းရန် တတ်လှမ်းစနိုင်ငံတွင်ဖြစ်စေ ဒီမိုကရေစီနှင့် ထောက်လှမ်းရေးအေဂျင်စီအကြား မျိုးရိုးဗီဇ မတူညီခြင်းသည်လည်း အခြေခံပြဿနာရပ်အဖြစ် ရှိနေပါသည်။ ဒီမိုကရေစီဟူသည် တာ၀န်ခံမှု၊ တာ၀န်ယူမှုနှင့်အတူ ပွင့်လင်းမြင်သာမှုရှိရပါသည်။ ထောက်လှမ်းရေးအေဂျင်စီတို့က မူ ဒီမိုကရေစီတန်ဖိုး၊ နှုန်းစံတို့နှင့် ပြဒါးတစ်လမ်း သံတစ်လမ်းဟုဆိုနိုင်အောင် ထောက်လှမ်းရေး၏အသက်သွေးကြောသည် လျို၀ှက်ခြင်းအပေါ် မူတည်နေပါသည်။ လုပ်ငန်းစဉ်တို့သည်လည်း လျို၀ှက်နိုင်လေလေ၊ ဖုံးကွယ်နိုင်လေလေ၊ လှည့်စားနိုင် လေလေ ထိရောက်အောင်မြင်မှုရှိလေလေဖြစ်ပါသည်။ ဒီမိုကရေစီဝါစဉ်ကြီးမားရင့်သန်နေပြီဖြစ်သော နိုင်ငံကြီးများတွင်ပင် တစ်ခါတရံ ထောက်လှမ်းရေးလုပ်ငန်းစဉ်တို့၏လိုအပ်ချက်အရ ဒီမိုကရေစီနှုန်းစံ၊ တန်ဖိုးနှင့် ဖီလာ ဆန့်ကျင်သော လုပ်ရပ်များကို စနစ်တကျလုပ်ဆောင်ရပါသည်။
နိုင်ငံတကာတွင် ထောက်လှမ်းရေးအေဂျင်စီများ သို့မဟုတ် ထောက်လှမ်းရေးလုပ်ငန်းစဉ်များကို အရပ်ဘက်နိုင်ငံရေးသမားတို့ မည်သို့မည်ပုံထိန်းကျောင်းရမည်နည်းဟူသော အကြောင်းအရာခေါင်းစဉ်ကို ခေါင်းတည် ဆွေးနွေးအဖြေရှာတိုင်း အခက်အခဲများစွာကြုံတွေ့ရလေ့ရှိပါသည်။ ဗွေဆော်ဦးအခက်အခဲက ရိုးရိုးလေးဖြစ်ပါသည်။ ထောက်လှမ်းရေးဟူသည့်အတိုင်း လျို၀ှက်လွန်းရပါသည်။ ထောက်လှမ်းရေးဟူသည့် ဝေါဟာရအသုံးအနှုန်းကပင် ရှုပ်ထွေး ပွေလီသော အနက်ဆောင်ပါသည်။ ဒုတိယအခက်အခဲက ထောက်လှမ်းရေးအေဂျင်စီနှင့် ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်အကြား အပြန်အလှန်ကူးလူးဆက်နွယ်နေမှုကို လေ့လာထားသည့် စာပေကျမ်းဂန်များ၊ သုတေသနများက အလွန်တရာရှားပါး၍ဖြစ်သည်။
ထောက်လှမ်းရေးနှင့်ဒီမိုကရေစီ
----------------------------------------
နိုင်ငံတိုင်းတွင် သူ့အရပ်နှင့်သူ့ဇာတ်၊ သူ့အိုးနှင့်သူ့ဆန် ဆိုသကဲ့သို့ ထောက်လှမ်းရေးအေဂျင်စီများကို ဖွဲစည်း တည်ထောင်ရပါသည်။ ပွင့်သစ်စဒီမိုကရေစီနိုင်ငံများတွင် မည်ကဲ့သို့သော ထောက်လှမ်းရေးအေဂျင်စီများကို ဖွဲ့စည်းတည် ထောင်ရမည်နည်း သို့မဟုတ် ပြုပြင်ဖွဲ့စည်းရမည်နည်း what kind of intelligence structure do we need နှင့် မည်ကဲ့သို့ထိန်းကျောင်း လမ်းညွန်ကြီးကြပ်မည်နည်း how can intelligence agencies be controlled ဟူသော မေးခွန်း တို့သည် အလွန်တရာစဉ်းစားဖို့ကောင်းပါသည်။ ထောက်လှမ်းရေးအေဂျင်စီသို့မဟုတ် ထောက်လှမ်းရေးလုပ်ငန်းစဉ်တို့၏ သဘော၊ သဘာ၀နှင့်ပတ်သက်ပြီး အထူးစဉ်းစားရမည့် သဘာ၀ လေးရပ်ရှိပါသည်။ ဗွေဆော်ဦး သဘာ၀က ထောက်လှမ်း ရေးလုပ်ငန်းစဉ် လျို၀ှက်စွာဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သည်။ ပွင့်လင်းမြင်သာမှုမရှိ၊ ကင်းမဲ့ပါသည်။ ပွင့်လင်းမြင်သာမှု မရှိသော၊ ကင်းမဲ့သော လုပ်ငန်းတိုင်းသည် အလွဲသုံးစားလုပ်ရန် နီးစပ်သော၊ အလွဲသုံးစားလုပ်ရန် အခွင့်အလမ်းသာစေပါ သည်။
ထောက်လှမ်းရေးလုပ်ငန်းစဉ်ဟူသည် အချက်အလက်များကို စုဆောင်းရသည်။ သုံးသပ်မှု၊ သရုပ်ခွဲမှု၊ ကောက်ချက်ဆွဲမှုတို့ကို လုပ်ဆောင်ရသည်။ စင်စစ်၊ အချက်အလက်သည် ပါဝါအရင်းအမြစ်တစ်မျိုးပင်ဖြစ်သည်။ ထို့ကြောင့် အချက်အလက်အရင်းအမြစ်များကို ကိုင်ဆုပ်ခွင့်ရှိသည့် ထောက်လှမ်းရေးအေဂျင်စီတို့၏ ခေါင်းဆောင်များ၊ အရာရှိကြီးများသည် အစိုးရအဖွဲ့အစည်းအတွင်းရှိ မိမိနှင့်အလွမ်းသင့်သူများ၊ အုပ်စုများကို အချက်အလက်များ မျှဝေ ခြင်းဖြင့် မိမိကိုယ်ကျိုးအတွက်သော်လည်းကောင်း၊ အဖွဲ့အစည်းအတွက်သော်လည်းကောင်း အမြတ်ထုတ်နိုင်ပါသည်။ ဤသို့ဖြစ်တတ်ပါသည်။ လှေကြီးလှေငယ်ဆောက်တတ်သည့်ဖြစ်စဉ်သည် အဆိုပါသဘာ၀ပင်ဖြစ်သည်။
တတိယမြောက်သဘာ၀က ဥပဒေကိုချိုးဖောက်ရခြင်းဖြစ်သည်။ အေးဂျင့်များနှင့် ထောက်လှမ်းရေး အဖွဲ့အစည်း တို့သည် လုပ်ငန်းတာ၀န်အရ နိုင်ငံရပ်ခြားတိုင်းပြည်များတွင် အဆိုပါ တိုင်းပြည်များက ချမှတ်ထားသော ဥပဒေများ၊ ( အဆုံးစွန်ပြောရလျှင် ၄င်းနိုင်ငံ၏ အချုပ်အချာ အာဏာကိုပင် ဖောက်ဖျက်ကျူးလွန်ရပါသည် ) ချိုးဖောက် လုပ်ဆောင်ရပါ သည်။ စာရင်းအတိအကျမရှိသော ဘတ်ဂျက်၊ ရန်ပုံငွေတို့ဖြင့်လည်း စစ်ဆင်ရေးများ၊ စီမံကိန်းများ ဆောင်ရွက်ရပါသည်။ သတင်းပေးများကို မွေးရပါသည်။ သူ့လူကို ကိုယ်ဘက်သား ဖြစ်အောင် ဆွဲဆောင်စည်းရုံးရပါသည်။ ထို့ကြောင့်၊ ထောက် လှမ်းရေးလုပ်ငန်းများသည် လုပ်ငန်း လိုအပ်ချက်အရ ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ ဥပဒေများကို ချိုးဖောက်ကာ တာ၀န် ထမ်းဆောင်ရပါသည်။
စတုတ္ထမြောက် သဘာ၀က စစ်ဆင်ရေးလိုအပ်ချက်အရ စီရင်သတ်ဖြတ်ခြင်းကို လုပ်ရသည်။ ထောက်လှမ်းရေး လုပ်ငန်းစဉ်သည် ၂၄ နာရီတိုက်ပွဲဆင်နွဲရသည့် စစ်ပွဲနှင့်တူပါသည်။ တိုင်းပြည်၏ရန်စွယ်ဟူသတ်မှတ်ထားသည့် လူ၊ အဖွဲ့အစည်းများကို ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ လိုက်လံပြီး အဆုံးစီရင် သုတ်သင်ရှင်းလင်းရပါသည်။ ပြောရ လျှင် ထောက်လှမ်းရေး လုပ်ငန်းစဉ်ဟူသည် de facto license to operate outside society’ rules ဟုပင် ဖွင့်ဆိုကြရပါ သည်။ အထက်ဖော်ပြပါ ထောက်လှမ်းရေးလုပ်ငန်းစဉ်၏ သဘာဝလေးရပ်တို့သည် ဒီမိုကရေစီနှုန်းစံနှင့် မည်မျှ သွေဖီ နေ သနည်းဟူအချက်ကို သိသာ စေပါသည်။ မည်မျှပင် ဒီမိုကရေစီနှုန်းစံနှင့် ဖီလာဆန့်ကျင်နေသည်ဖြစ်စေ၊ အမျိုးသား လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားအတွက် ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးများပင် အထက် ဖော်ပြပါ သဘာဝလေးရပ်ကို လိုလိုလားလား ခွင့်ပြုပေးရပါသည်။
ထိန်းကျောင်းရေး နည်းလမ်း သုံးသွယ်
----------------------------------------
ထောက်လှမ်းရေးအေဂျင်စီများကို ပြုပြင်ပြောင်းလဲရန်ဖြစ်စေ၊ ထိန်းကျောင်းရန်ကြိုးစားသည့် ပွင့်သစ်ဒီမိုကရေစီ နိုင်ငံတိုင်းသည် အခက်အခဲများ တင်းကျမ်း ရင်ဆိုင် တွေ့ရသည်သာ ဖြစ်သည်။ အာဏာရှင်စနစ်မှ ပွင့်သစ်စဒီမိုကရေစီနိုင်ငံ များသို့ ကူးပြောင်းရန် ကျားကုတ်ကျားခဲ ကြိုးပမ်းနေရသည့် နိုင်ငံများတွင် ထောက်လှမ်းရေးအေဂျင်စီများကို ထိန်းကျောင်း သည့်အခါ၊ သို့မဟုတ် ကြိုးစားသည့်အခါ အခြေခံအကျဆုံးနှင့် အလိုအပ်ဆုံးက ထောက်လှမ်းရေးဆိုင်ရာ ဥပဒေမူဘောင်၊ နည်းဥပဒေများကို ရှင်းလင်းပြတ်သား ပြည့်စုံရေး ( A clear and comprehensive legal framework for intelligence structures ) ပင်ဖြစ်သည်။ နိုင်ငံတကာဖြစ်စဉ်များမှ သာဓကထုတ်ရလျှင် အာဂျင်းတီးနားနိုင်ငံဖြစ်သည်။ အာဂျင်းတီးနား နိုင်ငံသည် ၁၉၈၃ခုနှစ်တွင် စစ်အာဏာရှင်အုပ်စိုးမှုမှ လွတ်မြောက်လာခဲ့သော်လည်း ၂၀၀၀ပြည့်နှစ်မတိုင်ခင်အထိ ထောက်လှမ်းရေးအေဂျင်စီများကို ထိရောက်စွာ ထိန်းကျောင်း လမ်းညွန် ဦးဆောင်နိုင်မည့် legal framework ကို မပြဋ္ဌာန်းနိုင်ခဲ့ပေ။ ဘရားဇီးနိုင်ငံသည်လည်း ၁၉၈၅ခုနှစ်တွင် အရပ်သားအုပ်ချုပ်မှု စတင်နိုင်ခဲ့သည့်တိုင် ၁၉၉၉ခုနှစ် ( ၁၅နှစ်နီးပါးကြား) ရောက်မှ ထောက်လှမ်းရေးအေဂျင်စီနှင့် ပတ်သက်သည့် legal framework ကို ပြဋ္ဌာန်း နိုင်ခဲ့သည်။ အရပ်ဘက်နိုင်ငံရေးသမားများအတွက် ထောက်လှမ်းရေးအေဂျင်စီများကို ထိန်းကျောင်းနိုင်ရေးအတွက် ရွေးချယ်ဆုံးဖြတ် ရသည့် လမ်းကြောင်းသုံးခုရှိပါသည်။
ထောက်လှမ်းရေးအဖွဲ့အစည်းတို့သည် ၄င်းတို့လုပ်ငန်းစဉ်ဆောင်တာများ လည်ပတ် ဆောင်ရွက်ရန် လူအင်အား၊ ငွေအင်အားနှင့် လုပ်ပိုင်ခွင့်အာဏာများ လိုအပ်ပါသည်။ ပြောရလျှင် အရင်းအမြစ်များလိုပါသည်။ အာဏာရနိုင်ငံရေးသမား များက ထောက်လှမ်းရေး အေဂျင်စီများအတွက် လိုအပ်သည့် အရင်းအမြစ်များ အတိုးအလျော့ကို ဆုံးဖြတ်စီရင်ပိုင်ခွင့်ရှိ သည်။ ထိုဆုံးဖြတ်စီရင်ပိုင်ခွင့်အပေါ်မူတည်ပြီး ထောက်လှမ်းရေးအေဂျင်စီတို့၏လုပ်ငန်းစဉ်၊ ရည်မှန်းချက်များ၊ မဟာဗျူဟာများကို ချိန်ညှိပြောင်းလဲပေးနိုင်သည်။ ထိုသို့ဆောင်ရွက်ခြင်းက လက်ရှိလုပ်ဆောင်နေသော ထောက်လှမ်းရေးစီမံကိန်း၊ စီမံချက်များသည် အမျိုးသား လုံခြုံရေးအတွက် မည်မျှ အထောက်အကူပေးနိုင်မည်နည်း၊ အမျိုးသား အကျိုးစီးပွားအတွက် မည်မျှ တာသွားစေသနည်းအပေါ် မူတည်ဆုံးဖြတ်ရပါသည်။
များစွာသေချာသည်မှာ မြန်မာ့ထောက်လှမ်းရေးအေဂျင်စီများအနေဖြင့် အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ်၊ ထိုင်းနိုင်ငံတို့တွင် စစ်ဘက် ဆိုင်ရာထောက်လှမ်းမှု စီမံကိန်းတွင် (မည်သည့်အစိုးရပင်တက်တက် ) ယခုထက် ပိုမိုအရင်းအမြစ်သုံးစွဲရန် လိုအပ်ပါသည်။ ထောက်လှမ်းရေးလုပ်ငန်းစဉ် လေးမျိုးတွင် collection ၊ analysis ၊ convert action နှင့် counterintelligence တွင် မည်သည့်အပိုင်းကို ငွေအား၊ လူအား ပိုမိုကျခံသုံးစွဲမည်ဟူသော အဆုံးအဖြတ်မျိုးဖြင့် ချဉ်းကပ် နိုင်သည်။ ထိုသို့ဆုံးဖြတ်ရန်အတွက် ကမ္ဘာ့နိုင်ငံရေး၊ ဒေသတွင်းနိုင်ငံရေး၊ ူမဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးရာသီဥတု၊ သမိုင်းကြောင်းများကို ထည့်သွင်းတွက်ချက်ရပါမည်။ ဦးစားပေးလုပ်ငန်းစဉ်များကို ပြန်လည်သတ်မှတ်အကဲဖြတ်ကာ နိုင်ငံ အတွက် လက်ရှိဆောင်ရွက်နေသည့် ထောက်လှမ်းရေးလုပ်ငန်းစဉ်များ၊ စစ်ဆင်ရေးများ၊ စီမံချက်များကို တိုင်းပြည်အတွက် မည်မျှ အကျိုးရှိသနည်းဟူသောအချက်ကို ကြည့်ရှုပြီး ပယ်ဖျက်၊ ရွေ့ဆိုင်း၊ ဆက်လက်ဆောင်ရွက်ရန်၊ ကူညီပံပိုးရန် စသဖြင့် ဆုံးဖြတ် လုပ်ကိုင် ရပါမည်။
ပွင့်သစ်စဒီမိုကရေစီနိုင်ငံအများစုရှိ နိုင်ငံရေးသမားများသည် ထောက်လှမ်းရေးဌာနများတွင် စစ်ဘက်မှ လွှမ်းမိုးနေခြင်းကို မနှစ်ခြိုက်တတ်ကြပေ။ ထို့ကြောင့် ထောက်လှမ်းရေး အေဂျင်စီများတွင် အရပ်ဘက်၀န်ထမ်းများနှင့် စစ်ဘက် ၀န်ထမ်းများကို မျှမျှတတ ပြန်လည် နေရာချထားမှု၊ ပြန်လည်ဖွဲ့စည်းမှုများ ဆောင်ရွက်လေ့ရှိပါသည်။ အာဏာပိုင် စနစ်၊ စစ်အာဏာရှင်စနစ် နိုင်ငံများတွင် ထောက်လှမ်းရေး အေဂျင်စီ၊ ဌာန အဖွဲ့အစည်းများတွင် စစ်တပ်ကသာ မောင်ပိုင်စီး ထားခြင်း၊ လွှမ်းမိုး နေရာယူထားလေ့ ရှိပါသည်။ နိုင်ငံရေးခေါင်းဆောင်များသည် ဒီမိုကရေစီ ခိုင်မာအားကောင်းလာသည့် အခါ ထောက်လှမ်းရေး ဌာနများတွင် စစ်ဘက်မှ လွှမ်းမိုးနေမှုကို လုံး၀ဖယ်ရှားခြင်း သို့မဟုတ် တစ်စိတ်တပိုင်း ဖယ်ရှားခြင်း တို့ကို လုပ်ဆောင်လေ့ရှိပါသည်။ သို့သော်၊ ဖယ်ရှားလိုက်သော နေရာတွင် အစားထိုးခန့်အပ်တာ၀န်ပေးမည့် အရပ်ဘက် ထောက်လှမ်းရေး၀န်ထမ်းတို့၏ အဆင်သင့်ရှိနေမှုကိုလည်း မဖြစ်မနေထည့်သွင်း စဉ်းစားရပါသည်။ ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာသည့် ထိန်းကျောင်းရေး နည်းလမ်းတစ်ခုက စစ်ဘက်ဆိုင်ရာထောက်လှမ်းရေး ကို စစ်တပ်ကို လက်လွှဲပြီး၊ မဟာဗျူဟာမြောက် ထောက်လှမ်းရေးနှင့် တန်ပြန်ထောက်လှမ်းရေး၊ အမျိုးသား ထောက်လှမ်းရေး စသည့် ဌာနအဖွဲ့အစည်းများကို အရပ်ဘက်ဌာနလက်သို့ ပြောင်းလဲ ဖွဲ့စည်းခြင်းပင်ဖြစ်သည်။
တတိယမြောက် ထိန်းကျောင်းရေးလမ်းသွယ်က ထောက်လှမ်းရေးလုပ်ငန်းစဉ်များကို အမျိုးသားအဆင့် မူဝါဒများနှင့် ချိတ်ဆက်ဆောင်ရွက်စေခြင်းဖြစ်သည်။ နိုင်ငံရေးသမားများ၏ လက်ကိုင်ဒုတ်ထောင်ချောက်ထဲသို့ ကျရောက်သွားနိုင်သည့် ထိန်းကျောင်းရေးနည်းစဉ်ဟု ပညာရှင်များက သတိပေးပါသည်။
ထိန်းကျောင်းရေး ယန္တရား နှစ်ခု
---------------------------------
နိုင်ငံတစ်ခုတွင် ထောက်လှမ်းရေးဌာနတစ်ခုကို ထားရှိခြင်း သို့မဟုတ် ဌာနတစ်ခုကို ပါဝါ အရင်းအမြစ်များ ပုံအောပေးခြင်းတို့သည် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးတွင် အလွန် အန္တရာယ်များလှပါသည်။ ထို့ကြောင့်၊ နိုင်ငံတော် တော်များများတွင် ထောက်လှမ်းရေး ဌာနများကို တစ်ခုထက်ပို၍ ထားရှိဖွဲ့စည်းကြပါသည်။ ထိုသို့ အေဂျင်စီများ၊ ဌာနများ ကွဲပြား ထားရှိခြင်းက ထောက်လှမ်းရေးဌာန တစ်ခုက လိုအပ်သည်ထက် သြဇာလွှမ်းမိုးခြင်းကို ကာကွယ်နိုင်ပါသည်။ သို့သော်၊ ထိုသို့ အဖွဲ့များစွာထားရှိခြင်းက အေ၈ျင်စီတစ်ခုနှင့်တစ်ခု ပြိုင်ဆိုင်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုအားနည်း ခြင်း များ ဖြစ်တတ်ပါသည်။ ပြည်တွင်းထောက်လှမ်းရေး၊ ပြည်ပထောက်လှမ်းရေး၊ ရဲထောက်လှမ်းရေး၊ စစ်ထောက်လှမ်းရေး စသဖြင့် ထားရှိခြင်းသည် ထောက်လှမ်းရေးအေဂျင်စီများကို ထိန်းကျောင်းရေး လမ်းသွယ် တစ်ခုဖြစ်သည်။ ပြည်ထဲရေး ၀န်ကြီးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ် ရွေးချယ်ခွင့် ရှိခြင်းကလည်း မြန်မာ့နိုင်ငံရေး သမားတို့အတွက် အထူးစဉ်းစားရန် အချက်ဖြစ်သည်။
ဒုတိယထိန်းကျောင်းရေးယန္တရားက ဥပဒေပြုမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်မှ ထောက်လှမ်းရေး ဆပ်ကော်မတီ များ ဖွဲ့စည်းပြီး ထောက်လှမ်းရေးလုပ်ငန်းစဉ်များ စောင့်ကြည့်ရေးပင်ဖြစ်သည်။ ပွင့်သစ်စ ဒီမိုကရေစီနိုင်ငံများတွင် မဆိုထားနှင့်၊ ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးများတွင် ထောက်လှမ်းရေး ဆပ်ကော်မတီ၀င် နိုင်ငံရေးသမားများကို အထူးရွေးချယ်ရပါသည်။ အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေး၊ စစ်ရေးအမြင်တွင် ထိုက်သင့်သလောက် နှံစပ်သည့် နိုင်ငံရေးသမားများ ဖြစ်ရန် လိုပါသည်။ ထို့အပြင်၊ လုံခြုံရေးအရ မှတ်တမ်းကောင်းမွန်သူ ( ဆယ်နှစ်အတွင်း နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်နိုင်သည့် သံသယရှိစရာ ကင်းရှင်းသူ ဖြစ်ရန်လည်း လိုပါသည် ) များကိုသာ ထောက်လှမ်းရေးဆပ်ကော်မတီ ၀င်အဖြစ် တာ၀န် ပေးအပ်ပါသည်။ မြန်မာနိုင်ငံတွင် လွှတ်တော်နှစ်ရပ်စလုံးတွင် ထောက်လှမ်းရေး ဆပ်ကော်မတီ ထားရှိ မည်လား၊ လွှတ်တော်တစ်ရပ်တွင်သာ ထားရှိမည်လား ဆိုသည့် အချက်များက စဉ်းစားရမည် ဖြစ်ပါသည်။
ထောက်လှမ်းရေးယဉ်ကျေးမှုကို ပျိုးထောင်ခြင်း
------------------------------------------------
ထောက်လှမ်းရေးအေဂျင်စီများကို အရပ်ဘက်က ထိန်းကျောင်းနိုင်ရေးအတွက် အဆင့်ဆင့်သော လုပ်ငန်းတာ၀န်များကို တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ရမည်ဟူသော အချက်သည် မငြင်းနိုင်သော အချက်ပင် ဖြစ်သည်။
ထောက်လှမ်းရေးဌာနများတွင် အရပ်ဘက်၀န်ထမ်းများ တာ၀န်ထမ်းဆောင်ချင်လာအောင် ဆောင်ရွက်စီမံရပါမည်။ အထူးသဖြင့်၊ ပြည်ထဲရေးနှင့် နိုင်ငံခြားရေး၀န်ကြီးဌာနလက်အောက်ခံ ဦးစီးဌာနရှိ ၀န်ထမ်းများကို ဖြစ်သည်။ ယခင်က ထောက်လှမ်းရေးဌာနများတွင် စစ်တပ်က monopoly လုပ်ဆောင်ခဲ့သည့် အစဉ်အလာသည် ပွင့်သစ်စ ဒီမိုကရေစီ နိုင်ငံတိုင်းတွင် ဖြစ်သည်။ ထောက်လှမ်းရေး လုပ်ငန်းစဉ်ဟူသည် အရပ်ဘက်ဌာနနှင့် လားလားမျှ မဆိုင် သလိုရှိခဲ့သည်။ ( အရပ်သား သတင်းပေးများ မွေးမြူခြင်းလောက်ကို စကားထဲတွင် ထည့်မပြောနိုင်ပါ။ ) းထာက်လှမ်းရေး အေဂျင်စီများကို ထိန်းကျောင်းရန် အစီအမံရှိသော နိုင်ငံရေးခေါင်းဆောင်၊ ပါတီ၊ နိုင်ငံရေးသမားများအနေဖြင့် ထောက်လှမ်းရေးလုပ်ငန်းစဉ်၊ ထောက်လှမ်းရေး ပညာရပ်များကို နောကျေအောင် လေ့လာထားသည့် အရပ်သား ပညာရှင်၊ ၀န်ထမ်းများကို မပျိုးထောင်နိုင်သမျှကာလပတ်လုံး ထောက်လှမ်းရေးအေဂျင်စီကို ကောင်းစွာ ထိန်းကျောင်း နိုင်မည် မထင်ပါ။ ထို့ကြောင့် ၊ အရပ်ဘက်၀န်ထမ်းများ၊ အရပ်သားလူငယ်များကို ထောက်လှမ်းရေး လုပ်ငန်းစဉ်ကို စိတ်၀င်စား အောင်၊ သင်ကြား သင်ယူခွင့်ရှိအောင် ဖန်တီးစီမံပေးရပါမည်။ ထောက်လှမ်းရေးအေဂျင်စီများ၊ ထောက်လှမ်းရေး ဌာန အစု အဖွဲ့တစ်ခုလုံးကို လွှမ်းခြုံသုံးသပ်ခြင်းမျိုး ပြုလုပ်ရပါမည်။ ထိုသို့ပြုလုပ်ခြင်းသည် formal ကျဖို့လိုပါသည်။
ထောက်လှမ်းရေးဌာနကို ထိန်းကျောင်းခြင်းသည် ထောက်လှမ်းရေးဌာန သို့မဟုတ် အေဂျင်စီကို နှိပ်ကွပ်ခြင်း၊ ပညာပေးခြင်းဟု မမှတ်ယူသင့်ပေ။ ထောက်လှမ်းရေးဌာနကို အားကောင်း မောင်းသန်ဖြစ်လာအောင် လုပ်ဆောင်ရခြင်း ဟု မှတ်ယူသင့်ပါသည်။ ဒီမိုကရေစီနိုင်ငံတွင် ထောက်လှမ်းရေးဌာနများ ၊ အေဂျင်စီများ၏ legitimate ဖြစ်မှု မြှင့်တင်ပေးရပါမည်။ လူထုအကြား ထောက်လှမ်းရေးဟုဆိုလျှင် အကြောက်တရားများ ဖြစ်ပေါ်နေခြင်းကို ဖြေလျှော့အောင် အရပ်သားနိုင်ငံရေးသမားများက ဆောင်ရွက်စီမံပေးဖို့ လိုပါသည်။ ထောက်လှမ်းရေးမူဝါဒဆိုင်ရာ ဒီဘိတ်များကိုလည်း ပညာရှင်များ၊ အရပ်ဘက် အဖွဲ့အစည်းများကို ဖိတ်ခေါ်ပြီး လုပ်ဆောင်ဖို့လိုအပ်ပါသည်။
ထောက်လှမ်းရေးဌာနဟူသည် အာဏာရအဖွဲ့အစည်း၏လက်ကိုင်ဒုတ်မဟုတ်၊ အမျိုးသား လုံခြုံရေးနှင့် အကျိုးစီးပွားအတွက် အရေးပါဆုံးသော ဌာနများ ဖြစ်သည်ကို advocate လုပ်ဆောင်ရပါမည်။ ဤနေရာတွင် ဘရားဇီးနိုင်ငံ၏ လုပ်ဆောင်ချက်သည် လွန်စွာ အတုယူဖွယ် ကောင်းသည်ဟု ထင်သည်။ ၂၀၀၂ခုနှစ်တွင် အချုပ်အချာအာဏာနှင့် ဒီမိုကရေစီ အပေါ် ဘရားဇီး ထောက်လှမ်းရေး ၏ အရေးပါမှု ဆိုသည့် ညီလာခံကို နှစ်ရက်တိုင် နယ်ပယ်စုံ၊ နိုင်ငံစုံမှ ပညာရှင် သုံးရာခန့် တက်ရောက်ခဲ့ကြသည်။ ထောက်လှမ်းရေးဟုဆိုလျှင် shock ရှိတတ် ကြသည့် ပွင့်သစ်စဒီမိုကရေစီနိုင်ငံဟု ညွန်းဆိုနိုင်သော မြန်မာနိုင်ငံတွင် လည်း ၄င်းတို့ထက် မလျော့သော လုပ်ဆောင်မှုများ ပြုလုပ်ရန် လိုအပ်သည်ဟု ထင်မြင်ပါသည်။
နိဂုံး
-------------
ထောက်လှမ်းရေးဌာနဟူသည် အကောင်သေးသလောက် အဆိပ်ပြင်းသည် အဖွဲ့အစည်း ဖြစ်ပါသည်။ နိုင်ငံတော်၏ လုံခြုံရေးနှင့် အကျိုးစီးပွားအတွက် အဆိပ်ပြင်းသည့် အဖွဲ့အစည်းကို မွေးမြူပျိုးထောင်ရပါသည်။ တက်လာမည့် အရပ်သားအစိုးရ၊ နိုင်ငံရေးသမား အနေဖြင့် ထောက်လှမ်းရေးဌာန၊ အေဂျင်စီများကို မဖြစ်မနေ ထိန်းကျောင်း ရမည်မှာ မလွဲဧကန် ဖြစ်ပါသည်။ ထို့အတွက် ထောက်လှမ်းရေးဆိုင်ရာ သိမြင်နှံစပ်မှုသည် မရှိမဖြစ် လိုအပ်ပါသည်။ ထောက်လှမ်းရေးဆိုင်ရာ သိမြင်နှံစပ်မှုမရှိဘဲ ထောက်လှမ်းရေး အေဂျင်စီများကို ထိန်းကျောင်း ရန်မှာ မလျော်ကန်လှသည့် လုပ်ရပ်ဟု သတိပေးလိုပါသည်။ ထို့အပြင်၊ နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် စွမ်းရည် ထက်မြက်သော ထောက်လှမ်းရေး ဌာနများ ဖြစ်ပေါ်၊ ပြောင်းလဲတိုးတက်မှုသည်လည်း အရပ်ဘက် နိုင်ငံရေးသမားများ၏ မဟာဗျူဟာ၊ ဥာဏ်အမြော်အမြင်ပေါ်တွင် များစွာ တည်မှီနေကြောင်း ထောက်ပြလိုပါသည်။
ရည်ညွန်း။ ။ Reforming Intelligence: The Challenge of Control in New Deomcracies by Brunea, Thomas C. 2014-06-04
Bawachaeyar မှကူးယူဖော်ပြပါသည်။