![အမေရိကန်၏ ငွေကြေးဖောင်းပွမှုတိုက်ဖျက်ရေး မူဝါဒနှင့် ပတ်သက်၍ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ သတိပေးHtay Oung (NP News) -...](https://img4.medioq.com/017/524/127716200175242.jpg)
11/01/2023
အမေရိကန်၏ ငွေကြေးဖောင်းပွမှုတိုက်ဖျက်ရေး မူဝါဒနှင့် ပတ်သက်၍ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ သတိပေး
Htay Oung (NP News) - ဇန်နဝါရီ ၁၁
ပြီးခဲ့တဲ့နှစ်တုန်းက အမေရိကန်နိုင်ငံအတွင်း ပြဋ္ဌာန်းခဲ့တဲ့ ငွေကြေးဆိုင်ရာ ထိန်းချုပ်မှု မူဝါဒတွေဟာ လက်ရှိ ရင်ဆိုင်နေရတဲ့ ငွေကြေးဖောင်းပွမှုနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှု အခြေအနေများကို လုံလောက်တဲ့ အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်ခြင်း မရှိသေးကြာင်း နိုင်ငံရဲ့ ဗဟိုဘဏ်အုပ်စုအဖြစ် ငွေကြေးဆိုင်ရာမူဝါဒဆိုင်ရာအဖွဲ့ အစည်းဖြစ်တဲ့ “Federal Reserve Bank” အနေနဲ့ ကုန်စျေးနှုန်း ကျဆင်းရေးကြိုပမ်းမှုကို ခုထက်ပိုပြီး ဆက်လက်ဆောင်ရွက်ပေးနေဖို့ လိုအပ်ကြောင်း “ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ “ IMF ရဲ့ ဒုတိယအကြီးအကဲ ဂီတာဂိုးပင်းနာ့သ်က လန်ဒန်အခြေစိုက် Financial Times စီးပွားရေးမီဒီယာနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ Russia Today က ဇန်နဝါရီလ ၅ ရက်က ရေးသားပါတယ်။
အမေရိကန်နိုင်ငံရှိ ဗဟိုဘဏ် အပါအဝင် ဘဏ်လုပ်ငန်းများ၊ ငွေကြေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒတွေကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိတဲ့ Federal Reserve လို အဖွဲ့အစည်းများဟာ ယခုရင်ဆိုင်နေရတဲ့ အခြေအနေကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ကြိုးစားတဲ့အနေနဲ့ အစားအစာနဲ့ စွမ်းအင်တို့မှာ သာမက ကဏ္ဍစုံမှာ ကုန်စျေးနှုန်းများ ကျဆင်းစေရေးအတွက် ပိုမိုတိကျပြီး၊ ခိုင်မာတဲ့ လုပ်ငန်းစဉ်များနဲ့ အပြင်းအ ထန် ဆောင်ရွက်ဖို့ အလွန်အရေးကြီးတဲ့အခြေအနှေမှာ ရောက်ရှိနေပြီဖြစ်ကြောင်း ဂီတာ ဂိုးပင်းနာ့သ်က ဆိုပါတယ်။
“လက်ရှိအများ မြင်တွေ့နေရတဲ့ အလုပ်လက်မဲ့နှုန်း၊ လုပ်သားပါဝင်မှုနှုန်း၊ အလုပ်အ ကိုင်နဲ့ လူဦးရေအချိုးတို့က ဖော်ပြနေတဲ့ “လုပ်သားစျေးကွက်ဆိုင်ရာ အညွှန်းကိန်းများ” နဲ့ ငွေကြေးဖောင်းပွမှုဒဏ်ကြောင့် အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဝန် ဆောင်မှု ဆိုင်ရာလုပ်ငန်းများကို ကြည့်ခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုကို အဆုံး မသတ်နိုင်သေးဘဲ ဆက်လက်ရင်ဆိုင်နေရဆဲပဲ ဆိုတာထင်ရှားနေပါတယ်” “အမေရိကန်တွေအနေနဲ့ လက်ရှိ အခြေအနေအတိုင်းဆိုရင် လာမည့်လများအတွင်း အချိန်ကာလ အတိုင်းအတာတစ်ခုအထိ စီးပွားရေးကျဆင်းမှု အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ မဖြစ်နိုင်သေးကြောင်း ပြသနေပါတယ်”လို့ ဂိုးပင်းနာ့သ်က သတင်းထောက် တွေကို ရှင်းပြပါတယ်။
လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း အမေရိကန်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု ဆိုင်ရာကိန်းဂဏန်းတွေဟာ စတင်အခြေခိုင်လာနေပြီး စျေးနှုန်းကြီးမြင့်မှုဟာ အထွတ် အထိပ်သို့ ရောက်ရှိသွားနိုင်ကြောင်း ဦးဆောင်သုံးသပ်သူများရဲ့ အကြံပြုချက်များ ထွက်ပေါ်လာပြီးနောက် IMF ဒုတိယအကြီးအကဲရဲ့ ယခုလို သတိပေး ချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
တစ်နှစ်ပြီး တစ်နှစ် မြင့်တက်လာတဲ့ အမေရိကန် ကုန်စျေးနှုန်းတွေဟာ နိုဝင်ဘာလမှာ ၇ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး အောက်တိုဘာလနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၇ ဒသမ ၇ ရာနှုန်း မြင့်တက်ခဲ့ကြောင်း အမေရိကန်အလုပ်သမားများ ဆိုင်ရာဌာန (US Department of Labor) ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကုန်စျေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်ဖို့ လောလောဆယ် အနီးစပ်ဆုံး ကြိုးစားမှုအနေနဲ့ ဒီဇင်ဘာလ ၁၄ ရက်မှာ ဘဏ်အတိုးနှုန်းတွေကို အခြေခံနှုန်းထား ဝ ဒသမ ၅ ရာခိုင်နှုန်းတိုးမြှင့်ပေးခဲ့တဲ့တွက် အတိုးနှုန်း ၄ ဒသမ ၂၅ ရာခိုင်နှုန်းမှ ၄ ဒသမ ၅ ရာခိုင်နှုန်းထိ ဖြစ်လာခဲ့ပါတယ်။ ငွေကြေး ထိန်းညှိသူများအနေနဲ့ (နောက်ဆက်တွဲ) ကုန်စျေးနှုန်းကြီးမြင့်မှုများကို ရှောင်ရှားရန်အတွက် (၅)ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်ပြီး အဲ့ဒီနှုန်းထားမှာပဲ တစ်နှစ်ပတ်လုံး ထားရှိဖို့ လိုအပ်လိမ့်မယ်လို့ ဂိုးပင်းနာ့သ်က ယူဆပါတယ်။
လက်ရှိကာလဟာ ငွေကြေးမူဝါဒနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုများကို နောက်ထပ်ရင်ဆိုင်ရတဲ့ နှစ်တစ်နှစ်ဖြစ်ပြီး ခုလက်ရှိကြုံတွေ့နေရတာဟာ ယခင်နှစ်များနဲ့ မတူပဲ ကွဲပြားခြားနားမှုတွေ ရှိနေပါတယ်၊ မနှစ်က ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုဟာ “အ လျင်စလို တင်းကြပ်ခဲ့တဲ့ ငွေကြေးမူဝါဒနဲ့ ဘယ်လောက်အတိုင်အတာအထိ ခရီးရောက်မလဲ"ဆိုတဲ့ ပြဿနာဖြစ်ပါတယ်။
ခုကတော့ “နိုင်ငံအများစုနဲ့ပါ သက်ဆိုင်လာပြီး ဒီလိုအခြေအနေမှာ ဘယ်လောက်ကြာကြာရပ်တည်နေနိုင်မလဲ"ဆိုတာမျိုးလို့ပြောနိုင်ပါတယ်။ ဥရောပနိုင်ငံများဟာ ကုန်စျေးနှုန်းကြီးမြင့်မှုကို အမေရိကန်တို့ထက် ကာလရှည်ရင်ဆိုင်တိုက်ပွဲဝင်ရဖို့ ရှိကြောင်း သတိပြုစရာရှိပါတယ်။ ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဆောင်ရွက်နေတဲ့ ဥရောပဗဟိုဘဏ်(ECB) တွေဟာ “၂ဝ၂၄ ခုနှစ်မတိုင်မီမှာပဲ သူတို့ရဲ့ ECB’s [2%] target ပစ်မှတ်နဲ့ နီးကပ်လာတဲ့ အခြေအနေမှာ ရှိနေနိုင်ပါတယ်လို့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ ဒုတိယအကြီးအကဲ ဂီတာ ဂိုးပင်းနာ့သ်က လန်ဒန်အခြေစိုက် Financial Times စီးပွားရေးမီဒီယာနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
(Russia Today., 5 Januay 2023,” IMF issues call on US inflation” ကို ဆီလျော်အောင် ကောက်နှုတ်သာသာပြန်ဆိုသည်)