20/08/2024
ကလေးမြို့နယ်ရှိ ရွာအချို့ကို စစ်တပ်ကမီးရှို့၊ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်
*************
Update: Aug 21
ကလေးမြို့နယ်၊ အနောက်တောင်ဘက်ရွာတွေကို စစ်ကောင်စီတပ်က ဒီကနေ့ ဩဂုတ် ၂၀ မနက်အစောပိုင်းကစ စစ်ကြောင်းထိုး ဝင်ခဲ့ပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေထံက သိရပါတယ်။
မြို့ပေါ်ရပ်ကွက်ရဲ့အနီးမှာရှိတဲ့ ရှားတောနဲ့ ကျွန်းတော(သုံးအိမ်စု)ရွာကို ဒီနေ့ မနက် ၅ နာရီကစ စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့ကြတာလို့ သိရပါတယ်။
သံချပ်ကာကား ၅ စီးပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အင်ဒိုင်းကုန်းမှ ရှားတောသို့ဝင်ရောက်ခဲ့ကာ ညနေပိုင်းထိ ကျွန်းတောရွာလမ်းချိုး(သုံးအိမ်စု)မှာ ကားအချို့နဲ့ စစ်သားများရှိနေပြီး ရွာစာသင်ကျောင်းထဲမှာ စစ်သားတွေဝင်နေကြတယ်လို့ သိရပါတယ်။
"မနက် ၅ နာရီကထဲက သံချပ်ကာ ကား ၅ စီးနဲ့ လာကြတာ၊ သုံးအိမ်စု(ကျွန်းတောလမ်းချိုး)မှာ စစ်သားတွေရှိတယ်၊ စက္ကန့်(ရွာ)မှာလည်း ရှိတယ်" လို့ ဒေသခံတဦးက Voice Of Kalay ကို ပြောပါတယ်။
စစ်ကြောင်းဝင်ရောက်လာတဲ့ စစ်သားတွေနဲ့ RKDF, UGF Ninjas အဖွဲ့တို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွါးကြောင်းနဲ့ RKDF တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်မှုရှိတယ်လို့သိရပေမယ့် ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
အနီးရှိဒေသခံအချို့ကတော့ နာရီပိုင်းကြာတဲ့အထိ အပြန်အလှန်ပစ်ခတ်သံတွေ ကြားရတယ်လို့ ပြောပါတယ်။
စစ်ကြောင်းဝင်ရာက်စဉ် မြို့ထဲမှ ထောက်ပို့၊ ၂၂၈ နဲ့ ဒကစတပ်တို့ကလည်း လက်နက်ကြီးပစ်ကူ ပစ်ခတ်ခဲ့ပါတယ်။ ဒကစတပ်နဲ့ စစ်တပ်တပ်စွဲထားတဲ့ GTC ကျောင်းကနေပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေကတော့ ပြည်သူတွေနေတဲ့ မြို့ကြီးကုန်းရွာထဲကိုကျတယ်လို့ သိရပြီး ထိခိုက်သေဆုံးရှိမရှိကို မသိရသေးပါဘူး။
စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေက မနက် ၁၁ နာရီလောက်ကစ ရွာကိုမီးရှို့နေပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်းနဲ့ မီးခိုးလိပ်များကို အနီးရှိ ရွာခံအချို့က ညနေ ၆ နာရီအထိ မြင်တွေ့ရတယ်လို့ပြောပါတယ်။
"ရှားတောကတော့ အိမ်တွေတော်တော်များများကုန်ပြီထင်တယ် တောက်လျှောက်ရှို့နေတာ" လို့ ကာကွယ်ရေးအဖွဲ့ဝင်တဦးက Voice Of Kalay ကို ပြောပါတယ်။
ဒီရွာတွေကို မီးရှို့နေစဉ်မှာပဲ မြို့ထဲရှိ ဝယ်စလီလမ်းခွဲနဲ့ ဘူတာလမ်းခွဲတို့မှာ လမ်းသွားလမ်းလာတွေကိုစစ်ဆေးတာတွေ စစ်ကောင်စီက တင်းတင်းကြပ်ကြပ်လုပ် ဆောင်ပါတယ်။
ဒီနေ့ ဩဂုတ် ၂၀ ညနေပိုင်းအထိ စစ်ကားများ အင်ဒိုင်းကုန်းရွာထဲမှာရှိနေပြီး ရွာထဲကပြန်ထွက်မယ် မထွက်ဘူးမသိရလို့ ဒေသခံတွေလည်း စိုးရိမ်နေရပြီး ရှောင်တိမ်းဖို့ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။
ဒါ့ပြင် ကလေးမြို့နယ်မြောက်ပိုင်း၊ လက်ပံချောင်းရွာကို တိုက်ပွဲဖြစ်ပွါးတာမရှိဘဲနဲ့ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
တံတားဦးလေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက နေ့လည် ၁ နာရီ ၅၀ ခန့်မှာ လက်ပံချောင်းရွာကို ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချပြီ လေယာဉ်ကနေ ပစ်ခတ်ပြီး လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမရှိဘူးလို့ သိရပါတယ်။
Photo - CJ
#ရှားတော #သုံးအိမ်စု #လက်ပံချောင်း