Arr Mann Media Services

  • Home
  • Arr Mann Media Services

Arr Mann Media Services Let's Start and Get Your Speed

16/10/2021

#အာဆီယံအားစိတ်ပျက်ကြောင်း

နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

(၁၆-၁၀-၂၀၂၁ ရက်၊ နေပြည်တော်)

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးကို ၁၅-၁၀-၂၀၂၁ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးဝဏ္ဏမောင်လွင် တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံသို့ သွားရောက်ရန် ၎င်း၏ ခရီးစဉ်ကို မြန်မာအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့မှု အခြေအနေကို ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါပြောကြားချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အနေဖြင့် အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံသို့ လာရောက်မည့် ပထမဆုံး ခရီးစဉ် ဖြစ်မြောက်ရေးအတွက် မြန်မာဘက်မှ အထူးကိုယ်စားလှယ်နှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တွင်း တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုတို့ကို ထည့်သွင်းစဉ်းစားပြီး ခရီးစဉ်အောင်မြင်စေရေးနှင့် အပြုသဘောရလဒ်များ ရရှိစေရေးအတွက် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် ၎င်း၏ ပထမဆုံးခရီးစဉ်တွင် မြန်မာနှင့် နှစ်ဖက် ယုံကြည်မှုရရှိရေးကို အလေးပေးဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် အထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။

အစည်းအဝေးတွင် မကြာမီ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားပြုတက်ရောက်မည့်ကိစ္စနှင့် တက်ရောက်ပါက မည်သည့်အဆင့် တက်ရောက်ရန်ကိစ္စကို အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က ဆွေးနွေးပြောကြားခဲ့ပါသည်။

အာဆီယံအစည်းအဝေးများ တက်ရောက်ရေးနှင့် ကိုယ်စားပြုမှုကိစ္စ ပြောကြား ချက်များ နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ယင်းကိစ္စကို ဆွေးနွေးရန် အာဆီယံ၏ ပဋိညာဉ်စာတမ်းနှင့် အခြေခံမူများတွင် ပြဌာန်းထားခြင်း မရှိသဖြင့် ဆွေးနွေးရန် မလိုအပ်ကြောင်း၊ လက်ရှိမြန်မာအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ အာဏာကို ရယူကျင့်သုံးနေသည့် အစိုးရဖြစ်ကြောင်း၊ မြန်မာအစိုးရ၏ အုပ်ချုပ်နေမှုအပေါ် ဥပဒေကြောင်းအရ မေးခွန်းထုတ်ရန် အကြောင်းမရှိကြောင်း၊ ယခုကိစ္စနှင့် အထူးကိုယ်စားလှယ်၏ ခရီးစဉ်ကို ချိတ်ဆက်ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံအပေါ် ဖိအားပေးခြင်း ဖြစ်သဖြင့် ဘေးထွက်ဆိုးကျိုးများသာ ဖြစ်စေမည် ဖြစ်ကြောင်းနှင့် တူညီဆန္ဒမရှိဘဲ ဆောင်ရွက်ခဲ့မှုအပေါ် မြန်မာမှ သဘောမတူကြောင်း နှင့် ယင်းကန့်ကွက်ချက်ကို မှတ်တမ်းတင်ပေးရန် ပြောကြားခဲ့ပါသည်။

အဆိုပါ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့က ဆွေးနွေးပြောကြားခဲ့သည့် အာဆီယံအစည်းအဝေး များ တက်ရောက်ရေးကိစ္စအပါအဝင် ကိုယ်စားပြုမှုဆိုင်ရာကိစ္စများနှင့် တူညီဆန္ဒမရှိဘဲ ဆောင်ရွက်ခဲ့မှုများသည် အာဆီယံ၏ ပဋိညာဉ်စာတမ်း နှင့် အခြေခံမူများတွင် ပြဌာန်းထားမှု မရှိခြင်း၊ အာဆီယံ၏ ရည်ရွယ်ချက်တို့နှင့် ဆန့်ကျင်ကြောင်း တွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လွန်စွာစိတ်ပျက်မိပြီး၊ ပြင်းထန်စွာ ကန့်ကွက်ပါသည်။

ဒေသတွင်း မဟာဗျူဟာအရ အားပြိုင်မှုများ ပိုမိုဖြစ်ပေါ်နေချိန်တွင် အာဆီယံ ၏ အစဉ်အလာကောင်းများဖြစ်သည့် မတူကွဲပြားမှုများကို အခြေခံပြီး အာဆီယံ၏ စည်းလုံးညီညွှတ်မှုကို တည်ဆောက်ခဲ့မှုနှင့် မတူညီမှုများကို ဆွေးနွေးတိုင်ပင်ပြီး တူညီဆန္ဒဖြင့် ဆောင်ရွက်မှုများကို ပစ်ပယ်ခဲ့ခြင်းသည် အာဆီယံ၏ စည်းလုံးညီညွှတ် မှု၊ ဗဟိုပြုမှုကို ထိခိုက်စေမည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်မည်ဖြစ်ပါကြောင်း သတိပေးဖော်ပြအပ်ပါသည်။

Credit - Ministry of Foreign Affairs

`ထုံးအောက်က ပုဂံ-နံရံဆေးပန်းချီများ'(သို့မဟုတ်)`ရှေးလူကြီးများ၏ ကာကွယ် ပူဇော်ခြင်း'ပုဂံရောက်ရင် ဂူပြောက်ကြီး(ဝက်ကြီးအင်း...
12/10/2021

`ထုံးအောက်က ပုဂံ-နံရံဆေးပန်းချီများ'
(သို့မဟုတ်)
`ရှေးလူကြီးများ၏ ကာကွယ် ပူဇော်ခြင်း'

ပုဂံရောက်ရင် ဂူပြောက်ကြီး(ဝက်ကြီးအင်း)ဘုရားကိုသွားပါ။

အဝင်ပေါက်က ပုံပါစာကို သေသေချာချာ ဖတ်ပါ။ ပြီးရင် ဘုရားအတွင်းနံရံက လွှတိုက်ရာတွေပါ သေသေချာကြည့်ပါ။ ဒါဆိုရင် ပုဂံဘုရားတွေမှာ ရှေးလူကြီးတွေက ထုံးအထပ်ထပ် ဘာလို့သုတ်ခဲ့ကြသလဲ မှန်းမိနိုင်ပါ့မယ်။

စကားလွန်သုံးပြီး (ရှေးလူကြီး ဗမာတွေကို ခပ်နှိမ်နှိမ်) အတွေးဆိုးနဲ့ ရှေးဟောင်းတွေ ဖျက်ဆီးသူတွေဆိုပြီး လွယ်လွယ် မပြောစေချင်ဘူး။

ရှေးလူကြီးတွေမို့ ဘာသာရေးရော ယဉ်ကျေးမှုပါ ခုခေတ်ထက် ပိုပြီး အလေးထားတာ မမေ့စေချင်ဘူး။

နံရံဆေးပန်းချီတွေ ရချင်လို့ ခုလို လွှတိုက်ပြီး အဖျက်ခံရခြင်းဘေး၊ အင်္ဂတေကွာလို့ ဘုရားပါ ထိခိုက်ခြင်းဘေး . . . စတာတွေကို ဟန့်တားဘို့အတွက် နံရံဆေးပန်းချီတွေကို ထုံးသုတ်ပြီး ကာကွယ်(ပူဇော်)ခဲ့ကြတာဖြစ်တယ်။

(သူ့ခေတ်သူ့ခါ) ဘာသာဖျက် မိစ္ဆာတို့ရဲ့ ကျွန်ဘဝမှာကိုပဲ ရသလိုလေးတွေ ဘာသာယဉ်ကျေးမှုတွေကို ကာကွယ်ပေးခဲ့ကြတာကိုပဲ ဂုဏ်ပြု ကျေးဇူးတင်ရမယ်။

ဒြပ်ရှိယဉ်ကျေးမှု (Tangible Culture) ဖြစ်တဲ့ ပုဂံရှေးဟောင်းဘုရားများကို တန်ဘိုးထားရမယ်။ ဒီလိုပဲ၊ ရှေးလူကြီးတွေရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု (Intangible Culture) စေတနာတွေကိုလည်း ဂုဏ်ယူ တန်ဘိုးထားတတ်ရမယ်။ ဒါမှ ယဥ်ကျေးမှုမြတ်နိုးသူ အမှန်ဖြစ်မယ်။

မြန်မာ့ယဥ်ကျေးမှုများ အမှန်သိကာ
တန်ဘိုးအမှန်များ စောင့်ရှောက်နိုင်ကြပါစေ။

🇲🇲
#မြန်မာ့ခရီးသည်
22.1.2020
(Old Post)

note: လွှကြောင်းများနှင့်တကွ ဖျက်ထုတ်ခံခဲ့ရတယ့် အတွင်းနံရံရှိ နံရံဆေးပန်းချီများအား ထိခိုက်မှာစိုးသဖြင့် ဓာတ်ပုံရိုက်ခွင့် မရှိပါ။ ကိုယ်တိုင်သာ ဝင်ရောက် ကြည့်ရှုနိုင်ပါကြောင်း။

ရွှေစျေး ဒေါ်လာစျေး နှင့် Cloud Trade- ရွှေစျေး ဒေါ်လာစျေး တက်ရတဲ့အကြောင်းအမျိုးမျိုး သုံးသပ်ကြတာ တွေ့မိတယ်။ ဗဟုသုတဖြစ်စ...
29/09/2021

ရွှေစျေး ဒေါ်လာစျေး နှင့် Cloud Trade

- ရွှေစျေး ဒေါ်လာစျေး တက်ရတဲ့အကြောင်းအမျိုးမျိုး သုံးသပ်ကြတာ တွေ့မိတယ်။ ဗဟုသုတဖြစ်စေတာမို့ မျှဝေသူတွေကို ကျေးဇူးတင်ပါတယ်။ မြန်မာ့စီးပွားရေး ဟန်ပန်တစ်ခုကိုလည်း သတိရစေချင်ပါတယ်။ Cloud Trade ပါ။

- လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရန်ကုန်အစွန် မြေနေရာအချို့မှာ မြေတစ်ကွက် (၄၀' x ၆၀') ကို သိန်း ၁၅၀ - ၂၀၀ ဖြစ်ခဲ့တယ်။ တစ်ရက် နှစ်ရက်လေး စောင့်ရုံနဲ့ ၄ သိန်း ၅ သိန်း အမြတ်တင် ရောင်းနိုင်ခဲ့ကြတယ်။ ဒီမြေကွက်တွေဟာ မြေထဲမှထွက်ကုန်အရဖြစ်စေ၊ မြေနေရာ အရပ်ကြောင့်ဖြစ်စေ၊ ဘယ်လိုနည်းနဲ့မှ အကျိုးအမြတ် တန်အောင်ရှာရဖို့ (လုံးဝ) မဖြစ်နိုင်ပေမယ့် ..(သိသိကြီးနဲ့ကို) စတော့ ကစားသလို ကစားနေခဲ့ကြတယ်။ Virtual Pseudo Stock ပုံစုံဖြစ်ပေမယ့် ရောင်းဝယ် သွက်ခဲ့ကြတယ်။

- ဒါဟာ သက်သေတစ်ခုအနေနဲ့ ဘာပြသလဲဆိုရင် အထူးသဖြင့် မြန်မာ့လူလတ်တန်းစားတွေ စီးပွားရေးလုပ် ငွေရှာတဲ့အခါ လေထဲက တိမ်စိုင်ကို စျေးကွက်လုပ်ပြီး ရောင်းဝယ်နေကြတဲ့ ပုံစံမျိုးလို့ ပြောလို့ရတယ်။ ဒါကို သုတေသီအချို့က Cloud Trade လို့ ခေါ်ကြတယ်။ (Economy စီးပွားရေး လို့ပင် မသုံးနိုင်သေးပါ)

- ဒါဟာ " ရောင်းသူကျေနပ်၊ ဝယ်သူနှစ်သက် " စံ ပါတဲ့အတွက် စစ်မှန်တဲ့စျေးကွက် Genuine Market လို့တော့ ပြောလို့ရပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့စီးပွားရေး Genuine Economy တော့ မဖြစ်၊ မဟုတ်ပါ။ ရေးခဲ့တဲ့ အပေါ်ဖြစ်စဥ် မြန်မာ့မြေ ရောင်းဝယ်တုန်းက အဓိက (Marketing) နယ်ပယ်တစ်ခုတည်းနဲ့ ငွေရှာခဲ့ကြတာဖြစ်ပြီး Cloud Trade အဆင့်ဆိုတာကို သတိရှိအပ်ပါတယ်။

- နိုင်ငံတစ်ခု Economy စီးပွားရေး အဆင့်မှီဖို့ဆိုရင် သူ့ရဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ Marketing စျေးကွက်၊ Trade ရောင်းဝယ်ရေး၊ Commercail ကူးသန်းရောင်းဝယ်ရေး၊ Finance ဘဏ္ဍာရေး မှသည် Logistics. ... စတဲ့ အရာတွေအားလုံး ဆက်စပ်တတ်ရမယ်။ ဆက်စပ်နိုင်ရမယ်။ တစ်ခုခြင်းစီကလည်း Genuine စစ်မှန်ရမယ်။ Cloud တွေ၊ နည်းပါးရမယ်။ ဒါမှသာ Genuine Economy စစ်မှန်တဲ့ စီးပွားရေးပုံစံ ရရှိမယ်။ ယေဘုယျအားဖြင့် မြန်မာ့စီးပွားရေးဟာ Genuine Economy ပုံစံ မရှိတာကို ဝမ်းနည်းဖွယ် သတိပြုမိတယ်။

- တစ်နည်းပြောရရင်လည်း ဒေါ်လာစျေး ရွှေစျေး အပါအဝင် လောင်စာဆီစျေး စတဲ့ အထွေထွေ စျေးတက်လာမှုဟာ မြန်မာအများစုရဲ့ Customer Psychology က အဓိက ပံ့ပိုးနေတာ တွေ့ရတယ်။ ဒါ့ပြင် (အခြား Factors အချက်အလက်များလည်း ပါတာ မငြင်းပေမယ့်) မြန်မာအများစုအတွက်တော့ Market Psychology ကသာ လွှမ်းမိုးနေတာကို တွေ့ရတယ်။

ဒီတွက် မြန်မာပြည်အနေနဲ့

မည်သူပဲ အုပ်ချုပ်အုပ်ချုပ်
မည်သည့်ခေတ်ပဲ ရောက်ရောက်...

ဒီအချက်တွေကိုပါ တည်ငြိမ်အောင် လုပ်ပေးနိုင်မှသာ Bubble Economy ပူဖောင်းစီးပွားရေး၊ Cloud Economy တိမ်စိုင်စီးပွားရေး ..စတဲ့ ဒီလိုမူမမှန်တဲ့ စိးပွားရေးပုံစံတွေကင်းလွတ်တဲ့ Genuine Economy စစ်မှန်တဲ့စီးပွားရေး မြန်မာပြည်မှာ ဖြစ်ထွန်းနိုင်ပါလိမ့်မယ်။

🇲🇲
#မြန်မာ့ခရီးသည်
29.9.2021

https://t.me/Mgmaung969/3319

သမိုင်း နဲ့ ရှေးဟောင်း (History & Archaeology)ဒီ ၂ ခုက ဆင်သယောင်နဲ့ ကွဲပါတယ်။ ချဉ်းကပ်ပုံခြင်းလည်း ကွာတယ်။ သမိုင်းတန်ဖို...
27/09/2021

သမိုင်း နဲ့ ရှေးဟောင်း (History & Archaeology)

ဒီ ၂ ခုက ဆင်သယောင်နဲ့ ကွဲပါတယ်။ ချဉ်းကပ်ပုံခြင်းလည်း ကွာတယ်။ သမိုင်းတန်ဖိုးက စာပေအရေးအသားအထောက်အထားပေါ်မှာ မူတည်ပါတယ်။

လူ့ဘဝမှာ စာပေအထောက်အထား ရေးထိုးတတ်ကြတဲ့အချိန် သိပ်မရှိပါဘူး။ နန်းတက် နန်းတည် မြို့တည် အလှူနဲ့ နာရေး ကိစ္စတွေမှာ ရေးထိုးကြပါတယ်။ ဒါဟာ လူ့ဘဝရဲ့အစိတ်အပိုင်း အပုံ၁၀၀မှာ တစ်ပုံပဲရှိတယ်လို့ ဆိုပါတယ် ။

သမိုင်းမှာ ရာဇဝင်တွေဟာ ဘယ်လောက်တိကျ လည်း မြေပြင်အထောက်အထားတွေနဲ့ညှိနှိုင်းပြီး မှန်မမှန် သုံးသပ်ရပါတယ်။ ရာဇဝင်သမိုင်းတွေထဲမှာ မြို့တစ်မြို့တည်တာ နတ်တွေနဂါးတွေနဲ့ ဆိုပေမယ့် ရှေးဟောင်းသုတေသနဆိုင်ရာတူးဖော်ကြည့်ရင် လူသားတွေ ပင်ပင်ပန်းပန်းနဲ့ ရွံ့တွေမြေစေးတွေခူး၊ အုတ်ဖုတ်။ ဒီလိုအုတ်တွေဖုတ်ဖို့ လောင်စာအနေနဲ့ထင်းတွေလို၊ ထင်းတွေရပြန်တော့လည်း အုတ်ဖုတ်ရာမှာ အပူရှိန် လွန်မသွားအောင် နည်းပညာလိုပြန်ပါတယ်။ သံတွေဆိုလည်း လှံပျံမပြောနဲ့၊ အိမ်ဆောက်ဖို့ သံချောင်းလေးရဖို့ သံအရိုင်းတုံးရလာမယ့် မဂနိအောက်ဆိုက်ထွက်ရာမြေလွှာ၊ ပြီးတော့ ဒီမြေလွှာကို ကြိုချက်ဖို့ သံချက်ဖို၊ သံစိမ်းအရိုင်းထွက်လာရင်လည်း အရည်အသွေးကောင်းဖို့နည်းပညာ။ နောက်လိုချင်တဲ့ကုန်ချောထုတ်ဖို့ ပန်းဘဲဖို၊ အဲ့ဒီကနေ ကာကွယ်ရေး တည်ဆောက်ရေး စိုက်ပျိုးရေးစတဲ့ လက်နက်တွေကိုထုတ်၊ လူသားတွေ ပင်ပန်းလိုက်ကြတဲ့ဖြစ်ခြင်းပါ။

အိုးတွေလည်း ဒီလိုပဲ။ ရာဇဝင်သမိုင်းတွေထဲကလို နတ်တွေနဂါးတွေ ဖန်ဆင်းခြင်းထက် လူတွေကပဲသွေးချွေး အချိန် လုံ့လ ဇွဲနဘဲနဲ့ သူတို့ခေတ်ရဲ့လိုအပ်မှုတိုင်းကို လုပ်ဆောင်နေကြရတာကြီးပါပဲ။ ဒီလုပ်ဆောင်ချက် အဆင့်ဆင့်တွေတိုင်းမှာ သဲလွန်စတွေကျန်နေကြမယ်။ ဒီအဆင့်ဆင့်တိုင်းကို ဘယ်သူမှ ကျောက်ထက်အက္ခရာ မတင်။ ရှေးဟောင်းသုတေသနပညာရပ်နည်းဖြင့်သာ ရှာဖွေဖော်ထုတ် အဖြေရှာကြရပါတယ် ။

ဒါဟာ လူဘဝရဲ့အပုံတစ်ရာမှာ ၉၉ ပုံပါပဲ။ မြို့ဟောင်းတစ်ခုမှာ ဘာကျောက်စာ ဘာစာပေအရေးအသားမှ မတွေ့ရရင် အပုံတစ်ရာထဲက တစ်ပုံမရှိတာ။ ဒါဆို ကျန်တဲ့ ၉၉ ပုံကို ရှေးဟောင်းသုတေ သနနည်းနဲ့ ရှာရပါတယ်။ ဒါဆို အိုးခြမ်းပဲ့ အကွဲကစချဉ်းကပ်မယ်။ ဒီအိုးကွဲမှာ ပုံစံ ဒီဇိုင်း လုပ်နည်း အလှဆင်ပုံ အရောင် မီးအပူရှိန် စသဖြင့် ဒီမြို့ဟောင်းရဲ့လူမှုအဖွဲ့အစည်းရဲ့အဆင့်အတန်းကိုသိရှိရပါမယ်။ ဒါပေမယ့် ဒီအိုးကို ဘယ်ဘုရင်က လုပ်ခဲ့တယ်။ ဦးဘယ်သူရဲ့သားကလုပ်တယ်ဆိုတာတော့ စာပေအရေးအသားအထောက်အထား အိုးပေါ်မှာမရေးထားလို့ ဒီအိုးသမိုင်းရာဇဝင်ကို သိရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် သုတေသနပြုတဲ့အခါမှာ သမိုင်း နဲ့ရှေးဟောင်းဟာ တူသလိုနဲ့ ကွဲပြားပါတယ် ။

သမိုင်းမတင်မီ စာပေအရေးအသားမပေါ်မီယဉ်ကျေးမှုဖြစ်စဉ်တွေအတွက် ရှေးဟောင်းသုတေ သန လုပ်ငန်းဟာ လူ့ဘဝရဲ့၉၉ ရာခိုင်နှုန်းကို ရသလောက် ဆယ််ယူနေရခြင်းပဲဖြစ်ပါတယ်။ တကယ်တော့ ဓါတ်ခွဲခန်းတွေအသုံးမပြုနိုင်တဲ့သုတေသနဟာ ၉၉ ရာခိုင်နှုံးမှာ ၁၀ရာခိုင်နှုန်းလောက်သာ သူတို့ဖြစ်စဉ်တွေကို ပြန်ပြောနိုင်ကြတာပါ။ ကျန်တာတွေကတော့ စိတ်ကူးနဲ့ ထင်တာတွေလျောက်ပြောကြခြင်းသာ ဖြစ်ပါလိမ့်မယ်။



မူရင်း ကို Kyaw Myo Win

26/09/2021

ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် စိတ်ချစွာ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၁၂)နှင့်အထက် ကလေးများအား စီနိုဖန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်သွားမည်

🙏 မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာတံတိုင်းများ 🙏မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုဖြစ်စဉ်ကိုလေ့လာတဲ့အခါ ကျောက် ကြေး သံ ပျူ ပုဂံ စသဖြင့် ...
25/09/2021

🙏 မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာတံတိုင်းများ 🙏

မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုဖြစ်စဉ်ကိုလေ့လာတဲ့အခါ ကျောက် ကြေး သံ ပျူ ပုဂံ စသဖြင့် ရှေးဟော င်းသုတေသန တူးဖော်မှုအထောက်အထားများအရ အစီစဉ်ကျ စွာရှိပါတယ်။

ကျောက်ခေတ်ကနေ ကြေးခေတ်အထိ အလေ့အထဓလေ့တွေနဲ့ သွားနေတာ တွေ့ရတယ်။ သံခေတ်ကနေ ပျူခေတ် အချိန်း အပြောင်းကာလမှာတော့ ယုံကြည်သက်ဝင်မှုတွေ တစ်စ တစ်စ ပြောင်းလဲလာတာကို တွေ့ရပါတယ်။ ထုံးတမ်းဓလေ့တွေကနေ ခိုင်မာတဲ့ဘာသာရေးဘက်ကို စတင်သက်ရောက်မှုတွေ ရှိလာပါတယ်။ ဒီနေရာမှာ ဝင်ရောက်လွှမ်းမိုးဖို့ အပြိုင်အဆိုင်ကျိုးစားအားထုတ်မှုများကလည်း တူးဖော်တွေ့ရှိရတဲ့ အထောက်အထားများအရ ငြင်းမရပါဘူး။

ဒါပေမယ့် ဗုဒ္ဓဘာသာကို ပီပီပြင်ပြင် သက် ဝင်ယုံကြည်လာတဲ့အထောက်အထားပေါင်း မြောက်များစွာကတော့ သရေခေတ္တရာမြို့ဟောင်းကြီးကို စနစ်တကျ တူးဖော်သုတေသနပြုပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာမျိုးစေ့ကို အခိုင်အမာ စိုက်ပျိုးပေးနိုင်ခဲ့ကြောင်း သိရှိလာရပါတော့တယ်။

ဒါဟာ အရှေ့တောင်အာရှရဲ့အစောဆုံးသော ဗုဒ္ဓဘာသာအုတ်မြစ်ကို ပျူလူမျိုးတို့စတင်ချပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီကာလတွေမှာ အခြား အားပြိုင်လွှမ်းမိုးမှုမျာလည်း ရှိပါလိမ့်မယ်။ ပျူမြို့ဟောင်းများကို တူးဖော်သုတေသနပြုတဲ့အခါ သရေခေတ္တရာ
မြို့ဟောင်းကြီးလောက် ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ အမယ်စုံအောင်ရှိတဲ့မြို့ဟောင်းတစ်ခုမှ မရှိပါဘူး။ အမယ်စုံတယ်ဆိုတဲ့နေရာမှာ တစ်ခုခြင်းစီထုတ်နှုတ်ပြရင် standing monuments လို့ခေါ်တဲ့ ကြီးမားလှတဲ့စေတီပုထိုးတွေရှိတယ်။ ဗုဒ္ဓဘာသာစာပေနဲ့ပတ်သက်တဲ့ ကျောက်စာချပ်တွေအမြောက်အများရှိတယ်။ သဲကျောက်မှာ ထွင်းထုထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေရှိတယ်။ တစ်ချို့ရုပ်ပွားတော်ထုလုပ်ထားတဲ့ ကျောက်တုံးကြီးများဆို ကြီးမားလွန်းလို့ မရွေ့မပြောင်းနိုင်ပဲ မူလနေရာမှာပင် အမိုးအကာပြုလုပ် ထိန်းသိမ်းထားရတာ အများကြီးပါပဲ။ ဥပမာ ကျောက်ကာသိမ်ကျောက်ချပ်တွေ၊ ထူပါရုံကျောက်ချပ်ကြီးတွေ ၊ ဖိုးခေါင်ကန်ကျောက်ချပ်ကြီးများဟာ မြန်မာနိုင်ငံရဲ့ အစောဆုံး ဗုဒ္ဓဘာသာ အုတ်မြစ်ပန္နက်များပဲဖြစ်ပါတယ်။

ဒါ့ပြင် ရွှေနဲ့ပတ်သက်ရင် ခင်ဘကုန်းကတူးဖော်တွေ့ရှိရတဲ့ ရွှေပေလွှာအချပ်နှစ်ဆယ်ကလည်း ဗုဒ္ဓဘာသာနဲ့ပတ်သက်နေတာပါပဲ။ ငွေနဲ့ပတ်သက်ရင်လည်း ဗုဒ္ဓရုပ်ထု ဖောင်းကြွရုပ်ပါတဲ့ ငွေကြုပ်ရရှိခဲ့တာပါပဲ။ ခင်ဘကုန်းရဲ့ ဌာပနာတိုက်ကိုဖုံးတဲ့ သဲကျောက်ပြားချပ်ကြီးနှစ်ချပ်မှာ ဗုဒ္ဓရုပ်ထုများအောက်ခြေမှာထွင်းထုထားသလို အပေါ်ပိုင်းမှာ ဗုဒ္ဓဘာသာရဲ့အစောပိုင်းစေတီပုံစံများကို သဲလွန်စ ရစေပါတယ်။

သရေခေတ္တရာမြို့ဟောင်းရှိ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် အစောပိုင်း စေတီပုထိုးတွေ့ရှိရမှုအနေဖြင့် သရေခေတ္တရာ တူးဖော်မှုကုန်းအမှတ် ၅၁ ဟာ အတော်လေးစောသည့်ပုံစံဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ပန္နက်ပုံအနေနဲ့ ဗိဿနိုးတူးဖော်မှုကုန်းအမှတ် kkg ၁၄ နဲ့ ၁၈ တို့လို မိုင်းမော တူးဖော်မှုကုန်းအမှတ်၇၊ ဂ၊ ၁၄ ၊ ၁၅ ၊ ၁၆ ၊ ၂၀ ဟံလင်း ကုန်းအမှတ် ၁၃ တို့လို လေးဒေါင့်ပုံပန္နက်အုတ်ခုံအတွင်းမှာ အဝိုင်းပုံ စေတီလုံး တည်ဆောက်ထားတဲ့ပုစံပါပဲ။

အဲဒီ ပန္နက်နှစ်ခုရဲ့ကြားကိုတော့ မြေကို ကျစ်လစ်အောင် ထုထောင်းထားပြီး ပစ္စယံအဆင့် ပြုလုပ်ထားပါတယ်။ ထူးခြားမှုကတော့ လှေခါးမ တွေ့ရှိရတာပါပဲ။ သရေခေတ္တရာမှာရှိတဲ့ မသီးကျကုန်းနဲ့ ခင်ဘကုန်းတို့ကတော့ ကုန်းအမှတ် ၅၁ ထက် နောက်ကျပုံရပါတယ်။ ဘာကြောင့်ဒီလိုပြောရသလဲဆိုရင် ယခုနှစ်နောက်ဆုံးတူးဖော်တွေ့ရှိချက်အရ ခင်ဘကုန်းမှာရှိတဲ့ အဆောက်အုံပန္နက်ပုံစံဟာ မသီးကျကုန်းပုံစံနဲ့တစ်ထပ်ထည်း တူညီနေပြီး အဆောက်အုံကို တွဲဆက်ထားတဲ့ လှေခါးလေးဘက် ပါဝင်နေလို့ပဲဖြစ်ပါတယ်။

တည်ဆောက်မှု ဗိသုကာပညာမှာ အတော်သင့်ကောင်းမွန်ပြီး အဆောက်အုံပတ်လည်တစ်လျှောက်လည်း မြေမီးဖုတ်ရုပ်လုံးရုပ်ကြွများနဲ့ တန်ဆာဆင်ထားပါတယ်။ ယခု လောလောလတ်လတ် တူးဖော်သုတေသနပြုထားတဲ့ ခင်ဘကုန်းဟာ မသီးကျကုန်းထက် နှစ်ဆ သုံးဆလောက်ကြီးမားပါတယ်။ တည်ဆောက်မှုစနစ်နဲ့ အုတ်အမျိုးအစားအသုံးပြုမှု လှေခါးဝင်စနစ်စတာတွေဟာ အတူတူပဲဖြစ်ပါတယ် ။

မိုင်းမောမြို့ဟောင်းကြီးကတွေ့ရှိရတဲ့ အဝိုင်းပုံပါပန္နက်များမှာ လှေခါးနှစ်ဖက်ပဲ ပါရှိကြပါတယ်။ ထူးခြားတာကတော့ ဗိဿနိုးနဲ့ဟံလင်းပန္နက်တွေမှာတော့ လှေခါး တစ်ဖက်စီသာ ပါရှိကြပါတယ်။ ရှားရှားပါးပါး မိုင်းမော ကုန်းအမှတ် ၇ နဲ့ ၁၄ ကတော့ လှေခါးတစ်ဖက်စီပဲ ပါဝင်ပြီး ဗိဿနိုးကုန်းအမှတ် ၁၄၊ ၁၈ ဟံလင်းကုန်းအမှတ် ၁၃ တို့နဲ့ အတော်ဆင်တူပါတယ်။ ဒါဆိုရင် လှေခါးတစ်ဆင်းမှ မပါတဲ့ သရေခေတ္တရာကုန်းအမှတ် ၅၁ ဟာ အထက်ကဖော်ပြခဲ့တဲ့ အဆောက်အုံတွေထက် ဖွဲ့စည်းတည်ဆောက်မှုပုံစံအရ ပိုမိုစောတယ်လို့ ဆိုနိုင်ပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံကို အစောပိုင်း စေတီပုထိုးများ တည်ဆောက်နိုင်ဖို့ ဒီနေရာတွေမှာ တစ်ခေတ်ထဲတည်ဆောက်ခဲ့ကြလေသလား စဉ်းစားစရာပါပဲ။

မိုင်းမောမြို့ဟောင်းက တူးဖော်မှုကုန်းအမှတ် ၈၊ ၁၅၊ ၂၀ တို့ဟာ လှေခါးလေးဖက် မပါတာကလွဲလို့ သရေခေတ္တရာ မသီးကျကုန်းနဲ့ ခင်ဘကုန်းတို့နဲ့ အတော်လေးဆင်တူပါတယ်။ ပန်းရံဆရာက ကျောင်းတစ်ကျောင်းတည်း ဆင်းလာသလားတောင် ပြောရမလိုပါပဲ။

သရေခေတ္တရာရဲ့ ညဏ်တော်မြင့်မားလှတဲ့
ဘောဘောကြီး၊ ဘုရားမာ ၊ ဘုရားကြီးတို့ရဲ့ ရှေ့ပြေးစေတီများလို့ ယူဆနိုင်ပြီး အစောပိုင်းစေတီတွေနဲ့ ယှဉ်တွဲတွေ့ရှိရတဲ့ ရုပ်လုံးရုပ်ကြွ အခြားယုံကြည်မှုများလည်း လွှမ်းမိုးနေကြောင်း တွေ့ရှိရပါတယ်။ ဒါပေမယ့် အားကောင်းသောဗုဒ္ဓဘာသာကို စတင်ရရှိနေပြီဆိုတာကိုတော့ ခင်ဘကုန်းရွှေပေချပ်၂၀ နဲ့ ဌာပနာတိုက်ဖုံးကျောက်ပြားတို့က ခိုင်မာတဲ့ သက်သေတွေပါပဲ ။

မြန်မာနိုင်ငံထဲကို ဗုဒ္ဓဘာသာစတင်ရောက်ရှိလာပုံကို တွေးတောကြံဆကြရာမှာ မတူညီကြတဲ့ အယူအဆမျိုးစုံရှိပါတယ်။ ဘယ်လိုအယူအဆများ မျိုးစုံအောင်ရှိနေပါစေ။ လွယ်လွယ်ကူကူနဲ့တော့ ရောက်ရှိလာတာမဟုတ်ပါဘူး။ ကြေးခေတ် သံခေတ် ထွန်းကားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ စမုံမြစ်ဝှမ်း မူးမြစ်ဝှမ်းတို့မှာ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်တွေ့ရှိချက်များအရ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်တဲ့ အထောက်အထား ယခုထိ မတွေ့ရှိရသေးပါဘူး။ ဒီလူမူအဖွဲ့အစည်းများအနေနဲ့လည်း အကြီးအကဲအုပ်ချုပ်တဲ့အဆင့်( chiefdoms ) ဖြစ်ပြီး ဓလေ့များနဲ့သာသူတို့ရဲ့လူမှုဘဝကို ရှင်သန်နေထိုင် နေခဲ့ကြပါတယ်။

စားနပ်ရိက္ခာကို ဗဟိုပြုလို့ ကျန်တဲ့စီမံခန့်မှုအစီစဉ်များကို ရေရရှိတဲ့ပေါ်မူတည်ပြီး ပြု ပြင်ပြောင်းလဲလာပါတယ်။ စိုက်ပျိုးတဲ့အပိုင်းမှာ ရေကို လွယ်ကူစွာ ရရှိတဲ့နေရာတွေမှာရှာဖွေနေထိုင်ကြပြီး ကုန်ထုတ်လုပ်မှုအပိုင်းကိုအကြောင်းပြုလို့ နည်းပညာပိုင်းများကလည်း အတွေ့အကြုံများလာတာနဲ့အမျှ တိုးတက် ပြောင်းလဲလာပါတယ်။ စမုံမြစ်ဝှမ်းတစ်လျှောက် မူးမြစ်ဝှမ်းတစ်လျှောက် ယခု တောင်တွင်းကနေ မြို့သစ်နတ်မောက် ကျောက်ပန်းတောင်းတစ်လျှောက်လည်း ကြေးခေတ် သံခေတ်အခြေချခဲ့မှုများကို တွေ့ရှိထားတာ အများအပြားပါပဲ။

ကျွန်တော့်အမြင်ပြောရရင် အထက်မြန်မာပြည် အလယ်ပိုင်း ချောင်းတွေ မြစ်တွေနဲ့ မနီးမဝေးနေရာတိုင်းမှာဒီအထောက်အထားတွေ အများအပြား ရှိနေကြမှာပါ။ အစုအလိုက် အဖွဲ့လိုက်နေထိုင်တဲ့စနစ် စိုက် ပျိုးရေးကို အခြေခံလို့ ကျေးရွာကြီးများထူထောင်လို့ ယဉ်ကျေးမှုဖြစ်စဉ် နောက်တဆင့်တက်ဖို့ အားယူနေကြတဲ့ လူမှုအဖွဲ့အစည်းများပဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ဘာသာရေးအနေနဲ့ သိပ်ရှိခဲ့မယ် မထင်ပါဘူး။

တူးဖော်တွေ့ရှိချက်တွေအရ သချိုင်းတွေသာရှိခဲ့လို့ သူတို့ရဲ့မြုပ်နှံတဲ့စနစ်တွေသာ ရ ရှိခဲ့ပါတယ်။ သူတို့ ဘာလူမျိုးတွေ၊ သူတို့ ဘာတွေစားသုံးတယ်၊ သူတို့ဘာတွေဝတ်ခဲ့တယ်၊ သူတို့ ဘယ်လိုအိမ်မျိုး ဘယ်ပုံစံနဲ့နေခဲ့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးကအစ ဆက်လက် ဖော်ထုတ်ရအုန်းမှာပါ။ သူတို့ရဲ့ သချိုင်းတွေကရရှိတဲ့ အိုးတွေ ပုတီးတွေ လက်နက်တွေကိုကြည့်ပြီး မပြည့်စုံတဲ့ လူမှုအဖွဲ့စည်းအစိတ်အပိုင်းသာ အနဲငယ်မျှပြောနိုင်ပါတယ်။

နွားထိုးကြီးမြို့နယ်အတွင်းမှာ တည်ရှိတဲ့ ဝတီးမြို့ဟောင်းကို တူးဖော်တဲ့အခါ မြို့ပြစနစ်ဘက်ကို အားယူကူးပြောင်းနေတဲ့ အထောက်အထားများကို တွေ့ရှိရပါတယ်။ ဒါကို semi urban လို့ တင်စားနိုင်ပါတယ်။ ဘာလို့ ဒီလိုပြောရလည်းဆိုရင် သူ့မှာမြို့ရိုးပုံစံအဝန်း အဝိုင်းတွေပြုလုပ်လာပြီ။ ဒါပေမယ့် အုတ်အရွယ်အစားတွေ မညီမညာပါပဲအုတ်စီးအုတ်နင်းတွေ လုံးဝ မသပ်ရပ်ပါဘူး။ ဒါ့ပြင် အုတ်တွေကို သဘာဝကထွက်တဲ့ သဲကျောက်ပြားတွေနဲ့ ရောညှပ် အသုံးပြုထားတာပါပဲ။ ဒီထက်စိတ်ဝင်စားစရာက လူတွေကို အကောင်လိုက် မြုပ်နေတုန်းဆိုတာပါပဲ ။

ဝတီးမြို့ဟောင်းကို ရှေးဟောင်းသုတေသနဦးစီးဌာနက ၂၀၀၉ ခုနှစ်က စတင်တူးဖော် သုတေသနပြုခဲ့ပါတယ်။ ကောင်းကင်ဓါတ်ပုံကကြည့်ရင် မြေပြင်မှာ မြင်နေရတဲ့အဝန်းအဝိုင်းဟာ တကယ်တူးဖော်ကြည့်တဲ့အခါ မြေမြို့ရိုး ဖြစ်နေပါတယ်။ ဒီမြို့ရိုးရဲ့ဝန်းကျင်မှာ အုတ်ခဲကျိုးတွေ အနှံ့အပြားရှိနေပေမယ့် တကယ်တူးကြည့်တဲ့အခါ မြေမြို့ရိုးဖြစ်နေလို့ ဒီအုတ်ခဲကျိုးတွေ ဘယ်ကလာသလည်း အဖြေရှာရပါတော့တယ်။ ဒါနဲ့မြေ မြို့ရိုးကနေ အပြင်ဘက်ကျုံးလို့ ယူဆရတဲ့နေရာကို ဖြတ်ပြီး တူးကြည့်တဲ့အခါ အပြင်ဘက် ၂၅ ပေအကွာ မြေအနက် ၄ ပေလောက်မှာ အုတ်ခဲကျိုးတွေ အထပ်လိုက် အထပ်လိုက် ပေါ်လာပါတော့တယ်။ အောက်ကို အုတ်ခဲကျိုးရောမြေလွှာ ကုန်သည်အထိ တူးဖော်ကြည့်တဲ့အခါ တူးတဲ့သူရဲ့ တစ်ရပ်စာမြုပ်သွားပြီး မြေအောက်ကို ၁၀ ပေ အနက်အထိ အုတ်ခဲကျိုးထုထည် မကုန်သေးပါဘူး။ ထူးခြားမှုအနေနဲ့ အုတ်ခဲကျိုးများကြားမှာ သဘာဝထွက် သဲကျောက်တုံးအပြားများကိုပါ တွေ့ရှိရပါတယ်။ ဒါက ဘာနဲ့သွားတူနေသလဲဆိုရင် ၂၀၁၄ ခုနှစ် စစ်တောင်းမြစ်ဝှမ်းဒေသ အရက်သမ ဝင်းကကိုတူးတဲ့အခါ အဆောက်အုံများကို ဒေသထွက်နှမ်းဖတ်ကျောက်တွေနဲ့ အုတ်တွေကို ရောညှပ်စီထည့်ထားတဲ့ပုစံနဲ့ သွားတူနေတာကို တွေ့ရှိရပါတယ်။

ဝတီးမြို့ရိုးကြီးရဲ့ အရပ်မျက်နှာ အနှံ့ ၆ နေရာ ရွေးချယ်လို့ စမ်းသပ်ကျင်းများ တူးဖော်ကြည့်တဲ့အခါ မြေမြို့ရိုးရဲ့အပြင် ၂၅ ပေ အကွာ မြေအောက် ၄ ပေ ခန့်မှာပဲ ထုထည်ကြီးမားတဲ့ အုတ်မြို့ရိုးကြီး တစ်ပတ်ချာလည်ရှိနေကြောင်း သိရပါတော့တယ်။

ဒီလိုထူးခြားတဲ့ လက္ခဏာကို ဝတီးမြို့ဟောင်းက ပေးနေပါတယ်။ ဒါဆို အပေါ်ကမြေမြို့ရိုးက နောက်ကျနေတယ်လို့ ယူဆရပါမယ်။ ဒါဆို မြေထဲမှာရှိနေတဲ့ အုတ်ရိုးထုထည်ကြီးဟာ အစောပိုင်းကာလများကိုညွှန်းဆိုနေပါတယ်။ အုတ်ချပ်တွေကို လေ့လာတဲ့အခါ အရွယ်အစားတွေဟာ သေးတဲ့အုတ်ကသေး၊ ကြီးမားတဲ့အုတ်က ကြီးမားကြတယ်။ အရွယ်အစားတွေ တူညီမှု မရှိပဲ အမျိုးမျိုး ကွဲပြားနေပါတယ်။ ထူးခြားတာကတော့ အုတ်ခဲကျိုး ထုထည်ဟာ သဘာဝမြေလွှာ ရောက်သွားသည်အထိ အုတ်လွှားအကောင်းတိုင်း စီစီရီရီ မကျန်တော့တာပါပဲ အခြားစမ်းတူးထားတဲ့ ၆ နေရာလည်း အတူတူပါပဲ။ ဒီလဏ္ခာပါပဲ။ မြို့ရိုးတည်ဆောက်မှု အန်မတန်ညံ့ဖြင်းတဲ့အတွက် အုတ်မြစ်ပါမကျန်အောင် ဖြစ်နေတဲ့အချက်က အတော်လေးထူးခြားပါတယ်။ စတည်ဆောက်ကတည်းက အုတ်ရိုးမစီပဲ တစ်ပတ်ချာလုံး အုတ်ခဲပုံပြီး ကာရံခဲ့သလား တွေးစရာ ဖြစ်ရပါတယ်။ ဝတီးမှာ အဆောက်အုံတွေ့ရှိမှု အင်မတန်နဲပါတယ်။ မရှိသလောက်ပါပဲ။ ဘာသာရေးနဲ့ပတ်သက်လို့ စိုးစဉ်းမျှတောင် မတွေ့ရပါဘူး။ အိုးခွက်တွေဟာ သံခေတ် အိုးခွက်တွေလို အဆင်တန်ဆာ မပါသလောက်နည်းပါးပြီး ပြောင်တွေ များတယ်။ ဝတီးမြို့ဟောင်းရဲ့ အရှေ့ဘက် ၃၅ မိုင်ခန့်အကွာ ကျောက်ဆည်လွင်ပြင်ထဲမှာ မိုင်းမောမြို့ဟောင်း တည်ရှိနေပါတယ်။ ဘာသာရေးနဲ့ပတ်သက်လို့ အထက်ကဖော်ပြရေးသားခဲ့သလို တူးဖော်သမျှ ကုန်းတွေဟာ အစောပိုင်း စေတီပုစံများ ရှိပါတယ်။ မိုင်းမောမြို့ဟောင်းရဲ့အခိုင်မာဆုံးသော ဗုဒ္ဓဘာသာအထောက်အထားအနေနဲ့ (၂၇.၅.၂၀၀၅) ရက်နေ့မှာ နွားကျောင်းရင်းတွေ့ရှိခဲ့တဲ့ အထောက်အထားတွေပါပဲ။

ဒါတွေကတော့ . . .

(၁)ဥာဏ်တော် ၄ လက္မရှိ ရွှေဆင်းတု ရွှေချိန် ၇ ကျပ် ၇ ပဲ
(၂)ဥာဏ်တော် ၂.၁၅ လက္မရှိ ရွှေဆင်းတု ရွှေချိန် ၂ ကျပ် ၇ ပဲ
(၃)ဥာဏ်တော် ၂.၇၅ လက္မရှိ ရွှေဆင်းတု ရွှေချိန် ၂ ကျပ် ၉ ပဲ
(၄)ဥာဏ်တော် ၂.၇၅ လက္မရှိ ရွှေဆင်းတု ရွှေချိန် ၁ ကျပ် ၁၂ ပဲ
(၅)ဥာဏ်တော် ၂ လက္မရှိ ရွှေဆင်းတု ရွှေချိန် ၁ ကျပ် ၄ ပဲ
(၆)ဥာဏ်တော် ၂.၂၅ လက္မရှိ ရွှေဆင်းတု ရွှေချိန် ၂ ကျပ် ၁၄ ပဲ
(၇)ဥာဏ်တော် ၂.၇၅ လက္မရှိ ရွှေဆင်းတု ရွှေချိန် ၂ ကျပ် ၉ ပဲ
(၈)ဥာဏ်တော် ၂.၃ လက္မရှိ ရွှေဆင်းတု ရွှေချိန် ၁ ကျပ် ၄ ပဲ
(၉)ဥာဏ်တော် ၂.၅ လက္မရှိ ရွှေဆင်းတု ရွှေချိန် ၂ ကျပ် ၄ ပဲ
(၁၀)ဥာဏ်တော် ၃ လက္မရှိ ရွှေဆင်းတု ရွှေချိန် ၄ ကျပ် ၄ ပဲ
(၁၁)ဥာဏ်တော် ၄ လက္မရှိ ရွှေဆင်းတု ရွှေချိန်
(၁၂)ဥာဏ်တော် ၂.၅ လက္မရှိ ရွှေဆင်းတုဦးခေါင်းနှင့် ငွေကိုယ်ထည် ရွှေချိန် ၁ ကျပ် ၄ ပဲ ငွေဆင်းတု ၄ ဆူ
(၁၃)ငွေစေတီ နှစ်ဆူ
(၁၄)ငွေအောက်ခံ ပလ္လင်ခုံ ၅ ခုတို့ပဲ ဖြစ်ပါတယ်။

ဒီတွေ့ရှိမှု အထောက်အထားဟာ ဗုဒ္ဓဘာသာ ခိုင်မာစွာထွန်းကားခဲ့တဲ့ အထောက်အထားတွေပဲ ဖြစ်ပါတယ်။

ယဉ်ကျေးမှုဖြစ်စဉ်များဟာ ကျွန်တော်တို့လူသားများရဲ့ အတွေ့အကြုံတွေ ကြံရည်ဖန်ရည်တွေ စိန်ခေါ်မှုတွေကို ဖြတ်သန်းလို့ တစ်စတစ်စ ရင့်ကျက်တည်ငြိမ်တဲ့ လမ်းကြောင်းများပေါ်ကို ယုံကြည်မှုအမျိုးမျိုးနဲ့ ရောက်ရှိကြပါတယ်။ ဓလေ့ထုံးတမ်းတွေရဲ့အလေ့အထများက လူသားတစ်ဦးရဲ့ဘဝကို ဘယ်မျှ လုံခြုံမှုပေးနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ခိုင်မာစေပါတယ်။ လက်ခံစေပါတယ်။ ဆက်ခံစေပါတယ်။

ခေတ်တစ်ခုရဲ့ ယဉ်ကျေးမှုစီးကြောင်းဟာ ထုံတမ်းဓလေ့တွေနဲ့ လက်ရှိဘဝတွေကြား သဟဇာတရှိစေမယ့် အနာဂတ်ကာလတွေအတွက် အာမခံမှု အတိမ်အနက်များအပေါ် ဆက်လက်တည်ရှိစေပါတယ်။ ဆက်ခံမှုအပေါ် အပြောင်းအလဲဝါဒ အားပြိုင်မှုများဟာ ခေတ်အဆက်ဆက်ကြုံတွေ့ကြရပါတယ်။ အဲဒီအခါ တွန်းလှန်နိုင်တဲ့ လူမှုအဖွဲ့အစည်းများက တွန်းလှန်နိုင်ခဲ့ကြသလို မတွန်းလှန်နိုင် လွှမ်းမိုးခံခဲ့ရတာတွေလည်း ရှိခဲ့ပါလိမ့်မယ်။ ဒါဟာ အဲဒီခေတ်စနစ်တွေရဲ့ အခြေခံအကြောင်းတရားများအရ ဖြစ်ခဲ့ရတဲ့ ယဉ်ကျေးမှုဖြစ်စဉ်များအတွက် ယခုခေတ်မှာ လက်ရှိယုံကြည်မှုတွေနဲ့ ကွာဟသွားတဲ့အခါ ကွာဟသွားရတဲ့အကြောင်းတရား သာ ရှာဖွေဖော်ထုတ်လို့ နောင်မျိုးဆက်များအတွက် ရှိနေတဲ့ ဓလေ့ကောင်းတွေ
ယုံကြည်ချက်တွေ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ သင်ခန်းစာယူနိုင်ဖို့ပဲ လိုပါတယ်။ ဥပမာအနေနဲ့ ပျူခေတ် လူမှုအဖွဲ့အစည်းဟာ အခြားဝင်လာတဲ့ ဘာသာတရားနဲ့ ဓလေ့တွေကို ကြံ့ကြံ့ခံခဲ့ပါတယ်။ ဗုဒ္ဓအယူဝါဒ တံတိုင်းကို ခိုင်သထက်ခိုင်မာအောင် တည်ဆောက်ခဲ့ပါတယ်။

ပျူမြို့ဟောင်းများကို တူးဖော်သုတေသနပြုလုပ်တဲ့အခါ အခြားဘာသာယုံကြည်မှုနဲ့ပတ်သက်တဲ့အထောက် အထားများလည်း တွေ့ရပါတယ်။ ဒါပေမယ့် အနည်းငယ်မျှသာပါပဲ။ ပျူတွေဟာ ဒါကိုမကြီးထွားလာအောင် မလွှမ်းမိုးလာအောင် ကြံကြံခံနိုင်ခဲ့ကြလို့ ယနေ့မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာအားကောင်းတဲ့ နိုင်ငံတစ်ခုအနေနဲ့ တည်ရှိနေနိုင်ခဲ့တာပါ။ လူမျိူးတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ပျူနဲ့မြန်မာဟာ နှလုံသားခြင်းနီးခဲ့ကြလို့ ပုဂံလိုနေရာမျိုးကို တည်ထောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာမှာ တစ်နေရာမှမရှိတဲ့ စေတီပုထိုးပေါင်းမြောက်များစွာကို တည်ခဲ့ပြီး အခြားဘာသာတရားတို့ရဲ့ လွှမ်းမိုးလာမှုကို စေတီ ပုထိုး တံတိုင်းကြီးနဲ့ ကာရံလို့ ယနေ့ခေတ် လူမှုအဖွဲ့အစည်းကို အမွေ ပေးခဲ့ပါတယ်။ ဆက်လက် ထိန်းသိမ်းနိုင်ကြပါစေ။



photo ..မူလပိုင်ရှင်အား ခရက်ဒစ် ပေးပါတယ် ။

မူရင်း Kyaw Myo Win

သ ရေ ခေ တ္တ ရာ သာ သ နာသရေခေတ္တရာမှာ ထွန်းကားခဲ့တဲ့ ထေရဝါဒ ဗုဒ္ဓသာသနာဟာ နေလိုလလိုပါပဲ နေ့အခါနေမင်းကြီးရှိနေသလို ညအခါ လမင်...
24/09/2021

သ ရေ ခေ တ္တ ရာ သာ သ နာ

သရေခေတ္တရာမှာ ထွန်းကားခဲ့တဲ့ ထေရဝါဒ ဗုဒ္ဓသာသနာဟာ နေလိုလလိုပါပဲ နေ့အခါနေမင်းကြီးရှိနေသလို ညအခါ လမင်းကြီးရှိနေပါတယ် ဘယ်သောအခါမှ မမှေးမှိန် မကွယ်ပျောက်ခဲ့ပါဘူး ယခုထိ သရေခေတ္တရာမြို့ဟောင်းကြီးထဲက ကျေးရွာတွေရဲ့ဒေသခံများက ဆက်လက်ဆက်ခံ ကျင့်သုံးနေကြဆဲပါ။

ရဟန်းခံရှင်ပြုပွဲတွေ၊ ဆွမ်းသိမ်းပွဲတွေ၊ တရားပွဲတွေနဲ့ ဘုရားပွဲတွေစတဲ့ ရိုးရာဓလေ့ပွဲတွေကို ခမ်းနားစွာကျင်းပနေကြတုန်းပါ။

လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်ကျော်က အစပြုခဲ့တဲ့ ဒီနယ်မြေမှာ ဗုဒ္ဓတရားတော်များနဲ့ပတ်သက်လို့ အနှစ်သာရတွေကို ရွှေပေလွှာတွေအပေါ်၊ငွေကြုပ်တွေအပေါ်၊ သဲကျောက်ချပ်ကြီးတွေအပေါ် ထင်ထင်ရှားရှား ထွင်းထိုးခဲ့ကြပြီး ဗုဒ္ဓဘာသာရဲ့ ပန္နက်တွေကို ဘုရားရုပ်ထုကြီးတွေ၊ စေတီကြီးတွေ အဖြစ်ချခဲ့ပါတယ်။

ဒီလိုပန္နက်ချနိုင်ခဲ့တဲ့နေရာမှာ အမယ်လည်းစုံလင်လွန်းပါတယ်၊ ရွှေနဲ့သွန်းလုပ်ထားတဲ့ ဘုရားဆင်းတုတော်တွေ၊ငွေနဲ့လုပ်ထားတဲ့ဆင်းတုတော်တွေအပြင် ၊ကြေးနဲ့ ကျောက်တို့နဲ့ပါ ထုလုပ်ပူဇော်ခဲ့ကြပါတယ်။

ဒါတင်ပဲလားဆို ကျန်ပါသေးတယ် လူတစ်ရပ်ကျော်ထက်မြင့်မားပြီး ကျောက်သားထူထူကြီးတွေအပေါ်မှာ ဘုရားဆင်းတုတော်တွေကို ထွင်းထုခဲ့ကြပြီး စတင်ထားရှိတဲ့အချိန်ကနေ ယနေ့ကာလအထိ ရွေ့ပြောင်းလို့မရနိုင်တဲ့ဗုဒ္ဓဘာသာ ပန္နက်တွေအဖြစ် ထားရှိခဲ့ကြပါတယ်၊ ကျောက္ကာသိမ် ကျောက်ချပ်၊ထူပါရုံကျောက်ချပ်နဲ့ ဖိုးခေါင်ကန် သဲကျောက်ချပ်ကြီးတွေဟာ သရေခေတ္တရာမှာ ထင်ရှားတဲ့ ဗုဒ္ဓထိုင်တော်မူ ကျောက်ချပ်ကြီးတွေပဲဖြစ်ကြပါတယ်။

စေတီတွေအနေနဲ့ ထေရဝါဒဗုဒ္ဓအားမကောင်းခင် အစောပိုင်းစေတီတွေရှိခဲ့ပြီး အဆိုပါစေတီတွေရဲ့ အဆောက်အဦအချယ်အလှယ်များက သ​ရေခေတ္တရာသို့ ဗုဒ္ဓသာသနာစတင်ရောက်ရှိခဲ့ရာ လမ်းကြောင်းကိုထင်ထင်ရှားရှားပြသနေပါတယ်။

အဆိုပါအထောက်အထားများကတော့ သရေခေတ္တရာပြတိုက်မှာ ပြသထားတဲ့လူတစ်ရပ်စာသဲကျောက်နဲ့ထုလုပ်ထားတဲ့တာရာဒေဝီနတ်သမီးရုပ်ထု၊ ဗိဿနိုးနတ်မင်းကြီးရုပ်ထု၊ သျှီဝရုပ်ထုတွေဟာ သရေခေတ္တရာကို ဗုဒ္ဓသာသနာရောက်ရှိအောင် လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ဧည့်သည်တော်များပဲဖြစ်ပါတယ်။

ဒါပေမယ့် သရေခေတ္တရာ လူမှုအဖွဲ့အစည်းကြီးက ထေရဝါဒဗုဒ္ဓသာသနာဖက်ကို ရောက်အောင် ကြိုးစားစွမ်းဆောင်ပုံက အံ့သြစရာပါပဲ၊ ထေရဝါဒဗုဒ္ဓရရှိနေပြီဖြစ်ကြောင်းအထောက်အထားအနေနဲ့ သရေခေတ္တရာရဲ့ခင်ဘကုန်းဌာပနာတိုက်က ရရှိခဲ့တဲ့ ရွှေပေလွှာအချပ်၂၀ကသက်သေပါပဲ ။

ရွှေပေလွှာအချပ်၂၀မှာ အချပ် ၁ကနေ ၁၈ထိက စာတန်း၃ကြောင်းစီ အချပ်ရေ ၁၉ က စာကြောင်း၄ကြောင်းနဲ့အချပ်ရေ၂၀မှာတော့စာ၂ကြောင်းပါရှိပါတယ် အကြောင်းအရာတွေက ဝိနည်းနဲ့သုတ္တန်ပိဋကတ်တော်ကောက်နှုတ်ချက် ၈ချက် ကိုရွေးချယ်ဖော်ပြထားပြီး အိန္ဒိယတောင်ပိုင်း က္ကုသျှဝါကုမင်းဆက်သုံးဗြဟ္မီအက္ခရာကပြောင်းလဲတီထွင်ထားတဲ့ပျူအက္ခရာများဖြစ်တယ်လို့ပညာရှင်များကမှတ်ချက်ပြုပါတယ် အေဒီ၅ရာစုအလယ်ပိုင်းလက္ခဏာရှိတဲ့အရေးအသားဖြစ်ပြီးကမ္ဘာပေါ်မှာရှေးအကျဆုံးကျန်ရှိနေတဲ့ထေရဝါဒပါဠိပိဋကတ်တော်အထောက်အထားများဖြစ်တယ်လို့ဆိုပါတယ်။

သရေခေတ္တရာရဲ့မြို့ရိုးမြိုတာအဝန်းအဝိုင်းအရှည်ဟာ တစ်ပါတ်ချာလည် ၈မိုင်နဲ့ ၅ဖာလုံရှိခဲ့ပြီး များသောအားဖြင့် စေတီကြီးတွေဟာ သရေခေတ္တရာရဲ့မြိုရိုးအပြင်ဘက် အရပ်မျက်နှာ သုံးဘက်မှာရှိနေကြပါတယ်၊ ကျောက်ဆင်းတုကြီးတွေ၊ ကျောက်စာချပ်တွေကတော့ သရေခေတ္တရာရဲ့ မြို့တွင်းမှာ အတွေ့ရများပြီး နန်းတော်နဲ့နီးကြပါတယ် ဒါ့ပြင် ရှေးဟောင်းသိမ်တွေလည်းတည်ရှိခဲ့ပါသေးတယ် အဆိုပါသိမ်တွေရဲ့သိမ်တိုင်တွေကို အင်ကြင်းကျောက်တိုင်နဲ့ စိုက်ထူလေ့ရှိပါတယ်၊
သရေခေတ္တရာရဲ့ အရှေ့အနောက် တောင်မြောက် တစ်ကြောလုံးက မြင့်မားတဲ့ တောင်တန်းနေရာတွေရဲ့ထိပ်မှာလည်း သရေခေတ္တရာမြို့တွင်းမှာ အသုံးပြုခဲ့တဲ့ အုတ်အရွယ်အစားတွေနဲ့ပဲ စေတီတွေ တည်ခဲ့ကြပုံရပါတယ်။

သရေခေတ္တရာကနေ တောင်ဘက် သဲကုန်းမြို့တစ်လျောက် ပျူခေတ်ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အထောက်အထားများစွာလည်း တွေ့ရှိရပါတယ် သရေခေတ္တရာဟာ ယနေ့ထိ ဗုဒ္ဓသာသနာကို အောင်မြင်စွာ သယ်ဆောင်ထိန်းသိမ်းထားနေတုန်းပါပဲ။



မူရင်း ကို Kyaw Myo Win

23/09/2021

၂၀၂၄ သန်းခေါင်စာရင်း အနာဂတ်မြန်မာ့အခြေပြု ဖြစ်လာမယ်။

ရှေးဟောင်းအမွေအနှစ်ပစ္စည်းနိုင်ငံတော်သို့အပ်နှံခြင်းနှင့်စပ်လျဉ်း၍ သိသင့် သိထိုက် သည်များရှေးဟောင်းပစ္စည်း နိုင်ငံတော်ကိ...
23/09/2021

ရှေးဟောင်းအမွေအနှစ်ပစ္စည်းနိုင်ငံတော်သို့အပ်နှံခြင်းနှင့်စပ်လျဉ်း၍ သိသင့် သိထိုက် သည်များ

ရှေးဟောင်းပစ္စည်း နိုင်ငံတော်ကိုအပ်နှံတာနှင့် ပတ်သက်၍ အများပြည်သူများ နားလည် သဘောပေါက်စေ ရန်နှင့် အမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်း လိုသော အသိစိတ်များ ပြန့်ပွား တိုးတက်လာစေရန် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေနှင့် ကြိုးပမ်း ဆောင်ရွက်လျှက် ရှိပါသည်။ ရှေးဟောင်းဝထ္ထုပစ္စည်းများကို နိုင်ငံတော်သို့အပ်နှံသည့်အခါ အပ်နှံသူများ မှသိသင့်သိထိုက်သည့် အကြောင်းအရာများ၊ ဌာန၏မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ စသည်တို့ကို သိရှိထားဖို့လိုအပ်သလို သက်ဆိုင်ရာဌာန ဖက်ကလည်း လိုလိုလားလားလာရောက်အပ်နှံပေးသူများကိုဂဃနဏ နားလည် သဘောပေါက်အောင် ရှင်းလင်းပြောပြနိုင်မှသာ မလိုလားအပ်သည့် ပြဿနာများ၊ အထင်အမြင်လွဲမှားမှုများ မပေါ်ပေါက်မှာဖြစ်ပါသည်။

သို့မဟုတ်ပါက အများပြည်သူအနေဖြင့်ဌာနအပေါ်အမြင်လွဲမှား နိုင်ပါ သည်။ ရှေးဟောင်းဝထ္ထုပစ္စည်းများကိုတရားမဝင်စုဆောင်းရောင်းချသူများ၏ သွေးထိုး လှုံဆော် ဆွဲဆောင်မှုကြောင့် မိမိနိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ်များသည် နည်းလမ်းမျိုးစုံဖြင့် အိမ်းနီးချင်းတစ်ဖက်နိုင်ငံများကတဆင့် ဥရောပနိုင်ငံများအထိ ရောက်ရှိသွားရသည့် သာဓက အဖြစ်အပျက်များ များစွာကိုလည်း တွေ့ရှိခဲ့ကြရပါသည်။

ရှေးဟောင်းဝတ္တုပစ္စည်းများကို တရားမဝင်ငွေပေးပြီး ရယူစုဆောင်းခြင်းဟာ ဥပဒေနှင့်ငြိစွန်း ပါသည်။ ဒါကြောင့် ရှေးဟောင်းပစ္စည်း၊ ရှေးဟောင်း အမွေအနှစ်ဆိုသည်မှာ မလုပ်မကိုင်တတ်ရင်သော်လည်းကောင်း၊ လုပ်နည်း ကိုင်နည်း မှားယွင်းခဲ့ကြရင်သော်လည်းကောင်း ရှေးအမွေအနှစ်များအတွက် များစွာ ထိခိုက်နစ်နာကြောင်း အများပြည်သူတို့ သိရှိရန် နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံတွင် ရှေးဟောင်းပစ္စည်းများနှင့် သက်ဆိုင်သည့် စီမံခန့်ခွဲမှုကို အများပြည်သူများအနေဖြင့် အသိ ပညာဗဟုသုတနည်းပါးကြသည်မှာလည်းအမှန်တကယ်ပင်ဖြစ်ပါသည်။ထိုအချက်ကိုအခွင့်ကောင်းယူပြီး ရှေးဟောင်းပစ္စည်းရောင်းဝယ်သူများကဝယ်ယူပြီးစုဆောင်းကြလေ့ရှိသည်ကိုလည်းတွေ့မြင်နိုင်ပါသည်။

အချို့မသိနားမလည်ကြသည့် ကျေးလက်ဒေသများရှိ ရှေးဟောင်းဘုန်းကြီးကျောင်းများတွင် ရှေးဟောင်း ပစ္စည်း စုဆောင်း ရောင်း/ဝယ်လိုသော မသမာသူများ အတွက်တကယ့် လုပ်စားစျေးကွက်များအဖြစ် မှတ်ထင်နေကြပါသည်။ မပြုပြင်နိုင်သေးသည့် မိမိတို့ဒေသရှိရှေးဟောင်း ဘုန်းတော်ကြီးကျောင်းများကိုပြုပြင် လိုသည့် ဆန္ဒဇောရှိကြပြီး ရိုးသားစိတ်ထားနှင့် ဖြူစင်သောလူထုပုဂ္ဂိုလ်များကို မက်လုံးပေးခြင်းဖြင့် ကျောင်း အသစ် ဆောက်ပေးမည် စသည် စသည်တို့ဖြင့် မူလရှေးဟောင်း အမွေအနှစ် လက်ရာများစွာတွေ နဲ့လဲလှယ် ဖို့ လှည့်ဖြားတတ်ကြပြီး အစစ်အမှန်တွေကို ယူဆောင်သွားလေ့ရှိပါသည်။ ဒီလိုနှင့်ပဲမြန်မာနိုင်ငံရဲ့ရှေးဟောင်းအမွေအနှစ်များဟာ တစ်စတစ်စနဲ့ ပျောက်ကွယ်ကြရပါတော့သည်။ အမွေအနှစ်ရှေးဟောင်းပစ္စည်းတွေကို တကယ်မြတ်နိုးပြီး တိုင်းတစ်ပါးကိုရောက်သွားမည်ကို စိုးရိမ်သည့် အတွက် စုဆောင်းတတ်ကြသည့် ယဉ်ကျေးမှုအမွေအနှစ်ကို အမှန်တကယ်မြတ်နိုး သူတွေလည်း များစွာရှိကြ ပါသည်။

ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေဟာ ရှေးဟောင်းဒေသတွေနဲ့ ဆက်စပ်နေသည့် နေရာတွေ၌ စိုက်ပျိုးခြင်း၊ ထွန်ယက်ခြင်း၊ ကျင်းတူးခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်စဉ် တွေ့ရလေ့ ရှိကြ ပါသည်။ ထိုသို့တွေ့သည့် အခါ မသိနားမလည်သူများက ရွှေဖြစ်လျင် ချက်ခြင်း ထုခွဲရောင်းချချင် ကြလေ့ ရှိပါသည်။ ဒါသည်လည်း သူတို့အတွက် သဘာဝကျသည့် စဉ်းစားတွေးခေါ် လုပ်ဆောင် မှုဖြစ်နေ သည်မှာ မြန်မြန်ငွေ ပေါ်သည်မဟုတ်ပါလား။သို့့ပါသော်လည်း ရှေးဟောင်းဝထ္ထုနှင့်သက်ဆိုင်တဲ့ ဥပဒေရှိနေတာကို သိရှိတဲ့သူနည်းပါသည်။ ဒါကိုကျေးလက်ဒေသမှာရှိတဲ့ ပညာတတ် စာတတ် ပေတတ် ပုဂ္ဂိုလ်များနှင့် ဌာနတို့ ပူးပေါင်းပြီး နည်းလမ်းမှန်ကန်စေဖို့ဟောပြောကြရသည်များရှိခဲ့ပြီး ထိုအခါမှ တချို့လည်းရွှေဆိုင်ရောက်ပြီးမှ ပြန်သွားတောင်း ရသည့် ဖြစ်စဉ်များဟာ မကြာခဏတွေ့နေ ရပါသည်။ ရှေးဟောင်းပစ္စည်းတစ်ခု တွေ့ရှိပါက ရွှေဖြစ်ဖြစ်ငွေဖြစ်ဖြစ်၊ ကြေးဖြစ်ဖြစ် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကတစ်ဆင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကို အသိပေး တာအကောင်းဆုံးပင်ဖြစ်ပါသည်။

အသိပေးခြင်းအားဖြင့် တွေ့ရှိတဲ့သူအဖို့လည်းအကျိုးကျေးဇူးအလွန်များသည်များကိုတင်ပြလိုပါသည်။ ပထမဆုံးအကျိုး ကျေးဇူးမှာ ဥပဒေနဲ့လွတ်ကင်းခြင်းဖြစ်ပြီး ဒုတိယအချက်အနေဖြင့် ကတော့ ခေတ်ကာလပေါက်စျေးအပြင် လက်ရာကြေး၊ ခေတ်ကြေးများပါ ထပ်ဆောင်း ရရှိလို့ လက်ရှိတန်ဖိုးထက်သုံးဆလောက် ဆုကြေးငွေပိုရသွားခြင်း ဖြစ်ပါသည်။

သာဓက တစ်ခုအနေဖြင့် တင်ပြရမည်ဆိုလျှင် ၂၀၀၅ခုနှစ်အချိန်က မိုင်းမောပျူမြို့ဟောင်း တစ်နေရာ မှရွှေနဲ့ပြုလုပ် ထားသည့် ပျူခေတ်ဘုရားရုပ်တုနဲ့ေ စတီများ ကိုနွားကျောင်းသားတစ်ယောက်က အမှတ်မထင် ရရှိခဲ့ပါသည်။ဒေသပေါက်စျေးထက် လက်ရာကြေး၊ ခေတ်ကြေးပါ ထည့်သွင်းတွက်ချက်လို့ တွေ့ရှိတဲ့ နွားကျောင်းသားဟာ သိန်း၁၅ဝကျော်ရှိခဲ့ပါသည်။ ထိုသူသာ တရားမဝင်ပြင်ပ ရွှေဆိုင်မှာသွားရောင်းချ ခဲ့လျင် ထိုမျှလောက် ဆုကြေးရမည် မဟုတ်သည့် အပြင် မြန်မာနိုင်ငံရဲ့တန်ဖိုးမဖြတ်နိုင်သော ဗုဒ္ဓဘာသာနှင့်သက်ဆိုင်ရာ အမွေအနှစ်ဆုံရှုံးသွားနိုင်သလို ဖော်ထုတ်သိရှိချိန်၌ ကာယကံရှင်သည်လည်း တရားဥပဒေအရ အရေးယူခြင်းခံရမှာဖြစ်ပါသည်။

ဒီနေရာမှာ ဌာနရဲ့ရှေးဟောင်းဝထ္ထုပစ္စည်းများနိုင်ငံတော်ကိုအပ်နှံမှုအပေါ် ဌာနရဲ့ ကြေညာချက်များကို ဆက်လက်၍ အနည်းငယ်တင်ပြလိုပါသည်။ "ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းဆိုင်ရာကိစ္စရပ်များကို ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးရန် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၇ တွင် အောက်ပါ အတိုင်းပြဌာန်းထားပါသည်-

ဝန်ကြီးဌာနသည်-

(က) တစ်ဦးဦးက တနည်းနည်းဖြင့် လက်ဝယ်ရရှိသည့် သို့မဟုတ် အမွေဆက်ခံရရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို လာရောက်အပ်နှံပါက နိုင်ငံတော်ပိုင် ပစ္စည်းအဖြစ် သတ်မှတ် လက်ခံ၍ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်သည်။

(ခ) ပုဒ်မခွဲ (က)အရ အပ်နှံသူအား အကျိုးခံစားခွင့် ရှိသူအဖြစ် သတ်မှတ်၍ ယင်းပစ္စည်းအတွက် ထိုက်တန်သော ကာလတန်ဖိုးအပြင် သမိုင်းယဉ်ကျေးမှု ဆိုင်ရာ တန်ဖိုးချီးမြှင့်ငွေကို ပေးအပ်ရမည်။ထို့အပြင် ပုဒ်မ ၉ အရ ဝန်ကြီးဌာနက ဦးစီးဌာနသို့လွှဲအပ်သော ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းခြင်း၊ အပ်နှံခြင်း၊ လက်ခံခြင်းများနှင့် စပ်လျဉ်းသည့် လုပ်ငန်းတာဝန်များကို ဦးစီးဌာန သည် ပုဂ္ဂိုလ်တစ်ဦးဦးက အပ်နှံလာသော ရှေးဟောင်းဝတ္ထုပစ္စည်းသည် ရှေးဟောင်း ဝတ္ထုပစ္စည်းစစ်မှန်ခြင်း ရှိ မရှိ ပုဒ်မ ၁၀ နှင့် ၁၁ အရ ရှေးဟောင်း ဝတ္ထုပစ္စည်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီး ပစ္စည်းလွှဲပြောင်းလက်ခံပြေစာဖြင့် စနစ်တကျ လက်ခံထားရှိရသည်။ အပ်နှံသူနှင့် လက်ခံသူ (တာဝန်ခံအရာရှိ)တို့ လက်မှတ်ရေးထိုးထားသော ပြေစာ (မူရင်း) တစ်စောင်ကို ဌာနမှ လက်ခံထားရှိပြီး၊ ပြေစာ (မိတ္တူ) တစ်စောင်ကို အပ်နှံသူအား ပေးအပ်လိုက်ရသည်။ လုပ်ငန်းဆောင်ရွက်မှု ဓါတ်ပုံမှတ်တမ်းများ၊ အပ်နှံပစ္စည်း၏ ဓါတ်ပုံမှတ်တမ်း များလည်းရယူထားရသည်။

ထို့နောက် ဥပဒေပုဒ်မ ၁၀ အရ အပ်နှံပစ္စည်းကို ရှေးဟောင်းဝတ္ထုပစ္စည်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ထံသို့ တင်ပြ၍ ရှေးဟောင်းဝတ္ထုပစ္စည်းအနေဖြင့် လက်ခံထိန်းသိမ်းထားရန် သင့်-မသင့် အဆုံးအဖြတ် ခံယူရသည်။ စစ်ဆေးရေး အဖွဲ့နှင့် ပညာရှင်အဖွဲ့တို့၏ သဘောထားမှတ်ချက်ကို ရယူပြီးသောအခါ၊ အကယ်၍ အပ်နှံပစ္စည်းသည် ရှေးဟောင်းဝတ္ထုပစ္စည်း မဟုတ်လျှင်သော်လည်းကောင်း၊ သတ်မှတ်ချက်နှင့် မကိုက်ညီ၍ လက်ခံထိန်းသိမ်းရန် မသင့်လျှင်သော် လည်းကောင်း ယင်းအပ်နှံသောပစ္စည်းကို အပ်နှံသူထံ စနစ်တကျ ပြန်လည် လွှဲပြောင်းပေးအပ်ရသည်။

ဥပဒေပုဒ်မ ၁၂ အရ၊ အပ်နှံပစ္စည်းသည် ရှေးဟောင်းဝတ္ထုပစ္စည်းဖြစ်ကြောင်း၊ လက်ခံထိန်းသိမ်း ထားသင့်ကြောင်း စစ်ဆေးရေးအဖွဲ့နှင့် ပညာရှင်အဖွဲ့ထံမှ သဘောထားမှတ်ချက်ရရှိလျှင် နည်းဥပဒေ ၂၂ အရ အဆိုပါ ရွှေ၊ ငွေ၊ ကြေး၊ ကျောက်မျက်ရတနာ စသော တွင်းထွက်ပစ္စည်းများအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ေ ကျာက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းသို့ ပေးပို့ကာ အရည်အသွေးနှင့် အလေးချိန်ကို စစ်ဆေးရသည်။ ရရှိသည့် အလေးချိန် စစ်ဆေး တွေ့ရှိချက်ကို အခြေခံ၍ နေ့စဉ်ပေါက်စျေးဖြင့် တွက်ချက်ကာ အဆိုပါအပ်နှံသော ရှေးဟောင်းဝတ္ထုပစ္စည်း၏ မူလတန်ဖိုး၊ ကာလတန်ဖိုးကို ခန့်မှန်းတွက်ချက် သတ်မှတ်ပေးရသည်။

နိုင်ငံတော်အစိုးရရဲ့ဝန်ကြီးဌာန(သို့)ဦးစီးဌာနတွေဟာ ပြည်သူ့ဘဏ္ဌာငွေကို အလေ အလွင့်မရှိစေပဲ စနှစ်တကျဖြင့် ခွင့်ပြုချက်နဲ့သုံးစွဲ ရတဲ့အတွက် ရှေးဟောင်းပစ္စည်းများ လာရောက် အပ်နှံခဲ့ရင် ဆုချီးမြင့်ဖို့ငွေလျာထားသတ်မှတ်ချက်ဟာ နှစ်တစ်နှစ်အတွင်း လာရောက်အပ်နှံ သူများ၍ ဖြစ်စေသို့မဟုတ် လာရောက်အပ်နှံသည့်အမွေအနှစ်ပစ္စည်းတို့သည် မိမိတိုင်းပြည် မိမိလူမျိုးအတွက် အဆမတန်တန်ဖိုးကြီးပြီး ငွေအမြောက်အများချီးမြှင့်ရမည့် ကိစ္စပဲဖြစ်ဖြစ် ခွင့်ပြုထားတဲ့ငွေ လောက်ငမှုရှိ/မရှိအပေါ်မူတည် ဆုကြေးငွေချီးမြှင့်နိုင်မှု အချိန်ကြန့်ကြာနိုင်ပါသည်။ထို့ကြောင့် အချို့ သော ဆုချီးမြှင့်ရမည့်ရှေးဟောင်း ပစ္စည်းများဟာ လာရောက်အပ်နှံသည့်နှစ်အတွင်း ရှေးဟောင်း ပစ္စည်းခွင့်ပြုဆုချီးမြင့်ငွေထက် ကျော်လွန်နေပါက နောင်နှစ်မှာ ပြန်လည်လျာထားပြီး ပါဝင်အောင် ထည့်သွင်းရပါသည်။ ဤကဲ့သို့ကိစ္စမျိုးမကြာခဏ ပေါ်ပေါက်ခဲ့၍လည်း ဝန်ကြီးဌာနအနေနဲ့ ကြိုတင် ပြင်ဆင် ကြေညာချက် ထုတ်ပြန်ထားပါတယ် " အပ်နှံ၊ လက်ခံ၊ စိစစ်၊ ပေးပို့၊ စစ်ဆေး၊ ရယူ၊ တွက်ချက်၊ သတ်မှတ် စသော လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆောင်ရွက်ပြီးသောအခါ နည်းဥပဒေ ၂၃ အရ ဦးစီးဌာနသည် စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အပေါ် သဘောထားမှတ်ချက်ဖြင့် ဝန်ကြီးဌာနသို့ တင်ပြရသည်။ အပ်နှံသူအား ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်ခွင့်ကို (စစ်ဆေးချက်များ+ တွက်ချက်မှုများ+ သတ်မှတ်ချက်များပူးတွဲလျှက်) ဦးစီးဌာနက ဝန်ကြီးဌာနသို့ သဘောထားမှတ်ချက်တင်ပြ၍ ခွင့်ပြုမိန့် တောင်းခံရခြင်းဖြစ်သည်။ နည်းဥပဒေ ၂၄ အရ ဝန်ကြီးဌာနသည် ဦးစီးဌာန၏ တင်ပြသတ်မှတ်မှုကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း ဆောင်ရွက်ရသည်။

ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိလျှင် အပ်နှံသူအား ပေးအပ်ချီးမြှင့်နိုင်ရန် ဦးစီးဌာန လက်အောက်ရှိ သက်ဆိုင်ရာဌာနခွဲအသီးသီးသို့ ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို လွှဲပြောင်းပေးပို့ ရသည်။ အပ်နှံသူတို့၏ အခမ်းအနားတက်ရောက်ရန် သွားလာရသည့် ခရီးအကွာအဝေးနှင့် ပေးရသည့် အချိန်ကာလ အတိုင်းအတာ၊ ခရီးစရိတ်ကုန်ကျမည့် အနေအထား၊ လူမှုရေး၊ ကျန်းမာရေး အခြေအနေနှင့် အခက်အခဲ စသည်တို့ကို ထည့်သွင်းစဉ်းစားကာ အခမ်းအနားကျင်းပပေးရမည့် နေရာဌာန၊ အချိန်ကာလကို သတ်မှတ်ပေးရခြင်းဖြစ်သည်။

ဆုကြေးငွေပမာဏသည် ပုံမှန်ခွဲဝေပေးသော ရန်ပုံငွေနှင့် လုံလောက်လျှင် ချက်ချင်းထုတ်ပေးနိုင်သော်လည်း တန်ဖိုးမြင့်မားလွန်းသော ဆုကြေးငွေများအတွက် ရန်ပုံငွေနှင့် လုံလောက်မှု မရှိလျှင် ဖြည့်စွက်ရန်ပုံငွေ ခွင့်ပြုပေးပါရန် နိုင်ငံတော်သို့ တင်ပြတောင်းခံ၍ ခွင့်ပြုချက်ရရှိလာသောအခါမှသာ အပ်နှံသူအား ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်နိုင်ရန် ဦးစီးဌာနလက်အောက်ရှိ သက်ဆိုင်ရာ ဌာနခွဲ အသီးသီးသို့ ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို လွှဲပြောင်းပေးပို့ကြရသည်။"

နိုင်ငံတော် ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု မပေါ်ပေါက်စေရေး စိစစ်ရသည့် လုပ်ငန်း အဆင့်ဆင့်ကြောင့် အချို့သော ဆုချီးမြင့်မှုများဟာ လများစွာနောက်ကျတတ်သည့်သဘောရှိပါသည်။ ဒီသဘောတရားလုပ်ထုံးလုပ်နည်းကို မသိနားမလည်သည့် သူများအနေဖြင့်တော့ မိမိရရှိတဲ့ပစ္စည်းကို ဌာနကပဲသိမ်းဆည်းလိုက်ပြီလား ဟူ၍ စိတ်ပူပန်တတ်ကြလေ့ရှိပါသည်။၄င်း ဖြစ်စဉ်ဖြစ်ပွားပါက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။ ဌာနအနေဖြင့်လည်းလာရောက်အပ်နှံသည့်ပုဂ္ဂိုလ်များကိုနားလည်သဘောပေါက်အောင်ရှင်းပြကြပါလိမ့်မည်။ဖြစ်စဉ်နှင့် လုပ်ငန်းစဉ်ကို သေသေချာချာ မသိပဲ ၊လုပ်ထုံးလုပ်နည်း များကို သေချာလေ့လာ မမေးမြန်းပဲ ယုံထင်၊ ကြောင်ထင်ကဲ့သို့ မဖြစ်ရန် လိုကြောင်းနှင့်မိမိတိုင်းပြည်၏ တန်ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များကို အခြားသောတရားမဝင်နေရာများ နှင့် မသမာသူများ လက်မှတစ်ဆင့် တိုင်းတပါးသို့ ရောက်ရှိမသွားရလေအောင် အများပြည်သူများကလည်း ပူးပေါင်း ထိန်းသိမ်းစောင့်ရှောက် ကြစေလိုပါကြောင်း တိုက်တွန်း နှိုးဆော်အပ်ပါသည်။



မူရင်း ကို Kyaw Myo Win

Address


Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30

Telephone

+959691617440

Website

Alerts

Be the first to know and let us send you an email when Arr Mann Media Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Arr Mann Media Services:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share