05/11/2024
အောက်လင်းဓာတ်မီး ဆိုတာ ...
**************************
ကျွန်တော်တို့ငယ်ငယ်က ကျောင်းသုံးစာအုပ်ထဲမှာ...
"ဇာတ်မင်းသားကြီး ဦးဖိုးစိန်သည် မြေဝိုင်း၌ မီးခွက်၊ မီးတိုင်များ ထွန်းကာ ကပြကြသော မြန်မာ့ မြေဝိုင်းသဘင်ကို၊ စင်မြင့်ထက်၌ အောက်လင်းဓာတ်မီးများ၊ မီးလုံးများ အသုံးပြု၍ ကပြသော ခေတ်မှီဇာတ်သဘင် ဖြစ်လာအောင် အဆင့်မြှင့်တင်ပေးခဲ့သည်" လို့ သင်ခဲ့ကြရ ဘူးပါတယ်...
အဲ့ဒီစာပိုဒ်ထဲက "အောက်လင်းဓာတ်မီး" ဆိုတာကို ယနေ့ခေတ်မှာ မြင်ဖူး၊ သုံးဖူးတဲ့သူတွေ တော်တော်ရှားသွားကြပါပြီ... နယ်က ဘုန်းကြီးကျောင်းတွေ၊ အိမ်တွေမှာ အောက်လင်းဓာတ်မီး အဟောင်းတွေကို အမှတ်တရ သိမ်းဆည်းထားကြသေးပေမယ့် မသုံးကြတော့တာ ကြာပြီပေါ့လေ..
အောက်လင်းဓာတ်မီးဆိုတာ ရေနံဆီထည့်၊ လေထိုးပြီး သုံးရတာဆိုပေမယ့် ရိုးရိုးရေနံဆီ မီးအိမ် မဟုတ်ပါဘူး..
ရေနံဆီအငွေ့နဲ့ လေနဲ့ရောထားတဲ့ mixture ကို မီးတောက်လောင်စေပြီး၊ ၎င်း မီးရဲ့အပူနဲ့ သတ္တုစပ်တွေကို အပူပေးပြီး အလင်းထုတ်လွှတ်စေတာပါ...
အဲ့ဒါကြောင့် အောက်လင်းဓာတ်မီးအိမ်တွေဟာ အရမ်းလင်းပါတယ်..ယနေ့ခေတ် ကြော်ငြာဆိုင်းဘုတ်တွေမှာ သုံးတဲ့ ဆလိုက်မီးလောက်ကို လင်းပါတယ်..
အလင်းကလည်း ရိုးရိုးရေနံဆီ မီးအိမ်တွေထက် ပိုဖြူပါတယ်...
အောက်လင်းဓာတ်မီးတစ်လုံး ထွန်းထားရင် ပေ ၃၀ ပတ်လည်လောက်ကို ကောင်းကောင်းလင်းပါတယ်..
အဲ့ဒါကြောင့် အောက်လင်းဓာတ်မီးတွေကို အရင်က အငြိမ့်တွေ ၊ ပြဇာတ်တွေ၊ မင်္ဂလာဆောင်တွေ၊ ဘုန်းကြီးကျောင်း အလှူပွဲတွေ၊ ဘုရားပွဲ လှည့်လည်တာတွေမှာ သုံးကြတာ များပါတယ်...
အိမ်သုံးအနေနဲ့ သုံးကြတာ နည်းပါတယ်...
အောက်လင်းဓာတ်မီးအိမ်တွေဟာ အကြီးကြီးတွေပါ..
အမြင့် ၁၈ လက်မ ခန့်နဲ့၊ ဗျက် ၁၀ လက်မလောက် အနည်းဆုံး ရှိပါတယ်...
အောက်လင်းဓာတ်မီးအိမ် တွေကို (Keroscene pressure lantern) လို့ ခေါ်ပါတယ်...
လေထိုးပြီး လေဖိအားနဲ့ သုံးရတဲ့အတွက် (Pressure lantern) လို့ ရိုးရိုးပဲ ခေါ်တတ်ကြပါသေးတယ်...
ဒီလို လေထိုးပြီး သုံးရတဲ့ ဓာတ်မီးအိမ်တွေကို ၁၉ ရာစု အကုန်ပိုင်းလောက်ကတည်းက သုံးစွဲနေကြပါပြီ..
ဒါပေမယ့် တကယ်အောင်မြင်တဲ့ ဒီဇိုင်းကတော့ Max Graetz ဆိုသူ တီထွင်တဲ့ Petromax Lantern ပါ..
၁၉၁၀ လောက်မှာ ဈေးကွက်ထဲကို စရောက်ပါတယ်..
အဲ့ဒီနောက်ပိုင်းမှာ ထွက်သမျှ pressure lantern တွေက Petromax ဒီဇိုင်းတွေချည်းပါပဲ...
ကိုလိုနီခေတ် မြန်မာပြည်မှာ Petromax၊ Coleman၊ Butterfly တံဆိပ်တွေနဲ့ အောက်လင်းဓာတ်မီးတွေ အသုံးပြုခဲ့မယ်လို့ ယူဆရပါတယ် (ဓာတ်ပုံတွေ ရှာရခက်နေလို့ အတိအကျ မရေးနိုင်တာပါ)..
အောက်လင်းဓာတ်မီးအိမ်တွေရဲ့ အသက်က သူ့ရဲ့ မီးစာလေးပါ... ၎င်းမီးစာလေးတွေကို ချည်သားကျဲကျဲနဲ့ အိတ်ကလေးပုံစံ ထုတ်လုပ်ထားပါတယ်..
အဲ့ဒီ အိတ်လေးတွေကိုမှ Thorium နဲ့ Cerium nitrate
ရောစပ်ထားတဲ့ အရည်စိမ်ထားပါတယ်...
မီးစာကို မီးညှိလိုက်တာနဲ့ ချည်သားအိတ်လေးက ရှုံ့ပြီး မီးလောင်သွားပါတယ်...ချည်သားတွေသာ မီးလောင်သွားပေမယ့် စိမ်ထားတဲ့ သတ္တုတွေက စုခဲပြီး အဖြူရောင်ခေါင်းပွ အခဲလေး ဖြစ်သွားပါတယ်...
အဲ့ဒီ ခေါင်းပွ အခဲလေးကိုမှ ရေနံဆီငွေ့မီးတောက်နဲ့ အပူပေးလိုက်တဲ့အခါ အလွန်တောက်ပသော အလင်းကို ရပါတယ်...
အောက်လင်းဓာတ်မီးကို မသုံးမှီ လေအရင်ထိုးရပါတယ်...ပြီးရင် ရေနံဆီပိုက် (gas tube) ကို အရင် မီးရှို့ပြီး အပူပေးရပါသေးတယ်...
ရေနံဆီပိုက် ပူလာမှ မီးအိမ်က ကောင်းကောင်း အလုပ်လုပ်တာပါ...ရေနံဆီပိုက် လုံလောက်အောင် မပူရင် မီးခိုးမှိုင်းတွေ အများကြီး ထွက်လာတတ်ပါတယ်...
ထိုးထားတဲ့ လေအားလျော့လာရင် လေထပ်ထိုးပေးရပါတယ်..ဒါပေမယ့် လေအား လုံလောက်အောင် ထိုးထားရင် (မီးအိမ်က လေလုံရင်) တစ်နာရီလောက်ခံပါတယ်... ဆက်သုံးမယ် ဆိုရင်တော့ လေထပ်ထိုးရမှာပေါ့လေ...
အောက်လင်းဓာတ်မီး သုံးရတာ နည်းနည်းတော့ ကရိကထ များပါတယ်...ရေနံဆီ မီးအိမ်ဆိုတော့ အနံ့လည်း ရှိပါတယ်၊ နောက်ပြီး သူက ရေနံဆီငွေ့နဲ့ လေနဲ့ ရောသုံးတာဆိုတော့ ... တရွှီးရွှီးနဲ့ မီးအိမ်ထဲကို လေဝင်တဲ့ အသံလည်း ကြားနေရပါတယ်...
နောက်ပြီး မီးစာလေးက အထိအခိုက် မခံပါဘူး..
အတင်းလှုပ်ရှားမိရင်၊ ထိခိုက်မိရင် အဲ့ဒီ သတ္တုပြာလုံးလေးက ပေါက်သွားတတ်ပါသေးတယ်..
အဲ့လို ပေါက်သွားရင် မီးစာ အသစ်လဲပေးရပါတယ်..
တစ်ချိန်ကတော့ အောက်လင်းဓာတ်မီးဆိုတာ မြန်မာပြည်ရဲ့ ပွဲသဘင် အခမ်းအနားတွေမှာ မရှိမဖြစ်ပစ္စည်းပေါ့လေ...
ယနေ့ခေတ်လို ခလုတ်ဖွင့်လိုက်ရင် လင်းလာတဲ့ လျှပ်စစ်မီးသီးတွေ၊ မီးချောင်းတွေ ရှိနေတဲ့ ခေတ်မှာတော့ အောက်လင်းဓာတ်မီးတွေကို သုံးတဲ့သူတွေ တော်တော်ရှားသွားပါပြီ...
Credit Original Uploader