13/07/2019
"ပြောခွင့်ရတာပဲ ကျေးဇူးတင်လှပါပြီ"
ကျွန်မကို မွေးတော့ အဖေက စလေဓာတ်မြေဩဇာစက်ရုံမှာ ဝန်ထမ်း၊ အမေက အလုပ်မလုပ်သေးဘူး။ အဖေရတဲ့ အစိုးရအိမ်ကလေးက ခြံဝန်းလေးနဲ့လုံးချင်းအိမ်လေး။ အိပ်ခန်း၃ခန်း ရေချိုးခန်း အိမ်သာ မီးဖိုခန်း ဧည့်ခန်း၊ အိမ်တစ်ခုရယ်လို့ သန့်ပြန့်ပြည့်စုံတဲ့အပြင် ရေမီး ပူစရာမလို။ အပင်တွေလည်း အများကြီး။
အိမ်က ခြေတံလေးမြင့်တော့ အိမ်အောက်မှာ ဝင်ဆော့လို့ရတယ်၊ တစ်ခြံလုံးပတ်ပြေး မာလကာပင်ပေါ်တက်လိုက်ဆင်းလိုက်၊ အဒေါ်တစ်ယောက်က ဆီးပင်ကိုလှုပ်ချ ကျွန်မတို့က ဆီးသီးကောက်စား။
အဲ့အိမ်လေးရဲ့အနံ့ က တမာပန်းအနံ့ လေးလို့ ပြောရင် "ဟွန့် ... ပိုလိုက်ထာ" လို့များ ပြောမလား။ တကယ်ပါ။ အိမ်ကလေးကို သတိရမိတိုင်း တမာပန်းအနံ့ လေးတွေကိုပါ ရသလိုခံစားမိတယ်။ တမာကြွေပြီး မြေကြီးနဲ့ထိ၊ နွမ်းသွားတဲ့အနံ့ ကို ဘယ်လို ဖော်ပြရမှန်းမသိ။ အပင်ပေါ်ကတမာနံ့  ကြွေသွားတဲ့တမာနံ့  ၂မျိုးစလုံးကို ကြိုက်တာ။
သီးပင်စားပင်တွေစိုက်ရောင်းတဲ့အိမ်ထောင်စုတစ်ခု ကျွန်မတို့အိမ်နဲ့ မလှမ်းမကမ်းမှာ ရှိတယ်။ တခါတလေ သူတို့ဆီက အသီးအရွက်လေးတွေသွားဝယ်ဖို့ အမေက ခိုင်းတတ်တယ်။ ငရုတ်သီးစိမ်း တစ်မတ်ဖိုးကို လက်ဝါး၂ခုစာလောက်ကြီးတဲ့ဗူးရွက်အကြမ်းနဲ့ ထုတ်ပေးလိုက်တိုင်း ဗူးရွက်လေးကို ဟ, ပြီး မွှေးကြည့်ရတဲ့ ခံစားချက်က ဘယ်လို ပြောပြရမှန်းမသိဘူး။ လတ်ဆတ်တဲ့ငရုတ်သီးစိမ်းရယ် ဗူးရွက်အနံ့ ရယ် ပေါင်းစပ်ထားတဲ့ ..... သဘာဝအနံ့ ။
အမေက ၄ယောက်မွေးထားသလို အိမ်နီးချင်းတွေကလည်း ၃,၄,၅ ယောက်စီ မွေးထားကြတော့ ကစားဖော်ဆိုတာ အများကြီး။ အိမ်နားတဝိုက် ပြေးကြဆော့ကြ၊ တခါတလေ တော်တော်ဝေးဝေးက နှမ်းခင်းတွေ ဆီးတောတွေအထိ လူကြီးတွေမပါဘဲ ရောက်ကြတယ်။
ဆေးရုံရှိတယ်။ ကျွန်မတို့ မောင်နှမတွေကို အဲ့ဒီဆေးရုံမှာမွေးတယ်။ ကျွန်မကိုမွေးတော့ ပိုက်ဆံ ၂၆ကျပ် ကုန်တယ် ပြောတယ်။ အထက်တန်းကျောင်းကောင်းကောင်းရှိတယ်။ ၁၀တန်းဖြေမယ့်သူတွေကို ပိုက်ဆံမယူဘဲ စာသင်ပေးတဲ့ ညကျောင်းတွေ ဆရာဆရာမတွေ ရှိခဲ့တယ်။
ကျွန်မအသက်၈နှစ်လောက်မှာ (ဧရာဝတီတိုင်း ကြံခင်းမြို့နားက) ဆိပ်သာမက်သနောစက်ရုံဆီ အဖေ အလုပ်ပြောင်းတယ်။ အမေက အလုပ် စ,လုပ်တယ်။ စက်ရုံက အသစ်ဆောက်ခါစဆိုတော့ ဝန်ထမ်းအိမ်ရာတွေက ဆေးနံ့ တောင်မပြယ်သေး။ ၃ အိမ်နေခဲ့တဲ့ထဲက နောက်ဆုံးအိမ်ကလေးမှာ အကြာဆုံး၊ သူ့ကိုအလွမ်းဆုံးပေါ့။
လုံးချင်းတိုက်လှလှလေးနဲ့ သီးပင်စားပင်တွေနဲ့၊ ရေဆိုတာ စက်ရုံက water treatment system ထဲက ထွက်လာတဲ့ရေ၊ မီးက ၂၄နာရီ အားအပြည့်၊ လေက ရခိုင်ရိုးမကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေ။ အဖေနဲ့အမေ ၂ယောက်ပေါင်းလစာဟာ မိသားစု၆ယောက်အတွက် လောက်ငှရုံလေး၊ ဒါပေမယ့် living standard က မြင့်မှမြင့်။ အဖေ့ထက် ရာထူးကြီးတဲ့သူတွေအိမ်မှာဆို ကား၊ အဲယားကွန်းနဲ့ တီဗီပါ အပိုရသေးတာ။
စက်ရုံမှာ ဆေးခန်း ဆရာဝန် သူနာပြု ကောင်းကောင်းရှိတယ်။ စာသင်ကျောင်းက ဆိပ်သာရွာထဲမှာ၊ အလယ်တန်းအထိ တော်တော်ကောင်းတယ်။
မနက်ဆို အမေတို့ ရုံးကားလာပြီးမှ ကျွန်မတို့ ကျောင်းကားလာတယ်။ကျွန်မက အိမ်ကို သော့ခတ်ရတဲ့သူ။ ကျောင်းကားမလာခင် အကစားလွန်ပြီး သော့ခတ်ဖို့ မေ့တဲ့နေ့တွေရှိဖူးတယ်။ ဘာပစ္စည်းမှ မပျောက်။
မြို့နဲ့ဝေးတော့ မုန့်ဆိုတာ ရှား။ ပြောင်းဖူးပြုတ် မြေပဲပြုတ် ဆီးသီး ငှက်ပျောသီး တောတောင် snack တွေပဲ စားရတယ်။ မနက်ခင်း လာရောင်းတဲ့ ကောက်ညင်းပေါင်းက သစ်ရွက်နဲ့ထုတ်ပေးတာ။ ဈေးသည်က လမ်းကနေ အရွက်ခူးလာပြီး သူ့အိမ်ကပါလာတဲ့ ပုဆိုးအပိုင်းလေးနဲ့ သုတ်လိုက်တယ်၊ တခါတလေ မိုးရေစိုနေတော့ မသုတ်ဘဲ ရေတွေ ခါချပြီး ထည့်ပေးတယ်။ အရွက်နံ့ မွှေးမွှေးလေးနဲ့ အဲ့လိုကောက်ညှင်းပေါင်း စားဖူးသလား ဟင်။
ကျောင်းပိတ်ရက်မှာ ဆီးသီးကောက် မျှစ်ချိုး မှိုနှုတ် သခွပ်ပွင့်ကောက် playground က တောတောင်ကြီးပေါ့။ ဟိုးဝေးဝေးက လယ်ယာတွေအထိ သွားကြတယ်။ ဘယ်သွားသွား ခြေကျင်၊ နေပူလို့ မိုးရွာလို့ ဖျားရတယ်ဆိုတာ မှတ်မိလောက်အောင်တောင် မရှိ။
ဆိပ်သာက အိမ်ကလေးရဲ့အနံ့ ကို ပြောပါဆိုရင် သခွပ်ပန်းရနံ့ လို့ ဆိုချင်မိတယ်။ သခွပ်ပွင့်ချိန်ဆို မနက်အိပ်ရာအနိုး ပြတင်းပေါက်ကကြည့်လိုက်ရင် အပွင့်တွေ ဖွေးနေအောင် ကြွေကျနေတဲ့ သခွပ်ပင်လေးတွေကို တောင်ကုန်းဆီမှာ မြင်ရတယ်။ ဘာနဲ့တူလဲ အနီးစပ်ဆုံးပြောရရင် အပေါ်ကအင်္ကျံအစိမ်းရောင် အောက်ကစကပ်ဖြူဖြူဝဲဝဲလေးဝတ်ထားတဲ့ မိန်းကလေးတစ်ယောက် မတ်တပ်ရပ်နေတာနဲ့တူတယ်။ အဝေးကကြည့်ရင် အပွင့်တွေက အပင်ရဲ့အောက်မှာ ခပ်စိပ်စိပ်နဲ့ စက်ဝိုင်းလို အတိအကျလေး ကြွေကျနေတာကိုး။
ဘယ်လိုကြည့်ကောင်းမှန်းမသိ၊ ဗန်းဆွဲပြီး မောင်နှမတတွေ ပြေးတော့တာပဲ။ နံနက်ခင်းလေအေးအေးလေးထဲက သခွပ်ပန်းနံ့ မွှေးမွှေးလေးရယ်၊ သူ့အပွင့် ဖြူဖြူလွှလွှနဲ့ အနားစအဖတ်နုနုအိအိလေးတွေရယ် .....
အိမ်ရောက်ရင် အပွင့်တွေထွင်ကြတယ်၊ ပြီးရင် အခြောက်ခံ၊ ပြုတ်တို့ရင် အရမ်းကောင်းတာလေ။ ပြုတ်ပြီးစားတဲ့အချိန်အထိ သခွပ်ပန်းခြောက်အနံ့ လေးက ဆွဲဆောင်နေတုန်း။ သခွပ်ပန်းအစိုတွေ မခြောက်တခြောက်တွေ အခြောက်တွေရယ်နဲ့ ..... အဲ့ဒီအိမ်လေးကို လွမ်းတိုင်း သခွပ်ပန်းအနံ့ လေးတွေပါ ရနေမိတာကို လွန်တယ်လို့ ပြောတော့မယ်မထင်ပါဘူးနော်။
၈၈အရေးအခင်းဖြစ်တော့ ဆိပ်သာမှာ။ ကျောင်းပိတ်လို့ ပျော်တာပေါ့။ စက်ရုံကလူတွေနဲ့အတူ အဖေနဲ့အမေ တစ်ယောက်တလှည့်စီ ကြံခင်းမြို့ပေါ်မှာ ဆန္ဒသွားပြကြတယ်။ သိပ်နားမလည်ပါဘူး။ ဆန်တွေအများကြီး ဝယ်ထားတာတော့သိတယ်။
"၅ရက်နေ့ ညနေ ၅နာရီကျရင် လူ၅ယောက် မြင်းစီးပြီးရောက်လာလိမ့်မယ်၊ ကလေးတွေ အိမ်ထဲက မထွက်ကြနဲ့"
စက်ရုံကလူကြီးတစ်ယောက် အိမ်မှာ လာပြောတော့ ကြောက်လိုက်ထာလေ။ လူ့ဘဝကြီးမှာ ကြောက်စရာတွေရှိတယ်ဆိုတာ စ,သိတဲ့အချိန်လို့ဆိုရင် မမှားဘူး။
၁၉၉၀မှာ ရန်ကုန်တစ်ဖက်ကမ်း သန်လျင်ရေနံချက်စက်ရုံ (တညင်) ကို အဖေအလုပ်ပြောင်းတယ်။ အမေက ချက်ချင်းပြောင်းမရလို့ ၂လခွဲလောက်နေခဲ့ရတယ်။
သန်လျင်က အင်္ဂလိပ်ခေတ်ကတည်းက စက်ရုံဆိုတော့ အိမ်တွေက ဟောင်းပါတယ်။ ရေမီးတော့မှန်တယ်။ စက်ရုံရပ်ကွက်ဆိုတော့ တိတ်ဆိတ်အေးချမ်းသန့်ရှင်းပါတယ်။ ကစားဖော်နည်းသွားတယ်။ ကျွန်မလည်း ကစားရတဲ့အရွယ်လွန်လာခဲ့လို့ ဖြစ်မယ်ထင်တယ်။ အမေလိုက်မလာနိုင်သေးတော့ ဈေးသွားထမင်းဟင်းချက် အိမ်အလုပ်တွေ ကျွန်မတာဝန်ယူလိုက်ရတာလည်း တစ်ကြောင်းပေါ့။
ညနေဆို မောင်နှမတတွေ ရပ်ကွက်ထဲလမ်းလျှောက်ကြတယ်။ မြို့ကလူတွေက ဘာသိဘာသာနေတတ်ကြသလားမသိ။ ဘယ်သွားသွား ကျွန်မတို့ကို အခေါ်အပြောသိပ်မလုပ်ကြသလိုပဲ။
မိုးဦးကျမှာ သန်လျင်ကို စ,ရောက်တော့ သန်လျင်လို့ တွေးမိတိုင်း မိုးအနံ့ နဲ့ မိုးတွင်းပွင့်တဲ့ ပန်းကလေးတွေအနံ့ ..... အဲ့ဒီအိမ်ကလေးရဲ့ အနံ့ ပေါ့လေ။
အဖေမဆုံးခင် ၁၀နှစ်လောက် အဲ့ လုံးချင်းတိုက်ဟောင်းလေးမှာ နေခဲ့ကြတယ်။ သရက်ပင်နဲ့ပိန္နဲပင်တွေရှိတယ်။ ပိန္နဲသီးအနုလေးတွေကို ရေစိမ်ပြီးတို့စား၊ အလတ်ကလေးတွေကို ဟင်းချက်စားတာ မရိုးနိုင်အောင်ဘဲ။ မှည့်ရင် ထမင်းလွတ်စားကြတယ်။
အဖေနဲ့အမေလစာက မြို့စားရိတ်ကို မကာမိတာရယ်၊ အဖေ ကျန်းမာရေးသိပ်မကောင်းတော့ အပြင်အလုပ်တွေက ဝင်ငွေနည်းသွားတာရယ် အကြောင်းကြောင်းကြောင့် အစားအသောက် ... အင်း ... အစစအရာရာ ချွေတာခဲ့ရပါတယ်။
အိပ်မက်တွေကို အလွမ်းတွေကို ရွေးချယ်ခွင့်ရှိမယ်ဆိုရင် အဖေနဲ့နောက်ဆုံးနေခဲ့တဲ့ သန်လျင်ကအိမ်ကလေးကို အိပ်မက် ..... မမက်ချင်ဘူး ..... မလွမ်းချင်ဘူး။ အဖေ့ရဲ့ နာမကျန်းတဲ့ပုံရိပ်ရယ်၊ စားဝတ်နေရေးကြပ်တည်းလာတာရယ်၊ အဖေဆုံးတဲ့အချိန်တွေရယ် ..... အို မမှတ်ချင်ဘူးလေ။
အဖေဆုံးတော့ အဲ့အိမ်ကနေ ဖယ်ပေးရတယ်။ အမေ့ရာထူးနဲ့ရတဲ့အိမ်လေးဆီ ရွှေ့ကြရတယ်။ နေခဲ့ဖူးသမျှထဲမှာ အနုံချာဆုံးအိမ်ကလေးပါ။ ဒီထက်နိမ့်ကျမသွားဖို့ ငါ ကုန်းထမှ ရတော့မယ်လို့ သတိပေး တွန်းအားပေးခဲ့တဲ့ အိမ်ကလေး၊ ဝမ်းသာစရာ ဂုဏ်ယူစရာ အမှတ်တရများစွာနဲ့ အတူဖြတ်သန်းခဲ့ရတဲ့ အိမ်ကလေးပါ။
၂၈နှစ်မှာ မြန်မာပြည်ကနေ ဘန်ကောက်ကို ရောက်ခဲ့တယ်။
တောတောင်သဘာဝထဲမှာ အေးချမ်းငြိမ်သက်စွာနေခဲ့သူ တောသူလေးတစ်ယောက် နွေပူပူလေရှူစရာမရှိတဲ့ မြို့ကြီးမှာ နေစရာမရှိလောက်အောင် စိတ်ရှူပ်ခဲ့ပြီး ကျောအလယ်အထိရှည်တဲ့ ဆံပင်ကို ဘိုကေ ညှပ်ချပစ်လိုက်တော့တယ်။
စားမိသမျှအစားအစာတွေက ခွဲစိတ်ပြုပြင်ထားတာတွေ၊ ရှူမိတဲ့လေက ဝေဒနာပေါင်းစုံနဲ့ ဒုက္ခသည်လေ၊ ငရုတ်သီးစိမ်းကို နှာခေါင်းထဲရောက်မတတ် နမ်းပေမယ့် ဘာအနံ့ မှ မရ၊ organic အစစ်ဆိုတဲ့ ပြောင်းဖူးက ဆိပ်သာက နတ်ပြည်မွှေးပြောင်းဖူးကို ခြေဖျားတောင်မမီ၊ အတုလုပ်ထားတဲ့ တောတောင်ထဲကိုသွားပေမယ့် သခွပ်ပွင့်နံ့ သင်းတဲ့ လေပျိုနုအေးလေးကို မရနိုင်။ မိုးရွာရင် မြေသင်းနံ့ မရတဲ့နေရာ၊ လမ်းလျှောက်ရင် မြောင်းပုတ်အနံ့ မလွတ်တဲ့မြို့ .....
ဒီမြို့မှာ တန်ဖိုးရှိတာ ဘာများရှိပါသလဲ .....
မြို့ကကြီးလေ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဝေးကွာကြလေ ဖြစ်ပါသလား။ ခံစားချက်တွေကို မြိုသိပ်ထားကြတယ်။ ရင့်ကျက်သလို လူကောင်းတွေလို ဟန်ဆောင်ကြတယ်။ တနေရာရာ သို့မဟုတ် တစ်ယောက်ယောက်ဆီမှာ သွားသွန်ချကြတယ်။
တောသူမလေးတစ်ယောက် ဘဝပင်လယ်ကြီးထဲမှာ လက်ပစ်ကူးမိပြီ။ ကမ်းတစ်ခုခုကို ကပ်ဖို့ ကြိုးစားမှ ရတော့မယ်။
ဒီလိုနဲ့ ဂျပန်ပြည်ကြီးမှာ စာသင်နေထိုင်ခွင့် ၂နှစ်ရခဲ့တယ်။
ကျောင်းက မြို့သေးသေးလေးတစ်ခုအနားမှာ တည်ရှိတော့ တောသူလေး ပျော်ပြီလေ။ Isolated University of Japan (IUJ) လို့ အများက နာမည်ပေးထားကြတဲ့ တောကျောင်းလေးမှာ၊ night life မရှိလို့ ပျင်းတယ်ဆိုသူတွေကြားမှာ၊ တောသူလေးကတော့ အချိုရှာ သကာတွေ့ခဲ့ပါတယ်။
တောတောင်တွေကို ဖြတ်တိုက်လာတဲ့ လေပျိုနုအေး၊ ဝါးပန်းအနံ့ လေးမွှေးတဲ့ ဂျပန်မျှစ်၊ မြေသင်းရနံ့ နဲ့ မှို၊ ဆေးမထိုးထားတဲ့ ဖရဲသီး၊ ရေမီး အင်တာနက် ၂၄နာရီ၊ အမျိုးသမီးတစ်ယောက်ရဲ့ လုံခြုံရေး ..... အိုး ..... နေချင်တာက ဒီလိုမျိုးလေးပါ။
ဒါပေမယ့်လည်း ကိုယ့်မိသားစုမရှိတဲ့နေရာ ကိုယ်မွေးရပ်မြေမဟုတ်တဲ့နေရာမှာ တောသူမလေး ကြာကြာမနေနိုင်ပါ။
မိသားစုရှိရာ ဘန်ကောက်ကိုပြန်ခဲ့ရပြန်တယ်။
သမီးလေး၂ယောက်မွေးထားတော့ လုပ်ကျွေးစောင့်ရှောက်ရမယ့် တာဝန်ရှိလာပြန်တယ်။
ကျွန်မနဲ့ ကျွန်မခင်ပွန်းသည်တို့ဝင်ငွေဟာ ကျွန်မအဖေအမေ၂ယောက်ပေါင်းဝင်ငွေထက် များပြားပါတယ်။ စားစရာတွေ ပိုပေါပါတယ်။ ဒါပေမယ့် ကျွန်မတို့ ငယ်ငယ်ကထက် standard of living ပိုမြင့်တယ်လို့ ပြောဖို့တော့ ခပ်ခက်ခက်ပါ။
ကျွန်မသမီး၂ယောက်ခမျာ ပြေးဆော့စရာ မြေကြီးရယ် ခြံရယ် တောတောင်ရယ်မရှိ၊ မွှေးစရာရှူစရာ သဘာဝအနံ့ ရယ်လို့ ရှားပါး၊ ကလေးတွေရောင်းစားတဲ့ခေတ်ထဲ သက်ငယ်မုဒိန်းမှုများပြားတဲ့ခေတ်ထဲ လူဖြစ်တော့ "တံခါးသော့ခတ်ထားနော် လူဆိုးလာဖမ်းမယ်" ဆိုတာကို ၂နှစ်-၃နှစ်အရွယ်ကလေးလေးတောင် ဂါထာရွတ်သလို ရွတ်တတ်နေခဲ့ရပြီ။
သမီးအကြီးလေးက ကျောင်းမုန့်ဖိုးကို အကုန်မသုံးဘဲ စုထားသတဲ့။ ဘာလုပ်မလို့လဲ မေးတော့ ဒီအိမ်က မကောင်းဘူး လမ်းကလည်း ညစ်ပတ်တယ်၊ garden ရယ် မြေကြီးရယ် သစ်ပင်ရယ် ပါတဲ့အိမ် ဝယ်မလို့၊ ခွေးလေးတွေ ယုန်လေးတွေပါ မွေးထားချင်တယ် တဲ့။
ဩော် ကလေးရယ် .....
သူကလေးကြီးလာလို့ ကျွန်မအခုရေးတဲ့အကြောင်းမျိုး ရေးမယ်ဆိုရင် သူ့နေခဲ့တဲ့အိမ်ကလေး အနံ့ က ဘယ်လိုဖြစ်လေမလဲ .....
စိတ်မကောင်းလိုက်ထာ။
ကလေးတွေကို ကိုယ်ငယ်ငယ်က ရခဲ့တာတွေ ပေးချင်မိတယ်။ သဘာဝအစစ်ထဲမှာ ပြေးဆော့စေချင်တယ်။ သဘာဝအစားအစားတွေ ကျွေးချင်တယ်။ အကြောက်တရားကင်းတဲ့ ကလေးဘဝလေး ရစေချင်တယ်။
ဩော် ခုဆို အလွမ်းတွေ ရာထောင်ချီခဲ့တာ ၁၂နှစ်ရှိခဲ့ပြီ။
အကန့်အသတ်အတားအဆီး ဘာဆိုဘာမှ ထည့်မစဉ်းစားဘဲ စိတ်ထဲရှိတဲ့အတိုင်း နေချင်တဲ့ဘဝကို ပြောခွင့်ရမယ်ဆိုရင်
သပ်ရပ်သန့်ရှင်းတဲ့လုံးချင်းအိမ်ကလေးမှာ
ခြံကလေးနဲ့
ကိုယ့်မိသားစုနဲ့
ကိုယ်လုပ်ချင်တဲ့အလုပ်နဲ့
ရေမီး အင်တာနက် အပြည့်အစုံ
လူဆိုးသူခိုးမရှိ
ပတ်ဝန်းကျင်အဆိပ်သင့်မှုအနည်းဆုံး
လမ်းပန်းဆက်သွယ်ရေးကောင်း
ဆေးရုံးဆေးခန်း
ကျောင်းတွေ ကောင်း
ရာသီအလိုက်ပန်းကလေးတွေပွင့်တဲ့နေရာ
အဲ့နေရာလေးလေ .....
အရေးအကြီးဆုံးက .....
အဲ့နေရာလေးဟာ မြန်မာပြည်ထဲက နေရာလေး .....
မြန်မာပြည်ထဲမှာ ..... နော်
May 18, 2018