
02/02/2025
တွေဝေယိမ်းယိုင်စရာမရှိတဲ့ တော်လှန်ရေးလမ်းကြောင်း
ကမ္ဘာ့သတင်းမီဒီယာတွေထဲက မြန်မာဆိုတဲ့ VOA အစီအစဥ်မှာ တရုတ်နှင့်မြန်မာပြည်ကစစ်ပွဲများ ဆိုတဲ့ ဘာတေးလ်လစ်တနာရဲ့ ဆောင်းပါးကို ကောက်နှုတ်ဖော်ပြသွားတာတွေ့ရတယ်။ ဒီဆောင်းပါးကို အခြေခံပြီး ပြောစရာတချို့ရှိလာပါတယ်။ အဲဒါကတော့ သူ့အမြင်နဲ့ကောက်ချက်တွေက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကအမြင်ကနေ တိုးတက်လာတာမတွေ့ရဘူး ဆိုတာပါပဲ။ စစ်အုပ်စုက လက်နက်ကိုင်တွေကို အပြတ်မရှင်းနိုင်သလို လက်နက်ကိုင်တွေ အောင်ပွဲခံဖို့က မရေရာဘူး။ တိုင်းရင်းသားက သူတို့နယ်မြေ သူတို့ရရေး ဦးစားပေးလုပ်နေပြီး တပြည်လုံးကိစ္စ စိတ်ဝင်စားပုံမရဘူး။ အဲဒါကြောင့် မြန်မာ့နွေဦးရဲ့နောက်တဆင့် ဘယ်လိုဖြစ်မယ်ဆိုတာက တရုတ်က ဘယ်လိုဆုံးဖြတ်လုပ်ကိုင်လာမလဲ ဆိုတဲ့အပေါ်မူ တည်နေတယ် လို့ရေးထားတာပါ။ သူကိုးကားတာက ကိုးကန့်နဲ့စကစကြား အပစ်ရပ် သဘောတူညီမှုရသွားတာ၊ TNLA ဘက်မှာ စစ်ရှိန်ကျလာတာ၊ ရခိုင်က ဆွေးနွေးဖို့ အသင့်ရှိကြောင်း ကြေညာလာတာ အစရှိတဲ့ အရာတွေပါပဲ။ သူကထည့်မပြောပေမယ့် အဲဒီကနေဆက်ပြီးစဥ်းစားမယ်ဆိုရင်တော့ မူမပါတဲ့ ငြိမ်းချမ်းရေးတို့ အပစ်ရပ်ရေးတို့ အားလုံးပါတဲ့ဆွေးနွေးပွဲတို့ ဆိုတာတွေဘက်ရောက်သွားမှာဖြစ်တယ်။ နောက်ဆုံးအဲဒါတွေအတည်ဖြစ်ဖို့ အားလုံးပါတဲ့ ရွေးကောက်ပွဲဆိုတာအထိ ရောက်သွားလိမ့်မယ်။ ဒါကအင်အားကြီးနိုင်ငံတွေက ဂါဇာအရေး ၊ယူကရိန်းအရေး၊ တောင်တရုတ်ပင်လယ်အရေး၊ အမေရိကန်ပထမနဲ့ တရုတ်ပြန်လည်နိုးထရေးဆိုတဲ့ တရုတ်ရဲ့ ၂၀၄၉ အထိရေးဆွဲထားတဲ့ မဟာဗျူဟာကြားအားပြိုင်မှု စတဲ့ ကိစ္စကြီးတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အရေးမပါတဲ့ နိုင်ငံလေးတခုက ပြည်တွင်းရေးပြသနာတွေအပေါ်ထားတဲ့အမြင်တွေကနေ ဆင်းသက်လာတာပါပဲ။ တိုက်ကြီးတာကြီးတွေကြား ရန်စောင်နေကြချိန်မှာ ကြားက တဲစုတ်က လူတွေက ထပြီးရန်ဖြစ်ကြတော့ ရဝတခေါ်ပြီး အမြန်ဖြေရှင်းလိုက်စမ်းကွာ ဆိုတဲ့သဘောပါပဲ။ ပထမကုလသမဂ္ဂကဝင်ပြော နောက်တော့ အာဆီယံကိုတာဝန်ပေး။ အဲတော့ ဘယ်သူမှားတာမှန်တာ၊ ဘယ်သူသာတာနာတာ အရေးမကြီး မြန်မြန်ပြေငြိမ်းသွားရေးကသာ အရေးကြီးတယ်ဆိုတဲ့ သဘောထားတွေက ဆင်းသက်လာတာပါ။
ပြောမယ်ဆိုရင်တော့ ဘာတေးလ်လစ်တနာကို မြန်မာပြည်အရေး အတော်သိတယ်လို့သတ်မှတ်ကြတာပါ။ သူဟာ အိန္ဒိယနယ်စပ်ကစလို့ ကေအိုင်အေ၊ ဗကပ စတဲ့ နယ်စပ် တနံတလျား စောစွာကတည်းက ရောက်ဖူးခဲ့သူပါ။ ဒါပေမယ့်သူသိသွားတဲ့အရာတွေက မြင်းစီးပြီးပန်းခင်း ကြည့်သွားသလိုပဲဖြစ်ကာ နက်ရှိုင်းတဲ့ ဆင်ခြင်နိုင်တဲ့ အသိမျိုးရသွားပုံမရပါဘူး။ မြန်မာပြည်လက်နက်ကိုင်တော်လှန်ရေးအဆင့်ဆင့်နဲ့ တိုင်းရင်းသား လက်နက်ကိုင်များရဲ့ အတွင်းသဘော အမြင်တွေအထိ သိရှိမသွားခဲ့ပါဘူး။ သူဟာ ဂျာနယ်လစ်တယောက်သာဖြစ်လို့ ဒီလိုအမြင်မရှိတာကလဲ အံ့သြစရာတော့ မဟုတ်ပါဘူး။ တဘက်ကပြောရင် လွတ်လပ်ရေးကြိုးပမ်းမှုကာလလောက်ကတည်းကစလို့ စစ်တပ်ခေါင်းဆောင်ဖြစ်လာမယ့်သူတွေရဲ့ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍတွေ၊ နိုင်ငံရေးမှာ ပါဝင်စွက်ဖက်ဖို့ အခွင့်အလမ်းတွေ ဘယ်လို ဖန်တီးယူခဲ့ကြသလဲဆိုတာတွေအပေါ် လေးနက်ပုံမရပါဘူး။ မြန်မာဟာ Demography အရ တိုင်းရင်းသားလူမျိုးများစွာရဲ့ နိုင်ငံရေးနိုးကြားမှု တပြေးညီ မဖြစ်ခဲ့ကြတာကိုလဲ ထည့်တွက်ပုံမရပါဘူး။ ဒီအချက်ဟာ အလွန်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။
အခုအချိန်ကတော့ ဗမာလူမျိုးကြီးအပါ ကျန်တိုင်းရင်းသားအားလုံးရဲ့ နိုင်ငံရေးနိုးကြားမှုဟာ တပြေးညီဖြစ်ပြီး အထက်သန်ဆုံးဆိုတဲ့ ကာလကို ရောက်နေတာ နားလည်ဖို့လိုပါတယ်။ အဲဒါကတော့ မြန်မာတနိုင်ငံလုံး ခေတ်နောက်ကျရုံမက ခေတ်နောက်ပြန်ဆွဲတဲ့အထိရောက်နေတာ၊စကစရဲ့အနေအထားက အာဏာသာ တည်မြဲမယ်ဆိုရင် တွေ့သမျှလူ အဖေခေါ်မယ့်အဆင့်ရောက်နေတာ၊ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာဟာ လက်တွေ့မှာ တစစဆုံးရှုံးလာနေတာ စတာတွေကိုထည့်တွက်ဖို့လိုတာပါ။ တဘက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေက သူတို့ရဲ့နယ်မြေအများစုကို ထိမ်းချုပ်လာနိုင်တာ ၊ စကစဟာ တိုင်းပြည်ရဲ့ ၂၀ ရာခိုင်နှုန်း လောက်ကိုပဲထိမ်းချုပ်နိုင်တော့တာနဲ့ နွေဦးစကတည်းက အဓိကကျတဲ့ တိုင်းရင်းသားများနဲ့ NUGကြား သဘောတူညီချက်တွေ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေ ရှိထားတာ၊ NUGလက်အောက်က PDF တွေရဲ့ တိုက်စွမ်းရည်က သိသိသာသာမြင့်တက်လာတာ တွေထည့်တွက်ရမှာပါ။ အရေးကြီးဆုံး အချက်က ခုခံစစ်ဟာ တပြည်လုံးအနှံ့မှာရှိနေတဲ့အတွက် စကစဟာ အရင်က တိုင်းရင်းသားတွေနဲ့ ဖြစ်ခဲ့ကြတုန်းကလို တပ်တွေဆွဲထုတ်ပြီး တကွက်ချင်းရှင်းတဲ့ ဗျူဟာ ကျင့်သုံးလို့မရတော့တာပါ။ ဒါသာမက သူကိုယ်တိုင် တကွက်ခြင်း အရှင်းခံလာနေတာ အထင်အရှား ဖြစ်လာနေတာပါ။
စကစဟာ ၈လေးလုံး တန်ပြန်မဟာဗျူဟာအရ စစ်တပ်တွေကို မြို့တိုင်းလောက်မှာ လိုတာထက်ပိုပြီး ချထားခဲ့တာပါ။ အဲဒါကြောင့်တနိုင်ငံလုံး စစ်စခန်း ၅၀၀၀ ကျော်ရှိတယ်လို့ဆိုကြတာပါ။ ဒါကြောင့်ပဲ သူဟာ အာဆတ်လို အလျင်အမြန် ပြုတ်ကျ သွားဖို့မဖြစ်နိုင်ပဲ တပ်စခန်းအတော်များများကို လိုက်ရှင်းမှ ရမှာပါ။ မအလဟာ အာဆတ်လို မိသားစုအာဏာရှင်မဟုတ်ပါဘူး။ အုပ်စုလိုက် သူ့နောက်မှာ တန်းစီနေသူတွေကို ရာထူးအာဏာ ငမ်းဖမ်းနေအောင် လုပ်ထားတဲ့ စနစ်ဖြစ်တယ်။ နောက်တခုက သူတို့ရဲ့စနစ်က စစ်ပဒေသရာဇ်ပုံစံဖြစ်တော့ ထိပ်ဆုံးလူမဆင်းမချင်း အပြောင်းအလဲမဖြစ်နိုင်သလို ဆင်းသွားလို့နောက်လူတက်ရင်လဲ ဒီအတိုင်းပဲဆက်သွားရမယ့် စနစ်မျိုးဖြစ်တယ်။ ဒါကို သူတို့နဲ့ နှစ်၇၀လောက် စစ်တိုက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်များ ကောင်းစွာသိထားကြပြီးသားပါ။ ဒါကြောင့်မို့ ပန်းတိုင်ရောက်ခါနီးတက်မထောင်ဖို့၊ သံပူတုန်း နာနာထုဖို့ဆိုတာတွေက သင်ပေးစရာမလိုတဲ့ကိစ္စတွေပါ။ ကိုယ့်ဝမ်းနာကိုယ်သာသိပါတယ်။ တရုတ်သိတာကလည်း သူ့အကျိုးစီးပွားအခြေခံပေါ်က သိတာပါ။ မြန်မာပြည်သူတွေ အကျိုးစီးပွားနဲ့ လိုလားချက်တွေအပေါ် အခြေခံပြီး စဥ်းစားထားတာ မဟုတ်ပါဘူး။ တရုတ်အမြင်နဲ့ ဆုံးဖြတ်ချက်တွေက မြန်မာ့အရေးအဆုံးအဖြတ်အဆင့်ဖြစ်မယ်ဆိုတာက လက်တွေ့မကျတဲ့အမြင်ပါ။ အပြင်က လူတွေရဲ့ အပေါ်ယံသိတွေက အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ မည်သို့ဆိုစေ မြန်မာ့အရေးစိတ်ဝင်စားတာတော့ကောင်းပါရဲ့။ ဒါပေမယ့် မပြီးခင် ကမ္ဘာမမြင်စေနဲ့ဆိုတဲ့ စကားကိုပဲ သတိရမိစရာ ဖြစ်လာနေပါတယ်။ လမ်းကြောင်းတွေက ရှင်းနေပြီးသားပါ။ ဒီလမ်းကြောင်းအတိုင်းဆက်လျောက်ဖို့ သံဓိဌာန်ကလဲ ခိုင်မာကြပြီးသားပါ။ ဒါကြောင့် တွေဝေစရာမရှိ ယိမ်းယိုင်စရာမရှိ ချမှတ်ထာပြီးသားလမ်းကြောင်းတွေအတိုင်း ဆက်လျောက်ကြရမှာ ဖြစ်ကြောင်းပါ။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။