14/09/2023
လယ်တီဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူး
မိုးရွာစေသော နိဗဒ္ဓစွမ်းအား
ဟင်္သာတ၌မိုးခေါင်ခြင်း
~~~~~~~~~~~~~~~
သက္ကရာဇ် ၁၂၆၈ - ခုနှစ် လယ်တီဆရာ တော်ကြီး ပြည်မြို့လယ် တီကုန်းဝိဿနာတောရ၌ ဝါကပ်သီတင်းသုံးနေတော်မူစဉ် တော်သလင်းလ (အေဒီ ၁၉၁၆ - ခုနှစ်၊ သြဂုတ်) သို့ရောက်သော်ဟင်္သာတ နယ်တွင် မိုးနှောင်းကာလ မိုးကြီးပြတ်၍ မိုးခေါင်သကဲ့သို့ဖြစ်ရာ လယ်သမားအများ အခက်ကြုံကြရသည်။
အစိုးရရုံးတော်များတွင်လည်း ယခုနှစ်အခွန်တော်မပေးနိုင်တော့ကြောင်း လျှောက် ထားသော လယ်ပျက်လျှောက်လွှာများရောက်ရှိလာခဲ့လေသည်၊ ထိုအခါ ဧရာဝတီ တိုင်း မင်းကြီးမက်ကဆွဲ (Maxwell) သည် ပုသိမ်မြို့ဘက် နယ်လှည့်စစ်ဆေးရင်းဟင်္သာတမြို့သို့ ရောက်လာရာ ဟင်္သာတမြို့၌ မိုးခေါင်ပုံအကြောင်း၊ လယ်သမားအများဒုက္ခရောက်ကြရပုံအကြောင်းတို့ကို လက် တွေ့ သိရှိသွားပြီး၊ ထိုအင်္ဂလိပ်လူမျိုးတိုင်းမင်း ကြီးမက်ကဆွဲ၏ စီမံပုံတို့နှင့် ဟင်္သာတမိုးခေါင်၍ လယ်တီဆရာတော်ကြီး စောင်မတော်မူရပုံ အကြောင်းတို့ကို လယ်တီဦးဝဏ္ဍိတက နောင်အခါ အောက်ပါအတိုင်းမှတ်တမ်းတင်ခဲ့ပါသည်။
ဧရာဝတီမင်းကြီးက အရေးပိုင်, နယ်ပိုင် မြို့ပိုင်မှစ၍ မြို့ရွာရှိ လူကြီးလူကောင်းအပေါင်းတို့အား ဖိတ်ကြားပြီး ဟင်္သာတမြို့ ၌ လယ်တီဆရာတော်ကိုပင့်၍ တရားပွဲ ပြု လုပ်ရမည်ဟုအမိန့်ရှိ၏။
အချို့ကတီးတိုးစကားပြောဆိုကြသည်မှာ - 'လယ်တီဆရာတော်နှင့် မိုးခေါင်တာ ဘာဆိုင်သလဲ သူ့သဘာဝ သူဥတုနှင့်သူဖြစ်နေတာ လယ်တီဆရာတော်က ဘာတတ်နိုင်ဦးမှာလဲ၊ " ပြဒါးတစ်လမ်း သံတစ်လမ်း " ဟုပြောဆိုကြ၏။
သို့သော် မင်းကြီးအမိန့်ကိုမလွန်ဆန်နိုင်ကြ၍ အချို့အရာရှိကြီးများနှင့် လူကြီးများက ပြည်မြို့သို့သွား၍ လယ်တီဆရာတော်ကိုပင့်ကြရသည်။
အချို့က တရားဟော မဏ္ဍပ်နှင့် စံကျောင်း,
သင်္ဘောဆိပ်မှ စံကျောင်းအထိ ရဲလောင်းသွယ်၍ ရာဇမတ်ကာ, သဲဖြူခင်း, ငှက်ပျော ပင်စိုက်, ပိတ်မျက်နှာကျက်အဆန်းတကြယ်စီမံဆောက်လုပ်ကြရ၏။
ပြည်မြို့ ဝိပဿနာကုန်းဆရာတော်ဘုရားကြီးအထံတော်သို့ ရောက်ကြ၍ ဟင်္သာတမြို့သို့ တရားဟောကြွတော်မူရန် လျှောက် ကြားကြရာ ဆရာတော်ဘုရားကြီးက မိန့်တော်မူသည်မှာ -
မင်းတို့အပင့်လာကြတာက ဝါတွင်းကြီးပါလားကွဲ့၊ ဝါများကျွတ်၍ ခြေခင်းလက်ခင်းသာယာသောအခါမှ တရားပွဲပြုလုပ်လျှင် မသင့်တော်ပေဘူးလားကွဲ့ " ဟုမိန့်တော်မူရာ -
မှန်လှပါဘုရား၊
တရားပွဲဆိုသော်လဲ မိုးရွာဖို့ကအရေးကြီးနေပါသည်ဘုရား၊ ယခုနှစ် ဟင်္သာတနယ်မှာ မိုးပြတ်မိုးခေါင်သဖြင့် လယ်သမားများအခက်ကြုံနေကြပါသည်၊ စပါးပင်များရေပြတ်၍ ပတ်ကြားတွေအက်ပြီး ခြောက်သွေ့ကုန်ပါပြီ၊ နောက် တနင်္ဂနွေတစ်ပတ်မျှ ရေမတွေ့ကြရပါလျှင် အသိန်းမကသော စပါးများ ဆုတ်ယုတ်၍ လူတွေငတ်မွတ် ခေါင်းပါး အစာရှားခြင်း ဒုဗ္ဘိက္ခန္တရကပ်နှင့် တွေ့ ကြုံကြရပါတော့မည် ဘုရား
ယခုအခါ ငါးဖား ပုဇွန်များလဲ ရေပြတ်ငတ် မွတ်၍ သေကြေပျက်စီးကြပါပြီ၊ ဤအကြောင်းများကြောင့် ဧရာဝတီမင်းကြီးက လယ်တီဆရာ တော်ကို မပါ,ပါအောင် ပင့်ကြရမည်ဟုအမိန့်ရှိ၍ ယခု ဆရာတော်၏ ရှေ့တော်မှောက်သို့ ရောက်ကြရပါသည်ဘုရား " - ဟု ရှိခိုးလျှောက်ထားကြ၏။
ဆရာတော်ဘုရားကြီးကလည်း လူသတ္တဝါ တိရစ္ဆာန်သတ္တဝါတို့၏ ဆင်းရဲပင်ပန်း သေ ကြေပျက်စီးကြမည့်ဘေးဒုက္ခမှ လွတ်ကင်းချမ်းသာအောင် ကာကွယ်စောင့်ရှောက် လိုသောကြောင့် ထိုဟင်္သာတသားတို့ လျှောက် ချက်ကို ဝန်ခံတော်မူ၏။
ဆရာတော် ဘုရားကြီး၏ဝန်ခံတော်မူချက်ကိုရရှိကြသော ဟင်္သာတမြို့သားတို့သည်မနက်ဖြန်ထွက်မည့် ဧရာဝတီစာပို့ မီး သင်္ဘောဖြင့် ခရီးလမ်းစီစဉ်ကြလေ၏။
ကျေးဇူးတော်ရှင်လယ်တီဆရာတော်ဘုရားကြီးက တပည့်မောင်ပဏ္ဍိတအား တိုးတိုး တိတ်တိတ်မိန့်တော်မူသည်မှာ -
ရွှေစည်းခုံကျောင်းတိုက်မှစ၍ လယ်တီတိုက်သို့ရောက်သည်တိုင်အောင် အနှစ် (၂ဝ) ရွှေစည်းခုံဘုရားကြီးနှင့် သက်တော်ကြီး ဝါတော်ကြီးသံဃာတော်များအားသောက်ရေ သုံးရေ ချိုးရေတို့ကိုလှူဒါန်းခဲ့တဲ့ ရေဝတ်ကြီး၏အကြောင်းကို ဟင်္သာတမြို့ သူမြို့သားတို့အား ထင်ရှားစွာပြရတော့မှာပဲကွဲ့ ... ။
ရေလှူရတဲ့ဒါနဟာ ရေရှားပါးသောအခါ, ရေမရှိသောအခါ၌ ရေကိုအလိုရှိ၍တောင့်တလျှင် ချက် ချင်းရေရရှိသည် - ဟု ကျမ်းဂန်အဆိုရှိသည့်အတိုင်း သည်တစ်ခါအချက်ကောင်းပဲကွဲ့ ဟု အမိန့်ရှိတော်မူ၏။
အဲဒီညဉ့်ကစပြီး အနှစ် ၂၀ - ကျော် ရေဝတ်ကြီးကိုအောက်မေ့၍ ဆင်ခြင်တော်မူခြင်းငါးရံ့ မင်းပရိတ်တော်ကြီးကို ပုတီးစိပ်တော်မူခြင်း၊ ပဇ္ဇုန်နတ်နှင့် အထက်ဝလာဟကနတ်တို့အား အထူးမေတ္တာပို့ခြင်း။ - စသည်တို့ကိုပြုလုပ်တော်မူ၏။
နောက်တစ်နေ့တွင် မဟာထေရ်မြတ်ကြီးသည် နောက်ပါတပည့်ငါးပါးခြံရံလျက်ဧရာဝတီ မီးသင်္ဘောဖြင့်ကြွလာရာ၊ ဟင်္သာ တမြို့သို့ ဆိုက်ကပ်ကာနီးတွင် ကောင်းကင်တစ်ခုလုံး အခြေအနေ ရုတ်တရက် ရှောင်တ ခင်ပြောင်းလဲပြီး မိုးတိမ်တွေအုပ်ဖုံး ထစ် ချုန်း၍ ဟင်္သာတဆိပ်ကမ်းမကပ်မီဧရာဝတီမြစ်လယ်ခေါင်မှာ တစ်ခဲနက် သည်းထန်စွာ ရွာသွန်းချလိုက်ရာ တစ်နာရီခွဲမျှကြာလေသည်။
စာပို့သင်္ဘောကြီးသည် ကမ်းသို့မကပ်နိုင်ဘဲ မြစ်လယ်ခေါင်တွင်ကျောက်ဆူးချ၍ ချာလ ပတ်လည်နေ၏။ မိုးစဲသွားသောအခါမှသင်္ဘောကြီးသည် တဖြည်းဖြည်း ဆိပ်ကမ်းသို့ဆိုက်သည်နှင့်တစ်ပြိုင်နက် အကြိုအဆိုသမားတို့သည် ထမ်းစင်နှင့် သင်္ဘောပေါ်သို့တက်၍ ဆရာတော်ဘုရားကြီး ရှေ့တော်မှောက်သို့ ဆိုက်ရောက်ကြကုန်၏။
ဆရာတော်ဘုရားကြီးက မိန့်တော်မူသည်မှာ -
'မင်းတို့က ဘာလုပ်ကြတာလဲကွဲ့'
'မှန်လှပါ ဆရာတော်ဘုရားကြီးအားကြိုဆိုရန် ထမ်းစင်ပါပါသည်' ဟုလျှောက်ကြရာ
'ငါ ထမ်းစင်အလိုမရှိဘူးကွဲ၊
ခြေလျင်သွားမယ်' ဟုအမိန့်တော်ရှိရာ -
မှန်လှပါ၊ မိုးကြီးစွာရွာသွန်းထား၍ မိုးရေနှင့်ရွံ့နွံတွေ ဗွက်ကြမ်းနေပါကြောင်းလျှောက်ကြားကြရာ ဆရာတော်ဘုရားကြီးက -
မင်းတို့ ဟင်္သာတမြို့မှာ မိုးခေါင်ရေရှားနေသည်ဟုကြားရာ ယခုတော့ မိုးရွာရေပေါ ၍နေပြီမဟုတ်လားကွဲ့ " ဟုမိန့်တော်မူပြီးထမ်းစင်ကို မစီးဘဲ မြေပြင်ရေပြင်တွင် ခြေ လျင်ကြွတော်မူ၏။
ကမ်းထိပ်သို့ရောက်သောအခါ ကမ်းလုံးညွတ်မျှ စောင့်ဆိုင်းကြိုဆိုလျက်ရှိကြသော ပရိသတ်ထဲမှ ဧရာဝတီမင်းကြီးမက်ကဆွဲ သည် ဆရာတော်ဘုရားကြီးအား အရိုအ သေပေး၍ နှုတ်ခွန်းဆက်ကာ ဆရာတော်ဘုရားကြီး၏နောက်မှလိုက်၍ စံကျောင်းတော်သို့ပင့်ဆောင်သွားကြလေ၏ - ဟူသတည်း။
*********************************************
ဒေါ်မာလာရီနှင့်တွေ့ဆုံခြင်း
~~~~~~~~~~~~~~~~
ပြည်မြို့၌ လယ်တီဆရာတော်ကြီး သီတင်း သုံးနေစဉ် ပြည်မြို့ပေါ်၌ ပရမတ္ထသံခိပ်အသင်းများဖွဲ့ကြ ကျက်မှတ်ကြဖြင့် အဘိဓမ္မာသာသနာရောင်သည် ပြည်မြို့၌ထွန်းထိန်ခဲ့ရသည်။
ထိုစဉ် နာမည်ကျော်ဓမ္မကထိက စိန်ဇနိ (ဆရာခင်) နှင့် နှမတော်စပ်သူဆရာလေးဒေါ်မာလာရီ သည် ရွှေဘိုမြို့အနီး သရိုင်ရွာကြီးနေ ထရံကာဆရာကြီးဦးအုန်းညွန့် (အေဒီ ၁၈၄၅ ၁၉၂၅) ထံ၌ လေးနှစ်တိုင်တိုင် မူလဋီကာနှင့်ပဋ္ဌာန်းစာဝါများတက်ပြီးနောက် ပြည်မြို့ ရွှေဟင်္သာတောရ ခေတ္တနေထိုင်စဉ် သံခိပ်အသင်းသူမသက်မေက ပရမတ္ထသံခိပ်၊ စိတ်ပိုင်းလာ ဈာန် မဟဂ္ဂုတ်
ဈာန်လောကုတ် သရုပ်ခြောက်ဆယ့်ခွန်' ဟူ သော သံခိပ်အမှတ် (၃၅) ပါ သရုပ် အရေ အတွက်ကို ရေတွက်ပြစမ်းပါ - မေးရာ၊
ဆရာလေးက ချက်ချင်းပင်ရေတွက်ပြလိုက်ရာ၊ မသက်မေက - 'ဆရာလေး၊ သရိုင်ပြန်မသွားပါနဲ့တော့၊ ဒီမှာပဲ သံခိပ်ဆရာလုပ်နေပါ၊ တပည့်တော်တို့ ကိုးကွယ် ပါရစေ' ဟုအတင်း တောင်းပန်လေသည်။
ဒေါ်မာလာရီကလည်း ကျွန်မ စာမတတ်သေးပါဘူး ခုမှသင်တုန်းပါ' ဟု အတင်းငြင်း လေသည်။
အခြားဒါယကာကြီးတို့က 'အို - ဒီလောက်တတ်ရင် ကိုးကွယ်ထိုက်နေပါပြီ' ဟုပြောကြပြန်၏။
ဤသို့ ဆရာလေးဒေါ်မာလာရီ သံခိပ် သင် ပေးနေကြောင်း လယ်တီဆရာတော်ကြီးသိတော်မူလျှင် ထိုဆရာလေးအားခေါ်ယူမေးမြန်းပြီး ဆရာလေး ၏ အစွမ်းအစကိုရိပ်မိတော်မူကာ ဒါယကာကြီးတို့ကို - နင်တို့မှာ ဆရာကောင်းကောင်းမရှိသေးဘူး၊ သီလ ရှင်ကို ရအောင်ပင့်ထားကြ' ဟု မိန့်ကြာတော်မူပါသည်။
*********************************************
မအေ, ကလေးတွေလိမ္မာမှ
လယ်တီဆရာတော်ကြီးသည် ပြည်မြို့တွင်သီတင်းသုံးနေတော်မူစဉ် ပရမတ္ထသံခိပ်ကုမ္မာရီ အမျိုးသမီးအသင်းတို့ကို ဖွဲ့စည်းတည်ထောင်ပေးတော်မူပါသည်။
ထိုအခါ အမျိုးသားတို့က 'ဆရာတော်ကြီး မျက်နှာလိုက်သည်' ဟု တီးတိုးပြောကြသည်။
သို့သော် ဤစကားသည် ဆရာတော်ကြီး၏နားတော်သို့ ပေါက်ရောက်ခဲ့သည်။
ညဘက်တရားပွဲတွင် ဆရာတော်ကြီးက အမျိုးသမီးများကို ကုမ္မာရီအသင်းဖွဲ့စည်းပေးရခြင်းနှင့်စပ်သော မိမိ၏ရည်ရွယ်ချက်ကို အောက်ပါ အတိုင်း ရှင်းလင်းမိန့်ကြားတော်မူပါသည်။
ဟေ့ - ဒါယကာများ၊
ငါက မင်းတို့အတွက် ကုမ္မာရီအသင်းဖွဲ့ရတာကွယ့်၊ မင်းတို့က မသိကြလို့၊ ဟော - ငါက အမေ, ကလေးတွေ လိမ္မာအောင် ဟောပေးတော့ အမေ, ကလေးတွေ လိမ္မာလာရော၊အမေ,ကလေးတွေလိမ္မာတော့ သားသမီးတွေပါ လိမ္မာလာရော၊ သားသမီးတွေလိမ္မာတော့ ဖအေလုပ်တဲ့လူမှာ ချမ်းသာရော မဟုတ်လားကွယ့်။
တကယ်တော့ အမေလုပ်တဲ့သူဟာ ဖအေလုပ်တဲ့လူထက်ပိုပြီး သားသမီးတွေနဲ့ လက် ပွန်းတတီးနေရတယ်။ ဒါကြောင့် မအေတွေလိမ္မာဖို့က ပထမ ကွဲ့။ ငါတို့ သူတို့လိမ္မာအောင် #ကုမ္မာရီအသင်းကိုဖွဲ့ပေးတာ' ဟူ၍ ဖြစ်ပါသည်။
ဒါယကာကြီးတို့မှာ ဆရာတော်ကြီး၏ဆန္ဒတော်ကို ယခုမှသိမြင်ကြပြီး မိမိတို့အိမ်တွင်းမှသာမက ရပ်ရွာတွင်းရှိ အမျိုးသမီးကြီးငယ်တို့ကိုပင် ကုမ္မာရီအသင်းသို့ဝင်ကြရန် တိုက်တွန်းခဲ့ကြပါသည်။
ဦးအောင်မွန် (မြတ်ဆုမွန်)ရေးသားပူဇော်သော လယ်တီဆရာတော်ဘုရားကြီး၏ ဘဝဖြစ်တော်စဉ် စာအုပ်မှ ကူးယူပူဇော်သည်။
Crdit
တဆင့်ပြန်လည်မျှဝေပါသည်။
သာသနာအတွက် အစစ အရာရာ ပြည့်စုံတဲ့ လယ်တီဆရာတော်ဘုရားကြီး ဦးဥာဏဓဇ မဟာထေရ်မြတ်ကြီးပါ။🙏🙏🙏