11/01/2025
မနာကျင်ပါစေနဲ့
ကြင်နာမှုပြုလိုက်ပါ
Four Burning Candles
လင်းလက်တောက်ပနေတဲ့ ဖယောင်းတိုင်လေးတိုင်…
#ဒေါက်တာခင်မောင်ညို
၂၀၂၅ လွတ်လပ်ရေးနေ့ကိုတော့ ရောက်ပြန်ပြီပဲ။
ကျွန်တော်က သူ့ကျွန်ဘဝမှာ မွေးခဲ့တယ်။
အချို့က “အင်္ဂလိပ်ခေတ်” (ကိုလိုနီခေတ်) ကို သဘောကျတယ်။ လွတ်လပ်ရေးရတာကို နာတယ်လို့ ထင်သူတွေ အများကြီးပါပဲ။
ဒီလို ယူဆသူတွေကို အပြစ်တင်တာမဟုတ်ပါဘူး။
မိမိစိတ်ကူးနဲ့ တတ်သလောက် မှတ်သလောက် တွေးကြတဲ့သူတွေ အများကြီးပါပဲ။
(တကယ်တော့ လုံးဝမတွေးသူတွေလည်း အများကြီးပါပဲ)
လုံးဝ မှန်ကန်တဲ့အတွေးဆိုတာတော့ ရတောင့်ရခဲဖြစ်ပါတယ်။
အကျိုးသင့်အကြောင်းသင့် လက်ခံနိုင်တဲ့သူတွေအတွက် ရတဲ့ ရလဒ်ကတော့ ပညာဉာဏ်ကြီးမားလာ ခြင်းပါပဲ။
▪️▪️▪️
လူတိုင်းဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုလိုလားတယ်။ လွတ်လပ်ပြီး တရားမျှတမှုကို လိုချင်တယ်။
(နိုင်ငံတော်သီချင်းထဲက တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ ဆိုတာကို သတိရနိုင်ပါတယ်)
ယနေ့ထက်ထိတော့ ကျွန်တော်တို့ဟာ ဆင်းရဲနေဆဲ ဖြစ်တယ်။
လွတ်လပ်ရေးရကာစက စားဝတ်နေရေး ( “ဝတ်စရာအဝတ်၊ စားစရာ အစားအသောက်၊ နေထိုင်ဖို့နေရာ”) အားလုံး ရှားပါးတယ်။ အခက်အခဲတွေအများကြီးပါပဲ။
(ဒုတိယကမ္ဘာစစ်အပြီးမှာ တစ်ကမ္ဘာလုံးဆင်းရဲကြတယ်)
အဲဒီနောက်ကမ္ဘာကြီးဟာ ပြောင်းလဲတိုးတက်လာတယ်။
စက်မှု၊ နည်းပညာ၊ စိုက်ပျိုးရေး တိုးတက်လာတယ်။ (ဒါပေမဲ့ နေရာအနှံ့မှာ စစ်ပွဲတွေ ဖြစ်နေဆဲပဲ)
ကမ္ဘာကြီးမှာ နိုင်ငံအများရဲ့တိုးတက်မှုဟာ ကြောက်ခမန်းလိလိ ပါ။
ဒါပေမဲ့ တိုးတက်မှုနှေးတဲ့ နိုင်ငံတွေ၊ တိုးတက်မှုနည်းတဲ့ နိုင်ငံတွေ ရှိတယ်။
မြန်မာမာနိုင်ငံလို နိုင်ငံတွေကျတော့ တိုးတက်မှုအနည်းဆုံးနိုင်ငံ ( Least Developing Countries) ထဲမှာ ပါတယ်။ ဒါကို ဆင်းရဲတဲ့နိုင်ငံလို့ ခေါ်ကြတာပဲ။
ဒါပေမဲ့ ကျွန်တော်တို့ဟာ ဆက်လက်ရပ်တည်အသက်ရှင်နေကြတယ်။
ဘယ်လို အသက်ရှင်ရပ်တည်နေသလဲ။ ဘာကြောင့် ရပ်တည်နေတာလဲ။ ဒါကို စာရေးဆရာတစ်ယောက်က (Four Burning Candles) ဆိုတဲ့ စာလေးတစ်ပုဒ်ရေးထားတာ ဖတ်ရတော့ မျှဝေတင်ပြလိုက်ပါတယ်။
▪️▪️▪️
အခန်းတစ်ခန်းထဲမှာ မီးတောက်နေတဲ့ ဖယောင်းတိုင်လေးတိုင် ရှိသတဲ့။ ပတ်ဝန်းကျင်ဟာ ငြိမ်သက်လွန်းနေတဲ့အတွက် သူတို့စကားပြောနေကြသံကို ကြားနိုင်ပါတယ်။
ပထမဖယောင်းတိုင်က “ငါက ငြိမ်းချမ်းရေး ဖယောင်းတိုင်ပဲ။ ဒါပေမယ့် ဘယ်သူကမှ ငါ့ကို ဆက်ပြီး လင်းနေအောင်မလုပ်နိုင်ကြဘူး။ ငါ မီးငြိမ်းတော့မယ် ဆိုတာ ယုံကြည်တယ်” လို့ ပြောပါတယ်။ အဲဒီဖယောင်းတိုင် မီးတောက်ဟာ လျင်မြန်စွာပျောက် ကွယ်သွားပြီး လုံးဝ မီးငြိမ်းသွားပါတယ်။
ဒုတိယ ဖယောင်းတိုင်က “ငါက သစ္စာဖယောင်းတိုင်ပါ။ အများစုက ငါ့ကို မရှိမဖြစ်လို့ မယူဆကြတော့ဘူး။ ဒါကြောင့် ငါနောက်ထပ်မီးလင်းဖို့ ဘာ အကြောင်းမှ မရှိတော့ဘူး” လို့ ပြောပါတယ်။ စကားပြောပြီးတဲ့အခါမှာလေပြေလေညင်းလေးတစ်ခု ညင်သာစွာ တိုက်ခတ်တဲ့အခါ သူဟာ ဟုတ်ကနဲ ငြိမ်းသွားပါတယ်။
ဝမ်းနည်းစွာနဲ့ တတိယဖယောင်းတိုင်က သူ့ရဲ့အလှည့်မှာ“ငါကတော့ မေတ္တာဖယောင်းတိုင်ပါ။ ငါက မီးတောက်နေဖို့ခွန်အား မရှိတော့ပါဘူး။ လူတွေက ငါ့ကို ဘေးဖယ်ထားကြပြီး ငါ့ရဲ့အရေးပါမှုကို နားမလည်ကြဘူး။ သူတို့ဟာ သူတို့ အနီးဆုံးမှာ ရှိတဲ့သူတွေကို မေတ္တာထားဖို့ကိုတောင် မေ့နေကြတယ်” တဲ့။ အဲဒီဖယောင်းတိုင်ဟာလည်း ဆက်လက်မတောက်လောင်နိုင်တော့ဘဲ မီးငြိမ်းသွားပါတယ်။
ဖယောင်းသုံးတိုင် ပြောလို့အပြီး ရုတ်တရက် ကလေးတစ်ယောက် အခန်းထဲကို ဝင်လာသတဲ့။ သူဟာ ဖယောင်းတိုင်တွေထဲက ဖယောင်းတိုင် သုံးတိုင် မီးမလင်းတာကို တွေ့လိုက်ရတယ်။
“မင်းတို့ဟာ အဆုံးထိ မီးလင်းနိုင်ပုံရလျက်နဲ့ ဘာပြုလို့ မီးမလောင်ကျွမ်းရတာလဲ”
ဒီလိုပြောပြီး ကလေးက စတင် ငိုပါတော့တယ်။
ဒီအခါ စတုတ္ထဖယောင်းတိုင်က ခေါင်းထောင်ကြည့်တယ်။
သူရဲ့မီးတောက်တွေဟာ အင်မတန်လှတယ်။
‘“မစိုးရိမ်ပါနဲ့။ ငါ မီးတောက်လောင်နေ တဲ့အခါ ငါတို့အားလုံးဟာ တစ်ခြားဖယောင်းတိုင်တွေကို မီးပြန်ထွန်းညှိနိုင်ပါတယ်”
“သင်က ဘာဖယောင်းတိုင်လဲ”
“ ငါက မျှော်လင့်ချက် ဖယောင်းတိုင်ပါ”တဲ့။
တောက်ပတဲ့မျက်လုံးတွေနဲ့ ကလေးလေးဟာ မျှော်လင့်ချက်ဖယောင်း တိုင်ကိုယူပြီး တစ်ခြားဖယောင်းတိုင်တွေကို မီးထွန်းပေးပါတယ်။
မျှော်လင့်ချက်မီးတောက်ဟာ ကျွန်တော်တို့ဘဝကနေဘယ်တော့မှ ထွက်ခွာသွားမှာမဟုတ်ဘူး။ တကယ်လို့သင်သာဆန္ဒရှိလျှင် ကျွန်တော်တို့တစ်ယောက်ချင်းစီဟာ မျှော်လင့်ချက်၊ သစ္စာ၊ ငြိမ်းချမ်းရေးနဲ့ မေတ္တာတွေကိုထိန်းသိမ်းထားနိုင်မှာပါ။
တကယ်တော့မျှော်လင့်ချက်က သင့်ကိုဘယ်တော့မှ စွန့်ခွာမသွားပါဘူး။
သင်ကသာ မျှော်လင့်ချက်ကို စွန့်ခွာဖို့ကြိုးစားတာပါ။
သင့်မှာ အိပ်မက်တွေရှိပါတယ။ သူတို့ကို တိုင်ပင်ပါ။
သင့်မှာ မပြည့်စုံတာတွေ၊ ဆုံးရှုံးတာတွေကြောင့် စိတ်ဓာတ်မကျပါနဲ့။
ဘယ်လိုပင် ကျရှုံးပါစေ သင့်အပါးမှာမျှော်လင့်ချက်ဆိုတာလေး ရှိပါသေးတယ်။
မျှော်လင့်ချက်ရဲ့ ဦးစွန်းဖုတ်လေးကိုဆွဲကိုင်ကာ ခရီးဆက်နိုင်ပါတယ်။
နိဂုံး
လွတ်လပ်ရေးသီးအပွင့်တွေကို ရင် တွင်းမှာ စိုက်ပျိုးနိုင်ပါတယ်။
မနာကျင်ပါနဲ့။
ကြင်နာကြပါ။
#ဒေါက်တာခင်မောင်ညို