22/01/2024
သိန်း ၇၅၀ တန်ဖိုးရှိ ရွှေတစ်ဆယ်သားတုံး ၂ တုံးပျောက်သွားတဲ့အပေါ် အပြန်အလှန်ထင်မြင်ချက်တွေ စွပ်စွဲမှုတွေနဲ့ ဖြေရှင်းနေကြတဲ့ မေပန်းချီနဲ့ မိတ်ကပ်ချောချစ်စံ
သရုပ်ဆောင် မေပန်းချီနဲ့ မိတ်ကပ်ဆရာ ချောချစ်စံတို့ဟာ နှစ်ပေါင်းများစွာ ချစ်ခင်ရင်နှီးသူတွေဖြစ်ကြပေမဲ့ မေပန်းချီရဲ့ သိန်း ၇၅၀ တန်ဖိုးရှိ ရွှေတစ်ဆယ်သားတုံး ၂ တုံးပျောက်သွားတဲ့အပေါ်မှာတော့ စွပ်စွဲမှုတွေ အပြန်အ လှန်ထင်မြင်ချက်တွေကို ပရိသတ်တွေသိအောင် ဖြေရှင်းနေခဲ့ကြပါတယ်။
"မိတ်ကပ်ဆရာ ၃ ယောက်နဲ့ Group Chat လေးလုပ်ပြီး မျက်လုံးထဲမှာ နိမိတ်လာပြတယ်ဆိုပြီးတော့လေ။ ပန်းချီအနေနဲ့ ကိုယ့်ပစ္စည်းပျောက်တာမို့ အစ်နိုင်သလောက်တော့ အစ်မှာပဲလေ။ နာမည်တစ်ယောက်ထဲရဲ့ ခေါင်းစဥ်တပ် အစ်တာ မဟုတ်ပါဘူး။ ရဲစခန်းမှာ ပန်းချီ အမှုမဖွင့်ထားလို့ ရနိုင်သလောက်တော့ အစ် ကြည့်တာပါ။ မေတ္တာတရားနဲ့ပဲ အစ်တာပါ။ ပန်းချီ ချွေးနည်းစာနဲ့ ရှာဖွေထားတဲ့ ပစ္စည်းလေးပါ။ ဗေဒင်ဆရာကလည်း ပြောနေပြီလို့ ပန်းချီ အစ်ခဲ့တာပါ။ ဘယ်ဗေဒင်မှာလည်း မမေးခဲ့ပါဘူး။ ပန်းချီ ပင်ပင်ပန်းပန်းရှာခဲ့ရတဲ့ ငွေတွေလေ။ စိတ်မ လုံတဲ့သူတော့ သိမှာပဲလေ။ နာမည်မတပ်ဘဲ ပန်းချီ အစ်ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဘဝကို မရိုက်ချိုးချင်လို့ ဘာမှမလုပ်တာပါ။ လူတိုင်းမှာ အတိတ်ဆိုတဲ့ မကောင်းတဲ့ကိစ္စလေးတွေရှိကြတယ်။ ကိုယ်တိုင်လည်း အတိတ်လေးတွေရှိခဲ့တယ်။ လက်ရှိ ကောင်းနေဖို့လိုတယ်ဆိုပြီး မိတ်ကပ်လိမ်းတာတင်မဟုတ်ဘဲ ဆံပင်လုပ်ပေးတာအတွက် တန်တဲ့စျေးကိုပေးပြီး လက်တွဲခဲ့ကြတာပါ။ ချစ်တယ် သံယောဇဥ်ရှိလို့ မေတ္တာတရားနဲ့ပဲ အစ်ကိုအရင်းကခေါ်ပြီး အိမ်ပေါ်ထပ်ခေါ် မေးမြန်းတာပါ။ ပန်းချီလည်း သိန်း ၇၅၀ ကျော်ရှိတဲ့ တန်ဖိုးဆုံးရှုံးရတာ ခံစားရတာပေါ့။ ပန်းနုသွေးလုပ်တာမဟုတ်ပါဘူး"လို့ သရုပ်ဆောင် မေပန်းချီက ပြောလာပါတယ်။
မေပန်းချီစုထားတဲ့ ရွှေတစ်ဆယ်သားတုံး ၁၄ တုံးထဲက ပျောက်သွားတဲ့ ရွှေတစ်ဆယ်သားတုံး၂ တုံးရဲ့ တန်ဖိုးကသိန်း ၇၅၀ ကျော်ရှိပြီး ပစ္စည်းပျောက်ပြီး ၇ လကျော်မှာ မေပန်းချီက အင်တာဗျူးကို ဖြေဆိုခဲ့တာလည်းဖြစ်ပါတယ်။ မေပန်းချီအိမ်မှာ မိတ်ကပ်ဆရာ ၃ ယောက်ရှိခဲ့တာဖြစ်ပြီး ရွှေတုံးပျောက်တဲ့အပေါ် မေပန်းချီရဲ့ အစ်ကိုအရင်းဖြစ်သူက အဲဒီသုံးဦးကို အိမ်ပေါ်ထပ်ခေါ်ပြီး မေးမြန်းမှုတွေလုပ်ခဲ့ပြီးနောက်ပိုင်းမှာ စွပ်စွဲခံရတဲ့ မိတ်ကပ်ဆရာတစ်ဦးက မိတ်ကပ်လာမလိမ်းပေးတော့တာလည်း ဖြစ်ပါတယ်။ သူမဟာ မိတ်ကပ်ဆရာတွေနဲ့ ချစ်ခင်ရင်းနှီးစွာ လုံးထွေးတတ်သူဖြစ်တဲ့အတွက်ကြောင့် သံယောဇဉ်ရှိပြီးဖြစ်လို့ အမှုမဖွင့်ခဲ့တာလည်းဖြစ်ပါတယ်။ မေပန်းချီက ရွှေ ၂ တုံးရောင်းပြီး ကျောင်းဆောက်လှူဒါန်းဖို့ ရည်ရွယ်ထားတာလည်း ဖြစ်တယ်လို့ သိရပါတယ်။
"ချောအနေနဲ့ သူတို့အိမ်မှာ ရွှေတုံးရှိတာလည်းမသိဘူး။ မြင်လည်း မမြင်မိဘူး။ ပျောက်တဲ့အချိန်မှာ Group Chat ပုံပို့လိုက်မှ ရွှေတုံးစုထားတာသိတာ။ ၁၄ တုံးထဲက ၂ တုံးပျောက်တာဆိုတာကိုလေ။ ကိုယ်လည်း စိတ်မကောင်းဘူးလေ။ ဘယ်လို နှစ်သိမ့်ပေးရမလဲ မသိဘူး။ သူပြန်လာပြီး သူခိုးဘယ်သူဆိုတာ ဗေဒင်ဆရာပြောလိုက်တယ်ပေါ့။ သူနဲ့ အနီးစပ်ဆုံးသူ၊ သူအရမ်းချစ်ရသူယူတာပေါ့။ ဒါဆို ရဲစခန်းတိုင် အမှုဖွင့်ပေါ့။ ကိုယ်လည်း ဘယ်လိုအကြံပေးရမလဲပေါ့။ ချောက အမှုဖွင့်လိုက် အိမ်အဝင်အထွက်ရှိသူတွေကို အကုန်စစ်၊ CCTV မှတ်တမ်းပြန်ကြည့်ပေါ့။ ဘယ်မှာပျောက်တာလဲ မသိဘူး။ မီးခံ သေတ္တာထဲမှာ ပျောက်တာလို့ သိရတယ်။ ဒီသေတ္တာကိုလည်း လွယ်လွယ်နဲ့ဘယ်ဖွင့်ရမလဲ။ နောက်မှ မီးခံသေတ္တာမှာ ပျောက်တာမဟုတ်ဘူး တခြားသူဆီအပ်ထားတာ။ နောက်မှ အပ်ထားသူဆီက သူ့မန်နေဂျာက မီးခံသေတ္တာသိမ်းမယ်ဆိုတဲ့အချိန်မှာ အခန်းအောက်မှာ မေ့ချထားမိတယ်တဲ့။ အဲမှာပျောက်တာတဲ့။ မဟုတ်ပြန်ဘူး။ သူတို့အပ်ထားသူတွေ ပြန်လာပေးချိန်မှာ ပစ္စည်းယူချိန်မှာ ပျောက်တာမျိုးစုံပြောတယ်။ ရစရာ မရှိအောင် ချောကို သွယ်ဝိုက်ပြောတယ် ၊ ချောသူများ ပစ္စည်းယူလည်းမယူပါဘူး"လို့ မိတ်ကပ်ဆရာ ချောချစ်စံက ပြန်လည်ဖြေရှင်းပြောပါတယ်။
#မေပန်းချီ #ချောချစ်စံ
#ရွှေနှစ်တုံး