14/01/2023
ရွှေရောင်အခွင့်လမ်း ရရှိမယ့်ပွဲ
==================================
ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမယ့် ၃၂ကြိမ်မြှောက် Sea Game အကြို အားကစားပြိုင်ပွဲအတွက် ရွေးချယ်ထားတာတဲ့ မြန်မာ့ရိုးရာလက်ဝှေ့သမားများကို လက်ရည်စစ်ကျင်းပတဲ့ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ၁၅.၁.၂၀၂၃မှာ ကျင်းပမှာဖြစ်ပါတယ်။ ဝိတ်တန်းစုံ ပါရှိအောင်ရွေးချယ်မှာဖြစ်ပြီး အကောင်းဆုံးကစားတွေကို Sea Game ရွေးချယ်သွားမှာလည်းဖြစ်ပါတယ်။
သွေးလင်းထက်(ဒေါနတောင်ခြေ)& လှလေးစိန် (AMT2)
ဒီမောင်နှစ်ဦးမှာ သွေးလင်းထက်ဟာ ယခုပွဲ မတိုင်ခင် ဝါရင့်ကြီး စောမိုက်ရိုင်းကို ကရင်ပြည်နယ်နေ့ပွဲမှာသူတစ်လုံးကိုယ်တစ်လုံး အမုန်းဆွဲပြီး သရေပွဲ လှလှယူခဲ့သလို ကြာအင်းကရင်နှစ်သစ်ကူးပွဲမှာလည်း လှိုင်းထက်အောင် ကို အစီးသရေကစားထားပါတယ်။ လှလေးစိန်ကတော့ ကရင်ပြည်နယ်နေ့ အောင်လံလုပွဲ ဆီမီးမှာ စောကျားသွေးကို ကွဲရှုံးဖြစ်ခဲ့ပြီး တောင်ကလေးကရင်နှစ်သစ်ကူးမှာ ရာဇာထွန်းကို သရေကစားထားပါတယ်။
ယခု ဆုံလာချိန်မှာ ဖြတ်သန်းလာတဲ့ ပြိုင်ဘက်တွေနဲ့ပွဲအတွေ့ကြုံအရ သွေးလင်းထက်ကို အလေးပေးကြမယ့်အနေအထားရှိသလို ဒီမောင်က မာဂုဏ်မြင့်သလောက် နောက်မဆုတ်တမ်းရုန်းတတ်တာကြောင့်လည်း လှလေးစိန်အဖို့ သွေးလင်းထက်ကိုအလဲထိုးဖို့မလွယ်ကူဘူးလို့သုံးသပ်ရမယ့်သဘောရှိပါတယ်။ ဒီတော့ပြိုင်ဘက်ကို အကွဲထိုးအနိုင်မယူနိုင်ရင် လှလေးစိန်အတွက် သရေရလဒ်သာ မျှော်မှန်းရမယ့်အနေထားဖြစ်ပြီးသွေးလင်းထက်ကတော့ သိမ်ဖြူရောက်တုန်း Skynet ရုပ်သံကတိုက်ရိုက်ထုတ်လွှင့်ပြသမှုနဲ့ကြုံတုန်း ဘယ်လိုအစွမ်းပြမလဲလို့ အားခဲထားမယ်ထင်ပါတယ်။
ဟိန်းထွန်းအောင်(အဖွဲချုပ်လက်ရွေးစင်)& ရှမ်းတောက်(AMT2)
ဟိန်းထွန်းအောင်က ယခုပွဲမတိုင်ခင် SKYNET ရွှေအောင်လံပွဲ ကွာတားမှာသန့်ဇင် ဆီမီးမှာစောအယ်ဖူ တို့အနိုင်ယူခဲ့ပြီး ဖိုင်နယ်မှာ ဘဟိန်းကို အမှတ်နဲ့ ရှုံးခဲ့ပါတယ်။ အဲဒီနောက် ကြာအင်းကရင်နှစ်သစ်ကူးပွဲမှာတော့ ဝါရင့်ကြီးမိုက်ရိုင်းကို သူတင်ကိုယ်တင် သရေပွဲကစားထားပြီး ယခုပွဲကို ရင်ဆိုင်မှာပါ။
ရှမ်းတောက်ကလည်း ကရင်ပြည်နယ်နေ့ ကျပ် ၁၅ သိန်းအောင်လံလုပွဲ ကွာတားနဲ့ဆီမီးမှာ ဇွဲလင်းအောင် နဲ့ ရွှေရိုင်းတို့ကို အနိုင်ယူခဲ့ပြီး ဖိုင်နယ်မှာနဂါး(သုံးပန်လှ)ကို ရှုံးခဲ့တာကြောင့် အောင်လံနဲ့လွဲခဲ့ရပါတယ်။ တောင်ကလေး ကရင်နှစ်သစ်ကူးပွဲမှာတော့ ရဲသွေးကို သရေကစားထားပါတယ်။
အခုပွဲကတော့ အောင်လံပွဲတွေမှာ နောက်ဆုံးဗိုလ်လုပွဲကျမှ ခဲလေသမျှသဲရေကျဖြစ်ခဲ့ရသူနှစ်ယောက် ခံစားချက် ဖလှယ်မယ့်တွေ့ဆုံပွဲလို့ဆိုရပါမယ်။ နှစ်ယောက်စလုံးက ဖိုက်တာကစားဟန်ကိုအားသန်ပြီး ဖွင့်ကစားတဲ့မောင်တွေ ဖြစ်သလို အလဲထိုးခက်အောင်မာဂုဏ်မြင့်ကြသူချင်း ဆုံလာတဲ့ပွဲမို့လည်း ဝါးရုံပင်ကျွဲခတ် အသည်းပြတ်အောင်ရုန်းတဲ့ပွဲမျိုးမှကြည့်ချင်လှချည်ရဲ့ဆိုတဲ့ပရိသတ်တွေ လက်လွတ်မခံသင့်တဲ့ပွဲလို့ညွှန်းဆိုရပါတော့မယ်။
ကြိုးဝိုင်းသက်တမ်းနဲ့ ဖြတ်သန်းလာတဲ့ပြိုင်ဘက်တွေအရ ဟိန်းထွန်းအောင်က အတန်းမြင့်တယ်လို့ဆိုရမှာဖြစ်ပေမယ့် ရှမ်းတောက်ကလည်း အသဲ ဇွဲ ရုန်းအားမှာ ဟိန်းထွန်းအောင် ထက်မလျော့ကြောင်း သက်သေပြပြီး ပရိသတ်ရှေ့မှောက်မှာအချိန်တိုအတွင်းနာမည်ထွန်းတောက်လာခဲ့သူပါ။ ဒါကြောင့် ဟိန်းထွန်းအောင်က မြွေပွေးကို အလမ္ဗာယ်မပြမိဖို့လိုသလို ရှမ်းတောက်ကလည်း ဒဏ်ရာဟောင်းမှာ အကွဲမမြန်ဖို့ ဂရုစိုက်ကစားရမယ့်အနေအထားရှိသည့်တိုင် ပွဲကြမ်း ပွဲကောင်းတပွဲ ဖြစ်ဖို့ကတော့ စီစဥ်သူတွေစိတ်ချထားပြီးသားဖြစ်ပါလိမ့်မယ်။
နော်ဥမ္မာစိုး & သံသာငြိမ့်
ယခုပွဲ မတိုင်ခင်နော်ဥမ္မာစိုး ဟာ ကြာအင်းမှာ ထိုင်းလက်ဝှေ့မယ် ကုန်မလွတ်ကွတ်ကို သရေကစားထားပြီး သံသာငြိမ့်ကတော့ တောင်ကလေးမှာ စိန်တပွင့်ကို အစီးသရေ ကစားထားပါတယ်။
အမှတ်ပေးပွဲမဟုတ်တဲ့ ရိုးရာစိန်ခေါ်ပွဲရဲ့ အမျိုးသမီး ပွဲစဥ်တော်တော်များများ ဟာ သရေလဒ်သာများတာကြောင့် ယခုပွဲမှာလည်း အတွေအကြုံပိုသာတဲ့ နော်ဥမ္မာစိုးဘက်မှာ အစီးသရေနေခြင်တဲ့ပရိသတ်များမယ်ထင်ပါတယ်။အဓိက ကတော့ ပွဲအဖြေထက် ပွဲအခြေအနေကသာ ပရိသတ်ကိုဖျော်ဖြေမှုပေးမှာမို့ ဒီမယ်နှစ်ယောက်ရဲ့ရင်ဆိုင်ယှဥ်ပြိုင်မှုက ဘယ်လောက်ရသမြောက်မလဲ စောင့်ကြည့်ရပါလိမ့်မယ်။...................................................
Pre Sea Games : မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး