12/06/2024
အလက်ဇန္ဒြားဒူးမား ဆိုသူဟာ ဖွန်အကြောင်ဆုံး စာရေးဆရာတစ်ယောက်။ စာအုပ်ရေးလို့ရတဲ့ပိုက်ဆံတွေအားလုံး စော်တွေနဲ့သုံးဖြုန်းရင်း ကုန်တာပဲ။
ပြင်သစ်နိူင်ငံမှာ သူနဲ့တွဲခဲ့ဖူးတဲ့ရည်းစားဟာ အနည်းဆုံး (၅၀၀) လောက်ရှိတာလို့ သူအမြဲဂုဏ်ယူပြီးပြောတယ်။ အဲ့လိုနဲ့ အသက်ကြီးလာတော့ လက်ကုန်လာတယ် စန်းကျလာတယ်။ ထုတ်ဝေရေးတိုက်တွေအားလုံးက သူ့ကိုစောက်ဖက် မလုပ်တော့ဘူး။
ဝင်ငွေမရှိတော့ဘူး။ ငတ်လာပြီဆိုတော့ သူ့ဘေးနား အမြဲတရုန်းရုန်းဖြစ်နေတဲ့ စော်တွေအားလုံးက သူ့ကို ပစ်သွားကြပြီ။ မိသားစုဝင် တစ်ယောက်ကမှလည်း သူ့ကို ပြန်မကြည့်တော့ဘူး။ စိတ်ဓါတ်အကြီး အ ကျယ်ကျပြီး အိပ်ရာထဲ လဲသွားတယ်။
လူက ငတ်ပြတ်နေပြီ။ ပိုက်ဆံက မရှိတော့ဘူး။ လမ်းဘက်က ခြေသံကြားတိုင်း ထုတ်ဝေရေးတိုက်တစ်ခုခုကများ သူ့ကို စာမူလာအပ်သလားဆိုပြီး ခေါင်းထောင် ထောင်ကြည့်တယ်။ ကယောင်ကတမ်းတွေဖြစ်နေပြီ။ ဒီအချိန်မှာ ဖရန့်ငွေ (၅၀) လောက်များသာ ရမယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရ ဆိုတဲ့ အနေအထားထိ ရောက်သွားတယ်။ ( သင်ခန်းစာယူမယ်ဆိုယူစရာ )
တရက်ကျ လူတစ်ယောက်ရောက်လာတယ်။ စာမူလာအပ်သလားဆိုတော့
"ဟင့်အင်း ကျုပ်က ဒီရပ်ကွက်ထဲပြောင်းလာတဲ့အပ်ချုပ်ဆရာ၊ အလက်ဇန္ဒြားဒူးမားဆိုတဲ့ နိူင်ငံကျော် စာရေးဆရာကြီး ဒီမှာနေတယ်ကြားလို့ မြင်ဖူးတယ်ရှိအောင်လာကြည့်တာ"
ဒူးမားစိတ်ညစ်သွားတယ်။
"ကဲဒါဆိုလည်း ရောက်လက်စနဲ့ မင်းဆီပိုက်ဆံ (၅၀) လောက်မပါဘူးလား၊ ငါ့ခဏချေးစမ်းကွာ"
ဟိုဘဲက ခေါင်းရမ်းတယ်။
"ဒီလိုလုပ်ဗျာ ကျုပ်မှာ (မေဘယ်လ်) ဆိုတဲ့ အပ်ချုပ်ဆိုင်လေး ဖွင့်ထားတယ်။ ကျုပ်ဆိုင်ကို တနိူင်ငံလုံးက သိသွားအောင် ခင်များကြော်ငြာရေးပေး။ ရိုးရိုးတော့မရဘူး အဲ့ဒီကြော်ငြာဟာ နာမည်ကြီးသတင်းစာတခုခုထဲပါလာတာနဲ့ ကျုပ်က ခများကို ဖရမ့် (၅၀) လာပေးမယ် ဘယ်နှယ့်လဲ"
"ဟကောင်ရာ စာအုပ်ပေါင်း သုံးလေးရာ ရေးစားလာတဲ့ စာရေးဆရာကွာ ဒါလေးများ စာချုပ်လိုက်စမ်း"
ဟိုဘဲပြန်သွားတာနဲ့ ဒူးမားဟာ စ,ရေးတယ်။ သူရေးတဲ့ ဇာတ်လမ်းက ဒီလို.....။
**********************************
ပြင်သစ်နိူင်ငံ၊ ပါရီမြို့မှာနေတဲ့ နာမည်ကြီး ပြည့်တန်ဆာမလေးတစ်ယောက်ဟာ (ဒီနေရာမှာ ပြည့်တန်ဆာမလေးရဲ့ အလှအပကို ဒူးမားဟာ ခမ်းခမ်းနားနား ဖွဲ့တယ်) အပြင်းဖျားပြီး အိပ်ရာထဲ လဲနေတယ်။ မသက်သာဘူး။ သေလုမျောပါးဖြစ်နေပြီ။ ပါရီတစ်မြို့လုံးက ယောကျာ်းတွေအားလုံး သူနဲ့မအိပ်ဖူးတဲ့ယောကျာ်းဆိုတာ မရှိသလောက်ရှားခဲ့ပေမယ့် ဒီအချိန် သူ့အနား တစ်ယောက်မှမရှိတော့ဘူး (ဒီအခန်းဟာ ဒူးမားက သူ့ရဲ့လက်ရှိအနေအထားကို ပြည့်တန်ဆာမလေးတစ်ယောက်နဲ့နှိုင်းပြီး ရေးတာ)
ပြည့်တန်ဆာမလေးဟာ သူ မသေခင် နောက်ဆုံးသိချင်တာလေးတစ်ခု ရှိနေသေးတယ်။ ဒါနဲ့ သူနှစ်ရှည်လများ မွေးထားခဲ့တဲ့ ကြက်တူရွေးလေးရဲ့ခြေထောက်မှာ စာလေးတစ်စောင်ချည်ပြီး လွှတ်ပေးလိုက်တယ်။
အဲ့ဒီစာထဲ သူဘာရေးထားသလဲဆိုတော့ လက်ရှိမှာ သူအပြင်းဖျားပြီး အိပ်ယာထဲ လဲနေပါတယ်ပေါ့ ။ ဒါပေမယ့် သူမသေခင်မှာ သူ့အပေါ်တကယ်ချစ်တဲ့ ယောကျာ်းတစ်ယောက်နဲ့ လပ်ထပ်သွားချင်တယ်၊ ပြီးရင် အဲ့ဒီယောကျာ်းကို သူတစ်သက်လုံး စုဆောင်းလာခဲ့တဲ့ ပိုင်ဆိုင်မှုတွေအားလုံး ပေးထားခဲ့ချင်တယ်။ ဒါ့ကြောင့် ဒီကြက်တူရွေးလေးကို ရတဲ့သူဟာ ရောက်တဲ့နေရာကနေ သူ့ဆီကို အမြန်လာခဲ့ပေးပါ။ ဒါပဲ
အဲ့ဒီ ကြက်တူရွေးလေးဟာ (မေဘယ်လ်) အပ်ချုပ်ဆိုင်ရဲ့ ပြူတင်းပေါက်မှာ လာနားတယ်။ အပ်ချုပ်ဆရာက မြင်တော့ ကြက်တူရွေးလေးကို ဖမ်း ခြေထောက်ကစာကို ဖြုတ်ဖတ်ပြီး အပ်ချုပ်ဆရာဟာ ကြက်တူရွေးလေးကို ရင်ခွင်ထဲပိုက်ပြီး ပြည့်တန်ဆာမလေးနေတဲ့ဆီ တန်းပြေးတယ်။
ဒါပေမယ့်လည်း သူရောက်သွားတဲ့အချိန်မှာ ပြည့်တန်ဆာမလေးဟာ အိပ်ရာထဲမှာ သေနေရှာပြီ၊ သူမမှီတော့ဘူး။ အပ်ချုပ်ဆရာဟာ မျက်ရည်တွေနဲ့ ကြက်တူရွေးလေးကို ပိုက်ပြီး လာလမ်းကို ပြန်ခဲ့ရတယ်။ ပြည့်တန်ဆာမလေးကို သတိရတိုင်း အပ်ချုပ်ဆရာဟာ ကြက်တူရွေးလေးကို စကားတွေပြောတယ်။ မယုံရင်သွားကြည့်။ အဲ့ဒီကြက်တူရွေးလေးဟာ ဒီနေ့ထိ (မေဘယ်လ်) အပ်ချုပ်ဆိုင်မှာ ရှိနေပါသေးတယ်။
အလက်ဇန္ဒြားဒူးမားဟာ သူ့ရဲ့ကြော်ငြာစာကို အဲ့ဒီနေရာမှာ ရပ်ပစ်လိုက်တယ်၊ ဒါလေးပဲ။ ဒူးမားက နပ်ပြီးသား၊ သူက ကမ္ဘာကျော်စာရေးဆရာတစ်ယောက်၊ ဘယ်လိုဇာတ်လမ်းမျိုးဟာ လူတွေရဲ့ နှလုံးသားကို ဆုပ်ချေနိူင်မလဲဆိုတာ သူသိတယ်။
အပ်ချုပ်ဆိုင်ကြော်ငြာဆိုပေမယ့် ပိတ်စနဲ့ ချုပ်ရိုးချုပ်သား ဘာတစ်ခုမှ ထည့်ရေးမသွားဘူး။ ဒါပေမယ့် နောက်ရက်မှာ အဲ့ဒီဇာတ်လမ်းဟာ သတင်းစာထဲ ပါလာတယ်။ အဲ့ဒီသတင်းဟာ ပါရီတစ်မြို့လုံး အုပ်အော်သောင်းနင်းဖြစ်သွားတယ်။ တစ်မြို့လုံးက မိန်းမ၊ ယောကျာ်းတွေအားလုံးဟာ ပြည့်တန်ဆာမလေးကို ဝိုင်းပြီးသနားနေကြတယ်။ ကော်ဖီဆိုင် အရက်ဆိုင်တွေရဲ့ စားပွဲဝိုင်း မိန်းစထွင်းဟာ အဲ့ဒီပြည့်တန်ဆာမလေးရဲ့ ဇာတ်လမ်းချည်းပဲ။
နောက်ရက်မနက် လူတွေအားလုံးဟာ (မေဘယ်လ်) အပ်ချုပ်ဆိုင်ရှေ့ ကြိတ်ကြိတ်တိုးနေတယ်။ ပြည့်တန်ဆာမလေးရဲ့ ကြက်တူရွေးလေးကို မြင်ဖူးချင်တာကိုး။ အပ်ချုပ်ဆိုင်ထဲ အထည်အပ်ရင်း မလှိမ့်တပတ်နဲ့ ကြက်တူရွေးလေးကို ဝင်ကြည့်တယ်။ အပ်ချုပ်ဆရာကလည်း ပလီပလာလေးထည့်ပြီး မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ အပ်ထည်တွေ လက်မလည်အောင်လက်ခံနေရတယ်။ အဲ့လိုနဲ့ (မေဘယ်လ်)အပ်ချုပ်ဆိုင်ဟာ နေ့ခြင်းညခြင်း ပါရီမှာ နာမည်အကြီးဆုံး ဆိုင်ကြီးတစ်ဆိုင် ဖြစ်သွားတော့တယ်။
နောက်ရက် သူ့ဆီရောက်လာတဲ့ အပ်ချုပ်ဆရာကို ဒူးမားက "ဘယ့်နှယ့်လဲ ကိုယ့်လူ" ဆိုတော့
"ကောင်းလိုက်တာ ဆရာရယ် ကျုပ်ဘဝမှာ အဲ့လောက်ကောင်းတဲ့ ကြော်ငြာမျိုး တစ်ခါမှ မဖတ်ဖူးဘူး တော်လိုက်တာဆရာ" ဘာညာဆိုတော့ ဒူးမားလည်း ပျော်နေတာပေါ့။
"ကဲ ရော့ဗျာ စာမူခ (၄၂) ဖရမ့်"
"ဟ မင်းနဲ့ငါ သဘောတူထားတာ(၅၀)လေကွာ၊ ဘယ့်နှယ့် (၄၂) ဖရမ့်တုန်း" ဆိုတော့
"ဟုတ်တယ်လေဗျာ ဒါပေမယ့် ခင်များက ဖင်ယားပြီးဘာလို့ကြက်တူရွေးကြီး ထည့်ရေးရတာတုန်း။ ဟိုမှာ လူတွေက အဲ့ဒီကြက်တူရွေး ကြည့်ချင်ပါတယ်လုပ်တော့ ကျုပ်မှာ စျေးကနေ အသဲအသန် ပြေးဝယ်ရတာ (၈) ဖရမ့်တောင် ကုန်သွားတယ်ဗျ။ အဲ့ဒါကြောင့် ပိုတဲ့ (၄၂) ဖရမ့် အခုလာပေးတာ ရော့"
crd