APTV

APTV Welcome to APTV ! We aim to be a catalyst of a cultural renaissance, of an intellectual revolution, and of profound change. This is more than media.

Our mission is clear: to challenge, to provoke, and to inspire. This is a movement.

❝စစ်(၃)စစ် တိုက်ဖျက်ရေးဆိုတာ ဘာလဲ?❞ဆောင်းပါး | ဖတ်ရန်ကြာချိန်(၃)မိနစ် ၁၉၅၈ မှာတစ်ကြိမ်၊ ၁၉၆၂ မှာတစ်ကြိမ်၊ ၁၉၈၈ မှာတစ်ကြိ...
26/12/2024

❝စစ်(၃)စစ် တိုက်ဖျက်ရေးဆိုတာ ဘာလဲ?❞

ဆောင်းပါး | ဖတ်ရန်ကြာချိန်(၃)မိနစ်

၁၉၅၈ မှာတစ်ကြိမ်၊ ၁၉၆၂ မှာတစ်ကြိမ်၊ ၁၉၈၈ မှာတစ်ကြိမ်၊ ၂၀၂၁ မှာ တစ်ကြိမ် စစ်အာဏာသိမ်းမှုတွေ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပေမယ့် ဗမာပြည်သူတွေဟာ ဒီမိုကရေစီစစ်စစ်ရဲ့အရသာ၊ ငြိမ်းချမ်းရေးရဲ့အရသာ အပြည့်အဝခံစားခွင့်မကြုံခဲ့ရဘဲ ဒီမိုကရေစီအတု၊ ဆိုရှယ်လစ်အတု စသည်တို့နဲ့သာ ကြုံတွေ့ခဲ့ရတယ်။ စစ်အာဏာရှင်စနစ်သာ သက်ဆိုးရှည်သထက်ရှည်ခဲ့တယ်။ ရင့်ကြားစေ့ရေးဆိုတဲ့ခေါင်းစဥ်အောက်မှာ စစ်ဝါဒအမြစ်ဖြုတ်ရေးဟာ ဝေဝါးခဲ့တယ်။

၂၀၂၁ နွေဦးတော်လှန်ရေးမှာ‌တော့ အဖိနှိပ်ခံပြည်သူလူထုကြီးတစ်ရပ်လုံးဟာ စစ်အာဏာရှင်စနစ်အမြစ်ဖျက်ချေမှုန်းရေးဆိုတဲ့ သံန္နိဌာန်ကို ခိုင်မာစွာချလာခဲ့ကြပါတယ်။

စစ်ဝါဒကိုအမြစ်ဖြုတ်ဖို့၊ ဒီမိုကရေစီလမ်းကြောင်းကို ခိုင်မာစွာလျှောက်လှမ်းနိုင်ဖို့အတွက် စစ်(၃)စစ်က်ို မဖြစ်မနေ တိုက်ဖျက်ပစ်ရမှာ ဖြစ်ပါတယ်။


စစ်(၃)စစ်ဆိုတာ

၁။စစ်အုပ်စု
၂။စစ်အစိုးရ
၃။စစ်ဗျူရိုကရေစီယန္တရား တို့ပဲဖြစ်တယ်။


၁။စစ်အုပ်စု

စစ်အုပ်စုဆိုတာ စစ်ယူနီဖောင်းဝတ်ပြီး နိုင်ငံရေးအာဏာရယူထားတဲ့၊ နိုင်ငံရေးလောကမှာခြေရှုပ်နေတဲ့ လူတွေနှင့် အပေါင်းအပါတစ်စုကို စစ်အုပ်စု လို့ခေါ်တာဖြစ်တယ်။

စစ်တပ်နဲ့ဆက်စပ်နေတဲ့ နိုင်ငံရေးပါတီတွေ၊ စစ်တပ်နဲ့ဆက်စပ်နေတဲ့စီးပွားရေးလုပ်ငန်းတွေ၊ စစ်တပ်နဲ့ဆက်စပ်နေတဲ့ လူမှုရေးအသင်းအဖွဲ့တွေဟာ စစ်အုပ်စုဝင်တွေဖြစ်ပါတယ်။

ကြံ့ဖွတ်ပါတီ၊ သက်သက်ခိုင်ပါတီ၊ ရွှေမန်းပါတီ အစရှိတဲ့ပါတီတွေဟာ စစ်အုပ်စုဝင်ပါတီတွေ ဖြစ်တယ်။

မိုင်တဲဖုန်းကုမ္မဏီ၊ ရွှေမန်းသူယာဥ်လိုင်း၊ မြန်မာစီးပွားရေးဦးပိုင်ကုမ္မဏီ၊ တပ်ပိုင်စီးပွားရေးလုပ်ငန်း၊ မတရားသဖြင့်သိမ်းယူထားတဲ့ တပ်ပိုင်စိုက်ပျိုးရေးခြံတွေ စသဖြင့် စစ်ဗိုလ်တွေနှင့် အပေါင်းအပါတစ်စု လက်ဝါးကြီးအုပ်ပိုင်ဆိုင်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ စစ်အုပ်စုရဲ့အကျိုးစီးပွားတွေဖြစ်တယ်။

မဘသ၊ ပျူစောထီး၊ တပ်ကဖွဲ့ထားတဲ့လူမှုရေး အသင်းအဖွဲ့ စတာတွေဟာလည်း စစ်အုပ်စုဝင်တွေဖြစ်တယ်။

စစ်ဝါဒခေါင်းထောင်မထလာနိုင်ဖို့ဆိုရင် စစ်အုပ်စုဝင် နိုင်ငံရေးပါတီ၊ စီးပွားရေးလုပ်ငန်း၊ လူမှုရေးအသင်းအဖွဲ့တွေကိုလည်း တိုက်ဖျက်ပစ်ဖို့ လိုအပ်ပါတယ်။

ဗမာပြည်မှာ စစ်ဝါဒ လွှမ်းမိုးလာတာ နှစ်ပေါင်း(၆၀)ကျော်ခဲ့ပါပြီ။ စစ်အုပ်စုအကျိုးစီးပွား တစ်စုံလုံးဖျက်သိမ်းရေးဆိုတဲ့နေရာမှာ မင်းအောင်လှိုင်စစ်အုပ်စုတစ်ခုထဲရဲ့အကျိုးစီးပွားတစ်မယ်ထဲ ဖျက်သိမ်းရုံနဲ့မလုံလောက်ပါဘူး၊၊ နေဝင်းခေတ်၊ သန်းရွှေခေတ်၊ စစ်ကျွန်ခေတ်တလျောက်လုံးမှာ စစ်အာဏာရှင်စနစ်နဲ့အတူ ပြည်သူလူထုအပေါ် ဂုတ်သွေးစုပ်ပြီး ချမ်းသာခဲ့တဲ့ စစ်ခရိုနီတွေရဲ့ အကျိုးစီးပွားမှန်သမျှ မဖြစ်မနေ ဖျက်သိမ်းရပါလိမ့်မယ်။ နေဝင်းခေတ် စစ်ခရိုနီ၊ သန်းရွှေခေတ် စစ်ခရိုနီ၊ မင်းအောင်လှိုင်ခေတ် စစ်ခရိုနီတွေရဲ့ အကျိုးစီး
ပွားမှန်သမျှဖျက်သိမ်းပြီး အနာဂါတ်နိုင်ငံတော်တည်ဆောက်ရေးမှာ အသုံးချရပါလိမ့်မယ်။
ဒါမှသာ တော်လှန်ရေးအလွန် အနာဂါတ်နိုင်ငံတော်ဟာ ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်မယ်။
တော်လှန်ရေးမှာ ပေးဆပ်ခဲ့ရတဲ့ အသက်အိုးအိမ်တွေအတွက် ထိုက်တန်မှုတစ်စုံတရာဖြစ်ပါလိမ့်မယ်။
''မီးလောင်မြေတစပြင်မှာ ထွန်းသစ်တဲ့ တိုင်းပြည် တည်ဆောက်မယ်'' ဆိုတဲ့စကားလိုပါပဲ။


၂။စစ်အစိုးရ

စစ်အာဏာရှင်စနစ်ကို အဓိကအကောင်ထည်ဖော်ဆောင်ရွက်နေတဲ့အစိုးရကို စစ်အစိုးရလို့ ခေါ်ပါတယ်။

အစိုးရ၊ တရားရုံး၊ အချုပ်၊ ထောင်၊ ရဲတပ်၊စစ်တပ် စတဲ့ အုပ်ချုပ်ရေးယန္တရားတွေကို စစ်အာဏာရှင်လူတစ်စုက မောင်ပိုင်စီးထားပြီး အများပြည်သူအပေါ် ရက်စက်စွာ သွေးစုပ်ဖိနှိပ်အုပ်ချုပ်တဲ့စနစ်ကို စစ်အာဏာရှင်စနစ်လို့ ခေါ်ပါတယ်။

အများပြည်သူဟာ မွဲပြာကျနေပြီး ဒီမိုကရေစီအခွင့်အရေးတွေဆုံးရှုံးမယ်၊ စစ်ဗိုလ်ကြီးတွေနဲ့ သူတို့နဲ့ နီးစပ်ရာ စစ်အုပ်စုတွေသာ ချမ်းသာသထက်ချမ်းသာမယ်ဆိုတဲ့ စနစ်မျိုးဖြစ်ပါတယ်။

ရှင်းရှင်းပြောရရင် စစ်ဗိုလ်တွေက ပြည်သူတွေကို ကျွန်တွေလောက်သာ သဘောထားပြီး သေနတ်ထောက်ပြီး ခေါ်မယ်၊ ခိုင်းမယ်၊ ခွဲမယ် ဆိုတဲ့စနစ်ပါပဲ။

တစ်အိမ်တစ်ယောက် မလာမနေရ၊ တစ်အိမ်တစ်ယောက်မလုပ်မနေရ၊ တစ်အိမ်ဘယ်လောက် မထည့်မနေရ ဆိုတဲ့စနစ်ဟာ လူထုကဘဝနဲ့ရင်းပြီးသိထားတဲ့ စစ်အစိုးရရဲ့ သရုပ်သကန်ဖြစ်ပါတယ်။

စစ်အစိုးရနှင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းနိုင်မှသာ ဒီမိုကရေစီလမ်းကြောင်းဟာ
ဖြောင့်တန်းမှာဖြစ်ပါတယ်။


၃။စစ်ဗျူရိုကရေစီယန္တရား

စစ်ဗျူရိုကရေစီယန္တရားဆိုတာ စစ်အစိုးရ
ကိုနာခံပြီး စစ်အစိုးရရဲ့အကျိုးစီးပွားကို
အကောင်အထည်ဖော်ပေးနေတဲ့ နိုင်ငံတော်
ယန္တရားတွေကို စစ်ဗျူရိုကရေစီယန္တယား
လို့ခေါ်ပါတယ်။ လူထုနဲ့ကင်းကွာပြီး လူထု
အပေါ် တဖက်သက်ဖိနှိပ်နေတဲ့ စစ်အစိုးရဌာန
ယန္တရားတွေဖြစ်တယ်။

စစ်အာဏာရှင်စနစ်ကို အမြစ်ဖျက်ဖို့ဆိုရင်
စစ်တပ်ကမောင်ပိုင်စီးထားတဲ့ အစိုးရယန္တရား၊ တရားရုံး၊ အချုပ်၊ ထောင်၊ ရဲတပ်၊ စစ်တပ်၊ စစ်တပ် စစ်ဝါဒကြီးစိုးတဲ့ လွှတ်တော် တို့ကို လုံးဝဥဿုန်ဖျက်သိမ်းရပါလိမ့်မယ်၊၊

ခေါင်းမာတဲ့ဗျူရိုကရက်အရာရှိဆိုးများကို
လည်း ထိရောက်စွာအရေးယူရပါလိမ့်မယ်။
ဒါမှသာ စစ်ဗျူရိုကရေစီယန္တရားကို ဖျက်သိမ်းပြီး ဒီမိုကရေစီယန္တရားနဲ့ အစားထိုးနိုင်မှာဖြစ်ပါတယ်။


ဒီမိုကရေစီရေး

ဒီမိုကရေစီအရေးအတွက် အထက်ပါ စစ်(၃)စစ်ကို မဖြစ်မနေ တိုက်ဖျက်ဖို့လိုတယ်။ စစ်(၃)စစ်ကို မတိုက်ဖျက်နိုင်ရင် စစ်ဝါဒဟာ တစ်နည်းနည်းနဲ့ပြန်လည်ပြီး ခေါင်းထောင်ထလာမှာဖြစ်တယ်။

၂၀၂၁ နွေဦးတော်လှန်ရေးမှာ စစ်(၃)စစ်ကို တိုက်ဖျက်ရေးဟာ အဓိကအရေးကြီးဆုံး အခန်းကဏ္ဍမှာရှိနေပါတယ်။

လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း တော်လှန်ရေးမှာ ခြေလှမ်းမှန်မှန်၊ အမျှော်အမြင်ရှိရှိ ချီတက်ကြဖို့ မဖြစ်မနေလိုအပ်ပါတယ်။ စစ်သုံးစစ်တိုက်ဖျက်ရေးကဲ့သို့ ခိုင်မာပြတ်သားတဲ့မူဝါဒများကိုင်စွဲနိုင်မှသာ တော်လှန်ရေးရဲ့အဓိပ္ပါယ်ဟာ ပိုမို လေးနက်ပြည့်စုံမှာ ဖြစ်ပါတယ်။ ◾

▪️ကျော်စွာ
(၂၆.၅.၂၀၂၁)


Join Our Telegram :
https://t.me/aptvburma

Subscribe Our Youtube :
https://youtube.com/

ဘာအသံလဲ◾APTV | ဆောင်းပါး(ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများ၏ အမည်များကို လွှဲပြောင်းဖော်ပြထားပါသည်)အညာဒေသ၊ ကျေးရွာတစ်ရွာရဲ့ တန...
12/12/2024

ဘာအသံလဲ

APTV | ဆောင်းပါး

(ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများ၏ အမည်များကို လွှဲပြောင်းဖော်ပြထားပါသည်)

အညာဒေသ၊ ကျေးရွာတစ်ရွာရဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ စတုဒိသာအဖြစ် ဝေမျှတဲ့ ကြာဇံဟင်းကို သောက်ဖို့ မောင်ချမ်းငြိမ်းတို့ ပြင်ဆင်နေကြပါတယ်။
ဆောင်းညအေးအေးမှာ အိမ်နီးချင်းအဒေါ်ကြီးရယ်၊ ဘေးအိမ်က ကလေးရယ်အတွက် ပူပူနွေးနွေး ခပ်ပေးပြီးတဲ့နောက်မှာ ကိုယ်တိုင်သောက်ဖို့အတွက်လည်း မောင်ချမ်းငြိမ်းက တစ်ပန်းကန် ခပ်လိုက်ပါတယ်။

ကြာဇံဟင်းသောက်ဖို့ ဇွန်းကိုင်လိုက်ချိန်မှာတော့ မောင်ချမ်းငြိမ်းတို့ ကိုင်ထားတဲ့ ဇွန်းကို လွှတ်ချလို့ အရေးပေါ်ပစ္စည်းထုတ်နဲ့ ဖုန်းကို ကိုင်ပြီး ထွက်ပေါက်ရှိရာ ခြံစည်းရိုးဘက်ဆီ ကမန်းကတန်း ပြေးလွှားလိုက်ကြရပါတယ်။ မောင်ချမ်းငြိမ်းသာမက တစ်ရွာလုံးက လူကြီး လူငယ်တွေပါ တောအုပ်ရှိရာ ရွာပြင်ဘက်ဆီကို အလန့်တကြားနဲ့ ပြေးလွှားပုန်းခိုလာကြပါတယ်။

မြောက်ပြန်လေမှာတောင် မတုန်ချမ်းခဲ့တဲ့ ကလေးတစ်ယောက်ဟာလည်း မောင်ချမ်းငြိမ်းရဲ့ ဘေးမှာ တဆတ်ဆတ် တုန်ခါနေပါတယ်။
အရှေ့ဘက်အိမ်က အဘွားဟာလည်း တောင်ဝှေးတစ်ချောင်းကို ထောက်လို့ တုန်တုန်ခါခါ ပြေးထွက်လာပါတယ်။ အေးချမ်းလှတဲ့ ဆောင်းရာသီညမှာ မောင်ချမ်းငြိမ်းတို့ ရွာကလေးဟာတော့ မအေးချမ်းနိုင်ရှာတော့ပါဘူး။ ထိတ်လန့်မှုကြောင့် တဆတ်ဆတ်တုန်နေတဲ့ မောင်ချမ်းငြိမ်းရဲ့ လက်ဖျားတွေဟာ ဖုန်းမျက်နှာပြင်က နံပါတ်တွေကို နှိပ်နိုင်ဖို့တောင် မနည်းကြိုးစားနေရပါတယ်။

မကြာခင်က ရွာကနေ အနီးကပ်ကြားလိုက်ရတဲ့ သေနတ်ပစ်ဖောက်သံ (၇)ချက်က ရွာထဲက အရပ်သားပြည်သူတွေဆီ ထိတ်လန့်စေတဲ့ အခုလို ဝရုန်းသုန်းကား အခြေအနေတွေကို လက်ဆောင်ပေးလိုက်တာ ဖြစ်ပါတယ်။

သေနတ်သံထွက်ပေါ်လာရာနဲ့ ဆန့်ကျင်ဘက်ဆီကို တစ်ရွာလုံးက သက်ကြီးရွယ်အိုတွေပါ စိုးရိမ်မှုအပြည့်နဲ့ ရောက်ရှိလာကြပြီး ရွာထဲကို ရောက်လာမယ့် အခြေအနေကို စောင့်ကြည့်လို့ ဆက်ပြေးနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။
▪️

မောင်ချမ်းငြိမ်းတို့ရွာလို အညာက ရွာကလေးတွေမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှု ငြိမ်သက်တဲ့အခါမျိုးလေးတွေမှာမှ အရပ်သားပြည်သူတွေအနေနဲ့ ဒါနပြုတဲ့ အလှူပွဲ၊ ပျော်ပွဲရွှင်ပွဲလေးတွေကို လုပ်ရဲကြတာ ဖြစ်ပါတယ်။ ဒီကနေ့ တန်ဆောင်မုန်းလပြည့်နေ့မှာလည်း စစ်ကောင်စီရဲ့ လှုပ်ရှားမှုမကြားရတာကြောင့်သာ မောင်ချမ်းငြိမ်းတို့ ရွာက အရပ်သားပြည်သူတွေမှာ ရိုးရာမပျက် တန်ဆောင်တိုင် စတုဒိသာနဲ့ မီးထွန်းပွဲလေးတွေ လုပ်ရဲတာဖြစ်ပြီး မပျော်နိုင်တဲ့ စစ်ပွဲတွေကြားက ကြောက်ရွံ့ခြင်းတွေနဲ့ မွန်းကျပ်မှုတွေကို စွန့်စားပြီး ပျော်ရွှင်ကြရတာ ဖြစ်ပါတယ်။

အခုတော့ ဒီသေနတ်သံ (၇)ချက်ဟာ ဒီအပျော်တွေကို ခြိမ်းခြောက်နှင်ထုတ်ဖျက်ဆီးပစ်လိုက်ပါပြီ။

ရွာအစွန်က မှောင်ရိပ်ထဲမှာတော့ ကလေးလူငယ်သက်ကြီးရွယ်အိုတွေဟာ ရွာတွင်းက အခြေအနေကို တိုးတိုးတိတ်တိတ် စောင့်ကြည့်နေကြပြီး ရွာထဲကို စစ်ကောင်စီစစ်ကြောင်းရောက်လာတော့မလား ဆိုတဲ့ စိုးရိမ်မှုအပြည့် ရှိနေပါတယ်။ အခြေအနေအရ ဆက်လက် တိမ်းရှောင်ဖို့ကိုလည်း အင်မတန် ချမ်းအေးလွန်းတဲ့ ဆောင်းညမှာ ပြင်ဆင်နေကြပါတယ်။

မကြာခင်မှာပဲ ဒီသေနတ်သံ ဘယ်က ဘယ်လို ထွက်ပေါ်လာတယ်ဆိုတာကို အဖြေသိလိုက်ကြရပါတယ်။
▪️

ရေလဲလုံချည်ခါရင်တောင် သေနတ်သံနဲ့ ဆင်တူတဲ့ အသံထွက်မှာစိုးလို့ လုံချည်မခါတော့တဲ့၊ သံတခါး ပြင်းပြင်းပိတ်ရင်တောင် လက်နက်ကြီးသံနဲ့ ဆင်တူတဲ့ အသံထွက်မှာစိုးလို့ ညင်ညင်သာသာ ပိတ်ကြတဲ့ မောင်ချမ်းငြိမ်းတို့ရဲ့ ရွာထိပ်အရောက်မှာကတည်းက ကာကွယ်ရေးတပ်ဖွဲ့တစ်ခုရဲ့ တပ်ဖွဲ့ဝင်လူငယ်နှစ်ယောက်က ‌ သေနတ်ပစ်ဖောက်ခဲ့ပြီး အရပ်သားတွေ နေထိုင်တဲ့ ရွာလည်ခေါင်မှာလည်း ရပ်တန့်ကာ ထပ်မံ ပစ်ဖောက်လိုက်ကြတာ ဖြစ်ပါတယ်။

အဲဒီနေ့ညက ကျေးရွာအခြေအနေက အနီးအနားမှာ စစ်ကြောင်းလှုပ်ရှားမှုလည်း ရှိမနေခဲ့သလို အရပ်သားပြည်သူကို ကာကွယ်ပေးရဖို့ လက်နက် ပစ်ဖောက်ရမယ့် အခြေအနေမျိုးလည်း ရှိမနေခဲ့ပါဘူး။

အာဏာသိမ်းပြီးကာလကတည်းက မောင်ချမ်းငြိမ်းတို့ ရွာကလေးဟာ သေနတ်ပစ်ဖောက်သံတွေကြောင့် မကြာခဏ ပြေးလွှားတိမ်းရှောင်ခဲ့ကြရပါတယ်။ သေနတ်သံကို ကြားတိုင်း ဒေသခံအရပ်သားပြည်သူတွေမှာ ကြုံတွေ့ခဲ့ရဖူးတဲ့ ဒီလို ရင်မောစရာ မှတ်ဉာဏ်တွေဟာ ပြန်ပြန် ပေါ်လာပါတယ်။
▪️

တကယ်တော့ မောင်ချမ်းငြိမ်းတို့ ဒေသမှာ ကြိုတင် အသိပေးထားခြင်းမရှိတဲ့ လက်နက် စမ်းသပ်မှုတွေ၊ ပစ်ဖောက်မှုတွေ၊ ဖောက်ခွဲမှုတွေကြောင့် ဒေသခံ အရပ်သားပြည်သူတွေကို ကြောက်လန့်မောဟိုက်ရစေတဲ့ ဖြစ်စဉ်မျိုးဟာ အခု တစ်ကြိမ်တည်း မဟုတ်ပါဘူး။

သီတင်းကျွတ်လပြည့်၊ တန်ဆောင်မုန်းလပြည့် စတဲ့ ကာလတွေမှာ အညာက လက်နက်ကိုင်တပ်ဖွဲ့အချို့ဟာ ဗျောက်အိုးအစား စစ်လက်နက်ပစ္စည်းတွေ ဖြစ်တဲ့ သေနတ်ကျည်ဆန် ပစ်ဖောက်တာနဲ့ မိုင်းဖောက်ခွဲတာမျိုးတွေကို လုပ်ဆောင်လာကြတာဟာ ဒီတစ်ခါတည်းသာ မဟုတ်ပါဘူး။

လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်လက်နက်ပစ္စည်းကိုင်ဆောင်အသုံးပြုမှုဆိုင်ရာစည်းမျဥ်းစည်းကမ်းတွေကို လိုက်နာခြင်း မရှိဘဲ ရမ်းကားပစ်ခတ်ဖောက်ခွဲမှုတွေဟာ ဒေသခံအရပ်သားပြည်သူများအပေါ် စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်ထိခိုက်မှုများစွာ ဖြစ်နေစေပါတယ်။

သက်ကြီးရွယ်အိုတွေရဲ့ စိုးရိမ်တုန်လှုပ်မှု၊ ကလေးငယ်တွေရဲ့ ကြောက်ရွံ့ထိတ်လန့်မှု‌၊ သတင်းအချက်အလက် လုံးဝ မရရှိဘဲ လက်နက်သံကို ကြားရတဲ့ အရပ်သားတွေရဲ့ စိုးထိတ်မှုနဲ့ ခုခံစရာနဲ့ အကာအကွယ် မရှိတဲ့အခါ ကူကယ်ရာမဲ့ဖြစ်မှု စတဲ့ ခံစားချက်တွေကို မောင်ချမ်းငြိမ်းတို့ အဲ့ဒီညက ကြုံလိုက်ရတဲ့ ရဲဘော်တွေဟာ နားလည်ခံစားနိုင်ကြပါ့မလား။

ကြပ်မတ်တဲ့ ကွပ်ကဲမှု၊ ပြည့်ဝတဲ့ စစ်စည်းကမ်း၊ မှန်ကန်တဲ့ စစ်သည်တော်ကျင့်ဝတ်၊ တာဝန်ယူမှု/တာဝန်ခံမှုပါဝင်တဲ့ လက်နက်ကိုင်ဆောင်မှု၊ လိုက်နာရမည့် စစ်ရေးထိတွေ့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း (Military Codes of Conduct)တွေအပေါ် ဂရုမစိုက် အလေးမထားကြတဲ့ ကာကွယ်ရေးတပ်ဖွဲ့အချို့ကြောင့် ဒေသခံအရပ်သားပြည်သူတွေဟာ အာဏာသိမ်းမှုအလွန် နောက်ဆက်တွဲ ထိခိုက်မှုတွေကြားကနေ ထပ်မံ စိတ်မောကြရပါတယ်။

တပ်ဖွဲ့တစ်ခုရဲ့ တပ်သားတစ်ယောက်ကြောင့် (သို့မဟုတ်) တပ်သားတွေကြောင့် အရပ်သားပြည်သူတွေ ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအရဖြစ်စေ ထိခိုက်ကြရတာဟာ တပ်ဖွဲ့ရဲ့ အုပ်ချုပ်ရေးခေါင်းဆောင်တွေအနေနဲ့ ဖြေရှင်းပေးဖို့ တာဝန်အပြည့်ရှိပါတယ်။
▪️

အဲဒီနေ့ညက ရွာလယ်ခေါင်မှာ သေနတ်ဖောက်ပြီး ဆိုင်ကယ်နဲ့ ရပ်နေတဲ့ ရဲဘော်နှစ်ယောက်ဆီကို မောင်ချမ်းငြိမ်း အကဲခတ်ဖို့ သွားကြည့်ခဲ့ပါတယ်။

သူတို့ထဲက တစ်ယောက်ဟာ အရက်သောက်ထားလို့ မူးနေပြီး နှစ်ယောက်စလုံးဟာ အနီးအနားက ဘယ်အရပ်သားပြည်သူကိုမှ တောင်းပန်သွားခြင်းမရှိပါဘူး။

ခဏနေတော့ သူတို့တပ်ဖွဲ့က လူတစ်ယောက်က ရွာမှာရောက်နေတဲ့ အထက်ပါလက်နက်ကိုင်ရဲဘော်နှစ်ယောက်ကို လာခေါ်သွားပါတယ်။ အဲဒီလူဟာလည်း ရှေ့က နှစ်ယောက်လိုပဲ၊ ဘယ်အရပ်သားပြည်သူကိုမှ တောင်းပန်တာ၊ မကြောက်လန့်ဖို့ နှစ်သိမ့်တာမျိုး လုံးဝ ပြုလုပ်မသွားခဲ့ပါဘူး။

မောင်ချမ်းငြိမ်းအနေနဲ့ အဲဒီအဖြစ်အပျက်ကြောင့် အစာစားချင်စိတ်ပျောက်‌ဆုံးသွားခဲ့ပါတယ်။ အားလုံး အိမ်ပြန်ဝင်ကြချိန် စားပွဲဝိုင်းပေါ်က ကြာဇံဟင်းခါးတွေလည်း ပူနွေးမနေတော့ဘဲ ဆောင်းညနဲ့အပြိုင် အေးစက်နေပါတော့တယ် ။ အဲဒီလိုပဲ လွန်ခဲ့တဲ့ နာရီဝက်ခန့်က စိုပြည်နေတဲ့ စကားဝိုင်းလေးဟာလည်း အေးစက်သွားခဲ့ပါပြီ ။

ပန်းကန်တွေကို သိမ်းပြီး ညအိပ်ယာအဝင်မှာတော့ ကြောက်ရွံ့စိတ်က တစ်ဖက်၊ ဒေါသက တစ်ဖက်နဲ့ စိတ်ဖိစီးမှုဒဏ်ကြောင့် မောင်ချမ်းငြိမ်းအနေနဲ့ လက်ဖျားတွေ တုန်ယင်လို့ နေပါတယ်။
▪️

"သေနတ်သံတွေ ကြားရတယ်။ အရေးပေါ် အိတ်ကိုယူ။ ခြံတံခါးဆီ အမြန်သွား။ ဖုန်းနဲ့ ဆေးအိတ်ကို မမေ့စေနဲ့။ မြန်မြန် မြန်မြန် ပုန်း ။"

အဲ့ဒီညသန်းခေါင်မှာ စိတ်မောဖွယ်ရာ အိပ်မက်ဆိုးတစ်ခုကနေ အော်ဟစ်ရင်း ထိတ်လန့်တကြား နိုးလာတော့ မောင်ချမ်းငြိမ်းရဲ့ ပတ်လည်က ကမ္ဘာကြီးဟာ ငြိမ်သက်နေလေရဲ့ ။

ရေထသောက်ပြီး အိပ်ယာဆီ အပြန်မှာ မောင်ချမ်းငြိမ်းဟာ အိပ်ယာဘေးက အရေးပေါ်အိတ်ကို ကိုင်ကြည့်ကာ သက်ပြင်းရှည်ကြီး ချပစ်လိုက်တော့တယ်။

မောင်ချမ်းငြိမ်းရဲ့ အိပ်ပျော်ဖို့ခက်တဲ့ အတွေးထဲမှာ မေးခွန်းတစ်ခုဟာ ထပ်ကာ ထပ်ကာ ပေါ်နေတယ်။

ဖတ်ဖူးတဲ့ ကဗျာရှည်တစ်ပုဒ်ထဲက "သူရဲကောင်းဆိုတာ ဓါးမထုတ်ခင် သေချာစဥ်းစားတတ်ကြတယ်" ဆိုတဲ့ စကားကို ဘယ်သူရဲကောင်းကို ပြောလို့ရမလဲ။



◽ ပုံပြင်

(သတင်းဆောင်းပါးရေးသားသူ 'ပုံပြင်' သည် အသက်မွေးဝမ်းကြောင်းတက္ကသိုလ်တခုမှ CDM ပြုလုပ်ထားသော တတိယနှစ် ကျောင်းသားတစ်ဦးဖြစ်သည်။ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့ပြီး အညာဒေသကို အခြေပြု၍ လူထုတော်လှန်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိသည်။)

Join Our Telegram :
https://t.me/aptvburma

Subscribe Our Youtube :
https://youtube.com/

APTV သို့ ကိုယ်တိုင်ရေးစာမူများ ပေးပို့နိုင်ပါသည်။

05/12/2024

Welcome to APTV !

We used to be Ayadaw Post, but after almost 4 years of revolutionary journey, we also had to go through some changes like many did. But, the stories we reported as a former news media are still on our channels, as our history and milestones. And they will be a testament for how we have grown and are still going strong.

We are APTV, where the past meets the future, and ideas ignite transformation.
We aim to be a catalyst of a cultural renaissance, of an intellectual revolution, and of profound change.

Our mission is clear: to challenge, to provoke, and to inspire.
With stories that shape societies, voices that spark movements, and perspectives that dare to question, APTV is your platform for the bold, the brave, and the brilliant.

This is more than media. This is a movement.
The world is changing—let’s change it together.

05/12/2024

THIS IS NOT A GOODBYE!

WE WILL BE BACK, SOON.

ဘုတလင်နယ်၊ နတ်ရွာနှင့် မြင်သာရွာတို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးတွဲပျံပြီး ဗုံးကြဲတိုက်ခိုက်အောက်တိုဘာ ၂၇ | မုံရ...
27/10/2024

ဘုတလင်နယ်၊ နတ်ရွာနှင့် မြင်သာရွာတို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးတွဲပျံပြီး ဗုံးကြဲတိုက်ခိုက်
အောက်တိုဘာ ၂၇ | မုံရွာ

ယနေ့ အောက်တိုဘာ ၂၇ ရက်၊ ညနေ ၅း၄၅ နာရီခန့်တွင် ဘုတလင်မြို့နယ်၊ နတ်ရွာနှင့် မြင်သာကျေးရွာတို့အနီးတဝိုက်ကို စစ်ကောင်စီတပ်က မိတ္ထီလာ ရှမ်းတဲလေတပ်မှ ပျံတက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရှိရသေးပါ။

ဘုတလင်မြို့နယ်တွင် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းကလည်း အရပ်သားပြည်သူများကို လူမဆန်စွာ ရက်ရက်စက်စက်သတ်ဖြတ်ခြင်း၊ နေအိမ် ၄၀၀ ကျော်ကို မီးတင်ရှို့ခြင်းစသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ထားသည်။ အဆိုပါစစ်ကြောင်းသည် ယနေ့ညနေပိုင်းတွင် ဘုတလင်မြို့နယ်၊ ပဲမြစ်တောအရှေ့ရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

ယခုတခေါက် ဘုတလင်မြို့နယ်တွင်း စစ်ကြောင်းထိုးမှုတွင် ပိုမိုဆိုးရွားလာသော စစ်ကောင်စီတပ်၏ လုပ်ရပ်များကြောင့် ဘုတလင်မြို့နယ်ကျေးရွာများမှ ဒေသခံပြည်သူအများအပြား ထိတ်လန့်ကာ စစ်ဘေးရှောင်တိမ်းနေကြရသည်။

ဓာတ်ပုံ - ယနေ့ ၂၀၂၄၊ အောက်တိုဘာ ၂၇ ရက်တွင် ဘုတလင်မြို့နယ်၊ နတ်ရွာနှင့် မြင်သာကျေးရွာတို့အနီး လေကြောင်းတိုက်ခိုက်ခဲ့သော စစ်ကောင်စီဂျက်ဖိုက်တာ ၂ စီး (Photo - Thurain)

Subscribe Ayadaw Post on Telegram

#အရာတော်ပို့စ်
#ဘုတလင်

"ပုလွေဆရာ သေဆုံးခန်း"◼️ရိုင်းစိုင်းသော်▪︎ Short Story (၁)ဒီတခါ သတိလွတ်သွားတဲ့အချိန်ကိုတော့ သေချာမှတ်ထားမယ်လို့ မိနီ တေးထ...
15/10/2024

"ပုလွေဆရာ သေဆုံးခန်း"

◼️ရိုင်းစိုင်းသော်

▪︎ Short Story

(၁)
ဒီတခါ သတိလွတ်သွားတဲ့အချိန်ကိုတော့ သေချာမှတ်ထားမယ်လို့ မိနီ တေးထားတယ်။ ဒီနေ့လည်း ထပ်ဖြစ်နိုင်တယ်လို့ သူ့စိတ်က ထင်နေတယ်လေ။
မနက်စာအတွက်တော့ လမ်းဘေးမှာ ကလေးတယောက်ယောက် ကျနေခဲ့ပုံရတဲ့ ဘိန်းမုန့်အပဲ့တခုကို သူစားပြီးပြီ။ ဈေးလမ်းကြားမှာ မြေပဲသီးတောင့်နည်းနည်း ထပ်တွေ့တာကို အသိုက်ထဲ ကိုက်ချီသွားမလို့ စိတ်ကူးနေတုန်းမှာပဲ ကြိမ်နှုန်းမြင့် အသံတခုကို ကြားလိုက်ရတယ်။

"စပြီနော် စပြီ" လို့ သူ့ကိုယ်သူ ပြန်သတိပေး ရေရွတ်ရတယ်။ အသံကို မကြားရအောင် ဖုံးထားနိုင်မလားဆိုပြီး သူ့နားရွက် ထောင်ထောင်လေးတွေကို လက်တွေနဲ့ ပုတ်ခတ်ကြည့်တယ်။ မရပါဘူး။ အသံက တိုးတိုးလေး ကြားနေရာကနေ သူ့ခေါင်းကို ပတ်ချာလည်ပြီး ဝေ့ဝဲနေသလိုမျိုး ခံစားလာရတယ်။ အသံလှိုင်းတွေက သူ့ဦးခေါင်းခွံထဲကို တဖြည်းဖြည်း စိမ့်ဝင်လာသလို ဖြစ်လာတယ်။ ကြိမ်နှုန်းမြင့် အသံလှိုင်းရဲ့ကြားက တေးသွားလိုလို တစုံတရာကို ကြားလိုက်တဲ့အချိန်မှာပဲ သူ့အာရုံအားလုံးဟာ ခလုတ်နှိပ်ပြီး တိကနဲ ပိတ်ချခံလိုက်ရသလို ပြတ်တောက်သွားတယ်။

ကြွက်မလေး မိနီ ပြန်နိုးလာပါတယ်။ ဒါပေမယ့် နှစ်ဖာလုံလောက်ဝေးတဲ့ ရပ်ကွက်ပန်းခြံလေးထဲက မြက်ခင်းပေါ်မှာ။ ပြီးတော့ နေဝင်လို့ မိုးစုန်းစုန်းချုပ်နေပြီ။

(၂)
"သွားစမ်းပါဟာ။ ဒီမှာ အစာရှာရတာ ကြပ်တည်းလာလို့ ဒုက္ခရောက်နေရတဲ့ထဲ နင်က တမှောင့်။"

နောက်တနေ့မှာ အကိုဖြစ်သူဆီကို သွားပြီး သူသတိပြုမိသမျှ မူမမှန်တဲ့ အဖြစ်အပျက်တွေကို ပြန်ပြောပြတော့လည်း သူ့စကားတွေကို သိပ်ပြီး အရေးမလုပ်ဘူး။ တကယ်တော့ သူ ခံစား တွေ့ကြုံရတာတွေကို ပြောပြတဲ့အချိန်မှာ အကိုက သေချာနားထောင်နေတဲ့အပြင် တခုခုကိုပါ တပြိုင်နက် စဉ်းစားနေတာကို မိနီ ရိပ်မိတယ်။ ဒါပေမယ့် အရင်တခေါက် လာ‌တုန်းကလိုပဲ၊ သူပြောပြတာတွေနဲ့ ပတ်သက်ပြီး ဘာမှ ပြန်မဆွေးနွေးဘဲ ပူညံပူညံပဲ လုပ်လွှတ်လိုက်တယ်။

အကိုက အိမ်ထောင်ကျပြီးပြီ။ သူ့မိန်းမက အရင်လဆန်းကပဲ နီတာရဲလေး ၅ ကောင် မွေးပေးထားတော့ သူ့မှာ ပြာယာကို ခတ်နေတာရယ်။

မိနီ အကိုဆီက ပြန်လာတော့ မှောင်ရီဖျိုးဖျလေးမှာ။ သူ့အသိုက်ရှိတဲ့ အိမ်ပျက်ကြီးဘက်ကို ပြန်နေကျလမ်းအတိုင်း ပြန်လာရင်း သူ့နောက်ကို တယောက်ယောက် လိုက်လာတာကို သတိထားမိလိုက်တယ်။ ခနတော့ ဟန်မပျက် ဆက်လျှောက်ပြီးမှ လမ်းဘေးကို ဖြတ်ခနဲ ပြေးဝင်ပုန်းလိုက်တယ်။ သူ့နောက် ကတယောက်က ပြေးလိုက်လာပြီး သူ့ကိုမတွေ့တော့ ဟိုကြည့်ဒီကြည့်နဲ့ ရှာနေတယ်။ မိနီ လမ်းဘေးက ခုန်ထွက်ပြီး သူ့နောက်က လိုက်လာတဲ့သူကို ကိုယ်လုံးချင်း ပြေးတိုက်လိုက်တယ်။

"အာလာလာ သေပါပြီ"

အရှိန်နဲ့ လွင့်ပြီး လမ်းဘေးကျသွားတဲ့သူကို ကြည့်လိုက်တော့ သူ့အကိုသူငယ်ချင်း ငတာဖြစ်နေတယ်။

"ငတာလား ငါ့နောက်က ဘာလို့လိုက်လာတာလဲ"
"အေး အေး ဆောရီး မိနီရေ။ နင် ငရဲတို့အသိုက်က ထွက်လာကတည်းက ငါလည်း ကြိုစောင့်နေတာ။"
"ဘာကိစ္စရှိလို့လဲ။"
"ဒီမှာပြောလို့ မကောင်းတဲ့ကိစ္စဟ။ နင် ငရဲဆီမှာ ပထမတခေါက် လာတိုင်ပင်တုန်းကတည်းက ငါတို့ကို သူပြန်ပြောပြတယ်။"

မိနီ ဝမ်းသာသွားတယ်။ သူ ဒီလိုမျိုး တယောက်တည်းပဲ ခံစားနေရတာ ကြာပြီလေ။ သူ့လိုမျိုး တခြား သတိထားမိတဲ့သူတွေ ရှိသေးတာလား။ ငတာက သူ့မျက်နှာကို သေချာကြည့်ပြီး လေးလေးနက်နက်ပြောတယ်။
"နင်တယောက်တည်း မဟုတ်ဘူးဆိုတာကို မမေ့ပါနဲ့"

(၃)
ငတာက အကျိုးအကြောင်းပြောပြပြီး ခေါ်သွားလို့ မိနီ ဂိုဒေါင်ဟောင်းကြီးတခုထဲမှာ ရောက်နေတယ်။ ထပ်ခိုးကို ငတာနဲ့အတူတူ တက်သွားတော့ ကြိုရောက်နေတဲ့ တခြားကြွက်တွေကိုလည်း တွေ့ရတယ်။ ငတာ့ကိုတွေ့တော့ နှုတ်ဆက်ကြတယ်။ မိနီတို့ရောက်ပြီး မကြာခင်မှာပဲ ခေါင်မိုးပေါ်က တကောင် ကောင် ဆင်းလာသံကို ကြားရတယ်။ ထပ်ခိုးမှာ အလင်းရောင်ကောင်းကောင်းရှိတော့ ဆင်းသက်လာတဲ့အရိပ်တခု လှုပ်ရှားနေတာကို နံရံမှာ မြင်နေရတယ်။ ထပ်ခိုးကြမ်းပြင်ကို ခြေချသံကြားရပြီးတော့ အရိပ်ပိုင်ရှင်က အမှောင်ထဲကနေ တဖြည်းဖြည်း ထွက်လာရင်း စကားစပြောတယ်။

"အားလုံးပဲ ကျုပ်နာမည်ကတော့ ငကင်းပါတဲ့ဗျာ"

စိတ်ဝင်တစားကြည့်နေတဲ့ ကြွက်အားလုံးရဲ့ရှေ့ကို စကားသံနဲ့အတူ ကြွက်ကြီးတကောင် ရောက်လာတယ်။

"အရှိတရားရဲ့ မှားယွင်းမှုတွေကို သတိပြုမိကြပြီး ခေါင်းငုံ့ လက်မခံဘဲ မေးခွန်းထုတ်ရဲသူတွေကို အခုလို မြင်တွေ့ရလို့ ကျုပ်က အလွန်ဝမ်းမြောက်မိပါတယ်"

ငကင်းဆိုသူက မိနီရှေ့မှာ သူ့ခြေလှမ်းတွေကို ရပ်လိုက်တယ်။ အကောင်ကြီးသလို အရောင်လွင့်စပြုနေတဲ့ သူ့အမွှေးအမင်တွေကြောင့် အသက်လည်း ကြီးပြီဆိုတာ ပေါ်လွင်တယ်။

"တွေ့ရတာ ဝမ်းသာပါတယ်။ တူမောင် ငရဲရဲ့ ညီမကလေး မဟုတ်လားကွယ့်။"

သူ့အကိုကိုလည်း သိပုံရလို့ မိနီ တရိုတသေပဲ ပြန်နှုတ်ဆက်လိုက်တယ်။ ငကင်းက အခြေအနေတွေကို နားလည်အောင် သူရှင်းပြမှာ ဖြစ်ကြောင်းနဲ့ ပြီးရင် ဘာလုပ်လို့ရမလဲဆိုတာပါ နားလည်သွားမှာဖြစ်ကြောင်း မိနီကို သေချာပြောပြတယ်။ အကို့မိသားစုအကြောင်းလည်း စကားစမြည်လို ပြောနေသေးတယ်။ ပြီးတော့မှ မိနီတို့တွေအားလုံး မျက်နှာမူထားတဲ့ ခုံမြင့်လေးတခုပေါ်ကို သူတက်တယ်။

ကြွက်တွေရဲ့ ကျွန်သမိုင်းလို့ အစချီပြီး ဇာတ်လမ်းတပုဒ်ကို စတင် ပြောပြပါတော့တယ်။ သူပြောတာတွေကို နားထောင်ကာစမှာ မိနီ အံ့ဩမင်သက်သွားတယ်။ ပြီးတော့ နာကြည်းမှုနဲ့ ယူကျုံးမရဖြစ်မှုကိုလည်း ခံစားရတယ်။ နောက်ဆုံး သူပြောပြတဲ့ ဇာတ်လမ်းကြီး ပြီးသွားတဲ့အခါ မိနီရင်ထဲမှာ ဒေါသပဲ ကျန်တော့တယ်။

ကြွက်ကြီးငကင်း ပြောပြတဲ့ဇာတ်လမ်းက ပုလွေဆရာကြီး တယောက်အကြောင်း။ အဲဒီ ပုလွေဆရာကြီးက သူ့ပုလွေကိုမှုတ်ပြီး ကြွက်တွေကို ထိန်းချုပ်နိုင် တယ်တဲ့။ သူ့ပုလွေတေးသွားနဲ့ စိတ်ကို ညှို့ငင်ထားတဲ့အချိန်ဆိုရင် ကြွက်တွေဟာ သူ သေဆိုသေ၊ ရှင်ဆိုရှင်ပဲတဲ့။ သူခိုင်းသမျှကို လုပ်ပေးရတာတဲ့။
အဲဒီပုလွေဆရာကြီး ငယ်နုစဉ်ကဆိုရင် အမြို့မြို့အတိုင်းတိုင်းမှာ လှည့်လည်သွားရင်း ပုလွေတချောင်းနဲ့ ကြွက်တွေကို ထိန်းချုပ်ပြီး စီးပွားရှာခဲ့တာတဲ့။
မြို့တွေမှာ ကြွက်တွေကို ပွားများသောင်းကျန်းအောင် တမင်လုပ်ပြီးမှ အခကြေးငွေနဲ့ ပြန်နှိမ်နင်းပေးတာမျိုး။ ကြွက်တွေကို အကြောင်းပြုပြီး မြို့ခံတွေရဲ့ ကလေးတွေကို ပြန်ပေးဆွဲတာမျိုး။ ကြွက်တွေကို လက်နက်အဖြစ်အသုံးချ‌တဲ့ အကြမ်းဖက်မှုမျိုးတွေ။ ဓားပြမှု။ လောင်းကစားမှုတွေ။ ဒုစရိုက်မှုအစုံပါပဲ။
မိနီတို့ရဲ့ ကြွက်မျိုးနွယ်တွေကို အင်မတန် ဆိုးယုတ်တဲ့ နည်းလမ်းမျိုးစုံနဲ့ ပုလွေဆရာဟာ အသုံးချခဲ့တာ။

မိနီ ဒေါသကြောင့် တကိုယ်လုံးက အမွှေးအမျှင်တွေ ထောင်ထနေသလို ခံစားနေရတယ်။ တခြားကြွက်တွေထက် သေးငယ်တဲ့ သူ့ခန္ဓာကိုယ်လေးဟာ တဆတ်ဆတ်ကို တုန်နေတာပဲ။

နောက်တခေါက် အစည်းအဝေးလုပ်တော့ ဂိုဒေါင်ဟောင်းကြီးမှာ မဟုတ်တော့ဘူး။ မိနီလည်း တခါမှ မရောက်ဖူးတဲ့နေရာ။ ရောက်လာကြတဲ့ ကြွက်အရေအတွက်လည်း ပိုနည်းတယ်။

လူစုံတော့ ကြွက်ကြီးငကင်း ထွက်လာပြီး ထုံးစံအတိုင်း စကားအရင်ပြောတယ်။ ဒီတခါတော့ သမိုင်းကြောင်းမဟုတ်ဘူး။ လက်တွေ့အခြေအနေတွေ။ မိနီတို့မြို့လေးက ကြွက်တွေ ဘာကြောင့် မကြာခနဆိုသလို ရုတ်တရက် သတိ‌မေ့သွားကြပြီး အချိန်တွေ ပျောက်နေရတာလဲ ဆိုတာရယ်။ မူလပြောပြတဲ့ ဇာတ်လမ်းထဲက ပုလွေဆရာဟာ အခုဆိုရင် အသက်ကြီးရင့်လာပြီး ဒီမြို့မှာ နေထိုင်လှုပ်ရှားနေတဲ့ အကြောင်းရယ်။ ပြီးတော့ မိနီတို့ မြို့ခံကြွက်တွေအနေနဲ့ ဘာလုပ်ကြမလဲ ဆိုတာရယ်ပေါ့။

တကယ်တော့ ဘာလုပ်ကြမလဲဆိုတဲ့ မေးခွန်းထွက်လာဖို့ကို မလိုအောင် အဖြေက ရှင်းနေပါတယ်။ အနာဂတ် ကြွက်မျိုးနွယ် အားလုံးအတွက် ပုလွေဆရာဆိုတာ ကြောက်မက်ဖွယ် အရှိတရားတခုအစား ယုံတမ်း ပုံပြင်သက်သက်သာဖြစ်ဖို့ လိုအပ်တယ်လေ။

"ပုလွေဆရာကြီးက အသက်လည်း ကြီးပြီဆိုတော့ အရင်ကလိုမျိုး ကြီးကြီးမားမား မလုပ်နိုင်တော့ဘူး။ ဒီမြို့ကိုရောက်တော့ ဒီမြို့က ကြွက်တွေကို အသုံးချပြီး မြို့ခံလူတွေရဲ့ လက်ဝတ်လက်စား အသေးလေးတွေကို ခိုးခိုင်းနေရုံပဲ လုပ်နိုင်တော့တာ။"

ငကင်းက သူ့အမြီးရှည်ကြီးကို တယမ်းယမ်းလုပ်ရင်း ဆက်ပြောတယ်။

"အဲဒါကို ရှင်က ဘယ်လိုလုပ်သိတာလဲ"

မိနီ ခေါင်းထဲပေါ်လာတဲ့ မေးခွန်းကို လွှတ်ခနဲ မေးလိုက်မိတယ်။

ကြွက်ကြီးငကင်းက နှစ်နှစ်ခြိုက်ခြိုက် ပြုံးတယ်။ ပြီးတော့ အချက်ပေးသံတခုကို အော်လိုက်ရာမှာ သူ့ရှေ့ကို ကြွက်ပျို ၄ ကောင် ထွက်လာပြီး တန်းစီရပ် တယ်။

"ဒီလို ကိုယ်ကျိုးစွန့်တဲ့ သူရဲကောင်းတွေကြောင့်သာ ငါတို့ဟာ ပု‌လွေဆရာနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းနိုင်ခဲ့တာဖြစ်တယ်" လို့ သူက ပြောရင်း ကြွက် ၄ ကောင်ကို ခေါင်းညွတ်ပြီး အရိုအသေပြုတယ်။ တန်းစီရပ်နေတဲ့ ကြွက်ပျို‌ ၄ ကောင်က ဘာမှ ပြန်မပြောပေမယ့် ခေါင်းညွတ်ပြီး အရိုအသေပြန်ပေးတယ်။

"သူတို့ ၄ ယောက်ဟာ နားမကြားရဘူး။ နားမကြားတော့ဘူးလို့ ပြောရင် ပိုမှန်လိမ့်မယ်။"

"ပုလွေဆရာ ဒီမြို့ကို ရောက်နေတယ်လို့ သံသယရှိတာနဲ့ အနီးကပ် စောင့်ကြည့်ထောက်လှမ်းဖို့ ငါတို့ ကြိုးစားခဲ့ကြတယ်။ ဘယ်နည်းနဲ့မှ အလုပ်မဖြစ်ခဲ့ဘူး။ နောက်ဆုံးတော့ ပေးဆပ်မှုကြီးမားတဲ့ နည်းလမ်းကို မဖြစ်မနေ ရွေးချယ်လိုက်ရတယ်။"

မိနီ သူတို့ရှေ့က ကြွက်ပျို ၄ ကောင်ကို ဝဲတက်လာတဲ့ မျက်ရည်တွေကြားကနေ ကြည့်ဖြစ်တယ်။ သူတို့မျက်နှာတွေက နောင်တ, တစက်မှမရှိဘဲ ဂုဏ်ယူနေဟန်က အထင်းသား။ ထီမထင်တဲ့ အပြုံးတွေနဲ့ ရင်ကော့ပြီး ခေါင်းမော့ထားကြတယ်။

ကြွက်မျိုးနွယ်အဆက်ဆက်ကို ဒုက္ခပေးခဲ့တဲ့ ရန်သူတော်ပုလွေဆရာကို အာခံဖို့သက်သက်အတွက် အကြားအာရုံတွေကို ကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့ကြတာတဲ့။ မိနီမှာ ကြည်ညိုလေးစားစိတ်ကြောင့် မျက်ရည်ကျရတယ်။

အခု စုဝေးနေတဲ့ကြွက်တွေမှာက သဘောထားတခုတည်းရှိတယ်။ အိုမင်းစပြု‌လို့ အင်အားနည်းနေပြီဖြစ်တဲ့ ပုလွေဆရာကြီးကို အမြစ်ဖြတ်ဖို့၊ အနိုင်ယူဖို့၊ ကြွက်မျိုးနွယ်အတွက် တရားမျှတမှုကို ပြန်ယူဖို့။

(၄)
ပုလွေဆရာကို တိုက်ခိုက်ဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်မယ်ဆိုတာနဲ့ ပေးဆပ်ရမယ့်အရာကို ကြွက်အားလုံးလည်း သိတယ်။ ဒါပေမယ့် ပုလွေဆရာကြီးကို တိုက်ခိုက်ဖို့အတွက် ဘာမဆို စွန့်လွှတ်မယ့်သူတွေချည်းပဲဆိုတော့ သိပ်မကြာခင်မှာပဲ ကြွက်တပ်ပေါင်းစုတခုအဖြစ် အင်အားရှိလာခဲ့တယ်။

ပုလွေဆရာရဲ့ တေးသွားကိုလည်း မကြာခန ကြားနေရတုန်းပါပဲ။ ဒါပေမယ့် အသိစိတ်ပျောက်သွားပြီး တခြားအချိန်၊ တခြားနေရာမှာ ပြန်နိုးလာပြီဆို အရင်ကလို စိတ်ရှုပ်ထွေးမှုနဲ့ ကြောက်ရွံ့မှုကို မိနီ မခံစားရတော့ဘူး။ မျှော်လင့်ချက်ကြောင့် ခွန်အားရှိရှိ ပြန်ထလာနိုင်နေပြီ။

မိနီလည်း ပုလွေဆရာကို တိုက်ခိုက်မယ့်အဖွဲ့မှာ ကိုယ်တိုင်ပါချင်လို့ စာရင်းပေးခဲ့တယ်။ ဒါပေမယ့် ကြွက်ကြီးငကင်းက လက်မခံသလို အကို ငရဲနဲ့ သူ့သူငယ်ချင်း ငတာတို့ကပါ ကန့်ကွက်ကြတယ်။ တိုက်ခိုက်ရေး ကြွက်အင်အားက လိုတာထက် ပိုနေပြီတဲ့လေ။ စိတ်တိုလွန်းလို့ မိနီ နားရွက်ထဲကို အပ်နဲ့ ကိုယ့် ဖာသာ ထိုးဖောက်ပစ်မယ့်အကြောင်း အကို့ကို ခြိမ်းခြောက်ခဲ့သေးတယ်။ အဲဒီတော့မှ အကိုက သူကိုယ်တိုင်လည်း ဒီကိစ္စကြီး အစကတည်းက ပါဝင်လှုပ်ရှားနေခဲ့တာဖြစ်ပြီး တိုက်ခိုက်ရေးအတွက် စာရင်းပေးခဲ့ပေမယ့် အကြားအာရုံ စွန့်လွှတ်ခါနီးမှ သူ့ချစ်သူ (လက်ရှိ သူ့မိန်းမ) ကိုယ်ဝန်ရှိနေကြောင်း ထုတ်ပြောလို့ တိုက်ပွဲဝင် ကြွက်တကောင် မဖြစ်ခဲ့တာဆိုတဲ့အကြောင်း ဝန်ခံတော့တယ်။

အဲဒီနောက်တော့ မိနီလည်း တိုက်ပွဲအတွက် ပြင်ဆင်ရာမှာ လိုအပ်တဲ့ပစ္စည်းတွေ စုဆောင်းပေးတဲ့တာဝန်ကိုပဲ သူ့အကိုနဲ့အတူတူ ယူထားလိုက်တော့တယ်။

တိုက်ပွဲအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းနဲ့ ပစ္စည်းကိရိယာတွေ ပြည့်စုံတဲ့အချိန်မှာ တိုက်ပွဲဝင်မယ့် ကြွက်ရဲဘော်တွေနဲ့ မိနီတို့ ကျန်တဲ့သူတွေအားလုံး တွေ့ဆုံပွဲလုပ်ကြတယ်။ အကို့သူငယ်ချင်း ငတာကလည်း တိုက်ခိုက်ရေးဆိုတော့ အကြားအာရုံ စွန့်လွှတ်ထားပြီးပြီ။ တွေ့ဆုံပွဲမှာ နှုတ်ဆက်ကြရင်း ကံကောင်းစေဖို့ဆိုပြီး မိနီလည်း သူ့ပါးကို အနမ်းတပွင့် လက်ဆောင်ပေးခဲ့လိုက်သေးတယ်။

(၅)
ပုလွေဆရာကြီး သေပြီတဲ့။

တိုက်ပွဲတပွဲထဲနဲ့ အဆုံးအဖြတ်ပေးမယ့် စစ်ပွဲဟာ ပြီးဆုံးခဲ့ပါပြီ။ လွဲချော် ဖိတ်စင်မှုတချို့ ရှိခဲ့ပေမယ့် အချိန်တန်တော့လည်း လောကဓမ္မက အနိုင်ရသွားခဲ့ပါတယ်။ ကြွက်ကြီးငကင်းကတော့ သူဖတ်ဖူးတဲ့ ဆွန်ဇုကျမ်းထဲက သေနင်္ဂဗျူဟာတွေကို လက်တွေ့ အသုံးချခဲ့တာ‌ကြောင့်ပါလို့ ပြောတယ်။ ဒဏ်ရာရတဲ့ ကြွက်တွေကို ပုလွေဆရာကြီးရဲ့ အိမ်အပြင်ဘက်ကနေ ကူညီပေးနေခဲ့တဲ့ မိနီတို့လည်း ပုလွေဆရာကြီး သေပြီဆိုတော့ အိမ်ထဲ ဝင်ကြည့်ကြတယ်။

မုန်းတီးစိတ်အပြည့်နဲ့ ကြွက်တွေရဲ့ ညီညွတ်စွာ လက်စားချေမှုကြောင့် ပုလွေဆရာကြီးရဲ့ ရုပ်အလောင်းဟာ မြင်မကောင်း ရှုမကောင်း။ ခန္ဓာကိုယ်အနှံ့မှာ အမျိုးအမည်စုံလင်လှတဲ့ လက်နက်လေးတွေ ဗရပွထိုးစိုက်လို့။ သူ့အိမ်မှာသူရှိနေချိန် ကြွက်တွေရဲ့ အလစ်အငိုက် တိုက်ခိုက်ခြင်းကို ခံလိုက်ရတာမို့ မျက်နှာက အံ့ဩမှုအပြင် ကြောက်ရွံ့ သေဆုံးသွားပုံမျိုးဆိုတော့ မိနီလည်း ကျေနပ်တယ်။

မိနီတို့ ကြွက်တွေအားလုံး ပျော်နေကြပြီ။ တိုက်ပွဲဝင် ကြွက်တွေခမျာမှာဆို ဂုဏ်ပြုစကား လာပြောတဲ့သူတွေတိုင်းကို ခေါင်းညိတ် တုံ့ပြန်ပေးနေရတာနဲ့တင် ကောင်းကောင်း အနားမယူရရှာကြ။ မြို့ခြားနယ်ခြားက ကြွက်တွေတောင် သတင်းကြားလို့ ရောက်လာကြတယ်။ ပုလွေဆရာကြီးရဲ့ မီးဖိုချောင်ဟာ ပျော်ပွဲရွှင်ပွဲတွေအပြည့်နဲ့ ပါတီဌာနကြီးဖြစ်သွားတယ်။ ကြွက်တလောကလုံးဟာ တိုက်ပွဲရဲ့ အသီးအပွင့်ဖြစ်တဲ့ အောင်ပွဲအရသာကို ခံစားနေကြရပြီလေ။

(၆)
မိနီ ပျော်ရွှင်နေတဲ့သူတွေကို ကြည့်နေရင်း စိတ်ထဲမှာ တမျိုးကြီးဖြစ်လာတယ်။ တခုခု မှားနေသလိုပဲ။ သူတို့အားလုံး မေ့လျော့နေကြတဲ့ အရာတခုခု ရှိနေတယ်။

မိနီ ရုတ်တရက် သတိရသွားပြီး ပျော်ပွဲရွှင်ပွဲရဲ့အပြင်ကို ပြေးထွက်သွားတယ်။ ပုလွေဆရာကြီးရဲ့ အိပ်ခန်းကို ဝင်သွားပြီး မိနီ နေရာအနှံ့ ပြေးလွှားရှာကြည့်တယ်။ သူတို့ကို ထိန်းချုပ်နိုင်တဲ့ ပုလွေဆိုတာက ဘယ်မှာလဲ။ ပုလွေထည့်တဲ့ သေတ္တာလေး ပွင့်နေတာကို တွေ့ပေမယ့် ပုလွေကို မတွေ့ရဘူး။ မိနီ တဖြည်းဖြည်း ကြောက်ရွံ့လာတယ်။ အဆိုးဆုံး ဖြစ်နိုင်ခြေတွေကို တွေးမိလာတယ်။ ဒါပေမယ့် အဆိုးဆုံး ခန့်မှန်းချက်တွေကို ကြာကြာ မစဉ်းစားလိုက်ရပါဘူး။

တံခါးဝမှာ တယောက်ယောက်လာရပ်လို့ အရိပ်တခုက မိနီရှိနေတဲ့ အိပ်ခန်းထဲကို ထိုးကျလာတယ်။

"ပုလွေကို ရှာနေတာလား မိနီ"
ကြွ
က်ကြီးငကင်းက တံခါးဝမှာ မားမားကြီးရပ်ရင်း မေးတယ်။ ပုလွေကို သူ့နောက်ကျောမှာ ကြိုးနဲ့လွယ်ထားတာ တွေ့ရတယ်။ သူ ဘယ်အချိန်က ဝင်ယူထားတာလဲတောင် မသိဘူး။

"ဟုတ်တယ် အောင်ပွဲခံနေတဲ့ ကြွက်တွေအားလုံး အတူတူ ပုလွေကိုဖျက်ဆီးပစ်ဖို့ အချိန်ကျပြီမို့"

မိနီ လက်နှစ်ဘက်ကို ဆန့်တန်းပြီး တောင်းလိုက်တယ်။

"ကျမကို ပုလွေ ပေးပါ"

ငကင်းက မိနီပြောတာကို ဂရုမစိုက်ဘဲ အခန်းထဲ တလှမ်းချင်း ဆက်ဝင်လာတယ်။

"ငါတို့တွေ အသုံးချခံဘဝက လွတ်ပြီလေ မိနီ။ ငါတို့ ဒီလောက် ပေးဆပ်မှုတွေအများကြီးနဲ့ တိုက်ပွဲဝင်ခဲ့တာဟာ ပုလွေဆရာ သေတာနဲ့တင် တန်သွားပြီလို့ မင်းထင်သလား။"

"ရှင် ဘာတွေ ပြောနေတာလဲ"

"ပြောသင့်တဲ့စကားကို ပြောသင့်တဲ့အချိန်ရောက်လို့ ပြောနေတာပါ။

ငါ့အဖေနဲ့ အမေလည်း ဒီပုလွေဆရာကို တိုက်ခိုက်ရင်းပဲ သူတို့တသက်ကို ဖြတ်သန်းခဲ့ကြတာ။ ဆိပ်ကမ်းမြို့မှာ ပုလွေဆရာကို တိုက်ခိုက်ရင်း ကျဆုံးသွားခဲ့ကြတဲ့ သူရဲကောင်းကြွက်တွေလေ။"

ဒေါနဲ့မောနဲ့ အားမာန်အပြည့် ပြောနေတဲ့ ကြွက်ကြီးငကင်းကို ကြည့်ရင်း မိနီ လန့်လာတယ်။

"အခုဆို ငါတို့ကြွက်မျိုးနွယ်ရဲ့ မဟာရန်သူတော်ကြီးလည်း မရှိတော့ဘူး။ သူ့ပုလွေက ငါတို့လက်ထဲမှာ ရောက်နေပြီ။ ဒါ ကြွက်ပေါင်းများစွာကို နှစ်ပေါင်းများစွာ ထိန်းချုပ်ခဲ့တဲ့ တူရိယာ။ တခြား ဘာတွေလုပ်နိုင်ဦးမလဲ။ ဖြစ်နိုင်ခြေတွေကို စဉ်းစားကြည့်စမ်းပါ။ ငါတို့ကြွက်တွေကို ဂေဟစနစ်မှာ အဆင့်ပိုမြင့်တဲ့နေရာရောက်အောင် မြှင့်ပစ်လို့တောင်ရတယ်။ ငါတို့က အစာကွင်းဆက်ရဲ့ ဘယ်နေရာမှာလဲဆိုတာကိုရော သိရဲ့လား။"

ငကင်းက စကားပြောရင်း ရှေ့ကို တလှမ်းချင်းတိုးလာတိုင်း မိနီခမျာ နောက်ကို တလှမ်းချင်း ဆုတ်‌ပြေးနေမိတယ်။ ဒါပေမယ့် ပြောစရာရှိတာကိုတော့ မပြောဘဲမနေဘူး။

"ကျမတို့ကို ဖိနှိပ်ရာမှာ အသုံးပြုခဲ့တဲ့ လက်နက်ကိရိယာတွေကို အပြီးတိုင် ဖျက်ဆီးပစ်မှသာ ကျမတို့ ကြွက်မျိုးနွယ်တခုလုံးအတွက် တရားမျှတမှု ရမှာဖြစ်တယ်လို့ ကျမယုံတယ်။ အဲဒီလို တကယ့်အောင်ပွဲ ရဖို့အတွက်ဆိုရင် အဲဒီ မကောင်းဆိုးရွားပုလွေကို ဟောဟိုက မီးလင်းဖိုထဲမှာ ပြာချပစ်မှ ရပါလိမ့်မယ်။"

"မင်းက မကောင်းဆိုးရွားပုလွေလို့ ခေါ်ပေမယ့် ငါ့အတွက်ကတော့ ကံကောင်းခြင်းတွေ ယူဆောင်လာမယ့် မှော်ပုလွေလေးလို့ သဘောထားပါတယ်။"

ငကင်းက မလျှော့ဘဲ ရှေ့ကို ထပ်တိုးလာမလို ခြေလှမ်းပြင်လိုက်တော့ မိနီလည်း မတတ်သာတော့ဘဲ ဝှက်ကိုင်ထားတဲ့ သံချွန်ကို ထုတ်ရွယ်လိုက်ရတယ်။

"ပုလွေကို ဖျက်ဆီးလိုက်ပါ"

"ဪ မိနီ မင်းက ရှင်းပြလို့ကို မရဘဲကိုး။ ဒီတော့လည်း ငါ့ပုလွေနဲ့ ပထမဆုံး စမ်းသပ်တာခံရမယ့် ကြွက်က မင်းဖြစ်သွားပြီပေါ့။"

ငကင်းက ပုလွေကိုသုံးဖို့ အသင့်ပြင်တယ်။ မိနီကို ထိန်းချုပ်ဖို့ သူ ကြိုးစားတော့မှာလေ။ ပုလွေကနေ တေးသွားတချို့ စထွက်လာကာ ရှိသေးတယ်။ မိနီရဲ့ မထင်မှတ်တဲ့လုပ်ရပ်ကို မြင်လိုက်ရတာကြောင့် ငကင်း ပါးစပ်အဟောင်းသားဖြစ်ပြီး အသံလှိုင်းတွေလည်း ရပ်တန့်သွားတယ်။

လက်ထဲက သွေးစက်လက်ကျနေတဲ့ သံချွန်နဲ့ပဲ နောက်ထပ်ကျန်တဲ့ နားတဘက်ကို မိနီ ထိုးဖောက်ပစ်လိုက်တယ်။

အဲဒီအချိန်မှာ ပုလွေကို ဆုပ်ကိုင်ထားပြီး မိနီကို ကြည့်နေတဲ့ ကြွက်ကြီးငကင်းရဲ့ မျက်နှာဟာ ဧည့်ခန်းထဲမှာ သေဆုံးနေတဲ့ ပုလွေဆရာကြီးရဲ့ မျက်နှာပေးနဲ့ တပုံစံထဲပဲ။

မိနီရဲ့ နားနှစ်ဘက်ကနေ သွေးတွေ ဒရဟော ယိုစီးနေတယ်။ ဒါပေမယ့် ပုလွေဆရာအသစ်ဖြစ်သူ ကြွက်ကြီးငကင်းရဲ့ မျက်နှာကိုကြည့်ပြီး မိနီ ပြုံးပြလိုက်ပါတယ်။ ။

[ "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ​​'​​​​ရိုင်းစိုင်းသော်' ရဲ့ "​ပုလွေဆရာ သေဆုံးခန်း"
ဝတ္ထုတိုကို ပြန်လည်ဖော်ပြလိုက်ပါတယ်]

Subscribe Ayadaw Post on Telegram :
https://t.me/ayadawpost

#အရာတော်ပို့စ်
#ခေါ်သံ
#အရာတော်

အရာတော်မြို့နယ်တနေရာတွင် ငွေစက္ကူအတုသုံးစွဲသည်ကို တွေ့ရှိအောက်တိုဘာ ၁၂ | အရာတော်ပြီးခဲ့သော စက်တင်ဘာလအတွင်းက အရာတော်မြို့...
12/10/2024

အရာတော်မြို့နယ်တနေရာတွင် ငွေစက္ကူအတုသုံးစွဲသည်ကို တွေ့ရှိ
အောက်တိုဘာ ၁၂ | အရာတော်

ပြီးခဲ့သော စက်တင်ဘာလအတွင်းက အရာတော်မြို့နယ်တနေရာရှိ စားသောက်ဆိုင်တဆိုင်တွင် ကျပ်တစ်ထောင်တန် ငွေစက္ကူအတုဖြင့် လာရောက်သုံးစွဲသွားခဲ့သည်။
အဆိုပါ ငွေအတုကို သုံးစွဲသွားသူမှာ မည်သူမှန်း မသိလိုက်ရဘဲ နောက်ကျမှသာ သတိထားမိခဲ့သည်ဟု သတင်းရင်းမြစ်ထံမှ သိရှိရသည်။
လာရောက်သုံးစွဲသော တစ်ထောင်ကျပ်တန်ငွေစက္ကူ အတုမှာ ရိုးရိုးစက္ကူပေါ်တွင် ပုံနှိပ်ထားခြင်းသာဖြစ်ပြီး အချို့နေရာများတွင် မှင်များပါ ပျက်နေသည်ကို တွေ့ရသည်။

ယခုလို ငွေစက္ကူအတုသုံးစွဲမှုအပြင် အရာတော်မြို့နယ်၊ ကျေးရွာအချို့တွင် ခိုးမှုအသေးစားလေးများ ဖြစ်ပွားနေသည်ဟု သတင်းရရှိပြီး တရားမဝင်လောင်းကစားဝိုင်းများနှင့် ဆက်စပ်နေနိုင်ကြောင်း ဒေသခံအချို့က မှတ်ချက်ပေးကြသည်။

Subscribe Ayadaw Post on Telegram :
https://t.me/ayadawpost

အရာတော်ပို့စ် - Ayadaw Post
#အရာတော်ပို့စ်
#အရာတော်

07/10/2024

အရာတော်နဲ့ ဘုတလင်နယ်က ကျေးရွာတွေကို မီးဝင်ရှို့ပြီး ဒေသခံတွေကို နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း ဖမ်းဆီးခံ စစ်ကောင်စီသုံ့ပန်းများကိုယ်တိုင် ဝန်ခံထွက်ဆိုပြီး ပြည်သူလူထုကို တောင်းပန်ကြောင်းပြော (ရုပ်သံ)

စက်တင်ဘာ ၃၀ ရက်၊ ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာတိုက်ပွဲမှာ တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများမှ ၎င်းတို့ စစ်ကြောင်းရောက်ခဲ့တဲ့ အရာတော်မြို့နယ်နဲ့ ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို မီးရှို့ခဲ့ပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးကာ နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ကျူးလွန်သူတွေကိုယ်တိုင် ဝန်ခံထွက်ဆိုထားပါတယ်။
ရုပ်သံမှတ်တမ်းများအားလုံးကို Battalion Of Budalin (BOB) စာမျက်နှာက တရားဝင်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Subscribe Ayadaw Post on Telegram :
https://t.me/ayadawpost

#အရာတော်ပို့စ်
#အရာတော်

02/10/2024

အရာတော် - မြင်းမူနယ်အစပ်ကို စစ်ကောင်စီဂျက်ဖိုက်တာက ဗုံးကြဲတိုက်ခိုက်
အောက်တိုဘာ ၂ | အရာတော်

ယနေ့ အောက်တိုဘာ ၂ ရက်၊ မွန်းလွဲ ၂ နာရီခွဲက အရာတော်မြို့နယ်နှင့် မြင်းမူမြို့နယ်အစပ် ကျေးရွာအချို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။
အရာတော်မြို့နယ်တောင်ပိုင်း၊ ညောင်ပင်ကျေးရွာအနီးတွင် စစ်တပ်ဂျက်ဖိုက်တာမှ ကြဲချခဲ့သော ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိပြီး ဒေသခံပြည်သူများ ထိတ်လန့်နေကြကြောင်း သိရှိရသည်။

ယနေ့ ညနေ ၄ နာရီခန့်ကလည်း အရာတော်မြို့၊ ‌တကရ ၅၀၀၄ တပ်ရင်းအနီးမှ စစ်ကောင်စီတပ်ဖွဲ့များက ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိကြောင်း သတင်းရရှိပြီး မည်သည့်နေရာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်းကို အတည်မပြုနိုင်သေးပါ။

ဆက်လက်တင်ပြပေးပါမည်။

ရုပ်သံ - Ko Kyaw ၊ ဓာတ်ပုံ - ပေးပို့

Subscribe Ayadaw Post on Telegram :
https://t.me/ayadawpost

အရာတော်ပို့စ် - Ayadaw Post
#အရာတော်ပို့စ်
#အရာတော်

Address

Ayadaw

Alerts

Be the first to know and let us send you an email when APTV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to APTV:

Videos

Share

Category