Myanmar Beautiful Scenes - MBS

  • Home
  • Myanmar Beautiful Scenes - MBS

Myanmar Beautiful Scenes - MBS Myanmar, one of Aisa country also in Asian comunity, has a long beach. And there are mountains and

ဘုရား ဂုဏ်တော်တွေကို အမြဲတမ်း စိတ်ထဲ နှလုံးသွင်းထားမယ်ဆိုရင် အကျိုးရှိတယ်။ ဘယ်လိုမှ အကျိုးမယုတ်ဘူး။နေ့စဉ် နေ့စဉ် အနည်းဆံ...
28/02/2023

ဘုရား ဂုဏ်တော်တွေကို
အမြဲတမ်း စိတ်ထဲ နှလုံးသွင်းထားမယ်ဆိုရင်
အကျိုးရှိတယ်။ ဘယ်လိုမှ အကျိုးမယုတ်ဘူး။

နေ့စဉ် နေ့စဉ်
အနည်းဆုံး တစ်ခေါက်လောက်
မဖြစ်မနေ လူတိုင်း ရွတ်ဖတ်စေကြချင်တယ်။

မြန်မာလူမျိုး
ဗုဒ္ဓဘာသာဝင်
မြန်မာပြည်မှာ နေထိုင်ကြသူတိုင်း
နေ့စဉ် နေ့စဉ် ရွတ်ဖတ်သွားမယ်ဆိုရင်
အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက် ချမ်းသာပျော်ရွှင်တဲ့
နိုင်ငံ ဒေသ လူမျိုး ပတ်ဝန်းကျင် ယဉ်ကျေးမှု စရိုက်တွေ ဖြစ်လာမယ် ယုံကြည်မိတယ်။

အခု
မင်မင်ကိုယ်တိုင်
ဘုရားဂုဏ်တော်တွေ စိတ်မှာရည် နှုတ်ထွက်ရွတ်ဖတ်ပြီး ရေးသား ဝေမျှလိုက်ပါတယ်။

အားလုံး
လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ...

https://www.facebook.com/111597698465042/posts/111618271796318/
16/12/2022

https://www.facebook.com/111597698465042/posts/111618271796318/

မနေ့ည

မြန်မာပြည်အနှံ့အပြားက
လူသန်းပေါင်းများစွာသည် ဘာမှန်းမသိတဲ့ အရာကို
ကောင်းကင်ယံမှာ ပေါ်ထွက်လာတာ မြင်လိုက်ရတယ်။

စမ်းသပ်ချက်တစ်ခုလား
လေယာဉ်လား ဂြိုလ်တုလား
တခြားဂြိုလ်က UFO တစ်ခုလား
စင်္ကြာဝဠာရဲ့ ဂြိုလ်သိမ် ဂြိုလ်မွှားတစ်ခုခုလား
ဘယ်သူဘယ်ဝါမှ ပြတ်ပြတ်သားသား တိတိကျကျ မသိခဲ့ရ။

ကောင်းကင်က ယာဉ်ပျံလို အရာကိုတော့
အားလုံး ရှင်းရှင်းလင်းလင်း ထင်ထင်ရှားရှား မြင်တွေ့လိုက်ကြပါတယ်။

စလိုက်မီးထိုးသလို
ရုတ်တရတ် ညဖက်ကောင်းကင်မှာ ပေါ်လာတယ်။

ဒါ ဘာကြီးလည်းပေါ့
တအံတသြနဲ့ ဝိုင်းကြည့်နေတုန်း
ဗြုန်းဆို ပြန်ပျောက်သွားပြီး မီးခိုးလိုလို မြူလိုလို အရောင်တွေ အရိပ်တွေ ကျန်ခဲ့တယ်။

အဲ့ဒီ အလင်းတန်းကို
မြန်မာနိုင်ငံ က ရခိုင်ပြည်နယ် ၊ မန္တလေးတိုင်း ၊ ဧရာဝတီတိုင်း ၊ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း နဲ့ ကချင်ပြည်နယ် စတဲ့ နေရာအနှံ့မှာ မြင်တွေ့ခဲ့ရတာလဲ ဖြစ်ပါတယ်။

အဲ့ဒီအကြောင်း
သတင်းတွေ ဝိုင်းရှာဖတ်ကြတော့
အမျိုးမျိုး ရေးသားကြတာ တွေ့ရတယ်။

Nasa ရဲ့ စမ်းသတ်ချက်တစ်ခု ဖြစ်ပါတယ်။

ပေ ၆၄ ရှိတဲ့ ဝြိုလ်သိမ်လေးတစ်ခု
ကမ္ဘာနားက ဖြတ်သွားတာ ဖြစ်ပါတယ်။

အနောက်ဖက်မှာ မြင်ရတော့ အိန္ဒိယရဲ့ ဒုံးကျည်လို့လည်း ရေးထားတာ တွေ့တယ်။

ဘာဖြစ်ဖြစ်
ဘယ်လိုရေးထားထား
အားလုံး အန္တရာယ် မရှိဘူးလို့ ဆိုပါတယ်။

Hello online shop
Hello online shop

"ခွဲခြမ်းစိတ်ဖြာ"ဗုဒ္ဓဝင်ထဲမှာလာတဲ့ ရှင်ဒေဝဒတ်နဲ့ အဇာတသတ်မင်းကြီး အကြောင်းကို ဆင်ခြင်နိုင်ကြစေဖို့ရာ ဗုဒ္ဓဝင်ထဲက အချက်အလက်...
20/12/2021

"ခွဲခြမ်းစိတ်ဖြာ"

ဗုဒ္ဓဝင်ထဲမှာလာတဲ့
ရှင်ဒေဝဒတ်နဲ့ အဇာတသတ်မင်းကြီး အကြောင်းကို
ဆင်ခြင်နိုင်ကြစေဖို့ရာ
ဗုဒ္ဓဝင်ထဲက အချက်အလက်တွေအတိုင်း ရေးသားတင်ပြလိုပါတယ်

ဘီစီ 500 ကျော်နှစ်တွေက ပုထုဇဉ်တို့ရဲ့ စိတ်နေသဘောထားနဲ့ အကျင့်အကြံတွေဟာ
သည်လိုရှိခဲ့ပါလားရယ်လို့ ဆင်ခြင်တွေးတောနိုင်ပါတယ်

ဗုဒ္ဓဝင် ဖြစ်ပါသောကြောင့် အချို့သောဖြစ်ရပ်များဟာ နှောင်းခေတ်သိပ္ပံပညာထွန်းကားလာချိန်အခုလိုမျက်မှောက်ကာလမှာ သို့လောသို့လော ရယ်နဲ့
အတွေးထွက်စရာရှိကောင်းရှိပါလိမ့်မယ်

သည်နေရာမှာ ဒေဝဒတ်ရဲ့ အတွေးအခေါ်
စိတ်နေသဘောထား မဟာဗျူဟာ နဲ့ နည်းဗျူဟာတွေရယ်
လောကမှာ ဖြစ်လေ့ရှိတတ်တဲ့ သဘောတွေကိုသာ
စစ်ထုတ်ယူပြီး ခြုံငုံဆင်ခြင်စေလိုပါတယ်

############x

ဂေါတမမြတ်စွာဘုရားရှင်
ကောသမ္ဗီပြည်တွင် သီတင်းသုံး နေထိုင်တော်မူသော အခါဖြစ်ပါတယ်
မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ရှိတော်မူသော အခါဖြစ်သဖြင့် သာသနာတော်ဝယ် လွန်စွာ လှူဒါန်းပူဇော်သူ များသော အခါလည်းဖြစ်ပါတယ်

လူတို့သည် ကျောင်းသို့ရောက်လျှင်
မြတ်စွာဘုရားရှင် အဘယ်မှာနည်း ဟူ၍မေးမြန်းကြကာ
ဘုရားရှင်ကို ဖူးတွေ့ပြီးလျှင်
အရှင်သာရိပုတ္တရာ
အရှင်မဟာမောဂ္ဂလ္လာန်
အရှင်မဟာကဿပ
အရှင်ဘဒ္ဒိယ စသော သာဝကကြီးတို့ကို မေးမြန်းကြမြဲ ပင်

ရှင်ဒေဝဒတ်သည် ထိုကိစ္စနှင့် ပတ်သက်ပြီး မကျေမလည် ရှိလေသည်
သူကား လှူဒါန်းပူဇော်သူ ရလိုသောကြောင့်ပင်တည်း

သူကား ပုထုဇဉ်အဖြစ်နှင့်သာရှိသေးသူဖြစ်သော်ငြားလည်း
လောကီဈာန် တန်ခိုးများနှင့်မူ ပြည့်စုံလေသည်
ပုထုဇဉ်မှန်က လာဘ်လာဘနှင့်
ကျော်စောမှုကို မက်သူချည်းပင် ဖြစ်ပေရာ
အဆန်းတကြယ်မဟုတ်လှပါ

မြတ်စွာဘုရားရှင် ကိုယ်တိုင် ရှိသောအခါဖြစ်သဖြင့် လာဘ်လာဘ ရှားပါးခြင်းဆိုသည်မှာ
ကြုံတောင့်ကြုံခဲပင် ဖြစ်ပါတယ်

ရှင်ဒေဝဒတ်ရဲ့အလိုဆန္ဒက
အရေးပါသော သူများက သူ့ကို
ကိုးကွယ်စေလိုခြင်းပင်ဖြစ်ပါသည်

ရှင်ဒေဝဒတ်၏ ကိုယ်ရေးရာဇဝင်ကို ကြည့်လျှင် ဒေဝဒဟပြည့်ရှင် ဘုရင်သုပ္ပဗုဒ္ဓနှင့် အမိတာဒေဝီမိဖုရားကြီးတို့၏ သားတော် ရွှေလင်ပန်းနှင့် အချင်းဆေးခဲ့သူပေတည်း
ရှင်ဒေဝဒတ်သည် အထက်တန်းလွှာမိဘနှစ်ပါးက ပေါက်ဖွားခဲ့သူပါဟု ဆိုနိုင်ပါတယ်
ဖခင်သုပ္ပဗုဒ္ဓမင်းကြီးက မာယာဒေဝီမိဖုရားကြီး၏ မောင်အရင်း မိခင် အမိတာဒေဝီက သုဒ္ဓေါဒနမင်းကြီး၏ နှမအရင်း ဖြစ်လေကာ
ငယ်စဉ်ကတည်းက ကပိလဝတ်နှင့် ဒေဝဒဟကမြှောက်စားခြင်းခံရသူဖြစ်ပေသည်

############

ရှင်ဒေဝဒတ်က သူ့ကို ကိုးကွယ်မည့်သူကိုရှာပါတယ် ရှင်ဒေဝဒတ်ရဲ့ အတွေးကို ဒီမှာတင် တွေ့နိုင်ပါတယ်

သူက သာမန် ယုံကြည်ကိုးကွယ်နိုင်မည့် သူဋ္ဌေးသူကြွယ် ဒါယကာလောက်ကို မလိုချင်
သူက ဒီလိုတွေးသည်

“ဗိမ္မိသာရမင်းသည် မြတ်စွာဘုရားရှင်ကို ပထမအကြိမ် ဖူးတွေ့စဉ်ကပင်လျှင် သောတာပန်တည်သူ ဖြစ်သည်
ထိုဗိမ္မိသာရမင်းကြီးနဲ့တော့ သူ့အလိုအတိုင်း
တစိတ်တဝမ်းတည်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်(ကိုယ့်ဘက်ပါအောင် ဆွယ်လို့ရမည်မဟုတ်)
ကောသလမင်းကြီးနှင့်လည်း ဘယ်လိုမှ မဖြစ်နိုင်
ထီးဆောင်းမင်း အားလုံးနီးပါးသည်လည်း ဘုရားရှင်၏ ဥပါသကာတွေချည်းဖြစ်နေသည်

ဗိမ္မိသာရမင်းကြီး၏ သားတော်ဖြစ်သော
အဇာတသတ်မင်းသားလေးကား ငယ်လည်း ငယ်သေးသည်
ထိုမင်းသားကို ငါ့အား ဆရာပြု၍ ကိုးကွယ်စေရသော် များစွာသော လာဘသက္ကာရ ဖြစ်လတ္တံ့
ထို လာဘသက္ကာရကိုမှီ၍ ပရိသတ်လေးပါးတို့ ပြန့်ပွားစည်ပင်စွာဖြစ်မည်” ဟုတွေးလေတော့သည်

( စစဉ်းစားကတည်းက အခွင့်အာဏာရှိသော ရှင်ဘုရင်တွေကို စပြီး စဉ်းစားခြင်းဖြစ်သည်
ရှင်ဒေဝဒတ်အတွေးကမှားတော့မမှား
လူ့သဘော လူ့မနောကိုတော့ အတော်ကျွမ်းကျင်သူ ဆိုတာ သူရဲ့တွေးပုံတွေက ပြနေသည်ပင် )

နေရာတိုင်းတွင်အုပ်ချုပ်စီမံရေးကို
ကိုင်ထားသူများကို ပိုင်လျှင် ကျန်တာတွေ
လွယ်သွားတယ်ဆိုတာ
သူကောင်းကောင်း သိသည်
ဒါကြောင့် စစဉ်းစားကတည်းက အုပ်ချုပ်ရေး အာဏာပိုင်သော ဘုရင်တွေကို
စစဉ်းစားခြင်းဖြစ်သည်ပင်
အုပ်ချုပ်ရေးကို ကိုင်ထားသော ဘုရင်ကိုပိုင်လျှင်
ခေါင်ထိအကုန်ဟူသော အတွေးအခေါ်ပင်ဖြစ်သည်

လူ့သဘာဝကလည်း အာဏာရှိသူ
လုပ်ပိုင်ခွင့်တစုံတရာရှိသူတွေက တခုခုလုပ်လျှင်
သူ့နောက်လိုက်အသိုင်းအဝိုင်းသူ့အာဏာ
မကင်းသူတွေက ကြောက်လို့တကြောင်း
မျက်နှာလုပ်ချင်လို့ကတကြောင်းနဲ့
လိုက်လုပ်ကြသည်သာမဟုတ်ပါလား
မထောက်ခံချင်ရင်တောင် ကန့်ကွက်ဖို့
သတ္တိမရှိတော့တာလူတွေဖြစ်လေသည်

အဇာတသတ်မင်းသားလေးက အိမ်ရှေ့မင်းသား နောက်တက်မည့်ဘုရင်
သူကကိုးကွယ်ပြီး ရှင်ဒေဝဒတ်ဝါဒတွေကို
ထောက်ခံသော သဘောပြောလိုက်သည်နှင့်
သူ့အာဏာစက် အောက်မှာ နေရသူတွေက
မျက်နှာရချင်တာကတကြောင်း
ရာဇဝတ်သင့်မှာကြောက်တာကတကြောင်း
တို့ကြောင့် ထောက်ခံရတော့မည်သာ

အဲဒီတော့ ရှင်ဒေဝဒတ်က ရာဇဂြိုဟ်ပြည်၏ နောက်တက်မည့် မင်းလောင်းကလေးအား
စည်းရုံးသိမ်းသွင်းရန် ကောသမ္ဗီပြည်မှ ရာဇဂြိုဟ်ပြည်သို့ သူရထားသော ဈာန်တန်ခိုးများဖြင့် လာခဲ့ပါတော့တယ်
( ပစ်မှတ်ရွေးချယ်မှုကို ဆင်ခြင်ရန်)

ရာဇဂြိုဟ်ပြည်နားရောက်တော့ ရဟန်းအသွင်ကို ပယ် အသက်၁၆နှစ်ခန့် သူငယ်အသွင်ကို ဖန်ဆင်းပြီး လက်နှစ်ဖက်ခြေနှစ်ဖက်စီမှာ မြွေတကောင်စီ လေးကောင် လည်ပင်းမှာ မြွေတကောင်ပတ်ပြီး အခြားမြွေတကောင်ကို ခေါင်းပေါ်မှာ ပတ်ပြီး မြွေခြောက်ကောင်ကို အမြီးချင်း ယှက်ထိုးလို့
သူ့ကိုယ်သူမြွေတွေနဲ့ တန်ဆာဆင်လိုက်ပါတယ်

နောက်တော့မှ ကောင်းကင်ခရီးနဲ့ ပျံလာပြီး အဇာတသတ်မင်းသားလေးရဲ့ အိပ်နေတဲ့နားမှာ ထိုင်လိုက်ပါတော့တယ်
ဒီတော့အဇာတသတ် မင်းသားလေးက လန့်ပြီး အော်တာပေါ့အဲဒီတော့မှ ရှင်ဒေဝဒတ်က မင်းသား ကြောက်သလောပေါ့
အဲဒီတော့မှ အဇာတသတ် မင်းသားလေးက “သင်ဘယ်သူလဲ လူလော နတ်လော နဂါးလော” လို့မေးတော့မှ ရှင်ဒေဝဒတ်က “မကြောက်ပါနဲ့ မင်းသား
ငါကား ရှင်ဒေဝဒတ်တည်း
တန်ခိုးစွမ်းအင်ကို သိစေလို၍ ပြသပါသည်ပေါ့” အဲဒီတော့မှ အဇာတသတ် မင်းသားလေးက ရှင်ဒေဝဒတ်ဆိုရင် ရဟန်းအသွင်ကို ပြပါလို့ ပြောတော့မှ သူငယ်အသွင်ကို ပယ်ပြီး ပရိက္ခရာရှစ်ပါးနဲ့ ရဟန်းအသွင်ကို ပြလိုက်ပါတော့တယ်

လူလူချင်း မိတ်ဆက်တဲ့ နေရာမှာ ကိုယ်ပိုင်တဲ့ အာဏာပါဝါကို ပြပြီး မိတ်ဆက်ရင် တဘက်သားရဲ့ အထင်ကြီးမှုကို အလွယ်ရတယ်ဆိုတဲ့ အလွန်ရိုးလှတဲ့ နည်းလမ်းကြီးကို အသုံးချခဲ့တာပါပဲ
သူက ဒီလို လာမိတ်မဆက်ပဲ ရိုးရိုးသားသား ကောသမ္ဗီကနေ ကြွလာပြီး အဇာတသတ်မင်းသား နန်းတော်ထဲဝင် “ကျွန်ုပ်နာမည် ဒေဝဒတ်ပါလို့ပြောပြီး မိတ်ဆက်ရင် စစချင်း ဟိတ်ဟန်ကောင်းမှာမဟုတ်ပါဘူး"

ထူးခြားတာက ရှင်ဒေဝဒတ်ရဲ့ အပြုအမူတွေဟာ ဒီနေ့ခေတ်လူတွေ အထိ လုပ်နေဆဲ ပြောနေဆဲ အပြုအမူတွေ ဆိုတာပါပဲ

သူပိုင်ဆိုင်တဲ့ သူ့ရဲ့ တန်ခိုးတွေဆိုတာ သူ့ရဲ့ ပိုင်ဆိုင်မှုတွေပါ
သူ့လို ရှိသူလည်းရှိ မရှိသူလည်းရှိကြပါတယ်
အဲဒါကို အဲဒီအချိန်မှာ မြတ်စွာဘုရားကလည်း ချစ်သားတို့ ဒီတန်ခိုးတွေကို ထုတ်မပြကြနဲ့လို့ သိက္ခာပုဒ် ပညတ်ပြီးသားဖြစ်ပါတယ်
ပညတ်ထားပြီးသားကိုမှ အသုံးချတာအကြောင်းရှိပါတယ်
ဘယ်သူမှ တန်ခိုးမပြရတော့ ဘယ်သူကမှ တန်ခိုးမမြင်ဘူးကြဘူးပေါ့

ရဟန်းအသွင်ကို ပြန်ယူတော့မှ အဇာတသတ်မင်းသားလေးက စဉ်းစားပါတယ်
အထင်လဲ ကြီးသွားပြီဆိုရမှာပါ
ရာဇဂြိုဟ်ပြည်ရဲ့ မင်းလောင်း ကလေးကပေါ့

သူက ဒီလို စဉ်းစားတယ်

“ရှင်ဒေဝဒတ်ကား ကြီးမားသော တန်ခိုးအာနုဘော် ရှိသည်
နာနာဘာဝ ရူပကာယ ကိုလည်း ပြခြင်းငှာစွမ်းနိုင်သည်
ခမည်းတော် ကိုးကွယ်သော ဘုရားသော်မှ ဤကဲ့သို့ မပြနိုင်” ဟု ဖြစ်ပါတယ်
( ပညတ်ချက်ကို အသုံးချခြင်းရဲ့အကျိုး
ကို တွေ့ရပါပြီ )

ဘုရားရှင်နဲ့ ရဟန္တာတွေကပညတ်ထားလို့မပြကြတာ သူမသိရှာဘူး

(ဒီစကားကို ထောက်တာနဲ့ အဇာတသတ် မင်းသားလေးဟာ ဘုရားရှင်ကို ကောင်းကောင်း မြင်ဖူးတွေ့ဖူးကြောင်း သိသာပါတယ်
ဗိမ္မိသာရမင်းကြီးကလည်း ကျောင်းတော်ကို ခေါ်သွားပုံရတယ်
ဒါပေမယ့် သူကိုယ်တိုင်က ဘုရားရှင် အနားကိုလာပြီး တရားနာတာတွေ ဘာတွေ လုပ်ခဲ့ပုံ မရဘူး

အဲဒီလို ဘုရားရှင်က သူ့ကို တန်ခိုးမပြခဲ့တော့လည်း သူ့စိတ်ထဲမှာ စဉ်းစားကောင်း စဉ်းစားနိုင်ပါတယ်
ဘာလို့လည်း ဆိုတော့ ဒီလိုစဉ်းစားခဲ့တာလည်း သူ့စကားမှာ ပေါ်တယ်
ခမည်းတော် ကိုးကွယ်တဲ့ ဂေါတမဗုဒ္ဓဆိုတဲ့ ဘုရားရှင်လည်း လမ်းပဲလျှောက်ရတာပဲဆိုတဲ့အတွေးကလည်းပါနေပါတယ်

အဇာတသတ် မင်းသားလေးမှာ ငယ်စဉ်ကတည်းကပင် ထူးဆန်းသော စိတ်ထားရှိသူဟု ဆိုနိုင်သည်ဇောတိက သူဌေးကြီး၏ အိမ်တက်မင်္ဂလာသို့
ဗိမ္မိသာရမင်းကြီး သွားသောအခါ မင်းကြီးကလည်း သားတော်လေးကို လက်ဆွဲပြီး သွားပါတယ်
ထိုစဉ်က မင်းသားလေးမှာ ရ နှစ်သား အရွယ်သာ ရှိပါသေးတယ်တဲ့

ဇောတိက သူဌေးကြီး၏ စည်းစိမ်တွေကို မြင်ပြီး သူက ဒီလိုတွေးခဲ့တယ်
“ငါ၏ ဖခင်မင်းကြီးသည် အလွန်မိုက်လေစွတကားမိမိ၏ ကျေးကျွန်ဖြစ်သော သူဌေးသည်
ရတနာခုနှစ်ပါး အတိပြီးသော ပြသာဒ်ဖြင့်နေလျက် မိမိမှာ သစ်သားဖြင့် ပြီးသော နန်းတော်မှာ နေရှာသည်
ငါသာ မင်းဖြစ်လျှင် ဤဇောတိကကို သတ်ပြီး ပြသာဒ်ကို ယူမယ်” လို့ကြံတယ်တဲ့

သိမ်းမယ်ကြံတာပေါ့လေ

အဲဒါနဲ့ အဇာတသတ် မင်းသားလေးဟာ
ရှင်ဒေဝဒတ်ကို ဆရာတင်ပြီး ရထားငါးရာနဲ့
နံနက်ခင်း ညနေခင်း အချိန်မှန်မှန် သွားရောက် ဆည်းကပ်ပါသတဲ့
နေ့တိုင်း ဆွမ်းအိုးငါးရာကိုလည်း လှူပါလေရော
ဆွမ်းအိုးတအိုး တအိုးဟာ လူဆယ်ယောက်လောက် စားလို့လောက်ပါသတဲ့
မင်းချင်းတို့ကလည်း အသီးသီး ချီးမြှောက်ပူဇော်ကြလေသည်ပေါ့

(ရှင်ဒေဝဒတ် တွက်သလိုပဲ ဖြစ်လာပါတယ်
အဇာတသတ်မင်းသားက ကိုးကွယ်မှတော့ သူ့နောက်က အမှူထမ်းရတဲ့ မင်းချင်း မင်းမှုထမ်းတွေပါ အလိုလို ကိုးကွယ်ရတာကိုး
စိတ်ပါတာလဲရှိ မင်းသားကို ဖားချင်တာလဲ ရှိမှာပေါ့ပဒေသရာဇ်ခေတ်က အဇာတသတ်လို စိတ်ခက်ထန်တဲ့ မင်းသားက ဒီဝါဒကို ယုံကြည်ပါတယ်လို့ ပြောမှတော့ ဘယ်သူကမှလည်း သူ့ကိုဆန့်ကျင်ပြီး လုပ်ဝံ့တော့မှာလဲ
သူ့နောက်လိုက်ရတာပေါ့
မင်းသားက အတင်းအကျပ် ကိုးကွယ်ခိုင်းတာလည်း ရှိနိုင်တာပေါ့လေ

ဂျစ်ကန်ကန် လုပ်ချင်တဲ့ အမတ်တွေ ဆိုရင်တော့ မင်းသားက ခပ်တည်တည်နဲ့ “ကျုပ်ဆီမှာ အမှုထမ်းရင် ကျုပ်ထုတ့်တဲ့ စည်းကမ်းကို လိုက်နာရမယ်
ဒါအဇာတသတ်ရဲ့ အမိန့်

အဲဒီလို လာဘ်ပူဇော်သက္ကာတွေကို ရတဲ့အထိ အရှင်ဒေဝဒတ် ဘာမှမဖြစ်သေးပါဘူး
အဲဒီမှာ သူဖြစ်လာတာက

ငါဘုရားရှင်ကို သတ်ပြီး သံဃာတွေကို သင်းခွဲမယ်လို့ စဉ်းစားလိုက်တာနဲ့ သူ့ရဲ့ လောကီဈာန်တန်ခိုးတွေ ပျောက်သွားပါတော့တယ်
အဲဒါကို ရှင်မဟာမောဂ္ဂလ္လာန်မထေရ်ရဲ့
အလုပ်အကျွေးဖြစ်တဲ့ နတ်သားက ရှင်မောဂ္ဂလ္လာန် မထေရ်ထံ လာပြီး လျှောက်ပါတယ်
ဒါနဲ့ မထေရ်ကြီးက ဘုရားကို လျှောက်တော့ မြတ်စွာဘုရားက “ချစ်သား နတ်လျှောက်တိုင်း မှန်သည်သာတည်း
သင်ချစ်သားကော အဘိညာဉ်တန်ခိုးဖြင့် သိသလောလို့ မေးတော့ မထေရ်မြတ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား တပည့်တော်လည်း အဘိညာဉ်၏ တန်ခိုးဖြင့် သိပါသည်လို့” လျှောက်တယ်တဲ့

အဲဒါနဲ့ မြတ်စွာဘုရားရှင်က “ချစ်သား မောဂ္ဂလ္လာန် ဤစကားကို စောင့်စည်းလော့
ဤစကားကို စောင့်စည်းလော့
ထို ဒေဝဒတ်သည် မိမိကိုယ်ကို ကိုယ်တိုင်ပင် ထင်စွာပြုလိမ့်မည်” လို့ ပြန်မိန့်တော်မူပါတယ်

ဆိုလိုတာက ရှင်ဒေဝဒတ် ဒီလို တန်ခိုးအစွမ်းတွေ ကင်းမဲ့သွားတာကို ကိုယ်ကတော့ ထုတ်မပြောဖို့နဲ့ နောက်ပိုင်း တဖြည်းဖြည်းသူ့ဘာသာသူ သိသာလာလိမ့်မယ်ပေါ့
မြတ်စွာဘုရားဟာ ဒေဝဒတ်တန်ခိုးပျောက်တာကို
သူ့ဘာသာသူသိပေ့စေ ထုတ်မပြောမိစေနဲ့ ဆိုတဲ့ဆုံးမမှုဟာ မကြာခင်သူ့ဘာသူရော ပရိသတ်ကပါသိတော့မယ့်ဟာကို ကိုယ်ကထုတ်ပြောမိရင် ဝါဒဖြန့်ရာကျမယ့်အရေးကို ရှောင်ရှားစေခြင်းပါပဲ

နောက်တော့ မြတ်စွာဘုရားရှင်ဟာ
ကောသမ္ဗီပြည်ကနေ ရာဇဂြိုဟ်ပြည်ကို ကြွလာတော့ ရဟန်းတော်တွေက “ဘုန်းတော်ကြီးသော မြတ်စွာဘုရား ယခုအခါ အဇာတသတ် မင်းသားသည် ရှင်ဒေဝဒတ်ထံသို့ ရထားငါးရာဖြင့် နေ့တိုင်း ဆည်းကပ်ပါသည်
ဆွမ်းချက်အိုး ငါးရာ(ဆွမ်းအုပ်ငါးရာ) တို့ကိုလည်း နေ့စဉ်ပို့ပါ၏” လို့လျှောက်ကြပါတယ်

မြတ်စွာဘုရားရှင်ကလည်း “ငါ၏ ချစ်သား ရဟန်းများတို့ ဤမျှလောက်သော လာဘ်ပူဇော်သက္ကာတို့ များလာသည်ကား ဒေဝဒတ်အား ကောင်းကျိုးစီးပွား များစေခြင်းဌာ ဖြစ်လာသည်မဟုတ်
ဆုတ်ယုတ်ခြင်း ဖြစ်ရန်အတွက်သာတည်း
ဥဏ်အမြင်နည်းသော ပုဂ္ဂိုလ်တို့ထံ ရောက်သော လာဘ်ပူဇော်သက္ကာသည် မွန်မြတ်သော အကျင့်သီလကို ဖျက်ဆီးခြင်းငှာ တရားဆုတ်ယုတ်ခြင်းငှာအကုသိုလ်ပွားများစေရန် အတွက်သာဖြစ်၏”
လို့ရဟန်းတွေကို လာဘ်များတိုင်း အားမကျဖို့ မိန့်ကြားပါသတဲ့
( လာဘ်အရများလာလေ အန္တရာယ်နီးလာလေ ဟူ၍ဆင်ခြင်ရန်)

ဒီနောက်တော့ ရှင်ဒေဝဒတ်က ဘုရားရှင်ထံ လာပြီး “ဘုန်းတော်ကြီးသော မြတ်စွာဘုရား
ကိုယ်တော်ကား အသက်ကြီးပါပြီ
မျက်မှောက်ချမ်းသာ ခံစားကာဖြင့် ကြောင့်ကြမဲ့ စံနေတော်မူပါ
ဘိက္ခူ ဘိက္ခူနီ ဥပါသကာ ဥပါသိကာမဖြစ်သော တပည့် ဒကာ ဒကာမ သာဝက အပေါင်းတို့အား ကျွန်ုပ်ကို လွှဲထား အပ်နှင်းတော်မူပါ” လို့လျှောက်ပါတယ်
တရားဝင် ဘုရားရာထူး လွှဲပေးရန် တောင်းခြင်းပါ

မြတ်စွာဘုရားကလည်း “ချစ်သား ဒေဝဒတ် ဤအခွင့်ကား မသင့်ချေသေး
သင်၏ ကိုယ်ရေးကိုသာ အားထုတ်ဦးလော့ (ရဟန်းတရားကို ရဟန်းကိစ္စပြီးအောင် အားထုတ်ရန်) ဤကိစ္စကို သင်အလိုမရှိနှင့်” ဆိုပြီး ပယ်တော်မူပါတယ်
( mind on your own business )

(ပြောချင်တာက ဘုရားရှင်တောင် ရှင်ဒေဝဒတ်ကို သူ့ရဲ့ ကိုယ်ရေး အဓိကအလုပ်ဖြစ်တဲ့ ရဟန်းတရားကိုပဲ အားထုတ်ဖို့ပြောပါတယ်
ခေတ်စကားနဲ့ ပြောရရင် သူ့ရဲ့ professional(အဓိကအလုပ်) ကိုလုပ်ခိုင်းတာပဲ
ဘာလို့လဲဆိုတော့ ရှင်ဒေဝဒတ်က ပါစင်နယ်တွေကို ပရော်ဖက်ရှင်နယ်နဲ့ ရောထွေးနေတာကိုတွေ့ရပါလိမ့်မယ် )

ရှင်ဒေဝဒတ်ကလည်း သုံးကြိမ်တိုင်အောင် တားတဲ့ကြားကပဲ ထပ်လျှောက်ပါတယ်
အဲဒီတော့မှ ဘုရားရှင်က ပြောမှဟောမှ
ရမှာဖြစ်လို့
“ ချစ်သား ဒေဝဒတ် အယုတ် အလတ် အမြတ်အားဖြင့် သုံးပါးရှိကုန်သော သတ္တဝါတို့သည် ငါဘုရားကို ရည်မှန်း၍ ရဟန်းပြုသည်သာ ဖြစ်ရကား သူတပါးအား လွှဲထားခြင်းဌာ မသင့်
သာရိပုတ္တရာ မောဂ္ဂလ္လာန် တို့လို သာဝကသံဃာကို တောင် ငါဘုရား မအပ်သေး
သူတထူး ပစ်ထွေးသော တံထွေးနှင့်တူသည့်
ပစ္စည်းများကို စားသုံးသော(မစင်ကြယ်သော ပစ္စည်းများကို စားသုံးသူ) သင့်အား အများသံဃာကို အဘယ်ကြောင့် လွှဲအပ်ရမည်နည်း” လို့မိန့်ကြားပါတယ်
( ဆိုရေးရှိက ဆိုအပ်စွာဟု ဆင်ခြင်ရန် နှင့်
စကားခြောက်ခွန်း အနက် လေးခွန်းကိုပယ် နှစ်ခွန်းကိုသာပြောရန်ဟူသော အဆုံးအမနှင့်တိုက်ဆိုင်ဆင်ခြင်ရန်
ကောင်းပေသည် )

အဲဒီအချိန်က စပြီး ရှင်ဒေဝဒတ်ဟာ ပိုပြီး ဆိုးလာပါတယ်
အဲဒီနောက်တော့ အဇာတသတ် မင်းသားအိမ်သွားပြီး မင်းသားကို ဘယ်လို ဆုံးမဩဝါဒ ပေးသလဲဆိုတော့ “ရှေးသောအခါ လူများသည် အသက်ရှည်ကြ၏
ယခုအခါ အသက်တိုကြ၏
မင်းသား၏ ခမည်းတော်သည် အသက်အရွယ် နုနယ်ပျိုမြစ်သေး၏
ဖခမည်းတော် ကံကုန်မှ မင်းလုပ်ရလျှင် အိုမင်းရင့်ရော်သောအခါမှ မင်းဖြစ်လိမ့်မည်
အိုမှ ဘုရင်ဖြစ်ရင်တော့ အရသာ မရှိတဲ့ သိုးနေတဲ့ ထမင်းတွေ မုန့်တွေကို စားရတာနဲ့ ဘာမှမထူးဘူး
ဒါကြောင့် ငယ်ငယ်ကတည်းက ဘုရင်ဖြစ်အောင် ဖခမည်းတော်ကို လုပ်ကြံပြီး နန်းတက်ပေတော့
ငါလည်း ယောက်ဖတော် ဂေါတမကို သတ်ပြီး ဘုရားလုပ်အံ့” လို့ပြောပါတယ်

(ရှင်ဒေဝဒတ် ခေါ်ပုံလေးကို တွေ့ပါလိမ့်မယ် ယောက်ဖတော် ဂေါတမကိုသတ်ပြီး ဘုရားလုပ်အံ့တဲ့
သူက ရန်သူလုပ်တော့မှာမို့
မြတ်စွာဘုရားလို့ မခေါ်တော့ပဲ နာမည်ကို ခေါ်လိုက်တာတွေ့ရပါတယ်
နောက်ပြီး သူပြောပုံကို ဗုဒ္ဓဝင်ထဲမှာ တွေ့တဲ့အတိုင်းဆိုရရင်
အဇာတသတ်မင်းသားလေးကို နောက်မှ ရောက်လာမည့် စည်းစိမ်ချမ်းသာ ဆိုတာ မသေချာဘူး
အရသာ မရှိဘူး
အခုလက်ငင်း ရအောင်လုပ်လို့ ပြောတယ်ဆိုတာရှိပါသေးတယ်
ပစ္စုပ္ပန်ဝါဒီတယောက်လို့တောင် ပြောလို့ရပါတယ်
နောက်ဘဝဆိုတာ မသေချာဘူး မင်းသား
အသက်ကြီးမှ ရမယ့်ဟာတောင် မသေချာတာ
နောင်ဘဝဆိုတာ မြင်ရလို့လား မင်းသား
ဒီဘဝမှာ လုပ်ရမယ့်ဟာကို နောက်ဘဝကို မလွှဲချနဲ့ မင်းသား စသည်အားဖြင့်ပေါ့

အဲဒါနဲ့ မင်းသားလေးလည်း ပေါင်မှာ သံလျက်ကိုဖွက်ပြီး ခမည်းတော်နေတဲ့ နန်းတော်ကို သွားတော့ အစောင့်တွေက မသင်္ကာတာနဲ့ ဖမ်းပြီးစစ်တော့ မိပါလေရော
စစ်တော့ ဘယ်သူခိုင်းတာလဲ ဆိုတော့ ရှင်ဒေဝဒတ်ပါပေါ့
အဲဒီမှာ တချို့အမတ်တွေကလည်း မင်းသားကိုရော ဆရာဒေဝဒတ်ကိုရော သတ်သင့်တယ်ပေါ့
အချို့ကတော့ မလုပ်ကြနဲ့အုံး
မင်းကြီးက သူ့သားတော် သူ့ကို လုပ်ကြံမယ်ဆိုတာ သိပြီးသားပဲ မင်းကြီးကို အရင်လျှောက်ပေါ့
ဒါနဲ့ ဗိမ္မိသာရမင်းကြီးဆီကို ရောက်တော့ သားတော် ဘာလို့ ဖခမည်းတော်ကို လုပ်ကြံချင်တာလဲ ဆိုတော့ ရွှေထီးရွှေနန်းကို လိုချင်လို့ပါဘုရား လျှောက်တော့ ထီးနန်းကို လိုချင်တာများ သားရယ် တကယ်ဆို ဒီထီးနန်းက ငါ့သားကို ပေးဖို့ပဲ ကဲယူပေတော့ဗျား ဆိုပြီး ချက်ချင်းကို ဘုရင်အဖြစ် ဘိသိက်သွန်းပါလေရော

(မင်းမြှောက်တာတောင် ရိုးရိုးမဟုတ်ဘူး
သူ့သားကို ရန်လုပ်နိုင်တဲ့ သူ့ကိုသစ္စာရှိတဲ့ မှူးမတ်တွေကိုပါ ရာထူးကနုတ်ပြီး မင်းမြှောက်တာပါ
ဒီကောင်တွေ ငါ့သား အလိမ္မာတုံးလေးကို ငါ့ကိုပဲ သစ္စာရှိမယ်ဆိုပြီး လုပ်ကြံရင် ဒုက္ခဆိုပြီးပေါ့
စပယ်ရှယ်ကို သူ့သားအတွက် လုပ်ပေးခဲ့တာပါ

“အရှင်ဘုရား ကျွန်ုပ်ကိစ္စကား ပြီးပါပြီ
အရှင်ဘုရားကိစ္စသာ ကျန်ပါတော့သည်” ပေါ့
အဲဒီတော့ ရှင်ဒေဝဒတ်က “ဘယ်လို လုပ်တာလဲ မင်းသား
မြွေပွေးမြွေဟောက်ကို ခါးပိုက်ပိုက် ထားသလို ပါပဲလား
သင့်ခမည်းတော်က သက်သက် ဟန်ဆောင်နေတာနောက် နည်းနည်းကြာတာနဲ့ သူနန်းပြန်တက်မှာရန်ကြွင်းရန်စကို မထားကောင်းဘူးပေါ့

ဒါနဲ့ မင်းသားလည်း ခမည်တော်ကို ဓားနဲ့တော့ မသတ်သင့်ဘူး မဟုတ်လားလို့ ပြောတော့ ရှင်ဒေဝဒတ်က ထောင်ထဲမှာ ထားပြီး အစာအာဟာရ ဖြတ်ပြီး သူ့ဘာသာသူ သေရင် အပြစ်မရှိလို့ ပြောပါလေရော

ဒါနဲ့ မင်းသားလည်း ခမည်းတော်ကို ထောင်သွင်း အကျဉ်းချပြီး အစာရေစာ ဖြတ်ပါလေရော
အစတုန်းကတော့ မယ်တော် ဝေဒေဟီ မိဖုရားကြီးက နည်းအမျိုးနဲ့ ယူပြီးပို့တယ်
နောက်တော့ မယ်တော်ပါ မဝင်ရဘူးဆိုတော့ ဗိမ္မိသာရမင်းကြီးက သောတာပန်ဆိုတော့ သူရထားတဲ့ တရားကို ဆင်ခြင်ရင်း စင်္ကြကြွပြီးနေတော့ အသားအရေတွေက ရှေးကထက်တောင် စိုပြေလာသတဲ့
ဒါနဲ့ အဇာတသတ်မင်းကြီးက ခမည်တော် နတ်ရွာစံပြီလား မေးတော့ မစံသေးဘူး
အသားအရေတွေက ဟိုတုန်းကထက်တောင် စိုပြေနေသလိုပဲလို့ လျှောက်တော့ ဘာအာဟာရကြောင့်လဲလို့ မေးတော့ စင်္ကြကြွနေတာကြောင့် ဖြစ်မယ်လို့ ပြောတာနဲ့ ခြေဖဝါးကို ဓားခွဲပြီး မီးကင်ခိုင်းတော့တာပဲ
ဒါကတော့ အားလုံးသိတဲ့အတိုင်းပဲ
အဲဒါနဲ့ မင်းကြီးလည်း နတ်ရွာစံတော့ စတုမဟာရာဇ်နတ်ပြည်မှာ ဇနဝသဘဆိုတဲ့ နတ်သား သွားဖြစ်သတဲ့

အဲဒီမှာ ရှင်ဒေဝဒတ်လည်း ဘုရားရှင်ကို သတ်ဖို့ကြံစည်တယ်
ပထမဆုံး လေးသမားတွေ လွှတ်ပြီး ဘုရားရှင်ရှိတဲ့ နေရာကိုသွားပြီး ပစ်ခိုင်းတယ်မအောင်မြင်ဘူး
ပစ်လိုက်တဲ့ မြှားတွေ ပျောက်ကုန်လို့
အဲဒါနဲ့ တောင်ပေါ်မှာ ကျောက်မောင်းကြီးဆင်ပြီး လှိမ့်ချတယ်ဒါလဲ မအောင်မြင်ဘူး
ကျောက်တုံးကြီးက ကျလာတော့ မြတ်စွာဘုရားရှင်နားလဲ ရောက်ရော ကျောက်တုံးကြီးနှစ်ခုက မြေကြီးကထွက်ပြီး ခံလိုက်လို့
ကျောက်တုံးချင်း တိုက်မိလို့ ကျောက်ချပ်တခုကွာပြီး ဘုရားရှင် ခြေမတော်ပေါ်ကျတာ ခြေမတော် ဖြန်းဖြန်းကွဲပါလေရော
အဲဒီမှာတင် အရှင်ဒေဝဒတ်လဲ အဝီစိငရဲသွားဖို့ တခါတည်း ပါမစ်ရသွားတော့တာပဲ
နောက်တော့ နာဠာဂီရိဆင်နဲ့ တိုက်တယ်
ဒါလဲ မရဘူးဒါတွေကတော့ အားလုံး သိပြီးသားပါ
အဲဒီလို ဘုရားရှင်ကို လုပ်ကြံပြီးမှ ရှင်ဒေဝဒတ်က သံဃာကို သင်းခွဲဖို့ ဘုရားရှင်ရှိရာကို တခါပြန်လာသေးတယ်
အဲဒီမှာ အချက်ငါးချက်ကို တောင်းတယ်
တခုမှ ဘုရားရှင်က ခွင့်ပြုတော် မမူဘူး
ပထမလေးချက်ကတော့ သိပ်ကောင်းလို့ မြတ်စွာဘုရားရှင်က ဓုတင်အကျင့် အနေနဲ့ ခွင့်ပြုခဲ့တယ်
ဆိုလိုတာက လုပ်နိုင်သူတွေ လုပ်ဖို့နဲ့ မလုပ်မနေရ စည်းကမ်းအဖြစ် မသတ်မှတ်ထားလို့ပဲ
အဲဒီ အကျင့်တွေက ကောင်းပေမယ့် ပြင်းထန်လွန်းလို့ အများစု မလုပ်နိုင်ဘူး
အများစု မလုပ်နိုင်အောင် ကောင်းတဲ့ အချက်က ကောင်းကျိုးထက် ဆိုးကျိုးပေးနိုင်လို့ပဲ
အမှန်တော့ ရှင်ဒေဝဒတ်ကလည်း ဒါတွေကို လိုချင်တာ မဟုတ်ပါ
ဒါတွေကို ပြောပြီး ရန်တိုက်ပေးဖို့နဲ့ သင်းခွဲဖို့ ရောက်လာတာပါ
(အဲဒီမှာတင် ဘုရားငြင်းလိုက်တာနဲ့ ရှင်ဒေဝဒတ်က သံဃာငယ်တွေဆီသွားပြီး မြတ်စွာဘုရားရှင်က ဒီအကျင့်ကောင်းတွေကို ခွင့်မပြုဘူးဆိုပြီး သင်းခွဲတော့တာပဲ
မျက်စိဖွင့်ပြီး လေ့လာကြပါတို့ ဘာတို့ကလည်း ပါမှာပေါ့လေ
ဝေသာလီပြည်သား သံဃာငါးရာကို ဖျားယောင်းပြီး သင်းခွဲသွားတယ်)

#########xx

ရှင်ဒေဝဒတ်သည် သူဖျားယောင်း သွေးဆောင်လာသော ရဟန်းငါးရာတို့နှင့်အတူ ငါးပါးသောကျင့်ဝတ်ကို ဆောက်တည်သောကာလဖြစ်သည်
ရာဇဂြိုဟ်ပြည်မှဂယာသီသသို့ ထွက်လာသည်မှာ နှစ်လခန့် ရှိပြီသံဃာငယ်တို့သည် အကျင့်ငါးပါးကို မခံနိုင်တော့သဖြင့် လူထွက်ရန် စဉ်းစားနေကြပြီ
ဇေတဝန်ကျောင်းတော်မှ မြတ်စွာဘုရားရှင်သည် ထိုအကြောင်းကို မြင်သဖြင့် အဂ္ဂသာဝက နှစ်ပါးကို ခေါ်ပြီး မလိမ္မာသော အပေါင်းအသင်းကို ရသဖြင့် ပျက်စီးရှာတော့မည့် သံဃာငယ်တို့အား လိုက်ပြီး ခေါ်ကြ ချစ်သားတို့ဟု စေတော်မူသည်

အဂ္ဂသာဝက နှစ်ပါးလည်း မြတ်စွာဘုရားရှင်၏ အမိန့်တော်အတိုင်း ဂယာသီသသို့ လာကြလေသည်
အဂ္ဂသာဝက နှစ်ပါးကိုမြင်လျှင် မိမိအနီးရှိသော ကောကာလိကကို ဤသို့ပြောကြား၏
"ကောကာလိက ယောက်ဖတော် ဂေါတမ၏ သာဝကကြီးတို့သည် ငါထံသို့ လာကြပြီ
ငါ၏ တရားကို သူတို့နှစ်သက်၏"တဲ့

ကောကာလိကလည်း ပြန်ပြောပါတယ် “ဆရာ သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့ကို လက်မခံနှင့် သူတို့သည် မယုံရပေ" လို့ပြောသတဲ့

ရှင်ဒေဝဒတ်ကလည်း မလျော့
"ကောကာလိက ရှေးတုန်းကဆိုလျှင် ဟုတ်ပါလိမ့်မည်။ အခုတော့ ကောင်းသောလာခြင်းပါ"လို့ ဆိုပြီး
အဂ္ဂသာဝကနှစ်ပါးကို နေရာပေးလေပြီ

အဂ္ဂသာဝက နှစ်ပါးကမူ ရှင်ဒေဝဒတ်ပေးသော နေရာသို့ မလာကြပေ
မည်သို့မျှလည်း မပြော ဆိတ်ဆိတ်နေကြ၏
ထို့နောက်တွင် ရှင်ဒေဝဒတ်သည် “ငါ့ရှင် သာရိပုတ္တရာ ငါကား ညောင်းညာပြီသင်သာလျှင် သံဃာတို့အား တရားဟောရစ်လော့” ဆိုပြီး အိပ်လေသည်

အဂ္ဂသာဝကနှစ်ပါးလည်း မြတ်စွာဘုရား၏ တရားတော်ကို အဆန်းတကြယ် ဟောသောအခါ ရဟန်းငယ်ငါးရာ သောတာပန် တည်လေတော့သည်
ထို့နောက်တွင် အဂ္ဂသာဝကနှစ်ပါးနှင့်အတူ ကောင်းကင်မှ ရာဇဂြိုဟ်ပြည်သို့ ပြန်လိုက်လေတော့၏
ထိုအချိန်တွင် ရှင်ဒေဝဒတ်၏ နောက်လိုက်
ကောကာလိကသည် သူအိပ်နေရာသို့ သွားပြီး
“ငါ့ရှင် ဒေဝဒတ် သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့ကို အရောမဝင်နှင့်ဟု သင့်ကို ငါသတိပေးခဲ့သည် မဟုတ်လောဟု” ပြောကာ ဒေဝဒတ်၏ ရင်ဝကို ဒူးဖြင့်တိုက်ပြီး ရှင်ဒေဝဒတ်ကို နှိုးပါတော့သည်

ထိုအချိန်မှစပြီး ရှင်ဒေဝဒတ်သည် သွေးအန်သောရောဂါကို ရတော့သည်

ကိုးလတိုင်တိုင် ထိုဝေဒနာကို ခံစားရရှာသည့် ဒေဝဒတ်ကား သူ့တပည့်တို့ကို မြတ်စွာဘုရားရှင်ကို
တောင်းပန်လိုသဖြင့် ပို့ပေးကြပါဟု တောင်းပန်ရှာလေသည်
တပည့်များကလည်း နောက်ဆုံး သနားကြသဖြင့် ထမ်းစင်ပြုလုပ်ပြီး ဇေတဝန်ကျောင်းတော်သို့ လိုက်ပို့ကြရှာသည်
ရဟန်းတော်တို့က ဘုရားရှင်အား ဘုန်းတော်ကြီးသော မြတ်စွာဘုရား ရှင်ဒေဝဒတ်သည် နောင်တရကာ တောင်းပန်ကန်တော့ရန် လာနေပါပြီ ဘုရားဟု လျှောက်ထားသည့်အခါ မြတ်စွာဘုရားသည် ဒေဝဒတ်သည် ယခုဘဝတွင် ငါဘုရားကို ဖူးမြင်ခွင့် မရှိတော့ပြီဟု မိန့်ကြားတော် မူလေသည်

ထို့နောက်တွင် ရှင်ဒေဝဒတ်နှင့် သူ့တပည့်များသည် ဇေတဝန်ကျောင်းတော်၏ တံခါးဝနားသို့ ရောက်လာလေပြီ
တပည့်များလည်း ထမ်းစင်ကို ထမ်းရသဖြင့် မောကြပြီ
ရောဂါဖောက်နေသော ရှင်ဒေဝဒတ်လည်း မောလှပြီနေပူထဲမှ လာသူများ၏ ထုံးစံအတိုင်း ရေကန်ကို တွေ့သော် ထမ်းစင်ကို ခဏချပြီး တပည့်များကား ရေကန်ထဲဆင်းကာ ရေသောက် ရေချိုး ခဏအပန်းဖြေကြသည်

ထမ်းစင်ပေါ်တွင် လိုက်ပါလာသော ရှင်ဒေဝဒတ်လည်း ထမ်းစင်ပေါ်မှ ထပြီး မြေကြီးပေါ် ခြေနှစ်ဖက်ချကာ ထိုင်မိရှာလေသည်
သူလည်း ပင်ပန်းလှပြီ
သူ၏ ခြေများ မြေကြီးပေါ် ချလိုက်သည်
ဆိုသည်နှင့်ပင်ရှင်ဒေဝဒတ် ကိုမဟာပထဝီမြေကြီးကစမြို ပါတော့တယ်

###############

တကယ်တော့နောင်တရကာ ဘုရားကိုတောင်းပန်ရန်လာသည့် စိတ်ကောင်းနှလုံးကောင်း ဝင်လာချိန်မှာ
Happy ending ဖြစ်သင့်သည်မဟုတ်ပါလား

ဘုရားကလည်း တရားဟောကြားပြီးအမြိုက်ဆေးတိုက်ကျွေးကာ အေးချမ်းစေသင့်သည်ဟု
မဖြစ်သင့်ပါလားဟူ၍ မှန်းဆရန်ရှိပါတယ်

မဟာကရုဏာရှင်ဘုရားကမေတ္တာစိတ်နဲ့ ခွင့်လွှတ်သော်ငြားလည်း လောကနိယာမတရားများက
ချေဖျက်မပေးခဲ့ပါဘူး
ဒါကချေဖျက်လို့ဖျောက်ဖျက်လို့မရတဲ့အဖြစ်တွေရှိတာကို နာယူရပါမယ်

ဗုဒ္ဓဝင်လာ ရှင်ဒေဝဒတ်ရဲ့ ဖြစ်စဉ်တွေဟာ ကျွန်တော်တို့ အတွက်
လေ့လာသုံးသပ်ဆင်ခြင်စရာတွေ အများကြီး ရှိနေပါတယ် ဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့ ဒေဝဒတ်တို့ရဲ့ ဆက်နွယ်မှု
မြတ်စွာဘုရားရဲ့ ဆုံးမမှု ဟန့်တားမှု ငြင်းပယ်မှု
စတာတွေမှာ
ခွဲခြမ်းစိတ်ဖြာကြည့်စရာတွေ အများကြီးရှိပါသေးတယ်

သဒ္ဓါအားဖြင့်

Pi Lon

ဗုဒ္ဓဝင် / မြန်မာဂေဇက် ( San Hla Gyi )
ရှင်ဒေဝဒတ်ကိုမြေမြိုခြင်း

Address


Website

Alerts

Be the first to know and let us send you an email when Myanmar Beautiful Scenes - MBS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share