27/07/2024
ဆရာပါ (စာရေးဆရာကြီး ပါရဂူ) အမှတ်တရ (၂)
*******
အခုလို မိုးမှောင်ကျတဲ့နေ့တွေဆို ဆရာပါ (စာရေးဆရာကြီး ပါရဂူ)ကို အမှတ်ရမိတာလေးရှိတယ်။
အဲဒီနေ့က တနင်္ဂနွေနေ့ ...။ မဂ္ဂဇင်းတိုက် ပိတ်တဲ့နေ့မို့ စာမူတွေကို တနေကုန် စိမ်ပြေနပြေ ထိုင်ဖတ်နေမိတယ်။ ညနေစောင်းတော့ ဆရာပါဆီ စာမူသွားယူဖို့ရှိတာကို သတိရတာနဲ့ (ပါပါ-တာတာ-ရာရာဂိုဏ်းနဲ့ ဂျက်-လွဏ်းဆွေဂိုဏ်း ဆိုပြီး ဆရာကိုတာ စာတပုဒ်ရေးခဲ့သလို ၉၈၊ ၉၉ ခုနှစ်တွေမှာ ဆရာပါရဂူ၊ ဆရာကိုတာ၊ ရာပြည့်ဦးစိုးညွန့်၊ ဆရာမောင်သာချို/ဂျက်ကွမ်းခြံကုန်းနဲ့ ကျနော်တို့ မကြာမကြာ ဆုံဖြစ်ကြပေမယ့် အဲဒီနောက်ပိုင်း ဆရာပါနဲ့ မဆုံဖြစ်တာလည်းကြာ၊ စကားစမြည်လည်း ပြောချင်တာနဲ့) တက္ကစီငှားစီးပြီး ထွက်လာခဲ့တယ်။ ဆရာပါက ရုံးဖွင့်ရက်တွေမှာ စာမူလာယူဖို့ ရက်ချိန်းပေးရင်တော့ မြားနတ်မောင်အဖွဲ့သား ကိုကိုအောင် စာပေစိစစ်ရေးရုံးသွားရင်း ဝင်ယူတာများတယ်။
ဆရာပါ နေတဲ့လမ်းက စာပေစိစစ်ရေးရုံးရှိတဲ့ ဗဟန်း ဝင်္ကပါလမ်းမှာ ထောင့်မှန်ကျကျ ဆုံးတဲ့ ငါးထပ်ကြီးဘုရားလမ်း ...။ စာပေစိစစ်ရေးရုံးကို ကျော်ပြီး ဝင်္ကပါလမ်းကနေ ငါးထပ်ကြီးဘုရားလမ်းထဲ ညာချိုးလိုက်တာနဲ့ ထောင့်ခြံအကျော် ဘယ်ဘက်ခြမ်းမှာ ဆရာပါ နေတဲ့ တထပ်အိမ်ကလေးကို တွေ့ပါမယ်။
ကျနော် ရောက်သွားတဲ့အချိန်က မိုးချုပ်ခါနီး မိုးမှောင်ကျနေချိန် ...။ ကျနော် ဝင်လာတာကို မြင်တဲ့ (အိမ်ရှေ့ခန်း စားပွဲရှည်နား ခြံဝဘက်လှည့်ထိုင်နေတဲ့) ဆရာပါက "သြ ... ဒီတခါ ခင်ဗျားကိုယ်တိုင် ပေါက်ချလာတာကိုး" လို့ ပြုံးပြီးနှုတ်ဆက်တယ်။
ကျနော်က "ဟုတ်တယ်ဆရာ၊ ဒီနေ့ ပိတ်ရက်မို့ ဆရာနဲ့လည်း မတွေ့တာကြာလို့ ကိုယ်တိုင်လာခဲ့တာ၊ ဆရာ နေကောင်းတယ်နော်" လို့ ပြန်နှုတ်ဆက်ရင်း ဆရာပါ့အနီး မျက်စောင်းထိုးလေးက ကြိမ်ကုလားထိုင်မှာ ဝင်ထိုင်ရုံရှိသေး မိုးက တဝေါဝေါနဲ့ သဲသဲမဲမဲ ရွာပါလေရော ...။
မိုးနဲ့အပြိုင် အမှောင်ထုပါ ကျရောက်လာပြီး မီးပျက်နေတာနဲ့ ဆရာပါက စာရေးစားပွဲပေါ်က ဖယောင်းတိုင်အကြီးတတိုင်ကို မီးညှိလိုက်တယ်။
ပြီးတာနဲ့ ထိုင်ရာက ထပြီး "ခင်ဗျား ထိုင်နေဦး၊ ခင်ဗျား လာတယ်ဆိုတော့ ..." လို့ တဝက်တပျက်ပြောကာ မှောင်မဲနေတဲ့ အိမ်ထဲကို ဓာတ်မီးလေးထိုးပြီး ဆရာပါ ဖြေးဖြေးလေးလေး လျှောက်ဝင်သွားတယ်။ ၁၀ မိနစ်လောက်ကြာတော့ ထီးရှည်ကြီးတချောင်းကိုင်ပြီး ဆရာပါ ပြန်ထွက်လာတယ်။
ကျနော် ဆရာပါ့ကို ကြောင်အမ်းအမ်းနဲ့ ငေးကြည့်နေရင်း "ဟာ ဆရာ ဘယ်သွားမလို့လဲ" လို့ လွှတ်ခနဲ မေးလိုက်မိတယ်။
ဆရာပါက "ခင်ဗျား ထိုင်နေပါ" လို့ ရယ်ပြုံးပြုံး ပြောရင်း ဓာတ်မီးလေးတဖက်နဲ့ ထီးဖွင့်မလို့ပြင်နေတယ်။
ကျနော် ထိုင်နေရာက ဖင်တချက်ကြွပြီး "မိုးတွေအရမ်းရွာနေတယ်၊ မီးလည်းပျက်နေတယ်၊ ဘယ်သွားမလို့လဲဆရာ၊ ကျနော် သွားပေးမယ်လေ" လို့ စိုးရိမ်တကြီး ထပ်ပြောမိတယ်။
"ခင် ဗျား ထိုင် နေ စမ်း ပါ" လို့ ဆရာပါ ခပ်တည်တည် တလုံးချင်းဖိနင်းပြီး ပြန်ပြောသံမှာ အမိန့်ပေးသံလိုလို၊ ငေါက်ငမ်းသံလိုလို စွက်နေတာနဲ့ ကျနော်လည်း အသာလေး ပြန်ထိုင်နေလိုက်ရတယ်။
ဆရာပါ ထီးရှည်ကြီး ဖွင့်ဆောင်းပြီး တဝေါဝေါမိုးသံတွေအောက်မှာ ခြံဝဆီ ခြေလှမ်းစိပ်စိပ် တရွေ့ရွေ့လျှောက်သွားတာကို ကျနော် သမင်လည်ပြန်ကြည့်နေရင်း စိုးရိမ်စိတ်တွေတဖွားဖွားဖြစ်နေမိတယ်။ အရမ်းလည်း စိတ်ပူနေမိတယ်။
ကာလအားဖြင့် ၂၀၀၀ ပြည်နှစ်တဝိုက်ဆိုတော့ အသက် ၈၀ အရွယ်ရှိနေပြီဖြစ်တဲ့ ဆရာ့ကို အိမ်ရှေ့တမံသလင်းပေါ် ချော်လဲမှာမျိုး၊ အမှောင်ထဲသွားရင်း မှောက်ရက်လဲမှာမျိုး တွေးပူပြီး ဘုရားတနေမိတယ်။ တော်သေးတယ်၊ ငါးထပ်ကြီးဘုရားလမ်းနဲ့ ဝင်္ကပါလမ်းက ကားအသွားအလာ နည်းပေလို့ ...။
နာရီဝက်လောက်အကြာမှာ အထုပ်အမည်းတထုပ် ဆွဲပြီး ဆရာပါ ပြန်ရောက်လာတယ်။ ဆရာပါ့ဆီက အထုပ်ကို ကျနော် လှမ်းယူပြီး စားပွဲပေါ်တင်ပေးလိုက်တယ်။ ဆရာပါက "ခဏထိုင်ဦး" လို့ပြောပြီး ထီးပိတ်ကာ မှောင်မဲမဲအိမ်ထဲ ဝင်သွားပြန်တယ်။
ခဏကြာမှ ဖန်ခွက် ၂ လုံးယူပြီး ပြန်ထွက်လာတယ်။ ဖန်ခွက် ၂ လုံး စားပွဲပေါ်ချအပြီးမှာ အိတ်အမည်းထဲက ဆရာပါ ဆွဲထုတ်လိုက်သည်ကား Grand Royal တပြားနဲ့ မြည်းစရာ အကြော်အလှော်နှစ်ထုပ် ...။ အဲဒါတွေမြင်မှ ငါးထပ်ကြီးဘုရားလမ်းထိပ်ကနေ ဘယ်ဘက်ကို အနည်းငယ်ချိုးရင် ရောက်တဲ့ ဝင်္ကပါလမ်းပေါ်က စတိုးဆိုင်လေးကို ဆရာပါ သွားတာပါလားလို့ သိရတော့တယ်။
ကျနော်က ဆရာပါ့ကို ကူရင်း "ဆရာရယ်၊ ကျနော့်ကို ခိုင်းလို့ရနေတဲ့ဥစ္စာ၊ ကိုယ်တိုင်သွားဝယ်ရတယ်လို့၊ မှောင်ကြီးမဲမဲ မိုးရွာကြီးထဲ ဆရာ ဘာသွားလုပ်ပါလိမ့်လို့ ကျနော့်မှာ စိတ်ပူလိုက်ရတာ" လို့ပြောတော့ ဆရာပါက "ခင်ဗျားကလည်း ကျနော် သွားနေကျပါ။ အခါတိုင်း အိမ်မှာ ဖာလိုက်ရှိတယ်ဗျ။ မရမ်းတလင်းခြံထဲကနေ မင်းသိင်္ခ ပို့ပို့ပေးတာ။ ခင်ဗျားလာတဲ့နေ့ကျမှ ကုန်နေလို့" လို့ပြောပြီး ဆရာပါ တဟဲဟဲရယ်မောရင်း ကျနော်နဲ့ ဖန်ခွက်ချင်း ထိလိုက်ကြတယ်။
အဲဒီညက မရမ်းတလင်းခြံနဲ့ စာရေးဆရာမင်းသိင်္ခအကြောင်း၊ သနွံသနော့ရွာလေးနဲ့ ဆရာပါရဲ့ ငယ်ဘဝတွေအကြောင်း၊ 'အိန္ဒိယခရီးသည်' စာအုပ်အကြောင်း၊ ဆရာဒဂုန်တာရာအကြောင်း၊ ဂျာနယ်ကျော်မမလေးအကြောင်း၊ ဆရာပါရဲ့ စာပေဖြတ်သန်းမှုတွေအကြောင်း ကျနော်က သိချင်တာမေးလိုက်၊ ဆရာပါက ရှည်ရှည်ဝေးဝေး ပြောပြလိုက်နဲ့ စကားကောင်းနေခဲ့တာ ည ၉ နာရီခွဲလောက်မှ ဆရာပါ့ကို စာမူခပေးအပ်ပြီး စာမူယူကာ ပြန်ခဲ့ရလေတယ်။
အပြန်တက္ကစီပေါ်မှာ အသက် ၈၀ အရွယ် စာရေးဆရာကြီး ပါရဂူရဲ့ ဧည့်ခံမှုအပေါ် ပြန်တွေးနေမိရင်း အသက် ၃၀ အရွယ် လူငယ်အယ်ဒီတာလေး ကျနော့်မှာ အားအနာကြီးနာနေမိတော့တယ်။
အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
၂၇ ဇူလိုင် ၂၀၂၄