Yan's Gamedia

  • Home
  • Yan's Gamedia

Yan's Gamedia Get to know update gaming news, upcoming exclusives, multiverse facts and lore knowledge all in one place. Visit our blog to explore and free roam *☭

In addition, various articles with intriguing topics are regularly published.

⛩ ပ‌ဒေသရာဇ်ခေတ်ဂျပန်ပြည်ရဲ့ အပ်ကြောင်းထပ်နေတဲ့ပုံဖော်မှုတွေကို တစ်ဝကြီးရူစားပြီး ဂျပန်ပြည်က ဂျပန်လူမျိုးတွေကို လူမည်းတစ်...
28/06/2024

⛩ ပ‌ဒေသရာဇ်ခေတ်ဂျပန်ပြည်ရဲ့ အပ်ကြောင်းထပ်နေတဲ့ပုံဖော်မှုတွေကို တစ်ဝကြီးရူစားပြီး ဂျပန်ပြည်က ဂျပန်လူမျိုးတွေကို လူမည်းတစ်ယောက်အနေနဲ့ သတ်ဖြတ်ရမယ့် Assassin’s Creed: Shadows ⛩

ကဲ ဂိမ်မာများအားလုံးကို ပေ့ချ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဧပြီလ ၂၃ ရက်နေ့မှာ ဆောင်းပါးနောက်ဆုံးတင်ခဲ့ပြီး နှစ်လတာနီးပါး အဆက်ပြတ်သွားခဲ့တဲ့အတွက် အပါတ်စဥ်စောင့်မျှော်နေကြသူများကို ဦးစွာပထမတောင်းပန်လိုက်ပါတယ်။ ဒီနှစ်လတာအတွင်း ဘာကြောင့်စာမရေးဖြစ်သလဲဆိုတော့ အဓိကကစိတ်မပါပါတာရယ်၊ ရေးသားဖန်တီးရ‌လောက်တဲ့ အကြောင်းအရာမျိုးကို အားစိုက်လေ့လာချင်စိတ်မဖြစ်တာရယ်၊ ဘာကိုစိတ်တိုင်းမကျမှန်းမသိ ဖြစ်နေရတာရယ်၊ အခြားသောအနုပညာကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာတွေရယ်ကြောင့် ဆောင်းပါးတစ်ခုကို စီစီရီရီလေး မရေးသားနိုင်ခဲ့ပါဘူး။ နောက်ပြီး vpn တွေအသုံးပြုဖို့ ပိုမိုခက်ခဲလာခြင်းကြောင့် အင်တာနက်ပေါ်တက်ဖြစ်ရင်တောင် YouTube နဲ့ reddit လောက်ကလွဲပြီး အခြားလူမှုကွန်ယက်များကို အ‌ထွေအထူးမသုံးခဲ့ပါဘူး၊ အလုပ်ရှုပ်မခံချင်တာလို့ ပြောရင်ပိုမှန်ပါလိမ့်မယ်။ ဒါပေမယ့် အခုတော့‌ပြောစရာကိစ္စတစ်ခု ရှိလာတာကတစ်ကြောင်း၊ စာရေးဖို့ စိတ်အနည်းငယ် တက်ကြွလာတာကတစ်ကြောင်း အကြောင်းကြောင်းကြောင့် ဒီစာစောင်ကိုရေးသားဖြစ်ခဲ့ပါပြီ။ ပေ့ချ်မှာ အပါတ်စဥ်ပို့စ်တင်ဖို့ကိုလည်း တတ်နိုင်သမျှကြိုးစားသွားပါ့မယ်။ ၂၀၁၉ ခုနှစ်ကတည်းကနေ အခု ၂၀၂၄ ခုနှစ်အထိပေ့ချ်ကို follow ထားပြီး တင်သမျှကိုဖတ်ရှု‌အားပေးခဲ့သူများကို ကျေးဇူးတင်မဆုံးဖြစ်ရပါတယ်။ ကဲ ဆိုတော့ကာ ခေါင်းစဥ်ကိုလည်း ဖတ်ပြီးလောက်ပြီလို့ယူဆပါတယ်။ မိုးလေးကလည်းရွာ၊ ရာသီဥတုလေးကလည်း ကိုယ့်ဘက်ပါနေတော့ ဒီဂိမ်းဆောင်းပါးလေးကို ဖတ်ပြီး အတွေးသစ်လေးတွေ တွေးကြည့်လိုက်ကြစို့ဗျာ။
တစ်ပုံချင်းစီထောက်ပြီးဖတ်ရှုပေးပါ။ ⬇️⬇️

Read it on Gamedia blog: https://gamedia-myarchive.blogspot.com/2024/06/assassins-creed-shadows.html

အနောက်တိုင်းဗီဒီယိုဂိမ်းများက ‌ဖော်​ပြကြတဲ့ ရုပ်ရည်ချောမောလှပမှုနဲ့ အရှေ့တိုင်း၊ အနောက်တိုင်း စံကွဲပြားခြားနားခြင်းများ ...
23/04/2024

အနောက်တိုင်းဗီဒီယိုဂိမ်းများက ‌ဖော်​ပြကြတဲ့ ရုပ်ရည်ချောမောလှပမှုနဲ့ အရှေ့တိုင်း၊ အနောက်တိုင်း စံကွဲပြားခြားနားခြင်းများ 👸

မြန်မာ့သက္ကရာဇ် ၁၃၈၆ နှစ်သစ်နဲ့အတူ ဂိမ်မာများကိုပေ့ချ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ သင်္ကြန်မတိုင်ခင်ကတည်းက ဆောင်းပါးများတင်ဆက်ပေးဖို့ အခွင့်အရေးမကြုံခဲ့ပဲ အခုမှသာပြန်လည်ရေးသားဖြစ်ခြင်းဖြစ်ပါတယ်။ ဖုန်းနဲ့စာရေးလေ့ရေးထမရှိတဲ့အပြင် အချက်အလက်များရှာဖွေခြင်း၊ စာစီခြင်း၊ သင့်တင့်တဲ့ဓာတ်ပုံများထည့်သွင်းခြင်းတို့အတွက် အင်တာနက်တစ်ခွင်မှာ လှန်လှောရှာဖွေရတာမို့ ကွန်ပျူတာရှေ့မှာ အချိန်တစ်ခုထိုင်မှသာလျှင် ဂိမ်းဆောင်းပါးများကို စိတ်တိုင်းကျသည်အထိ ရေးသားပြီးမြောက်တာဖြစ်ပါတယ်။ အခုပြောချင်တဲ့အကြောင်းအရာကို တင်ဆက်ပေးချင်နေတာ အတော်ကြာပြီဖြစ်ပါတယ်။ ဒီကိစ္စရပ်ဟာ အချိန်ကြာသည်နှင့်အမျှ ဂိမ်းလောကတစ်ခွင်မှာ ကြီးစိုးပြန့်နှံ့လာနေတဲ့အရာတစ်ခုဖြစ်ပြီး အနောက်တိုင်းဂိမ်းရပ်ဝန်းမှာဆိုရင် ခိုင်မာစွာအမြစ်တွယ်ထားနိုင်ပြီဖြစ်တဲ့ ကပ်ရောဂါဆိုးတစ်ခုလည်းဖြစ်ပါတယ်။ ခေါင်းစဥ်ကိုကြည့်ပြီး ဘာလဲဆိုတာ ခန့်မှန်းလို့ရလောက်မယ်လို့ ယူဆပါတယ်။ အဆင်သင့်ဖြစ်ပြီဆိုစလိုက်ကြပါမယ်။ ဒီနေရာမှာပထမဆုံးပြောချင်တာက ဗီဒီယိုဂိမ်းဆိုတာ ဖျော်ဖြေရေးကြားခံနယ်တစ်ခုဖြစ်ပြီး ဂိမ်းဆော့ကစားခြင်းဆိုတာဟာ ဖိအားတွေများလှတဲ့ လက်တွေ့ဘဝကနေ ခေတ္တခဏလွန်မြောက်ဖို့၊ စိတ်ကူးယဥ်ကမ္ဘာတစ်ခုမှာ ဝင်ရောက်အသက်ရှင်ဖို့ဖြစ်ပါတယ်။ ဂိမ်းဆော့ကစားခြင်းဆိုတာဟာ ရုပ်ရှင်ကားများလို ကတ်ဖြတ်ထားပြီးသား၊ မိမိလုပ်ဆောင်ရမယ့်အပြုအမူများကို သတ်မှတ်ထားပြီးသားမဟုတ်ဘဲ ကိုယ်လုပ်ချင်တဲ့အရာကို လုပ်ချင်တဲ့အချိန်မှာ ကြိုက်သလိုလုပ်နိုင်တဲ့အတွက် ဘယ်အရာနဲ့မှမတူတဲ့လွတ်လပ်မှုမျိုးကို ခံစားရစေပါတယ်။ ဗီဒီယိုဂိမ်းများဟာလည်း အနုပညာကြားခံနယ်တစ်ခုဖြစ်တဲ့အတွက် သီချင်း၊ စာအုပ်၊ ရုပ်ရှင်များလို ကျွန်တော်တို့ရဲ့ရသအာရုံကို အထူးနှိုးဆော်ပေးပါတယ်။ ဘယ်သူမှတော့ ကိုယ့်ရဲ့အခြေကျနေတဲ့ဘဝထဲက ရုန်းထွက်ပြီး သရဲခြောက်တဲ့ခံစားမှုကို ရချင်လို့ သချိုင်းကုန်းကို ညဘက် ၁၂ နာရီအတိမှာမသွားကြသလို တိုက်ပွဲထဲမှာပြေးလွှားပစ်ခတ်ချင်လို့ တပ်မတော်ထဲမဝင်ကြပါဘူး၊ ကိုယ်လိုချင်တဲ့အာရုံလှုံ့ဆော်မှုကို အထိရောက်ဆုံးပေးစွမ်းနိုင်တဲ့ ဗီဒီယိုဂိမ်းဆော့ခြင်းဆိုတဲ့လုပ်ရပ်ကိုပဲ လုပ်ကြပါတယ်။ အားလုံးနားလည်ပြီးသားဖြစ်တဲ့ အခုလိုရိုးရှင်းသောအရာများကို တစ်လုံးချင်းစီ စာစီပြရတာဘာကြောင့်လဲဆိုတော့ နောက်ဆက်ပြောမယ့်အရာအတွက် လိုအပ်တာမို့ အစပျိုးရခြင်းဖြစ်ပါတယ် 👂

တစ်ချက်လောက်စဥ်းစားကြည့်ပါ၊ ကိုယ်အချိန်ရရင်ရသလို ဝင်ရောက်အသက်ရှင်ရတဲ့ စိတ်ကူးယဥ်ကမ္ဘာလေးထဲမှာ ကိုယ်နဲ့လားလားမှမသက်ဆိုင်တဲ့ ရုပ်ဆိုးအကျည်းတန်သောဝါဒဖြန့်မှုမျိုး၊ အကျိုးအကြောင်းမသင့်တင့်သော ဇာတ်ကောင်ပုံစံမျိုးကို ဘယ်သူကများသည်းခံနိုင်မှာပါလဲ? အားလုံးလည်းသတိထားမိကြမှာပါ၊ လက်ရှိခေတ်မှာ အနောက်တိုင်းဘက်ကလာတဲ့ဂိမ်းများရဲ့ ဇာတ်ကောင်များ (အထူးသဖြင့်မိန်းမသားများ) ဟာ ရုပ်ပိုင်းဆိုင်ရာမှာ တဖြည်းဖြည်းယိုယွင်းချို့တဲ့လို့လာကြပါတယ်။ ရုပ်ရည်မချောမောမလှပတာဟာ ပကတိပြစ်ချက်တစ်ခုမဟုတ်သော်ြငား ကွဲပြားခြားနားမှုကိုဗန်းပြပြီး ရှိနှင့်တဲ့ဇာတ်ကောင်တွေကို လူတစ်စုအလိုကျ ပုံသွင်းတာမျိုးကတော့ လက်သင့်မခံနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။ မကြာသေးခင်ကမှထွေလာနဲ့ demo ထွက်ရှိခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံအခြေစိုက်ဂိမ်းကုမ္ပဏီ Shift Up ရဲ့ Stella Blade ဂိမ်းကိုပဲကြည့်မယ်ဆိုရင် လက်ရှိမှာဖြစ်ပျက်နေတဲ့အရာတော်တော်များများကို သိနိုင်ပါတယ်။ Stella Blade ဂိမ်းရဲ့အဓိကဇာတ်ဆောင်ဖြစ်သူ အိဗ်ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ဝတ်စားဆင်ယင်ပုံကိုထောက်ရှုပြီး အနောက်တိုင်းဂိမ်းမီဒီယာအတော်များများဟာ ဒါဟာလက်တွေ့ဘဝနဲ့မကိုက်ညီကြောင်း၊ မိန်းမသားတွေကို လိင်စိတ်ကြွဖွယ်ပုံဖော်ထားကြောင်း၊ ခန္ဓာကိုယ်အချိုးအစားဟာ ယုတ္တိမတန်ကြောင်း၊ အသက်မပြည့်သေးတဲ့ကလေးမလေးတစ်ယောက်နဲ့ ဆင်တူကြောင်းစသဖြင့် ထင်မြင်ချက်ပေါင်းစုံ၊ ဝေဖန်မှုပေါင်းစုံနဲ့ ထိုးနှက်တိုက်ခိုက်ကြပါတော့တယ်။ ဒီလိုတုံ့ပြန်မှုမျိုးကိုကြည့်ခြင်းအားဖြင့် ပထမဦးဆုံးကောက်နှုတ်နိုင်တာက အိဗ်ရဲ့ရုပ်ရည်နဲ့ ခန္ဓာကိုယ်တစ်ခုတည်းကသာ ဂိမ်းတစ်ခုလုံးကိုကိုယ်စားပြုနေသလိုဖြစ်နေပြီး ချောမောလှပခြင်း၊ ကြည့်ပျော်ရှုပျော်ရှိခြင်းဟာ တစ်ချို့သောလူတစ်စုအတွက် လားလားမှလက်သင့်မခံနိုင်တဲ့ အရာမျိုးဖြစ်နေပြီလားလို့တောင် မေးခွန်းထုတ်မိပါတယ်။ သေချာစဥ်းစားကြည့်တဲ့အခါ ဒါဟာရည်ရွယ်ချက်ရှိတဲ့ အကွက်ကျသောတိုက်ခိုက်မှုတစ်ခုဖြစ်ပြီး မိန်းမသားများရဲ့ နဂိုရှိသင့်တဲ့ဂုဏ်ရည်ဂုဏ်သွေးနဲ့ ပုံပန်းသဏ္ဌာန်ကို ခေတ်နဲ့ရောပြီး အာရုံထွေပြားရောထွေးသွားစေတဲ့ ခြေလှမ်းတစ်ဆင့်လည်းဖြစ်ပြန်ပါတယ်။ မီဒီယာနဲ့ ရုပ်ရှင်လောကတွေမှာစတင်ခဲ့ပြီး အခုဆိုရင်ဗီဒီယိုဂိမ်းများအထိ ကူးစက်ပြန့်နှံ့လာတဲ့ ဒီတိုက်ခိုက်မှုရဲ့ဦးတည်ရာပစ်မှတ်တွေကတော့ သတိမမူမိတဲ့ မိန်းမသားထုပါပဲ (‌‌ယောကျ်ားထုကြီးအတွက်လည်း ပြဿနာများသီးသန့်ရှိနေပါတယ်) Horizon Zero Dawn: Forbidden West ကနေ Forspoken ကနေ Fable 4 အထိ မိန်းမသားများဦးဆောင်တဲ့ ခေတ်သစ်ဂိမ်းများမှာ အဓိကကျတဲ့ဇာတ်ကောင်အမျိုးသမီးတွေကို ဆွဲဆောင်မှုပိုင်းမှာလျော့ကျအောင်၊ ရုပ်ပိုင်းဆိုင်ရာအားနည်းနေအောင် တမင်တကာဖော်ြပရေးဆွဲထားကြတာဟာ ဘာကြောင့်များပါလဲ?

ဒါတွေဟာဘာကြောင့်လဲဆိုတော့ ဖြစ်တည်မှုပိုင်းဆိုင်ရာ (Identity Politics)၊ လူမှုတရားမျှတမှု (Social Justice)၊ ကွဲပြားခြားနားမှုကိုလက်သင့်ခံခြင်း (Inclusivity) ဆိုတဲ့ခေါင်းစဥ်တွေအောက်ကနေ ဝါဒဖြန့်မှု၊ လာဘ်စားခြင်း၊ ဘက်လိုက်ခြင်းတွေကို ဗီဒီယိုဂိမ်းတွေထဲ ထည့်သွင်းမီးမောင်းထိုးချင်တဲ့ agenda ဖြစ်ပါတယ်။ နားလည်လွယ်အောင်ပြောရရင် လူမည်းတွေကနေရာတိုင်းပါရမယ်၊ အပုအဝငပိန်တွေ၊ အခြောက်တွေ၊ လိင်ပြောင်းလဲသူတွေဟာ နေရာတိုင်းမှာပါကိုပါရမယ်၊ အဲထက်ပိုပြီးနက်ရှိုင်းပေမယ့် သဘောတရားကတော့ဒါပါပဲ (ပိုမိုသိရှိလိုပါက Sweet Baby Inc အကြံပေးကုမ္ပဏီအကြောင်းလေ့လာပါ) ဒီအရာတွေဟာ အမေရိကန်အပါအဝင် (အနောက်ပိုင်း) နိုင်ငံများရဲ့နိုင်ငံရေး၊ မူဝါဒ၊ လှုပ်ရှားမှုများနဲ့ တိုက်ရိုက်ဆက်စပ်နေတာမို့ အနက်ထိဆင်းဖို့မလိုအပ်ပေမယ့် အားလုံးသိသင့်တဲ့တစ်ချက်ကတော့ အရှေ့တိုင်းကဂိမ်းရေးဆွဲဖန်တီးသူများဟာ ဒီဝါဒမှိုင်းနဲ့ကင်းလွတ်နေသေးတယ်ဆိုတာပါပဲ။ အတွင်းကစိတ်နေစိတ်ထားနဲ့ နှလုံးသားဟာ အပြင်ပန်းထက်ပိုအရေးကြီးတယ်လို့ ဘယ်လောက်တောင်ဆိုကြပါစေ ကျွန်တော်တို့လူသားတွေဟာ ချောမောလှပခြင်းကိုရှုစားရတာ ကြိုက်နှစ်သက်သူများဖြစ်ပါတယ်။ ဒါဟာ ကျား၊ မလိင်အရရော၊ ဇီဝဗေဒနဲ့ သဘာဝအရပါ မှန်ကန်နေတဲ့အချက်တစ်ချက်ဖြစ်ပြီး ရုပ်ရှင်မင်းသား၊ မင်းသမီးများ၊ မော်ဒယ်များ နာမည်ကျော်ကြားလူသိများလာခြင်းဟာလည်း အဲအချက်ကြောင့်ပါပဲ။ အမျိုးသားများဟာ တင်၊ ရင်အချိုးကျဖွံထွားပြီး အသားအရည်နူးညံ့စိုပြေတဲ့ မိန်းမသားများကို တွေ့မြင်ရတာကြိုက်ကြသလို အမျိုးသမီးများဟာလည်း အရပ်အမောင်းကောင်း၊ ကိုယ်ခန္ဓာတောင့်တင်းပြီး ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်နဲ့ ယောကျ်ားသားများကို တွေ့မြင်ရတာ ကြိုက်ကြပါတယ်။ လူတွေဟာ ကိုယ့်ထက်မလှတောင် ကိုယ့်အောက်ရုပ်မဆိုးတဲ့သူမျိုးနဲ့သာ ပေါင်းဖက်လိုကြပြီး ကိုယ်မွေးတဲ့သားသမီးတွေအထိပါ ကြည့်မြင်ဖွယ်ကောင်းစေလိုတဲ့ စိတ်အတွေးမျိုးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ များသောအားဖြင့် ရုပ်ရည်ရူပကာမှာအားသာနေသူဟာ အားနည်းနေသူထက် ဘယ်နေရာမှာမဆို ရှင်သန်နေထိုင်ဖြတ်သန်းရတာ ပိုမိုလွယ်ကူလို့ပါပဲ။ ဒီတော့ အဲလိုအမှန်တရားတစ်ရပ်ကို ဗီဒီယိုဂိမ်းတွေထဲမှာထည့်သွင်းခြင်းဟာ ဘာတွေများမှားယွင်းနေပါသလဲ? အခုခေတ်မှာ ချောမောလှပသူအမျိုးသမီးဟာ ဂိမ်းတစ်ခုရဲ့အဓိကဇာတ်ဆောင်ဖြစ်နေရင် အနောက်တိုင်းဂိမ်းဂျာနယ်လစ်နဲ့ မီဒီယာများရဲ့ ရှုပ်ချခြင်းကို ဘာကြောင့်ခံရတာပါသလဲ? အိဗ်ရဲ့ခန္ဓာကိုယ်ဖွံ့ထွားနေတာ သဘာဝမကျဘူး၊ ယုတ္တိမတန်ဘူးလို့ ပုတ်ခတ်ချင်သူများသိရမှာက Stella Blade ရဲ့အဓိကဇာတ်ဆောင်အိဗ်ကိုပုံဖော်ဖို့ တကယ့်လက်တွေ့ဘဝမှာမှီငြမ်းထားတဲ့ ကိုရီးယားမော်ဒယ်ရှင်ဂျေအွန်ဟာ ဂိမ်းမှာတွေ့မြင်ရတဲ့အတိုင်း နှစ်လိုဖွယ်ကောင်းတဲ့ ဥပဓိရုပ်နဲ့ အချိုးကျတဲ့ခန္ဓာကိုယ်ကို တစ်ထေရာတည်း ပိုင်ဆိုင်ထားတယ်ဆိုတာပါပဲ 💋

ဒါ့အပြင် အရှေ့တိုင်းဂိမ်းတွဲကဇာတ်ကောင်များဖြစ်ကြတဲ့ RE စီးရီးက ဂျေးလ်၊ အေဒါနဲ့ ခလယ်လ်တို့ဟာ သူတို့မှီငြမ်းထားတဲ့ လက်တွေ့ဘဝကမိန်းမသားများ နည်းတူ အသီးသီးကိုယ်စီလှပကြသလို Devil May Cry က လေဒီနဲ့ ထရစ်ရှ်တို့ဟာလည်း ပုံစံတစ်မျိုးလေးကွဲထွက်ပြီး ကြည့်လို့ကောင်းနေပြန်ပါတယ်။ သက်ရှိလူတွေရဲ့မျက်နှာ၊ ခန္ဓာကိုယ်အချိုးအစားကို မကူးယူထားဘဲ နည်းပညာနဲ့သီးသန့်ပုံဖော်ထားတဲ့ Final Fantasy က တီဖာ၊ အေးရစ်နဲ့ ဂျက်စီတို့ဟာလည်း တကယ့်ပြင်ပကမိန်းမသားများလို့ မှတ်ယူရလောက်အောင် ရင်ထဲစွဲမှတ်လောက်စေမယ့် အလှတရားမျိုးကို ပိုင်ဆိုင်ထားပါတယ်။ ဒါတင်မကသေးပါဘူး၊ 2D နဲ့ Anime ဟန်ပါတဲ့ မိန်းမသားဇာတ်ကောင်များဖြစ်တဲ့ Street Figher က ချန်လီ၊ ကန်မီတို့ဟာလည်း ပရိသတ်တွေရဲ့ အထူးကြိုက်နှစ်သက်မှုကို တစ်ခဲနက်ရရှိထားသလို Genshin Impact ကမိန်းမသားဇာတ်ကောင်တိုင်းလိုလိုဟာ ချစ်မြတ်နိုးစရာကောင်းပြီး ထက်မြက်ထူးချွန်နေတာကို တွေ့ရဦးမှာပါ။ ဆိုတော့ကာ ဂိမ်မာများ သတိထားကြည့်မယ်ဆိုရင် အရှေ့တိုင်းကလာတဲ့ဂိမ်းများမှာ ဝတဲ့အဓိကမိန်းမသားဇာတ်ကောင်မျိုးကို အခုချိန်ထိ တစ်ခါမှမတွေ့ဖူးသလို ရုပ်ဆိုးအကျည်းတန်တဲ့ အဓိကမိန်းမသားဇာတ်ကောင်မျိုးကိုလည်း အခုထိမတွေ့ရပါဘူး။ ဒါဟာဘာကြောင့်ပါလဲ? အဖြေကရိုးရှင်းပါတယ်။ ‌အရှေ့တိုင်းဂိမ်းရေးဆွဲသူများဟာ သူတို့လူ့အဖွဲ့အစည်းရဲ့ ရှိနှင့်ပြီးသားစံနှုန်းစံထား၊ ယဥ်ကျေးမှုနဲ့ သတ်မှတ်ချက်များအောက်ကသာ ဂိမ်းများကိုဖန်တီးကြပြီး သူတို့တိုင်းပြည်နဲ့လူမျိုးကို ကိုယ်စားပြုတဲ့မိန်းမသားများကို ကမ္ဘာ့အလယ်မှာ ချောမောလှပကြောင်းသာ ပြသချင်ကြလို့ပါပဲ။ အရှင်းဆုံးပြောရမယ်ဆိုရင် အရှေ့တိုင်းဂိမ်းထုတ်လုပ်သူများဟာ ဗီဒီယိုဂိမ်းကို ဗီဒီယိုဂိမ်းမှန်း လက်ခံထားကြလို့ပါပဲ။ အရှေ့တိုင်းဂိမ်းများဟာ မျက်မှောက်ခေတ်မှာဖြစ်ပွားနေတဲ့ နိုင်ငံရေးအချင်းအရာများနဲ့ သူတို့ထုတ်လုပ်တဲ့ဗီဒီယိုဂိမ်းများကို တစ်ကန့်စီ ခွဲခြမ်းထားနိုင်ပြီး အသုံးမကျတဲ့ဝါဒဖြန့်ခြင်းများကို ဂိမ်းတွေထဲ ထည့်သွင်းရော‌နှောရလောက်တဲ့အထိ တစ်ကိုယ်ကောင်းဆန်ခြင်းမရှိ၊ အတ္တကြီးခြင်းမရှိဖူးလို့သာ ဂိမ်မာများကမှတ်ယူကြရမှာပါ။ (အရှေ့တိုင်းဂိမ်းများမှာ ပါဝင်တဲ့ဝါဒဖြန့်ခြင်းဟာ ပျော့ပျောင်းပါတယ်၊ ညင်သာပါတယ်၊ ပျော်ဝင်လွယ်ပြီးများသောအားဖြင့် သူတို့ရဲ့ယဥ်ကျေးမှုကိုပဲ ဦးတည်ကြပါတယ်၊ အဓိပ္ပါယ်မဲ့သော ဖြစ်တည်မှုရေးရာ ပေါက်ကရ‌လေးဆယ်မဟုတ်ပါ) ☠️

ကဲ ဒီလောက်ဆိုရင် ဂိမ်မာများအားလုံးလည်း ဂိမ်းလောကနဲ့ အင်တာနက်တစ်ခွင်မှာ တွေ့မြင်နေရတဲ့ အိဗ်ရဲ့အုတ်အော်သောင်းနင်းဒရာမာများဟာ ဘယ်ကစသလဲ နားလည်လောက်ပါပြီ၊ စာလည်းအတော်အတန်ရှည်ခဲ့ပါြပီ။ ဂိမ်းတစ်ခုအကြောင်းမဟုတ်တာကြောင့် တက်ကြွစွာ ဆက်ပြီးရေးဖို့လည်း စိတ်အားမထက်သန်တော့ပါဘူး၊ ဒါကြောင့်မို့ ဒီနေရာမှာပဲစာစောင်ကို အဆုံးသတ်လိုက်ပါရစေ။ ဖတ်ရှုပေးသူတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။ ‌နောက်အပါတ်မှာဘာအကြောင်းအရာမျိုးတင်ဆက်ပေးသွားမလဲ စောင့်မျှော်နေပေးကြဖို့ပြောကြားရင်း ဂိမ်မာများကို ဒီကနေနှုတ်ဆက်လိုက်ပါတယ်။

Read it at Gamedia blog: https://gamedia-myarchive.blogspot.com/2024/04/blog-post.html

Yan

Resident Evil 8 မှာအားလုံးမြင်ခဲ့ရတဲ့ Chris ဦး‌ဆောင်တဲ့ခွေးဝံပုလွေတပ်ဖွဲ့ (Hound Wolf Squad) ဆိုတာဘာလဲ? ဘယ်သူတွေနဲ့ဖွဲ့...
04/04/2024

Resident Evil 8 မှာအားလုံးမြင်ခဲ့ရတဲ့ Chris ဦး‌ဆောင်တဲ့ခွေးဝံပုလွေတပ်ဖွဲ့ (Hound Wolf Squad) ဆိုတာဘာလဲ? ဘယ်သူတွေနဲ့ဖွဲ့စည်းထားလဲ? 🐺

ကဲ အလှည့်ကျပို့စ်လေးနဲ့ပေ့ချ်ကနေ ပြန်လည်နှုတ်ဆက်လိုက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Resident Evil 8 မှာကျွန်တော်တို့နောက်ဆုံးတွေ့ခဲ့ရတဲ့ Chris ဦးဆောင်တဲ့ ခွေးဝံပုလွေတပ်ဖွဲ့အကြောင်း ဂိမ်းချစ်သူများကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ကြည့်လိုက်တာနဲ့ ချပ်ဝတ်ဆိုက်ဂိုက်အပြည့်နဲ့ စတိုင်သိပ်ကျပြီး Resident Evil လောကထဲမှာ ထိရောက်မှုအရှိဆုံးနဲ့ အထာကျလွန်းတဲ့တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ RE လောကထဲမှာ ရက်ကွန်းမြို့ရဲတပ်ဖွဲ့လို၊ ထိပ်သီးနည်းဗျူဟာချကယ်ဆယ်ရေးအဖွဲ့ (S.T.A.R.S) လို၊ ကမ္ဘာလုံးဆိုင်ရာဇီဝအကြမ်းဖက်မှုတိုက်ဖျက်ရေးမဟာမိတ်အဖွဲ့ (B.S.A.A) လို၊ ဇီဝလက်နက်တန်ပြန်စစ်ဆင်ရေးတပ်ဖွဲ့ (U.B.C.S) တို့လို ကြီးမားလှတဲ့ အန္တရာယ်ရန်စွယ်တွေကို ဘတစ်ပြန်ကြားတစ်ပြန် ရင်ဆိုင်နှိမ်နင်းတဲ့အထူးအဖွဲ့တွေဆိုရင် စာရေးသူ သဘောအလွန်ကျပါတယ်။ အဲဒါ Resident Evil မှာမှမဟုတ်ပါဘူး၊ လူဆိုးဖြစ်စေ လူကောင်းဖြစ်စေ တစ်ဖက်နဲ့တစ်ဖက်ထိပ်တိုက်တွေ့ကြတဲ့ ပါလာဒင်တွေလို၊ စစ်သူရဲကောင်းတွေလို အစုလိုက်ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တွေကို အထူးနှစ်ခြိုက်တဲ့စိတ်ဟာ ဟိုးအရင်ကတည်းက ရှိနှင့်နေတာဖြစ်ပါတယ်။ ခေါင်းစဥ်ကိုလည်းဖတ်ပြီးလောက်ပြီမို့ ဒီတစ်ခေါက်မှာတော့ RE စီးရီးရဲ့ မင်းသားတစ်လက်ဖြစ်တဲ့ ခရစ်စ်ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲဦးဆောင်ပြီး ပါဝင်တိုက်စစ်ဆင်တဲ့ ခွေးဝံပုလွေတပ်ဖွဲ့ဆိုတာ ဘာလဲ? ဘယ်သူတွေနဲ့ဖွဲ့စည်းထားလဲ? သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲ? အစရှိတာတွေ ဒီပို့စ်မှာစိတ်ဝင်စားဖွယ်ဖော်ြပသွားမှာပါ။ ကဲ အဆင်သင့်ဖြစ်ပြီဆိုရင် အချိန်တွေဆက်မဖြုန်းပဲစလိုက်ကြရအောင်ဗျာ။ တစ်ပုံချင်းစီထောက်ပြီးဖတ်ရှုပေးပါ။ ⬇️⬇️

Read it at Gamedia blog: https://gamedia-myarchive.blogspot.com/2024/04/resident-evil-8-chris-wolfhound-squad.html

Yan

ကျွန်တော်သဘောကျတဲ့ဂိမ်းနာမည်များနဲ့ မြန်မာလိုပြန်ဆိုကြည့်တဲ့အခါ အထာပိုကျတဲ့အဓိပ္ပါယ်ရှိသောအမည်များ 🦚ဂိမ်မာများကိုပြောပြခ...
28/03/2024

ကျွန်တော်သဘောကျတဲ့ဂိမ်းနာမည်များနဲ့ မြန်မာလိုပြန်ဆိုကြည့်တဲ့အခါ အထာပိုကျတဲ့အဓိပ္ပါယ်ရှိသောအမည်များ 🦚

ဂိမ်မာများကိုပြောပြချင်နေတဲ့အကြောင်းအရာတစ်ခုရှိပါတယ်။ အဲဒါက‌တော့ဂိမ်းနာမည်တွေနဲ့ပတ်သက်ပါတယ်၊ ဂိမ်းနာမည်တွေဆိုတာထက် အမိဘာသာစကားနဲ့သက်ဆိုင်ပြီး အနက်ထိထက်ဆင်းမယ်ဆိုရင် ကိုယ်သုံးစွဲနေတဲ့ဘာသာစကားအပေါ် ကျွန်တော်တို့မြင်တဲ့အမြင်တစ်ခုလုံးနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ လူ့လောကထဲမှာနာမည်များဟာ အရေးပါသလို အနုပညာနယ်ပယ်ထဲကထုတ်ကုန်များဖြစ်ကြတဲ့ သီချင်း၊ ရုပ်ရှင်များလို ဗီဒီယိုဂိမ်းများမှာလည်း အမည်ပေးကင်ပွန်းတပ်ဆိုတာ လွန်စွာမှအရေးကြီးပါတယ်။ တကယ်တော့အမည်နာမဆိုတာ ကျွန်တော်တို့ဖြစ်တည်မှုနေရာတိုင်းမှာ နက်ရှိုင်းစွာပါဝင်ပတ်သက်နေတဲ့နာမ်စားအခေါ်အဝေါ်မျိုးပါ။ ဒီစာကိုဖတ်မိတဲ့ဂိမ်မာတိုင်းမှာ အမည်ကိုယ်စီရှိကြပါတယ်၊ အဲအမည်ဟာ မည်သူမည်ဝါကပေးခဲ့သည်ဖြစ်စေ ကိုယ့်ရဲ့ဖြစ်တည်မှုအလုံးစုံပါပဲ။ ကျောင်းသားကတ်မှာ၊ မှတ်ပုံတင်မှာ၊ ပတ်စပို့မှာ၊ ဘွဲ့လက်မှတ်မှာအစရှိသဖြင့် ကိုယ့်ကိုပေးခဲ့တဲ့နာမည်ဟာ ကိုယ်အိမ်ထောင်ပြုတဲ့အချိန်၊ သေဆုံးချိန်အထိ အကျုံးဝင်နေမှာဖြစ်ပါတယ်။ အမည်ဆိုတာ ကိုယ့်နိုင်ငံကတရားဝင်သုံးစွဲတဲ့ အမျိုးသားဘာသာစကားနဲ့ပေးထားတဲ့ နာမ်စားတစ်ခုပါ။ စာရေးသူဒီမှာ‌ ပထမဦးဆုံး ပြောြပချင်တဲ့အကြောင်းအရာကတော့ ကိုယ့်ဘာသာစကားအပေါ် ကျွန်တော်တို့မြင်တဲ့အမြင်ပါ။ ဂိမ်မာများဟာ လူငယ်များပီပီ အရာရာကိုစူးစမ်းချင်ကြတယ်၊ အသစ်အဆန်းဆိုရင် တွေ့မြင်ခံစားချင်ကြတယ်၊ လက်တည့်စမ်းချင်တယ်၊ ဂိမ်းများကိုစဆော့မိတာလဲ အဲလိုအခြေအနေမျိုးကစတာပါပဲ။ ဂိမ်မာများအဲသလိုတွေးမိလားတော့ မသိပါ၊ စာရေးသူကတော့ ဂိမ်းတစ်ခုရဲ့အနုပညာမြောက်မှု၊ ကောင်းမွန်မှု၊ လူသိများမှုဟာ သူတို့ရဲ့နာမည်နဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ ယူဆထားပါတယ်။ ကျွန်တော်တို့ဟာ ဘာသာကွဲစကားလုံးတစ်လုံးကိုတွေ့ရင် ကိုယ့်အမိဘာသာစကားနဲ့ မသိစိတ်ကအလိုလျောက်ပြန်ဆိုပြီးမှ သူဆိုလိုတဲ့အဓိပ္ပါယ်ကိုနားလည်တတ်ကြတာပါ 🌎

ဥပမာဆိုရရင် Gears of War ဆိုတဲ့နာမည်ကိုပဲ ကြည့်ပါ။ မြန်မာလိုပြန်ဆိုမယ်ဆိုရင် စစ်လက်နက်၊ စစ်ပွဲကိရိယာ၊ စစ်အသုံးအဆောင်စသဖြင့် အဓိပ္ပါယ်ဖွင့်နိုင်ပြီး သူ့နာမည်ဟာ ဂိမ်းရဲ့တည်ဆောက်ထားပုံ၊ ဆော့ကစားပုံ၊ ဇာတ်ကောင်တွေနဲ့လည်း လွန်စွာကိုက်ညီတဲ့ဂိမ်းမျိုးပါ။ စာရေးသူသဘောကျရတဲ့ Resident Evil ဆိုရင်လည်း “အမြဲတမ်းရှိနေမယ့်မကောင်းဆိုးရွား” Evil Within ဆိုရင် “ကိန်းအောင်းနေသောမကောင်းဆိုးရွား”လို့ပြန်ဆိုနိုင်ပါတယ်။ မြန်မာလိုပြန်ဆိုရင် လွန်စွာမှ အထာကျသောအမည်ပေါင်းများစွာရှိပါသေးတယ်။ အဲဒါတွေကတော့

Resident Evil ဆိုရင် “အမြဲတမ်းရှိနေမယ့်မကောင်းဆိုးရွား”၊ “ထာဝရရှိနေမယ့်မကောင်းဆိုးရွား”
Evil Within ဆိုရင် “ကိန်းအောင်းနေသောမကောင်းဆိုးရွား”၊ “ရင်ထဲကမိစ္ဆာ”။
Final Fantasy ဆိုရင် “နောက်ဆုံးသောစိတ်ကူးယဥ်ခြင်း”၊ “အဆုံးသတ်စိတ်ကူး”။
Devil May Cry ဆိုရင် “နတ်ဆိုးတစ်ကောင်တောင် ငိုနိုင်တယ်”၊ “နတ်ဆိုးကျနိုင်တဲ့မျက်ရည်”။
Ghost of Tsushima ဆိုရင် “ဆူရှီးမားကျွန်းကတစ္ဆေ”။
God of War ဆိုရင် “စစ်ပွဲနတ်ဘုရား”။
Shadow of Mordor ဆိုရင် “မော်ဒေါရဲ့အရိပ်”။
Baldur’s Gate ဆိုရင် “ဘောလ်ဒါရဲ့ဂိတ်တံခါး”။
Legend of Zelda ဆိုရင် ဇယ်လ်ဒါရဲ့ဒဏ္ဏာရီ”။
Dishonored ဆိုရင် “ဂုဏ်သိက္ခာမဲ့သူ”၊ “ဂုဏ်သိက္ခာမရှိ”။
Grand Theft Auto ဆိုရင် “မဟာဆန်သောဖောက်ထွင်းမှု”၊ “ခိုးယူမှုအကြီးစား”။
Prince of Persia ဆိုရင် “ပါရှားပြည်ကမင်းသားတစ်ပါး”။
God Hand ဆိုရင် “ဘုရားသခင်ရဲ့လက်တစ်ဖက်”။
Counter Strike ဆိုရင် “တန်ပြန်တိုက်စစ်ဆင်ခြင်း”။
Assassin’s Creed ဆိုရင် “လူသတ်သမားလမ်းစဥ်”၊ “လျှို့ဝှက်သူတို့အယူဝါဒ”

စသဖြင့် မြန်မာဘာသာနဲ့ဆို ပိုမို‌လေးနက်တဲ့အဓိပ္ပါယ်ကိုဖော်ဆောင်တဲ့ဂိမ်းနာမည်တွေမှ အများကြီးပါ။ တစ်ခုရှိတာက အဓိပ္ပါယ်ကိုယ်စီရှိတဲ့သတ်ပုံတွေကိုစုပေါင်းပြီး နာမည်အဖြစ်ပေးထားကြတဲ့ ချွင်းချက်အမည်မျိုးရှိသလို လက်တင်အက္ခရာကိုပဲ စကားလုံးကွန့်မြူးတီထွင်ထားတဲ့ အမည်များလည်းရှိကြပါတယ်။ အဲဒါတွေကတော့ Metal Gear Solid တို့လို၊ Red Dead Redemption တို့လို၊ Fortnite တို့လို၊ The Witcher တို့လို၊ Skyrim တို့လို အမည်များပါ။ မြန်မာဘာသာအရဆိုရင် ဖြိုးဓန၊ မယ်ဇလီ၊ ကေသီပန်၊ ကမ္ဘောဇ၊ ဧရာဝတီတို့လို သီးခြားစကားလုံးမျိုးဖြစ်ပါတယ်။ အခုစာဖတ်နေချိန်မှာ ဂိမ်းနာမည်တွေကိုမြန်မာလိုပြန်ဆိုထားလို့ လှောင်ပြောင်ချင်စရာ၊ ဟာသတစ်ခုလိုမြင်ချင်စရာ၊ ပေါတောတောဆန်တယ်လို့ထင်မိတဲ့ အမြင်မျိုး စာဖတ်သူမှာဖြစ်ရင်ဖြစ်လာနိုင်ပါတယ်၊ ကျွန်တော်လိုချင်တာကလည်း ဒါပါပဲ။ ဒါဟာဘာကြောင့်လည်းဆိုတော့ ကိုယ့်ရဲ့အမိဘာသာစကားကို တွေ့မြင်နေကျမဟုတ်တဲ့နေရာမျိုးမှာ တွင်တွင်ကျယ်ကျယ်သုံးစွဲထားတာကို တွေ့ရလို့ဖြစ်ပြီး အင်္ဂလိပ်စကားလုံးတွေကို မြန်မာလိုပြန်ရင် မလန်းဘူး၊ မမိုက်ဘူး၊ အထာမကျဘူးဆိုတဲ့ မသိစိတ်၊ ကိန်းအောင်းနေတဲ့စိတ်က ကိုယ့်ကို အဲဒီလိုခံစားရစေတာဖြစ်ပါတယ်။ ဒါတွေဟာဘာကြောင့်ပါလဲ? တစ်ချက်လောက်ရှင်းပြပါရစေ 👨🏻‍🎨

နေရာတိုင်းက (အင်တာနက်ကရှာဖို့ခွင့်ပြုထားတဲ့) သတင်းအချက်အလက်တွေကို အလွယ်တကူသိရှိနိုင်တဲ့ခေတ်မျိုးမှာ ကျွန်တော်တို့နိုင်ငံသားတွေဟာ မြန်မာဘာသာစကားနဲ့ ကြားနေ၊ မြင်နေ၊ တွေ့နေရတဲ့သမားရိုးကျနေရာတွေထဲကမဟုတ်တဲ့ တခြားတစ်နေရာရာမှာ မြန်မာဘာသာစကားအသုံးပြုထားတာကိုတွေ့ရရင် အဆိုးအမြင်၊ ကဲ့ရဲ့တဲ့အမြင်၊ လှောင်ပြောင်ချင်တဲ့အမြင်နဲ့ ကြည့်ကြတာများပါတယ်။ အဲဒါဘာကိုဆိုလိုသလဲဆိုတော့ မြန်မာဘာသာနဲ့ နောက်ခံစကား‌ပြောထည့်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဂျပန်ကာတွန်းကားတွေ၊ ဂိမ်းတွေတွေ့ရင် မျက်နှာရှုံ့ကြတယ်။ မြန်မာဘာသာစကားနဲ့ထည့်သွင်းရေးသားထားတဲ့ အယ်ပလီကေးရှင်းတွေ၊ ဆော့ဖ်ဝဲတွေ၊ လူမှုကွန်ယက်တွေသုံးရင် ခေတ်မမှီဘူးဆိုပြီးမြင်ကြတယ်။ ယုတ်ဆွအဆုံး လူမှုကွန်ယက်တွေမှာတောင် တစ်ယောက်နဲ့တစ်ယောက် ကွန်မန့်ပေး၊ စာပြန်တာကအစ မြန်မာဘာသာစကားနဲ့ဆိုရင် အောက်တယ်၊ ပညာမဲ့တယ်ဆိုတဲ့အတွေးအမြင်ဟာ လူတော်တော်များများမှာ ကိန်းအောင်းပြီးတည်ရှိနေပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် ကိုယ့်ရဲ့အမိဘာသာစကားဟာ အခြားဘာသာများနဲ့ယှဥ်ရင် ပိုမိုနိမ့်ကျတယ်၊ ခေတ်မမှီဘူး၊ လူအထင်သေးတယ်၊ တောဆန်တယ်လို့ယူဆနေတဲ့ မသိစိတ်ကသိမ်ငယ်ခြင်းမျိုးပဲဖြစ်ပါတယ် 😡

ဒီပြဿနာရဲ့အဖြေကိုရှာတဲ့အခါ ဒါဟာကျွန်တော်တို့ကိုအုပ်စိုးခဲ့တဲ့ အစိုးရအသီးသီးရဲ့ နိုင်ငံ၊ လူမျိုး၊ သမိုင်း၊ ဘာသာစကားကို ချစ်နှစ်သက်စေတဲ့ မျိုးချစ်စိတ်ထည့်သွင်းပေးမှုနဲ့ဆိုင်သလို ကမ္ဘာပေါ်မှာရပ်တည်နေတဲ့ မြန်မာနိုင်ငံရဲ့အနေအထား (စီးပွားရေး၊ လူမှုရေး၊ စစ်ရေး၊ နိုင်ငံရေး) နဲ့လည်း တိုက်ရိုက်သက်ဆိုင်ပါတယ်။ ဒ့ါအပြင် အင်တာနက်ကိုအတိုင်းအတာတစ်ခုထိ မထိန်းချုပ်ထားပဲ နိုင်ငံသားတွေကို ရေကာတာဖွင့်သလို ဖွင့်ပေးလိုက်တာနဲ့ အများကြီးဆက်နွယ်နေပါသေးတယ်။ သာသာစကားနဲ့ ပတ်သက်ပြီး အခုထိအမှတ်ရနေတဲ့ အတွေ့အကြုံတစ်ခုကို ဂိမ်မာများကို ပြန်ပြောပြချင်ပါတယ်။ အသက်နှစ်ဆယ်အရွယ်တုန်းက စာရေးသူအလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားရုံးက ဗီယက်နမ်နိုင်ငံသားဟာ သူ့ကွန်ပျူတာအသစ်ကို စားပွဲပေါ်မှာဖွင့်ဖွင့်ပြီးချင်း ပထမဦးဆုံးလုပ်တဲ့အရာဟာ ဘာလဲဆိုတော့ ဘာသာစကားဆက်တင်ဆီသွားပြီး ကွန်ပျူတာတစ်ခုလုံးကို သူ့အမိဘာသာအဖြစ်ပြောင်းလဲလိုက်တာပါပဲ။ ဒါဟာတကယ့်ကိုသေးငယ်တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပေမယ့် စာရေးသူ အခုအချိန်ထိအမှတ်ရသလို အတုယူတဲ့လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အာရှသားများဖြစ်တာကြောင့် အာရှနိုင်ငံတွေဖြစ်ကြတဲ့ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဆော်ဒီ၊ အီရမ်၊ ယိုးဒယား၊ ဗီယက်နမ်တို့ကိုပဲ ဥပမာကြည့်ပါ၊ သူတို့နိုင်ငံအတွင်းက ဆိုင်းဘုတ်တွေ၊ သင်္ကေတတွေ၊ ဆိုင်ခန်းတွေမှာ လက်တင်အက္ခရာ (အင်္ဂလိပ်ဘာသာစကားအပြင် အခြားဥရောပဘာသာများရေးသားရာတွင် အသုံးပြုသည့်အက္ခရာ) ကိုလုံးဝအသုံးမပြုထားဘဲ ကိုယ့်အမျိုးသားအက္ခရာကိုသာ အသုံးအများဆုံးဖြစ်တယ်ဆိုတာ တွေ့မြင်ရမှာပါ။ အခြားအာရှစကားသင်ဖူးသူတွေဆို သိကြမှာပါ၊ ဂျပန်စကားမှာဆိုရင် handsome တို့ strawberry တို့လို အင်္ဂလိပ်စကားလုံးကို သူတို့အက္ခရာနဲ့စာလုံးပေါင်းထားတဲ့သတ်ပုံအဖြစ်ပဲ ပြောဆိုရပါတယ်။ မြန်မာနိုင်ငံမှာတော့ restaurant ပြောတာတောင် ကိုယ်ကအသံထွက်မမှန်ရင် မျက်စောင်းထိုးကြည့်သူ၊ ကဲ့ရဲ့ချင်သူတွေက ထုနဲ့ဒေးဖြစ်ပါတယ် 🤐

လူတွေဟာ တွေ့ပါကြုံပါများတဲ့အရာ၊ လူပြောများရာကို အမှန်ထင်သွားတတ်တဲ့သဘောသဘာဝရှိပါတယ်။ ဒါကြောင့် ကိုယ့်အမိဘာသာစကားကို နေရာတိုင်းမှာမမြင်တွေ့ရတဲ့အခါ၊ အင်တာနက်အသုံးများတဲ့အခါ၊ တိုင်းတစ်ပါးကယဥ်ကျေးမှုနဲ့ မီဒီယာအပိုင်းအစတွေဟာလူထုကို အချိန်ပြည့်ကြီးစိုးလာတဲ့အခါ၊ ကိုယ့်အမိဘာသာစကားကို ကိုယ့်နိုင်ငံသားများကပြောဆိုသုံးစွဲရတာ ရှက်လာတဲ့အခါ၊ နေရာတိုင်းလိုလိုမှာ ရှုတ်ချကဲ့ရဲ့ကြတဲ့အခါ အခုလိုဖြေရှင်းရခက်တဲ့ လူမျိုးရေးဆိုင်ရာ၊ ယဥ်ကျေးမှုဆိုင်ရာပြဿနာမျိုးဟာ ကိန်းအောင်းဖြစ်တည်လာတော့တာပါပဲ။ ကျွန်တော်ဟာဂိမ်းတွေကိုချစ်မြတ်နိုးလို့၊ ငယ်ဘဝကဗီဒီယိုဂိမ်းများနဲ့ ကြီးပြင်းခဲ့လို့၊ ဂိမ်းများနဲ့စိတ်အပန်းဖြေသူတစ်ယောက်မို့ ဂိမ်းဆောင်းပါးတွေကို ရေးသားနေတယ်ဆိုတာမှန်ပါတယ်၊ ဒါပေမယ့် ကျွန်တော့်ရဲ့ဂိမ်းစာစောင်များမှာ အတတ်နိုင်ဆုံးမြန်မာဘာသာစကားကိုပဲ သုံးစွဲရေးသားပါတယ်။ ဒီနိုင်ငံမြေမှာနေ၊ ဒီနိုင်ငံရေကို‌သောက်ပြီး ရှင်သန်ကြီးပြင်းလာသူစစ်စစ်တွေကမှ ကိုယ့်ဘာသာစကားကို မချစ်မမြတ်နိုး၊ ကိုယ်စားမပြုဘူးဆိုရင် မည်သူမည်ဝါကလာပြီး ကျွန်တော်တို့အစား ကိုယ့်အမိဘာသာစကားကို ထိန်းသိမ်းမှာပါလဲ? အဓွန့်ရှည်တည်မြဲအောင် လက်ဆင့်ကမ်းမှာပါလဲ? ကဲ တွေးစရာလေးတစ်ခုပါ။ အင်္ဂလိပ်လိုရင်တော့ Fruit for Thought ပေါ့ဗျာ။ ဂိမ်မာများလည်းအားလုံး အမိဘာသာစကားကိုမြတ်နိုးတတ်ကြပါစေ။ မြန်မာလိုပြန်ဆိုရင် ပိုထိရောက်တဲ့ဂိမ်းနာမည်အချို့နဲ့ ဘာသာစကားနောက်ကွယ်က နက်ရှိုင်းမှုအချို့ကိုရော‌နှောပြီး အတွေးအမြင်သစ်တစ်ခုရဖွယ် တင်ဆက်ပေးလိုက်ပါတယ်။ နောက်လာမယ့် ဂိမ်းဆောင်းပါးတွေမှာလည်း ဘယ်လိုဂိမ်းအကြောင်းအရာမျိုးကို ဖော်ပြပေးသွားမလဲဆိုတာ စောင့်မျှော်ပေးကြဖို့ သတင်းစကားပါးရင် ဒီစာစောင်ကိုအဆုံးသတ်လိုက်ပါတယ်။ ဖတ်ရှုပေးသူတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်လျက် 🙌

Read it at Gamedia blog: https://gamedia-myarchive.blogspot.com/2024/03/blog-post.html

Yan

Resident Evil 2® နဲ့ 4® တို့ရဲ့ မတူကွဲပြားတဲ့ Horror ရသပုံစံနှစ်မျိုးနဲ့ Resident Evil စီးရီးရဲ့ စစ်မှန်တဲ့အမွေဆက်ခံသူဟာ...
26/03/2024

Resident Evil 2® နဲ့ 4® တို့ရဲ့ မတူကွဲပြားတဲ့ Horror ရသပုံစံနှစ်မျိုးနဲ့ Resident Evil စီးရီးရဲ့ စစ်မှန်တဲ့အမွေဆက်ခံသူဟာ ဘယ်သူလဲ? 🤲🏻

ကဲ အပါတ်စဥ်ဂိမ်းဆောင်းပါးနဲ့အတူ ပေ့ချ်ကနေ စာဖတ်သူဂိမ်းပရိသတ်များကို ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ခေါင်းစဥ်မှာအားလုံးဖတ်ခဲ့ရတဲ့အတိုင်း ဒီတစ်ခေါက်မှာတော့ RE ပရိသတ်တွေ အကြိုက်ဆုံးဂိမ်းနှစ်ခုဖြစ်တဲ့ RE2 နဲ့ RE4 (Remake) အသီးသီးကပေးစွမ်းတဲ့ အကြောက်တရားကိုယ်စီကို အသေးစိတ်လေ့လာသွားမှာဖြစ်ပြီး အခြေခံတွေကစပြီးကွဲပြားသွားကြတဲ့ ဒီဂိမ်းနှစ်ခုမှာ ဘယ်သူက Resident Evil ဂိမ်းတွဲရဲ့စစ်မှန်တဲ့ အမွေဆက်ခံသူလဲဆိုတာ အဖြေရှာသွားမှာဖြစ်ပါတယ်။ တစ်လမှာလေးပို့စ်ပုံမှန်တင်ပေးနေတဲ့ကြားက RE ဂိမ်းလောကနဲ့ပတ်သက်တဲ့ စာစောင်တွေဟာ အခြားဂိမ်းများထက်ပိုပြီး ဖော်ပြခြင်းခံရတာကြောင့် ပေ့ချ်ကို RE’s Gamedia လို့ နာမည်ပြောင်းရမလိုပါပဲ။ စာရေးသူတင်မက ဖတ်ရှုသူများရဲ့ငယ်ဘဝတွေမှာ နာရီပေါင်းများစွာ နှစ်နှစ်ခြိုက်ခြိုက် ဆော့ကစားခဲ့ရတဲ့ Resident Evil ဂိမ်းတွဲအကြောင်းကို အခုလိုရေးသားမျှဝေရတဲ့အပေါ် ဂိမ်မာတစ်ယောက်အနေနဲ့ ကျေနပ်အားရမိသလို ဖတ်ရှုရတဲ့ဂိမ်မာများကလည်း သဘောတွေ့ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကဲ ဒါဆိုရင် RE2 နဲ့ RE4 တို့နှစ်ခုရဲ့ မဟာကွဲပြားခြားနားမှုများနဲ့ သူတို့ပေးစွမ်းတဲ့အကြောက်တရားကိုယ်စီကို ဒီဆောင်းပါးမှာ ကြည့်လိုက်ရကြရအောင်ဗျာ။ (ဒီပို့စ်မှာ ရည်ညွှန်းတဲ့ RE2 နဲ့ RE4 ဟာ အစကနေအဆုံးထိ အသစ်ပြန်လည်‌ရေးဆွဲဖန်တီးထားတဲ့ Remake နှစ်ခုကို ဆိုလိုခြင်းဖြစ်ပါတယ်) တစ်ပုံချင်းစီထောက်ပြီး ဖတ်ရှုပေးပါ ⬇️⬇️

Read it at Gamedia blog: https://gamedia-myarchive.blogspot.com/2024/03/resident-evil-2-4-horror-resident-evil.html

Yan

20/03/2024
သိန်းသောင်းချီများပြားလှတဲ့ ပုရွက်ဆိတ်တွေထဲက တပ်သားတစ်ကောင်အဖြစ် ကိုယ့်အသိုက်ကိုလိုနီကို ထိန်းသိမ်းကာကွယ်တည်ဆောက်ရမယ့် ပ...
19/03/2024

သိန်းသောင်းချီများပြားလှတဲ့ ပုရွက်ဆိတ်တွေထဲက တပ်သားတစ်ကောင်အဖြစ် ကိုယ့်အသိုက်ကိုလိုနီကို ထိန်းသိမ်းကာကွယ်တည်ဆောက်ရမယ့် ပုရွက်ဆိတ်တို့ရဲ့အင်ပါယာ Empire of Ants ဂိမ်း 🐜🐜

လွန်ခဲ့တဲ့ရက်အနည်းငယ်က ထုံးစံအတိုင်း YouTube ကြည့်နေရင်း လုံးဝအမှတ်မထင်ပဲ ကျွန်တော့်ရဲ့စိတ်အာရုံကို ဆွဲငင်ဖမ်းစားသွားတဲ့ အလွန်ထူးကဲတဲ့ဂိမ်းတစ်ခုရဲ့ ထွေလာတက်လာပါတယ်။ အဲဒါကတော့ ၂၀၂၄ နှောင်းပိုင်းမှာထွက်လာမယ်လို့ ကြေညာခဲ့တဲ့ ပုရွက်ဆိတ်တို့ရဲ့အင်ပါယာ (Empire of Ants) ဂိမ်းရဲ့ထွေလာပဲ ဖြစ်ပါတယ်။ အင်းဆက်ပိုးမွှားတွေကို စူးစမ်းလေ့လာတဲ့သဘာဝချန်နယ်ကို တီဗီမှာတိုက်ရိုက်ကြည့်နေရသလို ခံစားရစေတဲ့ နောက်ဆုံးပေါ်ဂရပ်ဖစ်ရုပ်ထွက်တွေနဲ့ ရေးဆွဲပုံဖော်ထားပြီး သာမန်ဗီဒီယိုဂိမ်းတွေနဲ့ လားလားမှမတူဘဲ ကွဲထွက်နေတဲ့ ဒီပုရွက်ဆိတ်ဂိမ်းဟာ စိတ်ဝင်စားဖို့ကောင်းတာတော့ အမှန်ပါပဲ။ ဆိတ်အဖြစ်၊ ငါးမန်းအဖြစ်၊ သားရဲတစ်ကောင်အဖြစ်စသဖြင့် သတ္တဝါတစ်ကောင်အနေနဲ့ ကိုယ်စိတ်ကြိုက်ဆော့ကစားလို့ရတဲ့ဂိမ်းတွေဟာ စျေးကွက်ထဲမှာ ဟိုးအရင်အချိန်တွေကတည်းက ထွက်ရှိခဲ့ပြီးဖြစ်တာကြောင့် ဒါဟာ ဆန်းပြားတဲ့ကိစ္စတစ်ခုမဟုတ်သော်ြငား ပုရွက်ဆိတ်တစ်ကောင်ရဲ့နေရာကဝင်ပြီး ပုရွက်ဆိတ်ကိစ္စတွေကို ဂိမ်းတစ်လျှောက်လုံးလုပ်ဆောင်ရမယ့် ဒီဂိမ်းကတော့ ဘာနဲ့မှကိုမတူတာ အမှန်ပါပဲ။ ပုရွက်ဆိတ်ဂိမ်းလို့ခေါ်‌‌ဝေါ်ရတာကို ပါးစပ်ဖျားမှာ တစ်မျိုးလေးထူးကဲနေပါတယ် 🍁

ပုရွက်ဆိတ်တို့ရဲ့အင်ပါယာ (Empire of Ants) လို့အမည်ရတဲ့ဒီဂိမ်းကို ပြင်သစ်နိုင်ငံအခြေစိုက်ဂိမ်းစတူဒီယိုဖြစ်တဲ့ Tower Five က ဖန်တီးရေးဆွဲပြီး Microids ကုမ္ပဏီက ထုတ်လုပ်ဖြန့်ချိသွားမှာဖြစ်ပါတယ်။ မရေမတွက်နိုင်လောက်အောင် အကောင်ရေသိန်းသောင်းချီများပြားလှတဲ့ ပုရွက်ဆိတ်တွေထဲကမှ ဂိမ်မာများဟာ ပုရွက်ဆိတ်နံပါတ် ၁၀၃,၆၈၃ မြောက်နေရာကနေ ကိုယ့်ရဲ့အသိုက်အမြုံ၊ ကိုလိုနီကို တစ်ဆင့်ချင်းစီတည်ဆောက်သွားပြီး ကျရောက်လာမယ့်အန္တရာယ်မျိုးစုံကနေ ကာကွယ်စောင့်ရှောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။ လူသားတွေအမြင်နဲ့ကြည့်ရင်သာ ပုရွက်ဆိတ်လေးတွေဟာ လွန်စွာမှသေးငယ်လှပေမယ့် သူတို့တွေမှာလည်း သီးသန့်ဘဝနေထိုင်မှုပုံစံ၊ အဖွဲ့အစည်းလိုက်လှုပ်ရှားပုံ၊ အစာရှာထွက်ပုံ၊ ရန်သူမိတ်ဆွေခွဲခြားသတ်မှတ်ပုံတွေ အစရှိသဖြင့် စနစ်တကျဖွဲ့စည်းထားတဲ့ သွားလာပြုမူဆက်ဆံပုံတွေရှိကြပါတယ်။ ပုရွက်ဆိတ်တို့ရဲ့အင်ပါယာဆိုတဲ့ နာမည်အတိုင်းပဲ ဒီဂိမ်းမှာ အင်ပါယာတစ်ခုကိုအောက်ခြေကနေ တစ်ဆင့်ချင်းစတင်တည်ထောင်ရမှာြဖစ်ပြီး အခြားသောအင်းဆက်အမျိုးအစားများ၊ ပိုးကောင်းများ၊ တိရစ္ဆာန်များအပြင် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့နေရာများစွာကိုလည်း ပုရွက်ဆိတ်တစ်ကောင်အဖြစ် တွေ့မြင်ခံစားရမှာဖြစ်ပါတယ်။ ဂိမ်းအမျိုးအစားကိုတော့ ဗျူဟာဆွဲပြီးဆော့ရတဲ့ဂိမ်းအဖြစ် သတ်မှတ်ထားပေမယ့် တိုက်ခိုက်ပုံ၊ ဇာတ်ကြောင်းရှေ့ဆက်ပုံ၊ အဆင့်တက်ပုံအစရှိတဲ့ ဂိမ်းကစားပုံအတိအကျကိုတော့ အခုထိမသိရသေးပါဘူး 🗺️

ကျွန်တော်တို့ငယ်စဥ်ကလေးဘဝတုန်းက ပျားကလေးများရဲ့ဘဝကို ပုံဖော်ရေးဆွဲထားတဲ့ ကာတွန်းကားကိုကြည့်ခဲ့ဖူးသလို ပုရွက်ဆိတ်လေးများ၊ ငါးကလေးများရဲ့ရုန်းကန်လှုပ်ရှားမှုကို အတိုင်းသားမြင်တွေ့ခဲ့ရတဲ့ ကာတွန်းကားများကိုလည်း ကြည့်ခဲ့ရဖူးပါတယ်။ အဲဒီအချိန်တုန်းက ငါသာအဲလိုအင်းဆက်လေးတစ်ကောင်၊ တိရစ္ဆာန်လေးတစ်ကောင်များဖြစ်ခဲ့ရင် ဒီလိုအန္တရာယ်များတဲ့ပတ်ဝန်းကျင်မှာ ဘယ်လိုအသက်ရှင်မလဲဆိုတဲ့အတွေးတော့ ဂိမ်မာတိုင်းရခဲ့ကြဖူးမှာပါ၊ အခုဒီပုရွက်ဆိတ်တို့ရဲ့အင်ပါယာဂိမ်းဟာ အဲလိုငယ်စဥ်ဘဝကအတွေးတွေကို လက်တွေ့ဖြစ်လာအောင် လုပ်ပေးနိုင်မယ့်ဂိမ်းတစ်ခုပါပဲ။ ဂိမ်းဇာတ်ကြောင်းပုံစံ၊ တည်ဆောက်ထားတဲ့ဂိမ်းလောက၊ နောက်ခံဇာတ်လမ်း အစရှိတဲ့အချက်အလက်တွေကိုတော့ များများစားစားမသိရသေးပေမယ့် အသစ်ထွက်လာမယ့်ဂိမ်းတွေထဲကမှ ဒီဂိမ်းဟာ ကျွန်တော်စိတ်ဝင်စားမိတဲ့ဂိမ်းတွေထဲက တစ်ခုလို့‌‌ပြောရင်လည်းမမှားပါဘူး 🔜

ကဲ ဒီတော့ပုရွက်ဆိတ်တို့ရဲ့အင်ပါယာဂိမ်းမှာ ဘယ်လိုအံ့အားသင့်တဲ့အရာတွေပါနေမလဲ? ရုပ်ထွက်ကရောဘယ်လောက်ထိကောင်းမလဲ? ပုရွက်ဆိတ်တစ်ကောင်လို ဂိမ်းတစ်လျှောက်လုံး အပြည့်အဝခံစားရစေမလား? ပုရွက်ဆိတ်နံပါတ် ၁၀၃,၆၈၃ မြောက်နေရာက ဘယ်လိုဆော့ကစားရမလဲ? အစရှိတာတွေကို အတိအကျသိရဖို့တော့ ဂိမ်းထွက်လာတဲ့အချိန်ထိစောင့်မျှော်ရဦးမှာပါ။ လတ်တလောသိလိုက်ရတဲ့ ဂိမ်းသစ်တစ်ခုအကြောင်းကို စာဖတ်သူများသိရှိစေဖို့ အခုလိုရေးသားတင်ပြလိုက်ရပါတယ်။ နောက်လာမယ့်အပါတ်များမှာလည်း လက်ရှိဂိမ်းလောကထဲက အကြောင်းအရာများ၊ နောက်ဆုံးရဂိမ်းသတင်းများ၊ ဂိမ်းသမိုင်းကြောင်းများကို စိတ်ဝင်စားဖွယ်ရေးသားတင်ဆက်ပေးသွားမှာမို့ စောင့်မျှော်နေပေးကြဖို့ ‌‌ပြောကြားရင်း ပုရွက်ဆိတ်တို့ရဲ့အင်ပါယာဂိမ်းစာစောင်ကို ဒီမှာအဆုံးသတ်လိုက်ရပါတယ်။ ဂိမ်းရဲ့ရုပ်ထွက်နဲ့ပုံစံကို တစ်စေ့တစောင်းတွေ့မြင်သိရှိချင်သူများအဖို့ ရိုက်ယူထားတဲ့ ဂိမ်းတွင်းဓာတ်ပုံများကို ဒီကနေ အမြည်းအဖြစ်ပြန်လည်မျှဝေလိုက်ပါတယ် 👆

Read it at Gamedia blog: https://gamedia-myarchive.blogspot.com/2024/03/empire-of-ants.html

Yan

Red Dead Redemption 2 ကဖွင့်ဆိုတဲ့သစ္စာတရားနဲ့ လူမှုဆက်ဆံရေး၊ လူ့အဖွဲ့အစည်း၊ တစ်ဦးနဲ့တစ်ဦးကြားမှာ သစ္စာရှိမှုဟာ ဘယ်လော...
13/03/2024

Red Dead Redemption 2 ကဖွင့်ဆိုတဲ့သစ္စာတရားနဲ့ လူမှုဆက်ဆံရေး၊ လူ့အဖွဲ့အစည်း၊ တစ်ဦးနဲ့တစ်ဦးကြားမှာ သစ္စာရှိမှုဟာ ဘယ်လောက်တောင်အရေးကြီးသလဲ? 🐎🐎

Red Dead Redemption လို့ပြောလိုက်ရင် ဂိမ်မာအတော်များများက တစ်စွန်းတစတော့ကြားဖူးကြမှာပါ။ ဥပဒေမဲ့ပြီး ကြမ်းတမ်းခက်ထန်လှတဲ့ အမေရိကန်အနောက်ပိုင်း (Wild West) ကကောင်းဘွိုင်တွေနဲ့ တစစဖွံ့ဖြိုးတိုးတက်လာတဲ့လူ့အဖွဲ့အစည်း၊ ယဥ်ကျေးမှုတို့ အားပြိုင်လွန်ဆွဲကြတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး ပေးစွမ်းတဲ့ရသထူးကဲတာကြောင့် အနောက်တိုင်းမှာသာမက တစ်ကမ္ဘာလုံးမှာပါ နာမည်တစ်လုံးနဲ့ကျော်ကြားတဲ့ Rockstar ရဲ့ဂိမ်းတွဲတစ်ခုဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် Red Dead Redemption စီးရီးမှာ ဒုတိယမြောက် (တကယ်တော့ တတိယမြောက်) ဂိမ်းကို ၂၀၁၉ ခုနှစ်မှ ကိုယ်တိုင်ကိုယ်ကျ စတင်ဆော့ကစားခဲ့ဖူးပြီး ကျွန်တော်ကြိုက်အနှစ်သက်ရဆုံံးဂိမ်းတွေထဲက တစ်ခုဖြစ်သွားခဲ့တာဖြစ်ပါတယ်။ စာရေးသူတစ်ယောက်အနေနဲ့ Red Dead Redemption စီးရီးဟာ ဒရာမာအထူးအသားပေး ဂိမ်းတွဲတစ်ခုဖြစ်တယ်လို့မှတ်ယူရမှာဖြစ်ပြီး အက်ရှင်၊ သမိုင်း၊ စူးစမ်းလေ့လာမှုနဲ့ တစ်ခါတစ်ရံမှာစိတ်ခြောက်ခြားစေတဲ့ လျှို့ဝှက်ချက်တွေပါတဲ့ ဂိမ်းကစားပုံနဲ့ ရောယှက်လိုက်တဲ့အခါမှာ အဘက်ဘက်ကပြီးပြည့်စုံတဲ့ဂိမ်းတစ်ခု ဖြစ်သွားတော့တာပါပဲ 🧡

အခုဒီဆောင်းပါးမှာပြောချင်တာကတော့ RDR ဖြစ်တည်လာပုံနဲ့ သမိုင်းကြောင်းတွေမဟုတ်ပါဘူး၊ Red Dead Redemption 2 မှာမီးမောင်းထိုးပြထားတဲ့ သစ္စာတရားနဲ့ သစ္စာတရားဟာ လူ့ပတ်ဝန်းကျင်မှာ ဘယ်လောက်အရေးပါပုံ၊ အရာအားလုံးနဲ့ဆက်နွယ်နေပုံ၊ ပျက်စီးမှုနဲ့ ကြွယ်ဝမှုနှစ်ခုလုံးအတွက် တာဝန်ရှိနိုင်ပုံ အစရှိတာတွေကို စာရေးသူရဲ့ အတွေးအမြင်နဲ့ ရော‌‌နှောတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းအရာကိုရေးသားဖို့ ကျွန်တော်ပြင်ဆင်လာခဲ့တာဟာ Red Dead 2 ကိုဒုတိယအကြိမ် ပြီးစီးအောင်ဆော့ပြီးတဲ့အချိန်ကတည်းကပါပဲ။ ကဲ အခုလောက်ဆိုရင်ခေါင်းစဥ်ကိုလည်း ဖတ်ပြီးလောက်ပြီထင်ပါတယ်၊ ဒါကြောင့်မို့ Red Dead ပရိသတ်များ‌ရော ဂိမ်မာများပါ အဆင်သင့်ဖြစ်ပြီဆိုစလိုက်ကြရစို့ဗျာ။ အမှန်တော့ ဒီပို့စ်ကိုအရင်အပါတ်ကတည်းကတင်ပေးဖို့ ရည်ရွယ်ချက်ရှိပေမယ့် ကြားထဲမှာ ခရီးတစ်ခုထွက်ဖြစ်လိုက်တဲ့အတွက် ဒီနေ့မှသာတင်ဆက်ပေးရခြင်းဖြစ်ပါတယ်။ တစ်ပါတ်တစ်ပုဒ်နှုန်းဖြင့်သာ ‌ရေးသားဖြစ်နေတဲ့ဂိမ်းစာစောင်တွေကို ပေ့ချ်ကနေတင်လိုက်တိုင်းမှာ ဖတ်ရှုအားပေးကြတဲ့အတွက်လည်း ဂိမ်မာများကိုကျေးဇူးတင်ပါတယ်။ တစ်ပုံချင်းစီထောက်ပြီးဖတ်ရှုပေးပါ ⬇️⬇️

Read it at Gamedia blog: https://gamedia-myarchive.blogspot.com/2024/03/red-dead-redemption-2.html

Yan

Survival Horror တို့ရဲ့ဖခင်လို့တင်စားခေါ်‌ဝေါ်ကြတဲ့ ပထမဦးဆုံး Resident Evil ဟာ ဂိမ်းရသသစ်တစ်ခုကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆ...
05/03/2024

Survival Horror တို့ရဲ့ဖခင်လို့တင်စားခေါ်‌ဝေါ်ကြတဲ့ ပထမဦးဆုံး Resident Evil ဟာ ဂိမ်းရသသစ်တစ်ခုကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုခဲ့သလဲ? ✒️

လက်ရှိဂိမ်းလောကမှာ Survival Horror လို့ဆိုလိုက်ရင် ဂိမ်မာတော်တော်များများက ဘာကိုဆိုလိုသလဲဆိုတာ အတိအကျမဟုတ်တောင် သဘောတရားလောက်တော့ သိနေကြပါပြီ။ ယေဘုယျအားဖြင့်ဆိုရရင် Survival Horror ရဲ့အဓိပွါယ်ကို စကားလုံးဆိုလိုချက်အတိုင်း မြန်မာလိုပြန်ဆိုရမယ်ဆိုရင်တော့ အကြောက်တရားထဲမှာ (နှင့်အတူ) ရုန်းကန်ခြင်း၊ အသက်ရှင်သန်နေထိုင်ခြင်းလို့ အနီးစပ်ဆုံးပြန်ဆိုရမှာဖြစ်ပါတယ်။ စာဖတ်သူများသတိမထားမိတဲ့ နောက်တစ်ချက်က Survival Horror ဆိုတဲ့ရသဟာ ဗီဒီယိုဂိမ်းလောကထဲမှာသာရှိပြီး အခြားအနုပညာနယ်ပယ်များဖြစ်တဲ့ ရုပ်ရှင်တို့၊ စာပေတို့မှာ မရှိသလောက်ရှားပါးပါတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ Survival Horror ဆိုတာဟာ ဂိမ်းဆော့ကစားသူကိုယ်တိုင်က ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပြီး အန္တရာယ်များခြောက်ခြားတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ရရာနည်းနဲ့ အသက်ရှင်အောင် ရုန်းကန်ရတာမို့လို့ ဖြစ်ပါတယ်။ အခြားအနုပညာနယ်ပယ်များနဲ့ ပကတိကွဲပြားတဲ့အချက်တစ်ချက်က ရုပ်ရှင်တစ်ကား၊ စာအုပ်တစ်အုပ်မှာ ဇာတ်ကြောင်းအရ အဓိကဇာတ်ဆောင်က ဘယ်လိုပြုမူမယ်၊ လုပ်ဆောင်မယ်ဆိုတာ စ၊ လယ်၊ ဆုံး ကြိုတင်သတ်မှတ်ထားပြီးဖြစ်ပေမယ့် ဗီဒီယိုဂိမ်းများမှာတော့ အဲသလိုသတ်မှတ်ချက်မရှိပါဘူး။ ဒါကြောင့်လည်း ဗီဒီယိုဂိမ်းဆိုတာ အခြားအနုပညာနယ်ပယ်များထဲက လွန်စွာမှကွဲထွက်တဲ့ ဖျော်ဖြေရေးကြားခံနယ်တစ်ခု ဖြစ်နေတာဖြစ်ပါတယ် 🎮

ဘယ်နေရာကြည့်ကြည့် ‌စိတ်တုန်လှုပ်ဖို့ကောင်းတဲ့နေရာတစ်ခုမှာ ဘယ်နေရာမှာကျည်ဆံကိုချွေတာသုံးမယ်၊ ရန်သူကိုမသတ်ပဲ လှည့်ပတ်ကျော်သွားမယ်၊ ဒီကောင်ကိုသတ်ပြီး ဒီတစ်ကောင်ကိုတော့ နောက်တစ်ခေါက်မှ ပြန်လာဖိုက်မယ် အစရှိသဖြင့် ကစားသူကိုယ်တိုင်က ကိုယ်ကြိုက်တဲ့ဆုံးဖြတ်ချက်၊ ဗျူဟာအတိုင်း အဆင်ပြေသလိုဆော့ကစားပြီး ရှေ့ဆက်ရတာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ရှေ့ဆက်တိုးဖို့ ဂိမ်းကပေးထားတဲ့ပစ္စည်းဆိုတာဟာလည်း ကိုယ်အသက်ရှင်နိုင်ရုံလောက်၊ အမှားတစ်ခုပဲလုပ်နိုင်ရုံလောက် ပေးစွမ်းထားတာဖြစ်ပါတယ်။ ဒါသည်ကိုက Survival Horror ပါပဲ။ အဲဒီထဲမှာမှ မမျှော်လင့်ထားတဲ့ဇာတ်မြှုပ်ကွက်တွေပါမယ်၊ ထူးကဲတဲ့ concept တွေနဲ့ ရုပ်ပျက်ဆင်းပျက်သတ္တဝါတွေ၊ စက်ဆုပ်ဖို့ကောင်းတဲ့နောက်ခံဇာတ်ကြောင်းတွေနဲ့ ရသ‌မြောက်စွာ ဂိမ်းတစ်ခုလုံးကို ရေးဆွဲဖန်တီးထားတယ်ဆိုရင်တော့ ဒါကို အနုပညာမြောက်တဲ့ Survival Horror ဂိမ်းတစ်ခုလို့ ကျွန်တော်တို့မှတ်ယူရမှာဖြစ်ပါတယ်။ ကဲ အဲဒါဆိုရင် Survival Horror ဆိုပြီး ဂိမ်းရသသစ်တစ်ခု ဖြစ်လာစေတဲ့ ပထမဦးဆုံး Resident Evil ဂိမ်းဆိုတာဘာလဲ? အဲလောကထဲမှာအသက်ရှင်ရုန်းကန်ရတာ ဘယ်လောက်တောင်ခက်ခဲမလဲ? ဂိမ်းလောကတစ်ခုလုံးကိုလှုပ်ခတ်စေခဲ့ပြီး Horror ပရိသတ်တွေအပြင် မျိုးဆက်သစ်၊ မျိုးဆက်ဟောင်းဂိမ်မာများကပါ ကြိုက်နေဆဲ၊ ကစားနေဆဲဖြစ်တဲ့ RE ဂိမ်းစီးရီးကို အစပျိုးခဲ့တဲ့ Resident Evil 1 ရဲ့ရိုက်ခတ်မှု၊ ခမ်းနားမှုနဲ့ မျိုးစေ့ချခဲ့မှုတွေကို ကျွန်တော်တို့လေ့လာကြည့်လိုက်ကြရအောင်ဗျာ။ တစ်ပုံချင်းစီထောက်ပြီးဖတ်ရှုပေးပါ ➡️➡️

Read this at Gamedia blog: https://gamedia-myarchive.blogspot.com/2024/03/survival-horror-resident-evil.html

Yan

Address


Alerts

Be the first to know and let us send you an email when Yan's Gamedia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yan's Gamedia:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

Yan’s Gamedia ☭

Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. As an independent content creator, this is pretty much a digital bookshelf that collectively showcases my crafts and ideas. Blog link is provided in the info. So enjoy yourself and free roam as you like.