Curiosity

Curiosity Curiosity is the first science digital media in Myanmar. It was founded in May, 2014. Curiosity is said to be the first in Myanmar science media.
(156)

It was founded in May, 2014 by four science-enthusiastic students. Curiosity aims to popularize science in Myanmar - make the methods and findings of science accessible to non-scientists or public. We explore the contemporary science landscape and we also offer opportunities for all the people who are enthusiastic to share their knowledge in science. We always seek for your contribution.

ကြယ်များ၊ ဂလက်ဆီများ၊ တွင်းနက်များ၊ လက်ရှိအထိ ကျွန်တော်တို့ နားမလည်နိုင်သေးတဲ့ အရာများပါဝင်နေပြီး ကျွန်တော်တို့ တွေးနိုင...
24/03/2024

ကြယ်များ၊ ဂလက်ဆီများ၊ တွင်းနက်များ၊ လက်ရှိအထိ ကျွန်တော်တို့ နားမလည်နိုင်သေးတဲ့ အရာများပါဝင်နေပြီး ကျွန်တော်တို့ တွေးနိုင်စွမ်းထက် အဆမတန် ကြီးမားလှတဲ့ ဒီစကြဝဠာကြီး အတွင်းမှာ လူသားတို့ဟာ ၁၉၇၀ ခုနှစ်များနှောင်းပိုင်းအတွင်း သမိုင်းတစ်ခု ရေးထိုးခဲ့ပါတယ်။ စကြဝဠာအတွင်း အကောင်းမြင်စိတ်တစ်ခုကို အခြေခံပြီးတော့ နက္ခတ်ရူပဗေဒပညာရှင် ကားလ်စေဂန် (Carl Sagan) က ဦးဆောင်ကာ အာကာသအတွင်း နေအဖွဲ့အစည်းအပြင်ဘက်သာမက ဝေးလံလှသော ကြယ်များဆီကို အဆုံးမရှိ ခရီးနှင်မယ့် Voyager အာကာသယာဉ် စုံတွဲကို လွှတ်တင်ခဲ့ပါတယ်။ Voyager 2 ဟာ ဒုတိယနံပါတ်ဖြစ်သော်ငြား ၁၉၇၇၊ ဩဂုတ်လ ၂၀ ရက်နေ့မှာ ဦးစွာထွက်ခွာခဲ့ပြီး နောက်နှစ်ပတ်အကြာ စက်တင်ဘာ ၅ ရက်နေ့မှာပဲ Voyager 1 က လိုက်ပါထွက်ခွာသွားခဲ့ပါတယ်။

ဒီ Voyager ယာဉ်များက အာကာသအတွင်း ဖြတ်သန်းသွားလာနေစဉ်မှာ ရင်သပ်ရှုမောဖွယ် အာကာသပုံရိပ်မြင်ကွင်းများ နဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သိပ္ပံအချက်အလက်များကို ကမ္ဘာဆီ ပြန်လည် လက်ဆောင်ပို့ပေးခဲ့ပါတယ်။ Voyager 1 ဟာ ၁၉၇၉ ခုနှစ် မတ်လအတွင်းမှာ ဂျူပီတာဂြိုဟ်အနီးက ဖြတ်သန်းသွားခဲ့ပီး ဂြိုဟ်ကြီးရဲ့ ကြီးမားပြီး ရှုတ်ထွေးလှတဲ့ မုန်တိုင်းများ နဲ့ လ များအကြောင်းကို ထုတ်ဖော်ပေးခဲ့ပါတယ်။ ပြီးတော့ ၁၉၈၀၊ နိုဝင်ဘာလမှ စေတန်ဂြိုဟ်အနီးက ဖြတ်သန်းသွားလာခဲ့ပြီး ထိုဂြိုဟ်ကြီးရဲ့ လှပလှတဲ့ ဂြိုဟ်ခါးပတ်ကြီးနဲ့ သူ့ရဲ့ လတစ်စင်းဖြစ်တဲ့ တိုက်တန်(Titan) တို့အကြောင်းကို ပြန်လည်ပေးပို့ခဲ့ပါတယ်။

Voyager 2 ကတော့ ပိုမို ကွေးညွတ်ရှည်လျားတဲ့ လမ်းကြောင်းအတိုင်း သွားလာခဲ့ပြီး ဂျူပီတာကို ၁၉၇၉ ဂျူလိုင်၊ စေတန်ကို ၁၉၈၁ ဩဂုတ်၊ ယူရေးနပ်စ်ကို ၁၉၈၆ ဇန်နဝါရီလ နဲ့ နတ်ပ်ကျွန်းကို ၁၉၈၉၊ ဩဂုတ်လတို့မှာ ဖြတ်သန်းသွားလာခဲ့ပြီး ဂြိုဟ်ကြီး ၄ လုံး တို့အကြောင်း တန်ဖိုးကြီးလှတဲ့ သိပ္ပံဆိုင်ရာ အချက်အလက်များ၊ တွေ့ရှိမှုများကို ပေးအပ်ခဲ့ပါတယ်။

ဒီအာကာသယာဉ်များက heliopause လို့ခေါ်တဲ့ (အာကာသအတွင်း ကြားခံနယ်ကြောင့် နေမင်းကြီးဆီမှ ဖြာထွက်မှုလေလှိုင်းများ ရပ်တန့်သွားတဲ့) အလွှာကို ကျော်သွားပြီဆိုရင်တော့ သူတို့ဟာ နေအဖွဲ့အစည်းပြင်ပကို ရောက်ပြီးတော့ ကြယ်များကြားခရီးသွားလာခြင်း (interstellar) စတင်ပြီလို့ ဆိုနိုင်ပါတယ်။ Voyager 1 က ဒီအလွှာကို ၂၀၁၂ ဩဂုတ်လမှာ ဖြတ်သန်းခဲ့ပြီး Voyager 2 ကတော့ ၂၀၁၈ နိုဝင်ဘာလမှာ ဖြစ်သန်းခဲ့ပါတယ်။ ဒါဟာ လူသားများ ပြုလုပ်ထားတဲ့ အရာတစ်ခုက နေအဖွဲ့အစည်းကို ကျော်လွန်ပြီး အခြားကြယ်များဆီကို စတင်ဦးတည်ခြင်းပဲ ဖြစ်ပါတယ်။ အလွန်ဝေးကွာတဲ့ နေရာကို ရောက်နေပေမယ့် Voyager အာကာသယာဉ်များနဲ့ အခုထိတော့ အဆက်အသွယ် ပြတ်တောက်သွားခြင်း မရှိသေးပါဘူး။ ဆက်သွယ်ဖို့ ရေဒီယိုလှိုင်းများဟာ Voyager 1 မှ ကမ္ဘာဆီရောက်ဖို့ ၁၇ နာရီကြာမြင့်ပြီး Voyager 2 ကဆိုရင်တော့ ၁၃ နာရီကျော် ကြာမြင့်ပါတယ်။ ဒီဆက်သွယ်ရေးလှိုင်းများကို ကမ္ဘာတစ်ဝန်း အထူးပြုလုပ်ထားတဲ့ အန်တန်နာများနဲ့ ဖွဲ့စည်းထားတဲ့ Deep Space Network ကို အသုံးပြုပြီး ယနေ့တိုင် အဆိုပါ အဝေးမှ အာကာသယာဉ် ၂ စီးနဲ့ အဆက်အသွယ်ပြုလုပ်နေမြဲဖြစ်ပါတယ်။

ဒီအာကာသယာဉ် ၂ စီးကို သိပ္ပံပညာရှင်များသာမက အိပ်မက်များ ရည်မှန်းချက်များနဲ့ လူများတို့ပါ ဖြစ်မြောက်အောင် အကောင်အထည်ဖော်ခဲ့ကြပြီး ကျွန်တော်တို့ ဂြိုဟ်ကမ္ဘာပေါ်က အနှစ်သာရများကို တက်နိုင်သလောက် ထည့်ပေးလိုက်ကြပါတယ်။ အဆိုပါ အာကာသယာဉ်ပေါ်မှာ နာမည်ကျော် နက္ခတ်ရူပဗေဒပညာရှင်ဖြစ်တဲ့ Frank Drake က ရေးဆွဲပေးထားတဲ့ ကမ္ဘာမြေတည်နေရာ အာကာသမြေပုံလည်း ပါဝင်ပါတယ်။ အာကာသအတွင်းက မီးပြတိုက်များလို့ တင်စားခေါ်ဝေါ်ကြတဲ့ ပါလ်စာ - pulsar များကို တည်မှတ်များအဖြစ် အသုံးပြုကာ ကမ္ဘာကြီးရဲ့ တည်နေရာကို ဖော်ပြထားခြင်းဖြစ်ပါတယ်။ (အကယ်၍ အခြားဂြိုဟ်များကို နယ်ချဲ့အနိုင်ယူတတ်တဲ့ အသိဉာဏ်မြင့်သက်ရှိအဖွဲ့အစည်းက တွေ့သွားလို့ကတော့ အန္တရာယ်ကို လက်ယက်ခေါ်သလို ဖြစ်နေမှာပါပဲ) ဒီမြေပုံပေါ်မှာ လူသားတို့ရဲ့ ပုံသဏ္ဍာန်ကိုလည်း ရေးဆွဲထားပါတယ်။ ဒါတင်မကပဲ တစ်နေ့နေ့ တစ်ချိန်ချိန်၊ နောက်နှစ်သန်းပေါင်းများစွာကြာတဲ့အခါမှာ (ဒီကမ္ဘာပေါ် ကျွန်တော်တို့ လူသားများ ပျောက်ကွယ်သွားပြီးဖြစ်ရင်တောင်) အခြားစကြဝဠာတစ်နေရာမှ အသိဉာဏ်မြင့် သက်ရှိများက တွေ့တဲ့အခါ တစ်ချိန်တစ်ခါက Earth လို့ ခေါ်တဲ့ ဂြိုဟ်တစ်လုံးပေါ်မှာ နည်းပညာဖွံ့ဖြိုးတဲ့ သက်ရှိအဖွဲ့အစည်းရှိခဲ့တယ်ဆိုတာကို သိစေဖို့ ရည်ရွယ်ချက်နဲ့ ရွှေရောင်ဓာတ်ပြား(Golden Record) လေးကိုပါ ထည့်ပေးလိုက်ပါတယ်။

ဒီဓာတ်ပြားလေးဟာ ၅ နာရီကျော် ကြာမြင့်ပြီး ကမ္ဘာပေါ်မှာ ငှက်သံများ၊ သင်္ဘောဩဥစွဲသံများ၊ အပင်များ၊ ရေတံခွန်ကျသံများ အစရှိသဖြင့် ကမ္ဘာပေါ်မှ အသံများပါဝင်ပါတယ်။ Sound of Earth လို့ အမည်ပေးထားတဲ့ ဒီဓာတ်ပြားရဲ့ ၄ မိနစ်နဲ့ ၂၅ စက္ကန့်စာခန့်ဟာ ဘာသာစကား ၅၅ မျိုးရဲ့ နှုတ်ဆက်စကားများဖြစ်ပါတယ်။ ကမ္ဘာဂြိုဟ်ပေါ်မှ သက်ရှိမျိုးနွယ်များဟာ ကောင်းမွန်တဲ့ စိတ်ထားနဲ့ စကြဝဠာအတွင်းကို နှုတ်ဆက်စကားဆိုနေတယ်လို့ အဓိပ္ပာယ်ပေါ်အောင် ဘာသာစကား ၅၅ မျိုးနဲ့ အသံသွင်းထားပါတယ်။ ဒီထဲမှာ မြန်မာစကားလည်း အပါအဝင်ဖြစ်ပြီး ၄၄ စက္ကန့်နေရာမှာ မောင်မျိုးလွင် ဆိုသူက "မာ ရဲ့လာခင်ဗျာ" ဆိုပြီး တစ်ချိန်တစ်ခါမှာ ကြားကောင်းကြားနိုင်မယ့် အခြားသက်ရှိအဖွဲ့အစည်းကို ယဉ်ယဉ်ကျေးကျေးနဲ့ နှုတ်ဆက်စကားဆိုထားပါတယ်။ (ဒီပို့စ် အဆုံးက link မှတစ်ဆင့် Curiosity website ပေါ်မှာ နားဆင်နိုင်ပါတယ်။) အဆိုပါ အာကာသယာဉ်ပေါ်မှာ သိပ္ပံဆိုင်ရာ အချက်အလက်များ၊ မြေပုံများသာမက လူသားတို့ရဲ့ ယဉ်ကျေးမှု၊ မျှော်လင့်ချက်တို့ ပါဝင်သွားပါတယ်။ ကြယ်များကြားမှာ ဖော်ရွေမယ့် အခြားသက်ရှိများကို မျှော်လင့်တစ်ကြီးနဲ့ ရှာပုံတော် ဖွင့်ဖို့ ကြိုးစားမှုပဲဖြစ်ပါတယ်။

Voyager အာကာသယာဉ်အတွဲရဲ့ ခရီးစဉ်ဟာ လူသားတို့ရဲ့ ပုံရိပ်၊ အငွေ့အသက်များ နဲ့ အသိပညာရှာပုံတော်ဖွင့်ခြင်းတို့ရဲ့ အုတ်မြစ်ပဲ ဖြစ်ပါတယ်။ ဒီအာကာသယာဉ်များက ကြယ်များကြားမှာ ခရီးသွားနေခြင်းဟာ စကြဝဠာထဲမှာ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုဟာ သေးငယ်သော်ငြား ကျွန်တော်တို့အတိုင်းအတာများကို ကျော်လွန်စွမ်းဆောင်နိုင်တယ်ဆိုတာရဲ့ ပြယုခ်ပဲ ဖြစ်ပါတယ်။ အခြား ဘာသာစကား ၅၄ မျိုးနဲ့အတူတူ လိုက်ပါသွားတဲ့ "မာ ရဲ့လားခင်ဗျာ" ဆိုတဲ့ မြန်မာစကားလေးတစ်ခွန်းဟာ ကျွန်တော်တို့ရဲ့ အိပ်မက်များ၊ မျှော်လင့်ချက်များ၊ စူးစမ်းလေ့လာဖို့အတွက် ထိန်းချုပ်လို့မရခြင်းများ အစရှိတဲ့ တန်ဖိုးများကို စကြဝဠာအတွင်း ပဲ့တင် သယ်ဆောင်သွားလျက် ရှိပါတယ်။

https://curiosityessays.com/2024/03/24/a-burmese-audio-among-the-stars/

ဆွဲငင်အားရဲ့ အလျင်ဟာ ဘယ်လောက်ရှိသလဲ=======================================ဆွဲငင်အား (Gravity) ဆိုတာဟာ လက်ရှိသိထားသလောက် ...
18/03/2024

ဆွဲငင်အားရဲ့ အလျင်ဟာ ဘယ်လောက်ရှိသလဲ
=======================================
ဆွဲငင်အား (Gravity) ဆိုတာဟာ လက်ရှိသိထားသလောက် စကြဝဠာကြီးရဲ့ အခြေခံအား ၄ မျိုးထဲမှာ လူတွေနဲ့ အရင်းနှီးဆုံးဖြစ်ပြီး စကြဝဠာကြီးအတွင်းက ဂလက်ဆီများ၊ ကြယ်များ၊ ဂြိုဟ်များကို ချုပ်နှောင်ပေးထားတဲ့ အရာပဲဖြစ်ပါတယ်။ သူသာ မရှိရင် စကြဝဠာကြီးဟာ ပြန့်ကြဲနေမှာဖြစ်ပြီး အပူချိန်မရှိ၊ ဖြစ်တည်မှုမရှိပဲ သက်ရှိဆိုတာလည်း ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီ ကျွန်တော်တို့နဲ့ အရင်းနှီးဆုံး အား ဖြစ်သော်ငြား သူ့ရဲ့ အလျင်နဲ့ ပတ်သက်ပြီး မေးခွန်းများစွာဟာလည်း သိပ္ပံပညာအသိုင်းအဝိုင်းမှာ ပေါ်ထွက်နေမြဲဖြစ်ပါတယ်။ သူမှာ အလျင်ရှိသလား။ ဘယ်လောက် မြန်သလဲ။ ဒါကို သိပ္ပံပညာရှင်များက တိကျစွာ တိုင်းတာ သိရှိပြီး ဖြစ်တယ်လို့ ပြောရင် မမှားပါဘူး။

အတွေးစမ်းသပ်မှု (thought experiment) လေးတစ်ခုနဲ့ အစပျိုးကြည့်ရအောင်။ အခု ဒီစာကို ဖတ်နေတုန်းမှာပဲ ကျွန်တော်တို့ရဲ့ နေမင်းကြီးက ရုတ်တရတ် ပျောက်ကွယ်သွားတယ်ဆိုပါတော့။ အလင်းရဲ့ အလျင်ဟာ တစ်စက္ကန့်ကို မိုင်ပေါင်း ၁သိန်း ၈ သောင်းကျော် သို့မဟုတ် ကီလိုမီတာ ၃ သိန်းဖြစ်တယ်ဆိုတာ တော်တော်များများ သိပြီးဖြစ်ပါလိမ့်မယ်။ ကမ္ဘာနဲ့ နေရဲ့ အကွာအဝေးဟာ မိုင်ပေါင်း ၉၃ သန်း ရှိတာကြောင့် နေဆီက နောက်ဆုံးထွက်လာတဲ့ အလင်းဟာ ကမ္ဘာဆီကို ၈ မိနစ်နဲ့ စက္ကန့် ၂၀ ကြာပါတယ်။ ဒါကြောင့် နေမင်းကြီး ရုတ်တရတ်ပျောက်ကွယ်သွားပေမယ့် ၈ မိနစ်ကျော်ခန့် ကြာမှသာ သူဟာ ကျွန်တော့်တို့ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

ဒါဆိုရဲ့ သူ့ရဲ့ ဆွဲငင်အား ကကော ဘယ်လိုဖြစ်မလဲ။ တကယ်လို့ နေမင်းကြီးပျောက်ကွယ်သွားပြီဆိုရင် သူ့ဆီက ထွက်လာတဲ့ အလင်းတင်မကပဲ သူ့ကြောင့် ဖြစ်တည်နေတဲ့ ဆွဲငင်အားလည်း ပျောက်ကွယ်သွားရမှာပါပဲ။ ဒါဟာ ဘယ်အချိန်မှာ ဖြစ်လာမလဲ။

တကယ်လို့ ဆွဲငင်အားရဲ့ အလျင်ဟာ အတိုင်းအဆမရှိမြန်တယ်ဆိုရင် နေမင်းကြီးပျောက်ကွယ်တာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ ဆွဲငင်အားကိုပါ ကျွန်တော်တို့ ခံစားနိုင်တော့မှာမဟုတ်ပါဘူး။ နေမင်းကြီးကို နောက် ၈ မိနစ်ကျော်သည်အထိ မြင်နေရပေမယ့် ကမ္ဘာကြီးကတော့ အာကာသထဲမှာ ချုပ်နှောင်မှုမရှိ၊ ပတ်လမ်းကြောင်းမရှိတော့ပဲ ရောက်ချင်ရာရောက် မျောလွင့်နေပါလိမ့်မယ်။

တစ်ဖက်မှာလည်း ဆွဲငင်အားဟာ အလျင်တစ်ခုရှိတယ်ဆိုရင်တော့ ကျွန်တော်တို့ နေမင်းကြီးပျောက်သွားတာကို မျက်မြင်သတိထားမိလိုက်တဲ့အချိန်နဲ့ နက္ခဗေဒပညာရှင်တို့က ကမ္ဘာ့လမ်းကြောင်းကြီးပြောင်းသွားတယ်ဆိုတာကို သိရှိတဲ့အချိန်တို့ဟာ ကွာဟ နေပါလိမ့်မယ်။ ဒါဆိုရင် ဆွဲငင်အားရဲ့ အလျင်ဟာ ဘယ်လောက်ရှိသလဲ။
==========================================
သိပ္ပံပညာသမိုင်းမှာ ဒါနဲ့ ပတ်သက်ပြီး အဖြေမျိုးဆုံး ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ ဆွဲငင်အား အလုပ်လုပ်ပုံနဲ့ ပတ်သက်ပြီး ပထမဆုံး အဖြေဖော်ခဲ့သူ နယူတန် ကတော့ ဆွဲငင်အားရဲ့ အလျင်ဟာ အတိုင်းအဆမရှိမြန်တယ်လို့ ယုံကြည်ခဲ့ပါတယ်။ စကြဝဠာအတွင်းက ကမ္ဘာရဲ့ ပတ်လမ်းကြောင်းဟာ မျက်မြင်နေမင်းကြီး ပျောက်ဆုံးသွားတာထက် အရင် ဖြစ်ပေါ်လိမ့်မယ်လို့ သူက ယူဆခဲ့ပါတယ်။

တစ်ဖက်မှာလည်း အိုင်းစတိုင်းက ဆွဲငင်အားဟာ အလင်းရဲ့ အလျင်အတိုင်း အတူတူသွားလိမ့်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် နေမင်းကြီး မျက်စိရှေ့ကနေ ပျောက်သွားတာနဲ့ ကမ္ဘာ့ပတ်လမ်းကြောင်း ပြောင်းလဲသွားတာဟာ တစ်ချိန်တည်း ဖြစ်ပေါ်လိမ့်မယ်လို့ ဆိုပါတယ်။ ဒီယူဆချက်ကို သူ့ရဲ့ နှိုင်းရသီအိုရီထဲမှာ ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ နှိုင်းရသီအိုရီဟာ လက်ရှိအချိန်အထိ ဂြိုဟ်များလှည့်ပတ်ပုံ၊ ကြယ်များ၊ ဂလက်ဆီများရဲ့ ပြုမူပုံများကို အမှန်ကန်ဆုံး ခန့်မှန်း ရှင်းပြနိုင်တဲ့ သီအိုရီဖြစ်တာကြောင့် အိုင်းစတိုင်းရဲ့ အလင်းအလျင်နဲ့ ပတ်သက်ပြီး ယူဆချက်က နယူတန်ထက် မှန်တယ်လို့ ကျွန်တော်တို့ ပြောနိုင်မလား။

မပြောနိုင်ပြန်ပါဘူး။ ဆွဲငင်အားရဲ့ အလျင်ကို ကျွန်တော်တို့ တိုင်းတာချင်တယ်ဆိုရင် သူ့ကို တိုက်ရိုက်တိုင်းတာနိုင်မယ့် နည်းလမ်းတစ်လမ်းကို ကျွန်တော်တို့ ကြံဆရပါလိမ့်မယ်။ ဒီအိုင်းစတိုင်းရဲ့ အိုင်ဒီယာကို စမ်းသပ်ဖို့အတွက် နေမင်းကြီးကို ခနတဖြုတ် ပျောက်ကွယ်သွားအောင် ကျွန်တော်တို့ မလုပ်နိုင်တဲ့အတွက် အခြား နည်းလမ်းတစ်ခု ရှာရပါမယ်။

အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီဟာ စမ်းသပ်လို့ရတဲ့ ခန့်မှန်းမှုများကို ပေးပါတယ်။ ဒီသီအိုရီထဲက အရေးပါဆုံး အချက်တစ်ချက်ကတော့ ကျွန်တော်တို့ သိထားတဲ့ ဆွဲငင်အားဟာ ဟင်းလင်းပြင် (space) ရဲ့ ကွေးညွတ်မှုကို သုံးပြီး ရှင်းပြနိုင်တယ်ဆိုတာပါပဲ။ ဒီကွေးညွတ်မှုက ကြီးမားလေလေ ဆွဲငင်အားက ပိုပြီး အားကောင်းလေလေ ဖြစ်ပါတယ်။ ဒီအိုင်ဒီယာရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများဟာ မသေးပါဘူး။ အာကာသဟင်းလင်းပြင်ဟာ ထရင်ပိုလင် ရဲ့ မျက်နှာပြင်အတိုင်း အလုပ်လုပ်ပါတယ်။ ကလေးတစ်ယောက်က အဲ့ဒီအပေါ်တက်လိုက်မယ်ဆိုရင် မျက်နှာပြင်ဟာ ကွေးညွတ်သွားပါလိမ့်မယ်။ ထပ်ပြောရမယ်ဆိုရင်တော့ ကလေးက အဲ့ဒီ ထရင်ပိုလင် အပေါ်မှာ ခုန်လိုက်မယ်ဆိုရင် မျက်နှာပြင်ဟာ တုန်ခါမှုနဲ့အတူ အပေါ်ကို ခုံးလာလိုက်၊ အောက်ကို ခွက်သွားလိုက် ဖြစ်နေပါလိမ့်မယ်။

အလားတူပဲ အာကာသ ဟင်းလင်းဖြစ်ဟာလည်း ခုံးလိုက်၊ ခွက်လိုက် ဖြစ်နိုင်ပါတယ်။ ဒီအခြင်းအရာကို သိပ္ပံပညာရှင်များက ဆွဲငင်အားလှိုင်းများ (gravitational waves) လို့ အမည်ပေးထားပြီးတော့ ဒီလှိုင်းများက ဆွဲငင်အား အလျင်အတိုင်း သွားလာတယ်လို့ ဆိုပါတယ်။ ဒါဆို ဆွဲငင်အားလှိုင်းများကို ကျွန်တော်တို့ တိုင်းတာနိုင်ပြီဆိုရင် ဆွဲငင်အားရဲ့ အလျင်ကိုလည်း ကျွန်တော်တို့ တိုင်းတာနိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် ဟင်းလင်းပြင်ကို ကွေးညွတ်ပြီး ဆွဲငင်အားလှိုင်းများ ထ အောင် ကျွန်တော်တို့လက်ရှိပိုင်ဆိုင်ထားတဲ့ နည်းပညာများနဲ့ မစွမ်းသာသေးပါဘူး။ ကံကောင်းစွာပဲ သဘာဝတရားကြီးက ကူညီခဲ့ပါတယ်။
==========================================

ဆွဲငင်အားလှိုင်းများအား တိုင်းတာခြင်း

အာကာသအတွင်းမှာ ဂြိုဟ်များက ကြယ်များကို လှည့်ပတ်နေပါတယ်။ တစ်ခါတစ်လေမှာ ကြယ်များကပဲ အခြားကြယ်များကို ပြန်လည် လှည့်ပတ်နေတတ်ပါတယ်။ အဲ့ဒီအထဲက အချို့သော ကြယ်များဟာ တစ်ချိန်တစ်ခါက အလွန်ဒြပ်ထုကြီးမားကြပြီး သူတို့ သေဆုံးသွားတဲ့ အခါမှာတော့ တွင်းနက်များ (black holes) အဖြစ် ကျန်ရစ်ခဲ့ကြပါတယ်။ တကယ်လို့ ဒီလို ကြယ်နှစ်လုံးက သေဆုံးသွားကြပြီဆိုရင်တော့ အပြန်အလှန် လှည့်ပတ်နေကြတဲ့ တွင်းနက်နှစ်လုံးကို ရရှိမှာပဲ ဖြစ်ပါတယ်။ သူတို့ လှည့်ပတ်နေတာနဲ့ အညီ သူတာဟာ (လက်ရှိမှာ မတိုင်းတာနိုင်သေးတဲ့) ဆွဲငင်အားဖြာထွက်မှုများကို ထုတ်လွှတ်နေပါတယ်။ ဒါက သူတို့ရဲ့ စွမ်းအင်(energy) များကို တစ်ဖြည်းဖြည်း လျော့နဲနေစေပြီးတော့ တွင်းနက်နှစ်လုံးကို တစ်ခုနဲ့တစ်ခု ပိုမို နီးကပ်လာစေပါတယ်။ နောက်ဆုံးမှာတော့ အဆိုပါ တွင်းနက်နှစ်လုံးက တစ်လုံးတည်းအဖြစ် ပေါင်းစပ်သွားနိုင်တဲ့ အခြေအနေအထိ နီးကပ်သွားပါလိမ့်မယ်။ ဒီဖြစ်စဉ်ဟာ အလွန်ကို ကြီးမား၊ များပြားလှတဲ့ ဆွဲငင်အားလှိုင်းများကို ထုတ်လွှတ်ပေးပါတယ်။ တစ်စက္ကန့်ရဲ့ အစိတ်အပိုင်းတစ်ခုအတွင်းမှာ တွင်းနက်နှစ်လုံးက အတူတူပေါင်းစည်းသွားပြီး ဒီက ထုတ်လွှတ်လိုက်တဲ့ ဆွဲငင်အားလှိုင်းများအတွင်းက စွမ်းအင်ဟာ စကြဝဠာအတွင်းက ကြယ်များအားလုံး လက်ရှိအချိန်မှာ ထုတ်လွှတ်နေတဲ့ အလင်းရဲ့စွမ်းအင်ထက် များပြားပါတယ်။

ဒီဆွဲငင်အားလှိုင်းကို ၁၉၁၆ ခုနှစ်မှာ အိုင်းစတိုင်းက စတင်ခန့်မှန်းခဲ့တာဖြစ်ပြီးတော့ ဒါကို တိုင်းတာဖို့အတွက် နည်းပညာကိုတော့ သိပ္ပံပညာရှင်များက ရာစုနှစ်တစ်ခု နီးပါး ပြင်ဆင်ခဲ့ကြရပါတယ်။ ဒါကို တိုင်းတာဖို့အတွက် သိပ္ပံပညာရှင်များဟာ ၂ မိုင်ခွဲ ခန့်ရှည်တဲ့ ပြွန်ချောင်း ၂ ချောင်းကို ၉၀ ဒီဂရီထောင့်အတိုင်း "L" ပုံသဏ္ဍာန် ဖန်တီးရပါတယ်။ ပြီးတော့ အလင်းပြန်မှန်များနဲ့ လေဆာများကို အသုံးပြုပြီးတော့ ဒီပြွန်ချောင်းများရဲ့ အလျားကို တိုင်းတာကြပါတယ်။ ဆွဲငင်အားလှိုင်းများရဲ့ ရိုက်ခက်မှုဟာ ဒီပြွန်ချောင်းများရဲ့ အလျားကို ပြောင်းလဲမှုများဖြစ်ပေါ်စေပြီးတော့ ဒီပြောင်းလဲသွားမှုကြားက ဖြစ်စဉ် pattern ကို မှန်ကန်စွာ တိုင်းတာနိုင်တယ်ဆိုရင်တော့ သူတို့က ဆွဲငင်အားလှိုင်းများကို မြင်တွေ့နေရခြင်းဖြစ်တယ်လို့ ပြောနိုင်ပြီ ဖြစ်ပါတယ်။

ဆွဲငင်အားလှိုင်းများကို ပထမဆုံး ထောက်လှမ်းနိုင်ခဲ့တာကတော့ ၂၀၁၅ ခုနှစ်မှာဖြစ်ပါတယ်။ ကမ္ဘာမှ အလင်းနှစ် ၁ ဘီလီယံခန့် ဝေးကွာတဲ့ နေရာမှာ တွင်းနက်နှစ်လုံး ပေါင်းစည်းမှုဖြစ်စဉ်ကတစ်ဆင့် ထောက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ နက္ခတ်ဗေဒ (astronomy) နယ်ပယ်မှာ အလွန်ကို စိတ်လှုပ်ရှားဖွယ် ဖြစ်ခဲ့ပေမယ့် ဆွဲငင်အားရဲ့ အလျင်ဘယ်လောက်ရှိသလဲဆိုတာကိုတော့ အဖြေမပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့် အခြား ထောက်လှမ်းတိုင်းတာမှုတစ်ခု လိုအပ်ခဲ့ပါတယ်။

ဆွဲငင်အားလှိုင်းများကို ထုတ်လွှတ်ပေးခြင်းဟာ တွင်းနက်နှစ်လုံး ထိခိုက်ပေါင်းစည်းမှုတစ်ခုတည်းကတစ်ဆင့် ဖြစ်ပေါ်ခြင်းတော့ မဟုတ်ပါဘူး။ နျူထရွန်ကြယ်နှစ်လုံး အချင်းချင်း ရိုက်ခက်မိပြီဆိုရင်လည်း ဆွဲငင်အားလှိုင်းများ ထွက်ပေါ်နိုင်ပါသေးတယ်။ နျူထရွန်ကြယ်များဆိုတာကတော့ အနည်းငယ် ဒြပ်ထုလျော့နည်းတဲ့ တွင်းနက်များပဲ ဖြစ်ပါတယ်။ သူတို့ ရိုက်ခက်မိပြီဆိုရင် ဆွဲငင်အားလှိုင်းများသာမက စကြဝဠာတစ်ဝန်းအတွင်း တွေ့မြင်နိုင်တဲ့ အလင်းတန်းများကိုလည်း ထုတ်လွှတ်ပေးပြန်ပါတယ်။ ဆွဲငင်အားရဲ့ အလျင်ကို တိုင်းတာဖို့အတွက် သိပ္ပံပညာရှင်များဟာ နျူထရွန်ကြယ် ၂ လုံး ပေါင်းစည်းမှုကို စောင့်ကြည့်ရပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ နက္ခတ်ဗေဒပညာရှင်များဟာ ဒီအခွင့်အရေးကို ကြုံတွေ့ခဲ့ကြပါတယ်။ သူတို့ဟာ ဆွဲငင်အားလှိုင်းများကို ထောက်လှမ်းမိပြီး ၂ စက္ကန့်အကြာမှာပဲ အလင်းလှိုင်းတစ်မျိုးဖြစ်တဲ့ (gamma radiation)ဂမ္မာလှိုင်းများကိုပါ ထောက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါ ၂ ခုလုံးဟာ အလင်းနှစ် သန်း ၁၃၀ ခန့်ဝေးကွာတဲ့ ဂလက်ဆီတစ်ခုအတွင်းမှာ စတင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ နောက်ဆုံးတော့ နက္ခတ်ဗေဒပညာရှင်များဟာ ဆွဲငင်အားရဲ့ အလျင်ကို တိုင်းတာဖို့အတွက် အခွင့်အရေး ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒီနျူထရွန်ကြယ်နှစ်လုံး ရိုက်ခက်မှုဟာ အလင်းလှိုင်းရော၊ ဆွဲငင်အားလှိုင်းများကိုပါ တစ်ချိန်တည်းမှာ ထုတ်လွှတ်လိုက်တာဖြစ်ပါတယ်။ ဒါဆို အလင်းအလျင်နဲ့ ဆွဲငင်အားအလျင်ဟာ အတူတူဖြစ်တယ်ဆိုရင် ဒီလှိုင်း ၂ မျိုးကို တစ်ချိန်တည်းမှာ ထောက်လှမ်းမိရမှာဖြစ်ပါတယ်။ ဒီနျူထရွန်ကြယ် ၂ လုံးတည်ရှိနေတဲ့ ဂလက်စီဟာ ကမ္ဘာမှ အလင်းနှစ် သန်းပေါင်း ၁၃၀ တောင် ဝေးလံတာကြောင့် ဒီလှိုင်း ၂ မျိုးဟာ အတူတူထွက်ခွာလာပြီးတော့ ကမ္ဘာဆီကို ၂ စက္ကန့်သာခြားပြီး အတူတူရောက်ရှိလာခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။

ဒါဟာ အဖြေပါပဲ။ ဆွဲငင်အား နဲ့ အလင်းတို့ဟာ အလျင်အတူတူဖြစ်ပါတယ်။ တိကျစွာတိုင်းတာနိုင်ခဲ့ပါတယ်။ ဆရာတစ်ပါးဖြစ်တဲ့ အိုင်းစတိုင်း မှန်တယ်ဆိုတာကို ထပ်မံ သက်သေပြနိုင်ခဲ့ပြန်ပါတယ်။ စကြဝဠာကြီးရဲ့ အလုပ်လုပ်ပုံနဲ့ ပတ်သက်ပြီး အခြေခံအရမ်းကျတဲ့ ဒီအချက်ကို အိုင်းစတိုင်းက စာရွက်ပေါ်မှာတင် ဘယ်လိုများ မှန်အောင် ခန့်မှန်းနိုင်ခဲ့ပါသလဲ။ သိပ္ပံပညာရှင်များအတွက်တော့ နောက်ထပ် အလုပ်တစ်ခု ထွက်လာပြန်ပါပြီ။ ဒီလှိုင်း ၂ ခုက ဘာကြောင့် တူညီတဲ့ အလျင် ရှိနေရတာလဲ။

https://curiosityessays.com/2024/03/18/speed-of-gravity/

နယူတန်၏ လောင်းရိပ်မိခဲ့သူ ပါရမီရှင်တစ်ဦး သို့မဟုတ် ရောဘတ် ဟွတ်ခ် (Robert Hooke)========================================F...
03/11/2023

နယူတန်၏ လောင်းရိပ်မိခဲ့သူ ပါရမီရှင်တစ်ဦး သို့မဟုတ် ရောဘတ် ဟွတ်ခ် (Robert Hooke)
========================================
For better reading experience - https://curiosityessays.com/2023/11/03/robert-hooke/
========================================
ဒီ “အင်္ဂလိပ် လီယိုနာဒို ဒါဗင်ချီ” လို့ တင်စားရမယ့် လူတစ်ဦးဟာ အလွန် ပါရမီကြီးတဲ့ သိပ္ပံပညာရှင်တစ်ဦးဖြစ်ခဲ့တယ်ဆိုတာကို သူသေဆုံးပြီး ရာစုနှစ် ၃ ခု ကြာမှသာ သိရပါတယ်။ ဒါပေမယ့် ဒီ ရောဘတ် ဟွတ်ခ် နဲ့ ပတ်သက်ပြီး မသိသေးတဲ့ အကြောင်းအရာတွေ အများကြီး ရှိသေးပေမယ့် သူဟာ သိပ္ပံပညာ ခေတ်ဦးပိုင်းမှာ ထွန်းတောက် နာမည်ကျော်ကြားသင့်ခဲ့သူ တစ်ဦးဖြစ်တယ်ဆိုတာကိုတော့ ငြင်းလို့ မရပါဘူး။ သူဟာ အခြား သိပ္ပံပညာရှင်များရဲ့ ရှာဖွေတွေ့ရှိမှုများအပေါ်မှာ မနာလို ဝန်တိုစိတ် ရှိသူတစ်ဦးဖြစ်တယ်ဆိုပြီးတော့ အချို့က ဖော်ပြကြပါတယ်။ ဒီအချက်များဟာ ထိုစဉ်က (အင်္ဂလန်ရဲ့ ထိပ်တန်း သိပ္ပံပညာရှင်များအဖွဲ့အစည်း) Royal Society မှာ နယူတန်တစ်ယောက် ဥက္ကဌ ဖြစ်သွားစဉ်မှာ သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဒီ ရောဘတ် ဟွတ်ခ် ကို မကောင်းသတင်းများ လွှင့်ဖို့ အားထုတ်ခဲ့ခြင်းကြောင့်လား၊ စဉ်းစားရပါမယ်။

ရောဘတ် ဟွတ်ခ် (ဂျူလိုင် ၂၈၊ ၁၆၃၅ - မတ် ၃၊ ၁၇၀၃) ဟာ အင်္ဂလန်အောက်ပိုင်းနားလေးက ကျွန်းတစ်ကျွန်းဖြစ်တဲ့ Isle of Wight ပေါ်က သာမန် မိသားစုကနေ မွေးဖွားလာပြီး ၁၇ ရာစု လန်ဒန်မြို့ ထိပ်သီးအသိုင်းအဝိုင်းအထိ ပေါက်ရောက်သွားခဲ့တဲ့ ကိုယ်ထူးကိုယ်ချွန်သမားတစ်ဦးဖြစ်ပါတယ်။ သူ့အသက် ၁၃ နှစ်မှာ အဖေဖြစ်သူ ကွယ်လွန်အပြီး အမွေအဖြစ် ထိုစဉ်က ပေါင် ၄၀ (ယနေ့ခေတ်ချိန်ဆလိုက်ပါက ပေါင် ၆၀၀၀) ခန့် ရရှိခဲ့ပါတယ်။ အဆိုပါ ငွေကို အသုံးပြုပြီးတော့ ငယ်ရွယ်တဲ့ ဟွတ်ခ် ဟာ အလုပ်သင်အဖြစ်လည်းကောင်း စကော်လာရှစ်များ လျှောက်ပြီးသော လည်းကောင်း မွေးရပ်မြေ ကျွန်းကနေ ရုန်းထွက်ပြီး လန်ဒန်မှာရှိတဲ့ Westminster School မှာ အဆင့် ၁ အဖြစ်နဲ့ ကျောင်းဝင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ သူဟာ အောက်စ်ဖို့ဒ် တက္ကသိုလ်ကို ရောက်ရှိသွားခဲ့ပါတယ်။

ဒီ အောက်စ်ဖို့ဒ် တက္ကသိုလ်ရောက်သွားစဉ်မှာ သူဟာ ထိုစဉ်က နာမည်ကျော် သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ရောဘတ် ဘွိုင်းလ် (Robert Boyle) ရဲ့ လက်ထောက်အဖြစ် (၁၆၅၅ ခုနှစ်မှ ၁၆၆၂ ခုနှစ်အတွင်း) မွေးစားခြင်း ခံရပြီးနောက် သိပ္ပံပညာအပေါ်မှာ သူ့ရဲ့ ဝါသနာ ထုံမှုကို အစပျိုးခဲ့ပါတယ်။ သူ့ရဲ့ ထူးချွန်မှုကြောင့် ၁၆၆၁ ခုနှစ် လန်ဒန်မှာ Royal Society ကို စတင်ဖွဲ့စည်းရာမှာတော့ သူဟာ စမ်းသပ်မှုများကို ထိန်းသိမ်းသူ (Curator of Experiment) အဖြစ် နေရာ ရရှိခဲ့ပါတယ်။ ဒါဟာ အင်္ဂလန်ရဲ့ သမိုင်းမှာ ပထမဆုံးသော အခကြေးငွေရ သိပ္ပံသုတေသီ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အဆိုပါအချိန်မှာ သူဟာ သူ့နာမည်အစွဲပြုပေးထားတဲ့ (လျော့တွဲခြင်း elasticity ကိုလေ့လာတဲ့) Hooke’s Law ကို တွေ့ရှိပြီးဖြစ်ပါတယ်။

စမ်းသပ်မှုပိုင်းဆိုင်ရာ ထိပ်တန်းသိပ္ပံပညာရှင်တစ်ဦး

သိပ္ပံခေတ်ဦးပိုင်းမှာ အစောဆုံး သိပ္ပံပညာရှင်တစ်ဦးဖြစ်ခဲ့တဲ့ ရောဘတ် ဟွတ်ခ် ဟာ သူ့သက်တမ်းတစ်လျှောက် စမ်းသပ်မှုများပြုလုပ်ရာမှာ အလွန်ထိရောက်တဲ့ နည်းလမ်းများကို ကြံဆခဲ့တဲ့အတွက် စမ်းသပ်မှုပိုင်းဆိုင်ရာ သိပ္ပံပညာရှင်များ (experimental scientists) ထဲမှာ အရေးပါဆုံး အခန်းကဏ္ဍမှာ ရှိခဲ့သူတစ်ဦးဖြစ်တယ်လို့ မှတ်ယူကြပါတယ်။ Royal Society မှာ ဟွတ်ခ် ရဲ့ အဓိက တာဝန်ကတော့ သိပ္ပံပညာရှင်များရဲ့ အိုင်ဒီယာများ သီအိုရီများကို စမ်းသပ်မှုများပြုလုပ်ပြီး ဆန်းစစ်ခြင်းပဲ ဖြစ်ပါတယ်။ သူဟာ အံ့ဩသင့်ဖွယ်ကောင်းလောက်အောင်ကို သိပ္ပံပညာရဲ့ နယ်ပယ်အသီးသီးက အိုင်ဒီယာများကို စမ်းသပ်မှုများ ဖန်တီးနိုင်ခဲ့ပါတယ်။ (စမ်းသပ်မှုများ ပြုလုပ်ဖို့ဆိုတာဟာ အဆိုပါ အိုင်ဒီယာ သို့မဟုတ် သီအိုရီကို ကောင်းမွန်စွာ နားလည်နိုင်ရမယ် မဟုတ်ပါလား)။ သူဟာ ဇီဝဗေဒ၊ ဆေးပညာ၊ ရူပဗေဒ နယ်ပယ်အသီးသီး၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ၊ အချိန်ကိုလေ့လာတဲ့ horology၊ သေးငယ်သောအရာများကို လေ့လာတဲ့ microscopy၊ နက္ခတ်ဗေဒ၊ ဗိသုကာ ပိုင်းဆိုင်ရာတို့နဲ့ ပတ်သက်ပြီး စမ်းသပ်မှုများကို ပြုလုပ်ခဲ့ပါတယ်။

သူဟာ ထိုခေတ်ထိုအခါက တယ်လီစကုတ် အမျိုးအစားအသစ်တစ်ဦးဖြစ်တဲ့ Gregorian တယ်လီစကုတ်ကို တီထွင်ခဲ့ပြီး မားစ် နဲ့ ဂျူပီတာတို့ဟာ သူတို့ရဲ့ ဝင်ရိုးအပေါ်မှာ လည်ပတ်နေတယ်ဆိုတာကို တွေ့ခဲ့ပါတယ်။ သူဟာ ၁၆၆၅ ခုနှစ်မှာ မိုက်ခရိုစကုတ်များရဲ့ အသုံးဝင်ပုံကို ပိုမိုကျယ်ပြန့်အောင် ရည်ရွယ်ချက်နဲ့ (ပုံ illustration များစွာ ပါဝင်တဲ့) Micrographia လို့ အမည်ရတဲ့ စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ကိုပဲ အသုံးပြုပြီးတော့ နောက်ပိုင်းမှာ Anton van Leeuwenhoek ကဲ့သို့သော နာမည်ကျော် သိပ္ပံပညာရှင်များက ယနေ့အထိ ကျွန်တော်တို့ ဖတ်စာစာအုပ်တွေထဲမှာ အသုံးပြုနေတဲ့ ပြည့်စုံသော ဇီဝဗေဒ ပိုင်းဆိုင်ရာ ရုပ်ပုံများဆွဲနည်းကို ထုတ်ဖော်ခဲ့ကြပါတယ်။ သူဟာ နောက်ပိုင်းမှာ ချားလ်စ် ဒါဝင် ဦးဆောင်မယ့် မျိုးဆင့်ပြောင်းလဲခြင်း သီအိုရီ (evolution theory) ကို စတင်တွေးခေါ်ခဲ့သူအဖြစ်လည်း သိကြပါတယ်။ သူဟာ အလင်းဆိုတာဟာ လှိုင်းများနဲ့ ဖွဲ့စည်းထားတဲ့ အရာဖြစ်တယ်လို့ စတင် တင်ပြခဲ့ရာမှာတော့ ထိုစဉ်က ၁၆၇၀ ခုနှစ်မှာ ကိုယ်ပိုင် အရောင် သီအိုရီများကို စတင် စမ်းသပ်နေသူ တစ်ဦးဖြစ်တဲ့ အိုင်ဆက် နယူတန် နဲ့ စတင် ကံဆုံ ပါတော့တယ်။ နယူတန်က အလင်းဟာ အမှုန်များနဲ့ပဲ ပြုလုပ်ထားတဲ့ အရာဖြစ်တယ်လို့ ပေါ်ပေါ်ထင်ထင် ငြင်းခုံခဲ့ပါတယ်။ (ယခုမှာတော့ အလင်းဟာ လှိုင်း နှင့် အမှုန် ဂုဏ်သတ္တိ နှစ်မျိုးလုံး ရှိတယ်ဆိုတာကို သိရပြီဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဟွတ်ခ် ကော၊ နယူတန်ကော မမှားခဲ့ကြပါဘူး။)

ဟွတ်ခ် ဟာ သိပ္ပံပညာပိုင်းဆိုင်ရာမှာသာ နေရာ၊ အာဏာ ရှိသူမဟုတ်ပါဘူး။ ၁၆၆၆ ခုနှစ်မှာ လန်ဒန်မြို့ကြီး ပြာကျတဲ့ Great Fire of London အပြီးမှာ မြို့ကြီး ပြန်လည်တည်ဆောက်ဖို့အတွက် survey ပြုလုပ်ရာမှာ ဦးဆောင်ဖို့ တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။ သူတင်ပြခဲ့တဲ့ ခေတ်သစ် မြို့ပြစနစ်အတိုင်း ယနေ့ခေတ် လန်ဒန် တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ပြီးတော့ သူဟာ ထူးချွန်တဲ့ ဗိသုကာပညာရှင် တစ်ဦးဖြစ်ပြီးတော့ Royal Greenwich Observatory အပါအဝင် နာမည်ကျော် အဆောက်အဦးအတော်အများကို ဒီဇိုင်းဆွဲခဲ့သူဖြစ်ပါတယ်။

နယူတန်၏ အဓိက ပြိုင်ဘက်

ဟွတ်ခ် ဟာ နှစ်အနည်းငယ်စောပြီး ဆွဲငင်အားဆိုင်ရာ သီအိုရီကို အိုင်ဒီယာ ပေါ်ခဲ့သူ တစ်ဦးဖြစ်တာနဲ့အညီ ထိုစဉ်က အမှန်တကယ် ညီမျှခြင်းများနဲ့ တင်ပြလာတဲ့ နယူတန် နဲ့ ၁၆၇၉ ခုနှစ်မှာ တင်းမာမှုများ ဖြစ်ပေါ်လာခဲ့ပါတယ်။ ထိုအချိန်မှာ ဟွတ်ခ် ဟာ သူ့ career မှာ အထွတ်အထိပ် ရောက်ရှိနေစဉ်ပဲ ဖြစ်ပါတယ်။ အကြီးမားဆုံး တင်းမာမှုကတော့ ၁၆၈၆ ခုနှစ်မှာ နယူတန်က ခေတ်သစ်သိပ္ပံရဲ့ သမ္မာကျမ်းစာ လို့ တင်စားခေါ်ဝေါ်ကြတဲ့ Principia ပထမအကြိမ် ထုတ်ဝေလိုက်စဉ်မှာ ဟွတ်ခ် က ဒီ အိုင်ဒီယာဟာ သူအရင် တင်ပြခဲ့တာဖြစ်ပြီး ဒါကို နယူတန်က အသုံးချပြီး ဆွဲငင်အားဆိုင်ရာ နိယာမများကို တင်ပြခြင်းဖြစ်တယ်လို့ ဆိုခဲ့ရာမှာပဲဖြစ်ပါတယ်။ ဟွတ်ခ် က ဒါနဲ့ပတ်သက်ပြီး စာပြုစုသူနေရာမှာ သူ့ကို credit ပေးဖို့အတွက် တောင်းဆိုခဲ့စဉ်မှာတော့ နယူတန်က မပေးနိုင်ဘူးဆိုပြီး ငြင်းဆိုခဲ့ပါတယ်။ သူ့အနေနဲ့ အလွန်ဆုံး လုပ်ပေးနိုင်တာကတော့ ဟွတ်ခ် နဲ့ အပြန်အလှန်ပို့တဲ့ စာများထဲမှာ သူ့ရဲ့ နက္ခတ်ဗေဒ ပိုင်းဆိုင်ရာ အတွေးအခေါ်များကို အထောက်အပံ့ဖြစ်စေခဲ့တာပဲ ဖြစ်ပြီး အသစ်ဖြစ်တဲ့ အိုင်ဒီယာမျိုးကို လုံးဝ မရခဲ့ပါဘူးလို့ ဆိုပါတယ်။ သမိုင်းသုတေသီများအနေနဲ့လည်း ဒီ ငြင်းခုန် တင်းမာမှုနောက်ကွယ်က အကြောင်းအရင်းမှန်များကို ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ နယူတန်ရဲ့ စာတစ်စောင်မှာဆိုရင် (ဟိုတစ်လောကတော့ ဟန်ထူးလွင်မှ credit မပေးပဲ သူ့စာအုပ်မှာ ယူသုံးသွားတဲ့) နာမည်ကျော် “If I have seen further it is by standing on the shoulders of giants” ဆိုတာဟာ အရပ်ပုတဲ့ ဟွတ်ခ် ကို စောင်းပြောခြင်း သို့မဟုတ် dig/diss လုပ်ခြင်းဖြစ်တယ်လို့ သုတေသီအချို့က ယူဆခဲ့ကြပါသေးတယ်။ ဒါပေမယ့် အဆိုပါ စာ ဟာ ဖေဖော်ဝါရီ ၅ ရက်နေ့၊ ၁၆၇၅ ခုနှစ်အဖြစ် ရက်စွဲတပ်ထားတာကြောင့် ဒီ ပါရမီရှင် နှစ်ဦးအနေနဲ့ ဆက်ဆံရေးအဆင်ပြေနေဆဲ ကာလဖြစ်တာကြောင့် မဖြစ်နိုင်ပါဘူး။

ဟွတ်ခ်ရဲ့ တရားဝင် အတည်တကျ ရေးဆွဲထားတဲ့ ပုံတူပန်းချီကား မရှိတာကြောင့် သူ့ရဲ့ ပုံပန်းသဏ္ဍာန်နဲ့ ပတ်သက်ပြီး တိတိကျကျ မသိရပါဘူး။ ဒါဟာလည်း နယူတန်က သူ့ရဲ့ ပြိုင်ဘက်ဖြစ်သူ ကို သမိုင်းထဲကနေ ခြေရာဖြောက်ချင်လို့ စွမ်းစွမ်းတမန် ကြိုးပမ်းခဲ့ခြင်းကြောင့်လို့ ယူဆကြပါတယ်။ ၁၇၀၃ ခုနှစ် မတ်လဆန်းမှာ ဟွတ်ခ် ကွယ်လွန်ပြီးနောက်မှာတော့ နယူတန်ဟာ အဆိုပါနှစ် နိုဝင်ဘာလမှာ Royal Society ရဲ့ ဥက္ကဌသစ်အဖြစ် ဟွတ်ခ် ရဲ့ ရာထူးကို ဆက်ခံခဲ့ပါတယ်။ ပြီးတော့ ဟွတ်ခ် နဲ့ စတင် အငြင်းပွားမှုဖြစ်တဲ့ အလင်းနိယာမနဲ့ပတ်သက်တဲ့ Optiks ဆိုတဲ့ စာအုပ်ကိုတော့ နယူတန်က ၁၇၀၄ ခုနှစ်မှာ ထုတ်ဝေလိုက်ပါတော့တယ်။

သိပ္ပံအသိုင်းအဝိုင်းမှာ ယုံတမ်းတစ်ခုရှိတာကတော့ နယူတန်ဟာ ဟွတ်ခ် ရဲ့ တစ်ခုတည်းသော ပုံတူပန်းချီကားကို ဝယ်ယူခဲ့ပြီး ဖျက်စီးပစ်လိုက်တယ်လို့ဆိုပါတယ်။ အချို့ကလည်း နယူတန်ဟာ Royal Society က အခြား အဆောက်အဦးတစ်ခုကို ရွှေ့ပြောင်းစဉ်မှာ အဆိုပါ ပုံတူပန်းချီကားကို ရည်ရွယ်ချက်ရှိရှိ မေ့ထားခဲ့ပြီးနောက်ပိုင်း ပျောက်ဆုံးသွားတယ်လို့ ဆိုပါတယ်။ ရောဘတ် ဟွတ်ခ် အကြောင်း ယခု နောက်ဆုံးအနေနဲ့ ကိုယ်ရေးမှတ်တမ်းပြုစုသူ Allan Chapman ရဲ့ ပြောကြားချက်ကတော့ ဒါဟာ ယုံတမ်းများသာ ဖြစ်ပြီး အမှန်တကယ်မဟုတ်ဘူးလို့ ဆိုပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ ပန်းချီဆရာ Rita Greer က ဟွတ်ခ်ရဲ့ ပုံပန်းသဏ္ဍာန်နဲ့ပတ်သက်ပြီး ရေးသားထားတဲ့ ဖော်ပြချက် ၂ ခုတည်းကိုသာ အသုံးပြုပြီး နယူတန်ရဲ့ လောင်းရိပ် မိခဲ့သူ ပါရမီရှင်တစ်ဦးရဲ့ ပုံတူပန်းချီကား (ယခု ပို့စ်မှာ အသုံးပြုထားတဲ့ ပုံ) ကို ရေးဆွဲကာ သိပ္ပံသမိုင်းအတွင်း သူနဲ့ ထိုက်သင့်တဲ့ နေရာပေး၊ အလေးထားဖို့အတွက် ကြိုးပမ်းခဲ့ပါတယ်။

အခမ်းနားဆုံး ပဟေဠိ – စကြဝဠာပုစ္ဆာများအား တွေးတောခြင်း – အပိုင်း ၁==========================================ကမ္ဘာကြီး၊ အာ...
22/09/2023

အခမ်းနားဆုံး ပဟေဠိ – စကြဝဠာပုစ္ဆာများအား တွေးတောခြင်း – အပိုင်း ၁
==========================================
ကမ္ဘာကြီး၊ အာကာသကြီး၊ စကြဝဠာကြီး။ ဒါဟာ ရူပဗေဒပညာရှင်တွေရဲ့ ကစားကွင်းပါပဲ။ ကျွန်တော်တို့ နေ့စဉ်ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေထက် လွန်စွာ သေးငယ်တဲ့ အမှုန်တွေကစလို့ ကျွန်တော်တို့ စိတ်ကူးယဉ်ကြည့်လို့ မမီနိုင်လောက်အောင် ကြီးမား ကျယ်ပြောလှတဲ့ ဂလက်စီများ၊ အစရှိတဲ့ အရာအားလုံးကို အခြေခံအားများ၊ အမှုန်များ၊ ညီမျှခြင်းများနဲ့ ချုပ်ကိုင်ထားပါတယ်။

ကဲ… ကလေးများ မေးလေ့ရှိပေမယ့် အရွယ်ရောက်ပြီးသူတို့ မေ့နေလေ့ ရှိမယ့် အရမ်းရိုးရှင်းတဲ့ မေးခွန်းတစ်ခုနဲ့ စကြည့်လိုက်ရအောင်။ စကြဝဠာကြီးကို ဘာတွေနဲ့ ပြုလုပ်ထားသလဲ။ Curiosity ကို အစဉ်တစ်စိုက် ဖတ်ရှုခဲ့သူတို့ကတော့ ဒြပ် (matter) နဲ့ ဖွဲ့စည်းထားတဲ့လို့ပဲ ဖြေလိုက်မှာပါပဲ။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒီလိုပဲ အလွယ်ရေးခဲ့တာကိုး။ တစ်ပိုင်းတစ်စတော့ မှန်ပါတယ်။ ပိုမို အသေးစိတ်ပြောရမယ်ဆိုရင် အက်တမ်တွေနဲ့ ဖွဲ့စည်းထားတယ်လို့ ထပ်ပြောနိုင်တယ်။ ဒါပေမယ့် သူငယ်ချင်းတို့…. လက်ရှိ ရူပဗေဒဟာ အဲ့ဒါထက်ကို အများကြီး အသေးစိတ်နေပြီး ဖြစ်တယ်။ ကွာ့ဇ်(quarks)၊ လပ်တွန် (leptons)၊ ဘိုစွန် (bosons) စသဖြင့် နာမည်ဆန်းဆန်းပြားပြားတွေ ပေးပြီး ပိုမိုသေးငယ်တဲ့အရာတွေကို တွေ့ရှိပြီးဖြစ်တယ်။ ကွမ်တမ်နယ်ပယ် (quantum realm) ဆိုတာကို ကြားဖူးပြီးသားဖြစ်ပါလိမ့်မယ်။ Marvel တို့ DC တို့လို ကလေးကြည့် ရုပ်ရှင်များအပါအဝင် ဟောလိဝုဒ်ရဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းများမှာ တစ်ခုခုကို ရှင်းမပြတတ်တော့ဘူး၊ ဒါရိုက်တာကလည်း ကိုယ့်စိတ်တိုင်းကျ ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစားတော့ပဲ ရိုက်ပြတော့မယ်ဆိုရင် “ကွမ်တမ်” လို့သာ ခေါင်းစဉ်တပ်လိုက်လေ့ရှိပါတယ်။ ဒါဆို ကြိုက်တာလုပ်လို့ရပြီ၊ ပရိသတ်က မေးခွန်းထုတ်တော့မှာမဟုတ်ဘူး။

ကွမ်တမ်ဆိုတာဟာ စကြဝဠာကြီး အလုပ်လုပ်နေပုံရဲ့ အခြေခံကျတဲ့ နယ်ပယ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီအကြောင်း ဂဂနန သိပြီးဖြစ်တယ်လို့တော့ မယူဆလိုက်ပါနဲ့ဦး။ စကြဝဠာကြီးက အမျိုးသမီးတို့အလား မူယာများပါတယ်၊ သူ့အကြောင်းနားလည်ဖို့ အဲ့လောက်မလွယ်ပါဘူး။ အားလုံးသိထားတဲ့အတိုင်း ကျွန်တော်တို့လက်ထဲမှာ ပဟေဠိ များရှိနေပါပြီ။ တစ်ဖက်မှာ ဝတ္ထုများနဲ့ ဆွဲငင်အားတို့ကြားက ဆက်နွယ်မှုများအတွက် ယေဘုယျနှိုင်းရသီအိုရီ(general relativity)၊ တစ်ဖက်မှာတော့ ဒြပ် ဆိုတဲ့အရာကို ဖွဲ့စည်းပြုလုပ်ထားတဲ့ အရာငယ်လေးများကို လေ့လာတဲ့ ကွမ်တမ်မက္ကန်းနစ်(quantum mechanics) စသဖြင့် ရှိနေပါပြီ။ ကဲ.. ခက်တာပဲ။ ဒီ ၂ ခုက တစ်ယောက်နဲ့ တစ်ယောက် ဓာတ်တည့်မနေပါဘူး။

ကြီးမြတ်လှပါသော အိုင်းစတိုင်းရဲ့ လက်ရာဖြစ်တဲ့ ယေဘုယျနှိုင်းရ သီအိုရီက တစ်ဖက်မှာ ရှိနေပါတယ်။ ဒါက ကြီးမားတဲ့ အရာဝတ္ထုများ၊ ဒြပ်ထုများနဲ့ပတ်သက်ပြီး နားလည်နိုင်ဖို့အတွက် အခြေခံသဘောတရားများကို ရှင်းပြနိုင်ပါတယ်။ အခု စာဖတ်နေသူကိုင်ထားတဲ့ ဖုန်းကို လွှတ်လိုက်ရင် ဘာကြောင့် အောက်ကို ပြုတ်ကျသွားသလဲ၊ ဂြိုဟ်များ ဘယ်လို လှည့်ပတ်သလဲ၊ တွင်းနက်များက ဘာကြောင့် စကြဝဠာထဲက အထူးသန့်ရှင်းရေးသမားကြီးများ ဖြစ်နေသလဲ။ စသဖြင့် ရိုးရှင်းပေမယ့် အရေးပါတဲ့ အကြောင်းအရာများကို ရှင်းပြပေးပါတယ်။

ကျွန်တော်တို့ရဲ့ အာရုံကို အတွင်းပိုင်း သို့မဟုတ် သေးငယ်တဲ့အပိုင်းတွေကို လှည့်ကြည့်လိုက်မယ်ဆိုရင်တော့ အားလုံးကြားဖူးပေမယ့် ဘယ်သူမှ နားမလည်တဲ့ ကွမ်တမ်မက္ကန်းနစ်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနယ်ပယ်ဟာ အရမ်းကို ဆန်းကြယ်လွန်းလှပြီး ဘယ်သူမှ နားမလည်တဲ့အတွက် ဟောလိဝုဒ် ဒါရိုက်တာများ စိတ်ကြိုက်အသုံးချခြင်းကို ခံနေရပါတယ်။ ဖြစ်တည်လိုက်၊ ပျောက်ကွယ်လိုက်ဖြစ်နေသော အမှုန်များ၊ ကြားခံနယ်မှာ ဆက်နွယ်မှုမှမရှိပဲ အလွန်ဝေးလံတဲ့ အကွာအဝေးကြားမှာ ဆက်သွယ်နေကြသော အမှုန်တွဲများ၊ စသဖြင့်အရာတွေဟာ ရူပဗေဒပညာရှင်များရဲ့ ပုံမှန် လက်ဖက်ရည်စကားဝိုင်း ဖြစ်နေပါတယ်။

အခုဆိုရင် ဒီ အစွန်း ၂ ဖက် (ယေဘုယျနှိုင်းရသီအိုရီ နဲ့ ကွမ်တမ်မက္ကန်းနစ်) ကို ပေါင်းစပ်ပေးဖို့အတွက် သိပ္ပံပညာရှင်များ ကြိုးပမ်းနေတာ ဆယ်စုနှစ် မနည်းတော့ပါဘူး။ ဒါကို ခရစ်ယာန် အရ Holy Grail ဗုဒ္ဓဘာသာအရ နိဗ္ဗာန်စံခြင်း လို့ ဆိုရမလား။ အရာအားလုံးကို ဖြေရှင်းပေးနိုင်မယ့် သီအိုရီ (theory of everything)၊ ကွာ့ဇ် လွန် အလွန်သေးငယ်တဲ့ အမှုန်များကစလို့ တွင်းနက်များအထိ အရာအားလုံးကို နားလည်ခန့်မှန်းနိုင်မယ့် တစ်ခုတည်းသော ညီမျှခြင်းကို အိပ်မက်မက်နေကြတာပဲ ဖြစ်ပါတယ်။ ကြိုးမျှင်သီအိုရီ(String Theory)၊ ကွမ်တမ်ဆွဲငင်အား ရစ်ပတ်ခြင်းသီအိုရီ (loop quantum gravity)အပါအဝင် အခြား နာမည်အဆန်းတဲ့ သီအိုရီများဟာ ဒီကြိုးဝိုင်းထဲဝင်ပြီး ကြိုးပမ်းခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘယ်သူမှာတော့ အလဲထိုးနိုင်ခြင်း မရှိသေးပါဘူး။ စကြဝဠာကြီးဟာ သူ့ကို အဖြေရှာနိုင်ဖို့ကို စောင့်ဆိုင်းနေခဲ့ပါတယ်။

အခုလို မေးခွန်းများ၊ ပဟေဠိများနဲ့ နပမ်းလုံးနေစဉ်မှာပဲ စကြဝဠာကြီးဟာ သူ့ရဲ့ ရှုတ်ထွေးလှတဲ့ အလှတရားများနဲ့ ကျွန်တော်တို့ကို အလုပ်ပေးနေဆဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် စကြဝဠာကြီးအတွင်းက စွမ်းအင်-ဒြပ်ထု ပါဝင်မှုရဲ့ အများစုကို နေရာယူထားတဲ့ dark matter နဲ့ dark energy1 တို့ဟာ ဘာတွေမှန်း မသိသေးပါဘူး။ (dark ဆိုတာဟာ အရောင်ကို ဆိုလိုတာမဟုတ်ပဲ ဘာမှန်းမသိသေးတဲ့အတွက် ရည်ညွှန်းခြင်းဖြစ်ပါတယ်။ dark matter ကို ဒြပ်ဆန်း dark energy ကို စွမ်းအင်ဆန်း လို့ ဘာသာပြန်ချင်ပေမယ့် ရှုတ်ထွေးပြီး cheesy ဖြစ်မှာစိုးတဲ့အတွက် မူရင်း အင်္ဂလိပ်လိုသာ ဆက်ရေးသားသွားပါရစေ)။ ကျွန်တော်တို့ရဲ့ လက်ရှိအဖြစ်အပျက်ဟာ မျက်လုံးကို အဝတ်ပတ်ထားပြီး နားထဲမှာ မမြင်နိုင်တဲ့ ဝိညာဉ်များရဲ့ တီးတိုးပြောကြားသံတွေကတစ်ဆင့် ကိုယ်ရောက်နေတဲ့ ဝင်္ကပါ ကြီးကို အဖြေရှာဖို့ ကြိုးပမ်းနေတာနဲ့ တူပါတယ်။

ဒါပေမယ့် ဘယ်အချက်က အားရဖို့ကောင်းသလဲသိလား။ အခုလို ပဟေဠိများ၊ နားမလည်မှုများ၊ ရှုတ်ထွေးမှုများရှိနေရက်နဲ့ကို သိပ္ပံပညာရှင်များက လက်မလျှော့ပဲ ဆက်လက် မေးခွန်းထုတ်နေကြခြင်းပဲ ဖြစ်ပါတယ်။ သိပ္ပံပညာဆိုတာဟာ အချက်အလက်များ၊ ညီမျှခြင်းများ စုစည်းမှုတင် မကပါဘူး၊ နားလည်ဖို့အတွက် အဆုံးမရှိ ကြိုးပမ်းနေခြင်း ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ ကောင်းကင်စကြဝဠာထဲက အရာများကို လေ့လာဖို့အတွက် တယ်လီစကုတ်ကြီးများ လွှတ်တင်ထားသလို အမှုန်များကို လေ့လာဖို့အတွက် စက်ပစ္စည်းကြီးများလည်း ဖန်တီးထားပြီးဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ မသိခြင်းကို သိအောင် အားထုတ်မှုများပဲဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ (ကားလ်စေဂန် ဆိုတဲ့အတိုင်း) မှုန်ပြပြ အပြာရောင် အစက်ကလေး – pale blue dot အပေါ်မှာ တွယ်ကပ်နေတဲ့သူများပဲဖြစ်ပါတယ်။ စိတ်ကူးယဉ်ကြည့်လို့ မမီနိုင်လောက်အောင် ကျယ်ပြောလှတဲ့ စကြဝဠာကြီးကို လေ့လာဖို့အတွက် ကျွန်တော်တို့မှာ စူးစမ်းလိုစိတ် “Curiosity” နဲ့ အမျိုးမျိုးသော သင်္ချာညီမျှခြင်းကလွဲပြီး ဘာမှမရှိပါဘူး။ စကြဝဠာကြီးဟာ ကျွန်တော်တို့အတွက် အခမ်းနားလုံး ပဟေဠိပဲ ဖြစ်ပါတယ်။ အခုမှ စတင်ခဲ့တဲ့ ခရီးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လိုချင်နေတဲ့ အဖြေ သို့မဟုတ် ပန်းတိုင်ကို ဘယ်သောအခါမှ ရောက်မလဲ၊ ဘယ်တော့မှ မရောက်နိုင်တော့တာလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အစစ်အမှန်သော စိတ်ချမ်းမြေ့မှုဟာ ပန်းတိုင်မဟုတ်ဘူး၊ လမ်းခရီးပဲ မဟုတ်လား။

ဆရာကြီး ရစ်ချက် ဖိုင်းမန်း ပြောသလိုပါပဲ “ကျွန်တော်ဟာ ဘာမှမသိဘူး၊ ဒါပေမယ့် လုံလုံလောက်လောက် အားထုတ်ကြိုးပမ်းကြည့်မယ်ဆိုရင်တော့ အရာအားလုံးဟာ စိတ်ဝင်စားစရာတွေချည်းပဲဆိုတာ ကျွန်တော်သိတယ်”။ သိပ္ပံအသိပညာနဲ့တကွ ဘဝ ဟာ အပျင်းပြေနိုင်ကြပါစေ။

===========================================

ဒီအထိတောင် ရောက်အောင် ဖတ်လာပြီဆိုတော့ အခု စာဖတ်နေသူ သူငယ်ချင်းဟာ စကြဝဠာကြီးနဲ့ ပတ်သက်ပြီး သိလိုစိတ်ပြင်းပြသူ သို့မဟုတ် Curiosity ပရိသတ်စစ်စစ်ပဲလို့ ယူဆလိုက်လို့ ရမလား။ ဒါဆိုရင် အသိပညာနဲ့ပတ်သက်ပြီး နည်းနည်းလောက် ထပ်ဆွေးနွေးကြည့်ရအောင်။ စကြဝဠာဆိုတဲ့ ကစားကွင်းကြီးထဲမှာ မိုပျံရထားကို နောက်တစ်ပတ်လောက် ထပ်စီးကြည့်ရအောင်။

အခုဆိုရင် ယေဘုယျနှိုင်းရသီအိုရီနဲ့ ကွမ်တမ်မက္ကန်းနစ်အကြောင်း နည်းနည်း ဆွေးနွေးပြီးပြီလို့ ဆိုရမယ်။ ဒီမှာတင် ရပ်မနေပါနဲ့၊ ဆက်သွားကြည့်ရအောင်။ စကြဝဠာကြီးမှာ စူးစမ်းစရာတွေ မရေတွက်နိုင်အောင် ရှိတယ်။ “အချိန်” ဆိုတာနဲ့ပတ်သက်ပြီး စိတ်ကူးယဉ်ကြည့်ဖူးလား။ ဟောလိဝုဒ် ရုပ်ရှင်များ ကောင်းမှုနဲ့ အချိန်ခရီးသွားခြင်းအကြောင်း အတော်လေး စိတ်ဝင်စားပြီး ဖြစ်ပါလိမ့်မယ်။

နေ့စဉ်နေ့တိုင်းမှာ အချိန် ဆိုတာဟာ အရှေ့ သို့မဟုတ် အနာဂတ် ကိုပဲ တစ်သမတ်တည်း ရွေ့လျားနေတယ်မလား။ ဒါပေမယ့် အိုင်းစတိုင်းရဲ့ ပြောကြားချက်အရ အချိန်ဆိုတာဟာ ဒြပ်ထု နဲ့ စွမ်းအင်တို့တည်ရှိမှုအနားမှာ ရွေ့လျားနေတဲ့ စမ်းရေနဲ့ ပိုတူတယ်လို့ သိရပါတယ်။ ဒြပ်ထုအတိုင်းမသိများပြားတဲ့ တွင်းနက်များအနီးမှာ စကြဝဠာကြီးဟာ အသက်အောင့်ထားတဲ့အလား အချိန်ဟာ နှေးကွေးစွာ စီးဆင်း သို့မဟုတ် ရပ်တည့်သွားတယ်လို့ ဆိုတယ်။

ဒီသဘောတရားက သီအိုရီပိုင်းဆိုင်ရာ ရူပဗေဒပညာရှင်များကြားမှာ စိတ်ကူးယဉ်စရာ တစ်ခုတိုးသွားတယ်။ အချိန် ခရီးသွားခြင်း ပဲဖြစ်တယ်။ အရမ်းကြီးတော့ စိတ်လှုပ်ရှားပြီး မမျှော်လင့်လိုက်ပါနဲ့။ ဒီလို အချိန်ခရီးသွားခြင်း ဆိုတာကို သေသေချာချာ နားလည် သဘောမပေါက်သေးပေမယ့် သင်္ချာညီမျှခြင်းများက ခွင့်ပြုထားပါတယ်။ အချိန်အာကာသဟင်းလင်းပြင် အတွင်း ဝေးကွာတဲ့ တစ်နေရာနဲ့ တစ်နေရာကို ဆက်ထားတဲ့ အာကာသတိုးလျိုပေါက်များ (wormholes) ကတော့ အချိန်ခရီးသွားခြင်း (time machine) ကို တည်ဆောက်ဖို့အတွက် တစ် ပြေးနေတဲ့ အစိတ်အပိုင်းများပဲ ဖြစ်ပါတယ်။ လက်ရှိ reality အတွင်းမှာ “အကယ်၍များ” ဆိုတဲ့ အဖြစ်အပျက်များအကြောင်း လေ့လာဖို့အတွက် စကြဝဠာကြီးက လျို့ဝှက်တံခါးတွေ ဆောက်လုပ်ပေးထားသလိုပါပဲ။

ဒီမှာ ဂီယာနောက်တစ်ချက် တင်ကြည့်ရအောင်။ အချိန်ခရီးသွားခြင်းလိုပဲ ထူးခြားဆန်းကျယ်တဲ့ အရာတစ်ခုရှိသေးတယ်။ သူကတော့ စကြဝဠာပြိုင်များ (multiverse) ပါပဲ။ ဒါလည်း ဟောလိဝုဒ် လုပ်လို့ လူတော်တော်များများနဲ့ မစိမ်းပါဘူး။ ကျွန်တော်တို့ ဖြစ်တည်နေတဲ့ စကြဝဠာကြီးဟာ အခြားစကြဝဠာပင်လယ်ကြီးထဲက ရေမှုန်တစ်မှုန်သာ ဖြစ်နေမယ်လို့ စိတ်ကူးယဉ်ကြည့်ရအောင်။ အခြားစကြဝဠာများဟာ ကျွန်တော်တို့နဲ့ အားလုံးမတူပဲ သူဟာနဲ့သူ ကွဲပြားတဲ့ ရူပဗေဒ နိယာမတွေ ပိုင်ဆိုင်နေနိုင်ပါတယ်။ ဒါဟာ လက်ရှိမှာတော့ အနုမာန (hypothesis) အဆင့်မှာသာရှိသေးပြီး မကြာသေးခင် နှစ်များထဲမှာမှ ခေတ်စားလာခြင်းဖြစ်ပါတယ်။

အခု ဖတ်ရှုပြီးသလောက်ဆိုရင် သိလောက်ပြီထင်ပါတယ်။ စကြဝဠာကြီးဟာ ဟင်းလင်းပြင်ကြီးထဲ သွားလာနေတဲ့ အရာဝတ္ထုများ စုဝေးမှုထက် ပိုတယ်ဆိုတာကို။ အတိုင်းအစမရှိတဲ့ စိတ်ကူးယဉ်မှုများအတွက် ကျယ်ပြောလှတဲ့ နေရာကြီးပဲ ဖြစ်ပါတယ်။ သူ့အကြောင်း လေ့လာနေရတာဟာ Grandmaster တစ်ဦးနဲ့ အဆုံးမရှိတဲ့ စစ်တုရင် ပွဲ ကစားနေရသလိုပါပဲ။ Checkmate လုပ်ဖို့အတွက် နီးလာပြီလို့ ကျွန်တော်တို့ ထင်လေလေ စစ်တုရင် ခုံဟာ ပိုမိုကျယ်ဝန်းလာပြီး နောက်ထပ် ရထားလုံးအသစ်များ၊ Pawn အသစ်များ၊ Bishop အသစ်များ ပေါ်လာတာကို တွေ့ရလေလေဖြစ်ပါတယ်။ ဒီကစားပွဲဟာ ဘယ်တော့ ဆုံးမလဲ။

စကြဝဠာကြီးဟာ ကောင်းမွန်တဲ့ စုံထောက်ဝတ္ထုနဲ့ တူတယ်လို့ ရစ်ချက်ဖိုင်းမန်း က ခိုင်းနှိုင်းဖူးပါတယ်။ ဒီပဟေဠိများကြားမှာ ကျွန်တော်တို့ ပါဝင်ခွင့်ရနေရတာဟာ ကံကောင်းတာပါပဲ။ သဲလွန်စတွေဟာ ကျွန်တော်တို့ဘေးတစ်ဝိုက် နေရာအနှံ့မှာ ပြန့်ကြဲတည်ရှိနေတယ်။ အက်တမ်အောက်သေးငယ်တဲ့ အမှုန်များရဲ့ ပြုမူပုံ၊ အဝေးမှ ဂလက်ဆီများရဲ့ အလင်းများ၊ တွင်းနက်ကြီးက ထွက်လာတဲ့ လက်ကျန်နောက်ခံ မိုက်ခရိုဝေ့ဗ် များ စသဖြင့်ပေါ့။

သိပ္ပံပညာဟာ အဆုံးမရှိတဲ့ ပညာရပ်ပဲဖြစ်ပါတယ်။ သူဟာ အဖြေများ ပေးရုံတင်မဟုတ်ပါဘူး၊ ပိုမိုနက်နဲတဲ့ မေးခွန်းများကိုလည်း ထုတ်ပေးပါတယ်။ သူဟာ စကြဝဠာကြီးရဲ့ လျို့ဝှက်ချက်များကို သိနိုင်ဖို့တင်မကပဲ ပိုမိုပြီး လေးနက်တဲ့မေးခွန်းဖြစ်တဲ့ ကျွန်တော်တို့ ဘာကြောင့် ဖြစ်တည်နေရသလဲ ဆိုတာကို သိနိုင်ဖို့အတွက် အလုပ်အဖြစ်ဆုံး နည်းလမ်းဆိုလည်း မမှားပါဘူး။

အခု သင့်အလှည့်ပဲဖြစ်ပါတယ်။ ဒီအက်ဆေးရဲ့ နောက်ဆက်တွဲ အခန်းတွေမှာ ဘယ်အကြောင်းတွေ ဆက်ပြီး ဆွေးနွေးကြမလဲ။

Address


Alerts

Be the first to know and let us send you an email when Curiosity posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Curiosity:

Share

About Curiosity

Curiosity သည် မြန်မာမီဒီယာလမ်းကြောင်းတွင် ပထမဦးဆုံးသော အွန်လိုင်း သိပ္ပံကွန်ရက်ဖြစ်သည်။ ၂၀၁၄ ခုနှစ် မေလတွင် သိပ္ပံပညာဝါသနာထုံသော ကျောင်းသားလေးဦးမှ ပရဟိတ အဖြစ် စတင်တည်ထောင်သည်။ ပါဝင်ရေးသားသူများမှာလဲ ကိုယ်ကျိုးမဖက်သော၊ သိပ္ပံပညာဝါသနာထုံသောသူများသာ ဖြစ်ကြသည်။ ကျွန်ုပ်တို့၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်ရန် သင့်အား အစဉ်အမြဲဖိတ်ခေါ်နေပါသည်။

Mission

သိပ္ပံပညာရှင်များ၏ တွေ့ရှိချက်များနှင့် သီအိုရီများ၊ ကမ္ဘာတစ်ဝန်းဖြစ်ပေါ်နေသော သိပ္ပံသတင်းများ စသည်တို့ကို မြန်မာပြည်သူလူထုတို့ သိမြင်နားလည်နိုင်စေရန် ကြိုးစားပါမည်။ သိပ္ပံခေတ်ရေစီးကြောင်းထဲသို့ မြန်မာပြည်သူလူထုများ လိုက်ပါစီးဆင်းနိုင်ရန် အဖက်ဖက်မှ တတ်စွမ်းသလို ကူညီကြပါမည်။

စာမူပို့လိုသူများသည် [email protected] ကို ပေးပို့နိုင်ပါသည်။