12/06/2024
အရက်နာကျရင် ဘယ်လိုလုပ်မလဲ
အရက်နာကျတယ်ဆိုတာက ယမကာလုလင်တို့ ကြုံဖူးကြတဲ့ ခံစားမှုပါ။ အရက်မှာပါတဲ့ ဓာတုဗေဒပစ္စည်းတွေနဲ့ အက်ဆစ်ဓာတ်တွေကကိုယ်ခန္ဓာထဲမှာ အဆိပ်အတောက်အဖြစ် ကျန်ခဲ့လို့သာ အရက်နာကျသွားတာပါ။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ပိုဆုံးရှုံးပြီး အိပ်ရေးမဝရင် ပိုခံစားရပါတယ်။
အရက်နာကျရင် ကိုယ်လက်မအီမသာဖြစ်လာမယ်၊ ခေါင်းကိုက်လာမယ်။ ခြေတုန်လက်တုန်ဖြစ်ပြီး အာရုံမစူးစိုက်နိုင်ဖြစ်လာမယ်။ နှလုံးခုန်မြန်လာပြီး အော့အန်တတ်ပါတယ်။ အကောင်းဆုံးကုသနည်းက အနားယူလိုက်တာပါ။ ကိုယ့်မှာက အလုပ်သွားစရာလည်းရှိသေးတယ်၊ အနားယူလို့ မရသေးဘူးဆိုရင် အခုဖော်ပြထားတဲ့ နည်းလမ်းတွေကို စမ်းကြည့်လိုက်ပါ။
မနက်စာစားပါ
အရက်နာကျနေရင် အစာစားချင်စိတ်ရှိမှာ မဟုတ်ပါဘူး။ စားချင်စိတ်မရှိလည်း အစာဝင်အောင် စားပေးပါ။ မနက်စာ စားဖြစ်အောင်စားပါ။ အစာကြေလွယ်မယ့် မနက်စာကို ရွေးချယ်စားသုံးနိုင်ပါတယ်။ မနက်စားစားလိုက်မှသာ ခန္ဓာကိုယ်ထဲက အရက်ဓာတ်တွေက တဖြည်းဖြည်းလွင့်ပါးသွားမှာပါ။
ရေသောက်ပါ
ရေဓာတ်ဆုံးရှုံးမှုပိုများလေ အရက်နာပိုကျလာလေပါပဲ။ အရက်သောက်ထားရင် အိပ်ရာမဝင်ခင်မှာ ရေများများသောက်ပါ။ မနက်ခင်းမှာလည်း ရေများများထပ်သောက်ပါ။ ရေများများသောက်ပြီး ဆီးများများသွားရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဆီးအဖြစ်စွန့်ထုတ်နိုင်ပါမယ်။
ဆေးသောက်ပါ
Aspirin ၊ Ibuprofen စတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရပါတယ်။ အကိုက်အခဲပျောက်ဆေး မသောက်ချင်ရင် Relief Hangover Drink သောက်လို့ရပါတယ်။ ကျွန်တော်က ကိုရီးယားနိုင်ငံထုတ် 깨우다 (ကေးဦးဒ) ဆိုတဲ့ Relief Hangover Drink လေးသောက်ပါတယ်။ အဲဒါလေး သောက်လိုက်ရင် အရက်နာကျသက်သာပြီး လန်းဆန်းသွားပါတယ်။
ကြက်ဥ၊ ပျားရည်နဲ့ ငှက်ပျောသီးစားပါ
ကြက်ဥကို ပြုတ်စားလို့ရသလို ကြော်စားလို့လည်းရပါတယ်။ ကြက်ဥမှာပါတဲ့ အမိုင်နိုအက်ဆစ်ဓာတ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာမို့ အမြန်သက်သာစေပါတယ်။ ပျားရည်သောက်လို့လည်း ရပါသေးတယ်။ အရက်ကြောင့် ထိခိုက်ထားတဲ့ အသည်းလေးကို သက်သာစေသလို လူကိုလည်း လန်းဆန်းစေပါတယ်။ ငှက်ပျောသီးမှာပါတဲ့ ပိုတက်ဆီယမ်ဓာတ်က အရက်နာကျတာကို သက်သာစေပါတယ်။
လေ့ကျင့်ခန်းလုပ်ပါ
ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလုပ်ပါ။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေဟာ ချွေးနဲ့အတူ ထွက်သွားပါလိမ့်မယ်။ ချွေးထွက်သွားရင် လူလည်း သက်သာလာပါပြီ။ ယမကာကို စကားပြောကောင်းရုံ၊ စိတ်ပျော်ရုံလောက်ပဲ သောက်တာအကောင်းဆုံးပါပဲ။ တန်ဆေး၊ လွန်ဘေးဆိုသလို များသွားရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ချင့်ချိန်သောက်ပြီး Enjoy လုပ်ကြရအောင်နော်။