12/12/2025
မျက်တောင်တစ်ခတ်စာ လျှပ်တစ်ပြက်အတွင်းမှာပဲ
ပြက္ခဒိန်ရွက်တွေက တဖွဲဖွဲကြွေလွင့်
ဘာလိုလိုနဲ့ ၂၀၂၆ ဆိုတဲ့ ဂိတ်ဆုံးကိုတောင်
ငါတို့အရောက် လှမ်းလာခဲ့ကြပြီပဲ...။
ဒီခရီးလမ်း တစ်လျှောက်မှာ
ရယ်စရာလိုလိုနဲ့ ငိုချင်စရာကောင်းတာက
လူတွေရဲ့ ဆက်ဆံရေး သံသရာပါပဲ...
တစ်ချိန်က "ငါ့အချစ်ဆုံး၊ ငါ့အသိဆုံး" လို့
ရင်ဘတ်ချင်း ထပ်တူကျ နီးစပ်ခဲ့သူတွေက
အခုတော့ လမ်းမှာတွေ့ရင်တောင်
အပြုံးတစ်ချက် ပေးဖို့ဝန်လေးသွားတဲ့
"သူစိမ်း" သက်သက်တွေ ဖြစ်သွားခဲ့ကြပြီ...။
ဒါပေမဲ့လည်း ဆန်းကြယ်တဲ့ ကံတရားက
တစ်ချိန်က နာမည်တောင် မကြားဖူးခဲ့တဲ့
ဘယ်ဆီကမှန်းမသိ ရောက်လာတဲ့ "သူစိမ်း" တွေကိုတော့
ကိုယ့်ဘဝရဲ့ စာမျက်နှာတွေထက်မှာ
မရှိမဖြစ် "အသိတွေ" အဖြစ် ပြန်အစားထိုးပေးပြန်တယ်...။
တကယ်တော့...
နှစ်သစ်ဆိုတာ ဂဏန်းတွေ ပြောင်းသွားရုံ သက်သက်ပါ
ဘဝဆိုတာကတော့ ဘူတာရုံတစ်ခုလို
ဝင်လာတဲ့သူက ဝင်လာ၊ ထွက်သွားတဲ့သူက ထွက်သွား
ဘယ်သူမှ အကြာကြီး နေရာမယူထားကြပါဘူး...။
ဝင်လာသူဆီက အသစ်အဆန်းတွေ သင်ယူရင်း
ထွက်ခွာသွားသူဆီက အတိတ်တွေကို ချန်ရစ်ခဲ့
ဒီလိုနဲ့ပဲ... သာမန်ရက်စွဲတွေကြား
ငါတို့တွေ ရင့်ကျက်လာခဲ့ကြတာပေါ့...။
ဒီနှစ်ကုန်လို့ နောက်နှစ်ကူးတဲ့အခါ
ပိုပြီး ပိုင်ပိုင်နိုင်နိုင် သိလိုက်ရတဲ့ အမှန်တရားကတော့
"ဘယ်အရာမှ မမြဲဘူး" ဆိုတာပါပဲ...
ပျော်စရာတွေလည်း ပြီးဆုံးသွားသလို
ဝမ်းနည်းစရာတွေလည်း တစ်နေ့ ပြီးဆုံးသွားမှာမို့
လာမယ့် ၂၀၂၆ မှာ
ရှိနေတဲ့ လက်ရှိတရားကိုပဲ တန်ဖိုးထားရင်း
ဖြတ်သန်းသွားကြတာပေါ့.....။