Myanmar Lawyer Network Mogaung

  • Home
  • Myanmar Lawyer Network Mogaung

Myanmar Lawyer Network  Mogaung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Lawyer Network Mogaung, News & Media Website, .

02/07/2024

လင်ယောကျာ်းဖြစ်သူ ထောင်ကျနေတဲ့အချိန်မှာ ဇနီးဖြစ်သူက တရားခံနဲ့အိမ်ထောင်ပြုလိုက်တဲ့အတွက် ထောင်ထဲက လင်ယောကျာ်းက တရားခံကို မယားခိုးမှုနဲ့တရားစွဲတယ် ။ ဇနီးဖြစ်သူနဲ့ တရားခံက ခရိုင်တရားရုံးတစ်ရုံးမှာ လင်မယားအဖြစ် ကတိသစ္စာပြု လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရတဲ့အတွက် ခရိုင်တရားရုံးမှာရှိတဲ့ ထိမ်းမြားလက်ထပ်ခြင်း မှတ်ပုံတင်စာရင်းစာအုပ်မှာ ရေးသွင်းမှတ်တမ်းတင်ထားတဲ့ မှတ်တမ်းကို မိတ္တူကူးယူခွင့် လျှောက်ထားတော့ `` အမှုတွဲများ မိတ္တူကူးယူခြင်းဆိုင်ရာ နည်းဥပဒေများ ´´ မှာ မပါတဲ့ စာရွက်စာတမ်းမျိုးဖြစ်လို့ ခွင့်မပြုဘူးလို့ငြင်းတယ် ။
`` အမှုတွဲများ မိတ္တူကူးခြင်းဆိုင်ရာ နည်းဥပဒေများ ´´ ဟာ ပြစ်မှုဆိုင်ရာအမှုများနှင့် တရားမမှုများမှာရှိတဲ့ စာရွက်စာတမ်းတွေကို မိတ္တူကူးယူခြင်းနှင့်သာဆိုင်ပြီး သူ မိတ္တူကူးယူချင်တဲ့ မှတ်တမ်း မျိူးမပါဘူးဆိုတာ ရှေ့နေကြီးလည်းသိတယ်။
ထိမ်းမြားလက်ထပ်ခြင်း မှတ်ပုံတင်စာအုပ်ဟာ ၂၆.၃.၁၉၇၁ ရက်စွဲပါ တရားရုံးညွှန်ကြားလွှာ အမှတ် ၃/၇၁ အရ တရားရုံးများမှာ ထားရှိတဲ့ မှတ်ပုံတင်စာအုပ် ဖြစ်ပါတယ်။ လင်မယားအဖြစ် လက်ထပ်ထိမ်းမြားပြီး ပေါင်းသင်းနေထိုင်ကြမယ်လို့ ကတိသစ္စာပြု တဲ့အခါ တရားသူကြီးရှေ့မှောက်မှာ ကတိသစ္စာပြုပြီး လက်မှတ်ရေး ထိုးကြရပါတယ်။ ဒါတွေကို ထိမ်းမြားလက်ထပ်ခြင်း မှတ်ပုံတင်စာရင်းစာအုပ်မှာ ရေးသွင်းမှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ ဒီလိုမှတ်တမ်းမျိုးကို မိတ္တူကူးယူခွင့် မရှိဘူးလားလို့ ရှေ့နေကြီးက သိချင်တယ်။
မိတ္တူကူးယူခွင့်ဟာ သက်သေခံအက်ဥပဒေပုဒ်မ ၇၆ ပါ ပြဌာန်းချက်အရ ရရှိတဲ့အခွင့်အရေးဖြစ်ပါတယ်။ သက်သေခံအက်ဥပဒေပုဒ်မ ၇၆ မှာ အများနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးကြည့်ရှုခွင့်ရသူက ဥပဒေပြဌာန်းချက် (ရုံးခွန်အက်ဥပဒေဇယား ၁ အမှတ်စဉ် ၆၊ ၇၊ ၈ နှင့် ၉ ) အရ ကျသင့်တဲ့ အခကြေးငွေ ပေးသွင်းရင် မိတ္တူကူးယူခွင့် ပြုရမယ်လို့ ပြဌာန်းထားပါတယ် ။
ပုဒ်မ ၇၆ အရဆိုရင် စာတမ်းအမှတ်အသားကို တရားဝင် မိတ္တူကူးပေးဖို့ တောင်းဆိုခွင့် ရှိ မရှိနဲ့ စပ်လျဉ်းပြီး (၁) ကူးယူလိုသော စာတမ်းအမှတ်အသားသည် အများပြည်သူဆိုင်ရာ စာတမ်းအမှတ်အသားဖြစ်ရမည် ၊ (၂) ယင်းစာတမ်းအမှတ်အသားကို စစ်ဆေးကြည့်ရှုခွင့်ရှိသူ ဖြစ်ရမှာ ဖြစ်ပါတယ် ။
အများပြည်သူဆိုင်ရာ စာတမ်းအမှတ်အသားတွေကို သက်သေခံအက်ဥပဒေပုဒ်မ ၇၄ မှာ ဖော်ပြထားပါတယ် ။
တရားရုံးများမှာထားရှိတဲ့ ထိမ်းမြားလက်ထပ်ခြင်း မှတ်ပုံတင်စာအုပ်ဟာ သက်သေခံအက်ဥပဒေပုဒ်မ ၇၄(၂) ပါ အများပြည်သူဆိုင်ရာ မှတ်တမ်းဖြစ်ပါတယ် ။
အများပြည်သူဆိုင်ရာ စာတမ်းအမှတ်အသားတစ်ခုကို ပြည်သူတစ်ဦးအနေနဲ့ စစ်ဆေးကြည့်ရှုခွင့် ရှိ မရှိဆိုတဲ့ ပြသနာကို စဉ်းစားရာတွင် ထိုသူဟာ ယင်းစာတမ်းအမှတ်အသားနဲ့ မည်သို့အကျိုး သက်ဆိုင်သည် ။ သူ့ရဲ့အကျိုးကို ကာကွယ်ရန်အလို့ငှါ တရားဝင် မိတ္တူကူးပေးဖို့ လို မလိုဆိုတဲ့ အချက်တွေအပေါ်မှာ မူတည်ပါတယ်။
သက်သေခံအက်ဥပဒေပုဒ်မ ၇၆ နဲ့ ညီညွတ်ရင် တရားဝင် မိတ္တူကူးယူခွင့်ရှိတယ်ဆိုတာ ငြင်းလို့မရတဲ့အဖြေပါ။
တရားရုံးများမှာ မိတ္တူရေးကူးခြင်းဟာ အမှုတွဲများ မိတ္တကူးခြင်းဆိုင်ရာ နည်းဥပဒေအပြင် သက်သေခံအက်ဥပဒေပုဒ်မ ၇၆ ပါ ပြဌာန်းချက်ကိုလည်း သတိပြုသင့်ကြောင်း တင်ပြလိုပါတယ် ။
#အကြောင်းပြထုချေခွင့်ပေးပါ နှင့် တရားဥပဒေရေးရာဆောင်းပါးများ #ဦးတင်ဟုန် (တရားလွှတ်တော်တရားသူကြီး)

ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နှင့် သက်သေပြရန်တာ၀န်××××××××××××××××××××××××××××××××××××××ပို့ကုန်သွင်းကုန်ဥပဒေကို ပြည်ထော...
24/10/2023

ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နှင့် သက်သေပြရန်တာ၀န်
××××××××××××××××××××××××××××××××××××××

ပို့ကုန်သွင်းကုန်ဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၇/ ၂၀၁၂ ဖြင့် (၇-၁၀-၂၀၁၂)နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေပုဒ်မ ၁၅ ဖြင့် သွင်းကုန်ထုတ်ကုန်နှင့်စပ်လျဉ်းသည့် ယခင်ဥပဒေဟောင်းဖြစ်သည့် The Control of Imports and Exports (Temporary) Act, 1947 ကို ရုပ်သိမ်းခဲ့ပါသည်။

ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တွင် ယင်းဥပဒေပုဒ်မ ၅ နှင့် ၆ ပါ ပြဌာန်း ချက်များကို ဖောက်ဖျက်သည့်အတွက် ပြစ်မှုနှင့် ပြစ်ဒဏ်ကို ပြဋ္ဌာန်းထားပါသည်။

ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၅ တွင် မည်သူမျှ ကန့်သတ်တားမြစ်ပိတ်ပင် ထားသောကုန်ပစ္စည်းများကို တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်း မပြုရဟု ပြဋ္ဌာန်း ထားပြီး ပုဒ်မ ၆ တွင် မည်သူမျှ ခွင့်ပြုချက်ရယူရန် သတ်မှတ်ထားသော ကုန်ပစ္စည်းများကို ခွင့်ပြုချက်ရယူခြင်း မရှိဘဲ တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်း မပြုရဟု ပြဋ္ဌာန်းထားပါသည်။

“တင်ပို့ခြင်း” ဆိုသည့်စကားရပ်ကို ယင်းဥပဒေပုဒ်မ ၂(ခ)တွင် ကုန်ပစ္စည်း တစ်ရပ်ရပ်ကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း သို့မဟုတ် အခြားနည်း တစ်ရပ်ရပ်ဖြင့် နိုင်ငံတော်ပြင်ပသို့ တင်ပို့ခြင်းကို ဆိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆို ပါသည်။

“တင်သွင်းခြင်း” ဆိုသည့် စကားရပ်ကို ယင်းဥပဒေပုဒ်မ ၂(ဂ)တွင် ကုန်ပစ္စည်းတစ်ရပ်ရပ်ကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း သို့မဟုတ် အခြားနည်း တစ်ရပ်ရပ်ဖြင့် နိုင်ငံတော်အတွင်းသို့ တင်သွင်းခြင်းကို ဆိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုပါသည်။

သို့ဖြစ်ရာ ကန့်သတ်တားမြစ်ပိတ်ပင်ထားသော ကုန်ပစ္စည်းများကိုဖြစ်စေ၊
ခွင့်ပြုချက်ရယူရန် သတ်မှတ်ထားသော ကုန်ပစ္စည်းများကို ခွင့်ပြုချက်ရယူခြင်း မရှိ ဘဲဖြစ်စေ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်းသို့ တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်းပြုလျှင် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အရ ပြစ်မှုထင်ရှားစီရင်ခြင်း ခံရမည်ဖြစ်ပါသည်။

ပုဒ်မ ၅ နှင့် ၆ တွင်ဖော်ပြထားသော ကုန်ပစ္စည်းများကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်းသို့ လူတစ်ဦးတစ်ယောက်က တင်ပို့ခြင်း သို့မ ဟုတ် တင်သွင်းခြင်း ဟုတ်မဟုတ် ပြဿနာနှင့်စပ်လျဉ်း၍ သက်သေပြရန်တာ၀န် သည် မည်သူ့အပေါ်တွင် ကျရောက်ပါသနည်း။

စွပ်စွဲသူ တရားလိုအပေါ်တွင် ကျရောက်သလား သို့မဟုတ် စွပ်စွဲခံရသူ တရားခံအပေါ်တွင် ကျရောက်ပါသလား။ လေ့လာဆန်းစစ်ရန် လိုအပ်လာပါသည်။

----

ယခင် ဥပဒေဟောင်းဖြစ်သည့် The Control of Imports and Exports (Temporary)Act, 1947 အရ သက်သေပြရန်တာ၀န် မည်သူ့အပေါ် ကျရောက်ခဲ့ သည်ကို ဦးစွာ ခြေရာကောက်ကြည့်မိပါသည်။

The Control of Imports and Exports (Temporary) Act, 1947 ပုဒ်မ ၃ (၁)အရ တားမြစ်ထားသောပစ္စည်းများသည် ပင်လယ်အကောက်ခွန် အက် ဥပဒေပုဒ်မ ၁၉ ဖြင့် တားမြစ်ထားသောပစ္စည်းများအဖြစ် အဓိပ္ပာယ် ကောက်ယူ ရမည်ဖြစ်ကြောင်း ယင်းဥပဒေ ပုဒ်မ ၃(၂)တွင် ဖော်ပြထားပါသည်။

ထို့ကြောင့် The Control of Imports and Exports (Temporary) Act, 1947 အရ အရေးယူဆောင်ရွက်သောအမှုတွင် အချင်းဖြစ်ကုန်ပစ္စည်းများသည် ပင်လယ်အကောက်ခွန်အက်ဥပဒေ(The Sea Customs Act) ပုဒ်မ ၁၆၇-က နှင့် အကျုံး၀င်ပါသည်။

ပင်လယ်အကောက်ခွန်အက်ဥပဒေ(The Sea Customs Act) ပုဒ်မ ၁၆၇-က တွင် ပုဒ်မ ၁၉ အရ တားမြစ်၊ ကန့်သတ်ထားသည့် ကုန်ပစ္စည်းများ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ တင်သွင်းတင်ပို့ရန် အားထုတ်ခြင်းနှင့်စပ်လျဉ်း၍ စွဲဆို သည့်ပြစ်မှုတွင် ထိုသို့ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ အားထုတ်ခြင်း မဟုတ်ကြောင်း ထင်ရှားအောင် သက်သေပြရန်တာ၀န်မှာ တရားခံအပေါ်တွင် ကျရောက်သည်ဟု ပြဋ္ဌာန်းထားပါသည်။

အထက်တွင်ဆိုခဲ့သည့်အတိုင်း The Control of Imports and Exports (Temporary) Act, 1947 ပုဒ်မ - ၃(၂)ဖြင့် The Sea Customs Act ကို ချိတ် ဆက်ထားသည်ဖြစ်ရာ The Sea Customs Act ပုဒ်မ ၁၆၇-က ပါ သက်သေပြရန် တာ၀န်ပြဋ္ဌာန်းချက်သည် The Control of Imports and Exports (Temporary) Act, 1947အရ အရေးယူဆောင်ရွက်သော အမှုများတွင်လည်း အကျုံး၀င်လာခြင်း ဖြစ်ပါသည်။

သို့ဖြစ်ရာ ယခင်ဥပဒေဟောင်းဖြစ်သည့် The Control of Imports and Exports (Temporary) Act, 1947 အရ အရေးယူဆောင်ရွက်သော အမှုတွင် အချင်းဖြစ် ကုန်ပစ္စည်းများနှင့်အတူ ဖမ်းဆီးခံရသော တရားခံကသာလျှင် ပြည်တွင်းသို့ သွင်းယူခြင်း မပြုကြောင်း၊ နိုင်ငံခြားသို့ ခိုးထုတ်ခြင်း မဟုတ်ကြောင်း သက်သေထင်ရှားပြသရန်တာ၀န်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

ယင်းမူသဘောကို Major San Aung v. The Union of Burma (၁၉၅၈၊ မတစ၊ လွှတ်တော်ချုပ်၊ စာ- ၁၈)၊ မိုဟာမက်ဟူစိန်(ဆောင်း)ပါ၂ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ(၁၉၆၆၊ မတစ၊ စာ-၁၅၀၉)၊ ရွှေသန်း ပါ-၅ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် (၁၉၉၄၊ မတစ ၊ စာ -၁၆၁)၊ ဦးစိုင်းစိုင်းနှင့် ပြည်ထောင်စုမြန်မာ နိုင်ငံတော်(၁၉၉၇၊မတစ ၊စာ-၂၁) အမှုများတွင် လမ်းညွှန်ထားသည်ကို တွေ့ရှိရပါ သည်။

ထို့ကြောင့် ယခင်ဥပဒေဟောင်းဖြစ်သည့် The Control of Imports and Exports (Temporary) Act, 1947 အရ အရေးယူဆောင်ရွက်သော အမှုများတွင် သက်သေပြရန်တာ၀န်သည် စွပ်စွဲခံရသူတရားခံအပေါ် ကျရောက်သဖြင့် တားမြစ်၊ ကန့်သတ်ထားသည့် ကုန်ပစ္စည်းများကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ အားထုတ်ခြင်း မဟုတ်ကြောင်း တရားခံက သက်သေထူရန် ဖြစ်ပါသည်။

----

ပို့ကုန်သွင်းကုန်ဥပဒေတွင် The Control of Imports and Exports (Temporary) Act, 1947 ပုဒ်မ ၃(၂) ကဲ့သို့သော The Sea Customs Actနှင့် ချိတ်ဆက်ထားသော ပြဋ္ဌာန်းချက်တစ်စုံတစ်ရာ မပါရှိသည်ကို တွေ့ရှိရပါ သည်။

သို့ဖြစ်ရာ The Sea Customs Act ပုဒ်မ ၁၆၇-က ပြဋ္ဌာန်းချက်သည် ပို့ကုန်သွင်းကုန်ဥပဒေအလို့ငှာ အကျုံးမ၀င်ကြောင်းမှာ မြင်သာသောအချက်ဖြစ်ပါ သည်။

ထို့ပြင် The Sea Customs Act ပုဒ်မ ၁၆၇-က နှင့် အလားတူသော ပြဋ္ဌာန်းချက်မျိုးလည်း ပို့ကုန်သွင်းကုန်ဥပဒေတွင် ပြဋ္ဌာန်းထားခြင်း မရှိပါ။
The Sea Customs Act ပုဒ်မ ၁၆၇-က သည် ၁၉၅၃ ခုနှစ်၊ ဥပဒေ အမှတ် - ၁၆ ဖြင့် ယင်းဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါ သည်။

ယင်းသို့ဆိုလျှင် ပုဒ်မ ၁၆၇-က ကို ပြဋ္ဌာန်းခြင်းမပြုရသေးသော ၁၉၅၃ ခုနှစ်မတိုင်မီ ကာလများက ယခင်ဥပဒေဟောင်း The Control of Imports and Exports (Temporary) Act, 1947 အရ စွဲဆိုသော အမှုများတွင် သက်သေပြရန် တာ၀န်သည် မည်သူ့အပေါ် ကျရောက်ခဲ့သနည်း။

စွပ်စွဲသူအပေါ်လား၊ စွပ်စွဲခံရသူ အပေါ်လား။ ဆက်လက်လေ့လာရန် လိုအပ်မည်ဖြစ်ပါသည်။

-----

KANTILAL GORDHANDAS SHAH v. THE ASSISTANT COLLECTOR OF CUSTOMS(၁၉၅၁၊ မတစ၊ လွှတ်တော်ချုပ်၊ စာ -၂၄၄)တွင် တားမြစ်ကုန်စည်များတင်သွင်းခြင်း၊ တင်ပို့ခြင်းနှင့်စပ်လျဉ်း၍ တရားခံအပေါ် စွပ်စွဲ ချက်ထင်ရှားအောင် သက်သေပြရန်တာ၀န်သည် စွပ်စွဲသူအပေါ် ကျရောက် ကြောင်း၊ စွပ်စွဲသူသည် မိမိစွပ်စွဲချက်ကို ထင်ရှားမပြနိုင်လျှင် တရားခံကို လွှတ်ရ မည်ဖြစ်ကြောင်း တရားသူကြီးချုပ် ဆာဘဦးက လမ်းညွှန်ခဲ့သည်ကို တွေ့ရသည်။

ပြစ်မှုဆိုင်ရာအမှုများတွင် တရားခံအပေါ် စွပ်စွဲချက်ထင်ရှားအောင် သက်သေပြရန်တာ၀န်သည် စွပ်စွဲသူအပေါ် ကျရောက်သည်ဆိုခြင်းမှာ ပြစ်မှု တရားစီရင်ရေးဆိုင်ရာ အဓိကကျသောနည်းဥပဒေ (cardinal rule of criminal jurisprudence) ဖြစ်ပါသည်။

အထက်ပါ ၁၉၅၁၊ မတစ၊ လွှတ်တော်ချုပ်၊ စာ - ၂၄၄ စီရင်ထုံးတွင်လည်း တရားသူကြီးချုပ် ဆာဘဦးက ယင်းအချက်ကို ထောက် ပြပါသည်။

သက်သေပြရန်တာ၀န် တရားခံအပေါ်ထားရှိမည်ဆိုလျှင် သက်သေပြရန် တာ၀န်နှင့်စပ်လျဉ်း၍ အထူးပြဋ္ဌာန်းချက်တစ်ရပ်ကို သီးခြားပြဌာန်းထားရှိရပါသည်။

သက်သေပြရန်တာ၀န်နှင့်စပ်လျဉ်း၍ အထူးပြဋ္ဌာန်းချက်တစ်ရပ်ကို ယင်းဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိပါဘဲလျက် စွပ်စွဲခံရသူ(တရားခံ)အပေါ် သက်သေပြရန်တာ၀န် ထားရှိမည်ဆိုပါက ပြစ်မှုတရားစီရင်ရေးဆိုင်ရာ အဓိကကျသော နည်းဥပဒေ (cardinal rule of criminal jurisprudence)နှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေမည် (antithesis) ဖြစ်ပါသည်။ အထက်ပါ ၁၉၅၁၊ မတစ၊ လွှတ်တော်ချုပ်၊ စာ - ၂၄၄ စီရင်ထုံးတွင်လည်း တရားသူကြီးချုပ် ဆာဘဦးက "antithesis"ဟုပင် သုံးနှုန်းခဲ့ပါ သည်။

ထို့ကြောင့် ပို့ကုန်သွင်းကုန်ဥပဒေတွင် သက်သေပြရန်တာ၀န်နှင့်စပ်လျဉ်း ၍ အထူးပြဋ္ဌာန်းချက် တစ်စုံတစ်ရာမရှိသည့် အခြေအနေတွင် ယင်းဥပဒေအရ စွဲဆိုသော အမှုများတွင် သက်သေပြရန်တာ၀န်သည် ပြစ်မှုတရားစီရင်ရေးဆိုင်ရာ အဓိကကျသော နည်းဥပဒေ(cardinal rule of criminal jurisprudence)နှင့်အညီ စွပ်စွဲသူ(တရားလို)အပေါ် ကျရောက်သည်ဟု ကောက်ယူရန်သာ ရှိပါသည်။

သို့မဟုတ်ပါက ပြစ်မှုတရားစီရင်ရေးဆိုင်ရာအဓိကကျသောနည်းဥပဒေ(cardinal rule of criminal jurisprudence)နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေမည် (antithesis) ဖြစ်ပါသည်။

--

ထို့ကြောင့် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အရ စွဲဆိုသောအမှုများတွင် တရားခံသည် တားမြစ်ထားသောကုန်ပစ္စည်းကိုဖြစ်စေ၊ ခွင့်ပြုချက်ရယူရန် သတ် မှတ်ထားသည့် ကုန်ပစ္စည်းကို ခွင့်ပြုချက်ရယူခြင်းမရှိဘဲဖြစ်စေ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်းသို့ တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်းပြုကြောင်း သက်သေပြရန်တာ၀န်သည် "cardinal rule of criminal jurisprudence" နှင့် အညီ စွပ်စွဲသူ(တရားလို)အပေါ် ကျရောက်ကြောင်း လေ့လာတွေ့ရှိရပါသည်။

---

မျက်မှောက်ခေတ် မော်တော်ယာဉ်တိုက်မှုများတွင် အချင်းဖြစ် မော်တော် ယာဉ်သည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(က.ည.န)တွင် မှတ်ပုံတင် ထားခြင်း မရှိပါက တရားစွဲအဖွဲ့အစည်းက တရားခံအပေါ် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် တရားစွဲတင်ပို့ကြသည်ကို တစ်ခါတစ်ရံ တွေ့ရတတ်ပါသည်။

မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များသည် စီးပွားရေးနှင့်ကူးသန်း ရောင်း၀ယ်ရေး၀န်ကြီးဌာန၏ (၁၄-၁၂-၂၀၁၇)ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၆၁/ ၂၀၁၇ အရ သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သောကုန်စည်ဖြစ်ရာ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၆ အရ ခွင့်ပြုချက်ရယူရန် လိုအပ်သော ကုန်ပစ္စည်းဖြစ် ကြောင်း အငြင်းပွားရန် မရှိပါ။

က.ည.နတွင် မှတ်ပုံတင်ထားခြင်းမရှိသော ယာဉ်အား အများပြည်သူဆိုင် ရာနေရာတွင် မောင်းနှင်ခြင်းသည် မော်တော်ယာဉ်ဥပဒေ (ဥပဒေအမှတ်- ၅၅/ ၂၀၁၅)ပုဒ်မ ၄၅ ပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ခြင်းဖြစ်၍ ယင်းဥပဒေပုဒ်မ ၅၈(က) အရ အရေးယူ ဆောင်ရွက်ရမည့်ကိစ္စဖြစ်ရာ တရားစွဲအဖွဲ့အစည်းအနေဖြင့် မော်တော်ယာဉ်ဥပဒေအရ အရေးယူဆောင်ရွက်မည်ဆိုပါကလည်း အငြင်းပွားရန် မရှိပါ။

ထို့ပြင် က.ည.န တွင် မှတ်ပုံတင်ထားခြင်းမရှိသော ယာဉ်အား The Sea Customs Act သို့မဟုတ် The Land Customs Act တို့ဖြင့် အရေးယူဆောင် ရွက်မည်ဆိုပါကလည်း စောဒကတက်ရန် မရှိပါ။

The Land Customs Act ပုဒ်မ ၉ တွင်လည်း The Sea Customs Act နှင့်ချိတ်ဆက်ထားသဖြင့် The Sea Customs Act ပုဒ်မ ၁၆၇-က သည် အကျုံး ၀င်လျက်ရှိပါသည်။ အထက်တွင် ဆိုခဲ့ပြီးဖြစ်သည့်အတိုင်း The Sea Customs Act ပုဒ်မ ၁၆၇-က သက်သေပြရန်တာ၀န်သည် တရားခံအပေါ် ကျရောက်သည် ဖြစ်ရာ တရားလိုအနေဖြင့် ခွင့်ပြုချက်ရယူရန် လိုအပ်သောကုန်ပစ္စည်းဖြစ်ကြောင်း တင်ပြနိုင်လျှင်ပင် သက်သေပြရန်တာ၀န် ကျေပွန်ပြီ ဖြစ်ပါသည်။

သို့ရာတွင် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အရ အရေးယူဆောင်ရွက် မည်ဆိုပါက အငြင်းပွားရန် ရှိပါသည်။

ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၆ တွင် အကျုံး ၀င်ရန် အောက်ပါ ပြစ်မှုအင်္ဂါ(၃)ရပ် ပြည့်စုံရန် လိုပါသည်။

(၁) အချင်းဖြစ်ပစ္စည်းသည် ခွင့်ပြုချက်ရယူရန် လိုအပ်သော ကုန်စည် ဖြစ်ခြင်း
(၂) ခွင့်ပြုချက် ရယူထားမှု မရှိခြင်း
(၃) တရားခံသည် ထိုကုန်ပစ္စည်းကို နိုင်ငံတော်ပြင်ပသို့ တင်ပို့ခြင်း သို့မဟုတ် နိုင်ငံတော် အတွင်းသို့ တင်သွင်းခြင်း

----

ရာဇ၀တ်မှု ကျူးလွန်ကြောင်း စွဲဆိုရာတွင် တရားခံသည် မည်သည့် တာ၀န်ရှိ၍ ယင်းတာ၀န်ပျက်ကွက်ခြင်းကြောင့် မည်သည့်ပြစ်မှုမြောက်ကြောင်းကို ယင်းပြစ်မှုဖြစ်စေသည့် အင်္ဂါစုံလင်အောင် တင်ပြသက်သေထူရန် တရားလိုဘက် တွင် တာ၀န်ရှိသည်ဟု မောင်ဟန်စိုးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၇၀ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး(အထူးရာဇ၀တ်ရုံးအယူခံအဖွဲ့)၊ စာ - ၆) တွင် လမ်းညွှန် ထားပါသည်။

ထို့ကြောင့် ပြဋ္ဌာန်းထားသော ပြစ်မှု အင်္ဂါရပ် စုံလင်အောင် စွပ်စွဲသူ တရားလိုဘက်က သက်သေထူရန် လိုပါသည်။

ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အရ စွဲဆိုမှုတွင် အချင်းဖြစ်ယာဉ်ကို စွပ်စွဲ ခံရသူ တရားခံသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းသို့ တင်ပို့ခြင်း ပြုကြောင်း စွပ်စွဲသူ(တရားလို)ဘက်က သက်သေထူရန်လိုမည် ဖြစ်ပါသည်။

---

သို့ရာတွင် က.ည.န တွင် မှတ်ပုံတင်ထားခြင်းမရှိသော ယာဉ်ဖြစ်သည်ဆို သည့် အချက်တစ်ခုသာ တရားလိုဘက်က အများအားဖြင့် သက်သေထူနိုင်သည် ကိုတွေ့ရပါသည်။

က.ည.န တွင် မှတ်ပုံတင်ထားခြင်းမရှိသောယာဉ် ဖြစ်သည် ဆိုသောအချက်တစ်ခုတည်းဖြင့် အချင်းဖြစ်ယာဉ်ကို တရားခံသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အတွင်းသို့ တင်သွင်းခဲ့ကြောင်း ကောက်ယူနိုင်ရန် အကြောင်း မရှိပါ။

ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် ဦးမောင်မောင် (၁၉၆၇၊မတစ၊စာ-၄၈၀) အမှု တွင်

တရားခံ ဦးမောင်မောင်၏နေအိမ်ကိုရှာဖွေကြရာ အလေးချိန် ၈ ကျပ် ၉ ပဲ နှင့် ၃ ရွေးရှိ ယိုးဒယားစာများပါသော ရွှေဆွဲကြိုးသုံးကုံးအပြင် အခြားကျောက်မျက် ပစ္စည်း လက်စွပ်များဖမ်းဆီးရမိသဖြင့် The Control of Imports and Exports (Temporary) Act, 1947 ပုဒ်မ ၅(၁) နှင့် Foreign Exchange Regulation Act ပုဒ်မ ၂၄(၁) အရ တရားခံ ဦးမောင်မောင်အပေါ် တရားစွဲဆိုခဲ့ပါသည်။

ယင်းအမှုတွင် နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး ဦးကျော်ဇံဦး၏ အောက်ပါ သုံးသပ်ချက်မှာ အတုယူ မှတ်သားဖွယ်ဖြစ်ပါသည်။

“ဤရွှေဆွဲကြိုးများသည် နိုင်ငံခြားလုပ်ဖြစ်စေကာမူ အယူခံ တရားခံအိမ်မှ ရရှိရုံနှင့် နိုင်ငံခြားမှ ခိုးသွင်းယူလာသည်ဟု မည်သို့မျှ မဆို နိုင်ပေ။
ဤသို့သာ ယူဆရမည်ဆိုလျှင် ယခုအခါ ပါတိတ်လုံခြည်များကို ၀တ်ဆင်သော အမျိုးသမီးအားလုံးတို့ကိုပင် ဘမ်းချုပ် တရားစွဲဆိုပြီး ထောင်ချရမည်သာ ရှိပေသည်။ ဤကား ဥပဒေ မဟုတ်။
Foreign Exchange Regulation Act ပုဒ်မ ၉ သော်၄င်း၊ The Sea Customs Act ပုဒ်မ ၁၉ သော်၄င်း ပိုင်ဆိုင်ခြင်းကို မှုပြစ်ဟု မဆိုလို၊ ပြည်တွင်းသို့ယူဆောင်ခိုးသွင်းလာခြင်းကိုသာဆိုသည်။ အယူခံတရားခံ သည် ပြည်တွင်းသို့ ဤသက်သေခံပစ္စည်းများကို ယူဆောင်သွင်းယူ လာသည်ဟု သက်သေထွက်ဆိုချက် တစိုးတစေ့မျှ မရှိ။ ဤပစ္စည်းများကို ၄င်း၏အိမ်မှသာတွေ့သည်ဟု ထွက်ဆိုချက်ရှိသည်။
မြန်မာပြည်တွင် ရာခိုင်နှုန်း ၅၀ ကျော်ခန့် ပစ္စည်းများသည် နိုင်ငံခြားမှ တရားဥပဒေအရ၊ အစိုးရက သော်၄င်း၊ လုပ်သားပြည်သူက သော်၄င်း၊ သွင်းယူခဲ့သောပစ္စည်းများဖြစ်သည်မှာ မငြင်းနိုင်ပေ။ ဤပစ္စည်း တစ်ခုခုကို လုပ်သားပြည်သူ တစ်ဦးတစ်ယောက်ထံမှ တွေ့ရှိရုံနှင့်ပင် နိုင်ငံခြားမှ ခိုးသွင်းယူလာခဲ့သည်ဟု မည်သို့မျှ မဆိုနိုင်ပေ။
The Sale of Good Act ပုဒ်မ ၄ နှင့် ၅ တို့ကို ဘတ်ရှု စစ်ဆေးကြည့်သော် ရွှေ့ပြောင်းနိုင်သောပစ္စည်းတစ်ခုခုကို အရောင်း အ၀ယ်ပြုလုပ်ရာ၌ နှုတ်ဖြင့်လည်း ပြုလုပ်နိုင်ကြောင်း တွေ့ရှိရသည်။ အရေးကြီးသောအချက်မှာ တန်ဖိုးပေး၍ ပစ္စည်းကို လက်ရောက်ပေးအပ် လျှင်ပင် အရောင်းအ၀ယ်မြောက်သည်။ စာချုပ်စာတမ်းများ မလိုပေ။”

---

ထို့ပြင် ကျွန်တော်တို့နေအိမ်များတွင် အသုံးပြုလျက်ရှိသော ရုပ်မြင် သံကြားဖမ်းစက်(TV)၊ ဗွီဒီယိုဖွင့်စက်များသည် ရုပ်မြင်သံကြားနှင့်် ဗွီဒီယိုဥပဒေ (ဥပဒေအမှတ်-၈/၁၉၉၆)အရ လက်၀ယ်ထားရှိခွင့်လိုင်စင်ကို လက်၀ယ်ရရှိပြီး ရက်ပေါင်း ၃၀ အတွင်း လျှောက်ထားရယူရပါသည်။ စာတိုက်တွင် လိုင်စင်ကြေး သွင်းရပါသည်။ သက်တမ်းတိုး ရပါသည်။ ယင်းပစ္စည်းများသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း တင်သွင်းလျှင် ခွင့်ပြုချက်လိုသော ပစ္စည်းများ ဖြစ်ပါသည်။

ယင်း ရုပ်မြင်သံကြားဖမ်းစက်(TV)၊ ဗွီဒီယိုဖွင့်စက်များကို လိုင်စင်ပြုလုပ် ထားခြင်းမရှိသည့်အကြောင်းဖြင့် ယင်းပစ္စည်းများကို လက်၀ယ်တွေ့ရှိသူသည် နိုင်ငံခြားမှ ယင်းပစ္စည်းများကို တင်သွင်းလာသည်ဟု ယူဆလျက် ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ အရ အရေးယူမည်ဆိုပါက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း တစ်အိမ်တက်ဆင်း လိုက်လံဖမ်းဆီးပြီး အရေးယူရမည်ဖြစ်ရာ အကျဉ်း ထောင်ပင်ဆံ့မည် မဟုတ်ပါ။ ဥပဒေသည် ကွက်ကြား မိုးရွာရန် အကြောင်းမရှိပါ။

---

အဓိကထားတင်ပြချင်သည်မှာ နိုင်ငံအတွင်း တည်ဆဲဥပဒေတစ်ရပ်အရ မှတ်ပုံတင်ခြင်း၊ မတင်ခြင်းက သီးခြားကိစ္စဖြစ်ပြီး၊ ခွင့်ပြုချက်ရယူရန် လိုအပ်သော ကုန်ပစ္စည်းကို ခွင့်ပြုချက်ရယူခြင်းမပြုဘဲ နိုင်ငံအတွင်း တင်သွင်းခြင်း၊ တင်ပို့ခြင်း က သီးခြားကိစ္စဖြစ်ပါသည်။

မှတ်ပုံတင်မထားခြင်းကြောင့် လက်၀ယ်တွေ့သူသည် ယင်းပစ္စည်းကို နိုင်ငံအတွင်း တင်သွင်းခြင်းပြုသူဟု လိုရာဆွဲယူ၍ ကောက်ယူနိုင် မည် မဟုတ်ပါ။

မောင်မြင့်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ(ရွေးချယ်ထားသော စီရင်ချက်များ (၁၈၇၂-၁၈၉၂)အောက်မြန်မာပြည်၊စာ-၁၃၄)တွင် The word “necessary inference” must mean the only reasonable inference possible, not merely a “probable” inference from the facts appearing in evidence. ဟု လမ်းညွှန်ပါသည်။ ယင်းမူသဘောကို မတင်ရွှေ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ (၁၉၆၅၊ မတစ၊ စာ - ၆၅၀)တွင် လိုက်နာပါသည်။

က.ည.န တွင် မှတ်ပုံတင်ထားခြင်းမရှိသော ယာဉ်ကို တရားခံသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ အရောင်းပြခန်းတစ်ခုခုမှ ၀ယ်ယူခဲ့ ခြင်းလည်း ဖြစ်နိုင်သည်။ ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှာပင် အချင်းဖြစ်ယာဉ်သည် အခြားအကြောင်းတစ်ရပ်ရပ်ဖြင့် တရားခံလက်၀ယ် ရောက်ရှိခြင်းလည်း ဖြစ်နိုင်သည်။ ယုတ်စွအဆုံး နိုင်ငံအတွင်း တစ်နေရာရာမှ ခိုးမှု ကျူးလွန်၍ သော်လည်းကောင်း၊ ခိုးရာပါပစ္စည်း လက်ခံ၍သော်လည်းကောင်း တရားခံ၏လက်၀ယ် ရောက်ရှိနေခြင်းလည်း ဖြစ်နိုင်ပေသည်။

က.ည.နတွင် မှတ်ပုံတင်ထားခြင်း မရှိသည်ကိုအကြောင်းပြု၍ အချင်းဖြစ် ယာဉ်ကို တရားခံသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းသို့တင်သွင်း ခဲ့ကြောင်း ကောက်ယူမည်ဆိုပါက အထက်တွင်ဆိုခဲ့သည့် မောင်မြင့်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ(S.J.L.B (၁၈၇၂-၁၈၉၂)အောက်မြန်မာပြည်၊ စာ-၁၃၄) အမှု လမ်းညွှန်ချက်အရ တရား၀င်သော လိုအပ်သည့် ယူဆချက် (necessary inference)မဟုတ်ဘဲ စိတ်ကူးယဉ်မျှသာ ဖြစ်ပါမည်။

အထက်ပါ ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် ဦးမောင်မောင် (၁၉၆၇၊ မတစ၊ စာ-၄၈၀)အမှုတွင် သုံးသပ်သကဲ့သို့ပင် ပြည်တွင်း၌ နိုင်ငံခြားဖြစ်ပစ္စည်း လက်၀ယ် တွေ့ရှိသူအားလုံးကို ဘမ်းချုပ်တရားစွဲဆိုပြီး ထောင်ချရမည့်ကိစ္စ ဖြစ်သဖြင့် မလျော်သော ကောက်ယူချက် ဖြစ်ပေမည်။ ဥပဒေသည် မဖြစ်နိုင်သည်ကို မရည် ရွယ်ပေ။

---

ပြစ်မှုများတွင် တရားခံသည် ပြစ်မှုကျူးလွန်ကြောင်း သက်သေထင်ရှား ပြသရန်တာ၀န်မှာ အစဉ်တစိုက် တရားလိုအပေါ်တွင် ကျရောက်သည်။ ထိုတာ၀န်ကို မည်သည့်အခါမှ တရားခံအပေါ်သို့ ပြောင်းရွှေ့ကျရောက်ခြင်း မရှိ ဟု အစိုးရ နှင့် ဦးဓမ္မပါလ (အိန္ဒိယစီရင်ထုံးများ၊ အတွဲ - ၁၄၊ ရန်ကုန်၊ စာ - ၆၆၆) အမှုတွင် လမ်းညွှန်ဆုံးဖြတ်ခဲ့ပါသည့်။

ထိုမူသဘောကို ဦးစိန်လှ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် (၁၉၅၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး (လွှတ်တော်) စာ - ၂၈၉)အမှု၊ ဒေါ်စီစီနှင့် ပြည် ထောင်စုမြန်မာနိုင်ငံတော် (၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာ - ၈၇၆) အမှုနှင့် ဥာဏ်ဝြေဖိုးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် (၂၀၀၉ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာ - ၂၄) အမှုတွင် အစဉ်တစိုက်လိုက်နာခဲ့သည်။

ရာဇ၀တ်မှုတစ်ခုတွင် တရားခံသည် စွပ်စွဲသောပြစ်မှုကို ကျူးလွန်ကြောင်း ပြည့်စုံစွာ သက်သေထင်ရှားပြရန်တာ၀န်သည် တရားလိုအပေါ်တွင် ကျရောက် သည်။ တရားလိုဘက်မှ စွပ်စွဲပြီးလျှင် တာ၀န်ကျေပွန်ပြီးဆုံးပြီး စွပ်စွဲခံရသူက မဟုတ်လျှင် ခိုင်လုံစွာချေပရမည်ဟု တာ၀န်ကိုပခုံးပြောင်း၍ မရပေ ဟု ပြည်ထောင်စုမြန်မာနိုင်ငံတော် နှင့် ဖိုးနီ ပါ ၅ (၁၉၉၆ ၊ မတစ ၊ စာ-၁၂၄) တွင် ထုံးဖွဲ့လမ်းညွှန်သည်။

မောင်ကြီးမောင် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၆၈ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး(အထူးရာဇ၀တ်ရုံးအယူခံအဖွဲ့)၊စာ-၅၂)တွင်လည်း တရားလိုဘက် ကစွပ်စွဲပြီးလျှင် တာ၀န်ကျေပွန်ပြီးဆုံးပြီး စွပ်စွဲခံရသူက မဟုတ်လျှင် ခိုင်လုံစွာချေပရမည်ဟု တာ၀န်ပခုံးပြောင်း၍မရချေ။ ပြည်စုံစွာစုံစမ်း၍ ခိုင်လုံစွာသက်သေ ထူရန်တာ၀န်သည် ယေဘုယျအားဖြင့် တရားလိုပေါ်တွင် တည်နေသည်။ ဤသို့မဟုတ်လျှင် မသမာသူတို့က လွယ်လွယ်စွပ်စွဲကာ အပြစ်မဲ့သောသူတို့က ခုခံချေပရခြင်းဖြင့် ပင်ပန်းဆင်းရဲကြလိမ့်မည် ဟု ညွှန်ပြခဲ့ပါသည်။

---

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မျိုးရန်နိုင်( ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ ရာဇ၀တ်အထွေထွေလျှောက်လွှာ(အထူး) အမှတ် ၂၄၂/၂၀၁၅၏ (၃၀-၈-၂၀၁၆)ရက်စွဲပါအမိန့်)တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အောက် ပါအတိုင်း ညွှန်ပြပါသည်။

"တရားခံ ပြစ်မှုကျူးလွန်ကြောင်း သက်သေထင်ရှားပြရန်မှာ သက်သေခံအက်ဥပဒေ ပုဒ်မ ၁၀၁ အရ တရားလို၏တာ၀န်သာ ဖြစ်သည်။ သက်သေပြရန်တာ၀န်မှာ လက်၀ယ်ထားရှိသူအပေါ်တွင် ကျရောက်သည်ဟု ၂၀၁၂ ခုနှစ်၊ ပို့ကုန်သွင်းကုန်ဥပဒေတွင် ပြဋ္ဌာန်း ထားသည်ကို မတွေ့ရပေ။"

----

သို့ဖြစ်ရာ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အရေးယူဆောင်ရွက်သော အမှုများတွင်

- တရားခံသည် ယင်းဥပဒေပုဒ်မ ၅ ပါ ကန့်သတ် တားမြစ်ပိတ်ပင် ထားသော ကုန်ပစ္စည်းများကိုဖြစ်စေ၊ ပုဒ်မ ၆ ပါ ခွင့်ပြုချက်ရယူရန် သတ်မှတ်ထားသော ကုန်ပစ္စည်းများကို ခွင့်ပြုချက် ရယူခြင်း မရှိဘဲ ဖြစ်စေ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းသို့ တင်ပို့ ခြင်း သို့မဟုတ် တင်သွင်းခြင်းပြုကြောင်း သက်သေပြရန်တာ၀န်သည် စွပ်စွဲသူတရားလိုအပေါ် ကြီးလေးစွာ ကျရောက်ပါကြောင်း၊

- သက်သေပြရန်တာ၀န် ကြီးလေးသည်ဟု တရားစွဲ အဖွဲ့အစည်း အနေဖြင့် ထင်မြင်ယူဆပါက ပို့ကုန်သွင်းကုန်ဥပဒေတွင် သက်သေ ပြရန်တာ၀န်နှင့် စပ်လျဉ်း၍ The Sea Customs Act ပုဒ်မ ၁၆၇-က ကဲ့သို့သော အလားတူပြဋ္ဌာန်းချက်မျိုးကို ထည့်သွင်းပြဋ္ဌာန်းနိုင်ရန် ဥပဒေပြုအာဏာပိုင်သို့ တင်ပြ၍ ဥပဒေကိုပြင်ဆင်ရန် အားထုတ် သင့်ပါကြောင်း
လေ့လာတင်ပြအပ်ပါသည်။

---

လေးစားစွာဖြင့်။
Tun Myo Htay

Credit to Tun Myo Htay

27/08/2023

ရွာမြေဆိုရင်ကော ဘာတွေလုပ်လို့ရလဲ။
=================================
" ရွာမြေကို ဝယ်ယူမယ်ဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ နှစ်ဦးသဘောတူ အိမ်ခြံမြေအရောင်းအဝယ်ကတိစာချုပ်နဲ့ ဝယ်ယူလို့ရပါတယ်။ ဂရန်မြေတွေ ၊ဘိုးဘွားပိုင်မြေတွ ဝယ်ယူတာလိုမျိုး မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ရတဲ့ မှတ်ပုံတင်စာချုပ်တော့ လုပ်လို့မရပါဘူး။
ရွာမြေတွေကို ကျေးရွာအတွင်းရှိ အိမ်ကွက်များတစ်ကွက်ချင်း နယ်နမိတ်ခွဲခြားတိုင်းတာ ပုံထုတ်ထားတာမျိုး မြေစာရင်းရုံးမှာ မရှိပါဘူး။
ပြောချင်တာက မြို့မြေတွေလိုမျိုး ကွက်စိတ် ကွက်ကြဲတိုင်းတာပြီး မြေပုံထုတ်ထားတာမျိုး မရှိတာပါ။
အကြောင်းကတော့ ခေတ်အဆက်ဆက် ရွာမြေတွေကို အခွန်ကင်းလွတ်ခွင့်ပေးထားပြီး
ရွာရဲ့ နယ်နိမိတ် အကျယ်အဝန်းကိုသာ ရေးဆွဲထားခဲ့ကြတာပါ။
တလောကတောင် လယ်မြေကို ရွာမြေထင်ပြီး ဝယ်မိတော့မယ့် အသိတစ်ယောက်ရှိပါတယ်။
ကျွန်တော့်အသိကိုရောင်းတဲ့ အကျိုးဆောင်က ရွာမြေဆိုပြီးပြောတော့ မြေပြင်အထိ လိုက်ကြည့်ပြီး
သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနမှာတိုက်ကြည့်တဲ့အခါ လယ်ယာမြေ ပုံစံ(၇)ဖြစ်နေတယ်လို့ဆိုပါတယ်။
သူဝယ်ယူမည့်မြေကွက်က ကျေးရွာနယ်နိမိတ်နဲ့နီးပြီး လူနေအိမ်တွေရှိတဲ့နေရာမှာမို့ ရွာမြေ အမှတ်နဲ့ ဝယ်ယူမယ်ဆိုပြီး အားခဲခဲ့ရာကနေ လယ်မြေဖြစ်နေလို့ ဝယ်ယူမည့် အစီအစဉ်နောက်ဆုတ်လိုက်ရတယ်လို့ဆိုပါတယ်။
အရင်တုန်းကကျတော့ လယ်မြေတွေကို ရောင်းချခွင့်မပြုခဲ့ပေမယ့် ၂၀၁၂ ခုနှစ်မှာ ပြန်လည်ပြင်ဆင်ပြဠာန်းချက်အရ လယ်မြေ၊ယာမြေများကို ရောင်းချခြင်းများ ပြုလုပ်ခွင့်ရှိပါတယ်။
ဝယ်ယူပြီး အိမ်ဆောက်နေချင်တယ်ဆိုရင်တော့ မိမိရဲ့ မြေကို အိမ်ဆောက်လုပ်နေထိုင်ခွင့်ရအောင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုး၊သက်ဆိုင်ရာတိုင်းဒေသကြီးဆီအခြားနည်းအသုံးပြုခွင့် လယ(၃၀) တင်ပြရမှာပါ။ ပိုင်ဆိုင်မှု့အထောက်အထားခိုင်လုံတာဆိုရင် တော့ နှစ်ထပ်တိုက်ထိ ဆောက်လုပ်ခွင့်ပြုပါတယ်။

Crd : yuzanarland

27/07/2023
27/06/2023
11/06/2023

💚💜ပရလောကနှင့် တရားရုံးစီရင်ချက်

💛ဦးတင်မြင့် နှင့် ဒေါ် သန်းမြ ၁၉၇၉၊မတစ၊စာ ၄၅
အမူတွင်•••••
" ဦးတင်မြင့်က မိမိကို မကောင်းဆိုးဝါး အခြောက်ခံ
ရ၍ လန့်ပြီး သည်းချေပျက်သွားခဲ့သဖြင့် သတိလက်လွတ်
ရှိနေခဲ့သည့်အတွက် တရားရုံးသို့ လာရောက်ရန်
ပျက်ကွက် ရခြင်းဖြစ်ကြောင်း၊လျှောက်လွှာကို ကာလ
စည်းကမ်းသတ်ကျော်မှ တင်သွင်းရခြင်းဖြစ်ကြောင်း
တင်ပြခဲ့သည်။💚🧡
💜သို့ရာတွင် ယင်းတင်ပြချက်မှာ လက်ခံနိုင်သည့်
အကြောင်းပြချက်မဟုတ်ပေ ဟူ၍ ဆုံးဖြတ်ခဲ့သည်။💚
💜❤မောင်ဘိုးကျော်နှင့် ၃ဦးအမူ ၁၉၀၂-၀၃ ၊
အထက်မြန် မာပြည်စီရင်ထုံး အတွဲ ၁ ••တွင်
တရားခံက၎င်းမိန်းမကို မကောင်းဆိုးဝါးဝင်ပူးနေလို့
အဆိုပါမကောင်းဆိုးဝါးကို နှင်ထုတ်ချင်တဲ့
ရည်ရွယ်ချက်ဖြင့် မိန်းမဖြစ်သူကိုရိုက်လိုက်
ရာ သေဆုံးသွား၍သေစေလိုတဲ့အကြံမရှိလို့
ပုဒ်မ၃၀၄-ကအရအပြစ်ပေးခဲ့ပါတယ်💚💛
💚💖ဝါရန်ဆင်း နှင့် ဧကရာဇ် (အေအိုင်အာ ၁၉၂၆
လာဟို ၅၅၄ )အမူတွင်••
ဝါရန်ဆင်းသည် ၎င်းတွင်ထွန်းကားသော
သားသမီးများတစ်ဦးပြီးတစ်ဦးသေဆုံးသဖြင့်
ရှေ့၌သားသမီးများထွန်း ကားစေလိုလျှင်၎င်းနှင့်
၎င်း၏ဇနီးသည် ညအခါ၌သုသာန် သို့သွား၍
မကြာခဏမြုပ်နှံခဲ့သော ၎င်း၏နောက်ဆုံးကလေး
တစ်ဦး၏ဂူပေါ်တွင်ရေချိုးပြရမည်ဟုအကြံပေး
သည့်အ တိုင်းဆောင်ရွက်ကြသည်။💙
❤သုသာန်၌ထိုသို့ဆောင်ရွက်နေကြ စဉ်က
လူတစ်ဦးရုတ်ခြည်းပေါ်လာသဖြင့်တစ္ဆေသရဲ
ဖြစ်သည် ဟုဝါရန်ဆင်းတို့က အထိတ်တလန့်
ထင်မြင်ကာ တုတ်ဖြင့် ရိုက်သည်။
ထို့ကြောင့်ထိုသူသေဆုံးသည်။ ဝါရန်ဆင်းအား
မူလရုံးကရာဇသတ်ကြီးပုဒ်မ ၃၀၄-ကအရ
အပြစ်ပေးခဲ့ရာ တရားလွှတ်တော်ကအယူခံကို
ကြားနာပြီးနောက်အကြောင်း
အချက်များအရ ဝါရန်ဆင်းသည်ရာဇသတ်ကြီး
ပုဒ်မ ၇၉တွင်ပြဌာန်းထားသောအကြောင်း
ခြင်းရာကိုအယူဆလွဲမှား ခဲ့ခြင်းဖြစ်သောကြောင့်
၎င်းတွင်ပြစ်မူမမြောက်ဟုဆုံးဖြတ်
ခဲ့ကြပါသည်💚💛💜
💙💚💛ဘွန်တာကူဝိ နှင့် ဧကရာဇ်(အေအိုင်အာ
၁၉၄၉ပတ်တနာ ၆၄ ) အမူ၌•••
အယူခံတရားလိုသည် ညဉ့်အခါ၌အိမ် တွင်
ရှိနေစဉ် လူတစ်ယောက်သည် အဝတ်မပါ
ဗလာကျင်း၍တစ်ဖက်တွင် တံမြက်စည်းရိုးချည်၍
ခေါင်းတွင်ဖျာလိပ်ကိုပတ်ပြီး ထခုန်ကာ
ဝင်လာသည်ကိုတွေ့ရသည်။အယူခံ တရားလိုသည်
ထိုပုံသဏ္ဍအရ တစ္ဆေသရဲဟုယူဆကာ ၎င်း၏
တူမကိုရန်ပြုရန်လာသည်ဟုသဘောပိုက်၍
ပုဆိန်နှင့်ခုတ်လေ သည်။ထိုသူသေဆုံးသောကြောင့်
အယူခံတရားလိုအားအောက် ရုံးက
ရာဇသတ်ကြီးပုဒ်မ ၃၀၄ အရပြစ်ဒဏ်ပေးခဲ့သည်ကို
အယူခံတရားလွှတ်တော်ကပယ်ဖျက်၍
တရားသေလွှတ်ခဲ့ ပါသည်။💛♥️
💚❤ပြည်ထောင်စုမြန်မာနိုင်ငံနှင့်မောင်သန်ချောင်း၊
၁၉၆၅မတစ၊စာ၁၃၂ •••တွင်
မောင်သံချောင်းသည် မိမိယောက္ခမအား
ဓါးတချောင်းကိုကိုင်ဆောင်၍၊အိမ်သို့လိုက်ပို့ရာ၊
တောကိုဖြတ်နေစဉ်၊ဘယ်လိုဖြစ်မှန်းမသိ၊
မျက်စိပြာ၊ကြက်သီးထပြီး ၊ဘာလုပ်မိသည်အသိ၊
အဖော်များကအော်မှသာ ဓါးနှင့် ခုတ်မိကြောင်း ၊
ပွဲချင်းပြီးသေဆုံးသွားမူတွင် ပုဒ်မ ၇၉ အရ
အကြောင်းခြင်းရာအယူအဆလွဲ၍ကျူးလွန်သည်
ဟုမဆိုနိုင် ကြောင်းစီရင်ထုံးပြုထားပါသည်။💛❤
💙💖ကျွန်တော်တို့မမွေးခင်ကတည်းကလူသားစား
ဦးလာဘဆိုသည်မှာအမှန်တကယ်ရှိခဲ့ပါတယ်💚💛
♥️ဦလာဘ(ခ)ဦးရွှေမြိုင် ပါ ၃ နှင့် ပြည်ထောင်စု
ဆိုရှယ်လစ် သမ္မတမြန်မာနိင်ငံတော် ၁၉၇၉ ခုနှစ် ၊
စာ ၁၃၈ စီရင်ထုံးပါ♥️
💙💚ဦးလာဘသည် တောင်ဥက္ကလာပမြို့နယ်
(၅)ရက်ကွက်အမှတ်(၃)ကျောင်းဝင်းအတွင်းရှိ
သီရိမင်္ဂလာ ကံပေါ်ကျောင်း ၏ကျောင်းထိုင်
ဘုန်းကြီးဖြစ်ပါတယ်💚💛
💜💙၁၉၇၇ခုနှစ် ဩဂုတ်လအတွင်းနေ့တနေ့
နံနက် ၆နာရီ ခန့်တွင် မိုးကျော်သည် မောင်လှမြင့်
ထံရောက်လာပြီးမောင်လှ မြင့်၏အခန်းတွင်းဝင်
အိပ်သောအခါ မောင်လှမြင့်သည်ဦးလာ ဘ
ကျောင်းပေါ်သို့တက်သွားခဲ့သည်။တစ်နာရီခန့်
အကြာတွင် မောင်လှမြင့်သည် ဦးလာဘပေးလိုက်သော
ရဲဒင်းကိုယူ၍ ကျောင်းပေါ်မှဆင်းလာပြီးလျှင်
ထိုရဲဒင်းဖြင့် မိုးကျော်အား ထုသတ်လိုက်သည်။
ထို့နောက်မိုးကျော်၏အလောင်းကိုခုတ် ထစ်၍
အသားများကို စဉ့်အိုးတစ်လုံးတွင်ထည့်ပြီးကျောင်း
ပေါ်သို့ပို့သည်။ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းအချို့
ကိုမြေတွင် မြုပ်ပြီးအချို့ကိုချောင်းထဲသို့
ပစ်လိုက်သည်။💚💛
💜❤ဦးလာဘနှင့်မတင်လှတို့သည် ဒေါ်အေးကျင်
(လိုပြ ၂) တို့လူစုအားကျောင်းပေါ်တွင်ထားပြီး
မြို့ထဲသို့အတူထွက်သွားရာ ညနေပိုင်းတွင်
ပြန်လာကြသည်။ဦးလာဘနှင့်မတင်လှ တို့ပြန်ရောက်
လာသောအခါ မောင်လှမြင့်ကမေးသဖြင့်
ဦးလာဘက အသားတချို့ကိုဟင်းချက်ပြီးအချို့
ကိုမြှပ်ရန် ပြောသည်ကို ကိုရင်သန်းမြင့်(လိုပြ၃)
ကကြားလိုက်သည်။ နောက်နေ့တွင်မိုးကျော်၏
အလောင်းမှအသားများကိုဦးလာဘ
ကကျွေးသဖြင့် ကိုရင်သန်းမြင့်(လိုပြ၃)၊
ကိုရင်ပြေအေး(လိုပြ၅)နှင့်ဦးဝိလာသက္ကတို့
စားကြရသည်။💜💖
💙💜မောင်လှမြင့်(ခ)ကုလားအားပြစ်မူဆိုင်ရာ
ဥပဒေပုဒ်မ ၃၀၂(၁)(ခ)အရလည်းကောင်း၊
ဦးလာဘ(ခ)ဦးရွှေမြိုင်နှင့် မတင်လှတို့အား
ပြစ်မူဆိုင်ရာဥပဒေပုဒ်မ၃၀၂(၁)(ခ)/၁၀၉
အရလည်းကောင်းသေဒဏ်အသီးသီးကျခံစေရန်အမိန့်ချ
မှတ်ခဲ့ပါသည်။💚♥️💜
💚❤ဆဲရယ်(၁)ပါ ၈ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ
၁၉၆၈ခုနှစ် မြန်မာနိုင်ငံစီရင်ထုံးတွင်•••
" ကယားပြည်နယ်၊လွိုင်ကော်ခရိုင်၊ရှားတောမြို့နယ်၊
ဒေါက်လို ခူရွာ၌၁၉၆၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က
စိုးရယ်နှင့် နဲမယ် ဇနီးမောင်နှံ နှင့် မိသားစုပေါင်း ၆ ဦး
ကိုအယူခံတရားလို ဆဲရယ်(၁)နှင့်ကျန်အယူခံ
တရားလို ၇ဦးတို့ကစုန်းဟုရိုးစွပ်၍ဝိုင်းဝန်းရိုက်နှက်
သတ်ဖြတ်လိုက်ကြသည်။💛💚
💜💙တရားခံတို့ကသေသူတို့သည်စုန်းမိသားစု
ဖြစ်ကြောင်း၎င်းတို့ပြုစား၍မိမိတို့၏ဆွေမျိုး
သားချင်းများမရှေးမနှောင်း သေဆုံးခဲ့ရကြောင်း၊
ဆဲရယ်(၁)ကလည်းထိုသို့ပင်ရိုးစွပ်ကာရွာလူကြီးများ
ထံတိုင်ကြားပြီး၍ကယားဓလေ့ထုံးစံအရ
ရှင်းလင်းသုတ်သင်ရမည်ဟု စည်းရုံးခေါင်းဆောင်
သဖြင့် ပါဝင်ခဲ့ကြခြင်းဖြစ်သည်ဟုတရားခံတို့
ကပြောကြသည်။ ဆဲရယ်(၁)သည်ထောင်
၅နှစ်ကျခံခဲ့ရသည်။💚💛
💛💖"မောင်ရွှေထူးနှင့် အစိုးရ၊၁၈၉၆ ခုနှစ်၊
မြန်မာနိုင်ငံစီရင်ထုံး၊အတွဲ ၂ ၊စာ ၁၃၉ "တွင်လည်း
တစ္ဆေသရဲထင်မှတ်၍လူကို ဓါးနှင့်ခုတ်ကာသေစေခြင်း
များဖြစ်ပေါ်ခဲ့သလို•••
" မောင်ဖိုးကျော်ပါ ၄ နှင့် အစိုးရ၊အထက်
မြန်မာနိုင်ငံစီရင်ထုံး အတွဲ ၁ (၁၉၀၂-၀၃)စာ ၁ တွင်
စုန်းဝင်သည်ဟုထင်မှတ်ပြီး ရိုက်နှက်ခဲ့ရာ
လူသေခဲ့ရပါသည်။💛❤
💚♥️၁၁၂၃ ခုနှစ် အလောင်းဘုရားသားတော်ကြီး
နောင်တော် ကြီးမင်းလက်ထက်ကမင်းနေပြည်
ရွှေဘိုမြို့တွင် အခကြေးငွေ ကောင်းကောင်းယူသော
ကုလားမှော်စရာရှိခဲ့သည်ဆိုသော အချက်။💚
❤စီရင်သောတရားသူကြီးအနေနဲ့လဲ" စုန်းမ
မှန်တယ်လို့ ဆုံးဖြတ်ရရင်တောင် အသက်ဆုံးအောင်
မစီရင်ဘဲနယ်နှင်ဒဏ်လောက်သာအပြစ်ပေးမယ်။
စုန်းမဟုတ်ဘူးဆိုရင်တော့စွပ်စွဲခံရသူကို
ကုလားမှော်ဆရာက ငွေကျပ်ချိန် ၁၀၀ ပေး
လျော်စေ ဆုသောအယူအဆကလေးတွေကိုလည်း
ခိုင်ခိုင်မာ မာတွေ့နိုင်ပါသည်။💚💙❤
💛♥️ကောဇာသက္ကရာဇ် ၁၁၂၃ခု၊ရတုမာသ၊
ပထမဝါဆို၊နဂိုဆန်းနက်၊(၁၅)ရက်နေ့တွင်
" အကြီးတော် သီရိပျံချီသီရိကျော်ထင်စီရင်ချက်
စုန်းရေချကောက်ချက်"ဟူ၍အမိန့် တရပ်
ချမှတ်ခဲ့ပါသည်။💚💙
❤💙စီရင်ချက်မှာ အရမ်းရှည်နေသည်ဖြစ်၍
အနည်းအ ကျဉ်းသာတင်ပြချင်ပါတယ်💚💙
💔" ရေသို့ချမည့်ကာလ၊ကြိုးခုနှစ်တောင်၊
တစ်တောင်လျှင် တစ်ထုံး ထုံးပြီးလျှင်၊
စုန်းမဆိုသူခါးနှင့်၊ဝါးငါးပိုင်းအမျက်၊
အထက်တစ်ပိုင်းကျော်ခန့်မှာ၊သေချာစွာ
ချည်ဆိုင်းပြီးမှ ကြိုးစကိုမလျော့တင်း၊
မယွင်းသစ္စာ၊သမာဓိရှိသူကို၊
မြဲစွာကိုင်နေစေ••••••။♥️♥️♥️
💔 ရုံးသာရွာနေ၊ကဝေဆရာ၊အဘာ ဆေးမှော်ဝင်
ကလည်း၊ မိပိုးစိကို၊ရေတွင်မငုပ်၊
အရပ် မတည်မနေနိုင်၊ကျေးဇူးပညာ
ဂါထာ၊မန္တန် မန္တရား ဆေးဝါး၊ပယောဂတို့ဖြင့်၊
မပြုမလုပ်၊ မဆောင်မရွက်ပါဟု၊
အချုပ်နှင့်ကုလားတို့ဘာသာ၊ စန္ဒမုဿကျမ်းကို၊
စွဲတမ်းကြိမ်ဆိုစေပြီးမှ၊ရေသို့ချငုပ်စေ•••။
💔 ရေတွင် မိပိုးစီကိုယ်လုံးငုပ်နေနိုင်ချေသော်၊
သူတော်သူ ကောင်း၊အပေါင်းမိတ်ဆွေ၊
ရှိနေသန့်စင်သူကို၊သတင်းပုပ် အောင်၊
မဟုတ်မမှန်မပြောသင့်သည်ကို၊မလိုသဘော၊
ပြောဟောစွပ်စွဲသည့်အပြစ်၊ငွေစင်ရွက်နီ၊
စံမှီသပြာ၊ကျပ်တစ်ရာကို၊ နေရာမထ
၊ဆေးမှော်ဝင်ကပေးလျော်စေ••••••။♥️♥️♥️
💔မ်ိပိုးစီရေတွင် မငုပ်မနေနိုင် ပေါ်ရူံးလျှင်၊
ဘမ်းစားသည့် အပြစ်၊မစင်စုန်းမ မုချဧကန်
အမှန်ဖြစ်သည်။ရပ်ရွာတွင်မနေစေရာ၊ဒေသဌာန
၊မြေခြားရပ်တစ်ပါးသို့ထွက်သွားနှင်ထုတ်စေ•••••။♥️
လို့စုန်းတရားစီရင်ချက်အဖြစ်ဖော်ပြထားပါတယ်💙💚

💗 #ဆက်လက်တင်ပြပေးပါဦးမည်💗

ဦးအောင်စည်ထွန်း
( ပြည်သူကြားကရှေ့နေ)

ဘိုးဘပိုင်မြေအကြောင်း သိကောင်းစရာများဘိုးဘွားပိုင်မြေ မဟုတ်ပါ၊ ဘိုးဘပိုင်မြေ ဖြစ်ပါတယ်။ အထက်မြန်မာနိုင်ငံမြေနှင့်အခွန်စည...
11/06/2023

ဘိုးဘပိုင်မြေအကြောင်း သိကောင်းစရာများ

ဘိုးဘွားပိုင်မြေ မဟုတ်ပါ၊ ဘိုးဘပိုင်မြေ ဖြစ်ပါတယ်။ အထက်မြန်မာနိုင်ငံမြေနှင့်အခွန်စည်းမျဉ်းဥပဒေ စတင်အာဏာတည်သည့် ၁၈၈၉-ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့ မတိုင်မီ (၁၂)နှစ်အထက်မနည်း မြေကိုလက်ဝယ်ထားရှိသူများသည် အဆိုပါမြေအတွက် ကျသင့်သော အခွန်များကို မပျက်မကွက်ပေးဆောင်ခဲ့၍ လက်ဝယ်ဆက်လက်ထားရှိခွင့်ရတဲ့ မြေများဖြစ်ပါတယ်။ မြေပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်တွေ အပြည့်အ၀ရှိပေမယ့် (၂)နှစ်ဆက်တိုက် မြေ၏ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ထားခဲ့လျှင် မြေပိုင်အခွင့်အရေး ရပ်ဆိုင်းခံရပါမယ်။

လက်ဝယ်ထားရှိပိုင်ခွင့်မြေ (ဘိုးဘပိုင်မြေနဲ့တူ)။ အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ စတင်အာဏာတည်သည့် ၁၈၉၉-ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့မတိုင်မီ (၁၂)နှစ် အထက်မနည်း မြေကိုလက်ဝယ်ထားရှိသူများသည် အဆိုပါမြေအတွက် ကျသင့်သော အခွန်များကို မပျက်မကွက်ပေးဆောင်ခဲ့၍ လက်၀ယ်ထားရှိရတဲ့မြေ ဖြစ်ပါတယ်။ ဘိုးဘပိုင်မြေလိုပဲ (၂)နှစ်ဆက်တိုက် မြေ၏ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ထားခဲ့လျှင် မြေပိုင်အခွင့်အရေး ရပ်ဆိုင်းခံရပါမယ်။

ဘိုးဘပိုင်မြေဆိုတာ ဘယ်လိုမြေလဲဆိုတာ အခြေခံလေးသိရအောင် ပြောရရင် ကျွန်တော်တို့နိုင်ငံမှာ ဟိုးအရင် ရှင်ဘုရင်ခေတ်ကနေ ခုချိန်ထိက မြေမှန်သမျှရဲ့ ပင်ရင်းပိုင်ရှင်ဟာ မင်း၊ အစိုးရပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း "ရေမြေသနင်း ပြည့်ရှင်မင်း"လို့ ခေါ်ခဲ့ကြတာပါ။ မြေအမျိုးအစားတွေကို..
(၁) အရာတော်မြေ (နိုင်ငံပိုင်မြေ) ( Royal Land)၊
(၂) ဘိုးဘပိုင်မြေ (ခ) အမှုထမ်းမြေ (Official Land)၊
(၃) လက်ဝယ်ထားရှိ ပိုင်ဆိုင်ခွင့်ရှိသောမြေ (Land holder right)၊
(၄) ဝတ္တကမြေ (သာသနာ့မြေ) ဆိုပြီး မြေ(၄)မျိုးပိုင်းခြားခဲ့ကြပါတယ်။

ဘိုးဘပိုင်မြေတွေရဲ့အစက ဓါးမဦးချ မြေတွေပါပဲ။ ဓါးမဦးချမြေလို့ ဘာလို့ခေါ်ကြတာလဲဆိုတော့ ရှေးတုန်းကတည်းက တောကိုထွင်ပြီး လယ်တည်ခဲ့ကြပါတယ်။ ဓါးမနဲ့ တောကိုရှင်းပြီး စိုက်ပျိုးလို့ရအောင် မြေထွင်ရာမှာ ဓါးမရဲ့ဦးချွန်ဟာ မြေကြီးထဲကျသည်အထိ ခုတ်ထွင်ရှင်းလင်းထားရတာကို တင်စားပြီး "ဓါးမဦးချ" မြေလို့ ခေါ်ကြောင်း ကျနော်လည်း မှတ်သားမိပါတယ်။ အဘိုးလက်ထက်ကမြေကို အဘလက်ထက်မှာ ဆက်လက်လုပ်ကိုင်ခဲ့ကြတော့ အဲလိုမြေတွေကို "ဓါးမဦးချ ဘိုးဘပိုင်မြေ"လို့ ခေါ်ခဲ့ကြပါတယ်။

စိုက်ပျိုးမြေများ တိုင်းတာ၊ စီမံခန့်ခွဲတာကို ပုဂံခေတ်ကတည်းက ရှိခဲ့ကြောင်း သမိုင်းအထောက်အထားတွေ တွေ့ခဲ့ရပြီး၊ မြို့မြေများနဲ့ ပတ်သက်ပြီးတော့ မြို့စား၊ နယ်စား၊ ရွာစား၊ ပယ်စား အဖြစ် တိုက်ရိုက် အပိုင်စားပေးတဲ့စနစ်တွေနဲ့ စီမံခန့်ခွဲခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့်လည်း မြို့စားမင်း၊ နယ်စားမင်း ဆိုပြီးရှိကြပြီး ဆက်ခံခွင့် အဆက်အဆက်ပေးခဲ့လို့ "မင်းပေးမြေ " လို့ ခေါ်ခဲ့ကြပါတယ်။ အဲဒီ မင်းပေးမြေတွေကို တစ်ယောက်နဲ့တစ်ယောက် လွှဲပြောင်းရောင်းချပေါင်နှံကြလို့ "ငွေဝယ်ငွေပေါင်မြေ"လို့ ခေါ်ကြပါသေးတယ်။

ကျွန်တော်တို့နိုင်ငံမှာ ၁၈၂၄ မှာ ပထမအင်္ဂလိပ်-မြန်မာစစ် ဖြစ်တယ်။ အဲဒီမှာ ရခိုင်နဲ့ တနင်္သာရီကို ပေးလိုက်ရတယ်။ ကုန်းဘောင်မင်းဆက် ဘကြီးတော်လက်ထက် ၁၈၅၂ ခုနှစ်မှာ ဒုတိယအင်္ဂလိပ်-မြန်မာစစ် ဖြစ်တယ်။ အဲဒီမှာ မြန်မာနိုင်ငံအောက်ပိုင်းကို ပေးလိုက်ရတယ်။ သီပေါမင်းလက်ထက် ၁၈၈၅ မှာ တတိယအင်္ဂလိပ်-မြန်မာစစ် ဖြစ်တယ်။ မြန်မာနိုင်ငံတစ်ခုလုံး ပေးလိုက်ရတယ်။ ရန်ကုန်မြို့မှာတော့ ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီးလက်ထက် ဒဂုံကို ရန်အပေါင်းကုန်စင်လို့ ရန်ကုန်လို့ ပြောင်းဆိုတဲ့ ခေတ်ကတည်းက သားစဉ်မြေးဆက်နေထိုင်ခဲ့သော မြေများရှိခဲ့ရာ သူတို့နေထိုင်ပိုင်ဆိုင်သောမြေများမှာ "ဘိုးဘပိုင်မြေ"များ ဖြစ်ခဲ့ပါတယ်။

အင်္ဂလိပ်သိမ်းပိုက်ပြီး ပထမဆုံးမြို့ကွက်သစ်ရိုက်တာတော့ ရန်ကုန်မြို့လို့ လေ့လာသိရှိရပါတယ်။ ၁၈၅၂ ခုနှစ်မှာပဲ ရန်ကုန်မြို့သစ်တည်ရန်ဆိုပြီး ဗြိတိသျှစစ်တပ်မှ ဆရာဝန် ဒေါက်တာဝီလျံမောင်ဂိုမာရီ (Montgomery) က စီမံချက်ရေးဆွဲတင်ပြခဲ့ပြီး ၁၈၅၃ ခုနှစ်မှာ အင်ဂျင်နီယာတပ် ဗိုလ်ဖရေဇာ(Frazer)က မြို့သစ်ပုံစံရေးဆွဲခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။ အဲဒီမြေတွေကို အင်္ဂလိပ်အစိုးရက အကွက်ရိုက်ပြီး ဝယ်ယူလိုသူတွေကို အပိုင်ရောင်းချပေးခဲ့ပါတယ်။ ဒါကြောင့် "မြေပိုင်မြေ"လို့ ခေါ်ကြပါတယ်။ ဘိုးဘပိုင်မြေနဲ့ တစ်တန်းစားထဲဖြစ်လို့ မြေခွန်ပေးစရာမလိုပါဘူး။

မန္တလေးမြို့မှာတော့ ယခင်ကုန်းဘောင်ခေတ် နေပြည်တော်အဖြစ် မန္တလေး နန်းမြို့ အရှေ့ပြင်၊ တောင်ပြင်၊ အနောက်ပြင်၊ မြောက်ပြင်တို့သတ်မှတ်ပြီး မင်းဆွေမင်းမျိုး၊ အရာထမ်းအမှုထမ်းတွေကို စီမံခန့်ခွဲချထားပေးခဲ့ပြီး အစဉ်အဆက် လွှဲပြောင်း ပိုင်ဆိုင်လာခဲ့ကြတဲ့မြေများဟာ ဘိုးဘပိုင်မြေကွက်များ ဖြစ်ပါတယ်။

ဘိုးဘပိုင်မြေကွက်ကို မြေစာရင်းမြေပုံမှာ အပြာရောင်နဲ့ရေးဆွဲပြီး မြေအမျိုးအစားကို အင်္ဂလိပ်အက္ခရာ B (Bobabaing or Landholder's rights) နဲ့ပြပါတယ်။ ဘိုးဘပိုင်မြေဟာ ဂရန်မြေကဲ့သို့ သက်တမ်းကုန်တယ်ဆိုတာ မရှိတဲ့အတွက် သက်တမ်းလည်း တိုးစရာမလိုပါဘူး။ ဒါကြောင့် သက်တမ်းတိုးခလည်း မကုန်တော့ပါဘူး။ အပိုင်ရထားတဲ့မြေဖြစ်လို့ ဂရန်မြေကဲ့သို့ မြေခွန်လည်း ဆောင်စရာမလိုပါဘူး။ ဂရန်မြေကဲ့သို့ ဂရန်စာရွက်မရှိပေမဲ့ မိမိပိုင်ဆိုင်ခဲ့ကြောင်း မှတ်ပုံတင်စာချုပ်အဆက်အဆက်နဲ့ မိမိအမည်ပေါက်သက်ဆိုင်ရာ (မြေစာရင်း)ရုံးမှာ စာရင်းဝင်နေရင် လုံလောက်ပါတယ်။

မန္တလေးမြို့မှာတော့ ပိုင်ဆိုင်မှုထိန်းသိမ်းရတာ လွယ်ကူစေရန် ဘိုးဘပိုင်မြေတွေကိုလည်း (၄-၄-၂၀၁၁) နောက်ပိုင်းလောက်ကတည်းက ဂရန်စာအုပ်ပေးသလိုပဲ အမည်ပေါက်မြေပုံများနဲ့ ပိုင်ဆိုင်မှုမှတ်တမ်းကို သားရေစာအုပ်နဲ့ ပြောင်းလဲထုတ်ပေးနေလို့ ယခုအချိန်မှာ ဘိုးဘစာအုပ်ဆိုပြီး တွေ့ရပါတယ်။

ဒီတော့ ခုခေတ်မှာ ဘိုးဘပိုင်လယ်ယာမြေ ဆိုတာတွေ ကျန်သေးလား၊ ပထမဦးဆုံး အင်္ဂလိပ်ခေတ်က ဘိုးဘပိုင် အခွင့်အရေး ပေးခဲ့တဲ့ မြေတွေကို တင်ပြပါမယ်။ အင်္ဂလိပ်ခေတ်က ဘိုးဘပိုင်မြေမှာ မြို့မြေတင်မက လယ်ယာမြေတွေလည်း ပါပါတယ်။ လယ်ယာ စိုက်ပျိုးမြေတွေမှာ အဲဒီ အခွင့်အရေးတွေ အခုဆက်လက် တည်ရှိသေးသလား၊ မရှိတော့ဘူးလား ဆိုတာ လေ့လာကြည့်ပါမယ်။

ရှေးယခင်က ဘိုးဘပိုင်မြေတွေထဲက လယ်၊ ယာ၊ ဥယျာဉ် မြေမျိုးပေါက်နေတဲ့ လယ်ယာ စိုက်ပျိုးမြေတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဘိုးဘပိုင်မြေအဖြစ် သတ်မှတ်ပြီး အခွင့်အရေး ရထားခဲ့တဲ့၊ မြေစာရင်းဌာနရဲ့ မြေပုံစာရင်းတွေမှာ ယနေ့အထိ ဘိုးဘပိုင်လို့ မှတ်သားထားဆဲ ဖြစ်တဲ့ လယ်ယာမြေတွေမှာ စိုက်ပျိုး လုပ်ကိုင်ခြင်း မရှိရင် နိုင်ငံတော်က ပြန်လည် သိမ်းယူနိုင်ခွင့် ရှိ/မရှိနဲ့ ဘိုးဘပိုင် လယ်ယာမြေတွေရဲ့ အခွင့်အရေးတွေ ယနေ့ကာလမှာ ကျန်ရှိနေသေးလား ဆိုတာ တင်ပြပါမယ်။

မြန်မာနိုင်ငံကို သိမ်းပိုက် ရရှိသွားတဲ့ အင်္ဂလိပ်က မြေနဲ့အခွန်တော်ဥပဒေတွေ ပြဌာန်းပြီး မြန်မာပြည်ရဲ့ မြေယာစနစ်ကို ပြင်ဆင် သတ်မှတ်လိုက်တဲ့အခါ ဘိုးဘပိုင် မြေတွေ၊ ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ မြေတွေ၊ ၁၂ နှစ်တိုင် လက်ရှိထား လုပ်ကိုင်လာတဲ့မြေတွေ၊ ဘေးဘိုး စဉ်ဆက်မှသည် သားမြေးအထိ တစ်ဆက်တည်း လုပ်ကိုင်လာတဲ့ မြေတွေကို မြေပိုင် အခွင့်အရေး၊ ဘိုးဘပိုင် အခွင့်အရေးပေးပါတယ်။

ဘိုးဘပိုင်မြေရဲ့ ပိုင်ရှင်၊ LHR (Landholder's Right) ရထားတဲ့ မြေပိုင်ရှင်တွေ အနေနဲ့ အဲဒီမြေနဲ့ မပတ်သက် မဆက်စပ်တော့တာ နှစ်နှစ် ရှိပြီ ဖြစ်တဲ့ မြေတွေ၊ လက်ရှိထားခြင်း၊ စိုက်ပျိုးလုပ်ကိုင်ခြင်းလည်း မရှိ၊ မြေကနေစွန့်လွှတ်သွားတာလည်း နှစ်နှစ်တိုင် ရှိနေတဲ့ မြေတွေကို မူလ ပေးထားတဲ့မြေပိုင်ရှင် အခွင့်အရေး လက်လွှတ်သွားပြီလို့ သတ်မှတ်ပြီး အပိုင်မြေအဖြစ်က ပယ်ဖျက်ပြီး အစိုးရမြေ (state land) အဖြစ် ပြောင်းလဲ သတ်မှတ်နိုင်ကြောင်း ပြဌာန်းခဲ့ပါတယ်။(LBTVL Section 11; UBLR Section 23:)။

မြေပိုင်ဆိုင်မှု အခွင့်အရေးတွေကို Tenture ခေါ်ပါတယ်။ Tenure ဟာသီးစား မဟုတ်ပါဘူး။ ပိုင်ဆိုင်မှုပါ။ Tenancy ကမှ သီးစား ဖြစ်ပါတယ်။ မြေစာရင်း ဌာနရဲ့ အစဉ်အလာအရ ကွင်းတစ်ကွင်းမှာရှိတဲ့ လုပ်ကွက်တွေကို မြေပုံ တစ်ချပ်အဖြစ် တိုင်းတာ ပုံထုတ်ပြီးရင် ဦးပိုင်ခွဲခြင်း ဒါမှမဟုတ် ပိုင်ဆိုင်မှု ခွဲခြားခြင်း ဆိုတဲ့ လုပ်ငန်း လုပ်ရပါတယ်။ ဘယ်မြေကွက်တွေကို ဘယ်သူက ဘယ်လို ပိုင်ဆိုင်ထားတယ် ဆိုတဲ့ စာရင်း ပြုစုရပါတယ်။ ဦးပိုင် စုံစမ်းခြင်း (tenure enquiries) လို့ ခေါ်ပါတယ်။

ဒီနေရာမှာ ဦးပိုင် (holding) ဆိုတာ ရှင်းပြချင်ပါတယ်။ မြေစာရင်းလက်စွဲ ဥပဒေ အပိုဒ် (၅၂၃) မှာ ဒီလို ဖွင့်ဆိုပါတယ်။ “ကွင်း သို့မဟုတ် အကွက်တစ်ကွက်အတွင်းရှိ မြေမျိုး တစ်ရပ်တည်းအတွက် တစ်ဦး တစ်ယောက်တည်းက နယ်နိမိတ် တစ်ဆက်တစ်စပ်တည်း ပိုင်ဆိုင်ပြီး လုပ်ကိုင်ခွင့် အမျိုးအစားမှာလည်း တစ်မျိုးတစ်စားတည်းသာ ဖြစ်သည့် မြေယာအဝန်းအဝိုင်းကို ဦးပိုင် တစ်ဦးပိုင်ဟု သတ်မှတ်ကြောင်း” ဆိုပြီး ဖော်ပြထားပါတယ်။ Burma Land Records Manual : Para 523. A holding ordinarily consists of all the land of the same main kind enclosed within one continuous boundary in the same kwin and village-tract held by one person or a number of persons jointly on the same tenure and the same title'

ရှင်းအောင် ပြောရမယ်ဆိုရင် ဦးပိုင်တစ်ခု ဖြစ်ဖို့
(၁) ကွင်းတစ်ကွင်းအတွင်း
(၂) (လယ်/ယာ/ကိုင်းကျွန်း/ဓနိ/တောင်ယာ စသည့် မြေမျိုးများထဲမှ မြေမျိုး တစ်ရပ်တည်း အတွင်းတွင်
(၃) နယ်နိမိတ်တစ်ခုအတွင်း တစ်ဆက်တစ်စပ်တည်း တည်ရှိနေပြီး
(၄) ယင်းအဝန်းအဝိုင်းကို တစ်ဦးတစ်ယောက်တည်းက အမည်ပေါက် ပိုင်ဆိုင်နေသော နယ်နိမိတ် ဖြစ်ရမည်။ အဲဒီ ဦးပိုင်တွေအတွက် ပိုင်ဆိုင်မှုစာရင်း ပြုစုတဲ့အခါ ပိုင်ဆိုင်မှုနည်းလမ်း (tenure system) ပါ ရေးသွင်း မှတ်တမ်းတင်ရပါတယ်။ မြေပိုင်ဆိုင်မှုနည်းလမ်း (tenure system) ကိုတော့ ဒီလို သတ်မှတ် ခွဲခြားထားပါတယ်။ Tenure means = Non-State, Landholder's Right, Boba - Paing, Grant, Lease, License, Squatter, State Tenant, or as the case may be လို့ ဆိုထားချက်အရ အစိုးရပိုင် မဟုတ်တဲ့မြေ၊ မြေရှင်အခွင့်ရမြေ၊ ဘိုးဘပိုင်မြေ၊ အပိုင်ဂရန်မြေ၊ အငှားဂရန်မြေ၊ အခွင့်အမိန့် မရဘဲ နေထိုင်အသုံးပြု မြေ၊ အစိုးရမှ အခဖြင့် ချထားမြေ စသဖြင့် ခွဲခြားရပါတယ်။

ဒီတော့ tenure ဆိုတာ မြေပိုင်ဆိုင်မှု နည်းလမ်း ဖြစ်ပြီး ဆိုင်ရာနည်းလမ်း အလိုက် သတ်မှတ်ထားတဲ့ အခွင့် အရေးတွေအတိုင်း ပိုင်ဆိုင်ခွင့် ရကြတာ ဖြစ်ပါတယ်။ ဘိုးဘပိုင်ဆို ဘိုးဘပိုင် အခွင့်အရေးပေါ့။ Grant ဆိုရင် grant အခွင့်အရေးပေါ့။ ဆိုင်ရာ tenure နည်းလမ်းအမျိုးအစားရဲ့ နောက်မှာ ကပ်ပါလာတဲ့ သတ်မှတ်အခွင့်အရေး တွေအတိုင်းပဲ ခံစားရမှာ ဖြစ်ပါတယ်။ ဘိုးဘပိုင် လယ်ယာမြေ ရရှိထားတဲ့ တောင်သူလယ်သမားတွေ ရရှိမယ့် အခွင့်အရေးကတော့ -
* လယ်ယာမြေကို လက်ဝယ်ထားရှိနိုင်ခြင်း၊
* လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်ခွင့်ရှိခြင်း၊
* လယ်ယာမြေကို ပေါင်နှံနိုင်ခြင်း၊
* လယ်ယာမြေကို ရောင်းချနိုင်ခြင်း၊ ပေးကမ်းလှူဒါန်းနိုင်ခြင်း၊
* လယ်ယာမြေကို အမွေပေးနိုင်ခြင်း၊
* လယ်ယာမြေကို အခြားသူသို့ လွှဲပြောင်းနိုင်ခြင်း၊ ချထားနိုင်ခြင်းတို့ ဖြစ်ပါတယ်။

အင်္ဂလိပ်ခေတ်က ဘိုးဘပိုင် အခွင့်အရေးပေးခဲ့တဲ့ မြေတွေထဲမှာ မြို့ မြေတင်မက လယ်ယာမြေတွေလည်း ပါပါတယ်။ ၁၉၅၃ ခုနှစ်မှာ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေပြဋ္ဌာန်းပြီး လယ်ယာမြေက အမြောက်အမြား ပိုင်ဆိုင်နေတဲ့ မြေပိုင်ရှင်ကြီးတွေ ထံက မြေတွေ ပြန်လည်သိမ်းယူပြီး မြေမဲ့ယာမဲ့နဲ့ မြေယာချို့တဲ့တွေကို ဝေတဲ့အခါ မူလပိုင်ဆိုင်မှုတွေကို ဖျက်သိမ်းပြီး အခြားသူတွေဆီ ဝေငှ ပိုင်ဆိုင်စေတာဖြစ်တဲ့အတွက် ၁၉၅၃ ခုနှစ် လယ်/နိုင် အက်ဥပဒေအရ လယ်ယာမြေမှာရှိတဲ့ ဘိုးဘပိုင်မြေဆိုတဲ့ ပိုင်ဆိုင်မှု အမျိုးအစား ပျောက်ကွယ် သွားပြီလို့ တချို့ကမှတ်ယူပါတယ်။

၁၉၅၃ လယ်/နိုင်လုပ်ငန်း ဆောင်ရွက် ရာမှာ မသိမ်းဘဲ ချန်လှပ်ပေးခဲ့တဲ့ ဧရိယာတွေလည်း ရှိခဲ့ပါတယ်။ ရွာမြေ၊ စက်ရုံမြေ၊ အခြားနည်း အသုံးပြုနေတဲ့ မြေတွေ၊ သာသနာ၊ ကျောင်း၊ ကန်၊ ဇရပ်အဖြစ် သုံးနေတဲ့ မြေတွေကို သိမ်းယူခြင်းကနေ ကင်းလွတ်ခွင့် ပေးတဲ့အပြင် လယ်ယာမြေပိုင်ရှင်တွေ ဆီက မြေကိုလည်း အကုန်သိမ်းယူတာ မဟုတ်ပါဘူး။ လယ်မြေ ဆိုရင် ဧက ၅ဝ၊ ယာမြေဆို ၂၅ ဧက၊ ကိုင်းကျွန်းနဲ့ ကြံစိုက်မြေဆို ၁၀ ဧကထက် ကျော်လွန်မှသာ သိမ်းယူပြီး အဲဒီ ဧရိယာဧက အတိုင်းအတာတွေအထိကို မူလပိုင်ရှင်ထံမှာ မသိမ်းဘဲ ချန်ထားပေးခဲ့ပါတယ်။ သိမ်းယူခြင်းမှ ကင်းလွတ်ခွင့်ရလို့ ခေါ်ပါတယ်။ ဒါကြောင့်မို့ တချို့ကတော့ လယ်/နိုင်လုပ်ငန်းဟာ တစ်ပြည်လုံးမှာ ရှိတဲ့ လယ်ယာမြေ အားလုံးကို သိမ်းယူ နိုင်ခဲ့တာ၊ ပြန်ဝေငှနိုင်ခဲ့တာ မဟုတ်ဘူး၊ ကင်းလွတ်ခွင့်ရမြေတွေ ရှိသလို လယ်/နိုင် လုပ်ငန်းကြီးသည်ပင် ၁၉၅၃-၁၉၅၄ မှာ စတင်ခဲ့ပြီး အကြောင်း အမျိုးမျိုးကြောင့် ငါးနှစ်အကြာ ၁၉၅၇-၁၉၅၈ မှာ လုပ်ငန်းရပ်ဆိုင်း လိုက်ရတဲ့အတွက် မသိမ်းယူဘဲ ကျန်ခဲ့တဲ့မြေတွေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို အများကြီး ကျန်ရှိတဲ့အခါ ယင်းမြေများရှိ ဘိုးဘပိုင် အခွင့်အရေးတွေ မပျက်သုဉ်းဘဲ ကျန်ခဲ့ရပေမယ်လို့ ဆိုကြပါတယ်။

ဒီနေရာမှာ ဆွေးနွေးစရာ ရှိတာက ၁၉၅၃ လယ်/နိုင် လုပ်ငန်းကြီးက မြန်မာပြည်ရဲ့ မြေပိုင်ရှင်ဆိုတဲ့ အခွင့် အရေးကို ပိတ်ပင်ပစ်လိုက်နိုင်တဲ့ အနေအထား ရှိသလား၊ မရှိသလား ဆိုတာပါ။ ၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးဥပဒေဟာ မြေပိုင်ရှင်စနစ်ကို ချုပ်ငြိမ်းစေခဲ့တဲ့ အသွင်အပြင် မရှိခဲ့ပါဘူးလို့ ယူဆပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၁၉၅၃ လယ်/နိုင် အက်ဥပဒေပါ ပြန်လည် သိမ်းယူခြင်းမှ ကင်းလွတ်ခွင့်ရမြေ၊ အဝေခံရမြေတွေ အတွက် စည်းကမ်းချက်တွေ၊ အခွင့်အရေးတွေကို စိစစ်ကြည့်တဲ့အခါ မြေပိုင်ဆိုင်မှုကို ဆက်လက် အခွင့်ပေး ထားတဲ့ စကားရပ်တွေ၊ ပြဋ္ဌာန်းချက်တွေ ကို တွေ့ရတဲ့အတွက် ဖြစ်ပါတယ်။ ၁၉၅၃ လယ်/နိုင် ဥပဒေဟာ မြေပိုင်ရှင်တွေထံက သတ်မှတ် အတိုင်းအတာထက် ပိုမိုတဲ့ ဧရိယာတွေကို နိုင်ငံတော်က ပြန်လည် သိမ်းယူပြီး လယ်ယာ မဲ့တွေကို ပြန်လည်ဝေငှပေးတဲ့သဘောသာ ရှိပြီး မြေပိုင်ရှင်တွေရဲ့ အခွင့်အရေးတွေကို တိတိလင်းလင်း ရုပ်သိမ်းခဲ့မှု မရှိပါဘူး။ မသိမ်းယူဘဲ ချန်လှပ်ခဲ့တဲ့မူလ ဘိုးဘပိုင် လယ်ယာမြေ (ဥပမာ- က ၅ဝ အောက် လယ်မြေ) တွေမှာသာမက အဝေခံမြေတွေမှာပါ ပိုင်ဆိုင်ခွင့်ပုံစံ သဘော အခွင့်ဆက်ပေးတာတွေကိုတွေ့ ရပါတယ်။

လယ်/နိုင်ဥပဒေ ပုဒ်မ ၉ မှာ (သိမ်းယူခြင်းမှ ကင်းလွတ်ခွင့်ရမြေ အတွက် အခွင့်အရေးတွေ ပြဆိုထား ပါတယ်။ သတ်မှတ်စည်းကမ်းချက်နဲ့ ညီညွတ်ရင် မြေကို လက်ရှိ ထားနိုင်ခွင့်၊ လုပ်ကိုင်နိုင်ခွင့်၊ လုပ်ကိုင်ခြင်းက ရတဲ့ အကျိုးအမြတ်တွေ ခံစားနိုင်ခွင့်၊ အာဏာပိုင်ရဲ့ ခွင့်ပြုချက်ဖြင့် မြေကို ခွဲစိတ် လဲလှယ်နိုင်ခွင့်၊ ပေးလှူနိုင်ခွင့်၊ ရောင်းချပေးကမ်းနိုင်ခွင့်၊ အမွေ ဆက်ခံခွင့်တို့ ပေးထားမှုတွေ တွေ့ရှိရ သလို မိမိဘာသာ သီးစားမချဘဲ အာဏာပိုင် ခွင့်ပြုချက်နဲ့ ချနိုင်ခွင့် (ဥပမာ- သာသနာမြေ) ပေးထားမှုတွေ တွေ့ရပါတယ်။ အထိန်းအကွပ်ကလေး ပါလာတာက လွဲလို့ အရင်မူလ အခွင့်အရေးတွေနဲ့ ဘာမျှမကွာပါဘူး။ ဒါ့အပြင် သိမ်းယူမြေတွေကို ဝေငှတဲ့အခါ လယ်ယာမြေကို အဝေခံ ရရှိသူတွေ အတွက် အခွင့်အရေးကိုလည်း ပုဒ်မ ၁ဝ မှာ ပြဋ္ဌာန်းထားပါတယ်။ အဲဒီ အခွင့်အရေး တွေထဲမှာ သီးစားမချရဘဲ မိမိကိုယ်တိုင်သာ လုပ်ကိုင်ရမှာ ဖြစ်ကြောင်း သတ်မှတ်ချက်က လွဲပြီး ပေးအပ်ထားတဲ့ ပိုင်ဆိုင်ခွင့်တွေဟာ မသိမ်းဘဲချန်ထားခဲ့တဲ့ ကင်းလွတ်ခွင့်ရ မြေရှင်တွေအတွက် ပေးထားတဲ့ ပုဒ်မ ၉ ပါအခွင့်အရေးတွေအတိုင်း ဖြစ်ကြောင်း တွေ့ရပါတယ်။

ဘိုးဘပိုင် လယ်ယာမြေမှာ မြေပိုင်ရှင် အခွင့်အရေးတွေ ဖြစ်တဲ့
* မိမိတို့ ထာဝရ အမည်ပေါက် လက်ရှိထားခွင့်ရှိခြင်း၊ လုပ်ကိုင် နေထိုင်ခွင့်ရှိခြင်း၊
* အခြားသူအား လွှဲပြောင်း ပေးကမ်းနိုင်ခြင်း၊
* ရောင်းချနိုင်ခြင်းစတဲ့ အခွင့်အရေးများ ပူးတွဲ ပိုင်ဆိုင်ခြင်း ဖြစ်ပါတယ်
* သီးစားချနိုင်တာလည်း မြေရှင်ရဲ့ အခွင့်အရေး ဖြစ်ပါတယ်။ လက်ရှိ ထားပိုင်ခွင့် ရှိခြင်း (In possession) ဆိုတဲ့ အဓိပ္ပာယ်ဟာ အတော်တန်ဖိုးရှိ ပါတယ်။ မြေပိုင်တွေ ဘိုးဘပိုင်တွေဟာ မြေကို လက်ရှိထားပိုင်ခွင့်ရခြင်းဆိုတဲ့ စကားရပ်ဟာ တန်ဖိုးမသေးလှပါဘူး၊ နည်းတဲ့ အခွင့်အရေး မဟုတ်ပါဘူး။ လက်ရှိထားခြင်းဆိုတာ မြေကို မြေရှင်ကိုယ်တိုင်က နေထိုင်လုပ်ကိုင်နေဖို့ မလိုပါဘူး။ ဒါပေမဲ့ ပိုင်ဆိုင်မှုရှိတယ် ဆိုတာ ပြဆိုပါတယ်။ အောက်မြန်မာပြည် မြေနှင့် အခွန်တော် ဥပဒေ LBLR ပုဒ်မ ၃၊ ပုဒ်မခွဲ (က) (ခ) အရ "ယင်းမြေတွင် ပိုင်ရှင်ကိုယ်တိုင်က ဖြစ်စေ၊ ၄င်း၏ အလုပ်သမား၊ အစေခံ၊ ကိုယ်စားလှယ်၊ သီးစားချခံရသူ၊ ၎င်းထံမှ အပေါင်ခံ ရရှိထားသူတို့က ဖြစ်စေ၊ ၎င်းတို့က တစ်ဆင့် လွှဲပြောင်းချထားသူက ဖြစ်စေ လက်ရှိလုပ်ကိုင် နေထိုင်လျှင် လက်ရှိထား ပိုင်ဆိုင်သည်ဟု မှတ်ယူရမည်" လို့ ဆိုထားတဲ့အတွက် မြေကို လက်ရှိထား ပိုင်ဆိုင်ခွင့် ရထားသူဟာ အဲဒီမြေကို မည်သူ့ကိုမဆို ပေါင်နှံ လွှဲပြောင်း ချထားပိုင်ခွင့်တွေ ရထားတာ တွေ့ရပါတယ်။

၁၉၅၃ လယ်/နိုင် ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို စိစစ်ကြည့်တဲ့အခါ ၁၉၅၃ လယ်/နိုင် အက်ဥပဒေ ပုဒ် ၉ နဲ့ ပုဒ်မ ၁ဝ မှာ ပေးအပ်ထားသော အခွင့်အရေးတွေအရ ကင်းလွတ်ခွင့်ရမြေနဲ့ ဝေငှခံမြေ ရရှိသူတွေဟာ မြေကို လက်ရှိထားခွင့် ဆက်လက်တည်ရှိနေတာ တွေ့ရပါတယ်။ လွှဲပြောင်းပေးကမ်းခြင်း၊ အမွေဆက်ခံ ခြင်းတွေကို အာဏာပိုင်ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ကိုင်နိုင်သေးတာ တွေ့ရပါတယ်။ မူလ မြေရှင်အခွင့်အရေးနဲ့ လုံးလုံးကြီး ကွာခြားသွားခြင်း မရှိပါဘူး။ အဓိက စာသားတစ်ရပ်ကိုတော့ ခြွင်းချက်ပေးရပါမယ်။ အဲဒါက သီးစား မချရ၊ ကိုယ်တိုင် လုပ်ရမယ် ဆိုတဲ့ စည်းကမ်းချက် ဖြစ်ပြီး အဲဒါကလည်း တကယ်တော့ အသက် မဝင်တဲ့ သတ်မှတ်ချက်သာ ဖြစ်ပါတယ်။ မြေရှင်တွေဟာ ၁၉၅၃ လယ်/နိုင်ဥပဒေ ပြဌာန်းပြီး နောက်ပိုင်းမှာလည်း ၁၉၅ဝ သီးစားခ စံနှုန်းဥပဒေ၊ ၁၉၅၄ သီးစားခ စံနှုန်း ပြင်ဆင်ချက် ဥပဒေ၊ ၁၉၆၃ သီးစားခစံနှုန်းဥပဒေကို ပြင်ဆင်တဲ့ ဥပဒေတွေအရ သီးစား ချပိုင်ခွင့်၊ သီးစားခ ရပိုင်ခွင့်တွေ ဆက်လက် ရရှိနေခဲ့ပါတယ်။ ဒီတော့ မြေရှင်ဆိုင်ရာ ဆိုင်ခွင့်နဲ့ မြေရှင် သဘောသဘာဝ တွေဟာ ၁၉၅၃ လယ်နိုင်ဥပဒေကြောင့် ပျောက်ပျက်မသွားခဲ့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

၁၉၆၃ ခုနှစ် သီးစား ချထားရေး ဥပဒေနဲ့ ၁၉၆၅ ခုနှစ် သီးစားချထားရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ နှစ်ရပ်နဲ့ ဝိသေသတွေကသာ ဘိုးဘပိုင် လယ်ယာမြေနဲ့ မြေရှင်စနစ်ကို ရိုက်ချိုးနိုင်ခဲ့တယ်လို့ ယူဆပါတယ်။ ၁၉၅၃ လယ်/နိုင် ဥပဒေမှာ ဆက်လက် အသက်ဝင်နေသေးတဲ့ မြေပိုင်ရှင်စနစ်နဲ့ မြေရှင်အခွင့်အရေးတွေကို အဲဒီ ဥပဒေ နှစ်ရပ်က လွင့်စင် ပပျောက်သွား စေပါတယ်။ ၁၉၆၃ သီးစားချထားရေး ဥပဒေက မြေရှင်တွေကို စတင် ထိန်းချုပ်ပါတယ်။ ၁၉၆၅ ဥပဒေက မြေရှင်စနစ်ရဲ့ ရေသောက်မြစ်ကို ဖြတ်ပစ်လိုက်ပါတယ်။ ၁၉၆၃ သီးစားချထားရေး ဥပဒေ ပြဋ္ဌာန်းစဉ်မှာ မြေရှင်၊ သီးစား၊ သီးစားဆိုတဲ့ ဝေါဟာရတွေကို ၁၉၆၃ သီးစားချ ထားရေး ဥပဒေ ပုဒ်မ ၂ (၁) (ဂ)၊ (င)၊ (စ) မှာ ဖွင့်ဆိုရှင်းလင်းခဲ့မှုအရ တော်လှန်ရေးအစိုးရ တက်ခါစမှာ မြေရှင်နဲ့ မြေရှင်စနစ် တည်ရှိနေသေးကြောင်း၊ မြေရှင်က သူ့မြေတွေကို သီးစားချနေကြောင်းနဲ့ သီးစားက မြေရှင်ကို သီးစားခ ပေးနေရကြောင်း သိသာတဲ့အချက် ဖြစ်ပါတယ်။ တော်လှန်ရေးအစိုးရ တက်လာစဉ်မှာ မြေရှင်စနစ် တည်ရှိနေသေးတဲ့ သက်သေ အထောက်အထား ဖြစ်ပါတယ်။ သို့ပေမဲ့ တော်လှန်ရေးအစိုးရက ၁၉၆၃ သီးစားချထားရေး ဥပဒေ ပုဒ်မ ၃ မှာ အောက်ပါအတိုင်း ပြဋ္ဌာန်းပြီး မြေရှင်တွေရဲ့ အရှိုက်ကို ထိုးနှက် လိုက်ပါတယ်။

၁၉၆၃ ခုနှစ် သီးစားချ ထားရေး ဥပဒေ ပုဒ်မ ၃။ အစိုးရသည် အမိန့်ကြော်ငြာစာဖြင့် မည်သည့် လယ်ယာမြေကိုမဆို ထိုအမိန့်ကြော်ငြာ စာတွင် သီးခြား ဖော်ပြထားသည့် နေ့ရက်မှ စ၍ သီးစား ချထားမည်ဟု ကြေညာနိုင်သည်။ ထိုသို့ ကြေညာသည့် အခါ ထိုလယ်မြေနှင့် သက်ဆိုင်သည့် မြေရှင်၏ သီးစားချထားနိုင်သည့် အခွင့်အရေးသည် ရပ်စဲရမည်။ သီးစားပုဒ်မ ၃ ဟာ မြေရှင်တွေအတွက် တကယ် ပြင်းထန်တဲ့ ထိုးနှက်ချက် ဖြစ်ပါတယ်။ မြေရှင်ရဲ့ အစဉ်အလာ ရရှိခံစားလာခဲ့တဲ့ အခွင့်အရေးကို ထိပါးလာပါပြီ။ ဒါနဲ့ မပြီးသေးပါဘူး။ မြေရှင်တွေအတွက် အခြေအနေ ပိုဆိုးသွားစေတာက ၁၉၆၅ ခုနှစ် သီးစားချထား ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအရ ၁၉၆၃ သီးစားချထားရေး ဥပဒေမှာ ပုဒ်မ ၄ အဖြစ် “လယ်ယာမြေ များပေါ်တွင် အစိုးရက ချထားသော သီးစားများသည် သို့မဟုတ် မြေရှင်များက ချထားသော သီးစားများ ကျန်ရှိနေသေးလျှင် ထိုသီးစားများသည် မြေရှင်အား သီးစားခ ပေးရန် မလို။” လို့ ထည့်သွင်း ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်ပါ တယ်။

၁၉၆၃ သီးစားချထားရေး ဥပဒေ ပေါ်ထွက်လာတဲ့အခါ ပုဒ်မ ၇ အရ အစိုးရက ခန့်အပ်ဖွဲ့စည်းတာဝန်ပေးတဲ့ ပုဂ္ဂိုလ်တွေ (မြေယာကော်မတီ) ကသာ သီးစား ချထားရေး ဥပဒေနဲ့အညီ သီးစားချပိုင်ခွင့် ရှိပြီး မြေရှင်က သီးစား မချနိုင်တော့ပါဘူး။ သီးစားခလည်း မရတော့ပါဘူး။ မြေရှင်က သီးစား ချခဲ့သော် သီးစား ပုဒ်မ ၁၀ အရ အရေးယူခံရမှာ ဖြစ်ကြောင်း ပြဋ္ဌာန်းချက်တွေအရ လယ်ယာမြေပေါ်မှာရှိတဲ့ မြေရှင်ဆိုင်ရာဆိုင်ခွင့်တွေ ထိန်းချုပ်ခံရ ပါတော့တယ်။ မြေရှင်စနစ် အသက်ရှူပေါက် မရတော့ဘဲ တဖြည်းဖြည်း ချုပ်ငြိမ်းစ ပြုလာရပါတယ်။ မြေပိုင် ဆိုင်ခွင့် မြေရှင်အခွင့်ရတဲ့ ဘိုးဘပိုင် လယ်ယာမြေတွေလည်း ပိုင်ဆိုင်မှု အခွင့်အရေးကို ရှေ့တန်းတင်လို့ မရတော့ပါဘူး။ ပိုင်ဆိုင်မှုအတွက် အသိအမှတ်ပြု မခံရတော့ပါဘူး။ သီးစား ချထားရေး နည်းဥပဒေများ၊ သီးစား ချထားရေးဥပဒေကို ရှင်းလင်းချက်များ အရ မြေရှင်ကိုယ်တိုင် အစိုးရထံမှာ မိမိ လုပ်ကိုင်ဖို့အတွက် သီးစား မှတ်ပုံတင်ရ ပါတော့တယ်။ သို့မှသာ လုပ်ကိုင်ခွင့် ရပါတော့တယ်။ မြေရှင်ကိုယ်တိုင်လည်း အစိုးရက သီးစား ချမှသာ မိမိမြေကို လုပ်ခွင့်ရတဲ့သဘော ဖြစ်သွားပါပြီ။ မိမိထံရှိ ပိုင်ဆိုင်ခွင့် ဆိုတဲ့ အခွင့်အရေးက မှေးမှိန်သွားပါပြီ။ မိမိမြေကို တခြားသူကို လွှဲပြောင်းခြင်း၊ တစ်ဆင့် ချထားခြင်းတွေ ကို မိမိသဘောအလျောက် ဆောင်ရွက်ခွင့် မရှိတော့ဘူး။

မြေပိုင်ရှင်ဆိုပြီး လက်ဝယ်ထားခွင့်လည်း မရှိတော့ဘူး။ အရင်က ရထားတဲ့ ထာဝရ ပိုင်ဆိုင်ခွင့် လက်ရှိထားခွင့်ဆိုတဲ့ In possessing အခွင့်အရေး ပျောက်ကွယ် သွားပါပြီ။ မြေကို ကိုယ်တိုင် လုပ်မှသာ မြေပေါ် ဆက်နေခွင့်၊ လုပ်ကိုင် စားသောက်ခွင့် ရပါတော့တယ်။ ၁၉၆၃ သီးစားချထားရေးဥပဒေအရ မြေယာစနစ်တော်လှန်ရေး ဆိုတဲ့ အဟုန်ကြောင့် လယ်လုပ်သူသာ လယ်လုပ်ပိုင်ခွင့် ရရှိစေရမယ် ဆိုတဲ့ မူဝါဒထွန်းကားလာပါတယ်။ မြေယာမှုခင်း ဖြစ်ရင်လည်း ပိုင်ဆိုင်မှုကို ဦးစားမပေးဘဲ လုပ်ကိုင်မှုကိုသာ ဦးစားပေးပြီး မြေကို ဘယ်သူ လုပ်နေလဲ၊ လက်ရှိလက်ငုတ် ဘယ်သူလဲ ဆိုတဲ့ လုပ်ကိုင်နေတဲ့ အခြေအနေအရသာ မူတည် စဉ်းစားဆောင် ရွက်ပေးပါတယ်။

ဘိုးဘပိုင်တွေ ဘာတွေ လုံးဝ ထည့်သွင်း စဉ်းစားသုံးသပ်မှု မပြုတော့တာကြောင့် ပိုင်ဆိုင်မှုအစား လုပ်ကိုင်မှုအတွက်သာ ဆုံးဖြတ်ပေးတဲ့ လမ်းကြောင်း ဖြစ်လာ ပါတယ်။ လယ်ယာမြေကို အမွေပစ္စည်း တစ်ရပ်အဖြစ် မမှတ်ယူရ ဆိုတဲ့ ညွှန်ကြားချက်တွေအရ လယ်ယာမြေ အပေါ် အမွေ ဆက်ခံခွင့်ကို အလေး မပေးတော့ပါဘူး။ လယ်ယာမြေကို အမွေဆက်ခံခွင့် ပျောက်သွားစေပါတယ်။ ၁၉၆၃ သီးစားချထားရေး ဥပဒေအရ မြေကို ကိုယ်တိုင် မလုပ်နိုင်တဲ့၊ မလုပ်ကိုင်တဲ့ လယ်ပိုင်ရှင်တွေထံက မြေတွေ သီးစားတွေထံ ရောက်သွားစေ ပါတယ်။ မြေပိုင်ရှင်တွေ ပပျောက် သွားပြီး မြေကို ကိုယ်တိုင်လုပ်သူတွေသာ အစိုးရထံ သီးစားမှတ်ပုံတင်ပြီး မြေပေါ်ကျန်ခဲ့ရတဲ့ အနေအထား ဖြစ်သွားပါတယ်။ ရွှေထီးဆောင်းခဲ့တဲ့ ဘိုးဘပိုင် လယ်ယာမြေတွေ ချိုးနှိမ်ခံရတဲ့ အနေအထား ဖြစ်သွားပါတယ်။ ဒါကြောင့်မို့ ဘိုးဘပိုင်လယ်ယာမြေတွေ ပိုင်ခွင့်၊ မြေပိုင်ရှင်တွေရဲ့ မြေပိုင်ဆိုင်မှု အခွင့်အရေးတွေဟာ ၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေအရ ချုပ်ငြိမ်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပါတယ်။

မြို့မြေတွေမှာ ယနေ့အထိ ဘိုးဘပိုင်မြေအတွက် ပေးအပ်ထားတဲ့ အခွင့်အရေးတွေ၊ မြေပိုင်ဆိုင်မှုတွေ ရှိနေပြီး မဆိတ်သုဉ်းသေးပါဘူး။ မြို့မြေတွေထဲက ဘိုးဘပိုင်မြေတွေကို လွဲပြောင်းရောင်းချရင်တော့ ဥပဒေအရ အခွန်ဆောင်ပြီး အမည်ပေါက် ဂရန်ပြန်လျောက်ရပါမယ်။ ဘိုးဘပိုင်လယ်ယာမြေတွေကတော့ မြေပိုင်ရှင်တွေရဲ့ မြေပိုင်ဆိုင်မှုတွေဟာ ၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေအရ ချုပ်ငြိမ်း ပျောက်ကွယ်သွားခဲ့ပြီလို့ ပြောနိုင်ပါတယ်၊ ခုခေတ်မှာတော့ လယ်ယာမြေအတွက် ဥပဒေအရ ပုံစံ ၇ စာအုပ်နဲ့ လုပ်ပိုင်ခွင့်ပြုလက်မှတ် လျောက်ထားရယူရမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဘိုးဘပိုင်မြေများနှင့်ပတ်သက်၍ ဖတ်မှတ်ဖူးတာများနှင့် ဆရာဦးဇော်မင်း (နတ်မောက်) ၏ ဘိုးဘပိုင် လယ်ယာမြေ ဆောင်းပါးအား ကြည့်၍ ရေးပါသည်။


ဆရာဦးဇော်မင်း (နတ်မောက်)အား ရိုသေစွာဖြင့် ကူးယူတင်ပြသည်။

Address


Website

Alerts

Be the first to know and let us send you an email when Myanmar Lawyer Network Mogaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share