
12/12/2024
#အမေ့မှာ မျက်လုံးတစ်လုံပဲရှီတယ် ။
ကျွန်တော် အမေ့ကို မုန်းတယ် ကျွန်တော့်အတွက်တော့အမေဟာ ရှက်စရာပါပဲ အမေက ကျောင်းသားတွေနဲ့ ဆရာဆရာမတွေအဖို့ ထမင်းချက်ကျွေးရတဲ့ ထမင်းချက်တစ်ယောက်ပေါ့ အဲဒီဝင်ငွေနဲ့ပဲ မိသားစုကို အမေ ထောက်ပံ့ပေးထားတယ် ။
ကျောင်းတွေပိတ်ပြီးပထမဆုံကျောင်းပြန်ဖွင့်တဲ့ရက်တစ်ရက်မှာပေါ့ ။ အမေက ကျောင်းကို လာပြီး ကျွန်တော့်ကို သားလေး လို့ နှုတ်ဆက်တယ် ။ ကျွန်တော်ရှက်လိုက်တာ ဗျာ --- ။
ဘာလို့ အမေကျွန်တော့်ကို အဲဒီလိုဆက်ဆံရတာလဲ ။ ကျွန်တော်အမေ့ကို မေ့ထားချင်တယ် အမေ့ကို ကျွန်တော်မုန်းတီးစွာကြည့်ပြီးထွက်ပြေးခဲ့တယ် ။ နောက်ရက်ကျောင်းကိုရောက်တော့ သူငယ်ချင်းကပြောတယ် “ ဟီး မင်းအမေက မျက်လုံးတစ်ဖက်ပဲရှိတယ်နော် ”
ကျွန်တော်ကိုယ့်ကိုယ်ကို သတ်သေလိုက်ချင်တယ် ။ အဲဒီလိုပဲ အမေ့ကိုလည်းလောကကြီးထဲကနေ ပျောက်ကွယ်သွားစေချင်တယ် ။ တစ်နေ့ ကျွန်တော် အမေ့ရှေ့ရပ်ပြီးအမေ့ကိုပြောခဲ့တယ် ။
“ အမေကျွန်တော့်ကို ဒီလိုလူတွေရယ်စရာဖြစ်အောင်လုပ်နေရင် - - -အမေဘာလို့ မသေနိုင်သေးတာလဲ ”
အမေ က ကျွန်တော့်ကို ဘာမှမတုန့်ပြန်ခဲ့ဘူး ။ တစ်စက္ကန့်အတွင်းမှာပဲ ကျွန်တော် ဘာပြောမိသလဲ ဆို တာမသိတော့သလို အဲဒီတစ်စက္ကန့်အတွင်းမှာပဲ ကျွန်တော့်အတွေးတွေကိုမရပ်တန့်နိုင်ခဲ့ဘူး ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော့်မှာဒေါသတွေပြည့်နှက်နေခဲ့တယ် ။ အမေဘယ်လိုခံစားသွားရသလဲဆိုတာ ကျွန်တော်သတိမမူမိခဲ့ဘူး ။
ကျွန်တော်အိမ်ထဲကနေ အပြင်ထွက်ချင်ခဲ့တယ် အမေနဲ့လည်း ဆက်ပြောစရာဘာမှမရှိတော့ပါဘူး ။ ဒါကြောင့် နောက်ရက်တွေမှာ ကျွန်တော်စာကိုပြင်းထန်စွာကြိုးစားခဲ့ပြီး နိုင်ငံခြားမှာ ပညာတော်သင်သွားရအောင် ကြိုးစားခဲ့တယ် ။
အဲဒီနောက် ကျွန်တော်အိမ်ထောင်ကျခဲ့တယ် ။ ကျွန်တော့်ဘာသာ အိမ်တစ်လုံးဝယ်ခဲ့တယ် ။ သားသမီးတွေလည်းရလာခဲ့တယ် ။ ကျွန်တော့် ဘဝလေးမှာ သားတွေဇနီးတွေနဲ့ ကျွန်တော် ပျော်မွေ့နေခဲ့တယ် ။ တစ်နေ့မှာပေါ့ အမေက ကျွန်တော့်ဆီကို လာလည်ခဲ့တယ် ။ သူကျွန်တော့်ကို မတွေ့တာ သူ့မြေးတွေကိုမတွေ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီပေါ့ ။
အမေ တံခါးရှေ့မှာ ရပ်နေတော့ ကျွန်တော့်ကလေးတွေက အမေ့ကိုကြည့်ပြီး အော်ရယ်နေခဲ့တယ် ။ ကျွန်တော် အမေ့ကို မဖိတ်ခေါ်ပဲ ဘာကြောင့် လာရသလဲဆိုပြီး အော်ဟစ်ကြိမ်းမောင်းလိုက်တယ် ။ ကျွန်တော် အမေ့ကိုကြည့်ပြီး “ ကျွန်တော့်အိမ်ကို ခင်ဗျား လာရဲသေးသလား ကလေးတွေကိုခြောက်လှန့်မလို့လား ထွက်သွားစမ်းပါဗျာ ” လို့ပြောလိုက်တယ် ။
အမေက တိတ်ဆိတ်စွာပဲ ပြန်ဖြေတယ် ။ “ အို . . သားရယ် အမေ အိမ်လိပ်စာမှားပြီးလာမိတာပါကွယ် ” အဲဒီလိုပြောပြီးအမေပြန်ထွက်သွားခဲ့တယ် ။
တစ်နေ့မှာ ကျောင်းသားဟောင်း အဖွဲ့ကနေ ကျွန်တော့်အိမ်ကို စာတစ်စောင်ရောက်လာခဲ့တယ် ။ ဒါကြောင့် ကျွန်တော် အလုပ်ကိစ္စနဲ့ခရီးထွက်မယ်ဆိုပြီး ဇနီးသည်ကို လိမ်ခဲ့တယ် ။ ကျောင်းသားဟောင်းတွေ့ဆုံပွဲပြီးတဲ့အခါ ကျွန်တော်သိလိုစိတ်ပြင်းပြလာတဲ့အတွက် အရင်အိမ်အဟောင်းတဲသာသာလေးဆီကိုပြန်သွားခဲ့တယ် ။
အိမ်နီးနားချင်းတွေကပြောကြတယ် အမေဆုံးသွားပြီတဲ့ ။ ကျွန်တော်မျက်ရည်တစ်စက်မကျမိဘူး ။ သူတို့က အမေကျွန်တော့်ဆီပေးခဲ့တဲ့စာတစ်စောင်ကို ကျွန်တော့်လက်ထဲ ထိုးပေးခဲ့တယ် ။
“ ချစ်လှစွာသော သားလေး - - -
အမေသားကို အချိန်တိုင်း သတိရနေပါတယ်ကွယ် အမေ သားအိမ်ဆီလာပြီး သားကလေးတွေကို ခြောက်လှန့်သလိုဖြစ်သွားတာ တကယ်စိတ်မကောင်းပါဘူး ။
သား ကျောင်းသားဟောင်းတွေ့ဆုံပွဲကို လာတယ်ဆိုတာ သိရလို့ အမေ အရမ်းဝမ်းသာပါတယ် ။ ဒါပေမယ့် အမေအိမ်ရာထဲ လဲနေတဲ့အချိန်မို့ သားကိုလာမတွေ့နိုင်တော့ဘူးကွယ် ။ သား ကြီးပြင်းလာတဲ့ကာလတလျှောက်လုံးအမေကသားအတွက် အရှက်ရစရာတစ်ခုဖြစ်စေခဲ့တအတွက် အမေ အရမ်းဝမ်းနည်းရပါတယ် စိတ်လည်းမကောင်းဖြစ်မိပါတယ် ။
သားမှတ်မိသေးလား သားငယ်ငယ်တုန်းကပေါ့ သား ဟာ မတော်တဆမှုတစ်ခုဖြစ်ပြီး မျက်လုံးတစ်လုံးဆုံးရှုံးခဲ့ရတယ် ။ အမေတစ်ယောက်အနေနဲ့ မျက်လုံးတစ်လုံးထဲနဲ့သားကြီးပြင်းလာရမှာ အမေမကြည့်ရက်ဘူးသားရယ် ဒါကြောင့် အမေ့မျက်လုံးတစ်လုံးကို သားဆီကိုပေးခဲ့တယ် ။
သားဟာ ကမ္ဘာသစ်တစ်ခုကို အမေ့ကိုယ်စားမြင်ပေးနေတဲ့အတွက် အမေ အရမ်းကို ဂုဏ်ယူမိတယ်သား ဒီနေရာလေးမှာ အဲဒီမျက်လုံးတွေနဲ့ပေါ့ - - -။
သားကို အရမ်းချစ်တဲ့
အမေ
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #
သက်တန့်ချို