12/06/2024
နိုင်ငံတော်အစိုးရက ယူအေအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ပြန်လည်ခေါ်ဆောင်
=================================
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့် အနေဖြင့် မည်သို့သောအခြေအနေတွင် တွေ့ကြုံရသည့်တိုင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး မြန်မာသံရုံးနှင့် သက်ဆိုင်ရာနိုင်ငံသံရုံးများချိတ်ဆက်၍ အမိနိုင်ငံသားများမြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည် ရောက်ရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
ပြန်လည်ခေါ်ဆောင်နိုင်
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယူအေအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူမခင်မျိုးဌေးအား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ယူအေအီးနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာပြည်နယ်ရဲတပ်ဖွဲ့နှင့် လူ့စွမ်းအားအရင်းအမြစ်နှင့် နိုင်ငံသား အကျိုးစီးပွားမြှင့်တင်ရေးဝန်ကြီးဌာနတို့မှ အာဏာပိုင်များနှင့်ညှိနှိုင်း၍ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ မခင်မျိုးဌေးသည် ဇွန် ၅ ရက်၌ ဒူဘိုင်းမြို့မှ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာရန်ကုန်မြို့သို့ ယမန်နေ့ ည ၁၀ နာရီတွင် ရောက်ရှိခဲ့သည်။
မြန်မာနိုင်ငံသူ မခင်မျိုးဌေးသည် မြန်မာနိုင်ငံမှဒူဘိုင်းမြို့သို့ လွန်ခဲ့သောရှစ်လဝန်းကျင်ခန့်ကရောက်ရှိခဲ့ပြီး ပွဲစားများက အေဂျင်စီရုံးအဆင့်ဆင့်သို့ လက်လွှဲမှုကိုခံခဲ့ရ၍ နောက်ဆုံးတွင် ဒူဘိုင်းမြို့ရှိ မြန်မာနိုင်ငံသားတစ်ဦး ဖွင့်လှစ်ထားသည့်အဆောင်တွင် မြန်မာနိုင်ငံသို့ မပြန်မီအတွင်းနေထိုင်ခဲ့ရသည်။ ယူအေအီးနိုင်ငံတွင် အခက်အခဲများ ကြုံတွေ့ရသူတို့သည် ထိုနိုင်ငံသို့အလည်အပတ် (Visit visa) ဖြင့် ရောက်ရှိခဲ့ကြပြီး ရန်ကုန်မြို့ရှိပွဲစားများနှင့် ဒူဘိုင်းမြို့ရှိပွဲစားများချိတ်ဆက် ဆောင်ရွက်မှုဖြင့် အလုပ်လုပ်ကိုင်ကြခြင်းဖြစ်ရာ အလုပ်အကိုင်ပါမစ်ဖြင့် သွားရောက်ခြင်းမျိုးမဟုတ်သဖြင့် ပွဲစားများနှင့်အလုပ်ရှင်တို့၏ ခေါင်းပုံဖြတ်မှုကိုခံကြရလေ့ရှိပြီး ဘာသာစကား၊ ယဉ်ကျေးမှု၊ အစားအသောက်နှင့် လုပ်ငန်းခွင်အခက်အခဲတို့ကြောင့် ထိုနိုင်ငံတွင် အခက်အခဲများစွာ ကြုံတွေ့ရခြင်းဖြစ်သည်။ မခင်မျိုးဌေးအား မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ လိုအပ်သောကူညီမှုများကို စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည် ပို့ဆောင်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ပြန်လည်ထွက်ခွာခွင့်(Exit Permit)ရရှိ ခဲ့၍ ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ အဆင်ပြေချောမွေ့စွာရောက်ရှိခဲ့ခြင်းဖြစ်သည်။
အကူအညီပေး
ဒူဘိုင်းမြို့တွင် အခက်အခဲများကြုံတွေ့ခဲ့ရမှုနှင့်စပ်လျဉ်း၍ မခင်မျိုးဌေးက “ကျွန်မက စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်က ရွာမှာနေပါတယ်။ အမေအိုကြီး ရှိတဲ့အတွက် ပြည်ပမှာ အလုပ်လုပ်မယ် ဆိုပြီး ပွဲစားနဲ့ချိတ်ဆက်ပြီး ဒူဘိုင်းကို ရောက်ခဲ့ပါတယ်။ ရန်ကုန်ပွဲစားက ဒူဘိုင်းပွဲစားနဲ့ချိတ်ဆက်ပြီး အလုပ်ကိုစောင့်ခဲ့ရတာမှာ ဟိုပြောင်းရ ဒီရွှေ့ရနဲ့ အလုပ်မလုပ်ရဘဲ ရှစ်လနီးပါးကြာခဲ့ပါတယ်။ ရန်ကုန်အေးဂျင့်ကို အလုပ်မရကြောင်းပြောတော့ နောက်ပိုင်းဖုန်းမကိုင်တောဘူး။ ရွာကနေ ရန်ကုန်အေးဂျင့်ကို ဖုန်းဆက်ပြီး ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပြန်ခေါ်မယ်ဆိုပြီး ဆက်သွယ်ပေမယ့် ဖုန်းမကိုင်တော့တဲ့အတွက် ပြည်ပမှာနေ့စဉ် မျက်ရည်နဲ့မျက်ခွက်နေခဲ့ရပါတယ်။ မြန်မာသံရုံးကို မိတ်ဆွေတစ်ဦးက အကြောင်းကြားပေးပြီး အကူအညီပေးခဲ့တာကြောင့် မြန်မာပြည်ကို မထင်မှတ်ပဲပြန်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။ အတိုင်းမသိဝမ်းမြောက် ဝမ်းသာဖြစ်ရပါတယ်။ ဖြစ်နိုင်ရင် ပြည်ပနိုင်ငံအကြောင်း၊ အေးဂျင့်တွေအကြောင်း မသိဘဲမသွားစေလိုပါဘူး။ ငွေကုန်ပြီးအလုပ်မရဘဲ ဒုက္ခမျိုးစုံကြားက ကံကောင်းထောက်မစွာနဲ့ အမိနိုင်ငံကိုပြန်ရောက်လာတာပါ။ သံရုံးကသာမကူညီရင်ရှေ့ဆက်ပြီး ဘယ်လိုဒုက္ခတွေ ရင်ဆိုင်ရမလဲဆိုတာ မမှန်းရဲပါဘူး။ မြန်မာနိုင်ငံကို စိတ်အေးချမ်းသာစွာပြန်ရောက်အောင် ကူညီစောင်မပေးခဲ့တဲ့ နိုင်ငံတော်လူကြီးများ၊ တာဝန်ရှိသူတွေအားလုံးကို လက်အုပ်မိုးပြီး ကန်တော့ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်ရှင်” ဟု ပြောကြားသည်။
ယူအေအီးနိုင်ငံတွင် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ထိုနိုင်ငံ၌ အလုပ်လုပ်ကိုင်စဉ် အလုပ်ရှင်နှင့် အဆင်မပြေမှုတို့တွင် မြန်မာပွဲစားများက တာဝန်ယူဖြေရှင်းပေးမှုမရှိသည့်အပြင် ဒူဘိုင်းအေဂျင်စီရုံးနှင့် အလုပ်ရှင်တို့က နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်းထားခြင်း၊ ပွဲစားများကအေဂျင်စီရုံးအဆင့်ဆင့်သို့ လက်လွှဲအသုံးချခြင်းတို့ကို ကြုံတွေ့နေရကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ၌အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံး၏ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအတွက် အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှိုက်လှဲလှဲအထူးကျေးဇူးတင်လျက်ရှိကြောင်း သတင်းရရှိသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး