07/11/2023
“ရှူဆေးက ဂိတ်ဆုံးတဲ့လား?”
( #ဒေါက်ကလေးသုတ)
"ရှူဆေးတော့ သမီးလေးကို ပေးမရှူပါရစေနဲ့ ဆရာရယ်၊ တသက်လုံးရှူဆေး စွဲသွားမှဖြင့်၊ ပြီးတော့ ရှူဆေးက နောက်ဆုံးအဆင့် မဟုတ်ဘူးလား ဆရာ။ ဖြစ်နိုင်ရင်လေ ရှူဆေးထက် သောက်ဆေးပဲ ပေးပါလားဆရာ"
"ရှူဆေးက ဘယ်ကနေဘယ်လို ဂိတ်ဆုံးဖြစ်ရတာလဲ မေမေရဲ့၊ ဘယ်သူပြောတာတုန်း"
"ရပ်ကွက်ထဲမှာ ပြောနေကြတာပဲ ဆရာရယ်၊ ချောင်းဆိုးလို့ ရင်ကျပ်လို့ ဆေးခန်းသွားပြတာ ဆရာဝန်က ရှူဆေးပေးလိုက်လို့ ဆေးရှူနေရတာ ကလေးက တစ်ရက် နှစ်ရက်လောက် ဆေးမရှူ တာနဲ့တင် ပြန်ကျပ်နေတာ။ အဲ့တော့ ရှူဆေးကို စွဲသလိုဖြစ်သွားတာပေါ့"
"ဖြစ်ရလေ မေမေရယ် အဲ့ဒါ ရှူဆေးကို စွဲတာမဟုတ်ဘူး၊ ရောဂါကိုယ်၌ ကိုယ်က မသက်သာသေးတာ မေမေရဲ့။ ပန်းနာရင်ကျပ်ဖြစ်တာသာ သေချာခဲ့မယ် ဆိုရင် ရှူဆေးတစ်မျိုးတည်းကပဲ အဆုတ်ကို တိုက်ရိုက်ရောက်တဲ့ ဆေးပဲ။ ထိုးဆေးတို့ သောက်ဆေးတို့က ထိုးပြီးသောက်ပြီး အာနိသင်ပြဖို့ အချိန်ကလိုသေးတယ်၊ ဘေးထွက်ဆိုးကျိုးတွေလည်း ပိုများတယ်။ ရှူဆေးက အမြန်ဆုံးနဲ့ အထိရောက်ဆုံး ဆေးပဲ"
"ဪ အဲ့လိုလား၊ မသိပါဘူးဆရာရယ် ရှူဆေးဆိုတော့ ကလေးက ရှူဖို့ခက်မှာရယ် မိဘတွေကလည်း ဆေးရှူပေးရဖို့ မကျွမ်းကျင်တာရယ်နဲ့ ဆိုတော့လေ ဖြစ်နိုင်ရင် ရှူဆေးကို မရှူချင်ကြတာပါဆရာ"
"ဟုတ်ပါတယ် မေမေတို့ အခက်အခဲကို နားလည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဆရာဝန်တွေကလည်း ကလေးချောင်းဆိုးတယ် ရင်ကျပ်တယ် ဆိုတာနဲ့ တန်းပြီး ရှူဆေး မပေးကြပါဘူး။ များသောအားဖြင့် ချောင်းဆိုးတာက ရာသီအကူးအပြောင်း ကာလမှာ နှာစေး၊ အအေးမိပြီး တုပ်ကွေး ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာများတယ်။ ဒါကြောင့် ချောင်းဆိုးပျောက်ဆေး တိုက်လိုက်ရင် ကလေးတော်တော်များများက သက်သာသွားတတ်ကြတယ်။ အကယ်၍များ အဆုတ်မှာ ဘက်တီးရီးယားပိုး ဝင်လို့ နမိုးနီးယားရောဂါ ဖြစ်ရင်တော့ ပိုးသတ်ဆေး တိုက်ရတတ်တယ်"
"ခု မေမေ့ ကလေးရဲ့ ဖြစ်နေတဲ့လက္ခဏာတွေက ရာသီအေးတာနဲ့ ချောင်းဆိုးတယ်၊ ညဘက်တွေ ဆိုးတာများတယ်ပေါ့။ နောက်ပြီး အေးတဲ့ အစားအသောက် (ဥပမာ ရေခဲမုန့်၊ ရေခဲစိမ်အအေး) ဒါတွေ စားသောက်မိရင် ဖြစ်တယ်။ တရွှီရွှီနဲ့ ရင်ကျပ်လာတယ်၊ အသက်ရှူမြန်လာတယ်။ အရေးကြီးတဲ့ အချက်က ကလေး ငယ်ငယ်တုန်းက နို့ပွေးပေါက်ဖူးခဲ့တာရယ် ကလေးရဲ့အဖိုးကလည်း ပန်းနာရင်ကျပ် ရောဂါရှိနေတယ် ဆိုတဲ့ သူ့ရဲ့ရာဇဝင်ပဲ။ ဒါတွေ ခြုံပြီး ကြည့်ရင် ကလေးမှာ ပန်းနာရင်ကျပ်ရောဂါ ရှိနေတယ်လို့ ကောက်ချက်ချလို့ ရတယ်။ အဲသည်တော့ ပန်းနာရင်ကျပ် အတွက် အထိရောက်ဆုံးနဲ့ အကောင်းဆုံးဆေး ကတော့ ရှူဆေးပါပဲ၊ ဒါကြောင့် ကျွန်တော်က ကလေးကို ရှူဆေးပေးမယ်လို့ ပြောတာပါ"
"ဪ ဟုတ်ကဲ့ ဒီလိုဆိုရင်တော့ ရှူဆေးပဲ အဓိကရှူရမှာပေါ့နော်။ တခြားရော ဘာတွေ ဆောင်ရ ရှောင်ရဦးမှာလဲ ပြောပြပါဦးဆရာ"
"ပန်းနာရင်ကျပ်ရဲ့ သဘောတရားကို နားလည်အောင် ရှင်းပြမယ်နော်။ သူက လွယ်လွယ်ပြောရရင် ဓါတ်မတည့်လို့ ဖြစ်တဲ့ရောဂါ တစ်မျိုးပဲ။ ဥပမာ သူနဲ့မတည့်တဲ့ အရာဝတ္ထု အသုံးအဆောင်နဲ့ ထိတွေ့မှုရှိတဲ့အချိန်မှာ ရုတ်တရက် လေပြွန်လေးတွေ ကျဉ်းသွားပြီး ရင်ကျပ်တော့တာပဲ။ တချို့ဆို ပြေးလွှား ဆော့ကစားနေရင်း၊ ရယ်ရင်းနဲ့ အဆက်မပြတ် ချောင်းဆိုးလာတတ် ကြတယ်။ ပြင်းထန်မှုကလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ တချို့ကလေးတွေက ချောင်းဆိုးရုံ တရွှီရွှီ မြည်ရုံလောက်ပဲ ဖြစ်တယ်။ တချို့ကျတော့ အရမ်းဆိုးပြီး စကားမပြောနိုင် ပြာတူး အသက်ရှူလို့ မရဖြစ်ပြီး အသက်အန္တရာယ်ကို ဒုက္ခပေးတဲ့အထိ ပြင်းထန်တတ်တယ်။ ပန်းနာရင်ကျပ် ရောဂါက ရောဂါလို့ ပြောလည်းရတယ် ရောဂါမဟုတ်ဘူးလို့လည်း ပြောလို့ရတယ်။ သူ့ကို သွားဆွစေတဲ့ အရာတွေရှိတယ် Trigger factors လို့ခေါ်တယ်။ ဘာတွေပါလဲဆိုတော့ ဆေးလိပ်ငွေ့၊ အနံ့စူးစူး ဥပမာ ပန်းနံ့၊ ခြင်ဆေးနံ့၊ အမွှေးတိုင်အနံ့ တို့လိုမျိုး၊ ဖုန်မှုန့်၊ တိရိစ္ဆာန်အညစ်အကြေး၊ အမွေးပါတဲ့ တိရိစ္ဆာန်တွေနဲ့ ထိတွေ့မှု၊ ပိုးဟပ်တို့၊ စိုစွတ်ပြီး အေးမြတဲ့လေ/ရာသီဥတု နဲ့ တချို့ဗိုင်းရပ်စ်ပိုး တွေက ရင်ကျပ်အောင် လှုံ့ဆော်ပေးကြတယ်"
"ဒီဟာတွေနဲ့ ထိတွေ့မှု မရှိအောင် နေရမှာပေါ့နော်"
"ဟုတ်တယ်၊ ဒီအရာတွေနဲ့ ထိတွေ့မှုမရှိအောင် အတတ်နိုင်ဆုံး ဂရုစိုက်ပေးရမယ်၊ အိမ်မှာ ခွေးတို့ကြောင်တို့ မွေးထားတာမရှိဘူးမလား"
"အိမ်မှာတော့ မရှိဘူးဆရာ၊ ဘေးအိမ်မှာတော့ ကြောင်မွေးထားတာ ရှိတယ်၊ သမီးလေးက အဲ့ဘက်အိမ် ကိုသွားသွားဆော့တယ် နောက်ဆို ကြောင်နဲ့မဆော့ရအောင် ပြောထားရမယ်"
"ဟုတ်တယ် ကြောင်အမွေးတွေက နှာခေါင်းထဲဝင်ပြီး ရင်ကျပ်တတ်တယ်။ ဒီတော့ ရှောင်ရန် ဆောင်ရန်တွေ ပြောပြီးပြီဆိုတော့ လိုက်နာရမယ့် အကြောင်းပြောပြမယ်။ ပန်းနာရင်ကျပ်က ကုသရ နည်းနည်းခက်တယ် ရေရှည်ကုသ ရတာဆိုတော့လေ။ တော်တော်များများက သက်သာရင် ဆေးကိုရပ်ပစ်လိုက်တာတို့ ဖြစ်မှရှူတာတို့ ကိုယ့်သဘောနဲ့ကိုယ် လုပ်တတ်ကြတယ်။ ဒါကို ကျွန်တော်တို့က Compliance မကောင်းဘူးလို့ ခေါ်တယ်။ အဲသည်လို လူနာမျိုးဆိုရင် ရောဂါလက္ခဏာကို ပြန်ကြည့်ရင် တစ်ပတ်အတွင်း နေ့ဘက်ကျပ်ချိန် ညဘက်ကျပ်ချိန် အကြိမ်ရေ ဘယ်လောက်များသလဲ၊ ညအိပ်မရအောင် ဆိုးသလား၊ ကျောင်းပျက်တဲ့အထိ ဆိုးသလား၊ ရှူဆေးရှူပုံ ရှူနည်း မှန်ကန်ရဲ့လား မှန်မှန်ရောရှူရဲ့လား အသေးစိတ် ပြန်စစ်ရတော့တာပဲ။ ဆေးလည်းမှန် Compliance လည်းကောင်းတဲ့ လူနာမျိုးမှာ ရောဂါလက္ခဏာ မသက်သာဘူးဆိုရင် ကုသမှုကို နောက်တဆင့် တက်ရတာမျိုးရှိတယ်။ ဒါကြောင့် Compliance ကောင်းဖို့သိပ်အရေးကြီးတယ်။ မဟုတ်ရင် ပလိုင်းပေါက်နဲ့ ဖားကောက်နေရသလို ဖြစ်ပြီး ကလေးက ဆေးဒဏ်ကို ပိုခံရတတ်တယ်၊ ကလေးအတွက် နစ်နာတယ်ပေါ့ဗျာ"
"ခဏခဏ ရင်ကျပ်တဲ့ attack ရရင် ကလေးက စတီးရွိုက် လို့ခေါ်တဲ့ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဆေးတွေထိုးရ သောက်ရဆိုရင် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုခံရတတ်တယ်။ အထူးသဖြင့် ဝလာတာ၊ ကိုယ်အလေးချိန် တိုးလာတာ၊ အရပ်ပုသွားတာ၊ ကိုယ်ခံအား ကျဆင်းလာတတ်တာ တွေဖြစ်တတ်တယ်။ ဒါကြောင့် ကျွန်တော်တို့က စတီးရွိုက်သောက်ဆေးကို တတ်နိုင်သမျှ မပေးချင်ဘူး ရှူဆေးပဲပေးတယ်။ သူက ထိရောက်မှုလည်း ပိုရှိသလို ဘေးထွက်ဆိုးကျိုးလည်း မရှိသလောက် နည်းတယ်။ မိဘတွေ ကတော့ နည်းစနစ်မှန်မှန် ရှူပေးဖို့ရယ် ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို တိတိကျကျ လိုက်နာဖို့ရယ်ပဲလိုတယ်"
"ဪဟုတ်ကဲ့ ခုလိုရှင်းပြမှပဲ စိတ်သက်သာရာရသွားတော့တယ် ဆရာရယ် ကျေးဇူးပါပဲနော်၊ ဆေးရှူရမှာ မကြောက်တော့ပါဘူး၊ ဒါနဲ့လေ သမီးလေးရဲ့ ရင်ကျပ်က ကြီးတဲ့အထိ ပါသွားမှာလား ဆရာ အဲ့ဒါကိုလည်းစိတ်ပူနေတာ"
"ကလေး အယောက် ၁၀၀ မှာ ၇၀ လောက်ကတော့ ကြီးလာရင် ပျောက်သွားတတ်ကြတယ်၊ အများစုက ပျောက်သွားတတ်တယ် ပေါ့ဗျာ။ ၃၀ ရာခိုင်နှုန်းလောက်ကတော့ လူကြီးဖြစ်တဲ့အထိ ပါသွားတတ်ကြတယ်။ ဒါကြောင့် ကျွန်တော်ပေးတဲ့ ဆေးကို သေသေချာချာ ရှူပေးပြီး ဂရုစိုက်ပေးပါ မေမေ၊ ရက်ချိန်းလည်း မှန်မှန်လာဖို့လိုတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဆေးတိုးလိုက် လျှော့လိုက် လုပ်လို့မရဘူး၊ နားလည်ပါတယ်နော်"
"ဟုတ်ကဲ့ နားလည်ပါပြီဆရာ၊ ဆရာမှာထားတာတွေ အားလုံးကို သေသေချာချာ မှတ်သားပြီး လိုက်နာပါ့မယ် ကျေးဇူးတင်ပါတယ်နော် ဆရာ"
"ကောင်းပါပြီဗျာ"
"ဂိတ်ဆုံး မဟုတ်တဲ့ ရှူဆေး ရှူရမှာ မကြောက်ကြပါနဲ့"
#ကလေးကိုချစ်ရင်မနမ်းပါနဲ့
#ဒေါက်ကလေးသုတ
#ရှူဆေးကဂိတ်ဆုံးတဲ့လား