10/01/2022
Rest in power, Heroes.
လက်နက်မဲ့ ပြည်သူကို ခေါင်းချိန်ပစ်၊ မနိုင်ရင် အလံဖြူထောင်ပြီး ထွက်လာရင် မပစ်ဘူးမဟုတ်လာ အော်တဲ့ စစ် uniform အောက်က ထမိန်ဝတ်ထားတဲ့ စခတွေနဲ့ ယှဉ်လို့မရအောင် မြင့်မြတ်လွန်းတယ်။
စစ်ကြောင်းများကြား ပိတ်မိသည့် မြိုင် PDF ၂ ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွား
--------------------
ဝေယံမိုး
စစ်ကောင်စီတပ်များ၏ စစ်ကြောင်းသုံးခုအလယ်တွင် ပိတ်မိသွားသည့် မြိုင် PDF ရဲဘော်နှစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီလ ၁၀ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်တွင် မြိုင်မြို့မြောက်ဘက် ဗဟင်းလမ်းရှိ သက္ကယ်ကန်ရွာအနီးတွင် ထိုရဲဘော်နှစ်ဦးသည် မိုင်းခွဲကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခြင်းဖြစ်သည်။
“သူတို့နှစ်ဦးက စစ်ကြောင်းတွေကို မိုင်းဆွဲသွားရင်း ပိတ်မိသွားတာပါ။ စစ်ကြောင်းက သုံးခုဆုံတဲ့ အဲ့ဒီအလယ်မှာ ပိတ်မိသွားတဲ့သဘော သူတို့နောက်က ကင်းထောက်လိုက်သွားတဲ့ ရဲဘော်တွေလည်း ဘာမှသိပ်ပြီးမကူညီနိုင်လိုက်ဘူး။ သူတို့က အင်အား ၄၀ ဝန်းကျင်လောက်နဲ့ ပိတ်ဆို့ထားတာဆိုတော့ ရဲဘော်နှစ်ယောက်က သူတို့ဆီမှာပါတဲ့ ဆွဲမိုင်းနဲ့ သူတို့အသေခံပြီး ဖောက်ခွဲလိုက်တာပါ “ဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်မှ ပြန်ကြားရေး တာဝန်ခံ ခွန့်ချိန့် ကပြောသည်။
၎င်းတပ်သားနှစ်ဦးမှာ အသက် ၂၈ နှစ်အရွယ်နှင့် ၂၅ နှစ်အရွယ်ရှိကြောင်း သိရပြီး အမည်နှင့် အခြားအချက်အလက်များအား လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
ယနေ့ မြိုင်မြို့နယ်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ စစ်ကြောင်း သုံးကြောင်းမှာ မြိုင်မြို့ တောင်ဘက် ကိုင်းတောမလမ်းတွင် အင်အား ၅၀ခန့်၊ အနောက်ဘက် ဗဟင်းလမ်းတွင် အင်အား ၁၀၀ ခန့်နှင့် မြောက်ဘက် မင်းသားကျလမ်းတွင် အင်အား ၈၀ ခန့် ဖြင့် စစ်ကြောင်းထိုး တောနင်းလျက်ရှိသည်။
စစ်ကောင်စီတပ် အင်အားများသဖြင့် ကျဆုံးရဲဘော်နှစ်ဦး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအား ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း ခွန့်ချိန့်က ပြောသည်။
ထိုကျဆုံးရဲဘော် နှစ်ဦးအား သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ရှိသည်ဟု Myaing PDF မှ ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ရဲ့ ရဲဘော်နှစ်ဦးရဲ့ ရဲရင့်မှုနဲ့ စွန့်လွှတ်အနစ်နာခံမှုအတွက် ကျွန်တော်တို့က အမြဲအလေးပြု အောက်မေ့နေမှာပါ။ သူတို့ဟာ သူရဲကောင်းတွေပါ “ဟု ခွန့်ချိန်က ကျဆုံးရဲဘော်နှစ်ဦးအတွက် ဂုဏ်ပြုစကားပြောသည်။
မြိုင်မြို့နယ်သို့ ယမန်နေ့ ဇန်နဝါရီလ ၉ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ် ကား ၄၁ စီး ဖြင့် ဝင်ရောက်လာသည့်အတွက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်လျက်ရှိသည်။
ယမန်နေ့ စစ်ကောင်စီတပ် နှစ်ကြိမ်မိုင်းဆွဲခံရမှုတွင် စစ်ကောင်စီတပ်သား ၁၇ ဦးခန့် သေဆုံးသည်ဟု မြိုင် PDF မှ ထုတ်ပြန်ထားသည်။
ယမန်နေ့က မြိုင်-ပခုက္ကူလမ်း ကိုင်းကွေ့နားတွင် ကားရပ်ကာ မိုင်းရှာနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်း၁၆ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ၁၀ ဦးခန့် သေဆုံးသွားပြီး ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် ထန်းငယ်တော အရှေ့ဘက် ချောင်းခွလမ်းခွဲတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ ကားမှောက်သွားပြီးစစ်ကောင်စီတပ်သား ခုနစ်ဦးခန့် သေဆုံးပြီး အများအပြားဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
လူဦးရေ ၂၅၀,၀၀၀ကျော် နေထိုင်သည့် မြိုင်မြို့နယ်သည် မြောက်ဘက်တွင် ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ အနောက်ဘက်တွင် ပေါက်မြို့နယ်၊ အရှေ့ဘက်တွင် ရေစကြိုမြို့နယ်များနှင့် နယ်နိမိတ်ထိစပ်နေပြီး ထိုမြို့နယ်များသည် စစ်ကောင်စီတပ်အား ရရာလက်နက်ဖြင့်တိုက်ထုတ်နေသည့် မြေပြန့်ဒေသမြို့နယ်များ ဖြစ်သည်။