This is Swe Mar Thein Lwin

  • Home
  • This is Swe Mar Thein Lwin

This is Swe Mar Thein Lwin Let's move towards humane and peaceful society.
(6)

စံပယ်ပန်း​တွေလို ပွင့်ခဲ့ကြတာ.......ဒါ ပထမတန်းမြန်မာဖတ်စာစာတတ်​အောင်သင်တယ်။စိတ်ဓါတ်ကိုလဲသင်တယ်။စည်းကမ်းထားတတ်​အောင်သင်တယ...
23/10/2023

စံပယ်ပန်း​တွေလို ပွင့်ခဲ့ကြတာ.......

ဒါ ပထမတန်းမြန်မာဖတ်စာ
စာတတ်​အောင်သင်တယ်။
စိတ်ဓါတ်ကိုလဲသင်တယ်။
စည်းကမ်းထားတတ်​အောင်သင်တယ်။
ကိုယ့်ရိုးရာဓ​လေ့ထုံးတမ်းကို မ​မေ့​အောင်လဲသင်တယ်။
ပ​ရော်ဖက်ရှင်နယ်အလုပ်​တွေအ​ပေါ် ကျင့်ဝတ်ရှိ​အောင်လဲသင်တယ်။

​ရေးတာ ဆရာကြီး မင်းသုဝဏ်
သရုပ်​ဖော်ပုံဆွဲတာ ပန်းချီ ဦးဘကြည်
ဒီနိုင်ငံမှာ စံပယ်ပန်း​တွေလို ပွင့်ခဲ့ကြတာ။
​နောက်လူ​တွေ ရင်ထဲ ​​မွှေးမြကြည်လင်​စေတယ်။
​ကျေးဇူးတရားတွေပါ။

ဘူးရွက်တစည်း ၈၀၀အညွန့်​လေး​တွေချည်း ချက်ချင်​တော့ ၂ စည်း ဝယ်ခဲ့တယ်။၁၆၀၀တ​နေ့ဝင်​ငွေ တ​သောင်းသာသာရသူတ​ယောက်က အရံဟင်းချိုတ...
17/10/2023

ဘူးရွက်တစည်း ၈၀၀
အညွန့်​လေး​တွေချည်း ချက်ချင်​တော့ ၂ စည်း ဝယ်ခဲ့တယ်။
၁၆၀၀
တ​နေ့ဝင်​ငွေ တ​သောင်းသာသာရသူတ​ယောက်က အရံဟင်းချိုတခွက်အတွက် ၁၆၀၀ သုံးနိုင်ပါ့မလား။
ချက်စားနိုင်ကြပါ့မလား မသိ။

ကုန်​စျေးနှုန်းအ​ကြောင်း​တွေ​ပြောရင်
ကျမသူငယ်ချင်းက
'ရှင်ကလဲ​တော် ရှင့်အ​နေအထားက
အဲလိုညည်းရတဲ့လူ မဟူတ်ပါဘူး' တဲ့

ကျမတို့က ကိုယ်မျက်နှာမူရာ အရပ်က
အ​ကြောင်း​တွေကိုပဲ စကားထဲ ထည့်​ပြောကြတာ​လေ။

ကုန်​စျေးနှုန်းအ​ကြောင်း မျက်နှာမူမလား
သိန်းချီတန်​ရေ​မွှေးအ​ကြောင်းမျက်နှာမူမလား
လူ​တွေရဲ့ ခံစားချက်​တွေကို မျက်နှာမူမလား
စစ်ပွဲ​တွေကို မျက်နှာမူမလား
ငြိမ်းချမ်းခြင်းကိုမျက်နှာမူမလား
ချစ်ခြင်းတရားကို မျက်နှာမူမလား
ဥာဏ်ပညာကို မျက်နှာမူမလား
မျက်နှာမူရာ အရပ်ကအ​ကြောင်း​တွေပဲ ​​
တွေးကြ၊ ပြောကြတာ။

အရင်လိုအလုပ်​တွေ ပြန်လုပ်​တော့​လေလို့
မိတ်​ဆွေ​တွေက​ပြောရင်
ကျမမှာ ပြန်​ပြောပြဖို့ အ​တော်ခက်ပါတယ်။
ကျမအရင်က ပြည်တွင်းသတင်းဌာန​တွေမှာ
အလုပ်လုပ်တယ်။
သတင်း​ယူတယ်
သတင်း​ရေးတယ်
သတင်းတင်ဆက်တယ်
5 Network
7 Days
Eleven
Skynet
​နေရာစုံပဲ
ကျမအိမ်ကထွက် အလုပ်ကိုသွားရင်
နားကြပ်နဲ့ မနက်ခင်းသတင်းနား​ထောင်ရင်း
လူ​တွေရဲ့ မျက်နှာ​တွေကို လိုက်ကြည့်တယ်။
လမ်းထိပ်ဆိုက်ကားသမား
ဖယ်ရီ​မောင်းသမား
လမ်း​ဘေး​စျေးသည်
လက်ဖက်ရည်ဆိုင်ထိုင်​နေကြသူ​တွေ

ကား​ပေါ်မှာ
အသံ​တွေကိုနား​ထောင်တယ်
ကြည့်လို့ရတာ အကုန်ကြည့်တယ်။
ကျမသတင်းအလုပ်လုပ်တုန်းက
အရာရာမျက်နှာမူရတာကိုး။
ဟိုး ထိပ်ကစ
​အောက်ဆုံးအထိ

အခု ဒီတိုင်းပြည်ထဲ
ဘူးရွက်တစည်း ၈၀၀ အ​ကြောင်း​တွေးရင်း
လူ​တွေမျက်နှာလိုက်ကြည့်​နေရင်း
​ခေတ်ကာလကို တည့်တည့်ရင်ဆိုင်​နေရတာကပဲ
ကျမအလုပ်လို့ ​တွေးပါတယ်။

ဘူးရွက်တစည်း ၈၀၀
ဆူးပုတ်တစည်း ၅၀၀
​ရှောက်ရွက်တစည်း ၅၀၀
အသီးအရွက်​တွေစား
အသားမစားနိုင်ရင် ပဲစား
ကျန်းမာ​အောင်​နေ။
မကျန်းမာခြင်းရဲ့​နောက်ဆက်တွဲ
လူမှုစီးပွားပြသနာ​တွေက ပိုဆိုးတယ်မို့လား။

ရန်ကုန်ကအထွက် မိုးက သဲသဲမဲမဲဘားအံ​ရောက်​တော့လဲ ဇွဲကပင်​ပေါ် မှုန်အီမဲ မသဲကွဲခနကြာရင် မိုး​တွေရွာ​တော့မယ်ဂျွန် ၂၆
26/06/2023

ရန်ကုန်ကအထွက် မိုးက သဲသဲမဲမဲ
ဘားအံ​ရောက်​တော့လဲ ဇွဲကပင်​ပေါ် မှုန်အီမဲ မသဲကွဲ
ခနကြာရင် မိုး​တွေရွာ​တော့မယ်
ဂျွန် ၂၆

လူသားအနုပညာအခုခေတ်ကြီးက လူတွေက AI ကို လုပ်ကြတယ်။AI က လူတွေကို AI ဖြစ်အောင် ပြန်လုပ်နေတဲ့ ခေတ်( မကြာမီ ပိုဆိုးမယ်)ဒီလိုခေ...
22/06/2023

လူသားအနုပညာ

အခုခေတ်ကြီးက လူတွေက AI ကို လုပ်ကြတယ်။
AI က လူတွေကို AI ဖြစ်အောင်
ပြန်လုပ်နေတဲ့ ခေတ်( မကြာမီ ပိုဆိုးမယ်)

ဒီလိုခေတ်ထဲမှာ လူသားအနုပညာရှင်စစ်စစ်ရဲ့ ပန်းချီကားတွေကို စျေးကောင်းပေးဝယ်ပြီး အမြတ်တနိုး စုဆောင်းကြတာ ဘာဆန်းလို့လဲ။
(တချို့စီးပွားရေးသမားတွေကတော့ စီးပွားရေးအရ ဝယ်ကြတာ၊ မြတ်နိုးတာတွေ ဘာ​တွေ​ညာ​တွေ​ကြောင့်မဟုတ်)

အနုပညာ၊ အတတ်ပညာ၊ ဘဝအတွေ့အကြုံတွေနဲ့ ပန်းချီဆရာတယောက်ဟာ
လောကကြီးနဲ့ သူ့ခံစားချက်တွေ၊ သူယုံကြည်တာတွေကို သူ့လက်နဲ့ ရေးဆွဲထားတဲ့ ပန်းချီကားတွေကို ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့တော့ မရပါဘူး။

ပန်းချီတကားကို ခံစားမိဖို့လိုသလို
ပန်းချီဆရာနဲ့ သူ့အနုပညာဆီကလဲ သင်ယူနိုင်ဖို့လိုသေးတာ။
ဒါမှသာ လူသားတဦးအနေနဲ့ ကမ္ဘာကြီးနဲ့ အကျွမ်းတဝင်ဖြစ်လာမှာ မဟုတ်ဘူးလား။

( အောက်က ပုံကတော့ ပန်းချီ ငြိမ်းချမ်းဆုပါ။ဖေဖော်ဝါရီလတုန်းက သူ့အမှတ်တရလုပ်ကြတဲ့ ပြပွဲတခုက ရိုက်လာတာ။ မိုက်တယ်​နော်။ ညှို့​နေတာပဲ)

မာလာရှမ်းကောလား ကြက်သားဘူးသီးလားငွေချမ်းသာလေလေ စိတ်ချမ်းသာလေလေဆိုတဲ့ အယူအဆက အဲလောက်မရိုးရှင်းပါဘူးတဲ့။ စာအုပ်ထဲမှာ ပါတာပ...
21/06/2023

မာလာရှမ်းကောလား ကြက်သားဘူးသီးလား

ငွေချမ်းသာလေလေ စိတ်ချမ်းသာလေလေဆိုတဲ့ အယူအဆက အဲလောက်မရိုးရှင်းပါဘူးတဲ့။ စာအုပ်ထဲမှာ ပါတာပါ။

စာရေးသူက ဆက်ပြောတယ်။ လူတယောက်ရဲ့ စိတ်ချမ်းသာမှုဟာ အဲဒိလူရဲ့ လူမှုရေး၊ လူ့ကျင့်ဝတ်၊ ဘာသာရေးအတွေးအမြင်တွေနဲ့ ဆက်နွယ်နေတယ်။ ဒါ့ကြောင့် မျက်မှောက်ခေတ်လူချမ်းသာတွေက အစစအရာရာ ပြည့်စုံကြပေမယ့် အထီးကျန်ခြင်းနဲ့ ဘဝအဓိပါယ်မဲ့မှုကြောင့် စိတ်ဆင်းရဲကြရသတဲ့။

အစစ အရာရာ မပြည့်စုံတဲ့ ကျမတို့ရဲ့ ဘိုးဘေးတွေကတော့ စိတ်ချမ်းသာကြသတဲ့တော့။

ဘာလို့ဆို ကျမတို့ဘိုးဘေးတွေဟာ လူ့အသိုင်းအဝိုင်း၊ ဘာသာရေးယုံကြည်မှု၊ သဘာဝနဲ့ သဟဇာတဖြစ်အောင်နေထိုင်နိုင်ခဲ့လို့ စိတ်ချမ်းသာရတာတဲ့။ အဲဒါတော့ မယုံလို့မရဘူး။

ဘူးသီးလေးကို မြေအိုးလေးနဲ့တည်။
ငါးပိလေးလက်တဆစ်လောက်ထည့်။
သားသမီး၊ မြေးတွေ တပြုံကြီးနဲ့ နေခဲ့ရတဲ့ ကျမအဘိုး ကျန်းကျန်းမာမာနဲ့ အသက်တစ်ရာနီးပါးနေတာ။
ပြီးခဲ့တဲ့ ကိုဗစ်ကာလကမှ ဆုံးသွားခဲ့ရတာ။
သူက မာလာရှမ်းကော သောင်းကျော်ပေးပြီးစားတယ်ဆိုတာသိရင် ထူးဆန်းသတ္တဝါလို ကျမကိုကြည့်မှာပဲ။

ရန်ကုန်မြို့ရဲ့ အကောင်းဆုံးမာလာရှမ်းကောကို စားဖူးစတုန်းက ကျမလန့်ဖျန့်သွားတယ်။
အိုး ကောင်းလှချည်လားပေါ့။
ကျမဖြင့် ခေါင်းမဖော်တမ်းစားတော့တာပဲ။ လူကြီးတယောက်တောင် ဒီလောက်ကြိုက်မိရင် ကျမတို့ကလေးတွေ သဲသဲလှုပ်ကြိုက်တာ ဘာဆန်းလဲ။

ဟင်းအနှစ်တွေ၊ အထုံအစပ်တွေ၊ အလွန်အကျွံပြုပြင်ထားတဲ့ အသားလုံးတွေ (နိူင်ငံခြားက တင်သွင်း) အသီးအရွက်တွေ ခေါက်ဆွဲတွေ ရောနှယ်ထားတာ။ မာလာရှမ်းကောဆိုင်တွေက မှိုလိုပေါက်။ စျေးတွေကလဲ သောင်းချီလို့

ဆိုင်ကောင်းရင် အရသာကောင်း၊ စျေးကောင်း
ဆိုင်သင့်ရင် အရသာသင့်၊ စျေးသင့်
ဒါပေမယ့် စျေးသင့်တယ်ဆိုရင်တောင် သောင်းဂဏန်းရှင်းရတာ။

ကျမအဘိုးကတော့ သူ့ခြံထဲက ဘူးသီးဟင်းနဲ့ ကျန်းမာခဲ့တယ်။
ပိုက်ဆံလည်း အများကြီးမကုန်ခဲ့ဘူး။
ပိုက်ဆံတွေပိုရှာဖို့လဲမလိုလို့ စိတ်လဲမဖိစီးခဲ့ဘူးထင်တယ်။

ကျမတို့က ကောင်းသထက်ကောင်းတဲ့ တရားလွန်ပြုပြင်ထားတဲ့အစားအသောက်တွေကို ကြိုက်တယ်။ စားတယ်။
နောက်ဆက်တွဲက ဆီးချိုသွေးတိုးလို ကျန်းမာရေးပြဿနာတွေ
ဒါတွေစားဖို့ ငွေ၊
ရလာတဲ့ရောဂါကုဖို့ ငွေ
အဲဒီငွေတွေ ရှာရတော့ မဆုံးနိုင်သော စိတ်ဖိစီးမှုတွေက ဗလဗွ။

ဘယ်သူလူဖြစ်ရကျိုးနပ်သလဲ ​တွေးမရ​တော့

ကျမတော့ ဒီနေ့ ကြက်ဘူးဟင်းရယ် ငါးပိချက်ပျော်ပျော်လေးရယ်နဲ့ ထမင်းစားလိုက်ပါတယ်။
ကျမ​ဆွေမာသိန်းလွင်ပါ။

က​လောမြို့​လေးသို့ အလည်တ​ခေါက်လာမိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်မှာ အတိဒုက္ခရောက်နေကြချိန်နေပြည်တော်နေ့အပူချိန် ၄၃ ဒီဂရ...
24/05/2023

က​လောမြို့​လေးသို့ အလည်တ​ခေါက်လာ

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်မှာ အတိဒုက္ခရောက်နေကြချိန်
နေပြည်တော်နေ့အပူချိန် ၄၃ ဒီဂရီ
ရန်ကုန်မှာ နေရတာ လောင်မြှိုက်နေတဲ့ မီးဖိုဘေးငုတ်တုတ်ထိုင်နေရသလို

ရာသီဥတုဖောက်ပြန်နေတာ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးနေတာ ကြာပါပြီ။

ဒါ ကမ္ဘာကြီးရင်ဆိုင်နေရတာပါ။

ချမ်းသာတဲ့ နိုင်ငံကြီးတွေမှာ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းအတွက် ပိုလို့တာဝန်ရှိပါတယ်။
သူတို့နိုင်ငံတွေက ပိုပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်တာကိုး။
ဒါပေမယ့် ကမ္ဘာ့ရာသီဥတုအပြောင်းအလဲရဲ့ ထိခိုက်သက်ရောက်မှုဒဏ်ကို ဆင်းရဲတဲ့ နိုင်ငံငယ်လေးတွေက ပိုခံရတယ်။
ငါ့နိုင်ငံဘက် ရာသီဥတုပြောင်းလဲမှုကြီး ကူးမလာအောင်ဆိုပြီး စောင်ခြုံထားလို့မှ မရပဲကိုး။

အဲဒါကိုမြင်သာတဲ့ ဥပမာပေးရရင် ဒီလို ဒီလို
သစ်ခုတ်တဲ့လူတွေကြောင့် တောတွေတောင်တွေ ပြုန်းတီးမယ်။
ရာသီဥတုပိုပူမယ်။
အပူဒဏ်ကို အောက်ခြေက လူတွေပိုခံရမယ်။
ရုန်းကန်စားသောက်ရသူတွေ ပိုခံရမယ်။

ခုတ်တဲ့ လူတွေနဲ့ အပေါင်းအပါတွေကတော့ ပိုအေးချမ်းတဲ့ နိုင်ငံတွေ မြို့တွေမှာ အေးအေးချမ်းချမ်းနေရတယ်။ ရာသီဥတုကို ဝယ်ကြသလိုပေါ့လေ။ ပိုက်ဆံတတ်နိုင်တာကိုး။
ဒါက ဥပမာပေးတာပါ။ ဘယ်သူ့ ဘယ်ဝှာရယ်လို့ လက်ညှိုးထိုးချင်နေတာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ ရက်က ကျမ ကလောကိုရောက်တော့
ကလောမြို့ရဲ့ နေ့အပူချိန်က ပိုတိုးနေတယ်။
ဒေသခံတွေက မေမြို့လိုဖြစ်မှာကြောက်နေတယ်တဲ့။ ကလောမြို့လေး စ ပူ နေပြီ။
ဒေသခံတွေလဲ ရင်ပူနေပြီ။
ပူ ဆို ကလောမှာ အိမ်တွေထပ်တိုးလာတယ်။
မြေအရောင်းအဝယ်တွေပိုများလာတယ်။
ဒါတွေကို ကြည့်ရင် နောက် ၅ နှစ်၊ နောက် ၁၀ နှစ် ဖြစ်လာမယ့် ရာသီဥတုကို ခန့်မှန်းနိုင်တာပါပဲ။

အဓိကကတော့ သစ်ပင်တွေကို မခုတ်ကြဖို့ပါ။
သုခမိန်လှိုင်ရေးထားတဲ့ သီချင်းလေးရှိတယ်။
"ကလောမြို့နဲ့ တူတဲ့အချစ်" တဲ့။
သီချင်းလေးက
'အေးချမ်းလှပတဲ့ကလောမြို့လေးလို သာယာလှပတဲ့အချစ်တွေလိုချင်တယ်' တဲ့။
ကလောမြို့လေးက တကယ့်ကို သာယာလှပမှုနဲ့ ပြည့်စုံအေးချမ်းခဲ့တာပါ။
စိတ်ကူးယဥ်သက်သက်မဟုတ်ပါဘူး။

ဒီလိုသာ သစ်ပင်​တွေသာခုတ်​နေကြမယ်ဆိုရင် ကလောဒေသခံတွေ ရင်ပူမယ်ဆို ပူလောက်တယ်မဟုတ်လား။

ဆွေမာသိန်းလွင်
​မေ ၂၄၊ ၂၀၂၃

လွန်ခဲ့တဲ့ နှစ် ၇ ​သောင်းခန့်က ရရှိတဲ့ ဘာသာစကားစွမ်းရည်သစ်ကို သုံးပြီး အခု​ခေတ်လူ​တွေဟာ နာရီနဲ့ချီ အတင်း​ပြောနိုင်လာကြသတ...
18/02/2023

လွန်ခဲ့တဲ့ နှစ် ၇ ​သောင်းခန့်က ရရှိတဲ့
ဘာသာစကားစွမ်းရည်သစ်ကို သုံးပြီး
အခု​ခေတ်လူ​တွေဟာ နာရီနဲ့ချီ အတင်း​ပြောနိုင်လာကြသတဲ့။
အတင်း​ပြောတာဟာ ဆိုးဝါးတဲ့အကျင့်ဆို​ပေမယ့် လူအချင်းချင်းကြားပူး​ပေါင်း​ဆောင်ရွက်ဖိူ့ မရှိမဖြစ်အ​ရေးပါတယ်လို့ သမိုင်းပညာရှင်​တွေက​ပြောပါတယ်။
ဖုန်း​ပြောတာ
အီး​မေးလ်းပို့တာ
သတင်းဖတ်တာ​တွေကလည်း
တ​ယောက်အ​ကြောင်း တ​ယောက်ဖလှယ်ကြတာပါပဲ။
လူလိမ်တ​ယောက်အ​ကြောင်းကို ကျမက ကျမသူငယ်ချင်းကို ​ပြောလိုက်တဲ့အခါ ကျမသူငယ်ချင်းက ​ဝေး​ဝေးက​ရှောင်မှာ​ပေါ့​လေ။
ဒါဆို အဲ့ဒီလူလိမ်ရန်က​နေ ကျမသူငယ်ချင်းကို ကာကွယ်လိုက်တာ​ပေါ့။
ဘယ်သူက မယုံရဘူး
ဘယ်သူကယုံရတယ် စသဖြင့် အတင်း​ပြောတာက ပိုမိုရင်းနှီးပြီး အဆင့်မြင့်တဲ့ ​ပေါင်းသင်းဆက်ဆံ​ရေးကို တည်​ဆောက်နိုင်ပါသတဲ့ (စာအုပ်ထဲက ဖတ်ရတာ)
ကဲ ရှင်တို့​ရော အချိန်ဘယ်​လောက်​လောက် အတင်း​ပြောကြလဲ။
ဘာ​တွေ​ပြောကြသလဲ😁😁😁

အခုမြင်တွေ့နေရတာကတော့ သရေခေတ္တရာမြို့ဟောင်းထဲက နေဝင်ချိန်ဖြစ်ပါတယ်။၂၀၂၃ ဖေဖော်ဝါရီရဲ့ နေ့တစ်နေ့ အဆုံးသတ်ပုံကို တွေ့နေရတာ...
04/02/2023

အခုမြင်တွေ့နေရတာကတော့ သရေခေတ္တရာမြို့ဟောင်းထဲက နေဝင်ချိန်ဖြစ်ပါတယ်။

၂၀၂၃ ဖေဖော်ဝါရီရဲ့ နေ့တစ်နေ့ အဆုံးသတ်ပုံကို တွေ့နေရတာပါ။

လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော် မြို့ပြနိုင်ငံခေတ်တုန်းက ပျူလူမျိူးတွေဟာ ဒီမြေကြီးပေါ်မှာ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ငြိမ်းချမ်းခဲ့ကြပါသတဲ့။

အခုတော့ သရေခေတ္တရာမြို့ဟောင်းဟာ မျက်စိပသာဒဖြစ်စရာများများ မတွေ့ရှိရပေမယ့်၊ ဦးနှောက်အလုပ်ဖြစ်တဲ့ လေ့လာစရာ တွေးတောဆင်ခြင်စရာတွေ အများကြီးကို ပေးပါတယ်။

ဒီသမိုင်းကြောင်းနဲ့ အခြင်းအရာတွေဟာ ကျမတို့ဘယ်ကလာခဲ့တယ်ဆိုတာကို ပြသနေပါတယ်။

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ မျက်စိလည်လမ်းမှားစရာတွေက အများသားမဟုတ်လား။

ကျမတို့ ဘယ်ကလာသလဲ သိပြီးမှ၊ ဘယ်ဆက်သွားရမလဲ သိနိုင်မှာ။

သရေခေတ္တရာသမိုင်းဟာ ကမ္ဘာ့အလယ်မှာ ကျမတို့ ဘယ်လိုရှင်သန်နေထိုင်သင့်လဲဆိုတဲ့ တွေးဆချက်တချို့ကို ပေးပါလိမ့်မယ်။

02/03/2022

ကာကွယ်ဆေးဗူးလေးရဲ့ခရီးစဉ် . . .

12/02/2022

အခု စတုတ္ထလှိုင်း ရောက်နေပါပြီ …
ဒီအချိန်မှာ အရေးအကြီးဆုံးက ကာကွယ်ဆေး မြန်မြန်ဆန်ဆန် ရရှိဖို့ပါပဲ …

30/01/2022

အာဏာမသိမ်းခင် ​​နောက်ဆုံးအင်တာဗျူး

အာဏာသိမ်းမှာလား
​ခေါင်း​ဆောင်​တွေကြား ညှိုနိုင်မလား
ဆက်ဖြစ်မယ့် အလားအလာ​တွေ​အ​ကြောင်း
​ဆွေး​နွေးကြတယ်။

​နောက် ၃ ရက်အကြာ တပ်က တကယ်အာဏာသိမ်းခဲ့ပါတယ်။
အဲဒီမှာ ဆရာတင်​မောင်သန်း​ပြောခဲ့တယ်။
အာဏာသိမ်းခဲ့ရင်
အကုန်ဆုံးရှူံးရမယ့်ပွဲ တဲ့

https://fb.watch/aRMWpuihtL/

တိတ်ဆိတ်ခြင်းတွေအကြောင်းပြောကြတော့ ကချင်ပြည်နယ်ခရီးစဉ်လေးကို ပြန်သတိရမိတယ်။ အခုတင်တဲ့ပုံက ကချင်ပြည်နယ်မိုင်ဂျာယန်ကို သတင...
10/12/2021

တိတ်ဆိတ်ခြင်းတွေအကြောင်းပြောကြတော့
ကချင်ပြည်နယ်ခရီးစဉ်လေးကို ပြန်သတိရမိတယ်။
အခုတင်တဲ့ပုံက ကချင်ပြည်နယ်မိုင်ဂျာယန်ကို သတင်းသွားယူတုန်းက သတင်းထောက်သူငယ်ချင်းရိုက်ပေးထားတာ။
ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေကို တွေ့ခဲ့ပြီး ရန်ကုန်ပြန်ရောက်တော့
၁ ပတ်ကျော်လောက် လူတွေကို စကားမပြောတော့ဘူး။
အသက်သာရှိပြီး ဘဝသေနေတာတွေကို မြင်ကြားခံစားပြီးနောက်မှာ
တော်တော်မေ့လို့မရဘဲ တစ်ယောက်ထဲ တိတ်ဆိတ်နေခဲ့ဖူးတယ်။

ဒီလိုဘဝတွေကို ဘယ်လိုစကားလုံးနဲ့ ဖော်ပြရမလဲ။
ဘယ်လိုအပြုအမူနဲ့ ဖော်ပြရမလဲ။
စဉ်းစားမရတဲ့အခါ တိတ်ဆိတ်ကြေကွဲနေရတာ သက်သာသလိုပါပဲ။

အခုတော့လဲ ကိုယ်ကိုယ်တိုင်ဘဝသေ​နေရပြီ။
တိတ်ဆိတ်ကြေကွဲမှုတွေက
နေ့စဉ်အတောမသတ်တော့ဘူး။
ကိုယ့်တိုင်းပြည်တခုလုံးအသုဘအိမ်လိုဖြစ်နေတော့
စကားလုံး​တွေထုတ်ပီး ခံစားမှုတွေအ​ကြောင်းကို စိတ်ရှည်ရှည်ပြောဆိုမနေဘဲ
တကိုယ်ရည်နေသာသလိုဖြတ်သန်းနေရတဲ့ နေ့ရက်တွေပါပဲ။
ဟိုဘက်လေးလှည့်လိုက် ဒီဘက်လေးလှည့်လိုက် နာကျင်မှုတွေကို စုပ်တသပ်သပ်လုပ် ညည်းတွားရင်း ဖြတ်သန်းရတာပါပဲ။
ဒဏ်ရာတွေနဲ့ ကျင့်သားရနေပြီ။
ဇော်ဝင်းထွဋ်ရဲ့ 'ဒဏ်ရာရထား'သီချင်းထဲကလိုပေါ့။

စာသားက
"ယုံကြည်နေတာတွေ ဒီကမ္ဘာမှာ ပြိုကျတော့ ရင်ထဲထိချက်ကပြင်းလွန်း
မှန်တယ်ထင်တာတွေ ဒီနေရာမှာ အကုန်မှားတော့
ငါ့အသည်းလည်း အလွမ်းဒဏ်ရာတွေပို" တဲ့

ကုစားချိန်မရဘူး။
ဒဏ်ရာတွေက ပိုပိုတိုးလာတယ်။

18/11/2021

အလှဆုံးည

သိပ်မကြာခင်ဖြာကျလာမယ့် လရောင်ကို မြင်ရဖို့ အိမ်ရှေ့ကိုထွက်ကြည့်လိုက်ပါလား။ အဲဒီလရောင်အောက်မှာ ရှင့်စိတ်တွေကြည်နူးငြိမ်းအေးရာရလိမ့်မယ်လို့ ကျမက အတပ်ပြောရဲတယ်။
ကောင်းတဲ့ အာရုံတွေမှာ ရှင့်စိတ်ကို ထပ်ကိုင်းညွှတ်လိုက်မယ်ဆိုရင် ကုသိုလ်စိတ်တွေတောင်ဖြစ်ပေါ်နိုင်ပါတယ်။

01/11/2021

"ဟိတ် လူ​တွေ
ခင်ဗျားတို့ ​သေချာနား​ထောင်ပါ။
ကိုယ့်ကိုယ်ကိုယ်မျိုးသုဥ်း​ပျောက်ကွယ်ရမယ့်လမ်းကို
မ​ရွေးကြပါနဲ့။
​နောက်မကျခင် ကိုယ့်မျိုးစိတ်ကို ကာကွယ်ကြပါ" တဲ့

ဒါဟာ ပညာ​ပေးဗွီဒီယိုလေးထဲက
ဒိုင်နို​ဆောတ​ကောင်ရဲ့ ဒိုင်ယာ​လော့ပါ

27/10/2021

ဒီအကြောင်းအရာတွေကို ကျမက ရှင့်ဆီ အရောက်ပို့ပေးချင်နေတာ …
ရှင်ကရော ဘယ်လိုသဘောရလဲ …

17/10/2021
14/10/2021

ရှင်တို့ဆီကို ကျမပို့ပေးချင်တဲ့ အရာတွေ ရှိပါတယ်
ကျမ ဆွေမာသိန်းလွင်ပါ …

ကမ္ဘာကြီးက အတိမ်းအစောင်းမခံတော့ဘူးတစ်နေ့မနက်က အိပ်ရာနိုးတော့ ကျမသူငယ်ချင်း က လှမ်းပြောတယ်။ “အစ်မရေ  နာရီပိုင်းလေး ဖေ့ဘုတ...
07/10/2021

ကမ္ဘာကြီးက အတိမ်းအစောင်းမခံတော့ဘူး

တစ်နေ့မနက်က အိပ်ရာနိုးတော့ ကျမသူငယ်ချင်း က လှမ်းပြောတယ်။

“အစ်မရေ နာရီပိုင်းလေး ဖေ့ဘုတ်သုံးမရတော့တာ ဇူကာဘတ်အိတ်ထဲက ငွေတွေထွက်သွားပြီ။ ဖေ့ဘုတ်ရဲ့ရှယ်ယာစျေးတွေထိုးကျကုန်ပြီတဲ့။ ကမ္ဘာကြီးက အတိမ်းအစောင်းမခံတော့ဘူးနော်” တဲ့။

သူပြောချင်တာက ညတုန်းက တကမ္ဘာလုံး ဘယ်နေရာမှ ဖေ့ဘုတ်သုံးမရတော့ဘူး။ အဲ့အချိန်နာရီပိုင်းလေးမှာ ဖေ့စ်ဘုတ်ရဲ့ ရှယ်ယာစျေးတွေထိုးကျပြီး ဒေါ်လာဘီလျံနဲ့ချီ ဆုံးရှုံးခဲ့တာကိုရည်ညွှန်းနေတာ။ ဖေ့စ်ဘုတ်အဲလိုဖြစ်နေတဲ့အချိန် သုံးစွဲသူတွေက တခြားအသုံးပြုလို့ရတဲ့ ဆစ်ဂနယ်နဲ့ တယ်လီဂရမ်လို လူမှုမီဒီယာတွေကို ဒေါင်းလုပ်ဆွဲအသုံးပြုကြသတဲ့။ ဖေ့ဘုတ်ဟာ ၆ နာရီလောက်ပဲ ပြတ်တောက်ခဲ့တာပါ။ ဒါပေမယ့်လည်း ကမ္ဘာကြီးက စောင့်မနေပါဘူး။ နွေးပြောသလို အတိမ်းအစောင်းမခံဘူးဆိုပါတော့။

တကယ်တော့ ကမ္ဘာကြီးက အတိမ်းအစောင်းမခံတာမဟုတ်ပါဘူး။ ဘယ်သူ့ဘယ်သူမှ အတိမ်းအစောင်းမခံတာပါ။ ရင်ဘတ်ထဲ မေတ္တာဓာတ်တွေနည်းတော့ စိတ်မရှည် သီးမခံနိုင်တဲ့ဒေါသတွေများလာတာပေါ့။ ရောင့်ရဲစိတ်မရှိတော့ လောဘစိတ်ကပိုထူလာတာပေါ့။ လောဘဒေါသများတဲ့ လူသားတွေပဲ ဘယ်သူ့ဘယ်သူမှ အတိမ်းအစောင်းမခံတာ ဆန်းလား။

ဒီလိုအတိမ်းအစောင်းမခံတဲ့ ကမ္ဘာကြီးမှာ ကျမတို့ နိုင်ငံက ဘဝတွေက အစကထဲက အတိမ်းအစောင်းမခံတာ။ တစ်လဝင်ငွေနဲ့ တစ်လအသုံးစရိတ်အကိုက်၊ တနေ့ကိုဘယ်လောက်သုံးမယ်လို့သတ်မှတ်ထားတဲ့နေ့ရက်တွေမှာ လမ်းသွားရင်းဖိနပ်ပြတ်သွားတာပဲဖြစ်ဖြစ်၊ ဖယ်ရီမမီလို့ တက်စီငှားစီးလိုက်ရတာပဲဖြစ်ဖြစ်၊ သာရေးနာရေးတခုခုရှိလို့ ငွေကူလိုက်ရတာပဲဖြစ်ဖြစ် မျှော်မှန်းမထားတာ တခုခုဖြစ်လာရင် နောက်လအတွက် အကြွေးကတင်သွားတော့တာပဲ။ ဒါက ငွေကြေးအတိမ်းအစောင်းလေးပဲရှိသေးတာနော်။ ရေရှည်သက်ရောက်မှုတွေဖြစ်ပေါ်လာမယ့် ကျန်းမာရေး၊ပညာရေး လူမှုရေးအတိမ်းအစောင်းတွေများဖြစ်လာပြီဆို စဉ်းစားကြည့်။

ကဲ အတိမ်းအစောင်းမခံတဲ့ကမ္ဘာကြီးထဲက တိမ်းစောင်းသွားရတဲ့ ဘဝတွေအကြောင်းများပြောပြရင် အိပ်လို့တောင်ပျော်မှာမဟုတ်ဘူး။

​ဆွေမာသိန်းလွင်
​အောက်တိုဘာ ၇၊ ၂၀၂၁

06/10/2021

အောက်တိုဘာရဲ့ အငွေ့အသက်မှာ......

ပုံမှန်နှစ်တွေမှာဆိုရင်တော့ အောက်တိုဘာရဲ့ ညနေခင်းတွေမှာ ကြည်နူးစရာ အငွေ့အသက်တခုခုကို ရတတ်ပါတယ်။

ရာသီအရ မိုးကနေ ဆောင်းကို ကူးပြောင်းနေတဲ့အချိန်
ကောင်းကင်က ကြည်စင်လင်းလက်လို့
အေးစိမ့်စိမ့်အရသာ​လေးကို စတင်ခံစားရပြီ။
ဝါလကင်းလွတ် သီတင်းကျွတ်ပြီ။
လူကြီးမိဘတွေကို ကန်တော့ကြမယ်။
ချစ်သူရည်းစားတွေ အတူတူပေါင်းဖက်ခွင့်ရမယ်။
ပျှော်ရွှင်စရာ မီးထွန်းပွဲတော်လည်း ရှိတယ်။

ဒါပေမယ့်လည်း ဒီနှစ်ကတော့ ဒီရာသီရဲ့ ကြည်နူးစရာအငွေ့အသက်၊
မိုးသားမဲမဲတွေလွှင့်စင်လို့ ပေါ့ပါး လွတ်လပ်သွားတဲ့ ခံစားမှုကို ရဖို့မလွယ်ကြပါဘူး။
သီတင်းကျွတ်ကန်တော့ရမယ့် မိဘဘိုးဘွားတွေအ​တော်များများ ကပ်ရောဂါမုန်တိုင်းထဲပါဝင်ခဲ့ရပြီ။
တချို့ကန်တော့ခံမယ့်မိဘတွေကလည်း သားသမီးတွေကိုမျှော်လို့၊
တချို့ကလည်း ပြန်မတွေ့နိုင်တော့တဲ့ ကလေးတွေကို လွမ်းလို့ တမ်းတလို့ပေါ့။
အောက်တိုဘာရဲ့ အငွေ့အသက်မှာ ရတက်မအေးစရာတွေနဲ့ ပြည့်လို့။

ပူစပ်စပ်ရာသီဥတုအောက်မှာ
အသက်ကိုဝဝရှု၊
လှနေတဲ့ ကောင်းကင်ကို မော့ကြည့်နိုင်သေးတာကပဲ
ကံကောင်းနေသေးတာပဲလို့ မှတ်ယူနေရပါတယ်။

​ဆွေမာသိန်းလွင်
​အောက်တိုဘာ ၆၊ ၂၀၂၁

ဒေါက်တာ​ရေနှလုံးသားအတွက် ထုံ​ဆေး​ပေးပါ ​ဒေါက်တာခန္ဓာကိုယ်အစိတ်အပိုင်း​တွေကို ခွဲစိတ်တဲ့အခါ နာကျင်မှုမခံစားရ​အောင် လုပ်တဲ...
03/10/2021

ဒေါက်တာ​ရေ

နှလုံးသားအတွက်
ထုံ​ဆေး​ပေးပါ ​ဒေါက်တာ

ခန္ဓာကိုယ်အစိတ်အပိုင်း​တွေကို ခွဲစိတ်တဲ့အခါ
နာကျင်မှုမခံစားရ​အောင် လုပ်တဲ့​ဆေးမျိူး​လေ။
စိတ်နှလုံးကို နာ​ကျင်​အောင်လုပ်တဲ့ လူ​တွေကြား
နှလုံးသားအတွက်လည်း ထုံ​ဆေး​လေး လိုပါတယ်။

နှလုံးသားအတွက် ထုံ​ဆေး​ပေးပါ ​ဒေါက်တာ
နှလုံးသားတခုလုံး ထုံကျင်​နေ​အောင်
​ဒေါက်တာ​ရေ
ဆေး​​ပေးပါ

ဘောင်တွေက ဘယ်လောက်ကျဉ်းလိုက်သလဲ ...မိန်းမတစ်ယောက်ဖြစ်တဲ့ ကျမဟာ တစ်သက်လုံး လူ့အဖွဲ့အစည်းရဲ့ ပေးထားချက်ဘောင်တွေနဲ့ နေထိုင်...
01/10/2021

ဘောင်တွေက ဘယ်လောက်ကျဉ်းလိုက်သလဲ ...

မိန်းမတစ်ယောက်ဖြစ်တဲ့ ကျမဟာ တစ်သက်လုံး လူ့အဖွဲ့အစည်းရဲ့ ပေးထားချက်ဘောင်တွေနဲ့ နေထိုင်ရသူပါ။

မှန်ဘောင်လေးနဲ့ ဓာတ်ပုံလေးတွေ နံရံမှာ ချိတ်ထားတာတွေ့ဖူးကြတယ်မဟုတ်လား။

ဒီနေရာမှာ ဥပမာပေးချင်တာက မှန်ဘောင်လေးတွေဆိုတာ ဘဝကပေးထားတဲ့ ပေးထားချက်တွေပေါ့။

ဓာတ်ပုံကတော့ လူသားဖြစ်တည်မှုပါ။

လူသားရဲ့အတ္တမာနနဲ့ တည်ဆောက်ထားတဲ့ ကိုယ့်ကိုယ်ကိုယ်ဖြတ်တောက်မလား၊

ဖြစ်တည်နေတဲ့ ပေးထားချက်ဘောင်ကို ချဲ့ယူမလားဆိုတဲ့ကိစ္စအတွက် ကျမတစ်သက်လုံး စဉ်းစားဆင်ခြင်နေခဲ့ရတာ။

နေ့ရက်တွေက လွယ်တာမဟုတ်ဘူး။

ကဲအခုလည်း စဉ်းစားနေရတဲ့နေ့ရက်တွေမဆုံးနိုင်တော့ဘူး

ဆွေမာသိန်းလွင်ဆိုတဲ့ ဖြစ်တည်မှုကြီးကို ဖြတ်ထုတ်မလား။

နိုင်ငံဆိုတဲ့ ပေးထားချက်ဘောင်ကြီးကို ချဲ့ယူမလား။

တွေးမဆုံးငေးမဆုံးနဲ့

အကျဉ်းအကျပ်နေ့ရက်တွေပါပဲရှင်။

ဘောင်တွေက ဘယ်လောက်ကျဉ်းလိုက်သလဲ ... ။

ရန်ကုန်မြို့ထဲက သူစိမ်းတစ်ယောက်မော်စကိုက သူစိမ်းတစ်ယောက်ဆိုတဲ့ သီချင်းကို  1996 တုန်းက မိုက်ကယ်ဂျက်ဆင် ဖန်တီးခဲ့တယ်။ ကလေ...
27/09/2021

ရန်ကုန်မြို့ထဲက သူစိမ်းတစ်ယောက်

မော်စကိုက သူစိမ်းတစ်ယောက်ဆိုတဲ့ သီချင်းကို 1996 တုန်းက မိုက်ကယ်ဂျက်ဆင် ဖန်တီးခဲ့တယ်။ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ စော်ကားမှုစွဲချက်နဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် မီဒီယာတွေရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေနဲ့ ကြုံခဲ့ရပြီးနောက်ပိုင်း မိုက်ကယ်ဟာ အထီးကျန်ဝမ်းနည်းခံစားရမှုကို ဖော်ပြဖို့ ဖန်တီးခဲ့တာပါ။

‘ငါ့ဘဝနေသာတဲ့နေရက်တွေဝေးကွာပြီး
မိုးရေတွေထဲလမ်းပျောက်နေရတယ်။
တစ်ယောက်ထဲ အထီးကျန်နေရမယ်ဆိုရင် မင်းရောဘယ်လိုခံစားရမှာလဲ။
အခုငါဟာ အထီးကျန်နေတယ် ။
မော်စကိုမြို့ထဲမှာ
ဘာနဲ့မှ မသက်ဆိုင်တဲ့ သူစိမ်းတစ်ယောက်လိုပါပဲ အချစ်ရယ်’

မိုးတွေရွာနေတဲ့ မော်စကိုမြို့ထဲမှာ မိုက်ကယ်ဟာ လမ်းလျှောက်နေတယ်။ ရိုက်ပြသွားတဲ့ ရိုက်ချက်တွေကိုမြင်ရုံ အသံကိုနားထောင်ရုံနဲ့ မိုက်ကယ့်အထီးကျန်အားငယ်မှုကို စာနာလို့ရပါတယ်။

ရန်ကုန်မြို့ထဲမှာလည်းယောင်ချာချာဖြစ်နေတဲ့ သူစိမ်းတစ်ယောက်ရှိပါတယ်။

သွားခဲ့ဖူးတဲ့ နေရာအားလုံးက ကိုယ်နဲ့မသက်ဆိုင်တော့သလို၊

ချစ်ခင်တွယ်တာခဲ့ကြသူတွေက ကိုယ်နဲ့ မသက်ဆိုင်တော့သလို၊

တွေးခေါ်မျှော်မြင်ခဲ့တာတွေက ကိုယ်နဲ့မဆိုင်တော့သလို၊

မျှော်လင့်ခဲ့တာတွေက ကိုယ်နဲ့မဆိုင်တော့သလို၊

သိမ်းဆည်းပွေ့ပိုက်ချင်တာတွေက ကိုယ်နဲ့မဆိုင်တော့သလို

ကိုယ်မပြုမစီမံရပါဘဲ တစ်ပါးသူတို့ပယောဂကြောင့် ဖြစ်တဲ့ အမှုကိစ္စတွေက
ကိုယ့်ကို ဘယ်အရာနဲ့မှ မသက်ဆိုင်စေတော့သလို သူစိမ်းပြင်ပြင်ကြီးဖြစ်သွားစေသတဲ့ ။

ရန်ကုန်စက်တင်ဘာမိုးရေစက်တွေကြား အထီးကျန်ဝမ်းနည်း
သီချင်းထဲမှာ မိုက်ကယ်က
မင်းဘယ်လိုခံစားရသလဲ
မင်းဆိုရင် ဘယ်လိုခံစားရမလဲ လို့ အထပ်ထပ် အထပ်ထပ် အော်ဆိုသလိုသာ မေးလိုက်ချင်တယ်။

မင်းရောဘယ်လိုခံစားနေရလဲ။
ငါက ရန်ကုန်မြို့က သူစိမ်းတစ်ယောက်ပါ။
Stranger in yangon
​ဆွေမာသိန်းလွင်
Sep 27. 2021

နှလုံးသားခိုလှုံခွင့်လူသားဆန်တဲ့ပြကွက်​တွေက ဘယ်​တော့ လာမှာလဲ။​ကောင်းကျိုးလိုလားတဲ့စိတ်​တွေနဲ့ ဘယ်​တော့ပြန်တည်​ဆောက်နိုင်...
26/09/2021

နှလုံးသားခိုလှုံခွင့်

လူသားဆန်တဲ့ပြကွက်​တွေက
ဘယ်​တော့ လာမှာလဲ။
​ကောင်းကျိုးလိုလားတဲ့စိတ်​တွေနဲ့
ဘယ်​တော့ပြန်တည်​ဆောက်နိုင်မလဲ။
ဘယ်​လောက်​တောင့်ခံရမလဲ။
ဆက်ရှင်သန်နိုင်ဖို့ ခဏတာ
ခိုလှုံခွင့်​ပေးပါ။
လူသားဆန်မှုနဲ့ ချစ်ခြင်း​မေတ္တာဆီမှာ
နှလုံးသားခိုလှုံခွင့်​လေး​တော့ ​ငါ့ကိုပေးပါ။

သဲအိမ်ဘဝဆိုတာ သဲအိမ်လေးတွေဆောက်ရသလိုပဲ။  အချိန်တခုရောက်ရင် ပျက်ဆီးသွားကြရတာပဲ။ငယ်ငယ်တုန်းက သဲစိုစိုပေါ်ထိုင် ခြေထောက်တချ...
23/09/2021

သဲအိမ်

ဘဝဆိုတာ သဲအိမ်လေးတွေဆောက်ရသလိုပဲ။
အချိန်တခုရောက်ရင် ပျက်ဆီးသွားကြရတာပဲ။
ငယ်ငယ်တုန်းက သဲစိုစိုပေါ်ထိုင်
ခြေထောက်တချောင်းသဲထဲထိုး
လက်နှစ်ဖက်နဲ့ သဲတွေကိုပုတ်ပုတ်ပြီး
သဲအိမ်ဆောက်တုန်းကပျော်လိုက်တာ။
မနက်ကျ အဲ့အိမ်လေးက မရှိတော့ဘူး။

အဲဒီသဲအိမ်တွေလိုပဲ လူ​တွေဟာ ​ဆောက်ထားတဲ့ဘဝအိမ်​တွေကိုထားခဲ့ပြီး သေဆုံးကွယ်လွန်ကြရတယ်။
တချို့သဲအိမ်တွေမရှိတော့ပေမယ့်လည်း
ကိုယ့်သဲအိမ်ကိုယ် လက်လေးနဲ့ပုတ်ပြီး
ဆောက်နေမိတာ။

ဒါ ဘဝပါပဲ။

16/09/2021

ရှင်သန်ခြင်း

သေကြေပျက်ဆီးမှုတွေ၊အမုန်းတရားတွေကြား
ရှင်သန်ဖို့ကြိုးစားရတာ နေ့စဉ်ဘဝပါပဲ။
ဘဝဖြစ်စဉ်နဲ့ပက်သက်ရင်
လူ့အဖြစ်အ​​နေကို ရလာတာကိုက ရှုံးပြီးသားလို့ တွေးထင်ခဲ့ဖူးသူလေ။
ခန္ဓာဝန်ကိုထမ်းရလို့၊ အတ္တနဲ့လူဖြစ်လာပြီး အစိုးမရခြင်းတွေကိုလက်ခံရလို့၊ လူ့ဘောင်နဲ့ကိုက်ညီအောင်နေရလို့ ရှုံးပြိးသားလို့ တွေးတာပဲ။
ဒီလိုအရှုံးတွေအပြင် ကိုယ်နေထိုင်ရာ ဇာတိနိုင်ငံ​ကြောင့် ဘဝက အရှုံးပေါ်အရှုံးဆင့်နေရပြီ။
ရှုံးတယ်ဆိုပေမယ့်လည်း ဇာတိဆိုတာ ဖြတ်ချခဲ့လို့ မေ့ပစ်ထားလို့ ရမှမရပဲ။

လူတယောက်က သစ်ပင်တစ်ပင်ဖြစ်တယ်ဆိုပါစို့။
ကိုယ်ကြီးပြင်းနေထိုင်ရာဇာတိဟာ အမြစ်ပဲလေ။
ဒါကို ဖြတ်ချလိုက်ရင် ဘယ်လို ဆက်လက်ရှင်သန်နိုင်မှာလဲ။
တစ်ဘဝလုံးညှိုးရော်နေရတော့မှာ…………..

မင်းအိတ်ကပ် ဘယ်လောက်ကြီးသလဲမင်းဘာလဲဆိုတာ မစဉ်းစားပါနဲ့။မင်းဘယ်သူ့အိတ်ထဲရောက်နေသလဲပဲ စဉ်းစားပါ။ ဘာလို့လဲဆိုတော့ ကမ္ဘာကြီး...
17/08/2021

မင်းအိတ်ကပ် ဘယ်လောက်ကြီးသလဲ

မင်းဘာလဲဆိုတာ မစဉ်းစားပါနဲ့။
မင်းဘယ်သူ့အိတ်ထဲရောက်နေသလဲပဲ စဉ်းစားပါ။
ဘာလို့လဲဆိုတော့ ကမ္ဘာကြီးလည်ပတ်နေပုံက ပါဝါနဲ့ ညီမျှတဲ့ အိတ်ကပ်တွေထဲမှာ။

အမေရိကန်ဟာ သူ့အိတ်ကပ်ထဲက အာဖဂန်ကို လွှတ်ချထားခဲ့ပါတယ်၊ ကမ္ဘာကြီးဟာ ပြုတ်ကျသွားတဲ့ အာဖဂန်ကို လက်ပိုက်ကြည့်နေပါတယ်။
အမေရိကန်ဟာ ချိနဲ့နေတဲ့ အာဖဂန်ကိုသူ့အိတ်ကပ်ထဲထည့်ပြီး ထင်သလိုလုပ်ခဲ့တာပဲ။

ကမ္ဘာကြီးလည်ပတ်နေပုံကိုက အင်အားကြီးတဲ့သူက အင်အားသေးတဲ့သူကို လွှမ်းမိုး ထိန်းချုပ်ထားတာ။
အခု အမေရိကန်ဟာ သူ့အိတ်ကပ်ထဲထည့်ထားတဲ့ အာဖဂန်ကိုလွှတ်ချလိုက်တယ်ဆိုတာကို ကာဘူးလ်မြို့က လေဆိပ်မှာ မြင်ရမှာ။

အမေရိကန်တပ်ဆုတ်ခွာသွားတဲ့ အာဖဂန်မှာ အကြမ်းဖက်အဖွဲ့တာလီဘန်တွေဟာ အာဖဂန်ရဲ့မြို့တော် ကာဘူးလ်ကို ဝင်ရောက်သိမ်းပိုက်လိုက်ပါတယ်။ ကာဘူးလ်လေဆိပ်ရဲ့ လေယာဉ်ပြေးလမ်းက ပျံတက်လုဆဲဆဲအမေရိကန်လေယာဉ်ကို အာဖဂန်ဒေသခံတွေ အလုအယက်တွယ်တက်ကြတယ်။ လေယာဉ်ပြေးလမ်းပေါ်က ပျံတက်ပြီး သိပ်မကြာခင်မှာပဲ လေယာဉ်ပေါ်ကနေ လူတွေပြုတ်ကျကုန်တာတွေ့မြင်ရပါတယ်။ ဒါဟာ အမေရိကန်လွှတ်ချခဲ့တဲ့ အာဖဂန်ရဲ့ တုန်လှုပ်စရာမြင်ကွင်းပါ။

အမေရိကန်ဟာ အာဖဂန်ကို ထားခဲ့ပြီး၊ ကမ္ဘာကြီးဟာ အဲဒီ ပြုတ်ကျသွားတဲ့ အာဖဂန်ကို လက်ပိုက်ကြည့်နေရပါတယ်။ အင်အားကြီး နိုင်ငံတွေဟာ ချိနဲ့နဲ့ နိုင်ငံလေးတွေကို သူတို့အိတ်ကပ်ထဲထည့်ပြီး ထင်သလိုလုပ်ခဲ့တာပဲ။ နိုင်ငံတွေလိုပဲ။ လူတွေအချင်းချင်းလည်း အိတ်ကပ်ထဲထည့်ကြတာပဲ။
တချို့လူတွေဟာ လုံခြုံတယ်လို့ယူဆကြတဲ့ အိတ်ကပ်တွေထဲ ခုန်ဝင်ကြတယ်။ ဒါပေမယ့်လည်း အိတ်ကပ်ပိုင်ရှင်က သူလိုချင်တာရဖို့ တချိန်မှာအိတ်ကပ်ထဲထည့်ထားတဲ့ အရာတွေကို ထုတ်သုံးကြတာပဲ။
အကျိုးစီးပွားတွေ တောက်လောင်နေတဲ့ ကမ္ဘာပေါ်မှာ လူဖြစ်နေသရွှေ့ မင်းဟာ မင်းထက် အင်အားကြီးတဲ့ လူ သို့မဟုတ် အဖွဲ့အစည်း သို့မဟုတ် နိုင်ငံတခုခုရဲ့ လွှမ်းမိုးခြယ်လှယ်မှုကိုခံနေရတာပါပဲ။

လူ၊ အဖွဲ့အစည်းနဲ့ နိုင်ငံတွေဟာ ဒီလိုပုံနဲ့ရှင်သန်ကြတာ။ လူတွေနေတဲ့ကမ္ဘာဟာ ဒီလိုလည်ပတ်နေတာပါ။ ဒါက ခါးသီးတဲ့အမှန်တရားပါ။ ဒီအမှန်တရားကို မြင်သာပြီဆိုရင် ငါတို့ဟာ ရွေးစရာ နှစ်မျိုးပဲရှိတယ်။

၁။ အိတ်ကပ်ပိုင်ရှင်တွေက ငါတို့ကိုမရွေးခင် ငါတို့ကအရင်ရွေးပါ။

၂။ မင်းအိတ်ကပ်ကိုလည်း ကြီးအောင်လုပ်ပါ။

ဒါမှသာ ကမ္ဘာမှာ ကောင်းကောင်းကန်းကန်း အသက်ရှင်နိုင်မှာ။

ပန်းခင်းလမ်းကို ဘယ်သူကြာကြာလျှောက်နိုင်မှာလဲမြန်မာပြည်မှာ ဗိုင်းရပ်စ်ကြောင့် ဒုက္ခပင်လယ်ဝေနေချိန်အသက် (၅၀)ကျော် ဂျေလိုက ...
06/08/2021

ပန်းခင်းလမ်းကို ဘယ်သူကြာကြာလျှောက်နိုင်မှာလဲ

မြန်မာပြည်မှာ ဗိုင်းရပ်စ်ကြောင့် ဒုက္ခပင်လယ်ဝေနေချိန်
အသက် (၅၀)ကျော် ဂျေလိုက ဘင်အဲဖလက်နဲ့ အီတလီမှာ ဟန်နီးမွန်းခရီးထွက်နေတယ်။
ကိုယ်နဲ့ ရွယ်တူ လေဒီဂါဂါကတော့ ဒေါက်ဖိနပ်တစ်တောင်လောက်နဲ့ နယူးယောက်မှာ လမ်းသလားနေတာပဲ.။ နှာခေါင်းစည်းတွေလဲမပါကြဘူး။ သူတို့က အကုန် ကာကွယ်ဆေးရထားလို့ နှာခေါင်းစည်းတောင်မလိုဘူးပြောတာပဲ။ အဲဒီနိုင်ငံနှစ်ခုလုံးက ဗိုင်းရပ်စ်ပထမလှိုင်း၊ ဒုတိယလှိုင်းတွေမှာ သေဆုံးမှုအမြင့်ဆုံး၊ ကူးစက်မှုအမြင့်ဆုံးတွေဖြစ်ခဲ့တဲ့ နိုင်ငံတွေ။ အခုတော့ နှာခေါင်းစည်းတောင် သိပ်မတပ်ကြတော့ဘူး။

ကျမတို့ဆီတော့ ဂျူလိုင်နေ့ရက်တွေတုန်းက တတိယလှိုင်းဒဏ်ကြောင့် နေ့တိုင်းကူကယ်ရာမဲ့ မျက်ရည်နဲ့ မျက်ခွက်။
ဆေးပညာရှင်တွေကတော့ ဂျေလိုတို့ ဂါဂါတို့လို တိုင်းပြည်ကလူတွေကို ပန်းခင်းလမ်းလျောက်ရသူတွေလို့ တင်စားကြတယ်။
ကျမတို့လို လူဆင်းရဲနိုင်ငံက လူတွေကတော့ ဆူးခင်းလမ်းလျောက်နေရတာပေါ့။

ဝူဟန်မှာ ၂၀၁၉၊ ဒီဇင်ဘာမှာ ဗိုင်းရပ်စ် စချိန်ကနေ အခုချိန်ထိ ဒီဗိုင်းရပ်စ်ဟာ မျိုးကွဲတွေအမျိုးမျိုး ပြောင်းပြီး လူသားကိုတိုက်ခိုက်နေတုန်းပါပဲ။ တရုတ်နိုင်ငံက စတဲ့ ဗိုင်းရပ်စ်ဟာ ကမ္ဘာပတ်ဒုက္ခပေးလိုက်တာ အခုထိအတောမသတ်သေးဘူး။ အခုလတ်တလော မြန်မာပြည်ကိုတိုက်ခိုက်တာ အိန္ဒိယကလာတဲ့ မျိုးကွဲပါ။
ဟော အဲဒီမျိုးကွဲကပဲ အမေရိကန်က ကကာကွယ်ဆေးမရသေးသူတွေဆီကို ကူးစက်မှုများလာသတဲ့။
တနေ့တုန်းက ပါကစ္စတန်မှာတွေ့တဲ့ နောက်မျိုးကွဲတခုက ကာကွယ်ဆေးတောင်မတိုးတဲ့ အက်ပ်စလွန် မျိုးကွဲသစ်တဲ့ ။ ပိုလန်မှာလဲ နောက်မျိုးကွဲတခု ထပ်တွေ့ရသတဲ့။ ကဲ လူသားများ မျက်လုံးပြူး အမောဆို့ရပြီ။

တနေ့ကဥရောပက သူငယ်ချင်းကတော့ သူတို့ကာကွယ်ဆေး တတိယအကြိမ်ထိုးရတော့မယ်တဲ့။ မင်းတို့ရောတဲ့ ။ အဲ ငါကတော့ ဗိုင်းရပ်စ်ဖြစ်ပြီး အခုမှ နလန်ထ။ အမောမခံနိုင်လို့ လူက လှုပ်လီလှုပ်လဲ့ပဲလို့ ဆိုတော့ ကာကွယ်ဆေးလေးရအောင်ထိုးထားတဲ့ ဖြစ်ရင်တောင် အရမ်းမခံရဘူးတဲ့။

သူ့ကိုတော့ ပြန်မပြောပေမယ့် စိတ်ထဲကတော့ ရေရွတ်မိတယ်။ ကာကွယ်ဆေးတော့မပြောနဲ့ ဒီကိုဂျင်တောင်မလွယ်ကူတဲ့ ငါတို့တွေ ကာကွယ်ဆေးကို လက်လှမ်းမမှီသမျှ မင်းတို့ လည်း ချောင်မယ်မထင်နဲ့လို့။

ဘာလို့ဆို ……
ငါတို့လို ဆူးခင်းလမ်းလျောက်သူတွေဆီက ဗိုင်းရပ်စ်ပိုးက အသွင်ပြောင်းပြီး မင်းတို့လို ပန်းခင်းလမ်းလျောက်နေသူတွေဆီ ရောက်နိုင်တာမို့လို့ပဲလေ။

အခုပဲ ပါကစ္စတန်မှာတွေ့တဲ့ ကာကွယ်ဆေးမတိုးဘူးဆိုတဲ့ မျိုးကွဲသာမထိန်းနိုင်မသိမ်းနိုင်ဖြစ်ကြည့်ပါလား။ အချိန်မီမအုပ်နိုင်ကြည့်ပါလား။ ဘယ်လိုတွေ ကသောင်းကနင်းဖြစ်မလဲ တွေးကြည့်အုံး။

အိန္ဒိယမှာ ဒယ်တာမျိုးကွဲ ဖြစ်သလို လူတွေအများကြီးကူး၊ ဖြစ်တဲ့အချိန်ကကြာ၊ ပိုးက လူ့ခန္ဓာကိုယ်ထဲ ရှင်သန်ဖို့ ကြိုးစား၊ အဲလိုနဲ့ ဒယ်တာဆိုပြီး မျိုးကွဲလာရာက မြန်မာပြည်ဆီရောက်လာ။ လေမုန်တိုင်းကျသလိုပဲ။ ကျမတို့ရဲ့မိဘဆွေမျိုးတွေ ချစ်ရသူတွေ လေမုန်တိုင်းထဲ လွှင့်ပါ၊ ကြွေကုန်ရတာလေ။

အိန္ဒိယဖြစ်တာ ငါတို့နဲ့ မဆိုင်သလိုနေကြရင်း၊ ကာကွယ်ရေး ပေါ့ဆရင်း၊ ကုသမှုလုံးဝမလုပ်နိုင်ရင်း ၊ အသေတွေများကြရတာမဟုတ်ဘူးလား။

ကဲ ကမ္ဘာ့လူသားများ ဘယ့်နယ်လုပ်မှာတုန်း ။
သတိထားပါ။
ဗိုင်းရပ်စ်က လူသားကိုတိုက်ခိုက်တဲ့စစ်ပွဲပါ။
ငါရပြီးရော
ငါအဆင်ပြေပြီးရော
ငါ့မဖြစ်ပြီးရော လုပ်လို့မရပါဘူး။
အကုန်လုံး လက်လှမ်းမမီသရွေ့၊ ကာကွယ်ဆေးနဲ့ ကမ္ဘာကိုမလွှမ်းခြုံမိသရွေ့ ပန်းခင်းလမ်းကို ဘယ်သူကြာကြာလျှောက်နိုင်မှာလဲ။

​ဆွေမာသိန်းလွင်
6 Aug 2021

ဗိုင်းရပ်(စ်)ဆင်ခြင်ဉာဏ်ရင့်သန်စေလိုသူ (သို့မဟုတ်) ဒေါက်တာအောင်ကြီးဗိုင်းရပ်စ်နဲ့ လူသားတွေရဲ့ တိုက်ပွဲမှာ ဆရာဝန်နဲ့ ကျန်...
03/08/2021

ဗိုင်းရပ်(စ်)ဆင်ခြင်ဉာဏ်ရင့်သန်စေလိုသူ (သို့မဟုတ်) ဒေါက်တာအောင်ကြီး

ဗိုင်းရပ်စ်နဲ့ လူသားတွေရဲ့ တိုက်ပွဲမှာ
ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို
ရှေ့တန်းစစ်မြေပြင်က စစ်သူကြီးတွေလို့
သုံးနှုန်းပါတယ်။
ကာကွယ်ရေးနဲ့ ကုသရေးမှာ ရှေ့တန်းက တိုက်ပွဲဝင်ကြသူတွေပါ။
အဲ့ဒီထဲကထူးခြားသူက မြန်မာ့ဆေးပညာရှင် ဒေါက်တာအောင်ကြီးပါ။
သူကတော့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ဒီအနတ္တဗိုင်းရပ်စ်ကြီးကိုရင်ဆိုင်နိုင်မယ့် ဗိုင်းရပ်စ်ဆင်ခြင်ဉာဏ်ကိုပေးပါတယ်။

“ကိုဗစ်ကာလအတွင်း ချစ်ခြင်းအားဖြင့်” တဲ့။
ဒီစာအုပ်ဟာ ကပ်ကာလကို ရင်ဆိုင်ရတဲ့
လူတယောက်ရဲ့ဆင်ခြင်ဉာဏ်တွေကို ရင့်သန်စေပြီး၊
နှလုံးသားတွေက ပိုနိုးကြားလာစေတယ်ဆိုတာ
ရှင်တို့ကို ပြောပြချင်တာပါ။

ဖုန်းတစ်လုံးစာ စာအုပ်ထူသေးသေးလေးမှာ ကပ်ရောဂါအပေါ်ထားတဲ့ လူတွေရဲ့သဘောထား၊ ခံယူလိုက်နာပုံတွေ၊ ရင်ဆိုင်ဖြေရှင်းပုံတွေကို စာရေးသူက ရှင်တို့ ကျမတို့ကို မှန်မှန်ကန်ကန်ရစေချင်ပါတယ်။
ဗိုင်းရပ်စ်ဟာ တချို့လူတွေ တွေးသလို အိမ်မက်ဆိုးမဟုတ်ပါဘူး။
တချို့အာဏာပိုင်ပုဂ္ဂိုလ်တွေ ပြောသလို ညအိပ်ရာဝင်ပုံပြင်ထဲက ဆိုးသွမ်းတဲ့ ကျားကြီးမဟုတ်ပါဘူး။
ခနလေးရှိပြီးပျောက်သွားမယ့်အရာမဟုတ်ပါဘူး။

ဗိုင်းရပ်စ်ဟာ မျိုးဗီဇအမျိုးမျိုးပြောင်းလာခဲ့တယ်။ နောက် ထပ်ပြောင်းအုံးမယ်။
လူတွေကို ဒုက္ခပေးဖို့ အချိန်နဲ့အမျှ ချောင်းနေတာပဲ။ ကာကွယ်ဆေးရလည်းပဲ အပြည့်မကာကွယ်နိုင်တာကြောင့် သူနဲ့ လမ်းခွဲလို့ကိုမရနိုင်သေးဘူး။
အခုချိန်မှာ သူနဲ့လမ်းခွဲခြင်းက သေဆုံးခြင်းပဲဖြစ်လိမ့်မယ်။
ကဲ မသေဘူးဆိုရင် ဒါကြီးနဲ့ အတူယှဉ်ပြီးနေထိုင်ရတော့မယ်ဆိုတာ ကျမတို့ နဖူးတွေ့ ဒူးတွေ့သိနေကြရပြီ။
အဲဒီတော့ ကပ်ရောဂါကြီးနဲ့ နေထိုင်ရမယ့် ဘဝအသစ်ကြီးမှာ ဘယ်လိုခံယူကျင့်သုံးနေထိုင်ကြမလဲဆိုတဲ့ ဆင်ခြင်ဉာဏ်ကို ဒီစာအုပ်ကပေးတာပါ။

ဒါ့အပြင်သေခြင်းတရားလက်တကမ်းအလိုကာလမှာ
ဒီလောကဓံကို ရင်ဆိုင်နိုင်မယ့် တရားဓမ္မကိုပါ
သူက ထည့်သွင်းရေးသားထားသေးတယ်။
ရှင်ယူတတ်မယ်ဆို သံသရာခရီးအတွက် အထောက်အကူဖြစ်စေအုံးမှာ။

စာအုပ်ထဲမှာ ချောင်းဆိုးခြင်းကို အနုပညာဆန်ဆန်တင်ပြတာတွေ့ရမယ်။
အရင်က ဂရုမပြုမိတဲ့ ရှင့်ပတ်ဝန်းကျင်ကို
သူက ချစ်လာစေချင်သေးတာ။
အဲလို ရေးတဲ့ အခန်းမှာတော့ စာဖတ်ရင်း ငှက်သံလေးတွေပါ ကြားယောင်လာမယ်။
နောက်ပြီး လက်ရှိပစ္စုပ္ပါန်ကို တည့်တည့်ရှုစေလိုတဲ့အခါ ကဗျာလေးတစ်ပုဒ်နဲ့ ရှင့်ကိုဆုံးမမယ်။
ဒေါ်နယ်ထရန့်လို ခေါင်းဆောင်မျိုးကို ညစ်ကျယ်ကျယ်တဲ့ ကလေးဆိုးကြီးအသွင်နဲ့ တွေ့ရမယ်။
ကွာရင်တင်းတို့၊ လော့ဒေါင်းတို့ဆိုတဲ့
အစပိုင်း ရှုပ်ထွေးတဲ့ အင်္ဂလိပ်အခေါ်အဝေါ်တွေကျရင်တော့
မြန်မာ့အငွေ့အသက်ကိုပေါ်လွင်အောင် မြန်မာမှုပြုထားတဲ့ စကားလုံးလေးတွေကို ရှင်တွေ့ရမှာ။ အဲ့ဒီစကားလုံးလေးတွေကို စွဲနေတော့မှာ။

အို ဒါက အမြည်းလေးပဲပေးရသေးတာ။
တကယ်ဖတ်ပြီးရင် ရှင်တို့ထပ်ထပ်ဖတ်ချင်မှာ။
အဲဒီစာအုပ်ကို ကျမဖတ်တာ ၃ ခါရှိပြီ။
ဒီစာအုပ်ကို ရှင်တို့ဖတ်မိခဲ့ပြီး ဒေါက်တာအောင်ကြီးကိုကျေးဇူးတင်မိရင်
ဆွေမာ့ရဲ့ မျှဝေလိုတဲ့ ချစ်မေတ္တာကိုလဲ မမေ့ရဘူးနော်။

ဆွေမာသိန်းလွင်
3 Aug 2021

11/02/2021

မျှော်လင့်ချက်တွေနဲ့ လူငယ်မျိုးဆက် ...

10/02/2021

ကျမအလုပ်လုပ်တဲ့ One News Myanmar သတင်းဌာနရဲ့ သတင်းထုတ်လွှင့်တင်ဆက်မှုတွေ အာဏာသိမ်းမှုနဲ့အတူ ရပ်ဆိုင်းခံထားရပါတယ်။ တပ်မတော်က အာဏာသိမ်းလိုက်ပြီး နောက်တစ်ရက်ကစလို့ အလုပ်မလုပ်ရတော့တာ ဒီနေ့နဲ့ဆို ၁၀ ရက်ရှိခဲ့ပါပြီ။

ကျမတို့ တစ်တိုင်းပြည်လုံးကံဆိုးမိုးမှောင်ကျခဲ့ရတာပါ။
ဒီလိုအချိန်မှာ တိကျမှန်ကန်တဲ့သတင်းတွေကို တင်ဆက်ခွင့်မရတဲ့ကျမအဖို့ ပိုလို့တောင် နာကျင်ခံစားရပါတယ်။ သတင်းသမားတယောက်ရဲ့တာဝန်မကျေမှုအတွက် တောင်းပန်ပါတယ်။
လမ်းထွက်လို့ One News ပရိတ်သတ်တွေနဲ့တွေ့ရင် မေးကြတယ်။ ဘာဖြစ်နေလို့သတင်း​တွေ မလုပ်တာလဲမေးရင် ကျမက ဝမ်းနည်းစွာအသိပေးရပါတယ်။
သတင်းထုတ်လွှင့်မှုတွေကို အာဏာသိမ်းမှုနဲ့အတူ ရပ်ဆိုင်းခံရ​ေြကာင်း၊
One News Myanmar ဖေ့ဘုတ်ကနေလည်း သတင်းထုတ်လွှင့်ခွင့်မရကြောင်း ကိုပါ။
ပြောရရင်တော့ One News Myanmarသတင်းအဖွဲ့တခုလုံးရဲ့ သတင်းထုတ်လွှင့်တင်ဆက်မှုတွေကို ထိန်းသိမ်းခံရတာပါ။

မမျှတမှု၊ မတရားမှု၊ နိုင်လိုမင်းထက်ပြုကျင့်မှုတွေကို အသွေးအသားထဲက ခါးသီးမုန်းတီးပါတယ်။

ဒီအခြေအနေကို ရတဲ့နည်းနဲ့ အာခံမှာပါ။ ဒီနေ့ကစပြီး ကိုယ်ပိုင်ဖေ့ဘုတ်စာမျက်နှာကနေ သတင်းတွေကို ထုတ်လွှင့်ပေးမယ့်အကြောင်း အသိပေးပါရစေရှင့်။

ကျမဆွေမာသိန်းလွင်ပါ။

Address


Website

Alerts

Be the first to know and let us send you an email when This is Swe Mar Thein Lwin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to This is Swe Mar Thein Lwin:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share