The Phadu Times

  • Home
  • The Phadu Times

The Phadu Times PHADUTIMES

ရက္ခိုင်ပြည် မြို့နယ် ၇ ခုကို မုန်တိုင်းအန္တရာယ် အနီရောင်အဆင့်ဒေသများအဖြစ်သတိပီးထုတ်ပြန်မေ ၁၂ / ၂၀၂၃ရက္ခိုင်ပြည် မြို့နယ...
12/05/2023

ရက္ခိုင်ပြည် မြို့နယ် ၇ ခုကို မုန်တိုင်းအန္တရာယ် အနီရောင်အဆင့်ဒေသများအဖြစ်သတိပီးထုတ်ပြန်

မေ ၁၂ / ၂၀၂၃

ရက္ခိုင်ပြည် မြို့နယ် ၇ ခုကို မုန်တိုင်းအန္တရာယ်ကျရောက်နိုင်ခြီမြင့်မားသည့်အနီရောင်အဆင့်ဒေသများအဖြစ်အမျိုးသားသဘာဝဖီးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ က ဒေနိ(မေ ၁၂ ရက်နိ)တွင်သတိပီးထုတ် ပြန်သည်။

အနီရောင်အဆင့်ဒေသများအဖြစ်သတိပီးထုတ်ပြန်သည့် မြို့နယ်များမှာ စစ် တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ ပေါက် တော၊ မြေ ပုံနန့် မာန် အောင် မြို့နယ်ရို့ဖြစ်သည်။

အဆိုပါမြို့နယ်များ၌ မုန်တိုင်းဖြတ်သန်းတိုက်ခတ်နိုင်သည့် အခြေအနီ၊ ဖီးအန္တ ရာယ်ကြောင့် ထိခိုက်ခံရနိုင်မှု အခြေအနီများကိုမူတည်ကာ ဖီးအန္တရာယ်ကျရောက်နိုင်ခြီမြင့်မားသည်ဟုလေ့ ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

မိုးလီဝသနန့် ဇလဗေဒ ဦးစီးဌာန(မိုး/ဇလ)၏ ဒေနိညဇာ ၄ နာရီ ထုတ်ပြန် ချက်အရ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း MOCHA သည် စစ်တွေ မြို့၏ တောင်- အနောက်တောင်ဖက် ရီမိုင် ၄၅၀ ခန့်အကွာသို့ ရောက်ဟိလာ ပြီး မေ ၁၄ ရက်နိတွင် အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း MOCHA အဖြစ်ဖြင့် ကျောက်ဖြူမြို့နန့် ဘင်္ဂလားဒေချ်နိုင်ငံ ကော့ဘဇားမြို့ ရို့ကြား စစ် တွေမြို့အနားက ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ဆိုသည်။

မုန်တိုင်းဖြတ်ကျော်ဝင်ရောက်လာဏဉ်အတွင်း အမြင့်ဆုံးလီတိုက်နှုန်းမှာ တနာ ရီလျှင် မိုင် ၉၀ မှ ၁၁၀ ခန့်အထိတိုက်ခတ်နိုင် ကြောင်း မိုး/ဇလ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားချက်အရ သိရသည်။

The Phadu Times
Arakan Princess Media

ရက္ခိုင်ပြည်သူများ သတိပေါ့လျော့မနီကတ်ဖို့ နန့် ရက္ခိုင်ကမ်းရိုးတန်းဒေသနန့် ရီကြီးနိုင်သော နီရာဒေသများတွင် နီထိုင်ကတ်သော ...
10/05/2023

ရက္ခိုင်ပြည်သူများ သတိပေါ့လျော့မနီကတ်ဖို့ နန့် ရက္ခိုင်ကမ်းရိုးတန်းဒေသနန့် ရီကြီးနိုင်သော နီရာဒေသများတွင် နီထိုင်ကတ်သော မိဖပြည်သူများအနီဖြင့် ကြိုတင်ပြင်ဆင်ထားဖို့ "မိုချာမုန်တိုင်း" အကြောင်း တစေ့တစောင်း
# မုန်တိုင်းဖီးအန္တရာယ်အသိပညာပီးဆောင်းပါး📢📢📢📣📝📝📝📝
# အသိ_သတိ_ပြင်ဆင်မှုနန့်ဖြတ်ကျော်ကတ်ဖို့
# မုန်တိုင်းသတိပြု🌀⚠️🌊
နားစွင့်_နိုးကြား_ပြင်ဆင်

Telegram: https://t.me/hdcoULA
Outlook mail : [email protected]

The Phadu Times

ဆက်သွယ်ရေးဧရိယာ ပြင်ပ(ဆောင်းပါး)ဇူလိုင်လရာသီဥတုသည် မူမမှန်ခဲ့ပေ။ မိုးရာသီဆိုသော်လည်း မိုးရွာသွန်းနည်းပါးပြီး နေပူပြင်းလျ...
03/05/2023

ဆက်သွယ်ရေးဧရိယာ ပြင်ပ

(ဆောင်းပါး)

ဇူလိုင်လရာသီဥတုသည် မူမမှန်ခဲ့ပေ။ မိုးရာသီဆိုသော်လည်း မိုးရွာသွန်းနည်းပါးပြီး နေပူပြင်းလျက်ရှိသည်။ ချစ်ချစ်တောက်ပူပြင်းနေသော နေရောင်အောက်တွင် လူငယ်လေးငါးယောက် လမ်းလျှောက်နေကြသည်။ ပူပြင်းသော နေပူချိန်ကိုအံတုပြီး လမ်းလျှောက်နေရသော်လည်း မောပန်းသည်ကို ဂရုမမူနိုင်။ သူတို့ဦးတည်ရာ တောင်ကုန်းသို့ရောက်ရှိရေးသည်သာ အဓိက။ ထိုတောင်ကုန်းသို့ရောက်မှသာလျှင် ပင်ပန်းနွမ်းနွယ်မှုလည်း ပျောက်ကင်းမည်ဟု ယူဆထားသည့်အလားပင်။

ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း (ခေါ်) ပိန္နဲချောင်းကျွန်းတွင်ရှိသော ဖဒူကျေးရွာတွင် တာဝါတိုင်မရှိသောကြောင့် ဒေသခံများမှာ ဖုန်းဆက်ရန်၊ အင်တာနက်သုံးရန်အတွက် ထိုသို့တောင်ကုန်းများသို့ တက်ရောက်ရခြင်းဖြစ်သည်။ သို့မဟုတ်လျှင် ပင်လယ်ကမ်းစပ်များသို့ သွားရောက်အသုံးပြုရသည်။

ဖဒူကျေးရွာသည် စစ်တွေမြို့နှင့် မိုင်ပေါင်း ၂၅ မိုင်ခန့်နှင့် ပေါက်တောမြို့နှင့် မိုင်ပေါင်း ၂၀ ကျော်ဝေးကွာသည့် ဒေသဖြစ်သည်။ ဖဒူကြီး၊ ဖဒူအလယ်ရွာ၊ ဖဒူချေ၊ အောင်လှပြင်၊ ဘုရားချောင်း၊ ငရုပ်ချောင်း၊ တန်းတင်နှင့် ပတင်းကျေးရွာတို့ကို ပေါင်းစုပြီး ဖဒူကျေးရွာဟုခေါ်ဆိုကြခြင်းဖြစ်သည်။ အဆိုပါ ရွာ ၈ ရွာတွင် အိမ်ခြေ ၁၄၀၅ ရှိပြီး လူဦးရေ ၇၀၀၀ ကျော်နေထိုင်ကြသည်။

တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆိုခွင့်၊ သတင်းအချက်အလက်သိရှိပိုင်ခွင့်တို့မှာ လူတို့အတွက်အရေးကြီးသော်လည်း မိသားစုဝင်တစ်ဦးဦးနှင့်ဖြစ်စေ၊ ဖြစ်ပျက်နေသော သတင်းတစ်ပုဒ်ကို သိရှိချင်လျှင်ဖြစ်စေ ထိုကျေးရွာမှဒေသခံများအတွက် မလွယ်ကူပေ။ မြင့်မားသောတောင်တန်းများ၊ ဝေးကွာသော မြစ်ကမ်းစပ်များကိုသွားရောက်ပြီး ဖုန်းဆက်သွယ်ခြင်း၊ မိုဘိုင်းအင်တာနက်အသုံးပြုခြင်းတို့ကို ပြုလုပ်နေရသည်။

သို့သော်လည်း ယင်းတောင်ကုန်းကိုတက်ရောက်ရန် နာရီနှင့်ချီကြာပြီး ကမ်းစပ်ကိုသွားရောက်ရန်မှာလည်း နာရီဝက်ကျော်ခရီးရှိသည်။ ရံဖန်ရံခါတွင် ထိုနေရာ၌ ဖုန်းလိုင်းများပျောက်နေသဖြင့် ယင်းအနီးပတ်ဝန်းကျင် တစ်လျှောက်တွင် ဖုန်းလိုင်းရှာပုံတော်ဖွင့်ကြရသည်ဟု ဒေသခံများကဆိုကြသည်။

ထို့ပြင် ယခုကဲ့သို့မိုးရာသီရောက်လျှင် နွေရာသီ၊ ဆောင်းရာသီမှာကဲ့သို့ ဖုန်းလိုင်းများမကောင်းတတ်ပေ။ တစ်ခါတစ်ရံတွင် နာရီနှင့်ချီစောင့်ဆိုင်းမှသာလျှင် ဖုန်းလိုင်းကောင်းတတ်ပြီး ဖုန်းပြောခြင်း၊ အင်တာနက်သုံးခြင်းများ ပြုလုပ်ရသည်။

“အင်တာနက်လိုင်းမရတဲ့အပြင် ဖုန်းလိုင်းကပါ ပြတ်တောက်ပြတ်တောက်ဖြစ်နေတယ်။ ရာသီဥတုမကောင်းရင် အမြဲဒီလိုပဲ စိတ်ပျက်ဖို့ကောင်းတယ်”ဟု အိမ်ခေါင်မိုးပေါ်မှာစီးဆင်းလာသော မိုးရေစများကိုငေးကြည့်ရင်း အသက် ၂၃ နှစ်အရွယ် မမဝေကပြောသည်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရ၍ ဆုံးရှုံးမှုများ

မြန်မာနိုင်ငံတွင် ဦးသိန်းစိန်အစိုးရတက်လာပြီးနောက် ၂၀၁၂-၂၀၁၃ ဝန်းကျင်တွင် CDMA နှင့် GSM မိုဘိုင်းဖုန်းများကို အများပြည်သူသုံးစနစ်ဖြင့် စတင်ထိတွေ့ခွင့်ရရှိခဲ့ကြသည်။ ယင်းမှတစ်ဆင့် အင်တာနက်လိုင်း သုံးစွဲမှုများ တွင်ကျယ်လာခဲ့သည်။ ၂၀၁၅ ခုနှစ် NLD အစိုးရတက်လာပြီးနောက် တနိုင်ငံလုံးအတိုင်းအတာကို လွှမ်းခြုံ၍ မိုဘိုင်းဖုန်းနှင့် အင်တာနက်လိုင်းသုံးစွဲမှု ပိုမိုတွင်ကျယ်လာခဲ့သည်။

အင်တာနက်လိုင်းသုံးစွဲမှု တွင်ကျယ်လာသည့်နောက်ပိုင်းတွင် သတင်းအချက်အလက်နှင့် နည်းပညာများကို မြန်မာပြည်ကလူအများစုမှာ အချိန်နှင့်တပြေးညီ မြည်းစမ်းခွင့်ရခဲ့ကြသည်။ ယင်းအကျိုးကျေးဇူးကြောင့် လူမှုအကျိုးစီးပွားများ အတော်အသင့်ဖွံ့ဖြိုးခဲ့ကြသည်ဟု ဆိုရပေမည်။ သို့သော် ထိုအရာများကို ဖဒူဒေသခံများ ယခုအချိန်ထိ ခံစားခွင့်မရကြသေးပေ။

“အခြားရွာကလူတွေနဲ့ယှဉ်လိုက်ရင် ကျမတို့ဟာ မျက်စိသူငယ်၊ နားသူငယ်နဲ့ ဘာဆိုဘာတစ်ခု သိရတာမရှိဘူး”ဟု ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းမရရှိမှုအပေါ် မမဝေက စိတ်ပျက်လက်ပျက်ပြောဆိုသည်။

ထိုသို့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရရှိသောကြောင့် ကျန်းမာရေး၊ ပညာရေးကဏ္ဍများတွင် ဆိုးရွားစွာ ထိခိုက်ကြသည်။ ပြီးခဲ့သည့် နှစ်နှစ်တာကာလက Covid 19 ရောဂါ ပြင်းထန်စွာဖြစ်ပွားစဉ်ကာလကလည်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်သည့် သတင်းအချက်အလက်များကို ဒေသခံအားလုံးထံသို့ ကောင်းစွာမရရှိပေ။

၎င်းတို့ထံရောက်ရှိလာသော သတင်းစကားများမှာ တစ်ဆင့်စကားများသာဖြစ်ပြီး တစ်ခါတစ်ရံ သတင်းမှားများလည်း ပါတတ်သဖြင့် စိတ်ဒုက္ခရောက်ရသည်ဟု ဒေသခံများကဖွင့်ဟကြသည်။

“အဲဒီတုန်းက ကိုဗစ်သတင်းတွေကို တော်တော်နဲ့မသိရှိကြဘူး။ မြို့ကရောက်လာတဲ့သူတွေမှာ ပြောမှသိကြတာ။ ဆိုတော့ တစ်ချို့ကဆောင်ရန်၊ရှောင်ရန်တွေလည်း မသိကြဘူးလေ။ အဲဒါက ဖုန်းလိုင်း၊အင်တာနက်လိုင်းမရရှိတဲ့ အကျိုးဆက်ဗျာ”ဟု ဒေသခံလူငယ်တစ်ဦးကဆိုသည်။

ထို့ပြင် Covid 19 ကာလက နေအိမ်မှအပြင်မထွက်ရ ကန့်သတ်မှုကြောင့် စာသင်ကျောင်းများ၊ သင်တန်းများကို ပိတ်ထားရသည်။ အစားထိုးအနေဖြင့် မိမိသင်ယူလိုသည့် သင်ခန်းစာများ၊ သင်တန်းများကို အွန်လိုင်းမှ သင်ကြားရသည်။ သို့သော်လည်း အင်တာနက်လိုင်းသာမက ဖုန်းလိုင်းပါမရသော ဖဒူဒေသမှ လူငယ်၊ လူလတ်ပိုင်းတို့မှာ ထိုအခွင့်အရေးဆုံးရှုံးရပြန်သည်။

“အခုအခြေအနေမှာဆို အင်တာနက်က ပိုပြီးမှတောင်လိုအပ်တယ်။ အခုက ဘာဗဟုသုတ၊ ဘာအသိမှမရရှိဘဲ ဒီအတိုင်းနေထိုင်နေရတာကိုတွေးပြီး ဒီနေရာမှာ လူလာမဖြစ်သင့်ဘူးလို့တွေးမိတယ်''ဟု မမဝေက ခံစားချက်များကိုဖွင့်ဟသည်။

ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းမရရှိမှုကြောင့် ပညာရေး၊ ကျန်းမာရေးသာမက စီးပွားရေးပါထိခိုက်ရသည်ဟု အောင်လှပြင်ကျေးရွာမှ မဖြူနှင်းဝေကပြောသည်။ သူသည် ရန်ကုန်မြို့တွင် နှစ်နှစ်ကျော်ကြာနေထိုင်ခဲ့စဉ်က အွန်လိုင်းမှ အဝတ်အစားများရောင်းချခဲ့သည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ရန်ကုန်တွင် တည်ငြိမ်အေးချမ်းမှု ပျောက်ဆုံးသွားသောအခါ မွေးရပ်ဇာတိကို ပြန်လာပြီး ထိုလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ရန် မျှော်လင့်ချက်ထားခဲ့ဖူးသည်။ သို့သော် သူ၏အိပ်မက်များမှာ မှန်းချက်နှင့်နှမ်းထွက် မကိုက်ညီခဲ့ပေ။ ရွာသို့ရောက်ပြီးနောက် ဆယ်ကိုးရက်ခန့်ကာ မြစ်ကမ်းစပ်နှင့် တောင်တန်းများသို့သွားရောက်ကာ အင်တာနက်လိုင်းအသုံးပြုပြီး ရောင်းခဲ့သော်လည်း နောက်ပိုင်းတွင် အဆင်မပြေတော့ဟုဆိုသည်။

မိမိနေထိုင်ရာနေအိမ်တွင် အင်တာနက်မရရှိသောအခါ တောင်တန်းများသို့သွားရောက်ပြီး အသုံးပြုရသော်လည်း နာရီပေါင်းမြောက်များစွာထိုင်ပြီး အသုံးပြုနေလို့မရပေ။ အလွန်ဆုံးဆိုလျှင် လေးနာရီခန့်သာအသုံးပြုပြီး နေအိမ်သို့ပြန်သွားရသည်။ ထိုသို့ အင်တာနက်ပေါ်တွင် အမြဲတမ်းမရှိမှုတို့ကြောင့် ရောင်းဝယ်ရေး အဆင်မပြေမှုများဖြစ်ပေါ်လာပြီး ထိုလုပ်ငန်းကိုရပ်နားလိုက်ရသည်ဟု မဖြူနှင်းဝေကဆိုသည်။

“ဖုန်းလိုင်းမရတော့ အဆင်မပြေဘူးလေ။ ဖောက်သည်တွေနဲ့ အဆက်အသွယ်ပြတ်သွားတော့ ရောင်းအားကျသွားလို့ ရပ်နားလိုက်ရတယ်။ စိတ်ညစ်စရာကောင်းပါတယ်”ဟု သူကပြောသည်။

ဧရိယာပြင်ပမှာ ဝန်ထမ်းများမပျော်ပါ

ဖဒူကျေးရွာတွင် အခြေခံပညာအထက်တန်းကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနတို့ရှိသည်။ ထိုအစိုးရဌာနများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများမှာလည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း မရရှိသောကြောင့် မပျော်ရွှင်ကြပေ။ တချို့ဝန်ထမ်းများမှာလည်း ဖဒူဒေသသို့တာဝန်ကျပြီး ခြေချလျှင်ပင် မဲဇာတောင်ခြေသို့ အပို့ခံရခြင်းလောဟု ဒေသခံများကို စနောက်ပြောဆိုတတ်ကြသည်။

“ဒီမှာရောက်ရှိလာတဲ့လူတိုင်း မပျော်ပါဘူး။ ကျေးလက်ကျန်းမာရေးဌာနမှာ ကျနေတဲ့ ဆေးဖက်ဝန်ထမ်းတွေ၊ ကျောင်းဆရာ၊ဆရာမတွေရော ဒီကနေ မကြာခဏပြောင်းရွှေ့သွားတာရှိတယ်။ သူတို့ခမျှာ မိသားစုတွေနဲ့လည်း အဆက်အသွယ်မရတော့ ဘယ်နေချင်ပါ့မလဲ။ အင်တာနက်ရော၊ ဖုန်းလိုင်းရော ဘယ်ဟာမှမရတော့ သူတို့လည်း စိတ်ညစ်ရတာပေါ့”ဟု ဒေသခံ မစိုးမြတ်နွယ်က ကျန်းမာရေးဌာနမှဝန်ထမ်းများကို လှမ်းကြည့်ရင်းပြောပြသည်။

ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးကလည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းမရရှိသောကြောင့် အလွန် ဒုက္ခရောက်ရသည်ဟုဆိုသည်။ မြို့နယ်ကျန်းမာရေးဌာနနှင့် အဆက်အသွယ်ပြုလုပ်ရခြင်း၊ ဓာတ်ပုံအထောက် အထောက်အထားများပို့ရမည်ဆိုလျှင် ထိုဒုက္ခများနှင့်ကြုံတွေ့ရသည်ဟုဆိုသည်။

“အထူးသဖြင့် ကာကွယ်ဆေးထိုးရမယ့်အခါတွေမှာပေါ့လေ၊ မြို့ပေါ်ကိုဆေးသွားယူဖို့ ဖုန်းဆက်လို့ မရတဲ့အခါတွေရှိတယ်။ ကာကွယ်ဆေးဆိုတာက ရေခဲတွေနဲ့အအေးခံထားရပြီး အချိန်နဲ့တပြေးညီ ထိုးပေးရတာဆိုတော့ တဖက်နဲ့တဖက် ဆက်သွယ်လို့မရတဲ့ အဲ့လိုမျိုးအချိန်တွေဆို ဒီကလူတွေအတွက် စိတ်ပူရတဲ့အခက်အခဲတွေရှိတာပေါ့”ဟု ကျန်းမာရေးမှူးကပြောသည်။

ယင်းသို့ ဆက်သွယ်ရေးအဆင်မပြေမှုကြောင့် လူနာမှတ်တမ်းများ၊ ဓာတ်ပုံများ၊ ရုံးစာရွက်စာတမ်းများကို အထက်ဌာနသို့တင်ပို့ရာတွင် အခက်အခဲများရှိနေသလို အရေးပေါ်ကျန်းမာရေးကိစ္စနှင့် လူနာလွှဲပြောင်းရမည့် ကဏ္ဍများတွင်လည်း ဆက်သွယ်ရေးအခက်အခဲကြောင့် စိုးရိမ်းရသည့်အခြေအနေများလည်းရှိကြောင်း ၎င်းကဆက်လက်ဆိုသည်။

“လူနာလွှဲပြောင်းရမယ့်ကိစ္စတွေ ကြုံလာခဲ့ရင် ဖုန်းဆက်လို့မရတဲ့အတွက်ကြောင့် လမ်းခုလပ်မှာ တစ်ခုခု ဖြစ်သွားမှာကို တွေးပြီးစိုးရိမ်ရတာမျိုးရှိတယ်။ တစ်ခုခုဆို နားလည်မှုတွေလွဲသွားနိုင်တော့ စိုးရိမ်ရတာပေါ့”ဟု ၎င်းကဆိုသည်။

ဖဒူဒေသတွင် ထိုသို့ဖုန်းလိုင်းများအဆင်မပြေသောကြောင့် အထိုင်ဖုန်းများကိုအသုံးပြုနေရသည်။ သို့သော်လည်း ရေလုပ်ငန်းနှင့် တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်သော အဆိုပါဒေသတွင် ငွေကြေးမပြေလည်သူများလည်း အမြောက်အများရှိသဖြင့် အိမ်တိုင်းတွင်ဖုန်းမရှိဟု ဒေသခံဖြစ်သူ ဦးခင်မောင်းဆန်းကဆိုသည်။

“အထိုင်ဖုန်းတွေလည်းပဲ ရာသီဥတုမကောင်းရင် ဆက်လို့မရတော့ဘူး။ အင်တာနက်လိုင်းလား ပိုးဆိုးတာပေါ့၊ ဖုန်းလိုင်းတောင် ကောင်းကောင်းမရတဲ့နေရာမှာ အင်တာနက်လိုင်းအကြောင်းဆို ပြောစရာတောင်လိုမယ် မထင်ပါဘူး။ မြို့မှာလို ကိုယ့်အိမ်ကထိုင်ပြီး လိုင်းသုံးရဖို့ဆိုတာ ဒီရွာတွေအတွက်တော့အဝေးကြီးပေါ့”ဟု ဦးခင်မောင်ဆန်းကပြောသည်။

ဖဒူကျေးရွာတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းရရှိရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင်လည်း ပေါက်တောမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက လွှတ်တော်တွင် မေးမြန်းဖူးသည်။ သို့ရာတွင် မိုဘိုင်းဆက်သွယ်ရေးစခန်းများ လောလောဆယ် တည်ဆောက်ပေးရန် အစီအစဉ်မရှိသေးဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ဖြေဆိုခဲ့သည်။

သို့ရာတွင် နိုင်ငံအတွင်းရှိ အခြေခံဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေသည့် နယ်မြေဒေသများ၌ အခြေခံဆက်သွယ်ရေးအဆောက်အအုံများ တိုးချဲ့တည်ဆောက်နိုင်ရန်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုကျယ်ပြန့်ကောင်းမွန်စေနိုင်မည့်အစီအစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန်အတွက် ဆက်သွယ်ရေး အော်ပရေတာများက အချိုးကျထည့်ဝင်ထားသည့် အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ၏ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအရ ဘဏ္ဍာရေးနှစ်အလိုက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ရခိုင်ပြည်မြို့တော် စစ်တွေမြို့နှင့် ၂၅ မိုင်သာဝေးကွာသည့် ဖဒူကျေးရွာသည် ဖုန်းလိုင်း၊ အင်တာနက်လိုင်းပင် မရရှိနိုင်သေးဘဲ အထီးကျန်စွာဖြင့် အမှောင်ခေတ်ကို မည်မျှဖြတ်သန်းနေရဦးမည်ကို မသိရှိနိုင်သေးပေ။ သို့သော်လည်း ဒေသခံများ၏ဆန္ဒတွင်ကား တာဝါတိုင်တစ်ခု အမြန်ရရှိရေးသည်သာ အဓိကအရာတစ်ခု ဖြစ်နေသည်။

မိုးပေါက် - ရေးသည်

The Phadu Times
Development Media Group

လက်ဆောင်ပေးတဲ့သင်္ဘော စစ်ရေးအသုံးပြုမှု စစ်ကောင်စီကို ဂျပန်အစိုးရကန့်ကွက်__________https://m.facebook.com/story.php?stor...
01/05/2023

လက်ဆောင်ပေးတဲ့သင်္ဘော စစ်ရေးအသုံးပြုမှု စစ်ကောင်စီကို ဂျပန်အစိုးရကန့်ကွက်
__________

https://m.facebook.com/story.php?story_fbid=616039877224085&id=100064542350311&mibextid=Nif5oz

ဂျပန်နိုင်ငံက လှူဒါန်းထားတဲ့ ကစ္ဆပနဒီ(၁) အမြန်ရေယာဉ်ကို တွေ့ရစဉ်။ (Photo: RFA)

RFA Burmese
The Phadu Times

ခွဲထွက်ရေးလှုပ်ရှားမှု ဘယ်အချိန် လာမလဲ၁။ ခွဲထွက်ရေးကိစ္စကို ပြောတဲ့အခါ တကယ်ခွဲထွက်ချင်လို့လည်း ဟုတ်ချင် ဟုတ်မယ်။ မဟုတ်ချ...
01/05/2023

ခွဲထွက်ရေးလှုပ်ရှားမှု ဘယ်အချိန် လာမလဲ

၁။ ခွဲထွက်ရေးကိစ္စကို ပြောတဲ့အခါ တကယ်ခွဲထွက်ချင်လို့လည်း ဟုတ်ချင် ဟုတ်မယ်။ မဟုတ်ချင် မဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရေးအရ စကားပြောကြတဲ့အခါမှာ ကိုယ်လိုချင်တဲ့ နိုင်ငံရေးအဆင့်အတန်းကို ရောက်အောင် ကြိုးစားတဲ့နေရာမှာ “ခွဲထွက်ရေးအာဂျင်ဒါ” ဟာ အရေးပါတယ်၊ အရာရောက်တယ်။ ကွန်ဖက်ဒရေးရှင်းလောက် အထိ ရဖို့ ရည်ရွယ်တဲ့အခါ ခွဲထွက်ရေးလောက်အထိ ပြောထားမှ — ပြည်နယ်တွေရဲ့ လုပ်ပိုင်ခါင့်အာဏာဟာ ဗဟိုရဲ့ အကန့်အသတ်ဘောင်ထဲကနေ လိုသည်ထက်ပို၍ ကင်းကင်းလွတ်လွတ် ဖြစ်မယ်။ ဒါကို နားလည်အပ်တယ်။

၂။ ခွဲထွက်ရေးဆိုတာ — ပြည်ထောင်စုကို ချိနဲ့အောင် လုပ်တာ၊ အားနည်းအောင် လုပ်တာလို့ ဘယ်သူ ပြောသလဲ။ ဒါကတော့ စတိုရီဖန်တီးပြီး သူ့စိတ်ကြိုက် ဇာတ်ညွှန်းရေးတာပဲ။ ဒီစတိုရီ၊ ဒီဇာတ်ညွှန်းကို ယုံတဲ့သူများတာ။ ခွဲထွက်လို့ နိုင်ငံအင်အားဆုတ်ယုတ်တယ်ဆိုတာ တရားသေမှ မဟုတ်ပဲ။ မလေးရှားကနေ စင်္ကာပူ ခွဲထွက်ခဲ့တယ်။ အစတုန်းကတော့ — စင်္ကာပူက မျှော်လင့်ချက် မဲ့ခဲ့ဖူးတာပဲ။ တကယ် လက်ရှိ အချိန်မှာ မလေးရှားနဲ့တောင် ရင်ဘောင်တန်းနိုင်ရုံတင်မကဘူး၊ ကျော်လွန်တဲ့ အနေအထားထိပါ ရောက်သွားတယ်။ မလေးရှားကျွန်းဆွယ်ကြီးတစ်ခုလုံးဟာ စင်္ကာပူ ခွဲထွက်ကျွန်းငယ်လေးကိုတောင် လိုက်မမှီတဲ့အဖြစ်မျိုးဖြစ်သွားတယ်။ မလေးရှားကနေ ခွဲမထွက်ဘူးဆိုရင် စင်္ကာပူဟာ — သာမန် ပါချီပါချက် ကျွန်းငယ်လေးအဖြစ် တက်လာမယ် မထင်။ မလေးရှားအစိုးရကလည်း ဘာမှ ထူးထူးထွေထွေ လုပ်ပေးနိုင်မယ့် ကျွန်း ဖြစ်လာမှာလည်း မဟုတ်။

၃။ တကယ်တော့ သီးသီးသန့်သန့်စီ နေလိုက်ကြတာ ကောင်းတယ်။ ကိုယ့်မူ ကိုယ့်ဟန် ကိုယ့်နည်း ကိုယ့်လူနဲ့ ကိုယ်လမ်းစဉ်နဲ့ ကိုယ့်ပန်းတိုင်နဲ့ လျှောက်သင့်နေပြီ။ လွတ်လွတ်ကင်းကင်း လျှောက်ရတာ မြန်မြန် ရောက်ပါတယ်။ အထူးသဖြင့် ပထဝီအနေအထားအရ ခွဲထွက်ဖို့ အားသာချက်အဖြစ် ရှိနေတဲ့ ပြည်နယ်တွေ ဒါကို စဉ်းစားပါ။ ပင်လယ်ကမ်းစပ်ကိုလည်း ပိုင်ထားတယ်။ ပင်လယ်ကမ်းရိုးတန်း အရှည်မိုင်လည်း ကျယ်ပြန့်တယ်။ မြစ်ချောင်း မြစ်လက်တက်တွေလည်း အမြောက်အမြား ရှိတယ်။ နိုင်ငံကြီးတွေနဲ့ ထိစပ်ထားတဲ့ အင်အားလည်း ရှိတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာစကား၊ ကိုယ့်ယဉ်ကျေးမှုလည်း ခိုင်မာကျစ်လစ်ထားတယ်။ ပြည်မနဲ့ သီးခြား ကန့်ထားနိုင်မယ့် ပထဝီအရံအတားလည်း ရှိတယ်။ ဒါဟာ လုပ်လို့ အကောင်းဆုံး အနေအထားပဲ။

၄။ နောက်ထပ် အားသာချက်ရှိတာက – ကိုယ့်လူထု၊ ကိုယ့်အစိုးရ နဲ့ ကိုယ့်တပ်တော်ရှိနေပြီ။ ဒါဟာ သိပ်ကောင်းတာပဲ။ ဒါဟာ စနစ်တကျ လေ့ကျင့်တည်ဆောက်ထားခြင်းရဲ့ အကျိုးရလဒ်ပဲ။ နိုင်ငံတကာအသိအမှတ်ပြုမှုနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကို ဝင်ဆန့်ခြင်းကိစ္စကတော့ ရေရှည်လုပ်ရမှာပဲ။ အရှေ့တီမောကိစ္စကို ကြည့်။ အခု အာဆီယံတောင် ဝင်ခွင့်ပြုလိုက်ပြီ။ ထိုင်ဝမ်ဆိုရင် နိုင်ငံအဆင့်ကနေ — အမေရိကန် နောက်ခံ ရုတ်လိုက်လို့ နိုင်ငံအဆင့်ဝင် မဟုတ်တော့တာလည်း ကြုံတာပဲ။ ဒါပေမယ့် ကိုယ်လူ၊ ကိုယ့်နယ်နဲ့ ကိုယ့်အစိုးရ၊ ကိုယ့်အာဏာကို ထူထောင်ထားနိုင်တာပဲ။ နိုင်ငံတကာအသိုင်းအဝန်းဆိုတာ နိုင်ငံရေးကိစ္စနဲ့ပဲ သီးသန့် လုပ်ရမှာ မဟုတ်ပါဘူး။ စီးပွားရေးအရ မြူဆွယ်ရင် မခေါ် မပြောဘဲ မနေနိုင်ပါဘူး။

၅။ ခေါင်းဆောင်တွေကတော့ ကိုယ့်အချိန်ကို ကိုယ်တွက်သင့်တယ်။ လူမှာ လူ့သက်တမ်းအကန့်အသတ်ရှိတယ်။ ကိုယ့်လူမျိုးနဲ့ ကိုယ်တိုင်းပြည်ကို ဘယ်လိုလူမျိုးတွေဆီ ဝကွက် အပ်ထားခဲ့ရမလဲ။ လူ့အရင်းအမြစ်ကို ကြိုတင်စီမံရမယ်။ ကိုယ့်ဆွေ ကိုယ့်မျိုးတွေကတော့ — သာမန် စဉ်းစားချက်ပေါ့။ ဒါက လူတွေ သမားရိုးကျ စုဖွဲ့နေထိုင်စဉ်ကတည်းက ကိုယ့်သွေးသား ကိုယ့်ဆွေမျိုးကို လက်ဆင့်ကမ်းခဲ့တာ။ ဒါ့ထက် ပိုစဉ်းစားမှ ကောင်းမယ်။ သီးခြားပဒေသရာဇ်နိုင်ငံ ထူထောင်လိုတာဟာ — ခေတ်မီနိုင်ငံတော်သစ် ထူထောင်လိုတဲ့ နိုင်ငံပြု သုခမိန်နဲ့ သီးခြားစီဖြစ်တယ်ဆိုတာ နားလည်အပ်တယ်။ သတိရှိသင့်တယ်။

ခေတ်မီနိုင်ငံတော်သစ်ကို ခွဲထွက်ထူထောင်မယ်ဆိုရင် — ကိုယ့်မှာ စွဲကပ်နေတဲ့ ပဒေသရာဇ်ဉာဉ်တချို့ကို မဖျောက်ဘဲနဲ့ အောင်အောင်မြင်မြင် ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မှာ မဟုတ်ဘူး။

မင်းသေ့ ရေးသားသည်

The Phadu Times

“ရက္ခိုင့်နိုင်ငံတော်အိပ်မက်” (သို့မဟုတ်) “ဝ နဲ့ ရခိုင်တို့အကြား ခွဲထွက်ရေးအိပ်မက် ကွာခြားချက်” ▣ ဗျုပ္ပတ်ခွဲထွက်ရေးအိပ်...
25/01/2023

“ရက္ခိုင့်နိုင်ငံတော်အိပ်မက်” (သို့မဟုတ်) “ဝ နဲ့ ရခိုင်တို့အကြား ခွဲထွက်ရေးအိပ်မက် ကွာခြားချက်”

▣ ဗျုပ္ပတ်

ခွဲထွက်ရေးအိပ်မက် ဘယ်သူမက်…။

မြန်မာ့နိုင်ငံရေးသမိုင်းကို လေ့လာကြည့်ရင် ခွဲထွက်ရေးအိပ်မက် မက်ခဲ့တဲ့ ပြည်နယ်တွေ ရှိခဲ့ပါတယ်။ ခွဲထွက်ရေးတစ္ဆေအခြောက်ခံရတဲ့အုပ်စုနဲ့ ခွဲထွက်ရေးအိပ်မက်မက်တဲ့အုပ်စုတွေဟာ အချင်းချင်းအကြား ပဋိပက္ခဖြစ်ခဲ့ပါတယ်။ လက်နက်ကိုင်ပဋိပက္ခအထိ ကူးသွားလို့၊ မြန်မာပြည်ဟာ အခုအချိန် အထိ အဆိုးကျော့သံသရာက ရုန်းမထွက်နိုင်သေးပါ။ စစ်အစိုးရခေတ်နှောင်းပိုင်းကာလတွေမှာ ခွဲထွက်ရေးနဲ့ ပတ်သက်ပြီး သားကျောဖြတ်ခံထားလိုက်ကြရပါတယ်။ အရပ်သားအစိုးရတက်လာတဲ့အချိန် အပိုင်းအခြားကာလ မှာလည်း၊ ငြိမ်းချမ်းရေးဒိုင်ယာလော့ခ် ဖြစ်စဉ်မှာ ခွဲထွက်ရေးနဲ့ပတ်သက်ပြီး ဘယ်သူမှ မပြောတော့ပါ။ ခွဲထွက်ဖို့ မဖြစ်နိုင်တော့ဘူး၊ အတူတကွ ဘယ်လို ပေါင်းစည်းပြီးနေကြမလဲဆိုတာကိုသာ စဉ်းစားလာခဲ့ကြဟန်တူပါတယ်။

သို့သော်လည်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ဆိုတာနောက်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အထိ အပြည့်အဝ ရည်မှန်းချက်တွေကတော့ ရှိပါတယ်။ ဒါကတော့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အားလုံးလိုလိုမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိဖို့ဆိုတာကို ရည်မှန်းချက်အနေနဲ့ ထားရှိတာတွေ့ရပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို self-determination လို့ အနက်ပြန်ပါတယ်။ တချို့ကလည်း self-determination ကိုပဲ လုံးဝ လွတ်လပ်ရေးလို့ အနက်ပြန်ပါတယ်။ လုံးဝ လွတ်လပ်ရေးဆိုတာ တနည်းအားဖြင့် ပြည်ထောင်စုကနေ ခွဲထွက်ပြီး ကိုယ်ပိုင်အမျိုးသားနိုင်ငံ ထူထောင်ရေးပဲ ဖြစ် ပါတယ်။

▄ ခွဲထွက်ရေးအိပ်မက်

အတိတ်သမိုင်းမှာ ခွဲထွက်ရေးအိပ်မက် ကြီးကြီးမက်ခဲ့တဲ့ ပြည်နယ်တွေ ရှိပါတယ်။ အဲသည့်ပြည်နယ်တွေ ထဲမှာ ဗမာပြည်မနဲ့ တရုတ်နိုင်ငံအကြားက ပြည်နယ်တွေ ပါဝင်ပါတယ်။ သူတို့ဟာ ကုန်းတွင်းပိတ်ပြည်နယ်တွေ လို့ ပြောနိုင်ပါတယ်။ ကမ်းရိုးတန်းနယ် ရှည်လျားစွာ ပိုင်ဆိုင်တဲ့ ရခိုင်ကတော့ အတိတ်သမိုင်းမှာ ခွဲထွက်ရေးအသံ သိပ် မထွက်ခဲ့ဘူး ထင်ပါတယ်။ ကချင်နဲ့ ရှမ်းဟာ ခွဲထွက်ရေးအာဂျင်ဒါကို တင်တဲ့ ဦးဆောင်ပြည်နယ်တွေ ဖြစ်ခဲ့ပါ တယ်။ ဒီနေ့အချိန်မှာတော့ ကချင်နဲ့ ရှမ်းဟာ ခွဲထွက်ရေးအာဂျင်ဒါကို မတင်တော့ပါ။ ဒါဆို ရခိုင်က တင်သလား။

ရခိုင်ပြည်နယ်ကို စစ်ရေးအရ အရ လွှမ်းမိုးထားနိုင်ပြီး၊ နိုင်ငံရေးအရ ရခိုင်အမျိုးသားတွေအပေါ်မှာ ဩဇာရှိတဲ့ အေအေ - ရခိုင့်တပ်မတော်ဟာ ခွဲထွက်ရေး အိပ်မက် ရှိဟန်တူပါတယ်။ အေအေရဲ့ မူဝါဒမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရဖို့ ရည်မှန်းချက်ထားတာတွေ့ရပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရည်မှန်းချက်ရဲ့ နောက်ကွယ်မှာ၊ ရခိုင့်အိပ်မက်ပါ ပါရှိနေ တာကို သတိချပ်သင့်ပါတယ်။ ဒီနေ့အချိန်မှာ ခွဲထွက်ရေးအိပ်မက် မက်နိုင်တာ ဘယ်သူ ဖြစ်နိုင်မလဲ။
ဒီနေရာမှာ လက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံး လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေထဲက ဝ ဒေသအရေး ကို ရခိုင်အရေးနဲ့ နှိုင်းယှဉ်ပြချင်ပါတယ်။

▄ ဝ ဒေသ အခြေခံအချက်အလက်များ

ဝ ဒေသဟာ ယခုလောလောဆယ် လက်နက်ကိုင်တပ်အင်အားအကြီးဆုံးသော လူမျိုးစုလက်နက်ကိုင်တွေထဲမှာ ပါဝင်နေပါတယ်။ ဝဒေသဟာ ကုန်းတွင်းပိတ် ဒေသ တစ်ခုဖြစ်တယ်လို့ ပြောနိုင်တယ်။ ကုန်းတွင်းပိတ်လို့ ပြောတာ က ပင်လယ်ကမ်းရိုးတန်း ထွက်ပေါက်မရှိတဲ့ဒေသဖြစ်ပါတယ်။ ဝဒေသဟာ သံလွင်မြစ်နဲ့ တရုတ်ပြည်နယ်စပ်မျဉ်း အကြားမှာ ခြေကုတ်ယူထားတဲ့ ဝလူမျိုးစု ဒေသ တစ်ခုဖြစ်ပါတယ်။ အခြေခံအားဖြင့် စိုက်ပျိုးရေးကို အခြေပြုပြီး ရှင်သန်ရပ်တည်ရတယ်။ အထူးသဖြင့် ဘိန်းစိုက်ပျိုးမှု ဖြစ်ထွန်းတဲ့ ဒေသဖြစ်တယ်။ ဘိန်းအပေါ် မှီခိုပြီး ဝ ဒေသရဲ့ စီးပွားရေးဓနအင်အားကို တည်ဆောက်ထားတယ်။ လူမျိုးအားဖြင့် တရုတ်ဟန်လူမျိုးစုနွယ်တွေထဲမှာ ပါဝင်တယ်။ တရုတ်မြန်မာနယ်စပ်မျဉ်းမှာ တည်ရှိပေမယ့် တရုတ်နဲ့ ကုန်သွယ်ရေးအားဖြင့် ကူးလူးဆက်ဆံမှု ပိုများတယ်။ မြန်မာနဲ့ ဝေးကွာတယ်။ မြန်မာပိုင်ဒေသတစ်ခုဖြစ်ပေမယ့်၊ ယဉ်ကျေးမှုအားဖြင့်၊ စီးပွားရေးအားဖြင့်၊ ဘာသာစကား အားဖြင့်၊ ငွေကြေးအားဖြင့် တရုတ်ရဲ့ ကျူးကျော်မှုကို ခံထားရတဲ့ ဒေသဖြစ်ပါတယ်။
တရုတ်လက်အောက်ခံဒေသ ဖြစ်တာထက်စာရင် မြန်မာလက်အောက်ခံဒေသ ဖြစ်နေရတာက ဝဒေသအတွက် အများကြီး လွတ်လပ်ပါတယ်။ လုပ်ခွင့်ကိုင်ခွင့်လည်း ပိုသာလွန်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ခံထားရတာဟာ ဝ ဒေသ တစ်ခုပဲ ရှိပါတယ်။ ကျန်တဲ့ ကိုးကန့်၊ ပလောင်၊ ပအိုဝ်း၊ ဓနုနဲ့ နာဂ ဒေသတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ပဲ ရှိထားပါတယ်။ ဘိန်းနဲ့ ဒေသတွင်း ဝင်ငွေဟာ ဖြောင့်ဖြူးနေပါတယ်။ ရွှေတြိဂံဒေသနဲ့လည်း နီးကပ်နေလို့ သုံးနိုင်ငံ ဆုံချက်ပွိုင့်ကို အားသာချက်ယူပြီး နိုင်ငံတကာကို ဘိန်းနဲ့ မူးယစ်ဆေးဝါး ဖြန့်ချိကုန်သွယ်လို့ ကောင်းမွန်တဲ့ ပထဝီရေးရာ အားသာချက်ရှိပါတယ်။ သံလွင်မြစ်က ကာဆီးထားလို့ သဘာဝအရ အရံအတားသဘောမျိုးလည်းဖြစ်နေပါတယ်။ ယခင်က ဝ ဒေသမှာ ဘိန်းစိုက်ပျိုးမှု ရှိခဲ့ပေမယ့် စစ်အစိုးရခေတ် အလယ်ပိုင်းကာလလောက်ကထက် မများပါဘူး။

စစ်အစိုးရ သက်ဆိုးရှည်လာတာရယ်၊ စစ်စီးပွားရေးအပျံ့ကျယ်လာတာရယ်၊ အပစ်အခတ် ရပ်ဆဲရေးအရင်းရှင်စနစ် (Ceasefire Capitalism) ဖွံ့ဖြိုးလာတာရယ် ကြောင့် ဝ ဒေသဟာ ကမ္ဘာပေါ်မှာ ဘိန်းဖြူ အထွက်ရှိဆုံးဒေသ တစ်ခုဖြစ်ခဲ့ပါတယ်။

▄ အရိုင်းသာသာ အဆင့်မှ …

ဘိန်းဖြူကြောင့် ဓနအင်အားတောင့်တင်းလာတဲ့ ဝဒေသဟာ ဝ လက်နက်ကိုင်တပ်အတွက် လူသူလက်နက် အင်အားတောင့်တင်းအောင် တည်ဆောက်လာနိုင်ပါတယ်။ ဗမာအစိုးရရဲ့ အုပ်ချုပ်မှုလက်အောက်ကနေ ကွင်းကွာနေတဲ့ ဝဒေသဟာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်အတွက် အခွင့်အရေးရခဲ့ပါတယ်။ တကယ်တော့ ဝဒေသတွင်းက ဝလူမျိုးတွေက ပညာ အားဖြင့် သာလွန်ခဲ့လို့လား၊ သို့တည်းမဟုတ် ယဉ်ကျေးမှုအားဖြင့် မြင့်မားတဲ့နောက်ခံသမိုင်းရှိခဲ့လို့လား...။ မေးစရာ ရှိပါတယ်။ မဟုတ်ပါ။ မဟုတ်ပါ။ တကယ်တော့ ဝ လူမျိုးတွေဟာ အရိုင်းသာသာအဆင့်မှာသာ ရှိခဲ့ပါတယ်။ သို့သော်လည်း ဒုတိယကမ္ဘာစစ်အပြီး တရုတ်ဖြူကျူးကျော်မှုကို ခံခဲ့ရတဲ့ အတွက် ဝဒေသဟာ ပြောင်းလဲမှု အချိုးအကွေ့ ဖြစ်ခဲ့ပါတယ်။ ထိုနည်းလည်းကောင်း ဗမာပြည်ကွန်မြူနစ်ပါတီ ဌာနချုပ်ဖြစ်ခဲ့ခြင်းကလည်း ဝဒေသကို ပြောင်းလဲ စေတဲ့အဓိက အချက်တစ်ခုဖြစ်ခဲ့ပါတယ်။

▄ အုပ်ချုပ်ရေး အာဏာစက်ကင်းလွတ်ရာ

ဝဒေသဟာ ရှမ်းပြည်နယ်အတွင်း တည်ရှိတဲ့ဒေသဖြစ်ပေမယ့် အစဉ်အလာ ရှမ်းစော်ဘွားတွေရဲ့ အုပ်ချုပ်မှု အာဏာ စက်အောက်ကို လုံးဝ ကျရောက်ခဲ့တဲ့ဒေသ မဟုတ်ပါဘူး။ ပထဝီအရ အတားအဆီးနဲ့ နယ်မြေအားဖြင့် လမ်းပန်း ဆက်သွယ်ရေးခက်ခဲကြမ်းတမ်းခြင်းက ဝဒေသက ဝ လူမျိုးတွေကို ယဉ်ကျေးမှုအားဖြင့် ဆွဲတင်ပေးနိုင်ဖို့ အတား အဆီးဖြစ်ခဲ့တယ်။ တဖက်မှာလည်း တရုတ်မျိုးနွယ်စုဖြစ်တဲ့ ဝလူမျိုးတွေ ဖြစ်သော်လည်းပဲ၊ တရုတ်နဲ့ ကူးလူးဆက် ဆံမှု နည်းပါးတယ်။ ယခု ချမ်းသာနေတဲ့ တရုတ်ရဲ့ ကုန်းတွင်းပိတ်ပြည်နယ်၊ မြန်မာဘက်အခြမ်းနဲ့ နီးကပ်တဲ့ ယူနန်ပြည်နယ်ဆိုတာ မြန်မာနဲ့ တရုတ်အကြား နယ်စပ်ကုန်သွယ်ရေးဖြစ်ထွန်းပေါက်မြောက်ခဲ့လို့ စားနိုင်သောက် နိုင်၊ ပြောင်ပြောင်ရောင်ရောင်ဖြစ်နိုင်တဲ့ ပြည်နယ်ဖြစ်လာတာ မကြာသေးပါဘူး။

ဝဒေသတွင်းက ဝလူမျိုးတွေဟာ အရိုင်းဆန်တဲ့ အမူအကျင့်တွေ မပျောက်ခဲ့ပါဘူး။ ကိုလိုနီလက်ထက်တွေမှာလည်း အင်္ဂလိပ်ဘုရင်ပုံ ငွေဒင်္ဂါး ကြေးပြားတွေကို သုံးစွဲခဲ့တယ်ဆိုပေမယ့် ကိုလိုနီအစိုးရရဲ့ အုပ်ချုပ်မှုအာဏာစက်အောက် လုံးဝ ကျရောက်ခဲ့တဲ့ ဒေသ မဟုတ်ပါဘူး။ စစ်ပြီးခေတ်ကာလတွေမှာလည်း မြန်မာအစိုးရရဲ့ အုပ်ချုပ်မှုလက်တံနဲ့ အဝေးဆုံးဒေသ ဖြစ်လို့ ဆက်သွယ်ရေးအရလည်း ခက်ခဲ၊ ကျန်းမာရေးနဲ့ ပညာရေးဖွံ့ဖြိုးမှုမှာလည်း အလှမ်းမမီဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဝ ဒေသတွင်း ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုလည်း မရှိခဲ့ပါဘူး။ ၂၀ရာစု နှောင်းပိုင်းလောက်အထိ နတ်ကိုးကွယ်မှုနဲ့ ယစ်ပူဇော်မှုတွေ ရှိခဲ့သလို အုပ်စုတွင်း တိုက်ပွဲတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ကျွန်ပြုတဲ့စနစ်တွေလည်း ဖြစ်ထွန်းခဲ့ပါတယ်။ အုပ်စုအချင်းချင်း သတ်ဖြတ်မှုတွေမှာ လူသားကို ယစ်ကောင်လုပ်ပြီး ရွာထိပ်က နတ်စင်တွေမှာ ပသထားတာတွေ ရှိခဲ့ပါတယ်။

▄ စစ်ရေးပထဝီ အပြောင်းအလဲ

ဗမာပြည်ကွန်မြူနစ် ပါတီက ပန်ဆန်းကို ဌာနချုပ်ပြုပြီး ဝဒေသ တစ်ခုလုံးကို စစ်ရေးအရ လွှမ်းမိုးတဲ့ဒေသ ဖြစ်အောင် လုပ်ခဲ့ခြင်းဟာ ဝလူမျိုးတွေရဲ့ ရှေးရိုးစွဲဓလေ့တွေကို ပယ်ရှားဖို့အတွက် အပံ့အပိုးဖြစ်ခဲ့ ပါတယ်။ ထိုနည်းလည်းကောင်း တရုတ်ဖြူကျူးကျော်မှုကြောင့် တရုတ်ဖြူ ကူမင်တန်၊ တရုတ်နီ ကွန်မြူနစ်နဲ့ အမေရိကန်အထောက်အပံ့ခံ ချန်ကေရှိတ်အစိုးရရဲ့ စစ်ရေးကစားကွင်းတစ်ခုဖြစ်ခဲ့ခြင်းဟာ ဝဒေသအတွက် အပြောင်းအလဲတစ်ခုဖြစ်ခဲ့ပါတယ်။ ဝဒေသက ဝ - တရုတ်လူမျိုးတွေကို လက်နက်တပ်ဆင်ပေးပြီး တရုတ်နီ ကွန်မြူနစ်တွေကို ပြန်လည် တိုက်ခိုက်ဖို့ တရုတ်ဖြူ ကူမင်တန်တွေက ကြိုးစားခဲ့ပါတယ်။ တရုတ်ဖြူတွေရဲ့နောက် က ပံ့ပိုးသူကတော့ အမေရိကန်ဖြစ်ပါတယ်။ အမေရိကန်ရဲ့ စစ်ရေးအကူအညီတွေကို ဝဒေသကို ကျူးကျော်လာတဲ့ တရုတ်ဖြူကူမင်တန်တွေ ရရှိခဲ့တယ်။ ဒီအချက်ဟာ ဝဒေသတွင်း ဝလူမျိုးတွေကို လူရိုင်းဘဝကနေ လူယဉ် အဖြစ်ရောက်ရှိစေပြီး ဒေသတွင်း လက်လုပ်တူမီးတွေကိုင်နိုင်တဲ့အဆင့်ကနေ ခေတ်မီလက်နက်ဆန်းတွေ ကိုင် ဆောင်လာနိုင်တဲ့အထိ ကျေးဇူးပြုခဲ့ပါတယ်။

ဝလူမျိုးတွေဟာ ယဉ်ကျေးမှုအားဖြင့် မမြင့်မားကြပါ။ သို့သော်လည်း တရုတ်နယ်စပ်နဲ့ သံလွင်မြစ်တစ်ဖက်ကမ်းက လွတ်မြောက်ဒေသကို ခြေကုတ်ယူပြီး စစ်ရေးပထဝီရေးရာ ကစားပွဲ တွေကြောင့် ဒေသတွင်း ကိုယ့်ကြမ္မာကို ဖန်တီးခွင့်ကို ကောင်းကောင်းတည်ဆောက်နိုင်ခဲ့ပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီကို အာခံပုန်ကန်တော်လှန်ပြီး ဝလူမျိုး စစ်ရေးခေါင်းဆောင်တွေရဲ့ အာဏာကို ထူထောင်နိုင်လိုက် ခြင်းဟာလည်း အဓိက အချက်တစ်ခုဖြစ်ပါတယ်။ စစ်ရေးပထဝီရဲ့ အားသာချက်ကို အသုံးချပြီး ဝ ပြည်နယ် ထူထောင်ရေး အခြေခံအုတ်မြစ်တွေကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ကချင်၊ ကယား၊ ရှမ်း၊ ရခိုင်၊ ပလောင်နဲ့ ပအိုဝ်း လူမျိုးတွေဟာ ဝလူမျိုးတွေနဲ့ နှိုင်းယှဉ်ရင် ယဉ်ကျေးမှုအရ အဆင့်အတန်း သိသိသာသာမြင့်မားတဲ့လူမျိုးတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ ရခိုင်တွေရဲ့ ရခိုင့်အိပ်မက်နဲ့ နှိုင်းယှဉ်ကြည့်ချင်ပါတယ်။

▄ ရခိုင်အမျိုးသားသမိုင်း

ရခိုင်တွေဟာ မြန်မာတွေထက်တောင် ယဉ်ကျေးမှုအရ ရှေ့ကို စောရောက်ခဲ့တဲ့ လူမျိုးတွေဖြစ်ပါတယ်။ အိန္ဒိယနဲ့ နီးလို့ အိန္ဒိယယဉ်ကျေးမှုအမွေတွေကိုလည်း ရရှိသလို၊ မြန်မာကိုလည်း ထပ်မံလက်ဆင့်ကမ်းနိုင်လောက်တဲ့အထိ ရခိုင်တွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်းက မြင့်မားခဲ့ပါတယ်။ ရခိုင်နဲ့ မြန်မာဟာ ဘာသာစကားအားဖြင့်လည်း လုံးဝ ကွဲပြားခြားနားနေတာမျိုး မရှိပါ။ ဆင်တူကြောင်းကွဲ၊ လေယူလေသိမ်း ကွဲပြားတာက လွဲရင် ဘာသာစကား အားဖြင့ မျိုးတူကြတယ်လို့ ပြောနိုင်ပါတယ်။ မြန်မာတွေ အရိုင်းသာသာ အဆင့်မှာပဲ ရှိနေစဉ်က ရခိုင်၊ မွန်နဲ့ ပျူတို့ရဲ့ ယဉ်ကျေးမှုတွေနဲ့ ယဉ်အောင် လုပ်ခဲ့ကြရပါတယ်။ မြန်မာလူမျိုးတွေ သစ်သား၊ အုတ်နဲ့ ကျောက်ကိုသာ နိုင်သေးတဲ့အဆင့်မှာ ရခိုင်တွေက သံတို့ ကြေးတို့ကို ကောင်းကောင်းနိုင်နင်းနေပါပြီ။

ယခု မန္တလေးက မဟာမုနိ ရုပ်ပွားတော်ကို ရခိုင်တွေဆီက တကူးတက အပင်ပန်းခံပြီး သယ်ယူလာခဲ့ကြရတာ ဘာ့ကြောင့် ထင်ပါသလဲ။ အကြောင်းကတော့ မြန်မာတွေ ဒီလောက်အဆင့်မြင့်တာကို မလုပ်တတ်သေးလို့ပါ။ မလုပ်နိုင်သေးလို့ပါ။ သံကို မပိုင်၊ ကြေးကို မနိုင်သေးလို့ပါ။ ဒီလို ယဉ်ကျေးမှုအဆင့်ရှိစဉ်မှာ ရခိုင်တွေဆီက ကြေးသွန်း ဗုဒ္ဓရုပ်ပွားတော်ကို တောအထပ်ထပ် တောင်အသွယ်သွယ် အပင်ပန်းခံပြီး သယ်ယူခဲ့ရခြင်းဖြစ်ပါတယ်။ ဒါဟာ ရခိုင်တွေရဲ့ ယဉ်ကျေးမှု အဆင့်အတန်း ဘယ်လောက်မြင့်မားနေကြောင်းကို ပြသနေပါတယ်။

သို့သော် မြန်မာမင်းတွေဟာ ဘာဗေးရီးယန်း စရိုက်ရှိသူတွေလို့ ပြောနိုင်တယ်။ ယဉ်ကျေးမှုအရ မွေးစားပြီး ဗမာ့ယဉ်ကျေးမှုအနုလက်ရာတွေ အဖြစ် ပြောင်းယူနိုင်ပေမယ့်၊ စစ်တိုက် ဝါသနာကြီးတယ်။ ကြမ်းတမ်းတယ်၊ ရက်စက်တယ်။ ဒီတော့ စစ်ရေးအရ အကြမ်း နိုင်ဆုံးလူအုပ်စုက ယဉ်ကျေးမှုအဆင့်မြင့်ပေမယ့် စစ်ရေးအရ aggressive မဖြစ်တဲ့ လူမျိုးတွေအပေါ် လွှမ်းမိုးနိုင်ခဲ့ ပါတယ်။ မြန်မာတွေရဲ့ ထီးရိပ်အောက်မှာ တခြားသော လူမျိုးစုတွေကို ထားရှိဖို့ ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း ပထဝီအရ အတားအဆီးတွေက လူမျိုးစုတွေအပေါ် ဩဇာသက်ရောက်မှု နည်းပါးအောင် ကျေးဇူးပြုခဲ့တာကြောင့် မြန်မာဘုရင်တွေရဲ့ အာဏာစက်က အစဉ်အမြဲ လွှမ်းမိုးမှု မရှိခဲ့ပါဘူး။

▄ အမျိုးသားရေးအာဃာတ

ရခိုင်တွေဟာ ရခိုင်ဘုရင့်နိုင်ငံတော် အဖြစ် ကိုယ့်ထီးကိုယ့်နန်းနဲ့ နေခဲ့ကြပါတယ်။ ရခိုင်တွေရဲ့ မြို့ဟောင်းနဲ့ ဘုရင်တွေရဲ့နန်းတော်ရာကို မြောက်ဦးမှာ တွေ့နိုင်ပါတယ်။ ထိုနည်းလည်းကောင်း ရခိုင်တွေရဲ့ ယဉ်ကျေးမှုအမွေ အနှစ်ဖြစ်တဲ့ သျှစ်သောင်းဘုရားပုထိုးတွေကိုလည်း ယခုတိုင် အနုလက်ရာမပျက်တွေ့နိုင်ပါတယ်။ ဒါဟာ ရခိုင်တွေ ရဲ့ ယဉ်ကျေးမှုအဆင့်မြင့်မားခဲ့ပုံကို ပြနေသလို၊ ရခိုင်လူမျိုးတွေရဲ့ အမျိုးသားနိုင်ငံသမိုင်းမှတ်တမ်းကိုလည်း ပြဆို နေပါတယ်။ မြန်မာဘုရင်တွေ ရခိုင်ကို သိမ်းပိုက်ဖို့ စစ်ချီခဲ့တဲ့ သာဓကတွေ မြောက်မြားစွာ ရှိပါတယ်။

ပဒေသသရာဇ်ခေတ်က စစ်ရေးလွှမ်းမိုးချုပ်ကိုင်ခဲ့မှုတွေဟာ လူမျိုးရေး အနာဆွေးတွေကို ဖန်တီးခဲ့ပါတယ်။ အတိတ်သမိုင်းမှာ အငြိုးအာဃာတတွေ ရှိတဲ့အပြင် ခေတ်သစ်မြန်မာနိုင်ငံမှာ စစ်အစိုးရတွေ ကြီးစိုးလွှမ်းမိုးခြင်းဟာ လူမျိုးစုတွေရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုတွေကို လှုပ်နိုးခဲ့ပါတယ်။

▄ လက်နက်ကိုင်လှုပ်ရှားမှုဇာတ်ကြောင်း

စစ်ပြီးခေတ် နောက်ပိုင်း သခင်စိုးဦးဆောင်တဲ့ အလံနီကွန်မြူနစ်ပါတီ ရခိုင်ဒေသကို ခြေကုတ်ယူဖို့ ကြိုးစားခဲ့ပြီး စစ်အေးခေတ် အလယ်ပိုင်းလောက်မှာတော့ အလံဖြူကွန်မြူနစ်ပါတီက ဝဒေသကို ခြေကုတ်ယူဖို့ ကြိုးစားခဲ့တဲ့ သာဓကတွေကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ထိုနည်းလည်းကောင်း ဘင်္ဂလားနယ်နဲ့ ဆက်စပ်နေတဲ့ ရခိုင်ဒေသ တွေမှာ လွတ်လပ်ပြီးခေတ်နောက်ပိုင်း မူဂျာဟစ်လှုပ်ရှားမှုတွေလည်း ရှိခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ကာလမှ အလံနီကွန်မြူနစ်ပါတီကို အမွေခံတဲ့ ရခိုင်ကွန်မြူနစ်ပါတီရဲ့လက်နက်ကိုင်တပ်ဖွဲ့ ရှိခဲ့ပါတယ်။ ထိုနည်းလည်းကောင်း ၁၉၆၇ ခုနှစ်မှာ ကေအိုင်အေရဲ့ အကူအညီနဲ့ ဖွဲ့စည်းခဲ့တဲ့ ရခိုင်လွတ်လပ်ရေးတပ်မတော် ဆိုတာ ရှိခဲ့ဖူးတယ်။ ၁၉၇၀ ခုနှစ်လောက်မှာ ရခိုင်လွတ်မြောက်ရေးပါတီ ထွက်ပေါ်လာတယ်။ သို့သော်လည်းပဲ မြန်မာစစ်အစိုးရကို စစ်ရေးအရ အံတုနိုင်လောက်တဲ့အထိ အင်အားမကြီးမားခဲ့ဘူး။ နဝတ - နအဖ အစိုးရလက်ထက်တွေမှာ လက်နက်ကိုင်အင်အား မရှိသလောက် လျော့ကျသွားခဲ့တယ်။

သို့သော်လည်း ရခိုင်ပြည်နယ်မှာ ဦးသိန်းစိန်အစိုးရသက်တမ်းကာလ နှောင်းပိုင်းလောက်မှာ တိုက်ပွဲတွေ အပြင်းအထန် ပြန်လည်ဖြစ်ပွားခဲ့တယ်။ ဒီတိုက်ပွဲတွေ စတင်ဖို့ ဘယ်အချိန်က အရှိန်စယူခဲ့သလဲ။

▄ ရက္ခိုင့်တပ်မတော် အစ

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းမှာ ငယ်ရွယ်ပြီး ပညာတတ်တဲ့ ရခိုင်မျိုးချစ်လူငယ်တစ်စုဟာ ရခိုင်အမျိုးသားလွတ်မြောက်ရေးအတွက် အမြုတေသဘော စုစည်းနိုင်ခဲ့တယ်။ ဒီကြိုးစားမှုရဲ့ရလဒ်ဟာ ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အကောင်အထည်ပေါ်လာခဲ့တယ်။ ကချင်ပြည်နယ် ကေအိုင်အေဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမှာ အေအေ - ရခိုင့်တပ်မတော်ကို စတင်ဖွဲ့စည်းလိုက်ကြတယ်။ ရခိုင့်တပ်မတော်ဖွဲ့စည်းပြီး ဆယ်နှစ် လောက်အကြာမှာ၊ ရခိုင်လူထုရဲ့ အမျိုးသားရေးဝါဒကို ဆွဲစုနိုင်တဲ့ လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်လာတယ်။

ရခိုင့်တပ်မတော် - အေအေ ဟာ ရခိုင်လူမျိုးတွေရဲ့ ယုံကြည်ကိုးစားမှုကိုလည်း ရရှိခဲ့တယ်။ ရခိုင်တွေရဲ့ အမျိုးသားရေးအိပ်မက်ကိုလည်း ပြန်လည် သယ်ယူလာပေးနိုင်ခဲ့တယ်။ ၂၀၂၁ ခုနှစ် ရောက်လာချိန်မှာ၊ ရခိုင်ပြည်နယ်အတွင်း တရားစီရင်ရေးနဲ့ ဒေသန္တရအုပ်ချုပ်ရေးကို ၆၀ % - ၇၀ % လောက်အထိ အာဏာဖြန့်ကျက် နိုင်တဲ့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်လာတယ်။

▄ အမျိုးသားရေးဩဇာ

တကယ်တော့ ရခိုင်အမျိုးသားတွေရဲ့ ယုံကြည် ကိုးစားမှုကို ရရှိထားတဲ့ အေအေ - ရခိုင့်တပ်မတော်ဟာ မြန်မာပြည်မှာ သက်တမ်းအနုဆုံးသော လူမျိုးစုလက်နက် ကိုင်အဖွဲ့တစ်ခုထဲမှာ ပါဝင်ပါတယ်။ သို့သော်လည်း စတင်ဖွဲ့စည်းချိန်ကစပြီး ၁၀ နှစ်ကျော်သက်တမ်းသာ ရှိသေးပေမယ့်၊ တစ်စိတ်တစ်ပိုင်း အောင်မြင်နေပြီဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးနဲ့ အမျိုးသားနိုင်ငံရေးစည်းရုံးမှုတွေမှာ ရခိုင်လူမျိုးတွေအပေါ် ဩဇာလွှမ်းမိုးနိုင်နေပြီ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်တဲ့ အေအေ - ရခိုင့်တပ်မတော်ဟာ ရခိုင်တွေရဲ့ အိပ်မက်ကို သယ်လာပေးတယ်။ အထူးသဖြင့် အတိတ်သမိုင်းမှာ ရှိခဲ့တဲ့ ရခိုင့်အမျိုးသားနိုင်ငံတော်ထူထောင်ရေးအိပ်မက်ဟာ ရခိုင်တွေအတွက် လက်လှမ်းမီစရာဖြစ်လာတယ်။ တနည်း အားဖြင့် ရခိုင်တွေရဲ့ ကိုယ့်ကြမ္မာကိုယ် ပြဌာန်းပိုင်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာတွေဟာ ပိုလို့တောင် အရာထင် လာတယ်။ ရခိုင်တွေရဲ့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်အောင် ပံ့ပိုးနိုင်တဲ့ အဓိက အချက်တစ်ခု ရှိနေပါသေး တယ်။ ဒါဟာ လူမျိုးစုပြည်နယ်တိုင်း မရနိုင်တဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဒါကတော့ ပထဝီနိုင်ငံရေးအားသာချက် ဖြစ်ပါတယ်။

▄ ဝ ဒေသနဲ့ ရခိုင်ပြည်နယ် ကွာခြားချက်

အရိုင်းသာသာအဆင့်ပဲ ရှိခဲ့တဲ့ ဝဒေသတွင်း ဝလူမျိုးတွေဟာ စစ်ပြီးခေတ် စစ်ရေးပထဝီဝင်အပြောင်း အလဲကြောင့် လူသူလက်နက်အင်အားတောင့်တင်းပြီး ဓနဥစ္စာရှာဖွေနိုင်တဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတစ်ခု တည်ထောင်နိုင် ပေမယ့်၊ ဝဒေသဟာ တရုတ် - မြန်မာ နယ်စပ်က ဒေသတစ်ခုသာဖြစ်ပါတယ်။ တနည်းအားဖြင့် ပင်လယ် ထွက်ပေါက် မရှိတဲ့ ကုန်းတွင်းပိတ်ဒေသတစ်ခုဖြစ်ပါတယ်။ ရခိုင်ကတော့ ဒီလို မဟုတ်ပါဘူး။

ကမ်းရိုးတန်း အရှည်မိုင် ရှည်လျားစွာ ပိုင်ဆိုင်တဲ့ ပြည်နယ် (elongated state) တစ်ခုဖြစ်ပါတယ်။ ပင်လယ်ရေ သယံဇာတအရင်းအမြစ်တွေကို ပိုင်ဆိုင်ထားတဲ့ ပြည်နယ်ဖြစ်သလို၊ ပင်လယ်ရေကြောင်းသွားလာရေးအတွက် ချိတ်ဆက်နိုင်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ပိုင်ဆိုင်တဲ့ ကျွန်းတွေဟာ စားရေရိက္ခာအတွက်လည်း အထောက်အပံ့ကောင်းဖြစ်သလို၊ ကမ်းလွန်ရေနံလို သဘာဝဓာတ်ငွေ့တွေကလည်း စွမ်းအင်ရင်းမြစ်အတွက် သဘာဝအမွေတွေ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ကိုယ်ပိုင်ပြဌာန်းခွင့်ထက် လွန်သော၊ ရခိုင့်အိပ်မက်ကို ရခိုင့်နိုင်ငံတော်အဖြစ် အကောင်အထည်ဖော်နိုင်ရင် ပိုကောင်းသော လူမှုစီးပွားဘဝတွေကို ပိုင်ဆိုင်နိုင်မယ့် ပြည်နယ်တစ်ခုဖြစ်ပါတယ်။

တနည်းအားဖြင့် စင်္ကာပူထက် လည်း မြေဧရိယာပိုင်ဆိုင်မှု များပြားတယ်။ မြစ်ချောင်းနဲ့ သစ်တော သယံဇာတက လည်း ထိုက်သင့်သလောက် ပိုင်ဆိုင်တယ်။ လူဦးရေများပြားတဲ့ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့လည်း နီးကပ်စွာ ရှိခြင်းကြောင့် ကျယ်ပြန့်တဲ့ ကုန်ထုတ် စျေးကွက်ကိုလည်း ပိုင်ဆိုင်ထားတယ်။ အတိတ်မှာ တောင့်တင်းတဲ့ ယဉ်ကျေးမှုသမိုင်းကို ပိုင်ဆိုင်ထားလို့ နိုင်ငံတစ်ခုရဲ့ အင်္ဂါရပ်အတွက် ဂုဏ်တင့်တဲ့ အထောက်အပံ့ဖြစ်တယ်။

▄ အမျိုးသားရေးညှို့ဓာတ်ရှင်

ရခိုင်တွေဟာ ပိုလို့ အမျိုးသားစိတ် ထက်သန်လာတာတွေ့ရတယ်။ ပညာတတ် လူငယ် မျိုးချစ် ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်တဲ့ နိုင်ငံရေး လမ်းညွှန်ချက်တွေကို အမျိုးသားရေးလမ်းညွှန် ချက်သဖွယ် ယုံကြည်လေးစားတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ရခိုင်အမျိုးသားသရုပ်ရဲ့ ဥပဓိကို ဆောင်ကြဉ်းနိုင်လောက်တဲ့ ကိုယ်စွမ်းကိုယ်စ ရှိတယ်။ ရခိုင်တွေဟာ ခေတ်သစ် အိပ်မက်ကို မက်နေကြပြီ။

▄ ဝဒေသကို ပထဝီက မျက်နှာသာ မပေး

အထူးသဖြင့် ရခိုင်ရဲ့ ရှေ့က စီနီယာအဖြစ် စစ်ရေးအင်အား ကြီးမားခဲ့တဲ့ ဝ ဒေသဟာ ရခိုင်ပြည်နယ် ရရှိတဲ့ ပထဝီအားသာချက်မျိုးကို မရနိုင်ပါဘူး။ ဒီတော့ ဝဒေသက ဝ လူမျိုးစုစစ်ရေးခေါင်းဆောင်တွေအနေနဲ့ ခွဲထွက်ရေးအိပ်မက်ကို မက်ချင်ရင်တောင် အိပ်ယာထဲမှာပဲ မက်ခွင့်ရှိတယ်။ လက်တွေ့အကောင်အထည်ဖော်ဖို့ မလွယ်။ တနည်းအားဖြင့် ဝတွေအနေနဲ့ ယခုလို ခွဲမထွက်ဘဲ တရုတ်ဩဇာခံလိုလိုနဲ့ မြန်မာဘက်အခြမ်းမှာ သီးခြားလွတ်မြောက်နယ်မြေအဖြစ် ရှိနေခြင်းဟာ သူတို့အတွက် ပိုကောင်းပါတယ်။ ပိုလို့လည်း လူးသာလွန့်သာ ရှိပါတယ်။ အကယ်၍ ခွဲထွက်စေအုံးတော့၊ တရုတ်နဲ့ မြန်မာအကြားမှာ ကုန်းတွင်းပိတ်အနေအထားမို့၊ ပိုလို့ ကျပ်တည်းနိုင်ပါတယ်။ တရုတ်နဲ့ ပေါင်းရင်လည်း တရုတ်က ကွန်မြူနစ်အာဏာရှင်စနစ်မို့ မြန်မာအစိုးရလက် အောက်မှာ ဝလူမျိုးတွေ ရှိနေတာက ပိုလို့အနေချောင်တယ်။ တရုတ်လက်အောက်မှာဆို ဒီလောက် လူးသာလွန့်သာ လွတ်လပ်ခွင့်ရနေမယ် မထင်ဘူး။

ဒီတော့ ဝတွေ အနေနဲ့ တရုတ်နဲ့ မြန်မာကို ဘယ်သူ့မှ အဖြေမပေးဘဲ အီထားတဲ့အခြေအနေကသာ သူတို့အတွက် အကျိုးစီးပွား ဖြစ်ထွန်းနိုင်တယ်။ တစ်ဖက်ဖက်ကို လုံးဝ ကပ်လိုက်တာဖြစ်ဖြစ်၊ တစ်ကိုယ်တည်း သီးခြားဖြစ် တည်လိုက်တာပဲ ဖြစ်ဖြစ်။ တစ်ခုခုကို လုပ်ခဲ့ရင် ဝတွေအတွက် ပိုလို့ ကျပ်တည်းနိုင်တယ်။ ဒီတော့ ဝတွေအတွက် ဘယ်လောက်ပဲ ခွဲထွက်ရေးအိပ်မက်ကို မက်သည်ဖြစ်စေ ရခိုင်တွေလို လက်တွေ့အကောင်အထည်ဖော်ခွင့်ရမှာ မဟုတ်။ အကောင် အထည်ဖော်ခွင့်ရသည် ထားအုံး၊ ရခိုင့်နိုင်ငံတော်အိပ်မက်လောက် အနာဂတ်မှာ သာယာနိုင် စရာ မရှိ။

▄ ရက္ခိုင့်နိုင်ငံတော်အိပ်မက်

ရခိုင်တွေ အတွက်ကတော့ ရခိုင့်နိုင်ငံတော်အိပ်မက်ဟာ အာရုဏ်တက် အလင်းရောက်ဖို့ နီးကပ်နေပြီ ဖြစ်ပါတယ်။ ရခိုင် အမျိုးသားတွေရဲ့ စုစည်းညီညွတ်မှုအားနဲ့ နိုင်ငံရေးအသိုင်းအဝန်းစိတ်အခံ ထုထည် ကြီးရင့်လာခြင်းသည်သာ ရခိုင့် အိပ်မက်ကို လက်တွေ့ဖြစ်လာစေဖို့ ဆုံးဖြတ်သွားမယ် ထင်ပါတယ်။ အကယ်၍ လူမျိုးစုလွတ်မြောက်ရေး လှုပ်ရှားမှုတွေသာ တကယ်အောင်မြင်ခဲ့ရင် အရင်ဆုံးအောင်မြင်မှာကတော့ ရခိုင်လူမျိုးတွေသာ ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

မင်းသေ့ ရေးသားသည်။

PDF ဖြင့် ဒေါင်းလုတ်လုပ်ယူ၍ ဖတ်ရှုနိုင်ပါသည်။

PDF Free Download Link:

https://www.mediafire.com/file/z8hchwk2wnk9u4x/Araken_Dream_by_Min_Thayt.pdf/file

https://www.facebook.com/100012947536038/posts/1261911507583755/

The Phadu Times

Address

Phadu

Alerts

Be the first to know and let us send you an email when The Phadu Times posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Phadu Times:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share