28/08/2024
" ဗီဇပျောက်မြစ် "
တချိန်ကတော့
မြစ် ဖြစ်ခဲ့ကြတာပါပဲ ။
ဒါပေမယ့်
စီးဆင်းတာကြာတော့
မြစ်ဟာ မြစ်ပါးဝလာခဲ့
ဒီဘက် ကမ်းပါးဖဲ့ ဟိုဘက်နှုတ်ခမ်းချဲ့ ။
အဆီယစ်နေတဲ့မြစ်ဟာ
တိုက်စားရတဲ့အရသာမှာမွေ့လာတယ် ။
စီးဆင်းခြင်းကိုမေ့တေ့တေ့နဲ့
သူ့လမ်းကို သူတမံဖို့ခဲ့တယ်။
အတိတ်ကိုပြန်ပြောင်းတမ်းတရင်း
လမ်းဟောင်းနားမှာပဲတဝဲလည်လည် နဲ့ ။
တက်ကြွခြင်း ၊ ဖျတ်လတ်ခြင်း
ရဲရင့်ခြင်းတွေပျောက်ဆုံးခဲ့
ရင်လွှာကို သင်ဖြူးလိုခင်း
ပျင်းတွဲ့တွဲ့ ခရီးဆက်ခဲ့ ။
နွေဦးဆန်းစ
ရေခဲတွေပျော်ကျတဲ့အခါ
ဒီမြစ်ပြင်ထဲ
ရေသစ်တွေ စီးဆင်းလာခဲ့ပြီ ။
အားမာန်အပြည့်နဲ့ ရေသစ်တွေက
ဝေ့လည်မနေကြ၊ ကွေ့ရှောင်မနေကြ
အဟုန်နဲ့ တွန်းထိုးစီးဆင်းကြ ။
ဆီးကာနေတဲ့မြေရိုး
တွန်းတိုက်ချိုး စီးဆင်းကြတော့
မြစ်ဟာ မြစ်လမ်းဖြောင့်ခဲ့ပေါ့။
ရေဟောင်းတချို့ကလည်
အင်အားသစ်ပြန်ထူ
ရေသစ်တွေနဲ့အတူလက်တွဲပြီး
ပင်လယ်ဆီတူရူစီးဆင်းခဲ့ ။
အဆီယစ်နေတဲ့ ရေဟောင်းတွေ
ကတော့
သူ့လမ်းကြောင်းကို သူဖက်တွယ်ရင်း
"မြစ်ကျိုးအင်း" ဖြစ်ကျန်ခဲ့လေရဲ့
။
သူတို့လည်းတချိန်ကတော့ မြစ်ပါပဲ ။
ဒါပေမယ့်
ပင်လယ်ဆီဘယ်တော့မှမရောက်
မြစ်ဗီဇပျောက်သွားတဲ့မြစ်တွေပေါ့ ။ ။
Crd # ဆရာထင်လင်းဦး