03/06/2023
ကျောင်းတက်ရေး/မတက်ရေး။ CDM/Non CDM student ကိစ္စကို ပြောရင် လူတော်တော်များများက "ဒဏ်ပေး"နည်းကိုပဲ မြင်ကြတယ်။ "ဆုပေး"နည်းကို မမြင်ကြဘူး။ မြန်မာနိုင်ငံရဲ့မိသားစုတော်တော်များရဲ့ တည်ဆောက်ပုံကိုက "ဒဏ်ပေး"စနစ်အပေါ်မှာ တည်ဆောက်ထားလို့လားတော့ မပြောတတ်ပါဘူး။ တစ်ခုခုမှားရင် ရိုက်မယ်၊ ဆော်မယ်၊ ဆူမယ်။ ကလေးက မှန်ရင်တော့ ချီးကျူးချင်မှချီးကျူးမယ်။
ကျောင်းသားမှန်ရင် ကျောင်းတက်ရမှာပါ။ မည်သူမဆို လွတ်လပ်စွာ ပညာသင်ကြားနိုင်ခွင့်ရှိပါတယ်။ တက္ကသိုလ်ပဲ တက်တက်၊ အခြေခံပညာကျောင်းပဲ တက်တက် ကျောင်းသားတိုင်း ကျောင်းတက်ရပါမယ်။ အွန်လိုင်းပညာရေးစနစ်ဆိုတာ ပြောသလောက်မလွယ်ကူပါ။ လိုအပ်တဲ့ အခြေခံပစ္စည်းတွေအများကြီးလိုပါတယ်။ မြန်မာနိုင်ငံမှာက အင်တာနက်မပြောနဲ့ မီးတောင် နေရာအနှံ့အချိန်ပြည့်ရနေတာမဟုတ်ပါဘူး။ အလုပ်သမားလူတန်းစား၊ လယ်သမားလူတန်းစား၊ အခြေခံဝန်ထမ်းသားသမီးတွေ၊ လက်လုပ်လက်စားအသည်တွေရဲ့ သားသမီးတွေအတွက် အားကိုးစရာဟာ စစ်ကောင်စီက ဖွင့်တဲ့ကျောင်းအပြင် မရှိဘူးဆိုတာဟာ လက်တွေ့ကျတဲ့ ဖြစ်ရပ်ပဲ။ ငြင်းချင်ရင်တောင်မှ အမှန်တရားကို သွေဖယ်ပြီး ကိုယ့်ဆန္ဒစွဲနဲ့ပဲ ငြင်းလို့ရမှာပါ။
ဒီလိုပြောတဲ့အခါ CDM student တွေအပါအဝင် လူထုကြီးက "တောထဲက ကျောင်းသားတွေကိုရော အားမနာဘူးလား၊ သူတို့ကျတော့ရော၊ ဒါဆို သူတို့လည်း လက်နက်စွန့်ပြီး ကျောင်းပြန်တက်ကြရမလား" လို့ မေးကြပါတယ်။ ကိုယ်ယုံကြည်ရာအတွက်နဲ့ လက်နက်ကိုင်တော်လှန်တာပါ။ ဆက်ပြီးတော်လှန်နေရင်လည်း အသိအမှတ်ပြု/ထောက်ပံ့ကူညီရမှာ ကျနော်တို့ရဲ့တာဝန်ပါ။ လက်နက်စွန့်ပြီး ကျောင်းပြန်တက်လို့လည်း ကျနော်တို့မှာ ဆဲခွင့်မရှိပါဘူး။ သူတို့ရဲ့ ရွေးချယ်မှုပါ။
ကျနော်တို့က ဆုပေးဒဏ်ပေးစနစ်မှာ ဒဏ်လောက်ပဲ ပေးချင်နေကြပါတယ်။ ဒါဟာ စိတ်ဆန္ဒစွဲကို ဦးစားပေးတဲ့ လုပ်ဟန်ပါ။ တကယ်တမ်းဖြစ်သင့်တာက အခြေအနေအမျိုးမျိုးကြောင့် စစ်ကောင်စီလက်အောက် ကျောင်းတက်နေရတဲ့၊ အလုပ်လုပ်နေရတဲ့ Non CDM student တွေကို ဒဏ်ပေးရေး မဲတင်းနေမယ့်အစား CDM student တွေနဲ့ တောထဲက ကျောင်းသားအရွယ်ရဲဘော်တွေအတွက် တချိန်မှာ ဘဝအာမခံချက်ကြီးကြီးမားမားရှိတဲ့ ပညာရေးအခွင့်အလမ်း၊ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ လူမှုဘဝမြင့်မားရေးအခွင့်အလမ်းတွေကို ကတိကဝတ်တွေပေးပြီး ရှာဖွေစဉ်းစားထားကြသင့်တာပါ။ CDM student ဖြစ်လို့ သူများထက်သာတဲ့ ပညာရေးအခွင့်အလမ်းမျိုးနဲ့ ပညာသင်ကြားရတယ်ဆိုတဲ့ "ဆုပေး"စနစ်မျိုးဖြစ်သင့်တာပါ။ CDM ဝန်ထမ်းဖြစ်လို့ လက်ရှိမှာ ဘယ်လိုအထောက်အပံ့တွေလည်း ရနေတဲ့အပြင် နောက်နောင်မှာလည်း ဘယ်လောက်ထိ အကျိုးခံစားခွင့်တွေကို သူများထက်ပိုပြီး ရရှိမယ်ဆိုတဲ့ ကတိကဝတ်တွေပေးရမှာဖြစ်ပါတယ်။
လက်ရှိမှာ CDM ဝန်ထမ်းတွေတောင် ဒုက္ခအမျိုးမျိုးရောက်နေကြတာပါ။ သူတို့ ယုံကြည်ချက်ကို ဆွဲကိုင်ရင်း တနည်းတဖုံတိုက်ပွဲဝင်နေကြတာပါ။ ဘယ်သူမှ လာပြီး မကူမကယ်နိုင်ကြပါဘူး။ ဒီအချက်ကို အစောကတည်းက CDM တိုင်းသိဖို့လိုပါတယ်။ တော်လှန်ရေးအစက ကြွေးကြော်သံတွေမှာ CDM ဝန်ထမ်းတွေကို ပေးတဲ့ ကတိကဝတ်တောင် ကျေရဲ့လားဆိုတာ ပြန်တွေးရမှာပါ။
CDM နည်းနာဟာ အကိုင်အတွယ်မတတ်ရင် ရေရှည်စစ်ကို ဝန်ပိစေတဲ့ နည်းနာဖြစ်ပါတယ်။ သေချာကိုင်တွယ်တတ်မှရပါမယ်။ အစိုးရလို့ ကိုယ့်ကိုယ်ကို ခံယူထားကြတဲ့လူ့မလိုင်လွှာက လူကြီးမင်းများအနေနဲ့လည်း "ပြည်သူအချင်းချင်း မုန်းကြ၊ သတ်ကြ၊ ဆဲကြကွာ ငါတို့ တာဝန်ပေါ့ရင် ပြီးတာပဲ" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ "ဒဏ်ပေးရေး"လုပ်ဟန်အမှားကြီးကို ရှေ့တန်းတင်ပြီး လူထုအကြိုက်လုပ်နေတာတွေ ရပ်ကြပါတော့။ နိုင်ငံရေးကို ရိုးသားပါ။ လက်တွေ့ဆန်ပါ။ "ဆုပေးရေး" လုပ်ဟန်ကို အရှိန်မြှင့်တင်ပါတော့။ အားလုံးကလည်း တောင်းဆိုကြပါ။
ကျောင်းသူကျောင်းသားအားလုံး အမျိုးမျိုးသော ပညာရေးစနစ်၊ သင်ကြားရေးစနစ်နဲ့ ဖြစ်နိုင်သ၍ ပညာသင်ကြားကြပါ။ အတွေးအခေါ်ရင့်သန်အောင် ကြိုးစားပါ။ ကျွန်ဘဝသက်ဆိုးရှည်မယ့် ပို့ချချက်မှန်သမျှကို စိတ်အရ ငြင်းပယ်ကြပါ။ ရရှိလာသမျှ ပညာကို ပြည်သူလူထုနဲ့ တော်လှန်ရေးကို အလုပ်အကွေးပြုပါ။
စပါးလည်းစိုက်၊ စစ်လည်း တိုက်ကြ။
ပြည်သူ့ဒီမိုကရေစီသစ်တော်လှန်ရေးကို ဆင်နွှဲကြ။