12/02/2023
#တစ္ဆေတစ်ယောက်ရဲ့ကိုယ်ရေးမှတ်တမ်း
Drama/Horror ဇာတ်လမ်းလေးပါ။ စာရေးသူ “Ga Naing” မှ ပုံဖော်ရေးသားထားသည်။
=================================
ဇာတ်လမ်းအကျဉ်းကတော့…
အလုပ်အကိုင်ကြောင့် နယ်မြို့လေးတစ်မြို့ကို ရွေ့ပြောင်းလာကြတဲ့ ဝန်ထမ်းမိသားစုတစ်စုဟာ ထိုမြို့ရှိ အသိမိတ်ဆွေ စီစဉ်ပေးတဲ့ မိုးမခမြိုင်ခြံကြီး ထဲမှာနေထိုင်ကြရဖို့ ဖြစ်လာခဲ့တယ်။ အေးအေးဆေးဆေး၊ တိတ်တိတ်ဆိတ်ဆိတ်ရှိလှတဲ့ အဲ့ဒီခြံကြီးထဲမှာ နေချင်စဖွယ် တိုက်အိမ်လေးအပြင် အမျိုးအစားစုံလင်တဲ့ သစ်ပင်ပျိုးပင်ပန်းမံတွေနဲ့ ဥယျာဉ်အသေးစားလေးလည်း ရှိတယ်။ ဝန်ထမ်းဘဝတွေမို့ အိုးအိမ်အပိုင် တိုက်ခြံအပိုင် မနေနိုင်ခဲ့တဲ့ ဒီမိသားစုလေးအဖို့ မိုးမခမြိုင်ကတော့ အတိုင်းအထက်အလွန်ပဲပေါ့။
ဒါတွေဟာ အပြင်ပန်းအမြင်သပ်သပ်သာ ဖြစ်နေပါလိမ့်မယ်။ တကယ်တော့ မိုးမခမြိုင်ခြံကြီးဟာ အလွန်တရာမှ လျှို့ဝှက်နက်နဲပြီး ထိတ်လန့်ဖွယ် အဖြစ်အပျက်ဆိုးတွေ ဖြစ်ပျက်ခဲ့တဲ့နေရာတစ်ခုပါ။ ဒါတွေကို သူတို့မှ မသိခဲ့ကြပဲ…။ ဒီလျှို့ဝှက်ချက်တွေ၊ အဖြစ်အပျက်တွေက ထူးဆန်းတဲ့ ဒိုင်ယာရီ စာအုပ်လေးတစ်အုပ် လက်ထဲရောက်လို့လာချိန်မှာတော့…
ဒီခြံကြီးထဲမှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ…
ဒိုင်ယာရီစာအုပ်ရဲ့ ပိုင်ရှင်ကရော ဘယ်သူလဲ။
နောက်ပြီး မိုးမခမြိုင်ခြံထဲမှာ သူ… ဘာတွေကြုံတွေ့ရမှာလဲ။
=================================
အခန်း (၁)
မိုးမခမြိုင်ဆိုသော ခြံကြီး
အချိန်က ၂၀၀၉ ခုနှစ်…
အထက်မှကျရောက်လာသော တာဝန်ရွေ့ပြောင်းထမ်းဆောင်ရန် အမိန့်စာအရ အစိုးရဝန်းထမ်းတစ်ဦးဖြစ်သည့် ဖခင်နှင့်အတူ ကျွန်တော်တို့မိသားစုအဖို့ မန္တလေးမြို့မှတစ်ဆင့် နယ်စပ်မြို့လေးတစ်မြို့သို့ ပြောင်းရွေ့နေထိုင်ရန် အကြောင်းကားဖန်လာခဲ့ချေပြီတမုံ့။ ထိုအကြောင်းကြောင့်ပင် ကျွန်တော်တို့မိသားစု ဖခင်တာဝန်ကျသည့် နယ်စပ်မြို့သို့ ခရီးနှင်လာခဲ့သည်မှာ ယခုဆိုလျှင် ယင်းမြို့လေးအား အဝေးကပင် မှုန်ပြပြမြင်တွေ့နေရပြီ မဟုတ်ပါလော…
မြင့်မားသော တောတန်းတောင်ရှည်များက နယ်စပ်မြို့လေးအား ဝိုက်သွယ်သိုင်းခြုံထားသည်မှာ မိခင်က သားသမီးအား ပိုက်ထွေးထားသည့်အလား တွေ့လိုက်ရ၏။ တောင်အသွယ်သွယ်၏ ချောင့်ဝှမ်းအလယ်မှာ တည်ထားသော နယ်မြို့လေးဖြစ်သောကြောင့် မြေမြင့်ပိုင်းမှ မြေနိမ့်ပိုင်းသို့ တဖြေးဖြေးချင်း ချဉ်းကပ်လာသည်နှင့်အမျှ မြို့လေး၏အလှကို အပေါ်စီးမှမြင်တွေ့ရလေသော် ‘ယင်းမြင်ကွင်းအား ဘယ်သို့သောပန်းချီဆရာ၏ စုတ်ချက်တို့က မှီအံ့တော့မည်နည်း’ ဟုပင် ကျွန်တော့်စိတ်ထဲ မှတ်ချက်ချလိုက်မိ၏။ မှိုင်ညိုအုပ်ဆိုင်းနေသော တောင်တန်းတွေ ဘေး၊ ဝေ့သီခြုံလွှမ်းနေသော နှင်းမြူတွေ အောက်၊ တောင်စောင်းဆင်ခြေလျောတစ်ဝိုက် အစီအရီဆောက်လုပ်ထားသော အိမ်ကြီးအိမ်ငယ်အသွယ်သွယ်အား အဝေးတစ်နေရာမှ ရှုမြင်ရသော် ဘီလီယံချီအဖိုးတန်လှသော ပန်းချီကားတစ်ချပ်၊ သို့တည်းမဟုတ် ဆုရဓာတ်ပုံကားချပ်တစ်ချပ်သဖွယ်တည်း။
နယ်စပ်မြို့လေးကား များစွာတိုးတက်ဖွံ့ဖြိုးစည်ကားနေခြင်းမဟုတ်သော်ငှာလည်း မြို့ရပ်မြို့ကြီးများနှင့်မတူ ဒေသခံလူအများစုမှာ နေ့ဓဒူဝလုပ်ငန်းဆောင်တာများအား မောဟသွေဖယ်ကာ ရောင့်ရဲစွာနေထိုင်နိုင်ကြသူများ ဖြစ်ဟန်တူကြသည်။ ထို့အပြင် လှပသာယာသည့်မြို့အသွင်က အေးချမ်းခြင်း၊ တိတ်ဆိတ်ခြင်းနှင့်ပြည့်စုံသကဲ့သို့ ကျန်းမာရေးလိုက်စားသူများအဖို့ဆိုလျှင် သန့်ရှင်းသောလေထု၊ အေးမြသောအသွင်၊ ကောင်းမွန်သောဥတုတို့ကြောင့် နေချင်စဖွယ်မြို့လေးတည်း… … …
အဝေးပြေးလမ်းမကြီးမှတဆင့် မြို့ဝင်မုဒ်ဦးသို့ဖြတ်ကျော်လာပြီးနောက် များမကြာမီပင် မိဘနှစ်ပါးနှင့် ညီမလေးတို့ လွန်ခဲ့သည့် ၃ ပတ်ခန့်က ကြိုတင်လာရောက်ကြည့်ရှူထားနှင့်လေပြီးဖြစ်တဲ့ ကျွန်တော်တို့ နေထိုင်ရမည့် ခြံသို့ရောက်၏။ မြို့အဝင် မိန်းလမ်းမကြီးမှ မြောက်ဖက် ၄ မိုင်ကျော်မျှသာ ဝေးမည်ဖြစ်သော်လည်း နယ်မြေမကျွမ်းကျင်မှု၊ ထွေလီသောလမ်းအသွယ်သွယ်တို့ကြောင့် ဖခင်ဖြစ်သူမှာ အမှတ်မှားနေလေရော့ထင့် လမ်းတစ်လျှောက် ဟိုဒီမေးစမ်းရင်းဖြင့် ခြံသို့ရောက်ရန် မိနစ် ၂၀ ကျော်မျှပင် ကြာမြင့်သွားလေ၏။
ရောက်လျှင်ရောက်ချင်း ဧကဝက်မျှကျယ်သည့် ခြံအားတွေ့လိုက်ရပြီး ခြံတံခါးပေါ်၌ “မိုးမခမြိုင်” ဟူသော ဆိုင်းပုဒ်အား ထင်ထင်ရှားရှားတွေ့လိုက်ရသည်။ ခြံအတွင်းဝယ် ခမ်းနားသစ်လွင်နေသည်မဟုတ်သော်လည်း လွန်စွာဟောင်းနွမ်းမနေသေးသည့် နံကပ်နှစ်ထပ် တိုက်အိမ်ကလေးအား ခေတ်နှောင်းသည့်တိုင် ခန့်ညားနေဆဲ။ ကျယ်ဝန်းသည်မို့ မြေအလွတ်များအပေါ် ပန်းမံဥယျာဉ်ပျိုးနိုင်ခြင်းကြောင့် ယင်းအမှုကို နှစ်ခြိုက်သည့်မိခင်ဖြင့်လည်း လျော်ကန်နေမည်။ ထို့ကြောင့် မိုးမခမြိုင်ခြံကား နေချင်စဖွယ် အလျဉ်း…
ခြံရှေ့ရောက်သော် အသက်ဆယ်လေးငါးနှစ်အရွယ် ပိန်ပိန်ပါးပါးကောင်လေးတစ်ယောက်မှ ခြံတံခါးကို လာရောက်ဖွင့်ပေး၏။ မရှေးမနှောင်းပင် ခြံပိုင်ရှင်လင်မယားနှစ်ယောက် အိမ်ထဲမှ ပြေးထွက်လာကာ ခရီးဦးကြိုပြုလေသည်။ ယင်းခြံပိုင်ရှင်များကား ရှေးယခင်က ဖခင်တာဝန်ထမ်းဆိုင်ခဲ့ဖူးသော ဘိလပ်မြေစက်ရုံမှ စက်ရုံမှူးဟောင်း ဦးစောမောင်နှင့် ဇနီးဖြစ်သူ ဒေါ်ခင်မာလာမြင့်ပင်၊ တစ်နည်းအားဖြင့် ခင်ရာဆွေမျိုးများတည်း။ မတွေ့ဆုံဖြစ်တာ ကြာချေပြီဖြစ်သော်လည်း ငယ်စဉ်က နေအိမ်သို့ ရံဖန်ရံခါ လာရောက်လည်ပတ်ဖူးသဖြင့် ဦးစောတို့လင်မယားအား ကျွန်တော် ခပ်ရေးရေးတော့ မှတ်မိနေခြင်းဖြစ်သည်။
“ရောက်လာကြတာ စောသားပဲဗျ၊ ကျုပ်တို့က ညနေစောင်းလောက် ရောက်မယ်မှတ်တာ”
“စောဆို မနက်လင်းအားချင်းပဲ ထွက်လာခဲ့တာ ကိုစောရေ၊ အရွယ်လေးရလာတော့ အမျိုးသမီးက ညဖက်ခရီးသွားရတာကို မနှစ်ခြိုက်လှဘူးဗျ”
“အေးဗျာ၊ ကျုပ်အမျိုးသမီးလဲ ဒီလိုပဲ။ ဒါနဲ့ ကိုလင်းတို့မိသားစု ဒီနေ့လာမယ်ဆိုလို့ အိမ်က သမီးတွေကို ပြင်ဆင်ချက်ပြုတ်ခိုင်းထားခဲ့တယ်။ နေ့လည်စာ မစားကြရသေးဘူးမလား”
“အားနာစရာတော့ ကောင်းနေပြီဗျာ၊ လမ်းမှာ ကလေးတွေ ဆာတယ်ဆိုတာနဲ့ ခရီးတစ်ထောက်နားရင်း စားခဲ့လိုက်ပြီ ကိုစောရ”
“သြော် ရပါတယ်ဗျာ… ဒါဆိုလဲ ညစာကျမှပေါ့၊ ညခင်းတော့ ဘယ်မှသွားမစားနဲ့ဗျာ၊ သေချာပေါက် ကျုပ်တို့အိမ်မှာပဲ စားရမယ်”
“ဟုတ်ကဲ့ပါဗျာ၊ စိတ်ချပါ”
ဤသို့ဖြင့် ဖခင်ဖြစ်သူနှင့် ဦးစောတို့နှစ်ဦးသား ရှေးနှောင်းမှစ လူမှုသတင်းအစုံ သောင်းပြောင်းပြန်လှန်စကားစမြည်း ပြောနေကြသည်ရင်း တအောင့်မျှကြာ
“ကဲပါ ဖေကြီးရယ်၊ စကားပြောမယ်ဆိုလည်း ဧည့်ခန်းထဲရောက်မှပဲ အေးဆေးပြောကြပါ။ အပြင်မှာ မတ်တပ်ကြီး၊ ကလေးတွေလဲ နားချင်နေရော့မယ်…”
တဖန် ခြံတံခါးလာဖွင့်ပေးသော ကောင်လေးဖက်လှည့်ကာ
“ဟဲ့ မောင်ချို၊ ဒီက ဧည့်သည်တွေအတွက် လက်ဖက်ရည်နဲ့ မုန့်သွားဝယ်စမ်း။ မြန်မြန်သွားပြီး မြန်မြန်လာခဲ့၊ ဘယ်မှ သဝေထိုးမနေနဲ့ ကြားလား”
ထိုမှသာ ကျွန်တော်တို့လည်း သက်သာရာရ၏။ အဖေနှင့် ဦးစော ခွန်းဆစကားဆိုနေကြသည်က အကြောင်းမဟုတ် တစ်လမ်းလုံးကားမောင်းလာခဲ့ရသည့် ကျွန်တော့်မှာ သက်တောင့်သက်သာအနားယူချင်နေမိပြီ။ ခြေဆန့်လက်ဆန့်ပြုမိနေသော ကျွန်တော့်အဖြစ်ကို ရိပ်စားမိလိုက်သည့်အန်တီမြင့်အား အထူးပင် ကျေးဇူးတင်နေမိတော့၏။
“ကဲ လာကြ သားတို့၊ သမီးတို့၊ အိမ်ထဲဝင်ကြ။ အံမယ် ဒါနဲ့ သန်းသန်းရဲ့ကလေးတွေက အချောလေးတွေ ဖြစ်လာကြတာပဲ၊ အငယ်မလေးကိုတော့ ရှေ့တစ်ခေါက်က လာတုန်းက ဆုံဖြစ်လိုက်ပေမဲ့ အကြီးကောင်ကြီးကိုတော့ အခုမှပဲ ဆုံရတော့တယ်။ သူ့ကို ငယ်ငယ်ကတွေ့တုန်းက ဖုန်အလိမ့်လိမ့်နဲ့ အရမ်းဆော့တဲ့အရွယ်၊ အခုကြတော့ လူပျိုကြီးဖားဖေားတောင် ဖြစ်နေပြီပေါ့”
“ဟုတ်ပါ့ မမမြင့်ရေ၊ ညီမလေးတို့ မတွေ့ဖြစ်ကြတာတောင် ဘယ်လောက်တောင်ရှိပြီလဲ။ အထင် ၁၀ နှစ်ထက်မနည်း ရှိလောက်တော့ရောပေါ့”
“အင်း ရှိပြီပေါ့၊ ကိုစော စက်ရုံကထွက်ပြီး ဒီကိုပြောင်းလာတဲ့ အချိန်ကတည်းကဆိုတော့ ကြာပြီပေါ့ သန်းသန်းရဲ့၊ သြော် ဘာလိုလိုနဲ့ အချိန်တွေကုန်သွားလိုက်တာ မြန်လိုက်ပါဘိ”
မိဘနှစ်ပါးနှင့် ဦးစောတို့ လင်မယား ရှေးဖြစ်နှောင်းဖြစ် အလာဘသလာဘပြောမည်မှာ မည်မျှကြာချေမည် မသိနိုင်၊ ကျွန်တော်ကတော့ အနားယူချင်နေပြီသဖြင့် အမေ့နားကပ်ကာ
“အမေ… သား ကားမောင်းလာရတာ ကျောတွေအောင့် ဇက်ကြောတွေတောင့်နေလို့ သွားနားချင်ပြီ”
“မမမြင့်ရေ၊ မမမြင့် တူကတော့ ကားမောင်းလာရတာ ဇက်ကြောတက်လို့ သွားနားချင်ပြီတဲ့။ ကဲ သား၊ လှေကားအတိုင်း တက်သွားရင် ဘယ်ဖက်အခန်းက သားနေရမဲ့အခန်းပဲ။ ရော့… ဒါကအခန်းသော့ ”
“ဟုတ်သားပဲ၊ ဒီမှာ လူကြီးတွေစကားကောင်းနေလိုက်ကြတာ။ အခန်းတွေကိုတော့ ရှေ့အခေါက် သားအမေတို့လာကတည်းက အကုန်ပြင်ဆင်ထားပြီးသား၊ အဆင့်သင့် ဝင်နားရုံပဲ။ ညနေထမင်းစားချိန်မှ လာနိုးခိုင်းလိုက်မယ်”
“ဟုတ် အန်တီမြင့်… လေးစော ကျွန်တော်ကားမောင်းလာလို့ တက်နားလိုက်ဦးမယ်နော်”
“အေးအေး ငါ့တူ၊ ဒါနဲ့ မင်းအဒေါ် ငချိုကို မုန့်ဝယ်ခိုင်းထားသေးတယ်လေ။ မစားတော့ဘူးလား။”
“မစားတော့ဘူး လေးစော၊ နေ့လည်စာ စားပြီးထားတာလဲ မကြာသေးတော့လေ…”
“အေး အေး၊ ဟုတ်ပါပြီ”
ကျွန်တော့်လိုပင် ညီမလေးရော နားချင်နေလေမလား ဟုကြည့်မိတော့ အဖေတို့စကားပွဲကျနေသည်ကို မိန်းကလေးပီပီ စပ်စုစိတ်ဝင်စားနေသဖြင့် မခေါ်မိတော့ပဲ မိမိတစ်ယောက်သာ စကားဝိုင်းမှ ထလာခဲ့လိုက်တော့၏။ ထို့နောက် ကားထဲမှ သောက်လက်စရေသန့်ဗူးအား သွားယူလိုက်ပြီးနောက် လက်နှစ်ဆစ်စာမျှပင် မကျန့်တော့သော ၎င်းရေဗူးအား ထပ်မံဖြည့်ရန် မီးဖိုချောင်ဖက်သို့ ထွက်လာခဲ့လိုက်တော့သည်။
နောက်ဖေးမီးဖိုခန်းသို့ ရောက်လျှင်ရောက်ချင်း မီးဖိုချောင် ရှင်းလင်းနေဟန်ရှိသော မိန်းကလေးတစ်ဦးအား ရုတ်ချည်းတွေ့လိုက်ရ၏။ သူမ၏ အဆင်အယင်အဆင့်အတန်းကြောင့် အန်တီမြင့်ခေါ်ထားသည့် အိမ်အကူတစ်ဦးတစ်ယောက်တော့ ဖြစ်နိုင်ချေမရှိမှန်း ကျွန်တော် သိလိုက်၏။ အသေအချာကြည့်မိမှ သူမသည် အင်မတန်မှ ချောမောလှပသည့်ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး အလွန်တရာမျှ ညှို့ငင်နိုင်စွမ်းရှိလှသော ပြေပြစ်သည့်ခန္ဓာက ပုရိသတို့ကို ဆွဲဆောင်နိုင်အားကြီးလှ၏။ ဤအချိန်တွင် သူမသာ မီးတောက်ဖြစ်ခဲ့ပါက ကျွန်တော်သည် ဖယောင်းပမာ နေရာမှာပင် ချက်ချင်းအရည်ပျော်သွားမိလောက်အောင် တင်စားလောက်ပါ့၏။
သူမ၏ မျက်နှာပေါ်ဝယ် တည်ကြည်မှု၊ ဟန်ပန်တင့်တယ် ကျက်သရေရှိမှုတို့ကြောင့် သူမ ကျွန်တော့်ထက်တော့ အသက်အနည်းငယ်ကြီးလိမ့်မည်ကိုတော့ ခန့်မှန်းနိုင်ပါ၏။ သူမက ကျွန်တော့်ကိုတွေ့တော့ လှပစွာပြုံးလျက်
“ရေခဲသေတ္တာထဲမှာ ရေသန့်ဗူးအသစ်တွေရှိတယ်နော်… မောင်လေး”
ရေသန့်ဗူးအဟောင်းတစ်ဗူး ကိုင်ဆိုင်ထားသည့် ကျွန်တော် မီးဖိုချောင်ထဲသို့ ရောက်ရှိလာသည့် အကြောင်းအရင်းက သောက်ရေခပ်ဖို့မှန်း မြင်သူတိုင်းခန့်မှန်းမိပါလိမ့်မည်။ သို့သော် အခြားသူများထက် သူမ၏ အရေးတယူရှိခဲ့မှုက ကျွန်တော့်ရင်ထဲဝယ် ထူးကဲစွာ မှတ်ယူလိုက်မိသည်ထင်ပါ၏။ မချစ်ဘူးက ရူး ဆိုသကဲ့ပင် ရှက်ကိုးရှက်ကန်းဖြင့် အထစ်ထစ်အငေါ့ငေါ့ပြန်ဖြေဖြစ်လိုက်၏။
“အမ်၊ ဗျာ… အဲ… ဟုတ်၊ ဟုတ်ကဲ့ အမ။ ကျေးဇူးနော်… ဗျ။”
ရင့်ကျက်တည်ငြိမ်သူပီပီ မျက်တောင်တစ်ချက်ပုတ်ကာ ပြန်ပြုံးပြလျက် ခေါင်းညိမ့်၏။ ထို့နောက် သူမ မီးဖိုချောင်ထဲမှ ထွက်လို့သွားချေ၏။ ကျွန်တော့်အဖို့ကတော့ ထိုနေရာမှာပင် ရေမခပ်နိုင်သေးပဲ ငူလို့ အတန်ကြာ မတ်တပ်ရပ်နေလိုက်မိသေး၏။ အလှအပတစ်ခုက လှလွန်းလျှင် ရင်သပ်ရှုမောရသည် ဆိုသည့်စကားက ထိုအလှဝယ် နစ်မျောကျန်ခဲ့သည် ကျွန်တော့်အဖြစ်ကြောင့်ပင် လက်ခံခဲ့ရပါသည်။ လှသည့်သူတိုင်း ပြုံးတိုင်းမလှပေ၊ သူမကတော့ ပြုံးတိုင်းလှသလောက် လှတိုင်းပြုံးသွားချေ၏။ စွဲမက်မိသည့်သူက အပြစ်လား၊ သူမအပြစ်လား မသုံးသပ်နိုင်တော့…
ရေခဲသေတ္တာထဲမှ ရေသန့်တစ်ဗူးအား ထုတ်ယူလိုက်ပြီး အလျဉ်းသင့်တွေသော အချိုရည်တစ်ဗူးကိုပါ ယူလိုက်ပြီးနောက် ကျွန်တော်လည်း မီးဖိုခန်းထဲမှ ထွက်ခွာခဲ့လိုက်သည်။ ထွက်လျှင်ထွက်ချင်း သူမအား ထပ်မံတွေ့ရလို့ တွေ့ရငြား ရှာလိုက်မိသေး၏။ သို့သော် မတွေ့ပေ၊ အဖေတို့ စကားဝိုင်းဝယ် ဝင်ရောက်လက်စုံကျနေလေလား ဝေ့ဝိုက်ခိုးကြည့်လိုက်သော်လည်းမရှိ၊ ခြံထဲ ဆင်းသွားလေလား အကြည့်လှမ်း မှီသလောက် ဖွေရှာစမ်းကြည့်သော်လည်း အကြောင်းမထူး။
ဤသို့ဖြင့် အခန်းထဲရောက်သော်လည်း အိပ်ယာပေါ်တွင် လဲလျောင်းနေရင်းတော်တော်နှင့် အိပ်မပျော်ရပါ။ ကျွန်တော့်အတွေးကို သူမက ကြီးစိုးခြယ်လဲသွားလိုက်ပြီ မဟုတ်လား။ အမည်ပင်မသိလိုက်ရသည့် သူမအတွက် ကျွန်တော့်အတွေးကို နေရာအပြည့်ပေးကာ ယောင်ချာချာဖြင့် ဆက်မိစပ်ရာတွေးတောကြည့်မိတော့ ဦးစောတို့မိသားစုအကြောင်းကိုပါ တွေးလိုက်မိတော့၏။
ဦးစောတို့လင်မယားအကြောင်းကို မိဘနှစ်ပါးထံမှတဆင့် ကျွန်တော်ကြိမ်ဖန်များစွာ ကြားဖူးခဲ့သဖြင့် နားရည်ဝနေပြီ။ ဦးစောတို့လင်မယားမှာ သားယောက်ျားလေးမထွန်းကား၊ သမီးမိန်းကလေးများသာ ၄ ဦး ထွန်းကားခဲ့၏။ သား ယောက်ျားလေး ငမ်းငမ်းတက်လိုချင်လှသော ဦးစောတို့လင်မယားမှာလည်း ရနိူးနိူးဖြင့် သားသမီး ဆက်ယူဖြစ်ခဲ့ကြောင်း ကြားသိရပြီး သမီးမိန်းကလေးသာ ဆက်လက်ထွန်းကားခဲ့ရာ အငယ်ဆုံးသမီးဆိုလျှင် အကြီးဆုံးအမနှင့် အသက် ၁၅ နှစ်မျှ ကွာဟလေသည် ဟူ၏။
သူမလည်း ယခု ဦးစော၏ သမီးထဲက တစ်ယောက်ဖြစ်မည်။ ဦးစော၏ ရုပ်ရည်အားခေတ်စကားအဆိုရ ခန့်ချော ဟုဆိုနိုင်သလို အန်တီမြင့်မှာလဲ တင့်တယ်လှပသော အမျိုးသမီးဖြစ်ကြောင်းကို သူတို့၏ အသက်အရွယ်နှင့်မလိုက်အောင် အထင်းသားပေါ်လွင်နေလေ၏။ ထိုမိဘနှစ်ပါးထံမှ ပေါက်ဖွားဆင်းသက်လာသည့် သမီးများမှာ ချောမောလှပမည်ဖြစ်ကြောင့် မြေကြီးလက်ခတ်မလွဲနိုင်ပေ။ သူမကိုပင်ပမာထား၍ အငြင်းပွားဖွယ်မရှိကြောင်း သက်သေထူနိုင်၏။ ဒီကြားထဲ မိဘများ၏ စကားဝိုင်းထံမှ စကားသံတစ်ချို့ကိုလဲ ကြားလိုက်မိသဖြင့် ကျွန်တော့်မှာ စိတ်ရေပြင်ထဲ အတွေးလှေလေးနဲ့ မြူးလို့ပေါ့။
“နောင်ကျရင် သန်းသန်း အမြဲဆုံနေ တွေ့နေရအောင် အမျိုးတော်ထားမှ ဖြစ်တော့မယ်… … …"
=================================
#တစ္ဆေတစ်ယောက်ရဲ့ကိုယ်ရေးမှတ်တမ်း
ဝတ္ထုကို အောက်ပါ link မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။
https://www.kalaundan.com/299/
မိုးမခမြိုင်အိမ်ကြီးထဲကထူးဆန်းတဲ့ ဒိုင်ယာရီတစ်အုပ်... ထိုစာအုပ်ထဲကမိန်းကလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းနဲ့ .....