08/12/2020
• နျူကလီးယား သိပ္ပံပညာရှင်ကို ဂြိုဟ်တုမှ ထိန်းချုပ်ထားသော AIနည်းပညာသုံး စက်သေနတ်ဖြင့် သတ်ဖြတ်ခဲ့ဟု အီရန်ဆို
• ၁၃ချက် ပစ်ခတ်ခဲ့သော်လည်း ပစ်မှတ်မှာ အလွန်တိကျသည့်အတွက် သူ့ဘေးတွင်ထိုင်နေသော ဇနီးသည် မထိမှန်ခဲ့
……………………………………………
အီရန်မှ နျူကလီးယား သိပ္ပံပညာရှင်ကို လုပ်ကြံ သတ်ဖြတ်ရာတွင် ဂြိုဟ်တုစနစ်ဖြင့် ထိန်းချုပ်ထားသော AI နည်းပညာပါသည့် စက်သေနတ်ကို အသုံးပြုခဲ့သည်ဟု အီရန်က ပြောကြားခဲ့သည်။
Mohsen Fakhrizadeh သည် ၁၃ ကြိမ် တိတိ ကျကျ ပစ်ခတ်ခံခဲ့ရသဖြင့် သေဆုံးခဲ့ သော်လည်း သိပ္ပံပညာရှင်၏ ဘေးတွင် ထိုင်နေသည့် ဇနီးကို မထိအောင် ရှောင်ရှားပစ်ခတ် ခဲ့သည်ဟု တော်လှန်ရေး အစောင့်တပ်မှ ရေတပ်ဗိုလ်ချုပ် အလီဖရာဒီဗီ က ပြောကြားခဲ့သည်။
အဆိုပါ လက်နက်သည် ဂြိုဟ်တုတစ်လုံးမှ တစ်ဆင့် အင်တာနက်ပေါ်တွင် ထိန်းချုပ်ထားပြီး ပစ်မှတ်ကို ထိရောက်စေရန် အဆင့်မြင့် ကင်မရာနှင့် AI ထောက်လှမ်းရေး နည်းစနစ်ကို အသုံးပြုခဲ့သည်ဟု သူက Mehr သတင်းအေဂျင်စီကို ပြောကြားခဲ့သည်။
အီရန် အစိုးရက အစ္စရေးလက်ချက်ဟု ပွင့်ပွင့်လင်းလင်း စွပ်စွဲထားသော Fakhrizadeh လုပ်ကြံခံရမှုတွင် အစောင့် ၁၁ ယောက် လုံခြုံရေး တင်းကြပ်စွာ ယူထားသည့်ကြားက တီဟီရန် အပြင်ဘက် အဝေးပြေးလမ်းမပေါ်တွင် နိုဝင်ဘာ ၂၇ ရက်က လုပ်ကြံ ခံခဲ့ရသည်။
Fars သတင်းအေဂျင်စီမှ အစောပိုင်း ပြောကြားချက်တွင် 'အဝေးမှ ထိန်းချုပ်ထားသော အလိုအလျောက် စက်သေနတ်' သည် သိပ္ပံပညာရှင်ကို လက်သည် မပေါ်စေသော သတ်ဖြတ်မှုကို ပြုခဲ့သည်ဟု ဆိုသည်။
အီရန်အာဏာပိုင်များက လုပ်ကြံသတ်ဖြတ်မှုအတွက် အမေရိကန်၏ မဟာမိတ်ဖြစ်သော ရန်သူအစ္စရေးနှင့် ပြည်ပရောက် အတိုက်အခံ အုပ်စုဖြစ်သော People's Mujahedeen of Iran (MEK) ကို အပြစ်တင် ခဲ့ကြသည်။
အစိုးရပိုင် Press TV ကမူ “ အစ္စရေးလုပ် လက်နက်များ” ကို အခင်းဖြစ်ရာ နေရာတွင် တွေ့မြင်ရသည်ဟု ကြေညာခဲ့သည်။
သို့သော် အစ္စရေးက Fakhrizadeh လုပ်ကြံမှု စစ်ဆင်ရေး၏ နောက်ကွယ်တွင် ရှိသည်ဟု အတည်ပြု ပြောကြားခြင်း မရှိပေ။ တနင်္ဂနွေနေ့က ဆော်ဒီမင်းသားက အစ္စရေး အာဏာ ပိုင်များသည် သူတို့ ဆန္ဒရှိသော အိမ်များကို ဖျက်ဆီးနိုင်သလို သူလို့ မလိုချင်သည့် သူတိုင်းကိုလည်း လုပ်ကြံနိုင်စွမ်းရှိ သည်ဟု ဆိုသည်၊
ပြီးခဲ့သည့်လက အစ္စရေး ဝန်ကြီးချုပ် နေတန်ညာ ဟုသည် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဆယ်မန်နှင့် လျှို့ဝှက်တွေ့ဆုံခဲ့ သည်ဟူသော သတင်းများ ထွက်ခဲ့သည်။ ဆော်ဒီအာရေဗျကမူ ထိုသတင်းကို ငြင်းဆိုထားသည်။
ကျော်မွန်ဦး
၀၇.၁၂.၂၀၂၀
Ref: Mirror
ChannelKeyMyanmar
Via ကျောက်သင်ပုန်း